အပိုင်း ၂၈၉
Viewers 53k

အခန်း ၂၈၉ သူတို့ စိတ်မသက်မသာ ဖြစ်တာကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ…


ပုဖန်က အလွန်အေးဆေးတည်ငြိမ်စွာနှင့် သစ်သားအိုးအဖုံးကို ပြန်ဖုံးလိုက်သည်။ သူက အခြားသူများ၏ အေးစက်လှသော အကြည့်များကို ဂရုမစိုက်ပဲ သူလုပ်စရာရှိသည်ကိုသာ လုပ်ဆောင်နေလေသည်။


အခြားစားဖိုမှုးများက သူတို့ ဂရုတစိုက် ချက်ပြုတ်ခဲ့သော ဟင်းပွဲများကို ပုဖန်က နှိမ်နင်းလိုက်သောကြောင့် အလွန်ပင် ဒေါသထွက်နေကြသည်။ ထိုပအပြင် ပုဖန်၏ ဟင်းပွဲက သာမာန် ပါ၀င်ပစ္စည်းများနှင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် ထိုအချက်က သူတို့ကို အရှက်ခွဲလိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း သူတို့ မည်မျှ ဒေါသထွက်စေကာမူ ပုဖန်ကို တိုက်ခိုက်၍ မရပေ။


သူတို့အားလုံးက အခြားတန်းလျားတစ်ခုကို ရောက်နေသည့်အပြင် သူတို့နှင့် မနီးမဝေးတွင် တပ်မှုးကျူးရို့က မတ်တပ်ရပ်နေလေသည်။ အကယ်၍ သူတို့ကသာ ပုဖန်ကို သင်ခန်းစာပေးချင်လျှင် သူတို့ တန်းလျားသို့ ပြန်ရောက်သည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။


ထို့ကြောင့် သူတို့အားလုံးက ကောင်းသည့် ရည်ရွယ်ချက် မရှိသောမျက်၀န်းများနှင့် ပုဖန်ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။


ဝေတဖုက ပုဖန်၏ စွမ်းရည်များကို အလွန်ပင် အံ့အားသင့်သွားလေသည်။ သို့သော်လည်း သူ၏ အံ့အားသင့်မှုများကို အလျင်အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်နိုင်လေသည်။ သစ်တောအတွင်းမှ အမြင့်ဆုံးသစ်ပင်က လေနီကြမ်း၏ ဒဏ်ကို ပိုခံရသည်ဟူသော ဆိုရိုးကို သူကောင်းကောင်း သိနေလေသည်။ ပုဖန်က သူ၏ အံ့အားသင့်ဖွယ် ချက်ပြုတ်ခြင်း ပညာရပ်နှင့် အခြားသူများ၏ မနာလိုမှုကို သိမ်းကြုံးယူငင်သွားပြီဖြစ်သည်။


ယခုအချိန်မှ စ၍ ပုဖန်၏ စစ်တပ်ချက်ပြုတ်ရေး အဖွဲ့ထဲမှ ဘ၀က ပို၍ ခက်ခဲလာပြီး အခန့်မသင့်ပါက အပြင်သို့ ခြေတစ်လှမ်းပင် ထွက်၍ မရသော အခြေအနေသို့ပင် ရောက်သွားနိုင်ပေသည်။


သို့သော်လည်း ပုဖန်က ထိုအခြင်းအရာများကို ဂရုမစိုက်ပေ။ သူ၏ အမူအယာက နဖူးကျောတွန့်ရုံမျှသာ ပြောင်းလဲသွားပြီး အခြားသူများ၏ အပြုအမူများကို လျှစ်လျူရှုလိုက်သည်။ ပုဖန်က သူ၏ အိုးကို ကောက်မလိုက်ပြီး စခန်းမှ ထွက်ခွာသွားလေသည်။ ယခုအချိန်တွင် သူ၏ အိုးက ကုန်သွားပြီဖြစ်သောကြောင့် စခန်းသို့ ပြန်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။


ဝေတဖုက အိုးအလွတ်ကို သယ်၍ ပြန်သွားသော ပုဖန်ကို ကြည့်၍ မျက်နှာပူလာလေသည်။ ဦးဆုံးပြန်သွားသည့်သူမှာ ပုဖန်ဖြစ်နေသောကြောင့် သူအရှက်တကွဲ ဖြစ်သည်ဟု ခံစားရလေသည်။ သူက ပုဖန်၏ ဟင်းပွဲကို မည်သူမျှ မစားခဲ့လျင် ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟု ပြောခဲ့သော်လည်း ထွက်ပေါ်လာသည့် ရလာဒ်က သူ၏စကားများကို သည်းနင်သွားစေပြီး သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့့ ဖြစ်စေလေသည်။


ပုဖန်၏ ဟင်းပွဲကို စားမည်သူ ရှိယုံသာ မကပဲ အရင်ဆုံးပင် ကုန်သွားလေသည်။ ဝေတဖုကိုယ်တိုင်နှင့် အခြားသူများ၏ ဟင်းပွဲများနှင့် ယှဉ်လိုင်လျှင် တကယ့်ကိုပင်…


ဝေတဖုက ဒေါသများကြောင့် သည်းနင်နေလေသည်။


ဒီကောင်စုတ်လေး …ချက်တဲ့ဟင်းပွဲက တကယ်ကိုကောင်းတာလား…


ဝေတဖုက သူ့ပတ်၀န်းကျင်မှ လူများကို ခေါင်းလှည့်၍ ကြည့်လိုက်သည်။


…….


ပုဖန်က အိုးအလွတ်ကို သယ်၍သူ၏ တဲဆီသို့ ပြန်ရောက်လာလေသည်။ ထို့နောက် သူကပျင်းရိစွာနှင့် အကြောအချင် ဆန့်လိုက်ပြီး အိပ်ယာပေါ်တွင် ခြေချိတ်၍ ထိုင်လိုက်သည်။ သူက စိတ်ဝိဥာဉ်စွမ်းအင် အရိပ်အယောင်မျှပင် မပါသော ပါ၀င်ပစ္စည်းများကို ကြည့်၍ ထိုပစ္စည်းများကို ချက်ပြုတ်နိုင်မည့် အခြားနည်းလမ်းများကို တွေးတောနေလိုက်သည်။


သူအတွေးနက်နေချိန်တွင် အစားစားနေချိန် ကုန်ဆုံးသွားသောကြောင့် အခြားစားဖိုမှုးများက စားဖိုဆောင်ရှိရာသို့ ပြန်လာကြလေသည်။


တပ်ဖွဲ့အတွင်းရှိ လေထုက ကသိကအောင့် ဖြစ်နေလေသည်။ လုံချိုင်က ပုဖန်ဆီသို့ ပထမဆုံး လာရောက်ပြီး ပုဖန်ကို သတိပေးစကား ပြောကြားသူဖြစ်သည်။ ပုဖန်၏ ဟင်းပွဲက အခြားချက်ပြုတ်သူများ ကျော်ကြားမှုကို ခိုးယူသွားနိုင်သောကြောင့် သူတို့ချက်ပြုတ်ထားသည့် ဟင်းပွဲများကို စစ်သည်တော်များက ကောင်းမွန်စွာ လက်ခဲနိုင်ခြင်း မရှိကြတော့ချေ။ ထို့ကြောင့် ယခုလက်ရှိအချိန်တွင် အခြားသူများ အားလုံးက ပုဖန်ကို ခက်ခဲအောင် ပြုလုပ်ချင်နေကြလေသည်။


သို့သော်လည်း ပုဖန်၏ တုံ့ပြန်မှုကြောင့် သူက အံ့အားသင့်သွားလေသည်။ ပုဖန်က အခြားချက်ပြုတ်သူများကို စိုးရိမ်ပူပန်နေခြင်း မရှိပဲ သူ၏ အိပ်ယာပေါ်တွင် ခြေချိတ်၍ ထိုင်နေလေရာ လုံချိုင်က ကြောင်အသွားလေသည်။


ဝေတဖုက လက်နှစ်ဖက်ကို နောက်ပစ်၍ အခြားချက်ပြုတ်သူများ အားလုံးကို ခြံရံကာ ပုဖန်၏ တဲဆီသို့ လျောက်လာခဲ့လေသည်။


နောက်ဆုံး၌ ပုဖန်၏ တဲရှေ့တွင် လူအုပ်ကြီးနှင့် ပြည့်နှက်နေလေသည်။


ဒါဘာနံ့ကြီးလဲ..


ဒါက အဆိပ်တစ်မျိုးမျိုးရဲ့ ရနံ့လား…


ဒီလို အနံ့ပေါင်းစုံ ထွက်နေတဲ့နေရာက ဘယ်လိုဖြစ်လို့ ဟင်းပွဲကောင်းကောင်းတွေ ချက်ပြုတ်နိုင်တာလဲ…


ကျွတ်.. ကျွတ်… ဒီမှာလာကြည့်ပါဦး… ဒီအသီးအရွက်တွေက ပုပ်သိုးနေပြီ… ဒီအသီးအရွက်ပုပ်တွေရဲ့ အနံ့က တဲတစ်ခုလုံးကို ဟောင်နေတာပဲ…


တစ်စုံတစ်ယောက်က ဒီလိုမျိုး ပါ၀င်ပစ္စည်းတွေနဲ့ ဟင်းပွဲ ချက်ပြုတ်ရဲတယ်…. တကယ့်ကို အရှက်မရှိတာပဲ…


သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ဘယ်ရောက်သွားတာလဲ… ဒီလိုနေရာက ဟင်းပွဲတွေကိုစားပြီး စစ်သည်တော်တွေက ဗိုက်နာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ.. ပြသနာ အကြီးကြီး ဖြစ်တော့မှာပဲ … ငါတို့ ဘယ်လိုလုပ်ကြမလဲ…


ယခုအချိန်တွင် ပုဖန်၏ တဲရှေ့ကို ရောက်နေကြသော ချက်ပြုတ်သူများက သူ၏ အမှားများကို ရှာဖွေ၍ ပြစ်တင်ပြောဆိုနေကြလေသည်။ သူတို့၏ ထင်ပေါ်ကျော်ကြားမှုများကို ပုဖန်က ခိုးယူသွားသောကြောင့် သူတို့အားလုံး မကျေမချမ်း ဖြစ်နေကြလေသည်။ သူတို့၏ အမြင်တွင် ပုဖန်က ယခုမှ ရောက်ရှိလာသော လူသစ်လေးတစ်ယောက်သာ ဖြစ်သည်။ ထိုလူသစ်လေး၏ ဖိနှိပ်မှုကို သူတို့အားလုံးက ခံစားလိုက်ရခြင်း ဖြစ်သည်။


ထိုအချင်းအရာကြောင့် သူတို့အားလုံးက စိတ်မပျော်မရွှင် ဖြစ်နေကြလေသည်။ လုံချိုင်က ပုဖန်၏ အပြစ်ကို ရှာကြံပြောဆိုနေမှုကြောင့် ဒေါသထွက်လာသော်လည်း သူတို့ ပြောဆိုနေသည်များကို ရပ်တန့်နိုင်စွမ်း မရှိပေ။ သူက ငယ်ရွယ်သည့် သူတစ်ယောက် ဖြစ်သော်လည်း စစ်တပ်ထဲတွင် အချိန်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်သည်။


ထိုလူဟောင်း စီနီယာများက အသစ်၀င်လာသည့် လူသစ်လေးများကို ဖိနှိပ်ခဲ့သည့် အကြောင်းအရာ များစွာကို လုံချိုင်က ကြားဖူးခဲ့သော်လည်း ယခုအချိန်က ပထမဆုံးအနေနှင့် မြင်ဖူးခြင်းသာ ဖြစ်သည်။ သူက ချက်ပြုတ်သူများကြောင့် စိတ်ပျက်မှုအနည်းငယ်ကို ခံစားလိုက်ရပြီး သူတို့၏ လက်ရှိအမူအယာများကြောင့် စိတ်ပျက်မှု အနည်းငယ်ကို ခံစားလိုက်ရလေသည်။


ပုဖန်နေထိုင်ရာ တဲသည် ယခင်က ဟင်းသီးဟင်းရွက်များ သိုလှောင်ရာ တဲဖြစ်သည်။ ထိုဟင်းသီးဟင်းရွက်များမှာ သာမာန်ပစ္စည်းများသာ ဖြစ်သောကြောင့် စိတ်ဝိဥာဉ်စွမ်းအင်ပါသည့် ပါ၀င်ပစ္စည်းများနှင့် ယှဉ်လိုင်လျှင် ကြာရှည်ခံနိုင်စွမ်းမှာ တိုတောင်းလှပေသည်။ ထို့ကြောင့် သူတို့ထဲမှ တစ်ချို့က ပုပ်သိုးနေသည်မှ ပုံမှန်သာ ဖြစ်သည်။ တဲရှေ့မှ ထိုသူများက အဘယ်ကြောင့် ထိုကိစ္စများကို ပြောဆိုနေကြမှန်း လုံချိုင်က နားမလည်နိုင်တော့ချေ။


ငါ့ရဲ့ ဟင်းပွဲကို စစ်သည်တော်အများစုက လက်ခံလိုက်လို့များ ဖြစ်နိုင်လား…


လူ့စိတ်က တရားမျှတမှုနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးရန် လွယ်ကူပေသည်။ သူတို့၏ စဉ်းစားဆင်ခြင် တွေးတောနိုင်စွမ်း ဆုံးရှုံးသွားသည်နှင့် စိတ်ပျက်ရွံရှာဖွယ် အပြုအမူများကို ထုတ်ဖော်ပြသပေလိမ့်မည်။


ပုဖန်က ထိုသူအားလုံးကို တည်ငြိမ်အေးချမ်းစွာနှင့် ဝေ့၀ဲအကဲခတ်လိုက်သည်။ သူ့အကြည့်များ၏ နောက်ကွယ်တွင် စိတ်လှုပ်ရှားမှု အနည်းငယ်မျှပင် မပါ၀င်ချေ။ သူလုပ်လိုက်သည့် တစ်ခုတည်းသော အရာမှာ သူ၏ ရှေ့မှ ချက်ပြုတ်သူများ အားလုံးကို အေးစက်စွာနှင့် ကြည့်လိုက်ခြင်းသာ ဖြစ်သည်။


ထိုသူများ အားလုံးက ပုဖန်၏ အေးစက်စက် အကြည့်များကို မြင်လိုက်သည်နှင့် ထိတ်လန့်သွားပြီး ပါးစပ်များ ပိတ်လိုက်ကြလေသည်။ ပုဖန်က သူတို့ခန့်မှန်းနိုင်စွမ်းမရှိသော အော်ရာ အငွေ့အသက်များကို ပိုင်ဆိုင်သောကြောင့် သူတို့က ထိတ်လန့်နေကြလေသည်။


ဝေတဖုက ချက်ပြုတ်သူများ ကြားထဲမှ ထွက်လာပြီး ပုဖန်ရှေ့တွင် ရပ်လိုက်သည်။ ပုဖန်နှင့် မျက်နှာချင်းဆိုင်မိသောအခါ သူ၏ မျက်နှာပေါ်တွင် မကျေမနပ် ဖြစ်သည်။ အမူအယာများ ပေါ်ထွက်လာလေသည်။


ကောင်လေး… မင်းရဲ့ အချက်ပြုတ်စွမ်းရည်က တကယ့်ကိုပဲ ထူးခြားကောင်းမွန်တယ်ဆိုတာတော့ ငါ၀န်ခံပါတယ်… ဒါပေမယ့် ဒီနေရာမှာ မင်းက မင်းရဲ့့ စွမ်းရည်အကုန်လုံးကို ထုတ်မပြသင့်ဘူး… ဒါက တစ်ခြားသူတွေ စိတ်မသက်မသာ ဖြစ်စေမယ်ဆိုတာ မင်းနားမလည်ဘူးလား…


မင်းက သူတို့ကို စိတ်မသက်မသာ ဖြစ်စေမှတော့ သူတို့က မင်းရဲ့ နေ့ရက်တွေ အကုန်လုံးကို ခက်ခဲအောင် လုပ်ကြတော့မှာပေါ့… အဲလိုဆိုရင် မင်းဒီမှာနေသမျှ ကာလတစ်ခုလုံး အေးအေးသက်သာ နေရာမှ မဟုတ်တော့ဘူး… ဝေတဖုက ပြောဆိုလိုက်သည်။


သူတို့ စိတ်ကျေနပ်တာ မကျေနပ်တာကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ… စားဖိုမှုးတစ်ယောက်ရဲ့ တာ၀န်က သူ့ရဲ့ စားသုံးသူတွေ စိတ်ကျေနပ်စေမယ့် ဟင်းပွဲတွေကို ချက်ပြုတ်ဖို့ပဲ …. မင်းတို့လိုလူတွေ ကျေနပ်မဲ့ ဟင်းပွဲတွေ ချက်ပြုတ်ဖို့ မဟုတ်ဘူး…


ပီးတော့ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ…. မင်းတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ကြီးမြတ်တဲ့ လူတွေလို့ ထင်နေတာလား..မင်းတို့ ဖြစ်ချင်တာတွေကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ… ပုဖန်က မျက်နှာသေနှင့် ဝေတဖုက ပြန်လည်ပြောဆိုလိုက်သည်။


ပုဖန်က ထိုသို့ အဆင့်အခြင်မဲ့သော လူများနှင့် ပထမအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ သူက အရသာရှိသော ဟင်းပွဲများကို ချက်ပြုတ်ပြီး စစ်သည်တော်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သောကြောင့် သူတို့က သူ့ကို ပစ်တင်ပြောဆိုနေကြခြင်း ဖြစ်သည်။


သူတို့က ငါ့ရဲ့ ကျော်ကြားမှုကို ဖိနှိပ်ဖို့ကြံစည်နေကြတာလား..


အင်ပါယာမြို့တော်ကြီး၏ နံမည်ပျက်စားသောက်ဆိုင်ပိုင်ရှင်… ပိုင်ရှင်ပုကို ထိုသို့ဖိနှိပ်၍ မည်သို့ ရနိုင်မည်နည်း…


အခု လုံချိုင်ကလွဲပြီးတော့ ကျန်တဲ့ လူတွေ အကုန်လုံး ငါ့တဲထဲက ထွက်သွားကြ… ဒီလိုမှ မဟုတ်ရင်… ပုဖန်က အော်ထုတ်လိုက်သည်။


တဲ၏ထောင့်တွင် ရပ်နေသော ဝှိုက်တီ၏ စက်ရုပ်မျက်၀န်းများက ချက်ချင်းပင် အနီရောင် အလင်းတန်းများ တောက်ပလာသည်။ ထို့နောက် ဝှိုက်တီက တဲအတွင်းမှ ချက်ပြုတ်သူများကို ဝေ့၀ဲ၍ ကြည့်လိုက်သည်။


သေလိုက်စမ်း… ဒီစောက်ကလေးက တကယ့်ကိုပဲ ထောင်လွှားမောက်မာနေတာပဲ… ငါက ဒီတိုင်းတော့ လက်မခံနိုင်ဘူး… သူ့ကို သေတဲ့အထိ ရိုက်နှက်ရလိမ့်မယ်…


ချက်ပြုတ်ရေး ၀တ်စုံအောက်တွင် တပ်သား၀တ်စုံကို ၀တ်ဆင်ထားသော လူသန်ကြီးတစ်ယောက်က လူအုပ်ထဲမှ လျောက်ထွက်လာသည်။ သူ၏ ချက်ပြုတ်ရေး စွမ်းရည်က အကောင်းဆုံးမဟုတ်သော်လည်း သူ၏ ခန္ဒာကိုယ်ခွန်အားက ချက်ပြုတ်သူများ အားလုံးထဲတွင် အသန်မာဆုံး ဖြစ်သည်။ သူ့တွင် သန်မာသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဒာကိုယ်အပြင် ကျင့်ကြံမှု စွမ်းရည် အနည်းငယ် ရှိနေလေသည်။


ထိုသူက ပုဖန်၏ ရှေ့သို့ ရောက်သည်နှင့် အနီးတွင် ရှိနေသော စားပွဲကို ရိုက်ချလိုက်သည်။ စားပွဲက ရိုက်ချက်တစ်ချက်မျှနှင့် အပိုင်းပိုင်းအစစ ဖြစ်သွားလေသည်။ တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် အခြားသူများ အားလုံးက လိုက်ပါလာကြပြီး စိတ်ဆိုးဒေါသထွက်စွာ ကြိမ်းမောင်းလိုက်ကြသည်။ သူတို့အားလုံးက ပုဖန်ကို စိတ်ဆိုးစွာနင့် စူးစိုက်ကြည်နေကြသည်။


သူတို့ ကြိုးစား၍ ချက်ပြုတ်ထားသောဟင်းပွဲများကို ပုဖန်၏ သာမာန်ပစ္စည်းများနှင့် ပြုလုပ်ထားသော ဟင်းပွဲက အလွယ်တကူ အနိုင်ရသွားသောကြောင့် သူတို့က ပုဖန်ကို မကျေနပ်ကြချေ။ ထို့အပြင် ထိုလူငယ်လေးက သူတို့အားလုံးထက် ငယ်ရွယ်နေလေသည်။


ဤသို့ အမှိုက်သရိုက် ဟင်းပွဲက သူတို့၏ နည်းလမ်းမှန်မှန်နှင့် အဆင့်အတန်းမှီ ပြုလုပ်ထားသော ဟင်းပွဲများကို ဖိနှိပ်နိုင်သွားလေသည်။


လုံချိုင်၏မျက်နှာက လျှင်မြန်စွာပင် ဖြူဖျော့လာလေသည်။ သူက ပုဖန်အပေါ်တွင် ကြမ်းတမ်းစွာ ပြုမူနေကြသော လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် ကြောက်ရွံ့ထိတ်လန့်စွာနှင့် ပုဖန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။


ယခုလက်ရှိအချိန်တွင် ပုဖန်နှင့် လုံချိုင်တို့က လှိုင်းများကြားတွင် လွန့်လူးနေသော လှေငယ်လေးနှင့် တူနေလေသည်။ လှေငယ်လေးက ကြီးမားသော လှိုင်းလုံးကြီးများ၏ ဒဏ်ကို အလူးအလဲ ခံနေရသည့်အပြင် လေပြင်းမုန်တိုင်း တိုက်ခတ်သည့် ဒဏ်ကိုလည်း ခံနေရလေသည်။


ဒေါသထွက်နေသော အခြားသူများက ကြမ်တမ်းလှသော လှိုင်းလုံးကြီးများနှင့် တူပြီး ပုဖန်ကို ဖိနှိပ်ထားသည်ဟု ထင်ရလေသည်။


ငါပြောနေတယ်… မင်းတို့ အားလုံး ငါ့ရဲ့တဲထဲမှာ ပြသနာလာမရှာကြနဲ့ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဖြစ်လာမယ့် အကျိုးဆက်အတွက် ငါ့ကို အပြစ်မတင်ကြနဲ့….


ပုဖန်က အိပ်ယာပေါ်မှ ထရပ်လိုက်ပြီး သူတို့အားလုံးကို ကြည့်၍ ပြောဆိုလိုက်သည်။


လူသန်ကြီးက ပုဖန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ခြေတစ်လှမ်း ထပ်တိုးလိုက်သည်။ ထို့နောက် ပုဖန်ကို သင်ခန်းစာပေးရန် သူ၏ အင်္ကျီစကို ဆုတ်ကိုင်ရန် ပြင်လိုက်လေသည်။ ရိုင်းစိုင်းမောက်မာသည့် လူငယ်လေးကို သေသေချာချာ သင်ကြားပြသရန် လိုအပ်ပေသည်။ သူက စီနီယာများ၏ ကျော်ကြားမှုကို အမှန်တကယ်ပင် ခိုးယူရဲပေသည်။


ပုဖန်က ထိုသူ့ကိုစူးစိုက်ကြည့်လိုက်ပြီး လက်ကို မြှောက်တင်လိုက်ကာ ခပ်သာသာ ရိုက်ထုတ်လိုက်သည်။ ထိုရိုက်ချက်က လူသန်ကြီး၏ အရိုးများကို ကြေမွသွားစေလေသည်။


လူသန်ကြီးက သူ၏ လက်မှ အသည်းခိုက်လောက်အောင် နာကျင်မှုကြောင့်နဖူးမှ ချွေးများ စီးကျလာလေသည်။


၀ှိုက်တီ… ဒီပြသနာရှာနေတဲ့ အုပ်စုကို အ၀တ်တွေချွတ်လိုက်… ပြီးရင် သူတို့ အားလုံးကို အပြင်ပစ်ထုတ်လိုက်…. ပုဖန်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။


ပုဖန်၏ နောက်မှ အနီရောင်အလင်းတန်နှစ်ခု တောက်ပလာပြီး ဝှိုက်တီ၏ ပုံတူစက်ရုပ်က ပေါ်လာလေသည်။ သူ၏ တောက်ပလှသော အကြည့်များက ချက်ပြုတ်သူများထံသို့ ကျရောက်သွားလေသည်။


ဟမ့်.. မင်းရဲ့ လှည့်ကွက်လေးတွေကို ရပ်လိုက်… မင်းက ဒီအသုံးမ၀င်တဲ့ ရုပ်သေးတစ်ရုပ်နဲ့ အနိုင်ရဖို့ ကြိုးစားနေတာလား… ဝေတဖုက အေးစက်စက်လှောင်ပြောင်လိုက်ပြီး ဝှိုက်တီကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။


၀ှိုက်တီက သာမာန်ဖြစ်သည်ဟု ထင်ရပြီး ဝေတဖုက ထိုကဲ့သို့သော ရုပ်သေးများကို များစွာ မြင်ဖူးလေသည်။ သူကတပ်အတွင်း စစ်မှုထမ်းခဲ့သည့် နှစ်ပေါင်းများစွာအတွင်းတွင် ထူးဆန်းသည့် လူစိမ်းများစွာနှင့် ထူးဆန်းသော ဂိုဏ်းပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ ထိုဂိုဏ်းများထဲမှ တစ်ဂိုဏ်းက ထိုရုပ်သေးများကို အထူးပြုလုပ်သည့် ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်သည်။


ထိုကဲ့သို့သော ရုပ်သေးရုပ်များတွင် မည်သည့် တိုက်ခိုက်မှု ခွန်အားမျှ ရှိမနေသောကြောင့် ဝေတဖုက စိုးရိမ်ပူပန်နေခြင်း မရှိပေ။ သို့သော်လည်း အ၀တ်စုတ်ပြဲသံများက သူ၏ စကားဆုံးသည်နှင့် ထွက်ပေါ်လာလေသည်။ ထို့ကြောင့် သူက ထိတ်လန့်အံ့အားသင့်သွားလေသည်။


ရွှပ်…


အ၀တ်စုတ်ပြဲသည့် အသံနှင့်အတူ အဖြူရောင် အရိပ်တစ်ရိပ်က အပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။ ခဏအတွင်းမှာပင် တဲ၏ အပြင်ဘက်မှ ကြီးမားလေးလံသော အရာတစ်ခု ပြုတ်ကျသည့် အသံက ထွက်ပေါ်လာလေသည်။


အားလုံးက ကြောင်အသွားကြပြီး အသံကြားရာသို့ လှည့်ကြည့်လိုက်ကြသည်။ တဲအပြင်တွင် နံငယ်ပိုင်းတစ်ခုသာကျန်တော့သည့် သန်မာကြံ့ခိုင်သည့် လူကြီးကို တွေ့လိုက်ရသည်။ လူကြီးက တုန်တုန်ယင်ယင်နှင့် မတ်တပ်ထရပ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ အလွန်နာကျင်နေပုံရလေသည်။


ပုဖန်က နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြုံးလိုက်ပြီး ဝှိုက်တီ၏ လုံး၀န်းသော ၀မ်းဗိုက်ကို ပုတ်လိုက်သည်။ ထို့နောက် ကျန်နေသည့် အခြားချက်ပြုတ်သူများ အားလုံးကို လျစ်လျူရှုလိုက်ပြီး အိပ်ယာပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ၏ အကြည့်များက လွှင့်မျောနေသော တိမ်များကဲ့သို့ တည်ငြိမ်လှပေသည်။