အခန်း ၂၉၀ ဖယ်ကျဉ်ထားကြခြင်း…
“မင်း…. မင်း… ဘယ်လိုတောင် လုပ်ရဲတာလဲ… ”
ဝေတဖုက အ၀တ်ဗလာနှင့် အပြင်သို့ ပစ်ထုတ်ခံလိုက်ရသော ကြံ့ခိုင်သည့် လူကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ နှလုံးသားထဲတွင် တုန်ယင်လာပြီး တုန်တုန်ယင်ယင်နှင့် ပုဖန်ကို လက်ညိုးထိုး၍ ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများ ပေါ်လွင်နေလေသည်။ သူက ထိုသို့ ရိုင်းစိုင်းကြမ်းတမ်းပြီး ကျိုးကြောင်းဆင်ခြင်မှု ကင်းမဲ့သော လူသစ်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
“သူက ဘယ်လိုလုပ်ပြီး သူ့ကို အပြင်ပစ်ထုတ်ရဲတာလဲ… ဘယ်လို အကြောင်းပြချက်နဲ့ သူ့ကို အပြင်ပစ်ထုတ်လိုက်ရတာလဲ…” ဝေတဖုက သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ရမှုကို ခံစားလိုက်ရပြီး ဒေါသထွက်လာလေသည်။
တဲ၏ အပြင်သို့ ပစ်ထုတ်ခြင်း ခံလိုက်ရသော ကြံ့ခိုင်သည့် လူက ထရပ်လိုက်လေသည်။ သူ၏ မျက်နှာကလည်း နီလိုက်စိမ်းလိုက်နှင့် အရောင်အမျိုးမျိုး ဖြတ်ပြေးနေလေသည်။ သူက စိတ်ဓာတ်ကျနေသောကြောင့် သွေးအန်လုလုပင် ဖြစ်နေလေသည်။
“ဒီသောက်ကောင်က ဘယ်လိုဖြစ်လို့ တစ်ခြားသူတွေရဲ့ အ၀တ်အစားတွေကို ချွတ်ပစ်ရတာလဲ… သူအဲလောက်ထိ ဆိုးဆိုးဝါးဝါး ဒေါသထွက် သောင်းကျန်းဖို့ လိုလို့လား… ကောင်စုတ်လေး မင်းစောင့်နေလိုက် …”
ကြံ့ခိုင်သော လူက အိပ်ယာပေါ်တွင်ခြေချိတ်၍ ထိုင်နေသော ပုဖန်ကို ကြည့်လိုက်သည်။ သူက ရိုင်းစိုင်းကြမ်းတမ်းသော စကားများကို ပြောလိုသော်လည်း အနီရောင်အလင်းတန်းအချို့က သူ့ခန္ဒာကိုယ်ပေါ် ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရလေသည်။ သူက ချက်ချင်းပင် ကြောက်စရာကောင်းလှသော ဝှိုက်တီကို ကြည့်လိုက်ပြီး သူ၏ တင်ပါးများပင် တုန်ခါနေလေသည်။
သူက တပ်၏ စားဖိုဆောင်မှ အမှုထမ်းတစ်ယောက်ဖြစ်သော်လည်း သူ့တွင် ကျင့်ကြံမှု အနည်းငယ် ရှိနေလေသည်။ အကယ်၍ သူသာ လက်နှက်ကိုင်ဆွဲလိုက်ပါက စစ်မြေပြင်တွင် တိုက်ခိုက်နိုင်သော စစ်သည်တော်တစ်ယောက် ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း ဝှိုက်တီနှင့် မျက်နှာခြင်းဆိုင်လိုက်ချိန်တွင် မည်သည့်အရာမျှ မလုပ်လိုက်ရပဲ အ၀တ်ချွတ်၍ ကိုယ်လုံးတီးနှင့် အပြင်သို့ ပစ်ထုတ်ခံလိုက်ရလေသည်။ တကယ်တမ်းတွင် အ၀တ်ချွတ်ခံလိုက်ရခြင်းက တုန်လှုပ်စရာ ကောင်းခြင်းမဟုတ်ပဲ သူ့ကို မည်သို့မည်ပုံ အ၀တ်ချွတ်လိုက်မှန် သူမသိလိုက်ရခြင်း ဖြစ်သည်။
တဲအတွင်း၌ အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်တစ်ပေါက် ပြောဆိုသံများ ပြန်လည်ဆူညံလာလလေသည်။ စားဖိုဆောင်မှ တပ်ဖွဲ့၀င်များ အားလုံး၏ မျက်နှာပေါ်တွင် စိတ်ဆိုးဒေါသထွက်မှုက အထင်းသား ပေါ်နေလေသည်။ ထိုလူသစ်လေးက သူတို့ကို တုန့်ပြန်တိုက်ခိုက်လိမ့်မည်ဟု သူတို့က လုံး၀မမျှော်လင့်ထားခဲ့ချေ။
“သူက ဟင်းပွဲအသစ် ချက်ပြုတ်နိုင်တာနဲ့ သူ့ကိုယ်သူ ဆရာကြီးလို့ထင်လိုက်တာလား… သူက လူဟောင်းတွေကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့… ”
“ကောင်စုတ်လေး မင်းက သေချင်နေတာပဲ… မင်းက ငါတို့ကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့.. မင်းရဲ့ စီနီယာတွေကိုလေ…”
“ဟမ့် လူသစ်ကတော့ အမြဲတမ်း လူသစ်ပဲ… မင်းက ငါတို့ကို တိုက်ခိုက်ရဲတယ်ဆိုတော့… မင်းတစ်ဘ၀လုံးထင်းခွဲချင်နေတာလား.. ဒီလိုမျိုး ရိုင်းစိုင်းကြမ်းတမ်းတဲ့ လူသစ်ကို ငါတို့ ကောင်းကောင်းသင်ခန်းစာပေးရမယ်.. ဒီလိုမှမဟုတ်ရင် သူ့တစ်ဘ၀လုံး သူ့ရဲ့ စီနီယာတွေကို ဘယ်လိုလေးစားရမယ်ဆိုတာကိုတောင် သိတော့မှာ မဟုတ်ဘူး…”
ဆူညံပွက်လောရိုက်နေသော အသံများက ပုဖန်ကို စိတ်အနှောက်အယှက်ဖြစ်စေသဖြင့် ဒေါသထွက်ကာ မျက်မှောင်ကြုံ့လိုက်မိသည်။
အဲမှာဆူညံနေတဲ့ လူတွေအကုန်လုံးကို အ၀တ်ချွတ်ပြီး အပြင်ပစ်ထုတ်လိုက်… ပုဖန်က စာနာမှု ကင်းမဲ့စွာနှင့် အေးအေးဆေးဆေး ပြောလိုက်သည်။ သူက ထိုသူများနှင့် ရင်ဆိုင်ရာတွင် စာနာမှု အနည်းငယ်မျှပင် မရှိပေ။
လူအချို့က ပုဖန်ကို ဒေါသထွက်လာကြသည်။
“ဒီကောင်စုတ်လေးက စကားပြောတာ တကယ့်ကို ရိုင်းစိုင်းကြမ်းတမ်းတာပဲ… သူကဒီမှာ သူ့ကို ဆုံးမနိုင်တဲ့သူ မရှိဘူးလို့ တကယ်ပဲ ထင်နေတာလား…”
သူတို့အားလုံးက ဒေါသတကြီးနှင့် ပုဖန်ကို အော်ဟစ်ပစ်တင် ပြောဆိုနေချိန်တွင် သူတို့၏ မျက်နှာအမူအယာက ပြောင်းလဲသွားကြသည်။ သူတို့က လျှင်မြန်စွာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိလိုက်ကြသည်။ သူတို့၏ ခန္ဒာကိုယ်က တိမ်များရှိရာဆီသို့ ထိုးတက်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့၏ ခန္ဒာကိုယ်က လှပသော မိုးကောင်းကင်ပေါ်သို့ ပျံသန်းတက်သွားကြပြီး မြင်ကွင်းက တစ်ဖြည်းဖြည်း ဝေးကွာသွားလေသည်။
ငါ…
ဘမ်း… ဘမ်း…
မြေပြင်ပေါ်သို့ လေးလံသည့် အရာများ ပြုတ်ကျသံနှစ်ခု ထွက်ပေါ်လာသည်။ ထိုသူနှစ်ယောက်က ပုဖန်ကို ပြစ်တင်ပြောဆိုလိုက်သောကြောင့် အ၀တ်ချွတ်၍ တဲအပြင်သို့ ပစ်ထုတ်ခြင်း ခံလိုက်ရသည်။ ထိုသူနှစ်ယောက်က နီရဲသော မျက်နှာအမူအယာနှင် ပြန်ထလာကြသည်။
ဝေတဖု၏ မျက်နှာအမူအယာက အေးခဲသွားသည်။
“ဘယ်လိုတောင် မထီလေးစားနိုင်တာလဲ… ”
သူက ပုဖန်ကို ပြစ်တင်ပြောဆိုရန် ပါးစပ်ဟလိုက်သည်နှင့် သူ၏ ရှေ့သို့ မည်သို့မည်ပုံ ရောက်လာသည်မသိသော ဝှိုက်တီကို သတိပြုမိလိုက်သည်။ သူ၏ အင်္ကျိကော်လံစကို ဆွဲ၍ လေထဲတွင် ပစ်ထုတ်ခံလိုက်ရသကဲ့သို့ ဝဲလည်သွားပြီး အ၀တ်အစားများကပါ ပျောက်ကွယ်သွားကာ ကိုယ်လုံးတီး ဖြစ်သွားလေသည်။
“အ၀တ်ချွတ်ခံလိုက်ရပြီ… သေလိုက်စမ်း…”
ဘန်း….
ဝေတဖုက အစမှ အဆုံးထိတိုင်အောင် ကြောင်အမ်းအမ်း ဖြစ်နေလေသည်။ မြေကြီးပေါ်ပြုတ်ကျ၍ တစ်ကိုယ်လုံး နာကျင်သွားမှသာ အပြင်သို့ ပစ်ထုတ်ခံလိုက်ရမှန်း နားလည်လိုက်သည်။
တဲအတွင်း၌ တစ်ယောက်တစ်ပေါက် ဆူညံပွက်လောရိုက်၍ ပြောဆိုနေကြသော အသံများက တိကနဲ ရပ်တန့်သွားလေသည်။သူတို့က လည်ပင်းညှစ်ခံရသော ဘဲများကဲ့သို့ မျက်လုံးများ ပြူးကျယ်နေပြီး သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့့ထိတ်လန့်မှုများက အထင်းသာ ပေါ်လွင်နေလေသည်။
“ဝေ… ဝေတဖု”
တပ်၏ ချက်ပြုတ်ရေး တပ်ဖွဲ့ထဲတွင် အတွေ့အကြုံ အရှိဆုံးဖြစ်သော ချက်ပြုတ်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သော ခေါင်းဆောင်ဝေက မျှော်လင့်မထားစွာပင် ပုဖန်၏ ရုပ်သေးရုပ်လက်ချက်ဖြင့် အပြင်သို့ ပစ်ထုတ်ခံလိုက်ရပြီး ကိုယ်တုံးလုံး ဖြစ်နေလေသည်။ အားလုံး၏ ခန္ဒာကိုယ်များက တုန်လှုပ်နေကြသည့်အချိန်တွင် လုံချိုင်၏ မျက်၀န်းများထဲတွင် အဆုံးမဲ့ စိတ်လှုပ်ရှားမှုများနှင့်သာ ပြည့်နှက်နေလေသည်။
ဝေတဖုက မြေပြင်ပေါ်မှ ကြိုးစား၍ မတ်တပ်ရပ်လိုက်ပြီး သူ၏ကိုယ်ပိုင်နေရာကို ဖုံးအုပ်ထားလေသည်။ သူ၏ မျက်လုံးများထဲတွင်လည်း မုန်းတီးမှု မကျေနပ်မှုများနှင့် ပြည့်နှက်နေလေသည်။
“ကောင်စုတ်လေး … မင်းစောင့်နေလိုက်… ဒီနေ့ကစပြီး ဒီသာမာန်ပါ၀င်ပစ္စည်းတွေပဲ ရှိတဲ့ တဲထဲမှာ အမိန့်နာနာခံခံနဲ့ နေထိုင်ရမယ်… မင်း စိတ်ဝိဥာဉ်စွမ်းအင်တွေပါတဲ့ ပါ၀င်ပစ္စည်းတွေကို ဆံချည်တစ်မျှင်တောင် ထိဖို့ မကြိုးစားနဲ့တော့…”
“ဟိုလုံချိုင်ကရော ဘာတွေရယ်နေတာလဲ… မင်းရော ဒီသာမာန်ပါ၀င်ပစ္စည်းတွေပဲ ရှိတဲ့ တဲထဲမှာ နေချင်လို့လား….”
ဝေတဖုက အလွန်အမင်း ဒေါသထွက်နေသော်လည်း ကြမ်းကြမ်းတမ်းတမ်း မပြုလုပ်ရဲပေ။ ထို့ကြောင့် သူ၏ အမူအယာက ရယ်စရာဖြစ်နေပြီး လုံချိုင်က ရယ်မောလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း သူက ဆက်၍ မရယ်တော့ပေ။
“ထွက်သွား… ”
ပုဖန်က လုံး၀စိတ်မရှည်တော့ပဲ မျက်လုံးပြူး၍ အော်လိုက်လေသည်။ သူက တပ်၏ ချက်ပြုတ်ရေး အဖွဲ့သို့ ၀င်ရောက်ခဲ့ချိန်မှ စ၍ ထိုသူက ဆန့်ကျင်နေလေသည်။ သူ့အပေါ်တွင် မည်သည့်အပြစ် ကျူးလွန်ခဲ့သနည်ပင် တွေး၍ မရပေ။ သို့သော်လည်း ယခုအချိန်တွင် ပုဖန်က လုံး၀ စိတ်မရှည်တော့သောကြောင့် သူ့ကို မျက်နှာသာမပေးတော့ချေ။
တဲအတွင်း၌ ရှိနေကြသော လူများက ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားကြလေသည်။ သူတို့က ပုဖန်ကို ဖိအားပေး၍ ဖြေရှင်းရန် မဖြစ်နိုင်တော့ကြောင်း သိသွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ပုဖန်ပိုင်ဆိုင်ထားသော သံရုပ်သေးက အလွန်အမင်း အင်အားကြီးလှပေသည်။ သူတို့က ပုဖန်ကို အင်အားဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် သူ့ကို အထီးကျန်စေရန် တစ်ယောက်တည်းထားရန် ဆုံး ဖြတ်လိုက်ပြီး ပုဖန်နှင့် တစ်စုံတစ်ရာ မဆက်သွယ်ကြရန် အားလုံးကို သတိပေးလိုက်သည်။
စစ်တပ်ထဲတွင် အထီးကျန်စွာ နေရခြင်းက လူများစု သည်းမခံနိုင်သော အရာပင် ဖြစ်သည်။ သို့သော်လည်း ထိုအရာက ပုဖန်အတွက် ထူးခြားခြားနားခြင်း မရှိပေ။
လုံချိုင်က ပုဖန်ကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်ပြီး တဲအတွင်းမှ ထွက်ခွာသွားလေသည်။ အလွန်လျှင်မြန်စွာနှင့်ပင် တဲအတွင်း၌ တိတ်ဆိတ်သွားလေသည်။
ဒေါင်… ဒေါင်… အိုးကို ရိုက်ခတ်သည့် အသံက တဖန် ပြန်လည်ထွက်ပေါ်လာပြီး ဝေတဖု၏ ရေခဲတမျှ အေးစက်သော အသံက စစ်စခန်း တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
“စစ်ချီကြမယ်… မြန်မြန်ဆန်ဆန် ပြင်ဆင်ကြ… မင်းတို့ လိုအပ်တဲ့ ချက်ပြုတ်ရေး ပစ္စည်းတွေကိုသယ်ဆောင်လာကြ… ငါတို့ ထွက်ခွာကြမယ်…”
အမိန့်သံဆုံးသွားပြီးနောက် တန်းလျားအတွင်းမှ ၀ရုန်းသုန်းကား အသံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် တဲအတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။ အားလုံးက နောက်ကျောတွင် သူတို့၏ ဒယ်အိုးကြီးများကို သယ်ထားပြီး တန်းစီရပ်နေကြလေသည်။
အစပိုင်းတွင် ထိုသူများက ပုဖန်ကို အိုးလွယ်ရန် ပြောခဲ့သောလည်း ပုဖန်က ငြင်းပယ်လိုက်သည်။ သူက သူ၏ ဒယ်အိုးကို သိုလှောင်နယ်မြေအတွင်း၌ သိမ်းဆည်းထားနိုင်ပေသည်။ သို့သော်လည်း ယခုမစ်ရှင် ပြုလုပ်နေချိန်တွင် စနစ်၏ သိုလှောင်နယ်မြေမှ ပါ၀င်ပစ္စည်းများကို ယူသုံးနိုင်ခြင်း မရှိစေရန် သုံလှောင်နယ်မြေကို စည်းချထားလေသည်။ ယခု… ထိုပြသနာက ပုဖန်အတွက် ခေါင်းကိုက်စရာ ဖြစ်လာလေသည်။
ထို့ကြောင့် သူ့တွင် ရွေးချယ်စရာ မရှိတော့ပဲ ချက်ပြုတ်ရေးတပ်ဖွဲ့့မှ အခြားအဖွဲ့၀င်များနည်းတူ အိုးကို သယ်၍ ထွက်လာလေသည်။ ထို့နောက် တပ်၏ ထုံးစံအတိုင်း တန်းစီလိုက်သည်။ ချက်ပြုတ်ရေး တပ်ဖွဲ့မှ လူများက စစ်ချီတက်ရာတွင် လိုက်ပါချက်ပြုတ်ပေးရန် လိုလေသည်။ ထို့ကြောင့် သူတို့က ချီတက်ရာတွင် လိုက်ပါခဲ့ရခြင်း ဖြစ်သည်။ သူတို့က စခန်းချပြီးသည်နှင့် မီးဖိုများဖိုကာ ချက်ချင်းပင် စတင်ချက်ပြုတ်ကြလေသည်။
ဒယ်အိုးကို လွယ်ထားသော ဝေတဖုက စနစ်တကျ ဖွဲ့စည်းထားသော သူ၏ တပ်ဖွဲ့ကို ဝေ့၀ဲကြည့်လိုက်သည်။ ဒယ်အိုးလွယ်ထားသော ပုဖန်ကို တွေ့လိုက်ချိန်တွင် အရိုက်ခံလိုက်ရသကဲ့သို့ သူ၏ အသားများ နာလာသည်ဟု ခံစားလိုက်ရလေသည်။
စစ်ချီတံပိုး ခရာသံအောက်တွင် ဒယ်အိုးလွယ်ထားကြသော ချက်ပြုတ်ရေး တပ်ဖွဲ့၀င်များက ပစ္စည်းတင်ထားသည့် လှည်းများကို တွန်း၍ စခန်းမှ ထွက်ခွာလာကြသည်။
အနောက်ပိုင်းဆန်းကျယ်တပ်၏ တတိယတပ်ဖွဲ့က အနောက်ပိုင်းဆန်းကျယ်မြို့တော်၏ အပြင်ဘက်သို့ စတင်စစ်ချီတက်လာပြီဖြစ်သည်။ သည်တစ်ကြိမ် စစ်ချီရာတွင် တတိယတပ်ဖွဲ့တစ်ခုတည်းမဟုတ်ပဲ အနောက်ပိုင်းဆန်းကျယ်စစ်တပ်၏ အဓိကအင်အားစုဖြစ်သော ဒုတိယတပ်ဖွဲ့လည်း ပါလေသည်။ တပ်ဖွဲ့ကြီးနှစ်ခုက အနောက်ပိုင်းဆန်းကျယ်မြို့တော်မှ ထွက်၍ အနီးဆုံး မြို့လေးဆီသို့ စစ်အင်အားထောက်ပံ့ရန် ဦးတည်ထွက်ခွာလာကြသည်။
သူတို့၏ အိမ်နီးချင်း မြို့လေးက သူတို့ကို ကူညီပေးရန် တောင်းဆိုလာသောကြောင့် ဖြစ်သည်။ စာပါ အကြောင်းအရာများအရ သူတို့ရင်ဆိုင်နေရသော ရန်သူက အင်အားကြီးမားလှပေသည်။ ထို့ကြောင့်ပင် အနောက်ပိုင်းဆန်းကျယ်မြို့က အဓိကစစ်တပ်နှစ်ခုကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အနောက်ပိုင်းဆန်းကျယ်မြို့တော်က အနောက်မြောက်ပိုင်းတွင် အကြီးမားဆုံး မြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်းမြို့တော်ကြီး သုံးမြို့မှ တစ်မြို့လည်း ဖြစ်သည်။ ထို့ကြောင့် လေအလင်းအင်ပါယာ၏ အနောက်မြောက်ပိုင်း ဒေသများကို ထောက်ပံ့၍ ရန်သူများကို ဖြေရှင်းပေးရမည်မှာ သူတို့၏ တာ၀န်ပငိ ဖြစ်သည်။
ကျယ်ပြန့်လှသောလွင်ပြင်တွင် ရှည်လျားလှသော စစ်တန်းကြီးက စစ်ချီနေကြလေသည်။ ဖွဲ့စည်တည်ဆောက်ပုံအရ စစ်တန်းကြီးက အလွန်ရှည်လျားလှပေသည်။ နေရာတိုင်းတွင် ပုံစံအမျိုးမျိုးနှင့် တပ်သားများ ရှိနေကြပြီး စစ်တပ်ချက်ပြုတ်ရေး တပ်ဖွဲ့က နောက်ဆုံးမှ နေရာယူထားသည်။ ချက်ပြုတ်ရေး တပ်ဖွဲ့မှ လူများက ကြီးမားလေးလံလှသော အိုးများကို လွယ်ထားကြသောကြောင့် ရှေ့့သို့ရောက်ရန်မှာ အလွန်ခက်ခဲလှသည်။
ကောင်းကင်ထက်မှ ပူပြင်းလှသော နေမင်းက ပို၍ တောက်ပလာသည်။ ဖြာကျလာသော နေရောင်ခြည်က လယ်ကွင်းပြင်များကို အပူပေးထားပြီး အရည်ပျော်မတက် ထင်ရလေသည်။ လူများစွာတို့က ထိုအပူဒဏ်ကြောင့် ဒုက္ခရောက်နေကြလေသည်။
ဒယ်အိုးလွယ်ထားသော ပုဖန်၏ နောက်တွင် ဝှိုက်တီက ထပ်ကြပ်မခွာလိုက်ပါလာလေသည်။ ပုဖန်နှင့် သူ၏ တပ်ဖွဲ့ကြားတွင် အလွန်ဝေးကွာနေလေသည်။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းအချိန်က ဖြစ်ပွားခဲ့သည်များကြောင့် ချက်ပြုတ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များက ပုဖန်နှင့် မရင်းနှီးလိုကြတော့ချေ။ လုံချိုင်မှ လွဲ၍ အခြားသူများ အားလုံးက ပုဖန်ကို ပစ်ပယ်ထားကြလေသည်။
ထိုကဲ့သို့သော နည်းလမ်းကို သုံး၍ သူတို့က ပုဖန်ကို လက်စားချေနေကြခြင်း ဖြစ်သည်။ ချက်ပြုတ်ရေးတပ်ဖွဲ့့တွင် နေထိုင်စဉ်အတောအတွင်း သူ့ကို ရူးသွပ်အောင် ပြုလုပ်လိုကြခြင်း ဖြစ်သည်။
လုံချိုင်က ပုဖန်နှင့် စကားစမြည် ပြောလိုက်ချိန်တိုင်း ဝေတဖု၏ စူးစိုက်ကြည့်ခြင်းကို ခံရလေသည်။ နောက်ဆုံးတွင် လုံချိုင်က သည်းမခံနိုင်တော့ပဲ ပုဖန်ကို အထင်အမြင်သေးစွာ ကြည့်နေသော ဝေတဖုကိုထားခဲ့၍ ထွက်သွားလေသည်။
ပုဖန်အနေနှင့်မူ ဝေတဖုကို ရူးနေသည်ဟုပင်ခံစားမိလေသည်။
ကျွီ… ကျွီ…
ကြီးမားလေးလံသော လှည်းကြီးက ဆူညံသံများ ထွက်ပေါ်လာသော်လည်း သူတို့အားလုံးက ဆက်လက်၍ စစ်ချီတက်နေကြဆဲပင် ဖြစ်သည်။
ညအချိန်ကျရောက်လာပြီဖြစ်သောကြောင့် မှောင်မဲသော ကောင်းကင်ယံထက်တွင် လခြမ်းကွေးလေးနှစ်ခုက တစ်ခုကိုတစ်ခု ခေါ်ထုတ်၍ ချိတ်ဆက်နေကြလေသည်။ တပ်မှုး၏ အမိန့်သံအောက်တွင် ချီတက်နေကြသော တပ်သားများက ရပ်တန့်လိုက်ကြပြီး စခန်းချရန် စတင်ပြင်ဆင်လိုက်ကြသည်။
ချက်ပြုတ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ အားလုံးက အလုပ်များသွားကြသည်။ သူတို့က အလျင်အမြန်ပင် တဲများ ဆောက်လိုက်ကြပြီး ဟင်းပွဲများ စတင်ချက်ပြုတ်ရန် ပြင်ဆင်လိုက်ကြသည်။
ပုဖန်က လျင်မြန်စွာနှင့် အမိန့်နာခံ၍ တဲဆောက်နေကြသော ချက်ပြုတ်ရေးတပ်ဖွဲ့မှ လူများကို နောက်မှ ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း အံ့သြသည့် အရိပ်အယောင်များ ပေါ်နေလေသည်။ ထိုသူများက စစ်ချီတက်ရာတွင် အတွေ့အကြုံရှိသည့် လူများဖြစ်ကြောင်း သံသယရှိစရာပင် မလိုချေ။ သူတို့ထိုအရာများကို လုပ်ဆောင်နေသည်က လွယ်ကူချောမွေ့နေလေသည်။ ပုဖန်ကလည်း သူ့အတွက်တဲကို ကိုယ်တိုင် တည်ဆောက်လိုက်ပြီး စတင်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
အခြားတပ်သားများက စိတ်ဝိဥာဉ်ကို ပြန်လည်အားဖြည့်နိုင်ရန် အနားယူနေကြသည့် အချိန်တွင် စစ်တပ်ချက်ပြုတ်ရေး တပ်ဖွဲမှ အငွေ့တစ်လူလူ ထွက်နေလေသည်။ ထိုအချိန်၌ တပ်စခန်းချရာ ပတ်၀န်းကျင်ရှိ ခြုံနွယ်များထံမှ အသံဗလံများကို ကြားလိုက်ရလေသည်။ ထိုအသံများကြောင့် စစ်သည်တော်များ စိတ်ထဲ၌ စိုးရိမ်ထိတ်လန့်လာကြလေသည်။
စစ်သည်တော်တစ်ယောက်က စစ်ဆေးကြည့်ရှုရန် ရှေ့သို့သွား၍ ခြုံပုတ်ကို တွန်းဖယ်လိုက်သည်။ ထိုအချိန်တွင် ဝံပုလွေအူသံကို ကြားလိုက်ရလေသည်။ ထို့နောက် ကြီးမားလှသော ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ သွားရောက်စစ်ဆေးသော စစ်သည်တော်ကို ခုန်အုပ်လိုက်လေသည်။