အပိုင်း ၂၉၁
Viewers 53k

အခန်း ၂၉၁ “စိတ်ဝိဥာဉ်သားရဲများ၏ တိုက်ခိုက်မှု”


ကျယ်ပြန့်လှသော အနောက်မြောက်ပိုင်း လွင်ပြင်ပေါ်တွင် တောက်ပနေသော ဓါးသဏ္ဍာန် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုအလင်းတန်းက လျပ်စီးတန်း၏ အမြန်နှုန်းထက်ပင် မြန်ဆန်နေလေသည်။ လေပြင်းများ ဖြတ်သန်းသွားပြီးနောက် အလင်းတန်းက တဖြည်းဖြည်း လွင့်ပျောက်သွားကာ ဓါးပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။


ထိုသူ့ထံတွင် ထင်ရှားလှသော မျက်ခုံးများနှင့် ကြယ်များကဲ့သို့ တောက်ပနေသည့် မျက်လုံးများကို ပိုင်ဆိုင်ထားလေသည်။ ထိုသူက ဓါးပျံကို စီး၍ လမ်းတစ်လျောက် ခရီးနှင်လာပြီးနောက် အနောက်မြောက်ပိုင်း လွင်ပြင်ထက်မှ မျက်မှောင်ကြုံ့၍ အကဲခတ်လိုက်သည်။


“ငါတို့ အနောက်ပိုင်းဆန်းကျယ်မြို့တော်ကို ရောက်တော့မယ်… အကြီးအကဲက ငါတို့ကို အဲဒီမှာ သွားရောက်ကူညီဖို့ စီစဉ်ပေးတယ်ဆိုတော့ အနောက်ပိုင်းဆန်းကျယ်မြို့တော်က တကယ်ပဲ အခြေအနေ ဆိုးဝါးနေတာလား… တကယ်ကိုပဲ ရှုရာဂိုဏ်းက ပြန်ထွက်ပေါ်လာတာလား… ဒါကဘယ်သူမှ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်ပဲ… ”


အဆုံးမဲ့ကျယ်၀န်းလှသော မိုးကုတ်စက်ဝိုင်းကို ငေးကြည့်နေသည့် ထန်းယင်၏ အဖြူရောင် ၀တ်ရုံက လေကြောင့် တစ်ဖျပ်ဖျပ် လွင့်ခါနေလေသည်။ သူစီးနင်းလာသော ဓါးက ရှေ့သို့ ဆက်လက်ရွေ့လျားနေလေသည်။


…..


လေအလင်းအင်ပါယာ တစ်ခုလုံးက ဗရမ်းဗတာ အခြေအနေသို့ ကျရောက်နေပြီး စစ်ပွဲအတွင်းတွင် မြို့များစွာ ပါ၀င်လာကြသည်။ သွေးလွှမ်းသော စစ်ပွဲများတွင် ရက်စက်လှသော သတ်ဖြတ်မှုများကြောင့် မရေမတွက်နိုင်သော စစ်သည်တော်များ သေဆုံးနေကြသည်။ ထိုအချက်က အင်ပါယာအတွက် ကြီးကြီးမားမား နစ်နာခြင်းပင် ဖြစ်သည်။


……


၀ူလျန်တောင်တန်းပေါ်တွင် တည်ရှိသော အာကာသအာနန်ဂိုဏ်းက တောင်ပိုင်းဒေသ၏ အကြီးမားဆုံး ဂိုဏ်းတစ်ခုအနေနှင့် ထိုအရေးကိစ္စကို မျက်ကွယ်ပြု၍ မရချေ။ ထို့အပြင် မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်း၏ ဒေါသနတ်ဆိုးခန်းမမှ အကြီးအကဲတစ်ယောက်ကလည်း လေအလင်းအင်ပါယာတွင် ကျရှုံးခဲ့ရကြောင်း သူတို့ သိရှိခဲ့ကြသဖြင့် အံ့အားသင့်ကြရသည်။


ထိုအကြီးအကဲ၏ ခန္ဒာကိုယ်က တန်ခိုးရှင်အဆင့်သို့ ရောက်ရှိနေပြီး ကျင့်ကြံခြင်းအဆင့်က တန်ခိုးရှင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့လေသည်။ ထိုကဲ့သို့သော ကျွမ်းကျင်သူက လေအလင်းအင်ပါယာတွင် ကျဆုံးသွားရသောကြောင့် သူတို့က ထိုအကြောင်းအရာကို ဂရုမစိုက်ပဲ မနေနိုင်တော့ချေ။ 


မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းက ထိုအကြောင်းအရာကို စုံစမ်းစစ်ဆေးရန်အတွက် လူများစွာ စေလွှတ်ခဲ့သည်။ သို့သော်လည်း လေအလင်းအင်ပါယာက ပြည်တွင်းစစ်များကြောင့် ပျက်စီးတော့မယောင် ဖြစ်နေလေသည်။ ထိုကိစ္စများ၏ နောက်ကွယ်၌ တစ်စုံတစ်ယောက် ရှိနေသည်ဟုပင် သူတို့က ထင်မှတ်မိလေသည်။


မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းမှ ကျွမ်းကျင်သူများက ထိုသတင်းအချက်အလက်များကို ရရှိပြီး မကြာမီမှာပင် ပစ်မှတ်ထား သတ်ဖြတ်ခြင်းကို စတင်ခံစားခဲ့ရသည်။ သူတို့၏ သူတော်စင်အဆင့်အချို့ ကျဆုံးခဲ့ပြီး လက်တစ်ဆုတ်စာမျှသာ လွတ်မြောက်လာကြသည်။ ထိုလွတ်မြောက်လာသူများက ထိုသတင်းများကို ပြန်လည် မျှဝေသောကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ချေမှုန်းဖျက်စီးခံလိုက်ရသော ရှုရာဂိုဏ်းက ပြန်လည်ဦးမော့လာသည်ကို သိလိုက်ကြရသည်


သူတို့က လေအလင်းအင်ပါယာအတွင်းတွင် ပြည်တွင်းစစ်များကို ဖြစ်ပွားစေခဲ့သည်။ သူတို့၏ ရည်ရွယ်ချက် အစစ်အမှန်ကို မသိရသေးသော်လည်း စုန်းကဝေ နတ်ဆိုးများကဲ့သို့ ဆိုးသွမ်းလှသော ရှုရာဂိုဏ်း၏ ရည်ရွယ်ချက်က မည်သို့မျှ ကောင်းနိုင်မည်မဟုတ်ချေ။


မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းမှ သတင်းအချက်အလက်များကို ရရှိပြီးနောက် တောင်ပိုင်းနယ်နမိတ်အတွင်းမှ အင်အားကြီး အဖွဲ့အစည်းများ အားလုံးက လေအလင်းအင်ပါယာကို ကူညီရန် သူတို့၏ သန်မာလှသော တပည့်များကို စေလွှတ်ပေးခဲ့သည်။ လေအလင်းအင်ပါယာကို အင်အားကြီး အဖွဲ့အစည်းများက ကူညီထောက်ပံ့နေချိန်တွင် ဘုရင်ခံယု၏ နောက်ကွယ်၌လည်း ရှုရာဂိုဏ်းက ကူညီထောက်ပံ့နေလေသည်။ 


ထို့ကြောင့် အချိန်တိုအတွင်းမှာပင် အဖွဲ့ကြီးနှစ်ခုက အင်အားညီမျှလာလေသည်။


……


“မြေအောင်း ဝံပုလွေ….”


ကျယ်လောင်သော အော်ဟစ်သံတစ်ခုနှင့် အတူ တတိယတပ်ဖွဲ့မှ တပ်သားများအားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မြေအောက်မှ ထွက်ပေါ်လာသော ကြီးမားလှသည့် ဝံပုလွေများက သူတို့၏ ပတ်၀န်းကျင်တွင် ထွက်ပေါ်လာလေသည်။ 


ထိုမြေအောင်းဝံပုလွေများက လျှင်မြန်သွက်လက်ကြပြီး မြေအောက်တွင် နေထိုင်ကြသည့် သတ္တဝါများ ဖြစ်ကြသည်။ သူတို့က မြေအောက်တွင် ရေကူးနေသကဲ့သို့ သွားလာလှုပ်ရှားနိုင်ကြသည်။ ထိုမြေအောင်းဝံပုလွေများက အနောက်မြောက်ပိုင်း ဒေသတွင်သာ တွေ့ရသော ရှားပါးသည့် စိတ်ဝိဥာဉ်သားရဲများ ဖြစ်ကြသည်။ သူတို့၏ အဆင့်က အဆင့်လေးမျှသာ ရှိသော်လည်း .သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန်မြင့်မားကြသည်။


ထိုဝံပုလွေများက သူတို့၏ ပစ်မှတ်ကို တိုက်ခိုက်ရာတွင် သွေးအမြောက်အများ ထွက်လာအောင် ကိုက်ဆွဲကြသည်။ သူတို့၏ ကိုက်ချက်တစ်ချက်ကပင် စစ်သည်တော်များ သွေးထွက်သံယို ဖြစ်စေရန် လုံလောက်နေလေသည်။ အတွေ့အကြုံရှိသော စစ်သည်တော်များက သူတို့၏ လက်နှက်များကို ကိုင်ဆွဲကာ ဝံပုလွေများရှိရာသို့ တိုး၀င်သွားကြသည်။ 


တတိယတပ်ဖွဲ့၏ တပ်မှုးဖြစ်သော ကျူးရို့၏ မျက်နှာက ဖြူဖျော့နေလေသည်။ သူတို့က စတင်ချီတက်လာချိန်တွင်ပင် အင်အားကြီးမားသော စိတ်ဝိဥာဉ်သားရဲများနှင့် ကြုံတွေ့နေရသည်။ ထိုအချက်က သူတို့တပ်ဖွဲ့အတွက် အလွန်ဆိုးဝါးလှပေသည်။


မကြာခင်မှာပင် မြေအောင်းဝံပုလွေများက စစ်သည်တော်များကို ရှုံးနိမ့်သွားကြပြီး မြေအောက်သို့ ပြန်ပြေးသွားကြသည်။သို့သော်လည်း စစ်သည်တော်များက သူတို့၏ စောင့်ကြပ်မှုကို လျော့ချရဲခြင်း မရှိချေ။ 


“မြေအောင်းဝံပုလွေ…”


ပုဖန်က စစ်သည်တော်များ လက်ချက်နှင့် သေဆုံးသွားသော မြေအောင်းဝံပုလွေများကို ကြည့်၍ သူ၏ မျက်၀န်းများ တောက်ပသွားသည်။ ထို့နောက် သူက အနည်းငယ် တွေးတောလိုက်ပြီးနောက် ရှေ့သို့ လျောက်သွားလိုက်သည်။ ချက်ပြုတ်ရေးတပ်ဖွဲ့၀င်များက ချက်ပြုတ်ရေး ပစ္စည်းများကို ကာကွယ်နေကြသောကြောင့် ပုဖန်၏ လှုပ်ရှားမှုကို သတိမထားမိလိုက်ကြချေ။ 


ပုဖန်က မြေအောင်ဝံပုလွေတစ်ကောင်ကို ဆွဲလှန်လိုက်သည်။ ထိုဝံပုလွေအသား၏ အရည်အသွေးက တော်တော်လေး ကောင်းမွန်သည်ကို တွေ့့လိုက်ရသည်။


မြေအောင်းဝံပုလွေများက မြေအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သောကြောင့် သူတို့၏ အသားများကို မြေအောက်စိတ်ဝိဥာဉ်စွမ်းအားများနှင့် သန့်စင်ထားပြီး ထူးခြားသည့် ခံစားမှုတစ်ခုကိုပေးစွမ်းနေလေသည်။ 


ပုဖန်က ထိုဝံပုလွေ၏ အသားကို တစ်ချက်မှ ထုနှက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူက နှမျောတသစွာနှင့် သက်ပြင်းချလိုက်မိသည်။ သူက စနစ်၏ သိုလှောင်နယ်မြေကို အသုံးမပြုနိုင်ခြင်းကြောင့်သာ မဟုတ်ပါက ထိုဝံပုလွေ အသားများကို သိမ်းဆည်းထားနိုင်ပေလိမ့်မည်။


ထိုဝံပုလွေ၏ တန်ဖိုးက မမြင့်မားသော်လည်း အသား၏ အရည်အသွေးက ကောင်းမွန်လှသောကြောင့် ချက်ပြုတ်ပြီးသည့် အခါတွင် ကောင်းမွန်သော အရသာတစ်ခု ရရှိပေလိမ့်မည်။


မြေအောင်းဝံပုလွေများက ပြန်လည်ဆုတ်ခွာသွားကြသော်လည်း တတိယတပ်ဖွဲ့က အလွန်ပင် ဒုက္ခရောက်ခဲ့ရလေသည်။ သူတို့က အောင်ပွဲဆင်နိုင်ခဲ့သော်လည်း ဒဏ်ရာရရှိသူ အများအပြားရှိကာ စခန်းထဲတွင် ညည်းညူအော်ဟစ်သံများ ပြည့်နှက်နေလေသည်။ ထိုသို့ လျှင်မြန်သွက်လက်စွာနှင့် ချောင်းမြောင်းတိုက်ခိုက်တတ်သော သားရဲများကို ထိမ်းချုပ်ရန်မှာ ခက်ခဲလှသည်။


သူတို့၏ အခြေအနေက ထိုသို့ ဖြစ်နေသော်လည်း အနောက်ပိုင်းဆန်းကျယ် စစ်တပ်က ဒုတိယနေ့တွင် ပုံမှန်အတိုင်း စစ်ချီခဲ့ကြသည်။


မကြာခင်မှာပင် နောက်ထပ်ပြသနာတစ်ခုကို သူတို့ ရင်ဆိုင်လိုက်ကြရသည်။ စစ်သည်တော်များက ချွန်ထက်သော ကျောက်ဆောင်များကို ဖြတ်သန်းသွားချိန်တွင် အဆင့်လေး လေမြွေများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် စစ်သည်တော်များက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။ ထိုလေမြွေများက အဆိပ်ပြင်းထန်ခြင်း မရှိသော်လည်း အကိုက်ခံရသည့်လူက ရက်အနည်းငယ် အားနည်းသွားနိုင်လေသည်။ 


ထိုသားရဲများက ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလှသည်။ နတ်ဆိုးသားရဲ လေမြွေများ၏ တိုက်ခိုက်မှုကြောင့် စစ်သည်တော်များပင် စိတ်ပျက်အားလျော့လာကြသည်။


တတိယတပ်ဖွဲ့၏ တပ်မှုး ကျူးရို့က စိတ်ခံစားမှုမကောင်းပဲ ဖြစ်နေလေသည်။သူတို့က ရန်စခြင်း မရှိသော်လည်း ထိုသားရဲများက တပ်ကို လာရောက်တိုက်ခိုက်ခြင်းမှာ တစ်စုံတစ်ခုကြောင့် ဖြစ်နိုင်လေသည်။ သူက စစ်ချီတက်ရာတွင် အကြိမ်ပေါင်းများစွာ ဦးဆောင်ခဲ့သောကြောင့် စိတ်ဝိဥာဉ်သားရဲများကို မြင်တွေ့ရခြင်းမှာ ပထမအကြိမ် မဟုတ်တော့ချေ။ သို့သော် ထိုသားရဲများက တပ်ကို လာရောက်တိုက်ခိုက်သည်ကို ကြုံဖူးသည်မှာ ပထမအကြိမ်ပင် ဖြစ်သည်။


သူက အကြောင်းအရင်းကို သေချာစွာ မသိရသော်လည်း သူတို့၏ ခရီးစဉ်ကို ဆက်လက်ချီတက်ခဲ့ကြသည်။ တတိယတပ်ဖွဲ့က သူတို့ ဆက်လက်ချီတက်သည့် ခရီးစဉ်တွင် စိတ်ဝိဥာဉ်သားရဲများ၏ တိုက်ခိုက်မှုကို ခံကြရသည်။ ထိုသားရဲများက အဆင့်မြင့်ခြင်း မရှိသော်လည်း အုပ်စုများပြားလှသောကြောင့် စစ်သည်တော်များအနေနှင့် ကိုင်တွယ်ရန် ခက်ခဲလှသည်။ စစ်သည်တော်များကလည်း စိတ်ဓာတ်ကျနေကြပြီး မကျေမနပ်မှုများနှင့် ပြည့်နှက်နေလေသည်။


……


အဝါရောင် သဲမြေများနှင့် လွှမ်းခြုံနေသည့် တောင်ထိပ်တစ်ခုပေါ်တွင် အလံတစ်ခုကို လွှင့်ထူထားသည်။ ထိုအလံ၏ နောက်တွင် စစ်သည်တော်များနှင့် စိတ်ဝိဥာဉ်မြင်းတပ်တစ်တပ် ရှိနေလေသည်။ ယခုအချိန်တွင် စစ်သည်တော်များက စီတန်းရပ်နေကြသည်။ ထိုစစ်သည်တော်များကြာမှ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသော တစ်ယောက်က မကောင်းသော အငွေ့အသက်များကို ပေးစွမ်းနေလေသည်။ အနီးပတ်၀န်းကျင်မှ စစ်သည်တော်များကလည်း ထိုသူ့ကို ရိုသေလေးစားဟန်နှင့် ကြည့်ရှုနေကြသည်။


“စီနီယာအားမူနီ… တကယ်လို့ ငါတို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် မကြာခင်မှာပဲ အနောက်ပိုင်းဆန်းကျယ်စစ်တပ်က မိုလောမြို့ကို ရောက်လာတော့မယ်… အဲလိုဖြစ်လာမယ်ဆိုရင် မိုလောမြို့ရဲ့ နောက်ခံအင်အားအနေနဲ့ စစ်တပ်တစ်ခု ရှိလာပြီဆိုတော့ ငါတို့ လုပ်နိုင်တဲ့အခွင့်အလမ်းတွေ ဆုံးရှုံးသွားရလိမ့်မယ်…”


ထင်ပေါ်သည့် စစ်သည်တော်တစ်ယောက်က မျက်မှောင်ကြုံ့၍ မှတ်ချက်ချလိုက်သည်။


“စစ်သူကြီး မိုလင်း.. မင်းက ဘုရင်ခံယုရဲ့ ချီးမြှောက်ခြင်းကို ခံလိုက်ရတဲ့ အရာရှိတစ်ယောက်ဆိုတော့ မင်းမှာ ကြိုတင်မြင်နိုင်စွမ်းတော့ ရှိမှာပဲ… အနောက်ပိုင်းဆန်းကျယ်တပ်ရဲ့ အနောက်ပိုင်းဆန်းကျယ်မြို့ကနေ ဒီကိုလာတဲ့ ခရီးစဉ်မှာ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေအောင် လက်ဆောင်တွေ ပြင်ဆင်ထားပေးတယ်… သူတို့ ဒီကို ရောက်လာတဲ့ အချိန်မှာ ပျက်ဆီးဆုံးရှုံးမှ အနည်းနဲ့ အများတော့ ရှိမှာပဲ…” အနက်ရောင်၀တ် အကြီးအကဲက ပြောလိုက်သည်။


မိုလင်းက အံ့အားသင့်သွားသော်လည်း ထိုသူ၏ စကားကို ပျက်ရယ်ပြုရဲခြင်း မရှိချေ။ ထိုအနက်ရောင်၀တ်ဆင်ထားသည့် အကြီးအကဲက သူတော်စင်အဆင့်တစ်ယောက် ဖြစ်သည်။ သူတို့က ထိုသူနှင့်အတူ မိုလောမြို့ကို အလွယ်တကူ သိမ်းယူနိုင်သော်လည်း သူတော်စင်အဆင့်တစ်ယောက် ထွက်ပေါ်လာသောကြောင့် သူတို့၏ တိုက်ခိုက်မှုများက နှေးကွေးသွားရခြင်း ဖြစ်သည်။


မိုလောမြို့ကို သိမ်းယူလိုက်ခြင်းအားဖြင့် သူတို့က အနောက်ပိုင်းဆန်းကျယ်မြို့တော်ကို ဖိအားပေးနိုင်မည်ဖြစ်သည်။ မိုလောမြို့ကလည်း တင်းမာနေသည့် အခြေအနေများကို နားလည်သောကြောင့် သူတို့က စစ်ကူများ ခေါ်ခဲ့ခြင်း ဖြစ်သည်။


“သတင်းပို့ပါတယ်… အနောက်ပိုင်းဆန်းကျယ်တပ်ထဲက သူလျိုတွေက သူတို့ တောင်ခြေဒေသကို ၀င်ရောက်လာပြီလို့ သတင်းပို့ထားပါတယ်… ”


စစ်သူကြီးမိုလင်းနှင့် အနက်ရောင်၀တ် အကြီးအကဲတို့ ဆွေးနွေးနေချိန်တွင် ကင်းထောက်တစ်ယောက်က ရောက်ရှိလာပြီး သတင်းပို့လိုက်သည်။သူတို့၏ မျက်၀န်းများကတောက်ပသွားပြီး မြင်းများကို အလျှင်အမြန် ဆွဲယူလိုက်ကာ သူတို့၏ စစ်သည်တော်များကို ဦးဆောင်၍ ထိုနေရာမှ အလျှင်အမြန် ထွက်ခွာသွားကြသည်။


……


လက်ရှိအချိန်တွင် အနောက်ပိုင်းဆန်းကျယ်စစ်တပ်၏ တတိယတပ်ဖွဲ့မှ စစ်သည်တော်များက အလွန်အမင်း စိတ်ဓာတ်ကျနေကြလေသည်။ သူတိုချီတက်လာရာ လမ်းတစ်လျောက်တွင် များပြားလှသော စိတ်ဝိဥာဉ်သားရဲများနှင့် တိုက်ခိုက်ခဲ့ရသောကြောင့် စစ်သည်တော်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်ခုလုံး ကြောက်စရာကောင်းလောက်အောင်ပင် ပင်ပန်းနေကြလေသည်။ တပ်မှုးကျူးရို့က စစ်သည်တော်များ၏ အခြေအနေကို နားလည်သောကြောင့် ထိုနေရာတွင် ခတ္တမျှ နားရန် အမိန့်ပေးလိုက်သည်။


တတိယတပ်ဖွဲ့အနေနှင့် စိုးရိမ်ပူပန်စရာ အခြေအနေ ဖြစ်နေသောကြောင့် သူတို့က ကင်းထောက်အချို့ကို ရှေ့သို့ စေလွှတ်လိုက်ပြီး စိတ်ဝိဥာဉ်သားရဲများက သူတို့ကို တိုက်ခိုက်ရန် ပြင်ဆင်ထားခြင်း ရှိမရှိ စောင့်ကြည့်စေလိုက်သည်။ သို့မှသာ သူတို့အနေနှင့် ကြိုတင်၍ ပြင်ဆင်နိုင်မည်ဖြစ်သည်။


“ငါတို့ မကြာခင်မှာပဲ မိုလောမြို့ကို ရောက်တော့မယ်… တပ်ရဲ့ ချက်ပြုတ်ရေး တပ်ဖွဲ့ကို သွားပြီး ငါ့အမိန့်ကို ထုတ်ပြန်လိုက်… သူတို့တွေက စစ်သည်တော်တွေရဲ့ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်နိုင်မယ့် အစားအသောက်တွေကို ချက်ပြုတ်ပေးရမယ်လို့…..” ကျူးရို့က အော်ဟစ်၍ အမိန့်ပေးလိုက်သည်။


……


ချက်ပြုတ်ရေး တပ်ဖွဲ့က စစ်တပ်အမိန့်ကို လက်ခံရရှိပြီးနောက် ဝေတဖုက မလှုပ်ချင်လောက်အောင် ပင်ပန်းနေသော်လည်း စစ်သည်တော်များအတွက် အကျိုးသက်ရောက်မှု ရှိစေမည့် ဟင်းပွဲများကို ချက်ပြုတ်ရန် လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။


……


ရွှ့ပ်… ရွှပ်….


အင်အားကြီးမားလှသည့် မြှားတစ်စင်းက ပျံသန်းလာလေသည်။ မိုးချိန်းသံကဲ့သို့ ကျယ်လောင်လှသော အသံက လေထုကိုပိုင်းဖြတ်၍ ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။ 


ထိုမြှားက လက်ရှိအချိန်တွင် ရှေ့ဆုံးမှနေ၍ လမ်းကြောင်းရှာနေသော ကင်းထောက်တစ်ယောက်၏ ဦးခေါင်းကို ထိမှန်သွားပြီး သွေးများ လွင့်စင်သွားလေသည်။


ရုတ်တရက် ကောင်းကင်အပြည့် ရွာကျလာသော မြှားမိုးများက ကင်းထောက်များအားလုံးကို သတ်ဖြတ်လိုက်သည်။ ထိုသို့ ပြင်းထန်သည့် တိုက်ခိုက်မှုအောက်တွင်ပင် သွေးများ ဖုံးလွှမ်းနေသော ကင်းထောက်တစ်ယောက်က အနောက်ပိုင်းဆန်းကျယ်တပ်ရှိရာသို့ ထွက်ပြေးလွတ်မြောက်သွားလေသည်။


“ခြုံခိုတိုက်ခိုက်ခံရတာ….” ကင်းထောက်က အလွန်တရာ စိုးရိမ်ပူပန်နေလေသည်။


….


အမိန့်ကို လက်ခံရရှိပြီးနောက် စတင်ချက်ပြုတ်ရတော့မည်ဖြစ်သည်။


ပုဖန်က အေးအေးဆေးဆေးပင် သူ၏ ဒယ်အိုးကြီးကို နေရာချလိုက်ပြီး မီးမွှေးလိုက်သည်။ မကြာခင်မှာပင် မီးခိုးငွေ့လေးများ တလူလူ ထွက်လာလေသည်။ သာမာန်ပါ၀င်ပစ္စည်းများနှင့် ချက်ပြုတ်သည့် နေရာတွင် သူတစ်ယောက်သာ ရှိသောကြောင့် သူ့တွင် လုပ်စရာ များများစားစား မရှိပဲ အလွန်လွယ်ကူနေလေသည်။ 


……


ကျူးရို့က စခန်းချရာ တပ်ဖွဲ့၏ ရှေ့တွင် မျက်မှောင်ကြုံ့၍ မတ်တပ်ရပ်နေသည်။ ထို့နောက် အဝေးတစ်နေရာမှ မြင်းကို ဒုန်းစိုင်းစီး၍ လာနေသော ကင်းထောက်တစ်ယောက်ကို မြင်တွေ့လိုက်ရသောကြာင့် သူ မျက်မှောင်ကြုံ့့လိုက်လေသည်။ ထိုကင်းထောက်၏ တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေသော်လည်း စခန်းရှိရာသို့ သုတ်သုတ်ပြာပြာ လာနေဆဲပင် ဖြစ်သည်။