အပိုင်း ၂၉၂
Viewers 62k

အခန်း ၂၉၂ “စစ်ပွဲထဲပါ၀င်လာသော ထန်းယင်…”


ဒယ်အိုးမှ ထုတ်လွှင့်နေသော အပူငွေ့လေးများက ညအမှောင် ကောင်းကင် ယံထက်သို့ လွင့်တက်သွားကြသည်။ ထိုအပူငွေ့လေးများက တခဏမျှ လွင့်မြောနေပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ 


ပုဖန်က ဒယ်အိုးအဖုံးကို ဖွင့်လိုက်ရာ မွှေးပျံ့လှသည့် ရနံ့များက လေထဲသို့ လွင့်ပါသွားလေသည်။ သူက ချဉ်စပ်ဟင်းချိုကိုပင် ပြန်လည်ချက်ပြုတ်နေခြင်းဖြစ်သည်။ သူ့တွင် အခြားရွေးချယ်စရာလည်း ရှိမနေချေ။ သူ့တွင် သာမာန်ပါ၀င်ပစ္စည်းများသာ ရှိသောကြောင့် တူညီသည့် ဟင်းပွဲကို နောက်တစ်ကြိမ် ပြန်လည်ချက်ပြုတ်ရခြင်းကို အလေးအနက် မထားတော့ချေ။ သာမာန်ပစ္စည်းများနှင့် ချက်ပြုတ်နိုင်သော ဟင်းပွဲများက အကန့်အသတ် ရှိနေလေသည်။ 


ဆူပွက်နေသော ချဉ်စပ်ဟင်းရည်ထဲတွင် မြောက်များစွာသော အာလူးဖတ်လေးများက ပေါလောပေါ်နေလေသည်။ လှီးဖြတ်ထားသော မှိုပွင့်လေးများကလည်း ပွက်ပွက်ဆူနေသော ဟင်းရည်ထဲတွင် ကခုန်နေကြလေသည်။


ဟင်းရည်အိုးက ဆူပွက်နေပြီဖြစ်သော်လည်း ပုဖန်က အိုးအောက်ခြေမှ ထင်းမီးများကို ဆက်ထိုးထားဆဲပင် ဖြစ်သည်။ သူ၏ ပုံစံအရ မီးကို ငြှိမ်းသက်လိုက်ရန် ရည်ရွယ်ချက် ရှိပုံမရချေ။ သူက ပန်းကန်လုံးတစ်လုံးကို ယူလိုက်ပြီး ဟင်းရည်တစ်ဇွန်း ခပ်ထည့်လိုက်သည်။ ထို့နောက် ထောင့်တစ်ခုသို့ လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။ ပုဖန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ဟင်းရည်ကို တစ်ဇွန်းခပ်သောက်လိုက်သည်။ 


ခပ်လှမ်းလှမ်းနေရာတွင် ချက်ပြုတ်သူများက သူတို့၏ ဟင်းပွဲများကို အားထုတ်၍ ကြိုးစားချက်ပြုတ်နေကြသည်။ လက်ရှိအချိန်တွင် သူတို့၏ စိတ်အခြေအနေက အကောင်းဆုံး အခြေအနေတွင် ရှိမနေချေ။ လမ်းတစ်လျောက်တွင် တုန်လှုပ်ဖွယ်ရာများကို ကြုံတွေ့ခဲ့ရသောကြောင့် သူတို့၏ စိတ်အခြေအနေက တင်းကြပ်နေကြလေသည်။ နောက်ဆုံးအချိန်မှသာ သူတို့က စိတ်လျော့နိုင်ကြခြင်း ဖြစ်သည်။ 


ပုဖန်က အရသာရှိလှသော ချဉ်စပ်ဟင်းရည်ကို တစ်ပန်းကန်ကုန်အောင် သောက်လိုက်ပြီးနောက် သူ့ခန္ဒာကိုယ်ထဲသို့ နွေးထွေးသည့် စီးကြောင်းတစ်ခု ဖြတ်စီးသွားသည်ကို ခံစားလိုက်ရသည်။ အနောက်မြောက်ပိုင်းလွင်ပြင်က ညအချိန်တွင် အလွန်အေးစက်လှသော်လည်း ထိုနွေးထွေးသည့် စွမ်းအင်စီးကြောင်းကြောင့် ပုဖန်က အလွန်သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ရသည်။


လုံချိုင်က ပင်ပန်းနွမ်းနယ်နေသော ခန္ဒာကိုယ်ကို အနိုင်နိုင်သယ်လာပြီး ပုဖန်ဆီသို့ လျှောက်လာလိုက်သည်။ ဆူပွက်နေသော ချဉ်စပ်ဟင်းရည်အိုးမှ မွှေးရနံ့များကို ရလိုက်သည်နှင့် သူက နှာခေါင်းရှုံ့ပွရှုံ့ပွ လုပ်လိုက်ပြီး မျက်၀န်းများ တောက်ပသွားလေသည်။ လုံချိုင်က သူ့အတွက် တစ်ပန်းကန် ခပ်လိုက်ပြီးနောက် အငွေ့တစ်ထောင်းထောင်းထနေသော ပန်ကန်ကို ကိုင်၍ ပုဖန်အနီးတွင် ၀င်ထိုင်လိုက်လေသည်။ ထို့နောက် လုံချိုင်ကအရသာရှိလှသော ချဉ်စပ်ဟင်းရည်ကို စတင်သောက်သုံးလိုက်လေသည်။ 


ချက်ပြုတ်ရေးတပ်ဖွဲ့က သူတို့၏ ဟင်းပွဲများကို ပြင်ဆင်ချက်ပြုတ်ပြီးနောက် စခန်းချနေသော စစ်သည်တော်များကို ဝေငှပေးခဲ့သည်။ သူတို့ အသုံးပြုခဲ့သည့် ပါ၀င်ပစ္စည်းများက စိတ်ဝိဥာဉ်စွမ်းအင်ပါသော ပါ၀င်ပစ္စည်းများ ဖြစ်သောကြောင့် စစ်သည်တော်များက ထိုဟင်းပွဲကို စားပြီးသည်နှင့် ခွန်အားများ ပြန်လည်ပြည့်၀လာသည်ကို ခံစားလိုက်ကြရသည်။ ထိုအကြောင်းကြောင့်ပင် စစ်တပ်၏ နောက်၌ ချက်ပြုတ်ရေးတပ်ဖွဲ့ တည်ရှိနေရခြင်း ဖြစ်သည်။


……


သွေးများ ဖုံးလွှမ်းနေသော ကင်းထောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျူးရို့၏ မျက်၀န်းများ ပြူးကျယ်သွားလေသည်။ ထိုကင်းထောက်က သူ့ထံသို့ မရောက်ခင်အချိန်တွင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။ ကျူးရို့၏ စိတ်နှလုံးက စက္ကန့်အနည်းငယ်မျှ တင်းကြပ်သွားလေသည်။ ထို့နောက် သူ့ရှေ့မှ နက်မှောင်နေသော နေရာကို ကြည့်လိုက်ပြီး ကြောက်စရာကောင်းသော နတ်ဆိုးကို မြင်လိုက်ရသကဲ့သို့ သူ့နှုတ်ခမ်းများ တုန်ယင်သွားလေသည်။ 


“သေစမ်း…. ဒီမှာ ခြုံခိုတိုက်ခိုက်မှု ရှိနေတယ်…. ” သူက ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။


သူက အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ အော်လိုက်ခြင်း ဖြစ်သောကြောင့် သူ၏ အသံကို စစ်သည်တော်များအားလုံး ကြားလိုက်ရလေသည်။ စစ်သည်တော်များ၏ အာရုံများက တင်းကြပ်သွားပြီး ထိုင်နေရာမှ ခုန်ထလိုက်ကြသည်။ ထို့နောက် ပြန်လည်တိုက်ခိုက်နိုင်ရန် လျှင်မြန်စွာ စုဝေးလိုက်ကြသည်။


သွေးနီရောင် မျက်၀န်းများနှင့် မြောက်များလှစွာသော နတ်ဆိုးသားရဲများက အမှောင်ထုထဲမှ နေ၍ သူတို့ ရှိရာသို့ ထိုးဖောက်၀င်ရောက်လာကြသည်။ သူတို့က ရူးသွပ်ကြမ်းတမ်းစွာနှင့် စစ်သည်တော်များကို ထိုးနှက်တိုက်ခိုက်လိုက်လေသည်။


ကျူးရို့က သူ၏ စစ်သည်တော်များကို ဦးဆောင်လိုက်ပြီး နတ်ဆိုးသားရဲများကို တစ်ကောင်ပြီးတစ်ကောင် တိုက်ခိုက်သတ်ဖြတ်နေလေသည်။ 


“နောက်ထပ် ရူးသွပ်နေတဲ့ နတ်ဆိုးသားရဲတွေ… သေစမ်း… ဒီမှာ ဘာတွေ ဖြစ်နေတာလဲ… ”


ကျူးရို့၏ ဒေါသများက ပို၍ ပြင်းထန်လာလေသည်။ သူ၏ ဓါးချက်တစ်ချက်စီတိုင်းက နတ်ဆိုးသားရဲများ၏ ခေါင်းများကို ဖြတ်ပိုင်းနေလေသည်။ သူ၏ မြင့်မားလှသော ကျင့်ကြံခြင်း အဆင့်အရ ထိုသားရဲများကို သတ်ရန်မှ လွယ်ကူလှပေသည်။ တစ်ခုတည်းသော အကြောင်းမှာ ထိုသားရဲများက အဆမတန် များပြားနေခြင်း ဖြစ်သည်။


ကျူးရို့က ရုတ်တရက် လေးကြိုးဆွဲသံတစ်ခုကို ကြားလိုက်ရသည်ဟု ထင်လိုက်လေသည်။ အမှောင်ထုထဲမှ နေ၍ ကောင်းကင်ကိုပင် ပိုင်းဖြတ်တော့မယောင် ထင်ရသော အင်အားကြီးမားသည့် မြှားတစ်စင်းက လေထုကို ခွဲဖြတ်၍ ပျံသန်းလာလေသည်။


ထိုမြှားကို ကျူးးရို့၏ ခေါင်းတည့်တည့်သို့ ဦးတည်ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျူးရို့က အော်ဟစ်လိုက်ပြီး မြှားကို ပိတ်ဆို့ တားဆီးလိုက်သည်။


“မြှားတစ်စင်…”


ထိုအဓိပ္ပါယ်က ရန်သူတပ်များ ရောက်ရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။ ကျူးရို့၏ စိတ်က တစ်စက္ကန့်မျှ တင်းကြပ်သွားလေသည်။ 


တခဏအတွင်းမှာပင် အမှောင်ထုထဲမှ များပြားလှသော အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ မျှော်လင့်မထားစွာပင် သူတို့ အကြပ်အတည်း ဖြစ်နေသည့် အချိန်တွင် ရန်သူတပ်များ ရောက်ရှိလာလေသည်။ အနောက်ပိုင်းဆန်းကျယ်တပ်မတော်၏ တတိယတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်လာသော ရန်သူများကို တန်ပြန်တိုက်ခိုက်လိုက်ကြသည်။


ကျူးရို့ဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်များက အလွန်ပြင်းထန်လှပေသည်။ သူတို့ကို ၀င်ရောက်တိုက်ခိုက်လာကြသူများက နတ်ဆိုးသားရဲများကို နောက်ကွယ်မှ ထိန်းချုပ်နေကြသူများ ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်လေသည်။ သူတို့၏ လမ်းခရီးတစ်လျောက်လုံး နှောက်ယှက်ခံနေရပြီး နောက်ဆုံးတွင် ဒေါသကို ဖွင့်ထုတ်နိုင်ပြီဖြစ်သည်။ ကျူးရို့က ခရီးစဉ်တစ်လျောက် ပန်ပန်းနွမ်းနယ်လာသော်လည်း သူ၏ လက်များက ရန်သူကို သတ်ဖြတ်ရာတွင် တုန့်ဆိုင်းနေခြင်း မရှိချေ။ 


ချက်ချင်းဆိုသလိုပင် တိုက်ပွဲက အကြမ်းတမ်းဆုံး အခြေအနေသို့ ရောက်ရှိလာလေသည်။ အချိန်အနည်းငယ်အတွင်းမှာပင် သွေးများက နေရာအနှံ့ ပြန့်ကျဲနေပြီး မြစ်တစ်စင်းအလား ထင်ရလေသည်။ သိပ်သည်းလှသော သွေးနံ့များက တောင်ကြားတစ်ခုလုံးတွင် ဖုံးလွှမ်းနေလေသည်။



တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် ပုဖန်နှင့် လုံချိုင်က ချဉ်စပ်ဟင်းရည်ကို သောက်နေကြဆဲ ဖြစ်သည်။ သူတို့ ခြေထောက်အောက်ရှိ မြေပြင်က ရုတ်တရက် တုန်ခါသွားသည်ကို သူတို့ ခံစားလိုက်ရသည်။ ကြိုတင်အသိပေးခြင်း မရှိပဲ စစ်ပွဲက စတင်လာလေသည်။ ဓါးအချင်းချင် ထိခတ်နေသံများကလည်း ဆူညံစွာ ထွက်ပေါ်လာလေသည်။ 


“သူတို့ စတိုက်နေကြပြီလား…”


လုံချိုင်က ထိတ်လန့် အံ့အားသင့်သွားပြီး သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာလေသည်။ 


“ဖြစ်နိုင်တယ်…”


ချဉ်စပ်ဟင်းရည်ကို သောက်ပြီးသွားသော ပုဖန်၏ မျက်၀န်းထဲတွင် ထူးဆန်းသည့် အလင်းရောင်တစ်ချက် လက်သွားလေသည်။ ပထမဆုံး တိုက်ခိုက်မှုတွင် အားမာန်အပြည့်ရှိနေကြပြီး ဒုတိယတိုက်ခိုက်မှုတွင် အားနည်းလာကြသည်။ ထို့နောက် တတိယတိုက်ခိုက်မှုတွင် လုံး၀ စိတ်ဓာတ်ကျနေကြပြီဖြစ်သည်။ ခရီးစဉ်တစ်လျောက်တွင် အနောက်ပိုင်းဆန်းကျယ်တပ်ကို နတ်ဆိုးသားရဲများက အဆက်မပြတ် တိုက်ခိုက်ခဲ့လေရာ အားမာန်အပြည့်ရှိသော စစ်သည်တော်များက အားနည်းနေကြလေသည်။ 


ထို့အပြင် သူတို့၏ စိတ်ဝိဥာဉ်ကလည်း နိမ့်ကျနေပြီဖြစ်ရာ ယခုအချိန် လာရောက်တိုက်ခိုက်သော ရန်သူတပ်များကို ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ချေ။ ယခုအချိန်တွင် အနောက်ပိုင်းဆန်းကျယ်တပ်က ဘေးအန္တရယ်နှင့် ရင်ဆိုင်နေရလေသည်။


……


လှံရှည်ကို ဆွဲကိုင်ထားသော မိုလင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်နေလေသည်။ သူတို့ ရင်ဆိုင်နေရသော တတိယတပ်ဖွဲ့့က အနောက်ပိုင်းဆန်းကျယ်မြို့တွင် အားအနည်းဆုံး ဖြစ်သောလည်း ထိုတပ်ကို အမြစ်ဖြတ်ချေမှုန်းလိုက်နိုင်ပါက သူ့အတွက် အကျိုးခံစားရမည်ဖြစ်သည်။ 


မိုလင်းက သူ့့လက်ထဲမှ လှံရှည်ကို လွှဲရမ်းလိုက်ပြီး သူ့ပတ်၀န်းကျင်မှ တပ်သားများကို သတ်ဖြတ်လိုက်သည်။ တပ်သားများထံမှ လွင့်စင်လာသော သွေးများက သူ၏ စိတ်ကို ပိုမိုတက်ကြွလာစေသည်။


ချောက်ကမ်းပါးတစ်ခုထိပ်ရှိ ကျောက်တုံးများကြားတွင် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော လူကြီးတစ်ယောက် မတ်တပ်ရပ်နေလေသည်။ ထိုသူ၏ မျက်၀န်းများက ကြယ်များအလား တောက်ပနေပြီး တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုနေသည်။ ထိုသူက အစီအရင်တစ်ခုကို ရုတ်တရက် ရေးဆွဲလိုက်လေသည်။ သူရေးဆွဲလိုက်သော အစီအရင်က အလွန်ပင် ခက်ခဲ နက်ရှိုင်းပြီး သိမ်မွေ့လှကာ ထူးဆန်းလှပေသည်။ 


အချိန်သိပ်မကြာခင်မှာပင် အစီအရင်တစ်ခုလုံး ရေးဆွဲပြီး ဖြစ်သွားလေသည်။ အစီအရင်၏ ပုံသဏ္ဍာန်ပေါ်လာသည်နှင့် အစီအရင်ထဲမှ ရဲရဲနီနေသော ကျောက်စိမ်းအဆောင်ပြား ငါးခုက လေထဲတွင် ပေါ်ထွက်လာလေသည်။ ရုတ်တရက် ဆိုသလိုပင် ထိုအစီအရင်မှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာလေသည်။ 


တောင်ကြားဆီမှ အော်ဟစ်ကြုံးဝါးသံများနှင့်အတူ မီးခိုးရောင် အခိုအငွေ့များ ထွက်လာလေသည်။ ထိုမီးခိုးရောင် အခိုးအငွေ့များထဲတွင် မရေမတွက်နိုင်သော ခပ်ဝါးဝါး ပုံရိပ်များ ပ်ါနေလေသည်။ အချို့သော ပုံသဏ္ဍန်များက ရုန့်ရင်းဆန်ခတ် ဖြစ်နေကြပြီး အချို့က မကြေမချမ်း မုန်းတီးမှုများနှင့် အော်ဟစ်နေကြလေသည်။


ထိုပုံရိပ်များက သေဆုံးသွားသော စစ်သည်တော်များ၏ ဝိဥာဉ်များ ဖြစ်ကြသည်။ ထိုသစိတ်ဝိဥာဉ်များထဲတွင် သူတို့ အသက်ရှင်စဉ်က ကြုံတွေ့ခဲ့ရသော မကြေနပ်မှု ဒေါသနှင့် စိတ်ဆန္ဒများ ပါ၀င်နေလေသည်။ ထိုေ၀၀ါးဝါး ပုံရိပ်များကို ကြည့်လိုက်ယုံမျှနှင့် သူတို့၏ မကျေနပ်မှုများက သိပ်သည်းထူထပ်လှကြောင်း တွေ့နိုင်လေသည်။


“ဟား…ဟား…ဟား..ဟား… မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ပြီး သတ်နေလိုက်ကြ… များများသေလေ ကောင်းလေပဲ… ” အနက်ရောင်၀တ်ဆုံ ၀တ်ဆင်ထားသော ရှုရာဂိုဏ်မှ ကျွမ်းကျင်သူက အလွန်စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်ရယ်မောလိုက်သည်။


ထို့နောက် သူ၏ ရယ်သံက ရုတ်တရက် တိခနဲ ရပ်တန့်သွားလေသည်။ သူက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရာ သူ့ဆီသို့ ဦးတည်လာသော စူးရှတောက်ပသည့် ဓါးအလင်းတစ်ခုကို မြင်လိုက်ရသည်။ ကောင်းကင်မှ နေ၍ သူ့ဆီသို့ ကျလာသော ဓါးအလင်းက အလွန်ပင် လျှင်မြန်လှပေသည်။


“ရှုရာဂိုဏ်းက မကောင်းဆိုးဝါး… ဒီနေရာကနေ ထွက်သွားပြီး ငရဲမှာသွားသေလိုက်တော့… ”


ပျံသန်းလာသော ဓါးအလင်းက ပတ်ပတ်လည်သို့ ပြန့်နှံ့သွားပြီး ဓါးမိုးများအဖြစ် ပြောင်းလည်းသွားလေသည်။ ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသော မရေမတွက်နိုင်သည့် ဓါးများက အနက်ရောင်၀တ်စုံနှင့် လူထံသို့ ဦးတည်လာလေသည်။ ထိုဓါးများက သူတို့၏ လမ်းကြောင်းတွင်ရှိနေသော အရာအားလုံးကို ပိုင်းဖြတ်သွားလေသည်။


ကြယ်များကဲ့သို့ လင်းလက်တောက်ပနေသော မျက်လုံးများထက်တွင် ဓါသဏ္ဍန် မျက်ခုံးများနှင့် ခန့်ငြားလှသောထန်းယင်က လေထဲတွင် မတ်တပ်ရပ်နေလေသည်။ ဓါးကို ကိုင်ဆွဲထားသော ထန်းယင်က လေထဲမှ လမ်းလျောက်လာပြီး အနက်ရောင်၀တ်စုံ ၀တ်ဆင်ထားသော လူကြီးထံသို့ ဦးတည်လာလေသည်။


သူ၏ လေထဲတွင် ပျံသန်းနိုင်သည့် စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် သူတော်စင်အဆင့်သို့ ရောက်ရှိပြီးဖြစ်ကြောင်း ထင်ရှားနေလေသည်။ သူ၏ စွမ်းအင်ကျင့်ကြံရာတွင် တိုးတက်လှသည့် အမြန်နှုန်းက အလွန်မြန်ဆန်လှပေသည်။


စစ်ပွဲအတွင်းသို့ ထန်းယင် ၀င်ရောက်လာသည်နှင့် အနောက်ပိုင်းဆန်းကျယ် စစ်တပ်မှ တပ်သားများက စိတ်ဓာတ်တက်ကြွလာလေသည်။ သူတို့က သူတို့၏ ရန်သူများကို စတင်၍ ပြင်းပြင်းထန်ထန် ဖိအားပေး တိုက်ခိုက်ကြသည်။ ကစားပွဲတစ်ခုကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ ရန်သူများကို အသေအကြေစတင် သတ်ဖြတ်ကြလေတော့သည်။


မိုလင်းက သူ၏ ရှေ့မှ တင်းမာသော မျက်နှာထားနှင့် လေထဲတွင် မြောလွင့်နေသော ထန်းယင်ကို ကြည့်လိုက်မိသည်။ ယခင်အချိန်များက သူတော်စင်အဆင့် တစ်ယောက်ကိုပင် မြင်တွေ့ရန် ခက်ခဲလှသော်လည်း စစ်ပွဲ၏ အမြင့်ဆုံး အချိန်တွင် စဉ်ဆက်မပြတ် ပေါ်ထွက်လာကြလေသည်။


“သေလိုက်စမ်း… ဒါ… သူက အာကာသအာနန်ဂိုဏ်းက နောက်ထပ်တစ်ယောက်လား… ဒါမှမဟုတ်… တောင်ပိုင်းဒေသရဲ့ အဖွဲ့ခွဲတွေထဲက တစ်ယောက်ယောက်လား… ဘယ်သူပဲဖြစ်ဖြစ် မင်းတို့ အားလုံးက ရှုရာဂိုဏ်း ပြန်လည်ထွန်းပေါက်လာမှာကို ဘယ်လိုဖြစ်လို့ ဟန့်တားလိုနေကြတာလဲ… ”


“မင်းတို့ အားလုံးက ဒါကို အိမ်မက်မက်နေကြတာလား… ဒီလိုဆိုမှတော့ မင်းတို့ အားလုံး သေလိုက်ကြတော့…” အနက်ရောက်၀တ်စုံနှင့် လူက အော်ဟစ်ကြိမ်းမောင်းလိုက်ပြီး သွေးနီရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထန်းယင်ဆီသို့့ ဦးတည်တိုက်ခိုက်လိုက်သည်။ လေထဲတွင် မျောလွင့်နေသော ထန်းယင်ကို ကုတ်ဆွဲလိုက်သည့် သူ၏ လက်သည်းချက်ကလည်း. သွေးနီရောင်လင်းလက်နေလေသည်။


ထန်းယင်က အနည်းငယ်မျှပင် ကြောက်ရွံ့ဟန်မရှိပဲ သူ့လက်ထဲမှ ဓါးကို ပင့်မြှောက်လိုက်သည်။ ထို့နောက် အနက်ရောင်၀တ်လူ၏ တိုက်ခိုက်မှုကို ပြန်လည်း ခုခံလိုက်လေသည်။


အနီရောင်စည်းများ ပက်ဖြန်းထားသကဲ့သို့ တောင်တန်းတစ်ခုလုံးကို သွေးများနှင့် ရဲရဲနီနေစေလေသည်။ ထိုစစ်ပွဲက အလွန်၀မ်းနည်းကြေကွဲဖွယ်ကောင်းလှပြီး တောင်ကြားမှ မြင်ကွင်းကို မြင်လိုက်ရသော မည်သူမဆို တုန်လှုပ်သွားပေလိမ့်မည်။


ပုဖန်က ထန်းယင်ကို စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်မိသည်။ သူ၏ ဓါးကို ဆွဲကိုင်ပြီး အနက်ရောင် ၀တ်စုံနှင့် လူကို လေထဲတွင် တိုက်ခိုက်နေသည့် ထန်းယင်ကို မြင်လိုက်ရချိန်တွင် သူအနည်းငယ်တုန်လှုပ်သွားလေသည်။ သူ၏ သူငယ်ချင်းဟောင်းတစ်ယောက်ကို ယခုကဲ့သို့ နေရာမျိုးတွင် ပြန်လည်တွေ့ဆုံရမည်ဟု မမျှော်လင့်ထားခဲ့ချေ။ 


သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှုကို ကြည့်၍ ထန်းယင်က အနက်ရောင်၀တ်စုံနှင့်လူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သူမြင်နိုင်လေသည်။ ပြောရမည်ဆိုလျင် ထန်းယင်၏ အဆင့်ချိုးဖြတ်တက်ရောက်မှုက ခိုင်မာခြင်း မရှိသေးချေ။


ညအချိန်မှ စခဲ့သော တိုက်ပွဲက အာရုံတက်ချိန်ထိတိုင်အောင် တိုက်ခိုက်နေကြဆဲပင် ဖြစ်သည်။ အနက်ရောင်၀တ်ဆုံနှင့် လူကြီးနှင့် တိုက်ခိုက်နေသော ထန်းယင်၏ အခြေအနေက ပိုမိုဆိုးဝါးလာလေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး အနောက်သို့ ပျံသန်းဆုတ်ခွာလိုက်သည်။ 


ကျူးရို့က ရန်သူများကို ကျဆုံးအောင် မတိုက်ခိုက်နိုင်တော့သော သူ့စစ်သည်တော်များ၏ အခြေအနေကို ကြည့်၍ ဆုတ်ရန် ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်လေသည်။ 


အနောက်ပိုင်းဆန်းကျယ်တပ်မတော်က တောင်ကြားထဲမှ ပြန်လည်ဆုတ်ခွာရန်သာ ရွေးချယ်လိုက်သည်။ စစ်သည်တော်များနှင့်အတူ ချက်ပြုတ်ရေး တပ်ဖွဲ့များကလည်း လိုက်ပါဆုတ်ခွာလာကြသည်။ သူတို့အားလုံးက စစ်တပ်ရိက္ခဖြစ်သော ပါ၀င်ပစ္စည်းများကို လုံခြုံအောင် သိမ်းဆည်း၍ ဆုတ်ခွာလာကြသည်။


ကောင်းကင်ထက်တွင် ရှိနေသော အနက်ရောင်၀တ်စုံနှင့် လူ၏ မျက်၀န်းထဲတွင် အလင်းရောင်တစ်ချက် လက်သွားပြီး စူးရှကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။


“သူတို့နောက်ကိုလိုက်… ပီးတော့ အားလုံးကို သတ်ပစ်လိုက်…”


“ပြေးချင်တာလား..ဟမ့်… ငါက ပါးစပ်ထဲရောက်ခါနီး အသားတုံးကို ပြုတ်ကျခံမယ်လို့ ထင်နေတာလား… ဒီင်္ အနောက်ပိုင်းဆန်းကျယ်တပ်ဖွဲ့ကို ဖြေရှင်းပြီးပြီဆိုရင် အရှင်သခင် ငါ့ကိုပေးထားတဲ့ တာ၀န်ကို တစ်၀က်လောက် ပြီးမြှောက်သွားပြီ… ဒီနှုန်းထားအတိုင်းသာဆိုရင် မိုလောမြို့ကို သိမ်းပိုက်ပြီးတာနဲ့ ငါ့ရဲ့ ဝိဥာဉ်အနှစ်သာရ စုဆောင်းမှုကလည်း ပြီးမြောက်သွားလိမ့်မယ်… ဒါက ရှုရာဂိုဏ်း ပြန်လည်စတင်ချိန်မှာ ခြေလှမ်းကြီးတစ်ခုပဲ ဖြစ်လိမ့်မယ်…”


ထိုအနက်ရောင် ၀တ်ဆင်ထားသော သူက အနောက်ပိုင်းဆန်းကျယ်တပ်ကို ပြန်လည်ဆုတ်ခွာခွင့် မပေးနိုင်ပေ။ အာကာသအာနန်ဂိုဏ်းမှ ကျွမ်းကျင်သူက သူ့ကို တစ်ချိန်လုံး တိုက်ခိုက်နေခဲ့သော်လည်း သူ့တွင် ကြောက်ရွံ့့မှု ရှိမနေပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူ့ထံတွင် သူ့ကို အနိုင်ယူနိုင်သည့် နည်းလမ်းမရှိကြောင်း သိနေလေသည်။


မိုလင်း၏ မျက်၀န်းများက စိတ်လှုပ်ရှားမှုကြောင့် လင်းလက်တောက်ပနေလေသည်။ သူက လက်ထဲမှ လက်နှက်ကို ဝှေ့ရမ်းလိုက်ပြီး ဆုတ်ခွာသွားသော စစ်တပ်နောက်သို့ လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထိုသို့ ကောင်းမွန်လှသော အခွင့်အရေးကို သူက ချွတ်ချော်တ်ိမ်းစောင်းသွားစေလိုခြင်း မရှိချေ။


ထန်းယင်က အလွန်အမင်း ဒေါသထွက်သွားလေသည်။ 


“ဒီရှုရာဂိုဏ်းက မကောင်းဆိုးဝါးက အခုထိတောင် မကျေနပ်နိုင်သေးဘူးလား…”


အနောက်ပိုင်းဆန်းကျယ် တပ်မတော်က ရန်သူများနှင့် နောက်တစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားနေလေသည်။ ထိုတောင်ကြားထဲတွင်ပင် ပြင်းထန်သော တိုက်ပွဲတစ်ခု ပြန်လည်စတင်လာလေသည်။ 


အနောက်ပိုင်းဆန်းကျယ်တပ်ဖွဲ့၏ တတိယတပ်ဖွဲ့ ထိုတောင်ကြားထဲမှ ပြန်လည်ဆုတ်ခွာနိုင်ရန်အတွက် ထန်းယင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ရလေသည်။


အနောက်ပိုင်းဆန်းကျယ်တပ်မတော်၏ တတိယတပ်ဖွဲ့က နောက်ထပ်နေရာတစ်ခုတွင် စခန်းချနေကြသည်။ သူတို့ ပြန်လည်ဆုတ်ခွာမည့် လမ်းကြောင်းတွင် တပ်ရိက္ခာများ တစ်၀က်ခန့် ဆုံးရှုံးခဲ့ရသောကြောင့် သူတို့က အလွန်စိတ်မကောင်း ဖြစ်နေကြလေသည်။ ယခုလက်ရှိအချိန်တွင် ရိက္ခများ အတော်အတန် လျော့နည်းသွားသောကြောင့် ပုဖန်ကို သွားရှာရသော ဝေတဖု၏ မျက်နှာက မှောင်မိုက်နေလေသည်။


သူတို့တွင် စိတ်ဝိဥာဉ်စွမ်းအင်ပါသည့် ပါ၀င်ပစ္စည်း အနည်းငယ်မျှသာ ကျန်ရှိနေသောကြောင့် သာမာန်ပါ၀င်ပစ္စည်းများကို အသုံးပြုရန်သာ တတ်နိုင်တော့သည်။ 


ဝေတဖု၏ မျက်နှာက ရှက်ရွံ့မှုကြောင့် တောင်လောင်နေသည်ဟုပင် ထင်ရလေသည်။ သို့သော်လည်း ပုဖန်က သူ့ကို ခက်ခဲအောင် မပြုလုပ်ပေ။ ပုဖန်က သူ့တွင် ရှိနေသော သာမာန်ပါ၀င်ပစ္စည်းများနှင့် ချက်ပြုတ်ရန်ကို ချက်ချင်းပင် သဘောတူလိုက်သည်။ 


လုံချိုင်က ပုဖန်ဘေးတွင် ကူညီပေးရန် ရှိနေလေသည်။ ဝေတဖု ထွက်ခွာသွားပြီးနောက် သူတို့နှစ်ယောက်က သာမာန်ပါ၀င်ပစ္စည်းများကို စတင်ချက်ပြုတ်ရန် ပြင်ဆင်လိုက်ကြသည်။ လူပေါင်းမြောက်များစွာကို ကြွေးမွေးရန်အတွက် များပြားလှသော အစားအစာများကို ချက်ပြုတ်ရန် လိုအပ်ပေသည်။ ယခုအချိန်က ပုဖန်အတွက် ပထမဆုံးအနေနှင့် များပြားစွာ ချက်ပြုတ်ခြင်း ဖြစ်သည်။