အပိုင်း ၂၉၃
Viewers 53k

အခန်း ၂၉၃ “အိုးကြီးလေးလုံး ချက်ပြုတ်နေသော လူငယ်…”


ကောင်းကင်ယံထက်သို့ မီးခိုးငွေ့များလွင့်တက်လာချိန်တွင် ဆောက်လုပ်နေသော တဲများ၏ အရိပ်များပင် တစ်ခုနှင့် တစ်ခု ထပ်နေကြပြီဖြစ်သည်။ ပျက်စီးယိုယွင်းမှုများကြားတွင်ပင် သူတို့က စခန်းချ၍ ပြီးဆီးသွားပြီဖြစ်သည်။ ထိုနေရာသို့ နေရောင်ခြည် ဖြာကျလာချိန်တွင် ပျက်စီးနေသည့် မြင်ကွင်းနှင့် တူညီနေပေလိမ့်မည်။


တဲတစ်ခုအတွင်း၌ ထိုင်နေသော ထန်းယင်၏ မျက်နှာက ဖြူဖျော့နေပြီး သူ့ခန္ဒာကိုယ်၀န်းကျင်တွင် စွမ်းအင်လှိုင်းများ လှည့်ပတ်နေကာ ရရှိထားသော ဒဏ်ရာများကို ကုသနေလေသည်။ သူ၏ ကျင့်ကြံမှုအဆင့်က သူတော်စင်အဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း သူက ရှုရ ဂိုဏ်းမှ ကျွမ်းကျင်သူ၏ ပြိုင်ဘက်မဟုတ်သေးချေ။ အချိန်အတော်ကြာပြီးနောက် သူ့ခန္ဒာကိုယ်ပတ်၀န်းကျင်တွင် လှည့်ပတ်နေသော စွမ်းအင်များက ခန္ဒာကိုယ်အတွင်းသို့ ပြန်လည်၀င်ရောက်သွားလေသည်။


ထန်းယင်၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာပြီး သူ၏ မျက်နှာက ပို၍ ဖြူဖျော့လာလေသည်။


“ရှုရဂိုဏ်းက မကောင်းဆိုးဝါးရဲ့ စွမ်းအင်က ဒီလောက်အားကောင်းမယ်လို့ ငါလုံး၀ မမျှော်လင့်ထားခဲ့မိဘူး.. ”


ထန်းယင်၏ မျက်နှာက စက္ကူတစ်ချပ်ကဲ့သို့ ဖြူဖျော့နေပြီး သူ့မျက်၀န်းထဲတွင်လည်း စိုးရိမ်ပူပန်နေသည်ကို မြင်ရလေသည်။အကယ်၍ သူက ရှုရဂို။ဏ်းမှ မကောင်းဆိုးဝါးကို မတားဆီးနိုင်ပါက မိုလောမြို့နှင့် အနောက်ပိုင်းဆန်းကျယ်မြို့တို့က ရှုရဂိုဏ်း၏ လက်အောက်သို့ အနှေးနှင့်အမြန် ကျရောက်သွားနိုင်လေသည်။ ထိုသို့ ဖြစ်ပွားလာပါက သွေးချောင်းစီးမှုများ ဖြစ်ပေါ်လာပြီး အလွန်စိတ်မချမ်းမြေ့စရာ ဖြစ်လာပေလိမ့်မည်။


ရှုရဂိုဏ်းနှင့် ပတ်သတ်၍ သူ၏ နားလည်မှုများက အကန့်အသတ်သာ ရှိသော်လည်း နီယန်က သူ့ကို အနည်းငယ်မျှ ပြောပြထားသောကြောင့် သူ့့တွင် ဗဟုသုတအချို့ ရှိနေလေသည်။ ဥပမာအားဖြင့် ရှုရဂိုဏ်းက လွန်ခဲ့သော နှစ်တစ်ထောင်ကျော်မှစ၍ အခြားဒေသကြီးတစ်ခုမှ တောင်ပိုင်းဒေသသို ရောက်ရှိလာခဲ့ကြောင်း သိထားလေသည်။


ထိုသို့ ရောက်ရှိလာခြင်းက ကုန်းမြေတိုက်ကြီးအတွက် ဘေးအန္တရာယ်ဖြစ်ကြောင်းလည်း သူသိလေသည်။ ရှရဂိုဏ်းမှ စွမ်းအင်ကျင့်ကြံသူများက သူတို့၏ စွမ်းအင်အဆင့်ကို မြှင့်တင်လိုလျှင် စိတ်ဝိဥာဉ်အနှစ်သာရများ များစွာ လိုအပ်ပေသည်။ ထိုစိတ်ဝိဥာဉ်အနှစ်သာရများ ရရှိနိုင်မည့် နည်းလမ်းမှာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းပင် ဖြစ်သည်။


အတိတ်ကာလအချိန်၌ ရှုရဂိုဏ်း၏ အရှင်သခင်ထံတွင် ကြောက်စရာကောင်းလောက်သော ခွန်အား ရှိပြီး ထိုသူက တောင်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့လေသည်။ ဝူလျန်တောင်တန်းမှ အာကာသအာနန်ဂိုဏ်း. တောင်စဉ်တစ်ထောင် တောင်တန်းမှ ကြည်လင်သန့်စင် ဘုရားကျောင်း မြေရိုင်းလွင်ပြင်ဒေသမှ တတိယဘုရားကျောင် ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေမှ တိမ်ဖြူစံအိမ်နှင့် အခြားဂိုဏ်းပေါင်းများစွာ စုပေါင်း၍တောင်ပိုင်းဒေသသို့ ထိုးဖောက်၀င်ရောက်လာသော မကောင်းဆိုးဝါး ရှုရဂိုဏ်းကိုဖျက်စီးချေမှုန်း နှိမ်နင်းခဲ့သည်။


ထိုသို့ အင်အားကြီးမားလှသော ဂိုဏ်းကြီးတစ်ခု ပြန်လည်ထွက်ပေါ်လာမည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။ သူတို့၏ ယခုအပြုအမူများက စစ်ပွဲများ ဖြစ်ပွားစေခဲ့သော သူတို့၏ ယခင်နည်းလမ်းများနှင့် တူညီနေလေသည်။ စစ်ပွဲများ ဖြစ်ပွားမှသာ သူတို့ စွမ်းအင်ကျင့်ကြံခြင်းအတွက် လိုအပ်သော စိတ်ဝိဥာဉ် အနှစ်သာရများကို ရရှိနိုင်ပေလိမ့်မည်။


ကျင့်ကြံခြင်း တိုးတက်မှုအတွက် လူအမြောက်အများကို သေစေခြင်းက အလွန်ပင် ရက်စက်လှပေသည်။


“လက်ရှိအချိန်မှာ ရှုရဂိုဏ်းက နိမ့်ကျနေသေးတယ်… ဒီတော့ သူတို့က အင်ပါယာတွေကြားမှာပဲ စစ်ပွဲတွေ ဖြစ်လာဖို့ လှုံ့ဆော်နိုင်လိမ့်မယ်… စစ်ပွဲတွေကသာ လူတွေကို အလွယ်တကူ သေစေနိုင်ပြီး ရှုရဂိုဏ်းရဲ့ အဖွဲ့၀င်တွေလိုအပ်တဲ့ စိတ်ဝိဥာဉ်အနှစ်သာရတွေကို စုဆောင်းနိုင်လိမ့်မယ်…”


“သူတို့ရဲ့ စွမ်းအားတွေ ပြန်ရတဲ့ အချိန်ထိ သူတို့က နှိမ့်နှိမ့်ချချ နေသင့်ပေမယ့်… အခုတော့ မြေရိုင်းလွင်ပြင်ဒေသရဲ့ အကြီးအကဲ တန်ခိုးရှင်အဆင့်ကို တောင် ရောက်တော့မယ့် လူတစ်ယောက်ကို တောင် သတ်ပစ်လိုက်တယ်… ဒီအတွက် သူတို့က တန်ရာတန်ကြေးကို ပြန်ပေးရလိမ့်မယ်…”


ရှုရဂိုဏ်းကို ပြန်တွေ့သည်နှင့် နောက်တစ်ကြိမ် အကြီးအကျယ် တိုက်ခိုက်ကြဦးမည်သာ ဖြစ်သည်။ ထိုအချိန်တွင် နှစ်ဖက်လုံးက အထိနာကြမည်ဖြစ်သည်။


“သူတို့ အသိစိတ်ရှိုပြီး တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် မသတ်ပစ်ဖို့ပဲ ငါမျှော်လင့်ပါတယ်… ” ထန်းယင်က သက်ပြင်းအသာ ချလိုက်ပြီး မျက်လုံးကို ပြန်မှိတ်လိုက်သည်။


နောက်ဆုံး၌ ထန်းယင်က စွမ်းအင်ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။


တဲအပြင်တွင် ရပ်နေသော ကျူးရို့က တဲအတွင်းသို့ ၀င်လာလေသည်။ သူ၏ မျက်နှာတွင်လည်း ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေလေသည်။ ခြုံ၍ ပြောရလျှင် ထန်းယင်က သူတော်စင်အဆင့်တစ်ယောက်လည်း ဖြစ်နေလေသည်။


“စီနီယာ.. အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…” ကျူးရို့က ပြောလိုက်သည်။


ထန်းယင်က သူ၏ ကျေးဇူးတင်မှုကို မလိုအပ်ကြောင်း ပြသရန် လက်ကို ဝှေ့ရမ်းလိုက်သည်။သူက အကြီးအကဲ၏ အမိန့်ကိုသာ နားထောင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ကျွမ်းကျင်သူ အမြောက်အများကို စေလွှတ်ခဲ့ပြီး သူတို့အားလုံးက အဓိက အုပ်စုများတွင် ဖြစ်သည်။ မိုလောမြို့ကို ကူညီရန်အတွက် ဤနေရာသို့ ရောက်လာခဲ့ပြီး နီယန်က အနောက်ပိုင်းဆန်းကျယ်မြို့ကို ကူညီရန် စေလွှတ်ခံခဲ့ရသည်။


အနောက်ပိုင်းဆန်းကျယ်မြို့က လေအလင်းအင်ပါယာ၏ ရှေးဟောင်းမြို့့ကြီး သုံးမြို့မှ တစ်မြို့ဖြစ်လေရာ ရှုရဂိုဏ်းမှ နတ်ဆိုးများက အလွယ်တကူ ထိပါးစော်ကားရဲမည်မဟုတ်ပေ။ ခြုံပြောရမည်ဆိုလျှင် အနောက်ပိုင်းဆန်းကျယ်မြို့တော်၏ ဂုဏ်သတင်းက အလွန်တရာ ကြီးမားလှပေသည်။


“တပ်မှုးကျူးရို့… အခု မိုလောမြို့က ဘယ်လို အခြေအနေရှိလဲ..” ထန်းယင်က မေးလိုက်သည်။


ထန်းယင်က မိုလောမြို့၏ အခြေအနေနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်နေလေသည်။ အကယ်၍ မိုလောမြို့ကိုသာ ထိန်းချုပ်ခံလိုက်ရပါက အနောက်ပိုင်းဆန်းကျယ်မြို့တော်က သီးခြားဖြစ်သွားတော့မည်ဖြစ်သည်။ ထိုနေရာက အလွန်အန္တရာယ်များသည့် အခြေအနေထဲ ကျရောက်နေလေသည်။


“ငါ မိုလောမြို့ကို လွှတ်ထားတဲ့ ကင်းထောက်တွေဆီက ဘာသတင်းမှ မရသေးဘူး… ဒါပေမယ့် မိုလောမြို့က မိုကျူးဓါးမြ ၁၃ ဖော်ရဲ့ ပိုင်နက်အနီးမှာ ရှိနေတာ.. သူတို့က သူခိုးဓါးမြတွေ ဆိုပေမယ့် တကယ်လို့မိုလောမြို့ကိုသာ ဘုရင်ခံယု သိမ်းပိုက်သွားနိုင်ရင် သူတို့ရဲ့ ပိုင်နက်ကလည်း ဆုံးရှုံးသွားလိမ့်မယ်… ဒီလိုသာဆိုရင် သူတို့ အတွက် လွယ်ကူတဲ့ နေ့ရက်တွေ ရှိတော့မှာ မဟုတ်ဘူး.. ဒါကြောင့် သူတို့သာ မိုလောမြို့ကို ကူညီမယ်ဆိုရင် မိုလောမြို့က တော်တော်ကြာကြာ တောင့်ခံနိုင်ဦးမယ်…” ကျူးရို့က လက်ရှိအခြေအနေကို ပြောပြလိုက်သည်။


သို့သော်လည်း သူက အကြမ်းဖျင်းသာ သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မိုကျူးဓါးမြ ၁၃ ဖော်က မိုလောမြို့ကို အမှန် တကယ် ကူညီခြင်း ရှိမရှိကို သူက သေချာစွာ သိမနေချေ။


“မိုကျူးဓါးမြ ၁၃ ဖော် ဟုတ်လား… ”


ထန်ယင်၏ မျက်နှာထက်တွင် ထူးဆန်းသည့် အမူအယာများ ဖြတ်ပြေးသွားသည်။ သူက ပိုင်ရှင်ပု၏ ဆိုင်တွင် ထို၁၃ ယောက်ကို တွေ့ဆုံဖူးလေသည်။ ထိုအချိန်က သူတို့ တစ်ဦးချင်းဆီ၏ အဆင့်များမှာ အင်ပါယာအဆင့်မျှသာ ရှိကြသေးသော်လည်း ပိုင်ရှင်ပုဆိုင်မှ ပြန်လာပြီးနောက် ထို၁၃ ဖော်ထဲမှ တော်တော်များများက အဆင့်ချိုးဖျက် တက်ရောက်နိုင်သွားကြောင်း ကြားသိခဲ့ရသည်။ အခုလက်ရှိမိုကျူးဓါးမြ ၁၃ ဖော်က လေအလင်းအင်ပါယာ၏ အင်အားကြီးမားသည့် အဖွဲ့များထဲမှ တစ်ခု ဖြစ်လေသည်။


“စီနီယာ… ငါက စစ်ကူဖြည့်ပေးဖို့အတွက် အနောက်ပိုင်းဆန်းကျယ်မြို့တော်ကို လူစေလွှတ်ပြီးပါပြီ… ငါတို့ အနောက်ပိုင်း ဆန်းကျယ်စစ်တပ်ရဲ့ ပထမတပ်ဖွဲ့သာ ရောက်လာမယ်ဆိုရင် ဒီရန်သူတွေ အကုန်လုံး ခေါင်းဖော်နိုင်မှာ မဟုတ်တော့ဘူး… ”


ထန်းယင်က သူ၏ စကားကို မဆိုင်းမတွ ခေါင်းငြိမ့်ပြလိုက်သော်လည်း ကျူးရို့၏ စကားများကို စိတ်၀င်စားခြင်းမရှိချေ။ ရုတ်တရက် ထန်းယင်၏ နှာခေါင်းထဲသို့ ချိုမြိန်လှသော မွှေးရနံ့တစ်ခု စီး၀င်လာသောကြောင့် သူ၏ အမူအယာက ပြောင်းလဲသွားလေသည်။ ထန်းယင်က နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်လိုက်ပြီး ပြောဆိုလိုက်သည်။


“ဒီအနံ့က တော်တော်လေး ကောင်းတာပဲ…”


မွှေးပျံ့လှသော ဟင်းပွဲ၏ ရနံ့က ရုတ်တရက် ရောက်ရှိလာသောကြောင့် ကျူးရို့လည်း အံ့အားသင့်သွားလေသည်။


ထန်းယင်က ရုတ်တရက် ထရပ်လိုက်ပြီး ထိုမွှေးရနံ့ကို ရှာဖွေရန်တဲအတွင်းမှ ထွက်ခွာလာခဲ့သည်။ ထန်းယင်က တဲရှေ့တွင် ရပ်၍ မွှေးရနံ့လာရာသို့ ဦးတည်လိုက်သည်။ လက်ရှိအချိန်တွင် ထန်းယင်၏ စိတ်က မွှေးရနံ့ထဲတွင် နစ်မြောနေလေသည်။


“တပ်မှုးကျူးရို့… ဒီ တတိယတပ်ဖွဲ့ရဲ့ ချက်ပြုတ်ရေး အဖွဲ့ထဲမှာ ဒီလို ကျွမ်းကျင်သူ ရှိမယ်လို့ ငါလုံး၀ မမျှော်လင့်ထားမိဘူး… ဒီလို ရနံ့မျိုးကို ငါက မြို့တော်မှာပဲ ရခဲ့ဖူးတယ်…”


ထန်းယင်က ပြုံး၍ ပြောလိုက်သည်။ ပိုင်ရှင်ပု၏ ဟင်းပွဲများတွင်သာ ချိုမြသော ရနံ့ရှိပြီး စစ်တပ်ထဲမှ ဟင်းပွဲများတွင် ပိုင်ရှင်ပု၏ ဟင်းပွဲကဲ့သို့ ချိုမြိန်သော ရနံ့ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ချေ။ မွှေးပျံ့လှသော အစားအစာ၏ ရနံ့ကြောင့် ထန်းယင်က ပို၍ ဆာလောင်လာလေသည်။


ကျူးရို့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် အစားအသောက်စားရန် ထန်းယင်ကို ဖိတ်ကြားလိုက်လေသည်။


…….


ဘေးတွင်ရပ်နေသော လုံချိုင်၏ မျက်နှာပေါ်တွင် အံ့သြမှုနှင့် ယစ်မူးနေမှုများ ပြည့်နှက်နေလေသည်။ သူ၏ ပတ်၀န်းကျင်တွင် လှည်ပတ်နေသော ချိုမြိန်သည့် ရနံ့များက သူ့ခန္ဒာကိုယ်ကို ဆုတ်ကိုင် ရစ်ပတ်နေသကဲ့သို့ ဖြစ်နေလေသည်။ ထိုမွှေးရနံ့မျိုကို ယခင်က မရခဲ့ဖူးချေ။ လက်တွေ့ကျကျ ပြောရလျင် ထိုရနံ့များက သူ့ခန္ဒာကိုယ်ထဲမှ အကြောအချဉ်များ အားလုံးကို ဖွင့်လိုက်သကဲ့သို့ပင် ဖြစ်သည်။


ခပ်လှမ်းလှမ်းတစ်နေရာတွင် ယောက်ချိုဇွန်းကို ကိုင်ထားသော ပုဖန်က အိုးကြီးလေးလုံး၏ အလယ်တွင် ရပ်နေလေသည်။ ထိုအိုးများ၏ အောက်ခြေတွင် မီးပြင်းပြင်း ထိုးထားလေသည်။ မည်သူမဆို ထိုမီးတောက်များကို ကြည့်လိုက်သည်နှင့် အပူချိန် အလွန်မြင့်မားကြောင်း သိနိုင်လေသည်။ ပုဖန်က လက်ထဲမှ ယောက်ချိုဇွန်းနှင့် အိုးထဲမှ ပါ၀င်ပစ္စည်းများကို မွှေလိုက်သည်။


ယောက်ချိုဇွန်းကို အစစ်အမှန် စွမ်းအင်များနှင့် ဖုံးအုပ်ထားပြီး ဇွန်း၏ ထိပ်တွင် သူ၏ စိတ်စွမ်းအင်များ ကပ်တွယ်နေလေသည်။ ပုဖန်က အိုးထဲမှ ပါ၀င်ပစ္စည်းများကို မွှေလိုက်ချိန်တိုင်းတွင် အိုးထဲမှ ပါ၀င်ပစ္စည်းများ၏ စွမ်းအင်ကို အတိအကျ ထိန်းချုပ်ထားလေသည်။ ထိုအိုးထဲတွင် ရှိနေသော အရာအားလုံးက သာမာန် ပါ၀င် ပစ္စည်းများသာ ဖြစ်သောကြောင့် အရာသာတိုးတက်ကောင်းမွန်နိုင်ရန် ပါ၀င်ပစ္စည်းများကို ကောင်းစွာ ထိန်းချုပ်နိုင်ရမည်ဖြစ်သည်။ သူ၏ အနားတွင် အိုးကြီးလေးအိုး ရှိနေပြီး ထိုအိုးများထဲတွင် ကွဲပြားခြားနားသော ပါ၀င်ပစ္စည်းများ ပါ၀င်နေလေသည်။


သူက ကွဲပြားခြားနားသော ပါ၀င်ပစ္စည်း အမျိုးမျိုးကို ရောစပ်ခဲ့သော်လည်း သူတို့၏ အရသာက တစ်ခုနှင့်တစ်ခု ထိခိုက်ခြင်း မရှိသည့် အပြင် ချိုမြသည့် ရနံ့က ပို၍ပင် ကြွယ်၀လာခဲ့သည်။ ထိုအချက်က ပုဖန်၏ ထူးခြားသော ချက်ပြုတ်သည့် နည်းလမ်းကြောင့် ဖြစ်သည်။ ပုဖန်က အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ ချက်ပြုတ်ခဲ့ပြီး ပါ၀င်ပစ္စည်းများထဲတွင် အစစ်အမှန် စွမ်းအင်များကို ထိန်းညှိခဲ့သည်။ အစစ်အမှန် စွမ်းအင်မပါ၀င်သော ပါ၀င်ပစ္စည်းများ၏ အနံ့နှင့် အရသာကို သူ၏ အစစ်အမှန် စွမ်းအင်များက ထိန်းညှိပေးထားလေသည်။


ပုဖန်၏ အစစ်အမှန် စွမ်းအင်များ ထိန်းချုပ်မှုအောက်တွင် ပါ၀င်ပစ္စည်းများ၏ အရသာက သီးခြားစီ ဖြစ်ပေါ်လာပြီး မွှေးပျံ့သည့် အနံ့များက ပေါက်ကွဲထွက်လာသည်။ လေထဲတွင် ပြန့်နှံ့နေသာ ကွဲပြားခြားနားသည့် မွှေးရနံ့များက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လေထဲတွင် ဝေ့၀ဲနေလေသည်။ ထိုအမွှေးနံ့ကို ဆယ်မိုင်အတွင်း လွှမ်းခြုံနိုင်သော ရနံ့ဟု တင်စားလျှင်ပင် မမှားနိုင်ပေ။


အိုးလေးလုံးမှ ထွက်ပေါ်နေသော ရနံ့များက လေထဲတွင် ပြန့်နှံ့သွားလေသည်။ လေ၏ သယ်ဆောင်မှုကြောင့် မွှေးရနံ့များက စခန်းတစ်ခုလုံးမှ လူအားလုံးထံသို့ တစ်ရစ်ဝဲ၀ဲ ရောက်ရှိသွားလေသည်။ မွှေးရနံ့များကို ထန်းယင်တစ်ယောက်သာ အနံ့ရခြင်း မဟုတ်ပဲ စခန်းထဲမှ လူအားလုံး အနံ့ရခြင်းဖြစ်သောကြောင့် အားလုံးက ကြောင်အနေကြလေသည်။


……


ဝေတဖုက သူ့လက်ထဲမှ ယောက်ချိုဇွန်းကို ခပ်တင်းတင်း ဆုတ်ကိုင်ထားပြီး အသက်မဲ့နေသကဲ့သို့ တောင့်တင်းနေလေသည်။ ထိုရနံ့က အံ့အားသင့်စရာကောင်းလှပြီး မယုံနိုင်စရာလည်း ကောင်းလှသည်။


“ခေါင်းဆောင်ဝေ… ဘာတွေ ချက်ပြုတ်နေတာလဲ… အနံ့က တော်တော်လေး ကောင်းတယ်…”


ထန်းယင်ကို ခေါ်ဆောင်လာသော ကျူးရို့၏ မျက်နှာပေါ်တွင် အပြုံးများနှင့် ပြည့်နေလေသည်။ သူက ဝေတဖု၏ လုပ်ဆောင်ချက်များကို တော်တော်လေး သဘောကျနေလေသည်။ ဝေတဖုက ယခုအချိန်တွင် သူ၏ အထူးနည်းလမ်းများကို ထုတ်သုံးလိုက်ခြင်း ဖြစ်နိုင်ပေသည်။ သူက စစ်သားများ၏ စိတ်ဝိဥာဉ်စွမ်းအင် ကုန်ဆုံးမှုကို သိပြီး အရသာရှိလှသော အစားအစာများကို အသုံးပြု၍ သူတို့၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်နေလိုခြင်း ဖြစ်ပေလိမ့်မည်။ သူ၏ အကြံဥာဏ်က အလွန်ကောင်းမွန်လှပေသည်။


“တပ်မှုးကျူးက ဘာလို့ ရောက်လာတာလဲ… ”


ဝေတဖုက သူ့ဆီသို့ ဦးတည်လာသော တပ်မှုးကျူးရို့ကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားသည်။ သူ၏ မျက်နှာထက်တွင် ကသိကအောင့် အမူအယာတစ်ခု ထွက်ပေးလာပြီး လက်ထဲမှ ယောက်ချိုဇွန်းကို ချ၍ တပ်မှုးကျူးရို့ထံသို့ လျောက်သွားလိုက်သည်။


“ဒါက မွှေးရနံ့ထွက်ပေါ်လာတဲ့ နေရာမဟုတ်ဘူး… ”


ထန်ယင်က ဝေတဖုကို တစ်ချက်ကြည့်လိုက်ပြီး လျှစ်လျူရှုလိုက်သည်။ ထို့နောက် သူက ပတ်၀န်းကျင်ကို အနံ့ခံကြည့်လိုက်ပြီး မွှေးရနံ့များ ထွက်ပေါ်လာရာသို့ အနံ့ခံပြီး လျောက်သွားလိုက်သည်။


ကျူးရို့၏ မျက်လုံးထဲတွင် ကသိကအောင့်ဖြစ်သည့် အလင်းတစ်ချက် လက်သွားလေသည်။ သူက ထန်းယင်နောက်မှ လိုက်သွားပြီးနောက် တွေးလိုက်မိသည်။


“ဒါက ဝေတဖု မဟုတ်ဘူးလား… တပ်ရဲ့ ချက်ပြုတ်ရေး တပ်ဖွဲ့ထဲမှာ သူ့ထက် အချက်အပြုတ်ကောင်းတဲ့သူ ရှိနေသေးတာလား…”


ထိုအချိန်တွင် ဝေတဖု၏ မျက်နှာပေါ်၌ မကျေနပ်ချက်များ ပေါ်လာလေသည်။


“ဒါက ဟိုကလေးစုတ်ပဲ ဖြစ်ရမယ်.. ”


ထန်းယင်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရှေ့မှ လျောက်နေပြီး ကျူးရို့့နှင့် ဝေတဖုတို့က နောက်မှ လိုက်ပါလာကာ အံ့အားသင့်ဖွယ် မွှေးရနံ့များ ထွက်လာရာနေရာကို လိုက်ရှာနေကြသည်။ တဲအချို့ကို ဖြတ်ကျော်ပြီးနောက် သူတို့၏ မျက်၀န်းများ တောက်ပသွားလေသည်။ သူတို့က တံတစ်ခုလုံးကို ဖုံးလွှမ်းနေသည့် အံ့အားသင့်ဖွယ် မွှေးရနံ့များ ထွက်ပေါ်လာရာ နေရာကို တွေ့ပြီဟု ထင်ရလေသည်။


သူတို့၏ မျက်၀န်းများက မီးတောက်များထက်တွင် ပွက်ပွက်ဆူနေသော အိုးကြီးလေးအိုး၏ ဆွဲဆောင်မှုကို ခံလိုက်ရသလို သူတို့၏ နှာခေါင်းများကလည်း အိုးများမှ ထွက်ပေါ်နေသော ကြွယ်၀သည့် မွှေးရနံ့များကို ရှူရှိုက်လိုက်မိသည်။ နောက်ဆုံးတွင် မွှေးရနံ့များ ထွက်ပေါ်လာရာ အရင်းအမြစ်ကို ရှာတွေ့ခဲ့ပြီဖြစ်သည်။


“သူက တစ်ကြိမ်တည်းမှာ အိုးလေးလုံးကို ချက်ပြုတ်နေတယ်… ခေါင်းဆောင်ဝေ… ဒီလိုထူးချွန်တဲ့ ချက်ပြုတ်သူမျိုးက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ…” ကျူးရို့က စိတ်လှုပ်ရှားစွာနှင့် ချီးကျူးလိုက်သည်။


ထိုသူက အိုးလေးလုံးကိုတစ်ပြိုင်နက်ချက်ပြုတ်နေပြီး တစ်အိုးချင်းစီမှ ထွက်ပေါ်နေသော မွှေးရနံ့များကလည်း သိပ်သည်းကြွယ်၀လှရာ သူ၏ စွမ်းဆောင်ရည်က မယုံနိုင်စရာကောင်းလှပေသည်။


“စီနီယာ ဘာလို့ ငါတို့ နည်းနည်းလောက် မမြည်းကြည့်ရမှာလဲ… အနံ့နဲ့တင်ပဲ သားရေယိုစရာ ကောင်းနေပြီ.. ” ကျူးရို့က ထန်းယင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။


သို့သော်လည်း သူက ထန်းယင်၏ ထူးဆန်းနေသော မျက်နှာအမူအယာကို ချက်ချင်း သတိပြုမိလိုက်သည်။ ထန်းယင်၏ အကြည့်များက အိုးကြီးလေးအိုးမှ မည်သည့်အိုးပေါ်မျှ ကျရောက်မနေပေ။ ထို့အပြင် သူက အိုးထဲမှ ဟင်းပွဲရနံ့၏ ဆွဲဆောင်မှုကို ခံရသည်ဟုလည်း မထင်ရချေ။ ထိုအစား သူ၏ အကြည့်များက အိုးလေးလုံး၏ အလယ်တွင် ယောက်ချိုဇွန်းကိုင်၍ လှည့်ပတ်နေသော လူငယ်လေးအပေါ်တွင်သာ ကျရောက်နေလေသည်။