အခန်း ၂၉၄ “ပိုင်ရှင်ပု… တိုက်ဆိုင်လိုက်တာ…”
မိုလောမြို့၏ မြင့်မားလှသော မြို့ရိုးထက်တွင် ဂုဏ်ယူဝံ့ကြွားစွာနှင့် ရပ်နေသော ပုံရိပ်အချို့ ရှိနေလေသည်။ ပညာရှင်ပုံစံအဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ဟူရီဖန်က သူ၏ဆံပင်ကို စည်းနှောင်ထားသည်။ ကျန်သည့် မိုကျူးညီအကိုများက သူ၏ဘေးတွင် ရပ်နေကြလေသည်။
“ငါတို့ မိုကျူး ဓါးမြ ၁၃ ဖော်က ဒီလိုမျိုး တစ်ခါမှ ဆိုးဆိုးဝါးဝါး မရှုံးနိမ့်ဖူးဘူး… တကယ်လို့ ငါတို့သာ သူရဲဘောကြောင်ပြီး ထွက်ပြေးမယ်ဆိုရင် သေဆုံးသွားတဲ့ ညီအကိုတွေကို အရှက်ရစေလိမ့်မယ်… ” ဟူရီဖန်၏ မျက်၀န်းများက သွေးနီရောင်ဖြစ်နေပြီး သူ့့ခန္ဒာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။
သူ၏ အမူအယာနှင့် ၀တ်စားထားပုံက ကွဲပြားခြားနားနေလေသည်။ မိုကျူးဓါးမြ ၁၃ ဖော်တွင် ခုနစ်ယောက်သာ ကျန်ရှိတော့ပြီး ကျန်သည့် ညီအကိုများက စစ်ပွဲအတွင်းတွင် ဘုရင်ခံယု၏ စစ်သည်တော်များ လက်ထဲတွင် ကျဆုံးသွားပြီဖြစ်သည်။
“ဘုရင်ခံယုရဲ့ တပ်ထဲက အနက်ရောင် ၀တ်စုံ ၀တ်ထားတဲ့ ထိပ်သီးကျွမ်းကျင်သူ … ငါ့အသက်ကို အလဲအထပ် လုပ်ရမယ်ဆိုရင်တောင် သူ့ကို ငါနဲ့အတူ မြေအောက်ကမ္ဘာကို သေချာပေါက် ဆွဲခေါ်သွားမယ်…”
သူ၏ဘေးမှ ကျန်သည့် ညီအကိုများကလည်း အလွန်အမင်း ၀မ်းနည်းနေကြလေသည်။ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရသော ခုနစ်ယောက်မြောက်သခင်က မိုလောမြို့ဆီသို့ ချီတက်လာသော စစ်တပ်ကြီးကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်၀န်းထဲတွင် ရူးသွပ်မှုများ ထင်ဟပ်နေလေသည်။
……
ပုဖန်က ချက်ပြုတ်နေသော အိုးကြီးလေးလုံးကိုသာ အာရုံစိုက်ထားသောကြောင့် ထန်းယင်ကို ဂရုမပြုမိချေ။ သူက ယောက်ချိုဇွန်းကို ဆွဲကိုင်၍ တည်ငြိမ်စွာပင် အိုးထဲမှ ပါ၀င်ပစ္စည်းများကို သမမျှတအောင် မွှေနေလေသည်။ ထိုအိုးများထဲမှ ချိုမြိန်လှသော မွှေးရနံ့များကို အဆက်မပြတ် ထုတ်လွှတ်နေလေသည်။
“ပိုင်ရှင်ပု… စီနီယာပု..”
ထန်းယင်၏ အကြည့်များက တွေဝေနေပြီး အနည်းငယ် ဇဝေဇ၀ါ ဖြစ်နေလေသည်။ သူကသူ့ကိုယ်သူပင် စိတ်ဂယောင်ခြောက်ချား ဖြစ်နေသည်ဟု ထင်မိလေသည်။
“ပိုင်ရှင်ပုက ဘယ်လိုဖြစ်ပြီး အနောက်မြောက်ပိုင်းဒေသမှာ ပေါ်လာရတာလဲ…”
ပိုင်ရှင်ပု၏ အေးဆေးတည်ငြိမ်သော သွင်ပြင်နှင့် သူရင်းနှီးကျွမ်း၀င်နေသော ချက်ပြုတ်သည့် ပုံစံကြောင့်သာ ထိုသူက ပိုင်ရှင်ပု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ပိုင်ရှင်ပု၏ လှုပ်ရှားမှုများက ထင်သာမြင်သာ ရှိလွန်းလှသည်။
တပ်မှုးကျူးရို့က ထန်းယင်၏ အကြည့်များ ထူးဆန်းနေသည်ကို ခံစားမိလိုက်သည်။ သူက ထန်းယင်၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ အိုးကြီးလေးအိုးကို စီမံချက်ပြုတ်နေသော လူငယ်လေးကို တွေ့လိုက်ရသည်။
“ဒါက သာမာန် လူငယ်လေး တစ်ယောက်ပဲ မဟုတ်ဘူးလား…”
“ဆရာ… တပ်မှုး… သူ့ကို ပုဖန်လို့ ခေါ်ပါတယ်… သူက ချက်ပြုတ်ရေး တပ်ဖွဲကို အခုမှ ၀င်လာတဲ့ လူသစ်လေးပါ….”
ဝေတဖုက အနည်းငယ် ဦးညွှတ်၍ ပြောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“သူက နည်းနည်းလေး မောက်မာထောင်လွှားပြီးတော့ အရမ်းလည်း ခေါင်းမာတယ်… ဒါကြောင့် သူ့ရဲ့ စိတ်ကို ပြင်ဆင်နိုင်ဖို့အတွက် သာမာန် ပါ၀င်ပစ္စည်းတွေနဲ့ပဲ ချက်ပြုတ်ခိုင်ထားတာပါ…”
“သူက လူသစ်လား… အင်း လူသစ်တွေက မောက်မာထောင်လွှားတယ်ဆိုတာ ပုံမှန်ပါပဲ…. ဒါပေမယ့် သူ့ရဲ့ အရည်အချင်းနဲ့ဆို့ရင်တော့ မောက်မာ ထောင်လွှားသင့်ပါတယ်… သူ့ရဲ့ ကျွမ်းကျင်မှုက အငြင်းပွားစရာ ဘာမှ မရှိဘူး…”
ကျူးရို့က ခေါင်းငြိမ့်လိုက်ပြီး လေထဲမှ မွှေးရနံ့များကို ရှူရှိုက်လိုက်သည်။ သူ၏ မျက်နှာတွင်လည်း လိုလားသည့် အမူအယာမျိုး ပေါ်လာလေသည်။
ဝေတဖု၏ စကားကို ကြားလိုက်သောအခါ ထန်းယင်၏ အမူအယာက ပို၍ ထူးဆန်းသွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
“သူက မောက်မာထောင်လွှားတယ်… ခေါင်းမာတယ်.. သူ့ရဲ့ စိတ်ကို ပြုပြင်မယ်… ဟုတ်လား… ”
“ဒီကိစ္စက တကယ်တော့… ”
ဝေတဖုက ထန်းယင်၏ အကြည့်ကြောင့် ထိတ်လန့်သွားပြီး တုန်တုန်လှုပ်လှုပ် ဖြစ်သွားလေသည်။
ထန်းယင်က ရှေ့သို့ ပြန်လှည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက အပေါ်သို့ တွန့်တက်သွားကာ အပြုံးတစ်ချက် ဖြစ်ပေါ်လာလေသည်။ ထို့နောက် သူ၏ အ၀တ်အစားများကို ပြုပြင်လိုက်ပြီး ပုဖန်ရှိရာသို့ လျောက်သွားလိုက်သည်။
ကျူးရို့နှင့် ဝေတဖုက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ဝေတဖု၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်များ ပေါ်ထွက်လာလေသည်။
“ဒီ… ဒီကလေးက စီနီယာနဲ့ ရင်းနှီးနေတာလား.. သူတို့က ရင်းနှီးကျွမ်း၀င်တဲ့ စီနီယာနဲ့ ဂျူနီယာလား… ”
ဝေတဖု၏ စိတ်ထဲတွင် တုန်လှုပ်နေပြီး ခါးသီးသည့် အမူအယာများ ပေါ်ပေါက်လာလေသည်။
ဆူပွက်နေသော အိုးလေးလုံးထဲမှ ပါ၀င်ပစ္စည်းများက လှုပ်ရှားနေကြပြီး မွှေးရနံ့များ အဆက်မပြတ် ထုတ်လွှတ်နေလေသည်။
ပုဖန်က သူ၏ လက်ထဲမှ ယောက်ချိုဇွန်းကို အိုးထဲမှ ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲမှ ယောက်ချိုဇွန်းကို လွှဲရမ်းလိုက်ပြီးနောက် အိုးအဖုံးများကို ပိတ်လိုက်လေသည်။ ထို့နောက် မွှေးရနံ့များ မထွက်နိုင်ရန် စည်းချလိုက်လေသည်။ ပုဖန်က စည်းခတ်ပြီးသွားပြီးနောက် သူ့ဆီသို့ ရောက်လာသော လူသုံးယောက်ကို ခေါင်းမော့ကြည့်လိုက်သည်။ ကျူးရို့နှင့် ဝေတဖုတို့ကို ချက်ချင်းပင် သတိပြုမိသွားပြီး ရှေ့မှ လျောက်လာသူက သူနှင့် ရင်းနှီးကျွမ်း၀င်နေသော မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သည်။
“စီနီယာ… ဘယ်လောက်တောင်… တိုက်ဆိုင်လိုက်သလဲ…”
ထန်းယင်က ပုဖန်ရှေ့သို့ ရောက်သည်နှင့် လက်နှစ်ဖက်ကို သေချာစွာ ယှက်လိုက်ပြီး တလေးတစား နှုတ်ဆက်လိုက်သည်။ သူက ပုဖန်ကို အမြဲလိုလို လေးစားနေလေ့ ရှိသည်။ ပုဖန်၏ စွမ်းရည်များက ထူးခြားဆန်းကျယ်လှပြီး မည်သူကမျှ နားလည်နိုင်မည်မဟုတ်ချေ။
“စီ… စီနီယာ… ”
ထန်းယင်၏ ပုဖန်ကို နှုတ်ဆက်လိုက်သည့် စကားသံကြောင့်ဝေတဖု၏ ခြေထောက်များပင် ပျော့ခွေသွားလေသည်။ သူက မြေပေါ်သို့ လဲကျသွားပြီး တွေးလိုက်မိသည်။
“ဘာလဲဟ…. သူတော်စင်အဆင့် တစ်ယောက်က ဒီလူငယ်လေးကို စီနီယာလို့ ခေါ်တယ်… သူက စကားကောင်းကောင်း မပြောတတ်ဘူးလား… ”
ကျူးရို့့ကလည်း အံ့အားသင့်သွားပြီး ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။
“ထန်းယင်က ဒီလူငယ်လေးကို တခြားတစ်ယောက်နဲ့ လူမှားတာဖြစ်နိုင်လား… ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ စွမ်းအင်အဆင့်က သန်မာ ပုံလဲမရပါဘူး….”
“တကယ့်ကိုပဲ တိုက်ဆိုင်တာပဲ… မင်းက ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ… ဒါက စစ်စခန်းလေ ..” ပုဖန်က ထန်းယင်ကို ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ပုဖန်၏ စကားကို ကြားသောအခါ ထန်းယင်၏ နှုတ်ခမ်းများ တွန့်ကွေးတက်သွားလေသည်။
“ဒီမေးခွန်းက ငါမေးရမှာ မဟုတ်ဘူးလား… စားဖိုမှုးတစ်ယောက်အနေနဲ့ ဘာလို့ ကိုယ့်ရဲ့ ဆိုင်လေးမှာပဲ အေးအေးချမ်းချမ်း နေပြီး ချက်ပြုတ်တာကို အာရုံမစိုက်ပဲ ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ..”
“ငါက အကြောင်းပြချက်တစ်ခုကြောင့် စစ်တပ်ထဲကို လာခဲ့ရတာ… ပိုင်ရှင်ပုကရော ဘာလို့ စစ်တပ်ထဲကို ရောက်နေတာလဲ… အနောက်ပိုင်းဆန်းကျယ် တပ်က ထူးဆန်းလို့လို့တော့ မပြောနဲ့နော်… ဒီနေရာက အင်ပါယာ မြို့တော်နဲ့ အဝေးကြီး မှာရောက်နေတာ…” ထန်းယင်က ဆက်ပြောလိုက်သည်။
“ငါက တပ်ရဲ့ အတွေ့အကြုံတွေ ယူချင်လို့ပါ.. ပြောရမယ်ဆိုရင် ချက်ပြုတ်တဲ့ နေရာမှာ အတွေ့အကြုံတွေ ပိုရလာပြီး ချက်ပြုတ်တဲ့နေရာမှာ ပိုပြီး တည်ငြိမ်လာအောင်ပဲ…” ပုဖန်က လှီးလွှဲပြောဆိုလိုက်သည်။
သူ၏ အကြောင်းပြချက်က ကျိုးကြောင်းဆီလျော်ခြင်း မရှိပေ။ သူက စနစ်၏ မစ်ရှင်များကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီး ဆုယူရန်အတွက်သာ ရောက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ထန်းယင်က ထိုအကြောင်းအရာများကို မသိပေ။ ပုဖန်၏ စကားကို ကြားလိုက်ပြီးနောက် ပုဖန်အပေါ် သူ၏ လေးစားမှုများက တိုးပွားလာခဲ့သည်။ ထိုလေးစားမှုများက သူ့နှလုံးသား အောက်ခြေမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပုဖန်၏ ချက်ပြုတ်ရေး စွမ်းရည်များက ထိပ်ဆုံးတွင် ရပ်တည်နေသည်မှာ အ့့သြဖွယ်ရာ မဟုတ်တော့ချေ။ သူက သူ၏ စွမ်းရည်များကို အမြဲတစေ စိန်ခေါ်နေပြီး ချက်ပြုတ်ရေး စွမ်းရည်များ တိုးတက်လာစေရန် အမြဲလိုလို လေ့ကျင့်နေလေသည်။
စစ်ချီတက်နေသော စစ်တပ်တစ်တပ်ထဲတွင် ချက်ပြုတ်သူတစ်ယောက်အဖြစ် လုပ်ကိုင်ရန်မှာအလွန်ပင် ခက်ခဲပင်ပန်းလှသည်။ သို့သော်လည်း ပုဖန်က သူချက်ပြုတ်လေ့ကျင့်ရန် ခက်ခဲပင်ပန်းမှုများကို ဂရုမစိုက်ပဲ အနောက်ပိုင်းဆန်းကျယ် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ထိုသို့ စိတ်ဓါတ်ခိုင်မာပြီး စွမ်းရည်ရှိသူများကို နောက်မျိုးဆက်သစ်များ အတုယူသင့်ပေသည်။
မည်သည့်အလုပ်တွင်မဆို မြင့်မားလှသော အောင်မြင်မှု ရရှိနိုင်ရန် ကြီးမားလှသော ကြိုးစားအားထုတ်မှုတစ်ခု မဖြစ်မနေ လိုအပ်ပေသည်။
ပုဖန်နှင့် ထန်းယင်တို့ စကားစမြည်ပြောနေချိန်တွင် ကျူးရို့နှင့် ဝေတဖုတို့၏ အမူအယာက အနည်းငယ် ထူးဆန်းလာလေသည်။ ကျူးရို့က ယခုအခြေအနေကို အနည်းငယ် သံသယရှိနေပြီး သူ၏ အမူအယာက အဆင်ပြေနေဆဲပင် ဖြစ်သည်။
သို့သော်လည်း ဝေတဖု၏ မျက်နှာက သေမတက် ဖြူဖျော့နေလေသည်။ သူ၏ မျက်နှာထက်တွင် သွေးရောင်အနည်းငယ်မျှပင် မရှိတော့ချေ။
“ဘယ်လိုဖြစ်လို့ ဒီချက်ပြုတ်တဲ့သူက သူတော်စင်အဆင့်နဲ့ ဒီလောက်တောင် ရင်းနှီးကျွမ်း၀င်နေရတာလဲ… ဒီလောက်တောင် ရင်းနှီးနေတာကို သူက ဘာလို့ အနောက်ပိုင်းဆန်းကျယ် စစ်တပ်ထဲကို ၀င်ရောက်လာတာလဲ… သူက ငါတို့ကို ဟာသလုပ်နေတာလား…” ဝေတဖုကတွေးတောနေမိသည်။
“ပိုင်ရှင်ပု.. ဘာတွေ ချက်ပြုတ်နေတာလဲ.. အနံ့က တော်တော်လေးကို မွှေးတာပဲ….”
ထန်းယင်က စကားစမြည် ပြောဆိုပြီးနောက် သူ၏ အကြည့်များက အိုးကြီးလေးလုံးပေါ်သို့ ကျရောက်သွားသည်။ သူ၏ မျက်၀န်းထဲတွင်လည်း စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး… ငါက သာမာန်ပါ၀င်ပစ္စည်းတွေကိုပဲ သုံးပြီး ချက်ပြုတ်နေတာ.. ဒါက စစ်သည်တော်တွေ အတွက် ပြင်ဆင်နေတာလေ…” ပုဖန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
ဟင်းပွဲ၏ အကြောင်းကို ပြောဆိုပြီးသည်နှင့် ပုဖန်က အိုးအဖုံးကို ဖွင့်လိုက်သည်။ မွှေးပျံ့သော ရနံ့များက ပေါက်ကွဲထွက်လာလေသည်။
“သာမာန်ပါ၀င်ပစ္စည်း…”
ဝေတဖုက တစ်စက္ကန့်မျှ ကြောင်အသွားပြီးနောက် အိုးအတွင်းမှ ပါ၀င်ပစ္စည်းများကို ကြည့်ရန် အိုးဘေးသို့ တိုးကပ်သွားလိုက်သည်။
အိုးအတွင်းတွင်ပါ၀င်ပစ္စည်း အမျိုးမျိုးက တောက်ပနေသော်လည်း မည်သူမဆို တစ်ချက်ကြည့်လိုက်သည်နှင့် သာမာန် ပါ၀င်ပစ္စည်းများသာ ဖြစ်ကြောင်း ပြောနိုင်လေသည်။
စစ်တပ်ချက်ပြုတ်ရေး တပ်ဖွဲ့အတွင်းတွင် သာမာန်ပါ၀င်ပစ္စည်းများကို အသုံးပြုကြသော်လည်း ရံဖန်ရံခါသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမာန်ပါ၀င်ပစ္စည်းများက တပ်သာများ၏ အထွတ်အထိပ် အခြေအနေကို ထိမ်းသိမ်းထားနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် စားဖိုမှုးများက ချက်ပြုတ်ရာ၌ စိတ်ဝိဥာဉ် စွမ်းအင်ပါသည့် ပါ၀င်ပစ္စည်းများကိုသာ အများဆုံး အသုံးပြုကြသည်။
ထန်းယင်နောက်တွင် ရပ်နေသော ကျူးရို့က သာမာန်ပါ၀င်ပစ္စည်းများကို အသုံးပြုထားသည်ဟု ကြားလိုက်ရသောကြောင့် မျက်၀န်းများ ကျဉ်းမြောင်း၍ ဝေတဖုကို လှည့်ကြည့်လိုက်သည်။ ဝေတဖုကို ကြည့်လိုက်ချိန်တွင် ဝေတဖု၏ အမူအယာက ဆိုးဝါးနေသည်ကို တွေ့့လိုက်ရသည်။ ထိုအမူအယာကို ကြည့်ခြင်းအားဖြင့် ကျူးရို့က ဖြစ်ပျက်နေသည့် အခြေအနေကိုကောက်ချက်ချနိုင်သွားလေသည်။
“ဒါကို ရတနာလေးမျိုး ဟင်းရည်လို့ ခေါ်တယ်.. ငါပိုင်ဆိုင်ထားတဲ့ ပါ၀င်ပစ္စည်းတွေနဲ့ပဲ ဒါကို ပြုလုပ်ထားတာ… ဒီဟင်းရည်ကို အိုးလေးအိုးနဲ့ ချက်ရပြီး ပါ၀င်ပစ္စည်းတွေရဲ့ အနှစ်သာရတွေကို ထုတ်ယူနိုင်တာကြောင့် ငါက ရတနာလေးမျိုး ဟင်းရည်လို့ နံမည်ပေးထားတာ…”
ပုဖန်က ဟင်းရည်နံမည်ကို ရှင်းပြပြီးနောက် ပန်းကန်တစ်ခုကို ယူ၍ အိုးလေးအိုးထဲမှ ဟင်းရည်များကိုခပ်ထည့်လိုက်သည်။ သူက အိုးလေးအိုးထဲမှ ဟင်းရည်များကို ပန်ကန်းတစ်ခုထဲသို့ ရောထည့်လိုက်ခြင်း ဖြစ်သော်လည်း ဟင်းရည်များက ရောနှောသွားခြင်း မရှိပဲ ပန်းကန်ထဲတွင် နေရာလေးခုခွဲ၍ နေရာယူထားလေသည်။
“မြည်းကြည့်ပါဦး…” ပုဖန်က အငွေ့တစ်ထောင်းထောင်း ထနေသော ပန်းကန်လုံးကို ထန်းယင်ဆီသို့ ကမ်းပေးလိုက်သည်။
ထန်းယင်က ချိုမြသော ဟင်းရည်များ၏ ဆွဲဆောင်မှုကြောင့် သတိလက်လွတ်နှင့် ပန်းကန်လုံးကို လှမ်းယူလိုက်သည်။ ထို့နောက် သူက ဟင်းရည်တစ်ဇွန်းခပ်လိုက်ပြီး သောက်လိုက်လေသည်။ အရသာကို မြည်းကြည့့်ပြီးသည်နှင့် ပန်းကန်လုံးကို စိုက်ကြည့်နေသော ထန်းယင်၏ မျက်လုံးများက ဝိုင်းစက်သွားလေသည်။ ဟင်းရည်၏ အရသာက လျှာဖြားနှင့် ထိလိုက်သည်နှင့် ကွဲပြားခြားနားသော အရသာများက သူ၏ အသိဥာဏ်ကိုပင်ဖုံးလွှမ်းသွားလေသည်။
ထိုဟင်းရည်က မြောက်များလှစွာသော ပါ၀င်ပစ္စည်းများ ပေါင်းစပ်ထားသောကြောင့် သူ၏ ပါးစပ်ထဲတွင် အရသာအမျိုးမျိုး ဖြစ်ပေါ်နေလေသည်။
“ဒါ… ဒါက စိတ်ကူးကြည့်လို့တောင်မရဘူး… ဒီဟင်းရည်ကိုသာမာန်ပါ၀င်ပစ္စည်းတွေနဲ့ လုပ်တာ ဟုတ်ရဲ့လား….”
ထန်းယင်က ဟင်းရည်၏ အရသာကိုမြည်းစမ်းကြည့်ပြီးနောက် အာရုံစုစည်းနိုင်ရန် အချိန်အနည်းငယ်မျှ ယူလိုက်ရသည်။ သူ၏ စွမ်းအင်အဆင့်က မြင့်မားလာသောကြောင့် ပါ၀င်ပစ္စည်းထဲမှ စွမ်းအင်အကြောင်း ပို၍ နားလည်လာလေသည်။ စိတ်ဝိဥာဉ်စွမ်းအင်ပါသော ပါ၀င်ပစ္စည်းများက တန်ဖိုးမြင့်လေလေ စိတ်ဝိဥာဉ်စွမ်းအင်များ ပို၍ ကြွယ်ဝလေလေပင် ဖြစ်သည်။ စိတ်ဝိဥာဉ်စွမ်းအင် ပါ၀င်သောပါ၀င်ပစ္စည်းများကို ချက်ပြုတ်လိုက်လျှင် အရသာက ချိုမြိန်ပြီ ကြွယ်ဝပေလိမ့်မည်။
ပုဖန်က သာမာန်ပါ၀င်ပစ္စည်းများကိုသာ သုံး၍ ချက်ပြုတ်ထားသော်လည်း ဟင်းပွဲ၏ စွမ်းရည်က စိတ်ဝိဥာဉ်စွမ်းအင်ပါသော ဟင်းပွဲများနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။ အင်ပါယာမြို့တော်၏ နံမည်ပျက် စားသောက်ဆိုင်ပိုင်ရှင်က မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။
ပုဖန်၏ စိတ်ထဲတွင် စနစ်၏ တည်ငြိမ်လှသော အသံထွက်ပေါ်လာလေသည်။ မျှော်လင့်မထားစွာပင် ရတနာလေးမျိုး ဟင်းပွဲက စနစ်၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီး စစ်တပ်အတွင်း ပထမဆုံး အသိအမှတ် ပြုမှုကို ရရှိသော ဟင်းပွဲ ဖြစ်လာလေသည်။ လက်ရှိအချိန်တွင် သူက စနစ်လက်ခံနိုင်သော အဆင့်အတန်းရှိသည့် ဟင်းပွဲနှစ်မျိုးကို ချက်ပြုတ်ပြီးသည်နှင့် မစ်ရှင်ပြီးမြှောက်သွားပြီဖြစ်သည်။ မစ်ရှင်ပြီးမြောက်သွားသည်နှင့် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းတစ်ခုကို ရရှိတော့မည်ဖြစ်သည်။
ရုတ်တရက်…
ပုဖန်က ချက်ချင်းပင် စိတ်ကျေနပ် ပျော်ရွှင်လာလေသည်။
ကျူးရို့နှင့် ဝေတဖုတို့ကလည်း ဟင်းရည်ကို ခပ်ယူ၍ မြည်းကြည့်လိုက်ကြသည်။ သူတို့က အရသာကို မြည်းကြည့်လိုက်ပြီးနောက် အချိန်ခဏမျှ ကြာအောင် စကားတစ်ခွန်းမျှ မဆိုနိုင်ကြချေ။ ကျူးရို့က အံ့အားသင့်မှုကြောင့် စကားလုံးများပင် ပျောက်ဆုံးနေပြီး ဝေတဖုက ဆိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။
ဝေတဖုက သူအမှားကြီးကြီး ပြုလုပ်မိပြီဖြစ်ကြောင်း သိလိုက်လေသည်။ ပုဖန်၏ စွမ်းရည်က သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေလေသည်။ ထိုလူငယ်လေးက သူနောက်ကျောမှပင် မျှော်ကြည့်ရမည့် တည်ရှိမှုမျိုး ဖြစ်သည်။ သူ၏ ရှေ့တွင် ရှိနေသော ရတနာလေးမျိူး ဟင်းရည်က သူလုံး၀ချက်ပြုတ်နိုင်မည်မဟုတ်ချေ။
ပုဖန်က ရတနာလေးမျိူး ဟင်းရည်ကို သာမာန်ပါ၀င်ပစ္စည်းများနှင့်သာ ချက်ပြုတ်ထားသော်လည်း အနည်းငယ်မျှ သောက်ပြီးသည်နှင့် တိုးတက်မှု အချို့ကို သူခံစားလိုက်ရသည်။ ထိုခံစားချက်က စိတ်ဝိဥာဉ်စွမ်းအင်ပါသော ဟင်းပွဲများကို စားသုံးပြီးနောက် ခံစားရသည့် ခံစားမှုနှင့် အတူတူပင် ဖြစ်သည်။
“ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်… ဝေတဖု… အာ ဝေတဖု… ဒီလူငယ်မာစတာလေးမှာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်တွေ ရှိနေတာတောင်… မင်းက သူ့ရဲ့ အရည်အချင်းတွေကို မြုတ်နှံထားဖို့ ရွေးချယ်ခဲ့တယ်… မင်းက ဒီလိုမျိုး လူတွေကို မြုတ်နှံထားရတာ ကြိုက်တယ်ဆိုတော့…. ဒီလူငယ်လေးနေရာနဲ့ မင်းနေရာကို လဲပေးလိုက်မယ်… ဒီနေ့ကစပြီး သူက ချက်ပြုတ်ရေး တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်…” ကျူးရို့၏ အသံက အနည်းငယ်တင်းမာနေပြီး ရယ်မောလိုက်မိသည်။
ဝေတဖု၏ ခန္ဒာကိုယ်က တုန်ယင်နေပြီး သူ၏ မျက်နှာပေါ်တွင် ခါးသီးသည့် အမူအယာများ ထွက်ပေါ်နေလေသည်။
ထန်းယင်က စွပ်ပြုတ်ကို သောက်လိုက်ပြီးနောက် နွေးထွေးမှုအချို့ကို ခံစားလိုက်သောကြောင့် မျက်၀န်းများ ကျဉ်းမြောင်းသွားလေသည်။ စွပ်ပြုတ်ကို သောက်ပြီးနောက် သူ့ဒဏ်ရာများက တဖြည်းဖြည်းချင်း ပြန်လည်ကုစားနေသည်ကို မြင်လိုက်ရသည်။ သူ၏ အာရုံအားလုံးကို စွပ်ပြုတ်ထဲတွင်သာ အာရုံစိုက်ထားသောကြောင့် ကျူးရို့၏ ဝေတဖုကို အပြစ်ပေးနေသည်ကို ဂရုမပြုမိချေ။
“မလိုဘူး… ငါက တပ်ရဲ့ ချက်ပြုတ်ရေး တပ်ဖွဲ့ ခေါင်းဆောင်နေရာကို စိတ်မ၀င်စားဘူး… ငါလိုတာက ငါ့အတွက် စိတ်ဝိဥာဉ်စွမ်းအင်ပါတဲ့ ပါ၀င်ပစ္စည်းတွေ ပြင်ဆင်ပေးဖို့ပဲ… ”
ပုဖန်က ချက်ပြုတ်ရေးတပ်ဖွဲ့ခေါင်းဆောင်နေရာကို စိတ်မ၀င်စားသောကြောင့် ကျူးရို့၏စကားကို ဖြတ်ပြောလိုက်သည်။ သူက ဟင်းပွဲများကိုသာ ဆက်လက်ပြင်ဆင်လိုပေသည်။ သို့မှသာ စနစ်မှ လက်ခံနိုင်မည့် ဟင်းပွဲများကို လျှင်လျှင်မြန်မြန် ချက်ပြုတ်နိုင်မည်ဖြစ်သည်။
ပုဖန်၏ သဘောထားက မည်သို့ပင် ဖြစ်စေကာမူ ကျူးရို့က သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ခြင်း မရှိချေ။ ဝေတဖုက သာမာန်ပါ၀င်ပစ္စည်းများ ချက်ပြုတ်သည့် နေရာတွင် ကျန်ခဲ့လေသည်။ ချက်ပြုတ်ရေး တပ်ဖွဲ့ထဲမှ စားဖိုမှုးများက အိုးကြီးလေးအိုးကို မယူ၍ ထိုနေရာမှ ထွက်လာကြသည်။ သူတို့က စစ်သည်တော်များ၏ တဲများရှိရာသို့ အိုးကြီးများကို မယူသွားလိုက်ပြီး စစ်သည်တော်များကို ဝေငှပေးလိုက်ကြသည်။
……
နတ်ဆိုးသားရဲ၏ ကျောပေါ်တွင် ထိုင်နေသော မိုလင်းက ဇာတ်ကြိုးကို ဆွဲလိုက်သည်။ သူ၏ နောက်တွင်လည်း စစ်တပ်တစ်တပ် ရှိနေပြီး အနောက်ပိုင်းဆန်ကျယ်စစ်တပ် စခန်းချရာသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု တဖြည်းဖြည်းချင်း ပေါ်လာလေသည်။
အဆောင်ပြားတစ်ခုကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုက လေထဲတွင် လွင့်မြောနေလေသည်။ ထိုသူ၏ အဆောင်ပြားကလည်း တဖြည်းဖြည်းချင်း လည်ပတ်လာလေသည်။
“အနောက်ပိုင်းဆန်းကျယ် စစ်တပ်က အဲဒီနေရာမှာ ရှိနေတယ်.. သွားကြ… သွားပြီး သူတို့ကို အပြီးတိုင် ချေမှုန်းလိုက်ကြ… သူတို့ကို ကူညီပေးနေတဲ့ သူတော်စင်အဆင့် လက်ရှိအချိန်မှာ ဒဏ်ရာရနေတယ်.. သူ့ရဲ့ ဒဏ်ရာတွေက ပြင်းထန်လို့ လက်ရှိအချိန်က သူတို့ကို ချေမှုန်းဖို့အတွက် အချိန်ကောင်းတစ်ခုပဲ… သူတို့ကို တိုက်ခိုက်ပြီးသွားပြီဆိုတော့မှ ငါတို့ မိုလောမြို့ကို သိမ်းပိုက်ဖို့ အာရုံစိုက်ကြမယ်.. မိုလောမြို့ကို သိမ်းပိုက်ပြီးမှ အနောက်ပိုင်းဆန်းကျယ် မြို့တော်ကို တိုက်ခိုက်ကြမယ်…”
အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသော လူကြီး၏ အင်္ကျိလက်စက တိုက်ခိုက်နေသော လေများကြောင့် တဖျပ်ဖျပ် လွင့်ခါနေလေသည်။ သူက အနောက်ပိုင်းဆန်းကျယ်တပ်ကို တိုက်ခိုက်ရန်အတွက် မိုလင်းကို ညွှန်ကြားနေလေသည်။
မိုလင်း၏ မျက်၀န်းများက တောက်ပလာပြီး လက်ထဲမှ လှံရှည်ကို ဝှေ့ရန်းကာ အော်ဟစ်လိုက်သည်။ သူ့နောက်တွင် ပါလာသော တပ်သားများက အနောက်ပိုင်းဆန်းကျယ်တပ် စခန်းချရာသို့ လျှင်မြန်စွာ ပြေးလွှားသွားကြလေသည်။