Chapter 5
Viewers 9k

အပိုင်း(၅)


"အီရစ် မင်း ဒီနေ့ ဘာလို့ဒီလောက်အစောကြီး ပြန်လာတာလဲ"


"အခြေအနေဘယ်လိုရှိလဲဟေ့။ ကျားသစ်မျိုးနွယ်စုလူတွေ တောင်ပေါ်ကနေ ဘယ်အချိန်မှ ထွက်သွားမှာလဲ......."


"အီရစ်.... ဒီနေ့လည်း နောက်ထပ်လူနှစ်ယောက် ထိခိုက်ပြန်ပြီကွာ...."


အီရစ်က မျိုးနွယ်စုရဲ့သက်ရှည်အကြီးအကဲရဲ့မြေးဖြစ်ပြီး မျိုးနွယ်စုရဲ့အသက်ငယ်ဆုံးနှင့် အသန်မာဆုံးစစ်သည်တော်တစ်ဦးလည်းဖြစ်တယ်။ သူက ကြင်နာတတ်သူဖြစ်တော့ သူ့ကိုဆို လူတွေက အမြဲဆိုသလို လာရောက် အကူအညီတောင်းလေ့ရှိတယ်။


ကျားသစ်သားရဲလူတွေက သူ့တို့မျိုးနွယ်စုတွင် မွှေနှောက် ရှာဖွေနေတော့ အီရစ်ကပဲ တောင်တန်းပေါ်ကို ကူညီပြီး သွားကြည့်ပေးခဲ့ရသည်။ အခုတော့ အားလုံးက စိတ်ဝင်တစားသိချင်နေကြပြီဖြစ်တယ်။


သို့သော် မေးခွန်းတွေတစ်ခုပြီး တစ်ခုဆက်တိုက်ထုတ်နေတဲ့ မျိုးနွယ်စုဝင်တွေက အီရစ် နောက်ပါးမှ မိန်းမလှလေးဆီ အကြည့်ရောက်သွားလိုက်ကာ အဖြေမရဘဲ ချန်ထားခံလိုက်ရသည်။ ကြက်သေ သေသွားကြကာ သူတို့အားလုံးရဲ့အာရုံဝင်စားမှုက ကျီရှောင်အုံး ဆီအလှည့်ရောက်သွားခဲ့တယ်။


အီရစ်က သမင်မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်တယ်၊ သူတို့ရဲ့ ယေဘူယျ ကိုယ်ခန္တာအရွယ်အစားက ကြီးမားတာထက်ကို ပိုလေတယ်။ 'အဖို'နဲ့ 'အမ'တွေရော နှစ်မျိုးစလုံး အရပ်ရှည်ကြကာ သန်မာကြသည်။


သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ ကျီရှောင်အုံးကတော့ အီရစ်ရဲ့ ရင်ဘတ်ကိုပင် မမှီပေ။


သူမက အလွန်သေးသွယ် ပိန်လျပြီး ပါးလျတဲ့လည်ပင်းက ကြည့်ရတာ တို့ဆိတ်မိလိုက်ရုံနဲ့တင် နှစ်ပိုင်းကျိုးနိုင်နေတဲ့ ပုံပေါက်နေခဲ့တယ်။


သူတို့ကိုယ်ခန္တာပေါ်က ဖုံးထားတဲ့ သားမွှေးတွေနဲ့နှိုင်းယှဉ်ရင် သူမရဲ့ချောမွတ်တဲ့အသားရေနဲ့ အမွေးမရှိတဲ့ကိုယ်ခန္တာက အပြည့်အဝ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးနဲ့ပင် သွားတူနေခဲ့တယ်။


သူ့မျိုးနွယ်ဝင်တွေရဲ့ သံသယတွေကို မြင်လိုက်ရတဲ့ အီရစ်က အရင်ဦးအောင် ရှင်းပြလိုက်ခဲ့တယ်.. "သူ့နာမည်က ကျီရှောင်အုံးတဲ့၊ ငါ သူနဲ့ တောင်ပေါ်မှာ ဆုံခဲ့တာ။ သူက သူ့မျိုးနွယ်စုကနေ ကွဲလာလို့ ငါ သူ့ကို တစ်ညအိပ်ဖို့ ခေါ်လာလိုက်တာ။ 'အန္တရာယ်'တွေ မရှိတော့ရင် သူ တောင်ပေါ်ကနေ ထွက်သွားလိမ့်မယ်။"


'အန္တရာယ်' ဆိုတာကတော့ ကျားသစ်မျိုးနွယ်ဝင်တွေကို ရည်ညွှန်းလိုက်ခြင်းပင်။


သားရဲလူတွေက စကားမပြောကြဘဲ သူတို့ မျက်လုံးထဲတွင် စပ်စုချင်စိတ်တွေနဲ့ ကျီရှောင်အုံးအား ဆက်ပြီး ဝိုင်းကြည့်နေကြတယ်။


ဒီကောင်မလေးက သူတို့နဲ့မျိုးနွယ်တူတူ ဟုတ်ပုံမရဘူးဘဲ၊ သူမက ထူးထူးဆန်းဆန်းအင်္ကျီပုံစံကို ဝတ်ဆင်ထားတာပဲ။ သူမမှာ ပြဿနာတစ်ခုခုများ ရှိမနေနိုင်ဘူးလား။


ဘယ်သူကမှ ဒီလူတွေကို သူတို့အတွေးတွေအတွက် အပြစ်တင်လို့တော့မရပေ။ မကြာခဏဆိုသလို သူတို့မျိုးနွယ်ဝင်တွေများစွာ ထိခိုက်ဒဏ်ရာရကြပြီး လူတိုင်းလိုလိုက ဘေးသင့်နေခံခဲ့ရတာဖြစ်တယ်။


အီရစ်က လူတိုင်းရဲ့အတွေးတွေကို ရိပ်စားမိလိုက်၍ အလောတကြီး ပြောလိုက်တယ်။ "သူက ငါတို့လိုပဲ အပင်စားမျိုးနွယ်ဝင်ပဲ။ အနံခံကြည့်လိုက်ပါလား၊ သူ့မှာ ပင်စိမ်းနံ့ ထွက်နေတယ်"


သူ့မှတ်ချက်စကားကြောင့် သမင်သားရဲလူတွေက သူ့တို့ရဲ့အာရုံခံနိုင်တဲ့နှာခေါင်းတွေကို မော့လိုက်ကာ အနံ့ခံကြည့်လိုက်တော့ တကယ်ပင် မြက်ပင်နံ့ရနေသည်။


ခဏမကြာမီမှာပဲ သူတို့တွေရဲ့သတိကို လျော့ချလိုက်ပြီး ကျီရှောင်အုံးအား ရင်းရင်းနှီးနှီး အပြုံးတွေ ဖွင့်ထုတ်ပြုလိုက်တယ်။


"ဒီလိုဆိုမှတော့ ငါ့အိမ်ကို လိုက်နေရင် ပိုကောင်းမယ်။ ငါ့မိသားစုမှာ အခန်းအပိုရှိတယ်။"


"ငါတို့တွေ ဒီနှစ် သီးနှံမျိုးစိတ်အသစ်တွေရှိတယ်။ မင်း ဘယ်ဟာကို ကြိုက်လောက်မလဲ မသိဘူး။ ငါ နည်းနည်း ယူလာပေးမယ်လေ"


"မင်းရဲ့မျိုးနွယ်စုက ဘာလဲ။ မင်းကို ကြည့်ရတာ အငယ်လေးနဲ့တူတယ်၊ မင်းမိသားစုကတော့ စိုးရိမ်နေတော့မှာပဲ"


. . .


သမင်မျိုးနွယ်စုက တကယ်ပင် နွေးနွေးထွေးထွေးရှိကာ သဘောကောင်းကြသူတွေဖြစ်တယ်။


မတိုင်ခင်က သတိထားနေရတဲ့ ကျီရှောင်အုံးက သူတို့အတွက် ခြိမ်းခြောက်စရာ မဟုတ်တော့ဘူးဆိုတော့ သူတို့တွေ အလွန်ဖော်ရွေသွားကြတာပဲဖြစ်တယ်။


ကျီရှောင်အုံးက ခက်ခက်ခဲခဲပြုံးပြလိုက်ပြီး သူမလက်ချောင်းတွေက သူမလက်ကောက်ဝတ်က အမွှေးအိတ်ငယ်လေးအား တင်းတင်းဆုပ်ကိုင်လိုက်ကာ လျင်မြန်စွာ နောက်သို့ ဖွက်လိုက်တော့တယ်။


*******


နောက်ဆုံးမှာတော့ အီရစ်က မျိုးနွယ်ဝင်တွေရဲ့ ဖိတ်ခေါ်မှုတွေကို လိမ္မာပါးနပ်စွာဖြင့် ပယ်ချလိုက်ကာ ကျီရှောင်အုံးအား သူ့အဘိုးနေရာသို့ ဖိတ်ခေါ်လိုက်ခဲ့တယ်။


အီရစ်ရဲ့အဘိုးက 'ဘာရီ' လို့ခေါ်ပြီး မျိုးနွယ်စုရဲ့ အသက်အရှည်ဆုံးနဲ့ အလေးစားခံရဆုံး အကြီးအကဲတစ်ယောက်ပဲဖြစ်တယ်။


အီရစ်ရဲ့မိဘနှစ်ပါးစလုံးကတော့ သူတို့လက်ထဲမှာ သူ့ကို ပွေ့ကိုင်၍ စောစီးစွာ ဆုံးပါးသွားခဲ့ပြီဖြစ်သည်။


"အဘိုးရေ ကျွန်တော် သူငယ်ချင်းအသစ်တစ်ယောက် ပြန်ခေါ်လာခဲ့တယ်။" အီရစ်က ဝမ်းသာအားရ‌ေလသံနဲ့အတူ ခြံတံခါးအား တွန်းဖွင့်လိုက်တယ်။


ခါးကုန်းနေတဲ့ အဘိုးအိုတစ်ဦးက


ဥယာဉ်ထဲတွင် မှိုပွင့်တွေကို အခြောက်ခံနေခဲ့ပြီး အီရစ်ရဲ့စကားပြောသံကို ကြားလိုက်ရချိန် ဖြေးဖြေးချင်းလှည့်လိုက်ခဲ့တယ်..... တကယ်လို့ သူ့ခေါင်းပေါ်မှာ ဦးချိုတွေသာ ရှိမနေရင် ကျီရှောင်အုံးတစ်ယောက် သူ့ကို သာမန်အဘိုးအိုတစ်ယောက်လို့ တွေးမိလိုက်မှာပင်။


အဘိုးအိုက သူ့ကိုနှုတ်ဆက်တဲ့သူအား မြင်ဖို့ လှည့်တာမရောက်သေးပေ။ "အီရစ်.. ဒီမှိုတွေကို နေပူလှမ်းဖို့ ငါ့ကို လာကူဦး။ ငါတို့ လာမဲ့ ဆောင်းရာသီမတိုင်ခင် အစားစာတွေ သိုလှောင်ထားဖို့လို...." သူ့အကြည့်က ကျီရှောင်အုံးအပေါ်ကျသွားချိန်တွင်တော့ ရုတ်ခြည်းပင် ရပ်တန့်သွားခဲ့တယ်။


အီရစ်ကတော့ မိတ်ဆက်တဲ့နည်းလမ်းကို အလွန်အလေ့ကျင့်ရနေတယ်၊


"အဘိုး ဒါက ကျီရှောင်အုံး။ ကျွန်တော် သူနဲ့ တောင်ပေါ်မှာ ဆုံခဲ့တာ....."


ထို့ကြောင့် သူမက လေးစားစွာနဲ့ ခေါ်လိုက်တယ်... "အကြီးအကဲ"


ဘာရီရဲ့ရှည်မြောမြောမျက်နှာက ကျီရှောင်အုံးအား ကြည့်ရှုလိုက်ရင်းနဲ့ အပြုံးများ ပျောက်ဆုံးသွားခဲ့ကာ သူ့လက်က ခူးဆွတ်ပြီးစ မှိုပွင့်တစ်ပွင့်အား လွှတ်ချလိုက်မိတယ်။ အကြာကြီးတိတ်ဆိတ်နေပြီးနောက်မှ သူ ဖြေးညင်းစွာနဲ့ မြေကြီးပေါ်ကချလိုက်တဲ့ မှိုပွင့်အား ကောက်ယူလိုက်ခဲ့တယ်... "အိုး.... သူငယ်ချင်းအသစ်လား"


အီရစ်က ခေါင်းညိတ်လိုက်ကာ ဆက်ပြောလိုက်တယ်။ " သူက သူ့မျိုးနွယ်စုကို ပြန်မသွားတတ်တော့လို့ ကျွန်တော်တို့ သူပြန်မဲ့လမ်းကို ရှာဖို့ ကူပြီးစဉ်းစားပေးနိုင်မလားလို့"


'ဘာရီ'က သူတစ်ပါး ထိခိုက်အောင်လုပ်တတ်တဲ့ သူတစ်ယောက်မဟုတ်ပေ၊ တစ်ယောက်ယောက်က သူ့အား အကူအညီလာတောင်းလျှင်လည်း ငြင်းဆန်တာ အလွန်ရှားသည်။


အီရစ်ရဲ့သူတစ်ပါးအပေါ် အကူအညီပေးတတ်မှုနဲ့ ကိုယ်ကျင့်တရားက သူ့ဆီကနေ အမွေဆက်ခံခဲ့တာပဲဖြစ်တယ်။


သို့သော် ဒီတစ်ခါမှာတော့ သူက ကျီရှောင်အုံးကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး မမျှော်လင့်ဘဲ ငြင်းဆန်လိုက်ခဲ့တယ်။ "ငါတို့ သူ့ကို ကူညီလို့မရဘူး"


အီရစ်က လန့်ဖြန့်သွားလိုက်တယ်. သူ့အဘိုးက ဒီလို တဲ့တိုးကြီး ငြင်းလိုက်မယ်လို့ သူ မထင်ထားခဲ့ပေ။ "ဘာလို့လဲ။ မျိုးနွယ်စုတိုင်းက သူတို့နေရာနဲ့သူတို့ အချေချနေထိုင်မှု ရှိတာပဲ။ သူ့မျိုးနွယ်စုကို ကျွန်တော်တို့ သိနေသရွေ့......."


ဘာရီက တည်ငြိမ်စွာ ဖြတ်ပြောလိုက်တယ်.. "သူ့မျိုးနွယ်စုက ဒီနေရာက မဟုတ်ဘူး"


ကျီရှောင်အုံးရဲ့နှလုံးသားက ရုတ်ခြည်းပင် ခုန်မြည်လို့သွားခဲ့ကာ အီရစ်ရဲ့ အဘိုးအား မော့ကြည့်လိုက်ခဲ့တယ်။


ဒါပေမဲ့ သူ့ပြောရမဲ့ စကားပြောပြီးသွားတာနဲ့ ဘာရီက ဘာမှဆက်မပြောတော့ဘဲ နောက်ပြန်လှည့်ကာ သစ်သားတဲအိမ်ငယ်လေးထဲသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်တော့တယ်။


အီရစ်က သူ့ပါးကို ပွတ်သပ်လိုက်ပြီးတော့ ကျီရှောင်အုံးအား နှစ်သိမ့်လိုက်ခဲ့တယ်၊ " စိတ်မပူပါနဲ့။ တစ်လောက ကိစ္စတွေ အများကြီး ဒီလောက်ဖြစ်ခဲ့တာတောင် အဘိုးက မျိုးနွယ်စုကို ကာကွယ်နိုင်ခဲ့သေးတာ။ နင် စိတ်ချထားလို့ရတယ်၊ နင့်မျိုးနွယ်စု ရှာတာကို ကူညီဖို့ ငါ ကတိပေးပြီးမှတော့ ငါ ငါ့စကားကို ပြန်မရုတ်သိမ်းပါဘူး။"


ကျီရှောင်အုံး ဂရုမထားဘဲ သူ့ကို ပြုံးပြလိုက်တယ်၊ "ကျေးဇူးပါ အီရစ်.."


ညဘက်စားတဲ့ အစားအစာက ဆန်၊ ပြောင်း၊ ဂျုံပင်ပေါက်နဲ့ တငွေ့ငွေ့တည်းထားတဲ့ ဆန်ပြုတ်ရည်ဖြစ်တယ်။


ပြောင်းကြမ်းနှင့် မှိုဟင်းရည်လောက်က ကျီရှောင်အုံးလက်ခံနိုင်သေးပေမဲ့ အညှောင့်ပေါက်တွေကတော့ မျိုချဖို့ ခက်နေခဲ့တယ်။


ကံကောင်းတာက အီရစ်နဲ့သူ့အဘိုးက စိတ်ထဲမထားခဲ့ပေ။ အီရစ်က သူမက ဂျုံအညှောင့်ပေါက်ကို မကြိုက်တာလို့ပဲ ထင်လိုက်ပြီး သူက သူမအား နောက်ထပ် မှိုဟင်းရည်တစ်ခွက် ထပ်ထည့်ပေးလိုက်တယ်။


အစာစားပြီးနောက် အီရစ်က သူ့သူငယ်ချင်းဖြစ်သူ ကာတာရဲ့အိမ်မှာ ပျဉ်ပြားတွေ သွားချေးလိုက်ခဲ့တယ်။


ဥယာဉ်ခြံရဲ့အနောက်ဘက်အခြမ်းမှာ လေဝင်လေထွက်ရပြီး သန့်ရှင်းတဲ့ သစ်လုံးအိမ်ငယ်လေးတစ်လုံးရှိပေမဲ့ ကုတင်တစ်လုံးက လိုနေသေးတာဖြစ်တယ်။


အီရစ် ထွက်သွားလိုက်တာနဲ့ ကျီရှောင်အုံးက စားပွဲခုံကို ဦးအောင် သန့်ရှင်းလိုက်ပြီး ခြံဝင်းထဲတွင် ဖျာရက်နေတဲ့ အဘိုးအိုအား လှမ်းကြည့်လိုက်ခဲ့တယ်။


ချီတုံချီချ အကြာကြီး ဖြစ်ပြီးသွားတော့မှ သူမ ရှက်ရွံ့စွာနဲ့ အဘိုးအိုဆီ လျှောက်သွားလိုက်တာ တုံ့ဆိုင်းစွာ မေးမြန်းလိုက်တယ်။ "အကြီးအကဲ ဘာလို့ ကျွန်မ မျိုးနွယ်စုက ဒီနေရာမှ မဟုတ်ဘူးလို့ ပြောလိုက်တာလဲ။"


ဘာရီက ကျီရှောင်အုံး ကုတင်မှာ


ထားဖို့ ဖျာရက်နေတာကို ရပ်တန့်လိုက်ပြီး "မင်းရဲ့မျိုးနွယ်စုနေရာကို မင်းကမှ ငါ့ထက် ပိုပြီး နားလည်မယ်လို့ ငါ ထင်တယ်"


ကျီရှောင်အုံးက မူလကတော့ သူမရင်ထဲမှာ မျှော်လင့်ချက်လေးတစ်စွန်းတစ်စ ဆုပ်ကိုင်ထားခဲ့ပေမဲ့ သူ ဒီလိုပြောတာကို ကြားလိုက်ရတော့ သူ တစ်ခုခု သိနေလောက်မယ်ဆိုတာကို သူမ ပိုလို့တောင် ယုံကြည်သွားသည်။


သူ ထိုအရာကိုပြော သွားခဲ့တာပဲ။ ကျီရှောင်အုံးရဲ့မျိုးနွယ်စုက ဒီနေရာမှာ မဟုတ်ဘဲ ဒီလောကကြီးမှာပေါ်မှာတောင် ဟုတ်မနေဘူးဆိုတာကိုပေါ့။


~~~~~~~~~~~


"အဲဒါဆို ...... ကျွန်မ ဘယ်လိုပြန်သွားနိုင်မလဲဆိုတာ အဘိုး သိလား။" ကျီရှောင်အုံး မေးလိုက်ပေမဲ့လည်း သူမစိတ်ကို သူမကြိုပြင်ထားခဲ့တယ်။


"ငါ မသိဘူး" မျိုးနွယ်စုအကြီးအကဲက သူ့ခေါင်းကို မမော့ဘဲ ပြန်ဖြေလိုက်ခဲ့တယ်။


ကျီရှောင်အုံး ခေါင်းက ငိုင်ကျသွားတော့၏။ ထိုကဲ့သို့ ကြားလိုက်ရတာ အံဩဖို့မကောင်းပေမဲ့ သူမ အလွန်စိတ်ပျက်လို့သွားတုန်းပင်။


ခဏလောက်ကြာတော့ မျိုးနွယ်စုအကြီးအကဲမှ မေးလိုက်တယ်၊ "အီရစ်က မင်းရဲ့နောက်ခံအစစ်မှန်ကို သိထားလား"


"သူ မသိဘူး။ သူ့ကို ကျွန်မ မပြောခဲ့ဘူး။" ကျီရှောင်အုံး သူမခေါင်းကို ရမ်းလိုက်ကာ သူမ ကုတ်အင်္ကျီအနားစွန်းကို လုံးချေလိုက်တယ်။ "အီရစ်က ကျွန်မကိုပြောတယ်.... လွန်ခဲ့တဲ့နှစ်ပေါင်း၇၀၀ တည်းက လူသားတွေမျိုးသုဉ်းပျောက်ကွယ်သွားတယ်ဆိုတာ အမှန်ပဲလား။"


ဘာရီ က ငြိမ်သက်အေးချမ်းသောမျက်နှာထားနဲ့ ခေါင်းညိတ်လိုက်တယ်၊ "အမှန်ပဲ"


ကျီရှောင်အုံးတစ်ယောက် ကြားလိုက်ရတဲ့စကားကြောင့် သူမအား အသူတစ်ရာနက်တဲ့ချောက်ထဲသို့ ပြိုလဲကျသွားစေခဲ့တယ်။


မျိုးနွယ်စုအကြီးအကဲက ဘာကိုတွေးမိလိုက်လဲမသိ၊ ခပ်ဝေးဝေးသို့ လှမ်းမျှော်ကြည့်လိုက်ခဲ့တယ်။ နှစ်ဖက်ကွဲနေတဲ့ သမင်ဦးချိုက မြင့်တက်သွားခဲ့ကာ- " လူသားတွေက ကမ္ဘာဦးအစတည်းက ဉာဏ်ရည်အထက်မြက်ဆုံးနဲ့ အန္တရာယ်အရှိဆုံး မျိုးစိတ်တွေပဲ။ သူတို့က မဖြစ်နိုင်တဲ့အရာဝတ္ထုတွေကို တီထွင်ပြီးတော့ ဇီဝသက်ရှိတွေ အများကြီး ပြောင်းလဲကြတယ်။ ကံမကောင်းတာက ကမ္ဘာအဆုံးသတ်က ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို လက်ခံတဲ့နေရာမှာ ကျဆုံးပြီး ဒီလိုအခြေအနေထိ နိမ့်ကျသွားခဲ့တာပဲ။"


အဘိုးအိုရဲ့လေသံက ခပ်တန်းတန်းဖြစ်သွားခဲ့တယ်။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက ရာသီဉတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီးတော့ ကောင်းကင်နဲ့မြေကြီးက ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ ရာသီဥတုလေးခုကလည်း ပျက်စီးသွားပြီး နေ့နဲ့ညက အဆုံးမရှိဘဲ တစ်ဆက်တည်းဖြစ်သွားခဲ့ပြီးတော့ အရာအားလုံးက စတင်ပြီး နေသားကျအောင် ညှိယူတဲ့အချိန် လူသားတွေလည်း ပျောက်ကွယ်သွားကြတော့တာပဲ။"


ကျီရှောင်အုံး ဒီနေရာမှာ နေဝင်ချိန် နေထွက်ချိန် မတည်ရှိနိုင်တာကို တွေးမိလိုက်တော့ သူမရင်ထဲမှာ အကြောက်တရားနဲ့ တင်းကျပ်သွားတော့တယ်။


'နေ့နဲ့ညက ကျွမ်းထိုးမှောက်ခုံ ဖြစ်သွား၍ နေထွက်ချိန်ရော နေဝင်ချိန်ရော မရှိဖြစ်သွားပြီးတော့ အဲဒီနောက် ရာသီဥတုတွေလည်း ဖောက်လွဲဖောက်ပြန်ဖြစ်သွားခဲ့တာလား။'


ဘာရီက စပျစ်နွယ်ဖျာကို ကောင်းကောင်းရက်လုပ်လို့ပြီးသွားခဲ့တယ်၊ ကျီရှောင်အုံးကို ကြည့်လိုက်ကာ " မင်းက ဘယ်ကလာတာလဲ။ အသက်ရှင်ကျန်ရစ်တဲ့လူသားလား။"


ကျီရှောင်အုံးက သူမခေါင်းကို ခါရမ်းလိုက်ပြီး "မဟုတ်ဘူး" သူမ ဒီနေရာကို ဘယ်ကနေဘယ်လိုရောက်လာလဲဆိုတာ အဘိုးအိုကို ဘယ်လိုရှင်းပြရမှာလဲ။ "ဒီနေရာကို ဘယ်လိုရောက်လာလဲတော့ ကျွန်မ မသိဘူး။ ကျွန်မ ပြန်ဖို့ကြိုးစားလိုက်တိုင်း မလုပ်နိုင်ခဲ့ဘူး"


သူမ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့တာကိုတော့ သေချာမှတ်မိနေသေးတယ်။ စွမ်းပကားတစ်ခုက သူမအား အောက်သို့ ဆွဲချလိုက်ခဲ့တာပင်။


'တကယ်လို့သာ အဲဒီအားက သူမကို ဒီကမ္ဘာပေါ် တမင်သက်သက် ဆွဲခေါ်ခဲ့တယ်ဆိုရင်ရော။'


ဘာရီက ခပ်ဝေးဝေးကနေ အီရစ်ရဲ့ပုံရိပ်ကို မမြင်မချင်း သူ့ပါးစပ်အား စကားပြောဖို့ အချိန်တော်ကြာသည်အထိ မဖွင့်တော့ပေ။ ထို့နောက် သူဖြေးညင်းစွာ ပြောလိုက်တယ်၊ "ဒီနေရာက အာရှရဲ့ အနောက်အစွန်ဆုံးအပိုင်းပဲ။ တကယ်လို့ မင်း ဘယ်လိုပြန်ရမလဲ ရှာချင်တယ်ဆိုရင် အရှေ့ဖျားအကျဆုံး ပင်လယ်ကို သွားတာကောင်းလိမ့်မယ်။ အဲဒီနေရာမှာ 'ပက်' လို့ခေါ်တဲ့ ပင်လယ်လိပ်ကြီးတစ်ကောင်ရှိတယ်၊ သူက အဲဒီမှာနေတာ နှစ်ပေါင်းတော်တော်ကြာပြီ။ သူဆိုရင်တော့ မင်းကို ကူညီနိုင်လိမ့်မယ် "


သူ့ စကားဆုံးလိုက်တာနဲ့ အီရစ်က ခြံတံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာခဲ့တယ်၊ "အဘိုးတို့ ဘာတွေ စကားကောင်းနေကြတာလဲ။"


ဘာရီက သူ လတ်စသတ်နေတဲ့ဖျာကို ခါလိုက်ပြီး ကြင်နာတဲ့အသံနဲ့ ပြောလိုက်တယ်၊ "ဘာမှမဟုတ်ပါဘူး။ သွား ကုတင်သွားလုပ်လိုက်တော့။ မကြာခင် မှောင်လာတော့မယ်။"


အီရစ်က ကျီရှောင်အုံး အား သွားဖြီးကာ ပြုံးပြလိုက်ပြီး သူ့ပုခုံးပေါ်က ပျဉ်ပြားပုံကြီးအား လှည့်သယ်လိုက်၍ တစ်ဖက်တွင် ထုရိုက်ခဲ့လိုက်တယ်။


အီရစ်က တော်တော်လေးလုပ်နိုင်တယ်။ မှောင်မလာခင်မှာ ကုတင်အကြမ်းထည်တစ်လုံး လုပ်နိုင်ခဲ့တယ်။ ကြိမ်ဖျာက ကုတင်ပေါ်မှာ ခင်းကျင်းလိုက်ပြီး ဝါဂွမ်းတစ်ထပ် ထပ်ခင်းလိုက်ပြီးနောက် နောက်ထပ်အပေါ်ကနေ ဖျာတစ်ထပ် ထပ်ခင်းလိုက်ခဲ့တယ်။ ဖျာနှစ်ချပ်က အတူတကွချုပ်နှောင်လိုက်ကာ ရိုးရှင်းတဲ့မွေ့ရာခင်းတစ်ခု လုပ်လိုက်ခဲ့တယ်။


ကျီရှောင်အုံးတစ်ယောက် ဖြတ်သန်းလာပြီးတည်းက ပထမဆုံးအကြိမ်


ကုတင်နဲ့အိပ်ရတာပဲဖြစ်တယ်။ သူမ အိမ်လောက် သက်တောင့်သက်သာမဖြစ်ပေမဲ့ သူမ ကောင်းကောင်းကြီး အိပ်ပျော်လို့သွားခဲ့ပါတယ်။


တစ်နေ့ကုန်သွားပြီးနောက် ကျီရှောင်အုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ခဲ့တယ်။


မသေချာမရေရာပေမဲ့လည်း သူမ အရှေ့ဘက်ဆုံးပင်လယ်ကို တစ်ချက်သွားကြည့်ချင်နေတုန်းပင်။


သူမ ပြန်ဖို့လမ်း ရှာမတွေ့ရင်ရော။ သူမ မှာ သွားစရာနေရာရှိမှာ မဟုတ်တော့ချေ။


သူမ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ကျီရှောင်အုံး အီရစ်နဲ့မျိုးနွယ်စုအကြီးအကဲအား နှုတ်ဆက်ဖို့ ပြင်လိုက်ပေမဲ့ အီရစ်ကတော့ ခြံဝန်းထဲတွင် ရှာမတွေ့ပေ။


"သူ တောင်ပေါ်က ပြောင်းခင်းဆီကို သွားတယ်" ဘာရီက သူမကို ပြောလိုက်တယ်။


ကျီရှောင်အုံး သင့်တော်တဲ့ ဦးတည်ဘက်ကို မေးမြန်းစုံစမ်းလိုက်ပြီးတော့ သူမတစ်ယောက်တည်း သွားဖို့ အဆင်သင့်ဖြစ်နေခဲ့လေပြီ။


မျိုးနွယ်စုအကြီးအကဲက သူမကို လိုက်ပို့ပေးချင်ပေမဲ့ သူက အသက်ကြီးလွန်းတာကြောင့် သူ့ခြေလှမ်းတွေက ယိုင်နဲ့နေခဲ့တယ်။ ကျီရှောင်အုံးက ကျေးဇူးတင်စွာ ငြင်းဆန်လိုက်တယ်၊ "မဟုတ်ပါဘူး၊ အဘိုးက ဒီမှာပဲ ထိုင်နေလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဝေးမှမဝေးတာပဲ။"


သူ့ကိုယ်ခန္တာအကြောင်းကို သူသိတော့ သူလည်း အတင်းလိုက်ပို့မနေတော့ပေ။


ကျီရှောင်အုံးက သူမကျောပိုးအိတ်ကို ပုခုံးပေါ်လွယ်လိုက်ပြီးတော့ တောင်တန်းတွေဆီ တက်သွားလိုက်ခဲ့ပါတယ်။


အီရစ်တို့ရွာဘေးနားမှာ သိုးနဲ့ ယုန်မျိုးနွယ်စုလို အခြားမျိုးနွယ်စုတွေရှိနေတယ်ဆိုတာ သူမ သိလိုက်ခဲ့တယ်။


နားရွက်ရှည်သားရဲလူသားအုပ်စုရဲ့ ဝိုင်းကြည့်ခံရတာကြောင့် ကျီရှောင်အုံး အခြားပိုဝေးလံတဲ့လမ်းတစ်ခုရှာဖို့ သူမ တွေးတောလိုက်တယ်။ သူမက သူတို့ရှာတွေ့ခံရပြီးတော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာမှာကို သူမ


မလိုချင်လို့ပင်။


ဒီလမ်းက ကျီရှောင်အုံး မနေ့ကသွားခဲ့တာနဲ့ ခပ်ဆင်ဆင်တူနေခဲ့တယ်။ အမျိုးအမည်မသိတဲ့ ပိုးမွှားကောင်တွေ ဝဲပျံနေခဲ့ပေမဲ့ ကျီရှောင်အုံးက သူမလုပ်ထားတဲ့ အမွှေးအိတ်လေး ဝတ်ဆင်ထားတော့ သူတို့တွေ အနားမကပ်ရဲခဲ့ပေ။


ခပ်ဝေးဝေးတွင် သူမ ပြောင်းခင်းတွေကို မြင်လိုက်ရတယ်။


အီရစ်က သူ့မျိုးနွယ်စုကလူတွေနဲ့ မတ်တပ်ရပ်လျက် ပြောင်းပင်တွေကို ဖြတ်နေခဲ့တယ်။


ကျီရှောင်အုံး တစ်လှမ်းချင်း လျှောက်သွားလိုက်ခဲ့တယ်၊ သူမ ရုတ်တရက်ရပ်လိုက်ပြီး သစ်တောထဲသို့ လှမ်းကြည့်လိုက်ခဲ့တယ်။


စောစောတုန်းက ရေညှိလိုအစိမ်းရောင် ရောင်ခြည်တန်းတစ်ခုက လင်းလက်သွားခဲ့တယ်။ ကျီရှောင်အုံး သေချာစိုက်ကြည့်လိုက်ပေမဲ့ ထိုအရာက ပျောက်ကွယ်သွားခဲ့တယ်။


ထင်ယောင်ထင်မှားဖြစ်တာလား။


ဘာလို့များ လမ်းတစ်လျှောက်လုံး သူမနောက်ကနေ တစ်ခုခုလိုက်ပါလာသလို ခံစားနေရတာများလဲ။


ကျီရှောင်အုံး သူမ ခေါင်းကို ရမ်းလိုက်ပြီး၊ မြက်ခင်းတွေ လှုပ်သွားတာကို မြင်လိုက်တဲ့ ပြောင်းခင်းဆီကို သွားဖို့ ပြင်လိုက်တယ်။ မျက်နှာချင်းဆိုင်ကနေ လေညင်းတစ်ခု တိုးဝေးတိုက်ခတ်လာပြီးနောက် ပေါ့ပါးဖျတ်လတ်တဲ့ပုံရိပ်တစ်ခုက မြက်ခင်း‌ေတာထဲကနေ ပြေးထွက်လာခဲ့တယ်၊ ကျီရှောင်အုံး ရှောင်တိမ်းမှာကို ခွင့်မပြုဘဲ သူမအား မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်ပြီး လက်သည်းတွေက သူမ ပုခုံးအား တင်းတင်းဆုပ်ကိုင်ထားလိုက်ခဲ့တော့တယ်။


ကျီရှောင်အုံး ချက်ချင်း နာကျင်သွားလိုက်ကာ နံဖူးတွင် ရှုံ့တွသွားတော့တယ်။


သူမ မော့ကြည့်လိုက်တော့ သူမပေါ်မှာ နောက်ထပ်ထူးဆန်းတဲ့မျက်နှာရှိတဲ့ သားရဲလူသားတစ်ယောက်ရှိနေခဲ့တယ်။


အဲဒီသူရဲ့မျက်လုံးများ စိမ်းပြာရောင်ရှိကာ သူ့မေးစေ့မှ အမည်းရောင်အမွေးတွေ အစုလိုက် ဖျန့်ချလိုက်ရှိနေခဲ့တယ်။ သူ့တွင် အမည်းရောင်နှာခေါင်းရှိပြီး သူ့ပါးစပ်ကနေ ချွန်ထက်တဲ့သွားတွေကို ထုတ်ဖော်ကာ ပွင့်ဟနေခဲ့တယ်။


ကျီရှောင်အုံး အလွန်အံ့အားသင့်သွားကာ ပါးစပ် အဟောင်းသားဖြစ်သွားခဲ့တော့တယ်။ ကြောက်ဖို့ အချိန်မရခင်မှာ နောက်ထပ်ကျားသစ်မျိုးနွယ်ဝင် တစ်ယောက်က မြက်ခင်းထဲကနေ ထွက်ပေါ်လို့လာခဲ့တော့တယ်။


သားရဲလူသားက အားနည်းတဲ့ကောင်မလေးလက်တွေကို ကြည့်လိုက်ကာ မေးလိုက်တယ်၊ " ရိုးဒ် မင်း ဘာလို့ သူ့နောက်က လိုက်ရတာလဲ။"


'ရိုးဒ်' လို့ခေါ်တဲ့ ကျားသစ်သားရဲက 'ကျီရှောင်အုံး'အား ဖိချထားဆဲဖြစ်တယ်။ သူက ကိုယ်ကို ကိုင်းလိုက်ပြီး သူမတစ်ကိုယ်လုံးအား နှာခေါင်းရှုံ့ကာ အနံခံလိုက်ပြီး ခပ်ရှင်းရှင်း ပြောလိုက်တယ်၊ "ငါ့နှာခေါင်းက မှားစရာ အကြောင်းမရှိဘူး။ သူ့ဆီကနေ 'ရမ်' ရဲ့ အနံ့ရနေတယ်


ထိုအချိန်တွင်တော့ ကျီရှောင်အုံး ဘယ်လောက်တောင် ထိတ်လန့်နေရလဲ မပြောပါနဲ့တော့ ၊ သူမ သိတယ်၊ အသက်ရှင်သန်နိုင်ဖို့အတွက် သူမဖြစ်နိုင်သမျှ မြန်မြန်သူတို့နဲ့ သဟဇာတဖြစ်နေဖို့ လိုတယ်။


Chapter end