Chapter 8
Viewers 9k

 


အပိုင်း(၈)


သူမလက်မောင်းထဲသို့ အလေးချိန်တစ်ခုက ရုတ်တရက်ခုန်ဝင်လာခဲ့တော့ ကျီရှောင်အုံးတစ်ယောက် အမှတ်တမဲ့နဲ့ဖမ်းထားမိလိုက်၍ ငုံ့ကြည့်လိုက်ခဲ့ကာ သက်သာရာရစွာ သက်ပြင်းချလိုက်ခဲ့တယ်။


ကျားသစ်ပေါက်လေးက သူမလက်မောင်းထဲတွင် ဘေးကင်း လုံခြုံစွာနဲ့ လဲလျောင်းနေပြီး မျက်လုံးတစ်ဝက်ဖွင့်ကာ အညိုရင့်ရောင်အမွှေးတွေကလည်း နှင်းစက်တွေနဲ့ စိုထိုင်းနေခဲ့ပါတယ်။


ကျီရှောင်အုံးက သူ့ခြေချောင်းလေးကို စစ်ဆေးကြည့်လိုက်တော့ ပတ်တီးစက ခြေရာလက်ရာမပျက်ပဲ ဒဏ်ရာပြန်ပွင့်လာတဲ့ အရိပ်အယောင်မရှိမှန်း တွေ့လိုက်ရတယ်။


သူမ စိတ်အေးသွားလိုက်ကာ သူ့မေးစေ့လေး ညင်သာစွာပွတ်သပ်ပေးလိုက်မိတယ်၊ "နင် ဘယ်တွေလျှောက်သွားနေတာလဲ"


သူမက အဲဒီနေ့အစောပိုင်းက ကျားသစ်သားရဲလူသားနှစ်ယောက် ပြဿနာရှာဖို့ ရောက်ချလာပြီး သူ့အားအဝေးခေါ်သွားလိုက်တယ်လို့ ထင်လိုက်တာဖြစ်တယ်။


'ရမ်'က ဘာမှပြန်မပြောခဲ့ဘဲ ကျားသစ်မျိုးနွယ်စုရဲ့ဂုဏ်ရှိန်ဝါက သူ့မေးစေ့အား ကုတ်ခြစ်နေတာကို ကျေနပ်နေတဲ့အမူအရာကို ဖော်ပြဖို့ သူ့ကိုခွင့်မပြုနေပေ။


ကျီရှောင်အုံးက သူ့မျက်လုံးလေးတွေ မှေးမှိန်သွားတာတွေ့တော့ သူ မပျော်ဘူးထင်လိုက်ပြီး သူမလက်အား မြန်မြန်ပြန်ရုတ်သိမ်းလိုက်ခဲ့တယ်။


'သူမ မေ့သွားတော့မလိုပဲ။ ဒီကျားသစ်လေးက ဘယ်လောက်ပဲအန္တရာယ်မရှိတဲ့ပုံ ပေါက်နေနေ သူ့သဘာဝကိုက ရက်စက်ကြမ်းကြုတ်တဲ့ဗီဇရှိနေတာပဲ။'


'သူမ အရမ်းသတိလက်လွတ်ဖြစ်သွားလိုက်တာပဲ။'


ကျီရှောင်အုံးက သူမအပြုအမူကို သူမပြန်ဆင်ခြင်နေစဉ်မှာတော့ 'ရမ်'က ခေါင်းစောင်းကာ တောအုပ်ထဲသို့ မျက်နှာမူလိုက်ပြီး သူ့သွားတွေကို ဖိ၍ မာဖီသံ နိမ့်နိမ့်ထုတ်လွှတ်လိုက်ခဲ့တယ်။


ချက်ချင်းပင် ကျီရှောင်အုံးနဲ့အီရစ်တို့ အာရုံက တောအုပ်ဆီကို ကျရောက်သွားသကာ အမှောင်ထုထဲတွင် စူးစမ်းရှာဖွေလိုက်ကြတယ်။


ထင်းချောင်းတစ်ချောင်းကို ကိုင်ဆွဲထားတဲ့ အီရစ်က ရှေ့ကို ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ကာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်ပေမဲ့ ဘာမှရှာမတွေ့လိုက်ချေ။


'ရမ်'ရဲ့ အချက်ပြမှုကို လက်ခံလိုက်ပြီးနောက် ချက်ချင်းပင် 'ရိုးဒ်'နဲ့ 'ဒိုး'က ထွက်ခွာသွားလိုက်တော့ အပြင်ဘက်မှာ ပုံမှန်မဟုတ်တဲ့အရာဘာမှ ရှာတွေ့စရာ အကြောင်းမရှိပေ။


လူသားတစ်ယောက်၊ သမင်တစ်ကောင်က ပတ်ဝန်းကျင် ပတ်ပတ်လည်အားလုံးအား ထပ်ပြီး ရှာဖွေလိုက်ကြတယ်။ 'ရမ်'က ဘေးအန္တရာယ်အား ကြားသိလိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားတာလိုပဲ ထင်လိုက်ကြတယ်။ "ဒီနေရာမှာ ဘာမှ မရှိပါဘူး။ ဘာကြားလိုက်ရလို့လဲ။ နင် မစိုးရိမ်နဲ့နော်၊ နင်ဒီမှာရှိတာကို သူတို့မတွေ့နိုင်ပါဘူး။ မကြောက်နဲ့နော်။"


ကျားသစ်လေး ကြောက်လန့်သွားဖို့ ပြောနေလိုက်တော့ အီရစ် ဆက်ပြီး နားမထောင်နိုင်တော့ပေ။


မနက်အစောရောက်ဖို့ အဝေးကြီးလိုသေးတော့ ကျီရှောင်အုံး သူမ လက်ပတ်နာရီကို ကြည့်လိုက်ခဲ့တယ်။ 'ဆယ်နာရီခွဲပဲရှိသေးတာပဲ။'


ဒါက ကမ္ဘာတွေကို ဖြတ်သန်းလာတဲ့ကောင်းကျိုးတစ်ခုလားတော့မသိ၊ နေ့တိုင်းနေ့တိုင်း အစောကြီးအိပ်ရာဝင်နေရတာပဲ။


ကောင်းကင်က မည်းမှောင်ကျသွားတာနဲ့ ကျီရှောင်အုံး တစ်ယောက် ဘာမှလုပ်ဖို့မရှိဘဲ သူမ မျက်လုံးကိုမှိတ်ကာ အိပ်ဖို့သာလျှင် လုပ်နိုင်လေတယ်။


အရင်က အိပ်ရေးဝဝ မအိပ်ရခဲ့လို့လားတော့ သူမ မသိ၊ ဒါပေမဲ့ ကျီရှောင်အုံး သူမအသားအရေနဲ့ စိတ်အခြေအနေက သူမ ဖြတ်သန်းလာခါစထက် သိသိသာသာ ပိုကောင်းလာတယ်လို့ ထင်လိုက်တယ်။


ဒီရက်တွေမှာ ရေနဲ့သာဆေးကြောခဲ့ရပေမဲ့လို့ သူမအသားအရေက ဘာမှမဖြစ်ခဲ့ပဲ နေတိုင်းလိုလို ခြောက်သွေ့ အဆီပြန်နေတာမျိုးတွေ ဖြစ်မနေခဲ့ပေ။


သူမစိတ်အခြေအနေအတွက်ကတော့ ကျီရှောင်အုံး သူမကျောပိုးအိတ်ထဲက နေရာလွတ်ကနေ ပစ္စည်းတွေကို အရင်ဦးဆုံး ထုတ်သုံးရုံသာလျှင် တတ်နိုင်တယ်။ ဒီမနက်ကမှ အတွေးတစ်ချက်နဲ့တင် နေရာလွတ်ထဲကနေ ချောကလက်တစ်ပိုင်း ထုတ်ယူလို့ရမှန်း သူမ သိလိုက်ခဲ့တယ်။ သူမရဲ့ကျောပိုးအိတ်သေးသေးလေးထဲမှာ ကန့်သတ်ထားခြင်းမျိုး မရှိချေ။


ဒီလိုထုတ်ယူနိုင်တာကလဲ သူမစိတ်အခြေအနေနဲ့ သက်ဆိုင်ပုံရတယ်။ သူမ မနေ့ညက ကောင်းကောင်းအိပ်ရေးဝခဲ့ပြီး ဒီနေ့မနက်တောင် စိတ်ကြည်လင်စွာနဲ့ နိုးလာခဲ့လိုက်တာဖြစ်တယ်။


ကျီရှောင်အုံး အိပ်ရေးကောင်းကောင်းဝရင် နောက်တစ်နေ့မနက်ကျ ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုခုများ ရှိနိုင်မလား စမ်းကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။


သို့ပေမဲ့လည်း တစ်နေ့တာသာ ကုန်သွားပြီးနောက်တောင် ပြောင်းလဲမှုမရှိဘဲ သူမနေရာလွတ်က အရင်နေ့ကနဲ့ အတူတူဖြစ်နေဆဲပဲ။


သူမကို နည်းနည်းလေးတော့ စိတ်ပျက်သွားစေလိုက်တယ်။


ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူမ သုံးသပ်လိုက်ခဲ့တယ်။ 'သေချာတဲ့ အိပ်ချိန်တစ်ခုခု စုဆောင်းမိလိုက်မယ်ဆိုရင်ရော သူမ နေရာလွတ်က "စွမ်းရည်အသစ်" အစပျိုးလိုက်မှာများလား'


အီရစ်က အပြင်ဘက်မှ တောသစ်သီးအရိုင်းတွေနဲ့မှိုလတ်လတ်ဆတ်ဆတ်တွေ ခူးဆွတ်လာခဲ့လိုက်ခဲ့တယ်။ မှိုကင်နေရင်းနဲ့ ကျီရှောင်အုံး အကြောင်း သူ တွေးတောလိုက်ခဲ့တယ်။


အီရစ်က သူ့အိမ်ကနေ ဆားနဲ့ငရုတ်သီးတွေ ယူလာခဲ့၍ မှိုပေါ်မှာ ဆားနဲ့ငရုတ်သီးမှုန့်ဖြူးလိုက်ပြီး မီးနဲ့ကင်လိုက်ရင် အရသာရှိ လတ်ဆတ်ကြွတ်ရွလာမှာပဲ ဖြစ်တယ်။


ကျီရှောင်အုံး မူလကတော့ မှိုကင်က ဒီလောက်အရသာရှိမှန်း မသိခဲ့ရ။ အခုလောလောဆယ်အတွက်က သူမ နေရာလွတ်ကို မေ့ပစ်လိုက်ပြီး အသက်တစ်ခါရှုချိန်အတွင်း လေးငါးခုလောက် စားပစ်လိုက်ခဲ့တယ်။


အီရစ်က ပြုံးကာ ပြောလိုက်တယ်၊ "နောက်ကျရင် ငါ မင်းကို အရသာရှိတဲ့ ပြောင်းဖူးတို့ ခရမ်းသီးတို့ မီးဖုတ်ပေးမယ်လေ"


ကျီရှောင်အုံးက သူ့အား ကျေးဇူးတင်လိုက်ပြီး ဘေးတွင် ကျားသစ်လေးက လဲလျောင်းနေဆဲဖြစ်တာကို တွေ့လိုက်ခဲ့တယ်။ တစ်နေ့လုံးလုံးဆိုတော့ သူဗိုက်ဆာနေမှာကို စိုးရိမ်လိုက်ကာ မီးဖုတ်ထားတဲ့ မှိုတစ်ပွင့်ယူလိုက်၍ သူ့ရဲ့တောက်ပနေတဲ့မျက်လုံးလေးက လုံးလုံးထိတ်လန့်မသွားလိုက်ခင် မြေကြီးပေါ်တွင် ချလိုက်ခဲ့တယ် ၊ "စားလေ၊ ဒါ စားလို့ကောင်းတယ်"


'ရမ်'က သူ့မျက်လုံးကို ဖွင့်လိုက်ပြီး မြေကြီးပေါ်က မှိုကင်ကို ကြည့်လိုက်၍ သူ့အမူအရာက စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားတော့တယ်။


ကျီရှောင်အုံးကတော့ သူ စားမှာမဟုတ်လောက်ဘူးလို့ တွေးလိုက်တယ်။ သို့သော်လည်း သူက ခဏမျှ တွေးတောလိုက်ကာ စိတ်တိုစွာနဲ့ ဖြေးညင်းစွာ ထရပ်လိုက်ပြီး သူ့ပါးစပ်ထဲကို မှိုကင်တွေ ဆွဲထည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက ချက်ချင်းပဲ သူ့အား နောက်တစ်ခုထပ်ပေးလိုက်ခဲ့ပြန်တယ်။


ကျားသစ်လေးရဲ့မျက်နှာအမူအရာက ရှုံ့မဲ့သွားခဲ့တယ်။ သူ အလွန်မစားချင်ပေမဲ့ သူ စားလိုက်တုန်းပဲ။


ကျီရှောင်အုံး ကမ္ဘာအသစ်တစ်ခုထဲမှာ ရှာဖွေတွေ့ရှိမှုအသစ်အား တွေ့ရှိလိုက်ရတယ်၊ 'ကျားသစ်တွေက အသားသာမကဘူး မှိုကင်တာကိုလဲ စားတာပါပဲလားလို့။'


သူမက သူ့အား လေးငါးခု ဆက်တိုက်ကြွေးလိုက်ခဲ့တာက သူမဘေးနားက အီရစ်ကို ကြောင်အအ ဖြစ်သွားစေခဲ့တယ်။ ကျားသစ်မျိုးနွယ်က ဘယ်အချိန်တည်းက ဒီလောက် ကျိုးနွံပြီး နာခံတတ်သွားရတာများလဲ။'


~~~~~~~~~~~~~


မနက်စာစားလိုက်ပြီးနောက် သူတို့တွေ လှိုဏ်ဂူထဲမှ ထွက်ခွာလိုက်ကြတယ်။


မြေမျက်နှာပြင်အနေအထားက အလွန်နိမ့်နေတာကြောင့်ပဲလားတော့မသိ၊ သူတို့တွေ တစ်မနက်လုံးလုံး လျှောက်လာလိုက်တာတောင် ကျီရှောင်အုံးတစ်ယောက် သားရဲလူသားမျိုးနွယ်တွေရဲ့ အရိပ်အယောင်တောင် မမြင်ရခဲ့ပေ။


တစ်ခုတည်းသော ဆုံလိုက်ရတဲ့အုပ်စုကတော့ ရိက္ခာပစ္စည်းတွေ သယ်ဆောင်လာကြတဲ့ ဖြူကောင်တစ်စုပဲဖြစ်တယ်။


ဖြူကောင်တွေက လူသားအသွင်တစ်ယောက်လို မပြောင်းလဲနိုင်ကြသေးပေ၊ သူတို့တွေမှာ ငါးမျှားချိတ်လို သံဆူးချွန်တွေရှိကာ ကျောကုန်းပေါ်တွင်တော့ အစေ့အဆံတွေ၊ မှိုတွေနဲ့ ပိုးကောင်တွေကဲသို့သော ဆောင်းရာသီအစားအစာတွေ ထိုးစိုက်ထားခဲ့ကြတယ်။


သူတို့ကို စိုက်ကြည့်နေတဲ့ ကျီရှောင်အုံးအား သတိထားမိသွားတော့ ဖြူကောင်တွေက သူတို့ပစ္စည်းတွေအား သွက်သွက် သယ်ဆောင်လိုက်၍ မကြာခင်မှာပဲ သားမွှေးထဲတွင် ထိုးဖွက်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမခေါင်းကို မော့လိုက်၍ ပတ်ဝန်းကျင်က သစ်ပင်တွေကို ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ခဲ့တယ်။


ဆောင်းဝင်ရုံပဲရှိသေးတာကို သူတို့က ဆောင်းရိက္ခာတွေကို စုဆောင်းနေကြပြီလား။


" 'အုံး'နင် ဘာတွေကြည့်နေတာလဲ။" အီရစ်က သူနောက်လှည့်ကြည့်လိုက်ချိန်မှာ ကျီရှောင်အုံးက နေရာမှာတင် မတ်တပ်ရပ်နေဆဲဖြစ်တာကို သူ တွေ့လိုက်တော့ မနေနိုင်ဘဲ မေးလိုက်မိတယ်။


'ရမ်'အား ပွေ့ထားလိုက်ရင်းနဲ့ ကျီရှောင်အုံး အီရစ်ကို မှီဖို့ အပြေးလာလိုက်ရပြီး မေးလိုက်တယ်၊ " အီရစ် ဖြူကောင်တွေက လူသားအသွင် မပြောင်းနိုင်ကြဘူးလား"


အီရစ်က လမ်းလျှောက်ရင်းနဲ့ စကားပြောလိုက်တယ်၊ " မဟုတ်ဘူး ၊ သူတို့တွေက......" သူ့သမင်ချိုတွေက ရုတ်တရက် နွယ်ပင်တစ်ပင်နဲ့ညှိသွားလိုက်တော့ သူရပ်တန့်လိုက်၍ သူတို့ဆီကနေ သူ ခက်ခက်ခဲခဲနဲ့ အချိန်ပေး ရုန်းထွက်မလို့လုပ်ရလိုက်တယ် ။ "တိရစ္ဆာန်တွေအားလုံးက လူသားအသွင် မပြောင်းနိုင်ကြဘူးလေ။ တစ်ချို့တိရစ္ဆာန်တွေမှာ ဒီလိုအသိစိတ်နဲ့အင်္ဂါရပ်တွေပဲရှိတယ်၊ သူတို့ လူသားအသွင်နဲ့နီးစပ်လာတဲ့အချိန် သူတို့ အဆင့်ဆင့်ပြောင်းလဲဖို့ ဒီလိုလမ်းကြောင်းနဲ့ တစ်ဆစ်ချိုးကြတယ်။ တိရစ္ဆာန်တစ်ကောင်က ကိုယ်ကာယပိုင်း သန်မာဖို့လိုရုံသာမကဘူး ဒီကုန်းမြေတိုက်ကြီးပေါ်မှာ အသက်ရှင်သန်နိုင်ဖို့ အမှီခိုကင်းကင်းတွေးတောနိုင်တဲ့ ဦးနှောက်ရှိဖို့လည်း လိုသေးတယ်။"


'မထင်ထားဘူးပဲ၊ ဒါက အဲလိုမျိုးဖြစ်တာကြောင့်ကိုး။'


ကျီရှောင်အုံးရဲ့မျက်လုံးများက အောက်စိုက်သွားလိုက်ကာ စကားတစ်ခွန်းမှ ပြန်မလာတော့ချေ။


ထိုအချင်းအရာက လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်က လူသားတွေ နေထိုင်ခဲ့တဲ့ကမ္ဘာကနေ ပြောင်းလဲသွားလိုက်တာပဲ၊ ဘိုနီးယားကုန်းမြေတိုက်လို့ခေါ်တဲ့ ဒီနေရာ ၂၁ ရာစုက နေရာလိုမျိုးမဟုတ်တာ သူမ သိလိုက်ရတယ်၊ သူမ အနည်းငယ်လေး စိတ်မကောင်းသလို ခံစားနေရတုန်းပင်။


ဒီအဓိပ္ပာယ်က ကုန်းမြေတိုက်ကြီးပေါ်တွင် သူမသာလျှင် တစ်ဦးတည်းသော လူသားတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုတာပဲ။


သူမမှာ မျိုးနွယ်စုလဲ မရှိသလို သူမနဲ့တူတဲ့ မည်သူတစ်ဦးတစ်ယောက်မှ မရှိပေ။


" 'အုံး' ငါ့ကို ကူပေးပါဦး။" အီရစ်ရဲ့ သောကရောက်နေတဲ့အသံက ကျီရှောင်အုံးရဲ့အတွေးတွေကို ဖျက်ဆီးလိုက်ခဲ့တယ်။


ကျီရှောင်အုံး မော့ကြည့်လိုက်တော့ ဘာလို့လဲမသိပေမဲ့ အီရစ်ရဲ့သမင်ချိုတွေက နွယ်ပင်တွေနဲ့ သပွတ်အူလိုက် ရှုပ်ထွေးနေခဲ့တယ်။ သူ့ကိုယ်ဟန်အနေထားက ထူးဆန်းနေပြီး ကိုယ်လုံးက တွန့်လိမ်နေခဲ့တယ်၊ သူ့ရဲ့ရယ်စရာမျက်နှာအမူအရာက ကျီရှောင်အုံး အား ပြုံးမိသွားစေလိုက်တယ်။


သူမ အများကြီးမတွေးတော့ဘဲ သူမအိပ်ကပ်ထဲက ဆွစ်ဒ်စစ်တပ်သုံးဓားမြောင်အား ထုတ်လိုက်ခဲ့တယ်။ နွယ်ပင်တွေကို ဆွဲယူလိုက်၍ ချွန်ထက်တဲ့ဓားသွားနဲ့ စက္ကန့်အနည်းငယ်ကြာ ဖြတ်လိုက်ပြီး အီရစ်အား ဆွဲထုတ်ပေးလိုက်ခဲ့တယ်။


နွယ်ပင်ထိပ်မှာ ဆူးတွေရှိနေခဲ့တယ်၊ ကျီရှောင်အုံး မကြည့်မိလိုက်တော့ ဆူးတစ်ချောင်းက သူမလက်ချောင်းအား ထိုးမိသွားလိုက်ခဲ့တယ်။


အီရစ်က သူမလက်ထဲက ဓားကို ငေးကြည့်ပြီး ပြောလက်စ စကားတောင် ပျောက်ရှသွားခဲ့တယ်။


သူ့အကြည့်က သူမလက်ချောင်းက သွေးတွေကို တွေ့သွားလိုက်ကာ စိတ်အား‌ေလျာ့စွာနဲ့ ပြောလိုက်ခဲ့တယ်။


"ငါ့ အပြစ်ပါ၊ ငါတော့ လမ်းလျှောက်ရင် ပိုသတိထားဖို့လိုနေပြီ"


ကျီရှောင်အုံး သူမခေါင်းကို ခါရမ်းလိုက်တယ်၊ "ကိစ္စမရှိပါဘူး ဒါနည်းနည်းပါးပါးထိသွားရုံပါပဲ"


သူမမိဘတွေ သူမဘေးမှာ မရှိတာကြောင့်ဖြစ်မယ် သူမဒီနေရာကို ရောက်လာတည်းက ကျီရှောင်အုံး အများကြီးသန်မာလာခဲ့တာပဲဖြစ်တယ်။


နောက်ဆုံးအကြိမ် သူမနံဖူးမှာ ဒဏ်ရာရပြီး သူမခြေဖဝါးပေါက်သွားခဲ့ပေမဲ့ သူမ အချိန်နည်းနည်းလောက်သာ ဝမ်းနည်းခဲ့တာဖြစ်တယ်။


သူမ အိမ်မှာဆို စားပွဲခြေထောက်နဲ့ သူမခြေချောင်းလေး ခိုက်မိသွားတာတောင် သူမ နာလို့ ငိုတာမဆုံးတော့ပေ။


အိမ်အကြောင်းကို စဉ်းစားမိလိုက်တော့ ကျီရှောင်အုံး အနည်းငယ်လေး ငေးမောတွေဝေသွားခဲ့တယ်။


သူမ လက်ထဲမှာပွေ့ကိုင်ထားတဲ့ ကျားသစ်လေးရဲ့ပြောင်းလဲမှုကိုတော့ သူမသတိမပြုမိလိုက်ပေ။


ချိုအီမွှေးတဲ့သွေးအနံ့က အလွန်နီးကပ်လျက်ရှိကာ အသားစားသတ္တဝါတစ်ကောင်အဖို့ သေလောက်အောင် ဖျားယောင်းသွေးဆောင်နေခဲ့တယ်၊ အထူးသဖြင့် ရက်တော်တော်ကြာ အသားစိမ်းမစားရတဲ့ တစ်ကောင်အတွက်ပေါ့။


'ရမ်'ရဲ့မျက်နှာအမူအရာက မည်းမှောင်သထက် မည်းမှောင်လာခဲ့တယ်၊ သူ့သွားတွေကို လျှာနဲ့သပ်လိုက်ခဲ့ပြီး သူ့ပင်ကိုယ်ဗီဇအား ဖိနှိပ်ဖို့ ကြိုးပမ်းလိုက်ခဲ့တယ်။


ကောင်မလေးရဲ့သွေးက ချိုမွှေးပြီး အပင်စားသတ္တဝါတွေနဲ့ မတူကွဲပြားခြားနားနေခဲ့တယ်။


သန့်ရှင်းပြီး ချိုမွှေးတယ်၊ ဦးဦးဖျားဖျားရတဲ့ ပန်းဝတ်ရည်တွေလိုပင်၊ မမျှော်လင့်ထားဘဲ သူ့လည်ချောင်းက လျင်မြန်စွာ ခြောက်သွေ့လာတော့တယ်။


'ရမ်'ရဲ့လည်ချောင်းက တလိမ့်လိမ့်ဖြစ်သွားတော့တယ်။ သူ့ကိုယ်သူတောင် ပြန်ကြောက်သွားမိပြီး ကျီရှောင်အုံးရဲ့လက်မောင်းထဲကနေ သတိပေးခြင်းမရှိဘဲ ခုန်ချလိုက်ကာ ရှေ့သို့ထွက်သွားလိုက်ခဲ့တယ်။


~~~~~~~~~


"နင် ဘယ်သွားမလို့လဲ။" ကျီရှောင်အုံးက ရှေ့သို့ပြေးလိုက်လိုက်ပြီး မေးလိုက်တယ်။


သို့သော် သူမ တစ်လှမ်းလိုက်ရုံရှိသေးတယ်၊ သူမပါးပြင်ပေါ်သို့ အေးစက်တဲ့တစ်စုံတစ်ရာ ကျဆင်းလာတာကို ခံစားလိုက်ရတယ်။


သူမ ခဏမျှ အံ့အားသင့်သွားပြီး ရပ်တန့်လိုက်ကာ သူမပါးပြင်အား ထိဖို့ လက်မြှောက်လိုက်ခဲ့တယ်။ ထိုအရာက ရေစက်တစ်စက်ပင်။


မိုးရွာနေတာလား။


ဒါက သူမရဲ့ပထမဆုံးအတွေးပဲ ဖြစ်တယ်။


သို့သော်ငြားလည်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ ရာသီဥတုက ကြည်လင်ကာ တိမ်တွေ တည်ငြိမ်နေလေတယ်။ မိုးရွာတော့မဲ့ပုံ မပေါက်နေခဲ့ပေ။


ခဏလောက်ကြာတော့ တစ်စက်ပြီး တစ်စက် ကောင်းကင်ပေါ်က အဖြူရောင်အစက်ပြောက်လေးများ မရေမတွက်နိုင်အောင် ကျဆင်းလာခဲ့တယ်။ ထိုအရာက နှင်းကျနေတာဖြစ်မှန်း ကျီရှောင်အုံး ရှာတွေ့သွားလိုက်တော့တယ်။


နှင်းပွင့်တွေက သူမကျောကုန်းပေါ်သို့ ကျဆင်းလာခဲ့တယ်၊ သူမ သေချာမမြင်လိုက်ရခင် သူတို့က အရည်ပျော်သွားခဲ့တယ်။


ကျီရှောင်အုံး အလွန်အံအားသင့်သွားခဲ့တယ်။ ဒါက ဘယ်လိုနှင်းကျတာလဲ။ သူမ အေးတာလဲ မခံစားရပါလား၊ ဆောင်းရာသီမှာ နှင်းကျရင်တောင် အရိပ်ယောင်တစ်ခုတော့ ရှိရမယ်မလား ဒီမှာ မရှိဘူးလား။


ကျီရှောင်အုံးရဲ့ အံအားသင့်မှုနဲ့ယှဉ်ရင် အီရစ်ရဲ့မျက်နှာက အလွန်တည်ငြိမ်နေခဲ့တယ်။


ပထမဆုံးနှင်းကျလိုက်တာနဲ့ သူ သစ်ပင်ကြီးတစ်ပင်ပေါ်တက်လိုက်၍ အဝေးသို့လှမ်းကြည့်လိုက်တော့ သူတို့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်တွေ နည်းသထက်နည်းလာတဲ့ တုံ့ပြန်မှုကို ရှာတွေ့လိုက်ရတယ်။ အဲဒီနောက် သူ အောက်သို့ခုန်ဆင်းလိုက်ပြီး ကျီရှောင်အုံးအား ပြောလိုက်ခဲ့တယ်၊ "မုန်တိုင်းကျတော့မယ်။ ငါတို့တွေ မြန်မြန်ပုန်းခိုဖို့ နေရာတစ်ခုရှာဖို့လိုတယ်။"


အချိန်လေးငါးမိနစ်အတွင်းမှာပဲ နှင်းပွင့်တွေက ကြီးသထက်ကြီးမားလာခဲ့ကာ ကျီရှောင်အုံးရဲ့ပါးပြင်ကို ဖုံးအုပ်သွားလိုက်ပြီး သူမအရေပြားထဲထိ အအေးဓာတ်က စိမ့်ဝင်တဲ့အရိပ်ယောင်တွေ ပေါ်လာခဲ့တယ်။


အပူချိန်က ရုတ်ခြည်းပင် ထိုးကျသွားတော့တယ်။


ကျီရှောင်အုံးက ဘာဖြစ်မှန်းနားမလည်နိုင်ဘဲ အီရစ်နောက်ကနေ လိုက်ပါလိုက်ခဲ့တယ်၊ "ဘာတွေဖြစ်တာလဲ။ ဆောင်းရာသီမဟုတ်ဘဲနဲ့ နှင်းတွေ ဘာလို့ကျနေတာလဲ။"


အီရစ်က ရှေ့ဆက်သွားနေရင်း ရှင်းပြလိုက်ခဲ့တယ်၊ "နှင်းမုန်တိုင်းကျပြီးတာနဲ့ ဆောင်းဝင်ပြီ"


ကျီရှောင်အုံး - "......."


'ဆောင်းဝင်ပြီးမှ နှင်းမုန်တိုင်းကျတာ မဟုတ်ဘူးလား။'


'ဒါကြီးက သစ်ကိုင်းနဲ့သစ်မြစ် ဇောက်ထိုးထားတဲ့အကြောင်း ငြင်းခုန်နေရသလိုမျိုးပါပဲလား။'


သူမ ခေါင်းထဲတွင် သံသယများနဲ့ပြည့်နှက်နေပြီး ဘာဖြစ်တာလဲဆိုတာ မေးလိုက်ချင်ပေမဲ့ အီရစ်ရဲ့အတည်အတန့်ဖြစ်နေတဲ့မျက်နှာကို ကြည့်လိုက်ပြီး သူမ မေးမဲ့မေးခွန်းတွေကို ယာယီသိမ်းဆည်းထားလိုက်ခဲ့တယ်။


တောအုပ်၏မြေပြင်အနေအထားက နိမ့်ကျနေကာ နေထိုင်တဲ့ အခြားမျိုးနွယ်စုတွေလည်း မရှိတော့ နှင်းမုန်တိုင်းဒဏ်ကနေ လွတ်မြောက်ဖို့ နေရာတစ်ခု ရှာတွေ့ရန် ခက်ခဲနေခဲ့တယ်။


မကြာမီ သူတို့တွေ လုံခြုံတဲ့နေရာတစ်ခုမရှာနိုင်ခဲ့ရင် သူတို့တွေ ရုတ်ခြည်းပေါ်လာတဲ့အအေးဓာတ်ကြောင့် မြေမြုတ်ခံရတော့မယ်ဆိုတာ အီရစ် သိတယ်။


ဒီအချိန်က မျိုးနွယ်စုတွေက ရှေ့ပြေးဆောင်းရာသီအတွက် အဆင်သင့်ပြင်နေခဲ့ကြတာဖြစ်တယ်။ ဒီတစ်ခါတော့ သူက တစ်ယောက်တည်းထွက်လာလိုက်တော့ ထိုအကြောင်းကို လုံးလုံးမေ့သွားခဲ့တာပဲဖြစ်တယ်။


အီရစ်က တောင်ထိပ်သို့ရောက်အောင် တက်နေရင်းနဲ့ သူ့ကိုယ်သူ စိတ်တိုသွားလိုက်တယ်။


နှင်းပွင့်တွေက လေနဲ့အတူ လွင့်ပါလာခဲ့ပြီး သူတို့ရှေ့က မြင်ကွင်းအား ရှုပ်ထွေးမှုန်ဝါးသွားစေခဲ့တယ်။


ကျီရှောင်အုံး သူမမျက်လုံးတွေ ကျဉ်းမြောင်းသွားကာ အီရစ်နောက်မှ ရမ်'အား တင်းတင်းပွေ့ထားလိုက်၍ လိုက်ပါလိုက်တယ်။


ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် နှင်းတွေက မြေကြီးပေါ်တွင် ဖြူဆွတ်တဲ့အလွှာ တစ်လွှာ ထပ်ပို့တင်သွားခဲ့တယ်။


လေက တဖြေးဖြေးထန်လာခဲ့ကာ ကျီရှောင်အုံး မတ်မတ်တောင် မရပ်ထားနိုင်လုနီးပါးဖြစ်သွားခဲ့တယ်။


နောက်ဆုံးတွင်တော့ အီရစ်က သစ်ပင်တွေများထဲမှ တစ်ပင်တွင် အမည်းရောင် အခေါင်းပေါက်တစ်ခုအား တွေ့သွားခဲ့တယ်. အထဲကို သူအရင်ဆုံး စူးစမ်းလိုက်ခဲ့တယ်။ သစ်ပင်က အေးစက်နေကာ သစ်ရွက်ခြောက်တွေနဲ့ ရှုပ်ပွနေခဲ့ကာ ဝက်ဝံတွေ နေထိုင်သွားတဲ့ အရိပ်လက္ခဏာနဲ့ တူမနေခဲ့ပေ။


အီရစ်က ကျီရှောင်အုံးအား အထဲဝင်ဖို့ ခေါ်လိုက်ခဲ့တယ်၊ " ငါတို့ ဒီမှာနေပြီးတော့ နှင်းမုန်တိုင်းရပ်သွားတာ စောင့်ရလိမ့်မယ်။"


သစ်ပင်အခေါင်း အပြင်ဘက်တွင် လေတဝီဝီ တိုက်ခတ်နေခဲ့ကာ သူက အသံကျယ်ကျယ် အော်ပြောလိုက်ရတယ်။


ကျီရှောင်အုံးက အောက်ခံစွတ်ကျယ်တစ်ထည်နဲ့ ဘေ့စ်ဘောဂျတ်ကက်ပါးတစ်ထည်သာ ဝတ်ဆင်ထားခဲ့တယ်။ ထိုအဝတ်အစားတွေက မနွေးတော့ သူမတစ်ကိုယ်လုံး တုန်ရီလာခဲ့တော့တယ်။


သူမ မေးချင်းရိုက်နေကာ သဘောတူကြောင်းသာ ခေါင်းညိတ်ပြလိုက်တယ်။


အီရစ်က လှည့်လည်ကြည့်ရှုလိုက်တော့ မီးမွေးဖို့ သစ်ရွက်တွေမှလွဲလို့ အခြား ဘာမှရှိမနေပေ၊ "ငါ အပြင်ထွက်ပြီးတော့ သစ်ကိုင်းခြောက်တွေ သွားယူလိုက်ဦးမယ်။ နှင်းကျတာ ရက်တော်တော်ကြာမှာ ငါ စိတ်ပူတယ်၊ ငါတို့တွေ မီးမလှုံနိုင်ရင် အေးလို့ သေသွားလိမ့်မယ်။ 'အုံး' ငါ့ကို ဒီကနေစောင့်နေ၊ ငါ မြန်မြန်ပြန်လာခဲ့လိုက်မယ်။"


ကျီရှောင်အုံးတစ်ယောက် ဒီတစ်ခါတော့ သတ္တိရှိဖို့ မကြိုးစားတော့ပေ။ အီရစ်က နွေးထွေးတဲ့ သားမွှေးတွေရှိပေမဲ့ သူမဆီမှာတော့ ဂျက်ကက်ပါးတစ်ထည်သာရှိနေတယ်။ သူမ သူ့ကို ဘာမှမကူညီနိုင်ဘဲ ပြဿနာသာ ပေးနိုင်လေတယ်။


အီရစ်က နှင်းတွေ လေတွေကြားထဲသို့ တိုးလျှောက်ဝင်သွားလိုက်တယ်။ ကျီရှောင်အုံးက 'ရမ်'အား ပွေ့ကိုင်ထားရင်းနဲ့ ထောင့်လေးတွင် ကျုံ့ကျုံ့လေးနေနေတော့တယ်။


အပြင်ဘက်ကလာတဲ့ လေတွေအများစုကို သစ်ပင်က ပိတ်ကာထားသော်ငြားလည်း သေးငယ်တဲ့ လေစုလေးတွေက အထဲသို့ဝင်နေဆဲဖြစ်ကာ သူမအား အေးလို့ခိုက်ခိုက်တုန်နေခဲ့တယ်။


ဒီတစ်ခါမှာတော့ သူမ လူသားတွေကို ရှာတွေ့ဖို့အကြောင်းလဲ မစဉ်းစားချင်တော့ပေ။ ကျီရှောင်အုံးက သူမနေရာလွတ်ထဲမှ စောင်ထုတ်လိုက်၍ သူမကိုယ်သူမနဲ့ ကျားသစ်လေးပေါ်ကို တင်းတင်းခြုံထားလိုက်ခဲ့တယ်။


'ရမ်'က ကျီရှောင်အုံးရဲ့ တင်းတင်းကျပ်ကျပ် အထုပ်ခံထားရပေမဲ့ သူ့ပင်လယ်ပြာမျက်ဝန်းတွေက ဝင်ပေါက်သို့သာ ကြည့်ရှုနေခဲ့တယ်။


အီရစ်လို ကြောက်စိတ်လည်း မမွှန်‌ေနသလို ကျီရှောင်အုံးလိုလည်း ကြောင်တက်တက်ဖြစ်မနေခဲ့ပေ။


လူသားတစ်ယောက်နဲ့ကျားသစ်တစ်ကောင်က နာရီဝက်ခန့် စောင့်ဆိုင်းနေခဲ့ပေမဲ့ အီရစ်ပြန်လာတာကို မမြင်ခဲ့ပေ။


အပြင်ဘက်တွင် လေတွေ နှင်းတွေက ပြင်းပြင်းထန်ထန် တိုက်ခတ်နေခဲ့ကာ ဘေးပတ်ဝန်းကျင်ကို မမြင်နိုင်တော့ဘဲ အဖြူရောင်လွင်ပြင်ကျယ်ကြီးသာလျှင် ချန်ရစ်ထားခဲ့တယ်။


အီရစ်က နောက်ထပ်နာရီဝက်ကြာပြီးတာတောင် ပြန်ရောက်မလာခဲ့ပေ။


ကျီရှောင်အုံး နည်းနည်းတော့ စိုးရိမ်စိတ်ဝင်လာခဲ့တယ်။ 'ထင်းခြောက်ရှာဖို့ သူဘယ်ကို ထွက်သွားလိုက်တာများလဲ။ ဘာလို့ သူဒီလောက်ကြာနေရတာလဲ။'


အီရစ်တစ်ယောက် မတော်တဆမှုဖြစ်မှာ စိုးရိမ်သွားခဲ့တယ်။ ကျီရှောင်အုံးက ခြုံစောင်ကနေ ထွက်လိုက်ကာ 'ရမ်'ကိုယ်ပေါ်ကို ခြုံပေးလိုက်ပြီးနောက် သစ်ခေါင်းအပြင်ဘက်ကို လျှောက်သွားဖို့လုပ်လိုက်ခဲ့တယ်။


သစ်ခေါင်းအပေါက်ဝနားအရောက်တွင် အပြင်ဘက်ကနှင်းလွှာထုက သူမ ခြေသလုံးတစ်ဝက်နီးပါးထိ ရောက်နေတာကို တွေ့လိုက်ခဲ့တယ်။


သူမ တုန်လှုပ်ခြောက်ခြားသွားတော့တယ်။ ဒီလောက်နှင်းတွေအများကြီးကျနေတာ အီရစ်တစ်ယောက် မြုတ်မသွားနိုင်ဘူးမလား။'


သူမ အပြင်ထွက်ကြည့်မလို့လုပ်လိုက်စဉ်မှာတော့ ခပ်ဝေးဝေးတွင် လှမ်းလာနေတဲ့ ပုံရိပ်တစ်ခုအား မြင်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူ့မျက်နှာကို မမြင်နိုင်ဘဲ သူ့ကိုယ်လုံးသဏ္ဍာန်ကိုသာ မြင်နိုင်တယ်၊ ထိုပုံရိပ်က သန်မာထွားကြိုင်းနေကာ အီရစ်နဲ့ ဆင်တူသလိုတော့ရှိနေတယ်။


သူမ အီရစ် ပြန်လာတယ်လို့ပဲ တွေးလိုက်ခဲ့ပြီး အခြားတစ်ဘက်ကလူ ချဉ်းကပ်လာမှာထိ စောင့်မနေတော့ဘဲ ချက်ချင်းပင် ပြောလိုက်တယ်၊ "အီရစ် နင်ဘယ်လို....."


သူမ ပါးစပ်ကနေထွက်လာတဲ့ စကားလုံးတွေက မကြာခင်ပင် ပြန်မြိုချလိုက်ရတော့တယ်။


အခြားလူရဲ့ခြေတံလက်တံတွေက တုတ်ခိုင်ကာ သမင်မွေးစွတ်ကျယ်တစ်ထည် ဝတ်ဆင်ထားခဲ့တယ်။ သူ့လက်မောင်းတွေနဲ့ရင်အုပ်က အမွေးတွေနဲ့ဖုံးအုပ်နေခဲ့တယ်။ သူ့တွင် မျက်ဆံနက်နက်ရှိကာ သူ့ပါးစပ်ကတော့ အနည်းငယ်လေးရှေ့ကို ခေါထွက်နေခဲ့တယ်။


သစ်ခေါင်းပေါက် ဝင်ပေါက်သို့ရောက်တာနဲ့ သူ့ရဲ့ကြီးမားတဲ့ကိုယ်လုံးကြီးက ဝင်ပေါက်တစ်ခုလုံးအား ပိတ်ဆို့သွားလိုက်တယ်။


ဒါက အီရစ် မဟုတ်၊ ဝက်ဝံညိုမျိုးနွယ်ဝင်တစ်ယောက်ဖြစ်နေတာ သိသာထင်ရှားနေလေတယ်။


End......