Chapter 9
Viewers 9k

 


အပိုင်း(၉)


လေနှင့်နှင်းတို့ကို ပိတ်ဆို့ကာလိုက်မှုကြောင့် အပူချိန်က အနည်းငယ်လေး မြင့်တက်လာခဲ့ပေမဲ့ ကျီရှောင်အုံးကတော့ တစ်ကိုယ်လုံး အေးစက်ခဲတောင့်သလို ခံစားနေခဲ့ရတယ်။


ကျီရှောင်အုံးရဲ့မြင်ကွင်းထဲမှာ ဝက်ဝံလူသားရဲ့သားမွေးစွပ်ကျယ်အင်္ကျီပေါ် ကျရောက်သွားပြီး သူမနှလုံးသားက သူမရင်ဘတ်ထဲမှာ ကျုံ့ဝင်လို့လာခဲ့တယ်။


သေချာဂရုတစိုက်ကြည့်ရှုလိုက်တော့ သားမွေးက ခြောက်သွေ့ ဟောင်းနွမ်းနေခဲ့ပြီး အစင်းကျားလိုမျိုး မဟုတ်ခဲ့တော့ သူမ ရင်ထဲမှာ သက်သာရာရစွာ အပူလုံးကျသွားခဲ့တယ်။


ကြည့်ရတာ အီရစ်က သူနဲ့မတွေ့ခဲ့ဘူးပဲ။


၂၁ ရာစုတွင် ကျီရှောင်အုံး သတင်းတွေထဲမှာ မကြာခဏကြားရတာက "လူသားတွေက တောထဲမှာ အန္တရာယ်နဲ့တွေ့ခဲ့ပြီး ဝက်ဝံညိုတွေ စားပစ်တာခံရတယ်"လို့ပင်။ ဓာတ်ပုံတွေက ရက်ရက်စက်စက်နဲ့သွေးထွက်သံယိုပုံတွေကြီး ဖြစ်နေခဲ့တယ်။


အဲဒီနောက် သူမကိုယ်သူမ သတင်းထဲပါဖြစ်ဖို့ အတော်လေးဝေးလွန်းတယ်လို့ တွေးတောလိုက်ခဲ့ပေမဲ့ ခဏလေးအတွင်းမှာပဲ သူမအလှည့်ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိပေ။


ဝက်ဝံညိုတွေ သားရဲလူသားအသွင် ပြောင်းနိုင်တာလားဆိုတာတောင် သူမ မသိပေ။ သူ့မှာ အကြိုက်ဆုံးအရာတွေ ပြောင်းလဲသွားနိုင်မှာလား။ ဘယ်ဟာက အမှန် ဘယ်ဟာက အမှားဆိုတာရော ခွဲခြားနိုင် သိနိုင်တယ်မလား။


'သူမအတွက်ကတော့ ပစ်လှဲချပြီး သေချင်ဟန်ဆောင်ဖို့ အရမ်းနောက်ကျနေပြီပဲမလား။'


ကျီရှောင်အုံးက ဝက်ဝံညိုကြီးအား အာရုံစူးစိုက်စွာ ကြည့်ရှုလိုက်ပြီး သူမမျက်လုံးထဲတွ‌င်‌ေတာ့ နောက်ပြန်ဆုတ်မည့်အရိပ်အယောင်တစ်စွန်းတစ်စမျှမရှိဘဲ လျင်မြန်စွာဖြင့်ပင် အခြေအနေအား ခွဲခြားစိတ်ဖြာလိုက်ခဲ့တယ်။


တစ်ခုတည်းသော ထွက်ပေါက်အား အခြားသူက ပိတ်ဆို့ထားပြီး သူမကတော့ လက်ထဲမှာ ဓားတစ်ချောင်းသာ ရှိနေလေတယ်။ သူမနဲ့အတူ ကျားသစ်တစ်ကောင်ရှိပေမဲ့လည်း သူကလည်း အကောင်ပေါက်လေးပဲရှိသေးတယ်။ တကယ်လို့ ဝက်ဝံက သူမတို့နှစ်ယောက်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် သူမတို့မှာ နိုင်ဖို့ အခွင့်အရေးမရှိနိုင်။


ရက်စက်လှတဲ့ လက်ရှိအခြေအနေကို နားလည်လိုက်ပြီး ကျီရှောင်အုံးစိတ်တွေက ပိုလေးလံလာခဲ့တော့တယ်။


"ဒီတစ်ယောက်က......" ကျီရှောင်အုံး အခြားတစ်ယောက်အား အရင်စကားစ‌ေပြာလိုက်ပေမဲ့ သူမ ပါးစပ်ဖွင့်လိုက်ရုံရှိသေးတယ် ထိုသူက သူ့ကိုယ်ခန္တာကြီးကို ကုန်းလိုက်ပြီး လူမရှိနေသလိုပဲ ဝင်ပေါက်ကို ဖြတ်ကျော်ဝင်လာလိုက်တာကို မြင်လိုက်ရတယ်။


ကျီရှောင်အုံး သူ့ကို လမ်းဖယ်ပေးဖို့ သူမနောက်ကျောက သစ်ပင်ပင်စည်နဲ့ကပ်မိသည်အထိ အလောသုံးဆယ် နောက်ပြန်ဆုတ်လိုက်ရတယ်။


ဒီသစ်ပင်က ထူထဲပြီး နှစ်တစ်ရာသက်တမ်းလောက်ရှိတော့ လှိုက်ဂူကလည်း အတော်လေး ကျယ်ခဲ့တယ်။ ကျီရှောင်အုံး၊ အီရစ်နဲ့ ကျားသစ်လေးတို့ ဆံ့တာထက် ပိုနေသေးတာပဲဖြစ်တယ်။


အခုတော့ ဝက်ဝံက အထဲဝင်လာလိုက်တော့ လှိုဏ်ဂူက ရုတ်တရက်ကြီး အတော်ကျဉ်းတယ် ထင်သွားလိုက်ရတယ်။


ဝက်ဝံသားရဲလူသားနဲ့တင် လှိုဏ်ဂူတစ်ဝက် ပြည့်လုနီးပါး နေရာယူလိုက်ခဲ့တယ်။ သူ ထိုင်ချလိုက်တော့


ကျီရှောင်အုံးနဲ့ 'ရမ်'တို့က ထောင့်တွင် ကျပ်တုတ်သွားတော့တယ်။


ကျီရှောင်အုံးက အီရစ်ပြောထားတာကို ပြန်တွေး‌တောလိုက်တယ်။ ဒီလှိုဏ်ဂူက တိတ်ဆိတ်ခြောက်ကပ်နေပြီး သူတို့တွေ ပထမဆုံးဝင်လာတော့ အပူချိန်က အလွန်နိမ့်ကာ ဘယ်နေရာတွင်မှ သက်ရှိသတ္တဝါတစ်ကောင်နေတဲ့ အရိပ်လက္ခဏာမရှိခဲ့ဘူးပဲ။


သူမ ဝက်ဝံသားရဲလူသားကို ကြည့်ရှုလိုက်တော့ သူက သူ့ကိုယ်လုံးတစ်ဝက်အား ပင်စည်ကိုမှီထားတာတွေ့တယ်၊ သူ့ကြည့်ရတာ ဒီနေရာနဲ့ ရင်းနှီးပုံလဲ မပေါက်ပေ။


ကျီရှောင်အုံး မျှော်လင့်ချက်ရေးရေးလေးရှိတယ်လို့ ခံစားလိုက်ရတယ်။ ဒီနေရာက သူ့ပိုင်နက်မဟုတ်မှတော့ သူမတို့တွေ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံလို့ရကောင်းရနိုင်မှာပဲမလား။


ကျီရှောင်အုံး ကြောက်လန့်စိတ်မပေါ်စေဘဲ သူမပါးစပ်ကိုဖွင့်တော့မဲ့ဆဲဆဲတွင် ဝက်ဝံရဲ့ "ထွက်သွား" လို့ အမိန့်ပေးလိုက်တဲ့ အသံနိမ့်နိမ့်က ထွက်လာလိုက်တယ်။


ကျီရှောင်အုံး - "......"


ထိုသူက သင်းကွဲတိရစ္ဆာန်တစ်ကောင်ဆိုတာ သူမ သိတယ်။ အထူးသဖြင့် ဆောင်းခိုမဲ့အချိန်မှာ ပိုလို့တောင် အခြားသူတွေက သူ့ကို အနှောင့်အယှက်ပြုမှာကို မလိုလားမှာပဲ။


ဒါပေမဲ့ ဒီနေရာကို အရင်ရှာတွေ့တဲ့သူတွေက သူမတို့ပဲလေ၊ ဒါလေးကိုတောင် သူ နားမလည်နိုင်ဘူးလား။


ကျီရှောင်အုံး အသက်ပြင်းပြင်းရှူလိုက်ပြီး သူမအသံကို ပျော့နိုင်သလောက် ပျော့လိုက်ကာ တစ်ဖန်ကြိုးပမ်းလိုက်တယ်၊ "အပြင်ဘက်မှာ နှင်းအရမ်းကျနေတာ အနီးအနားမှာလဲ ခိုစရာနေရာတစ်ခုမရှိဘူး။ တကယ်လို့ နင်စိတ်မရှိဘူးဆိုရင် ငါတို့ ဒီမှာခဏလောက်နေပြိးတော့ နှင်းကျတာ ပါးသွားတဲ့အထိ စောင့်ချင်တယ်....."


ဝက်ဝံညိုရဲ့မျက်ဆံနက်များက ကျီရှောင်အုံးဆီ လှည့်လာလိုက်တယ်။ ဒါကပဲ သူ့ပင်ကိုစရိုက်ပဲလား ဒါမှမဟုတ် သူမ ပြောစကားကို စိတ်တိုင်းမကျလို့ပဲလားတော့ သူမ မသိပေမဲ့ သူ့မျက်နှာကတော့ ဘာခံစားမှုမှပြမနေခဲ့ပေ။


" ငါ့သူငယ်ချင်းတစ်ယောက်က အပြင်ထွက်ပြီး ထင်းခြောက်သွားရှာနေလို့ သူ မကြာခင်ပြန်ရောက်လာလိမ့်မယ်။ မီးမွေးလိုက်ရင် နည်းနည်းပိုနွေးလာလိမ့်မယ်။ နင် ... နင် လည်း အနွေးဓာတ်လိုမှာပဲ...."


ကျီရှောင်အုံး စကားဆုံးအောင်မပြောလိုက်ရခင် သားရဲလူသားက စိတ်မရှည်စွာ ချွန်ထက်တဲ့သွားနှစ်ချောင်းကို ထွက်လိုက်၍ ဟိန်းဟောက်လိုက်ကာ "ထွက်သွား"


ကျီရှောင်အုံး လက်မောင်းတစ်ဖက်တွင် ကျားသစ်ပေါက်လေးရှိနေကာ အခြားတစ်ဖက်က သူမကျောပိုးအိတ်အား တင်းတင်းကျပ်ကျပ် လွယ်လိုက်၍ သူတို့နှစ်ယောက်လုံး ခိုက်ခိုက်တုန်နေခဲ့တယ်။ အလွန်ကြောက်လန့်နေခဲ့ပေမဲ့လည်း သူမ သူ့စကားကိုတော့ နားမထောင်နိုင်ဆဲပင်။


အပြင်ဘက်နှင်းတောထဲကို လမ်းလျှောက်သွားဖို့က မဖြစ်နိုင်ပေ၊ အခု အပြင်ထွက်လိုက်ရင် သူမအသက်ကို လွှင့်ပစ်တာနဲ့ တူတူဖြစ်ပေလိမ့်မည်။


သူမ သူမနှုတ်ခမ်းသားများကို ကိုက်လိုက်ကာ အခြားတစ်ဖက်ကသူ သူ့စိတ်မပြောင်းသေးတာကို မြင်လိုက်တော့ မေးမြန်းဖို့ သူမကိုယ်သူမ တောင့်ခံထားလိုက်ကာ- "ငါ့သူငယ်ချင်းက အပြင်ဘက်မှာ ရှိနေတုန်းပဲ။ ငါတို့ သူပြန်လာတာကို စောင့်လို့ရမလား။ သူ


မကြာခင်ပြန်လာတော့မှာပါ"


ထိုသူ ငြင်းဖို့ အခွင့်မပေးဘဲ သူမ ကတိုက်ကရိုက် သူမခြုံစောင်အား သူ့ရှေ့တွင် ထိုးချပေးလိုက်တယ်၊ "နင် အေးနေတယ်မလား။ ငါ နင့်ကို ဒါပေးမယ်လေ၊ ဒါက နွေးတယ်" သူမ စိတ်ကို တည်ငြိမ်အောင်ထိန်းဖို့ ကြိုးပမ်းလိုက်ပေမဲ့ နောက်ဆုံးစကားလုံးတွင်တော့ တုန်ရီသွားခဲ့တယ်။


ဝက်ဝံက စကားပြန်မပြောဘဲ ခြုံစောင်ရဲ့အရှည်ကို ငုံ့ကာ ကြည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက အဲဒီနောက် သူမကျောပိုးအိတ်ထဲကနေ Dove ချောကလက်တစ်သေတ္တာကို ထုတ်လိုက်ကာ- " နင် ဒါ စားလား။ ဒါက ကယ်လိုရီမြင့်တယ်၊ နင် ဒါကို စားလိုက်ရင် ဗိုက်ဆာတော့မှာ မဟုတ်ဘူး"


ဝက်ဝံလူသားက သူမကိုသာလျှင် စိုက်ကြည့်နေဆဲဖြစ်ကာ ထိုအရာကို လက်မခံခဲ့ပေ။


ကျီရှောင်အုံးက အခြားတစ်ဖက်က ထိုသူကို အကြိုက်ဆောင်ဖို့ ပစ္စည်းတွေမျိုးစုံအား တစ်ခုပြီး တစ်ခုထုတ်ပြဖို့ အပတ်တကုတ် ဆက်လက်ကြိုးစားလိုက်တယ်။


သူမ နို့ဘူးနဲ့အမဲသားပြားကို ကိုင်လိုက်စဉ်တွင်တော့ သူမလက်ကောက်ဝတ်က ရုတ်တရက် ချွန်ထက်တဲ့လက်သည်းလေးနဲ့ ဖိထားခံထားလိုက်ရတယ်။


ကျီရှောင်အုံး ကျားသစ်လေးက သူမကို ပြန်စိုက်ကြည့်နေတာ မြင်ရဖို့ သူမခေါင်းကို ငုံ့လိုက်တယ်။


ကျီရှောင်အုံး ချက်ချင်းပင် သူက သူမအား ဟန့်တားဖို့ကြိုးစားနေမှန်း နားလည်လိုက်တယ်။


.... သူက သူ့အစာကို ကာကွယ်နေတာလား။


ကျီရှောင်အုံးက နို့ဘူးနဲ့အမဲသားပိုင်းအား အတင်းပြန်ထားပေးလိုက်တယ်၊ သူမ နေ့တစ်ဝက်လောက်အချိန်ကြာသွားအောင် လိုက်စမ်းပြီးမှ သူမလက်ချောင်းတွေက ဖန်ပုလင်းတစ်ပုလင်းအား ထိမိလိုက်တယ်။


သူမနှလုံးသားက အလင်းရောင်ခြည်များ ပြည့်နှက်သွားလိုက်ကာ ချက်ချင်းပင် သူမနေရာလွတ်ထဲမှ ထိုပုလင်းကို ထုတ်လိုက်ခဲ့ပြီး ဂရုတစိုက်နဲ့ ဝက်ဝံဆီသို့ တိုးချပေးလိုက်တယ်၊ " နင်.... ပျားရည် ကြိုက်လား"


သားရဲလူသားက အထဲကိုဖောက်မြင်နေရတဲ့ ဖန်ပုလင်းကို ကြည့်လိုက်တော့ ပျားရည်တွေအပြည့်ဖြစ်နေခဲ့တယ်။ အဖုံးမဖွင့်ရသေးတာတောင် အထဲက ချိုမြိန်တဲ့အနံ့အား သူအနံ့ခံနိုင်ခဲ့တယ်။


ဒီတစ်ခါတော့ သူ မငြင်းဆန်တော့ဘဲ ပျားရည်ပုလင်းအား သူ့ရဲ့လက်သည်းကြီးတွေနဲ့ လှမ်းဆွဲလိုက်ခဲ့တယ်။


ကျီရှောင်အုံးက သူ လက်ခံလိုက်တာတွေ့လိုက်ရမှ နောက်ဆုံး စိတ်သက်သာရာရသွားတော့တယ်။


သူမအိတ်ထဲကို ကျန်တဲ့ပစ္စည်းတွေ ပြန်ထည့်လိုက်၍ ထောင့်စွန်းလေးတွင် တိတ်တဆိတ်သွားထိုင်နေလိုက်တယ်၊ ပျားရည်ယူလာတဲ့ အခန်းဖော်အားလည်း သူမ အလွန်ကျေးဇူးတင်သွားတော့တယ်။


ဝက်ဝံသားရဲလူသားက သူတို့အား ထွက်သွားဖို့ နောက်ထပ် ဖိအားမပေးတော့ဘဲ ပျားရည်ပုလင်းအား လက်နဲ့ခပ်တင်းတင်းဖွင့်လိုက်ခဲ့တယ်။ လက်ညိုးကို ပျားရည်ပုလင်းထဲ ထိုးနှစ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ကော်ထည့်လိုက်ခဲ့တယ်။


မကြာမီမှာပဲ တစ်ပုလင်းလုံး စားပြီးသွားတော့ သူ့လက်မောင်းထဲမှာ ပုလင်းကို တင်းတင်းဖက်လိုက်ကာ စတင်အိပ်လိုက်တော့တယ်။


'မိန်းမပျို'က နေချင် နေ မှတော့ သူ့ကို နေခွင့်ပြုလိုက်တော့ပါမယ်လေ။


နှင်းက ခဏလေးတောင် မရပ်တန့်သွားခဲ့ပေ၊ သူ့ဗိုက်က အခု ပြည့်သွားပေမဲ့လည်း အချိန်တစ်ခုကြာရင်တော့ သူ့ဗိုက်က ပြန်ဆာလာမှာဖြစ်တယ်။


သူမကို သူ့ရဲ့အရန်အစားအစာအဖြစ် နေခိုင်းလိုက်တော့မယ်။


~~~~~~~~~~


နှင်းမုန်တိုင်းက ရပ်တန့်မသွားခဲ့၊ လေအေးတွေကလည်း ရံဖန်ရံခါဆိုသလို တိုးဝေ့တိုက်ခတ်နေခဲ့တယ်။


အီရစ် အပြင်ထွက်သွားတာ နှစ်နာရီတိတိကြာသွားခဲ့ပြီး လုံးဝပြန်ရောက်မလာခဲ့ပေ။


ကျီရှောင်အုံးရဲ့စိုးရိမ်မှုများက ပိုတိုးလာခဲ့တယ်၊ မမျှော်လင့်တာတစ်ခုခု ကြုံရမှာ စိုးရိမ်နေမိတယ်။ သို့သော်လည်း ဒီတစ်ခါတော့ သူမလည်း အပြင်ထွက်ဖို့ နည်းလမ်းမရှိပေ။ ဝင်ပေါက်က နှင်းမုန်တိုင်းကြောင့် ပိတ်သွားပြီဖြစ်ကာ သူမ ဒူးခေါင်းထိ ရောက်နေပြီဖြစ်တယ်။ သူမ အပြင်ထွက်ခဲ့တာတောင်မှ နှင်းတောထဲမှာ လမ်းလျှောက်သွားဖို့ သန်မာတဲ့ခြေထောက်တွေရှိတဲ့ တိရစ္ဆာန်တောင် မရှိခဲ့ပေ။


သူမလက်ကောက်ဝတ်က နာရီက ခြောက်နာရီသို့ ညွှန်ပြနေခဲ့ပြီး အမှောင်ကျသွားပေမဲ့ အီရစ် က ပြန်ရောက်မလာခဲ့တုန်းပင်။


ကျီရှောင်အုံး ကျားသစ်လေးကို အစာကြွေးလိုက်ပေမဲ့ သူမကိုယ်တိုင် စားချင်စိတ်မရှိတော့ မစားလိုက်ခဲ့ပေ။


သစ်ခေါင်းလှိုဏ်ဂူထဲမှာ မီးမရှိတော့ အမှောင်ထဲမှာ သူမဘာမှမမြင်ရတော့ပေ။ ကျီရှောင်အုံး ဓာတ်မီးထိုးလိုက်တော့ ဝက်ဝံက သူမ ဆန့်ကျင်ဘက်မှာ ငြိမ်သက်စွာ လဲလျောင်းနေတာကို ပြနေခဲ့တယ်။


ဝက်ဝံကြည့်ရတာ အိပ်ပျော်နေသည့်ပုံပဲ၊ သူ့ရဲ့ကြီးမားတဲ့ခန္တာကိုယ်ကြီးက မြေကြီးပေါ်တွင်လဲလျောင်းနေပေမဲ့ တောင်တစ်လုံးလို ကြီးမားနေခဲ့တယ်။


ပျားရည်စားပြီးတော့ သူ ဆောင်းခိုသွားတာများလား။


ကျီရှောင်အုံး ဝက်ဝံ ရုတ်တရက်ကြီး နိုးလာမှာကြောက်တာကြောင့် မအိပ်ရဲခဲ့ပေ။ သူမနဲ့ 'ရမ်'က အဲဒီအချိန် ဒုက္ခရောက်ပေလိမ့်မည်။ သူမ အပြင်ဘက်က အခြေအနေကိုလည်း ကြောက်နေရပြီး အနွေးအိပ်ရာတွင် မအိပ်ဘဲနဲ့ ထိုင်၍သာနေလိုက်တယ်။


သို့သော်လည်း သူမ ဒီတိုက်ကြီးကို ရောက်လာတည်းက သူမမှာ စောစောအိပ်တက်သည့် အလေ့အကျင့်ဖြစ်သွားခဲ့တယ်။


နှစ်နာရီလောက်ကြာပြီးနောက် သူမမျက်လုံးတွေက ဆက်မဖွင့်ထားနိုင်တော့ဘဲ ခေါင်းငိုက်စိုက် ကျကာ ငိုက်မြည်းလာတော့တယ်။


ကျီရှောင်အုံးက လက်မနဲ့လက်ညိုးကြားကို ဖိညှပ်လိုက်ပြီး သူမကိုယ်သူမ မအိပ်ပျော်အောင် အတင်းလုပ်လိုက်ပေမဲ့ အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိပြီး သူမမျက်လုံးတွေက တဖြေးဖြေးချင်း ပိုပိတ်ကျလာပြီး သူမအား အိပ်ပျော်သွားစေလိုက်တော့တယ်။


မနက်ဝေလီဝေလင်းချိန်တွင် လှိုဏ်ဂူက တိတ်ဆိတ်နေခဲ့ကာ အပြင်ဘက်တွင်လည်း နှင်းနဲ့လေတွေက ဖျော့တော့စွာ တိုက်ခတ်နေခဲ့တယ်။


အမှောင်ထုထဲတွင် ဝက်ဝံသားရဲလူသားက ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်လုံးနက်တွေက ဂူထောင့်က ကောင်မလေးကို လှမ်းကြည့်လိုက်ကာ သူမဆီ လျှောက်သွားလိုက်ခဲ့တယ်။


ကျီရှောင်အုံးက သူမကျောပိုးအိတ်ကို ပိုက်လျက် မြေကြီးပေါ်မှာ ဘောလုံးလေးတစ်လုံးလို ကွေးကာ လဲလျောင်းနေခဲ့တယ်။


မြေကြီးက စောင်ခင်းထားပြီး သူမ အနွေးအိပ်ရာထဲမှာ ကွေးနေခဲ့ပေမဲ့လည်း လေထဲက လေအေးတွေအား မခုခံနိုင်ခဲ့ပေ။


ဝက်ဝံက ကောင်မလေး၏ရှေ့တွင် ရပ်တန့်လိုက်ပြီး သူ့ရဲ့ကြီးမားတဲ့လက်ကို ဆန့်ထုတ်လိုက်ကာ ကောင်မလေးရဲ့....... ဆီလက်လှမ်းလိုက်ခဲ့တယ်။


သတိပေးခြင်းမရှိဘဲ ကောင်မလေးလက်မောင်းထဲက ကျားသစ်လေးက မျက်လုံးပွင့်လာလိုက်ကာ သူ့ရဲ့တောက်ပနေတဲ့သူငယ်အိမ်က သူ့အား တည့်တည့်စိုက်ကြည့်လိုက်ခဲ့တယ်။


ကျားသစ်မျိုးနွယ်တွေက အမှောင်ထဲမှာတောင် ရှင်းရှင်းလင်းလင်းမြင်နိုင်တာပဲဖြစ်တယ်။


'ရမ်'က သူ့ရှေ့က ကြီးမားလှတဲ့ ဒီဝက်ဝံ ကိုယ်ခန္တာကြီးကို စိုက်ကြည့်လိုက်တယ် ဒီဝက်ဝံက ဘယ်လောက်ကြီးမလဲဆိုတာ‌ေတာ့ သူ‌ေသချာမသိပေ၊ ဒါပေမဲ့ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်သွားလိုက်ပြီး နောက်တွန့်သွားခြင်းမရှိပဲ သတိပေးချက်တစ်ခုအရိပ်အမွတ် ဖော်ပြလိုက်ခဲ့တယ်။


ဝက်ဝံရဲ့လက်က ရပ်တန့်သွားလိုက်ပြီး ဖြည်းညင်းစွာနဲ့ သူ့ဘေးသို့ ပြန်လှည့်လိုက်တယ်။


နောက်တစ်နေ့မနက်ခင်းရောက်တွင် နှင်းမုန်တိုင်းက အရင်နေ့ကထက် အနည်းငယ်စဲသွားခဲ့တယ်။


ကျီရှောင်အုံး အနွေးအိပ်ရာထဲမှ သူမခေါင်းပြူထွက်လိုက်၍ သူမ ဘယ်ကိုရောက်နေလဲဆိုတာသိဖို့ ခဏလောက် လှည့်လည်ကြည့်ရှုလိုက်ခဲ့တယ်။


သူမ ဆန့်ကျင်ဘက်က နေရာကွက်လပ်တွင် ဘာမှမရှိတော့ချေ၊ ဆောင်းလာခိုတဲ့ဝက်ဝံက ထွက်သွားခဲ့ပြီး အီရစ်က ခုထိ ပြန်ရောက်မလာခဲ့သေးပေ။


သူမ ခေါင်းအုံးပေါ်မှာ လှဲနေတဲ့ကျားသစ်လေးကတော့ ရှိနေဆဲဖြစ်ပြီး သူ့မျက်လုံးတွေပိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိနေခဲ့တယ်။


ကျီရှောင်အုံး အသာကလေး ထထိုင်လိုက်ပြီး သတိမမူမိဘဲ ပတ်ဝန်းကျင်မှာ သူမကျောပိုးအိတ်အား ရှာ‌ေဖွကြည့်မိလိုက်တယ်။


ဒီနေရာကိုရောက်တည်းက သူမတွင် အကျင့်တစ်ခုရှိလာခဲတယ်။ သူမကျောပိုးအိတ်လေးမှာ သူမရဲ့အားကိုးအားထားရာတွေ ရှိနေတာမို့ သူမနိုးလာရင် ပထမဆုံးလုပ်တဲ့အလုပ်က သူမ ကျောပိုးအိတ်ကို ရှာလိုက်တာပဲဖြစ်တယ်။


သို့ပေမဲ့လည်း ဒီနေ့မှာတော့ သူမ ထလာတော့ ဘာမှမရှိပေ။


ကျီရှောင်အုံးက သူမနှလုံးသားထဲမှာ မကောင်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်သွားကာ ငေးတိငေးကြောင်လေး ဖြစ်သွားလိုက်တယ်။


သူမ ဂူအတွင်း အပြင်အား ကြည့်လိုက်ခဲ့ပေမဲ့ သူမကျောပိုးအိတ်နဲ့တူတဲ့ ဘာအရိပ်အယောင်တစ်စွန်းတစ်စမှ မမြင်မိလိုက်ပေ။


သူမရဲ့သံလိုက်အိမ်မြောင်၊ ဓာတ်မီး နှင့် ဖုန်း အားလုံးက အိတ်ထဲမှာ ရှိနေခဲ့တာပဲ။


Chapter end