Chapter 11
Viewers 9k

 

ကြင်နာတတ်တဲ့ သားရဲကောင်လေး


ဘာသာပြန်သူ - tartarmoon


အပိုင်း(၁၁)


လူအုပ်စု၏ဆွေးနွေးသံတွေက ဆက်လက်ဖြစ်ပေါ်နေခဲ့တယ်။


သားရဲလူတွေရဲ့လျှာဖျားကနေ တက်တက်ကြွကြွ ဖြီးလုံးထုတ်နေတာက ဒီထူးဆန်းတဲ့ကျောပိုးအိတ်အား သိလိုစိတ်တွေပြည့်နှက်သွားစေခဲ့တယ်. သို့ပေမဲ့ ထိုအရာအတွက် တစ်ခုခုနဲ့ဖလှယ်လိုက်ဖို့ကျ ဘယ်သူကမှ တကယ်တမ်း မလဲချင်ခဲ့ကြပေ။


'ထိုအရာက မျက်စိကျစရာရော အသုံးတည့်စရာရော နှစ်မျိုးလုံးမရှိမှတော့ အဲဒါနဲ့ ဘာလုပ်လို့ရနိုင်မှာလဲ။'


မြေခွေးနီတစ်ကောင်က ကျောပိုးအိတ်အား ငါးနှစ်ကောင်နှင့် ကြက်အရှင်သုံးကောင်နဲ့ ရောင်းရန် ဈေးခေါ်လိုက်ခဲ့တယ်။


ဝိုင်းကြည့်နေတဲ့လူတွေက ဒီ‌ဈေးနှုန်းကို စိတ်ဝင်စားသည့်ပုံမပေါ်တော့ မြေခွေးနီက ခေါ်ဈေးထက် နှိမ့်ချကာ ငါးတစ်ကောင်နဲ့ ကြက်အရှင်နှစ်ကောင်နဲ့ထားဖို့ ဈေးတင်လိုက်ခဲ့တယ်။


သားရဲလူတစ်ယောက်ကမှ လှဲလှယ်လိုခြင်း မရှိကြတုန်းပင်။


"ဒါကြီးက အသုံးဝင်မဲ့ပုံမပေါ်ပါဘူး"


"ငါ့ရဲ့ကြိမ်ခြင်းလောက်တောင် မကောင်းဘဲနဲ့...."


"အထဲက ဘာကြီးလဲ။ ဒါက မီးမွေးတဲ့မှန်ဘီလူးလား" ဖျံသားရဲလူသားက ဓာတ်မီးအား လက်ညိုးထိုးရင်း မေးလိုက်တယ်။ ခုံးနေတဲ့မှန်အကြည်က မှန်နဲ့တော်တော်တူနေခဲ့တယ်။


ထိုအရာကိုရောင်းတဲ့သားရဲလူက ဘာမှမပြောနိုင်ပေ။


ဝက်ဝံညိုက ကျောပိုးအိတ်အား ပျားရည်တစ်ပုလင်းနှင့် အာလူးဆယ်လုံးနဲ့ လဲသွားခဲ့တာဖြစ်တယ်။


သူက ဒီလိုအသစ်အဆန်းဖြစ်တဲ့ကျောပိုးအိတ်နဲ့ အထဲက အရာသုံးခုကို မြင်ပြီး တရွရွဝယ်ချင်စိတ်ပေါက်ကာ သဘောတူလိုက်ခဲ့တာပဲဖြစ်၏။


အဖိုးမတန်တဲ့ပစ္စည်းတွေဖြစ်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။


ဘယ်သူမှ ထိုပစ္စည်းအတွက် မလဲလှယ်ချင်ကြတော့ အမွေးနီမြေခွေးက ငါးတစ်ကောင်နဲ့ ကြက်အရှင်တစ်ကောင် ဖြင့် ဈေးထပ်ချလိုက်ခဲ့တယ်။


ကျီရှောင်အုံးတစ်ယောက် ပြန်ယူနိုင်စွမ်းမရှိတော့ ဂနာမငြိမ်ဖြစ်လာခဲ့တယ်။


သူမလက်ထဲမှာ ငါးလည်းမရှိ ကြက်လည်းမရှိဘူးဆိုရင် သူမ ကျောပိုးအိတ်အား ပြန်မရနိုင်တော့မှာပဲမလား။


"တောင်းပန်ပါတယ် ဘေးဖယ်ပေးပါဦး"


အီရစ်က နောက်ကနေ တိုးဝင်လာလိုက်တော့ သူ့ဘေးနားက သားရဲလူကို သူ့သမင်ချိုကြီးနဲ့ တိုက်မိလိုက်ပြီး ကျီရှောင်အုံးဘက် လှည့်မကြည့်မီ အရင် ကမန်းကတန်းတောင်းပန်လိုက်တယ်၊ " အုံး နင်ဘာလုပ်နေတာလဲ"


ကျီရှောင်အုံး ရှင်းပြဖို့အချိန်မရဘဲ တန်းသာမေးလိုက်တယ်၊ "အီရစ် ဘယ်နေရာကနေများ ငါးတစ်ကောင်နဲ့ ကြက်အရှင်တစ်ကောင် ရနိုင်မလဲ နင်သိလား"


အီရစ်က ဘာလို့ဒီလိုမေးမှန်း နားမလည်လိုက်သော်လည်း သူ အလေးအနက်ထားပြီး ဖြေပေးလိုက်ဆဲပါ၊ " ကြက်တွေက ဖာရစ်ရွာအနောက်က တောင်ပေါ်မှာ ရနိုင်တယ်၊ ငါးကတော့ မြစ်ထဲမှာ ရနိုင်တယ်။ တကယ်လို့ နင်လိုတယ်ဆိုရင် ငါ ပြန်သွားပြီးတော့ နင့်ကို ကူဖမ်းပေးမယ်လေ" သူက ကျောပိုးအိတ်ဆီသို့ ဖြတ်ခနဲ အကြည့်ရောက်သွားလိုက်ကာ သူ့ရဲ့နက်မှောင်တဲ့ သမင်မျက်လုံးတွေက ပြူးကျယ်သွားလိုက်ပြီး မေးလိုက်တယ်၊ " ဟေး...အုံး အဲဒါ နင့်ဥစ္စာမဟုတ်ဘူးလား......"


ကျီရှောင်အုံး သူမလက်ညိုးအား နှုတ်ခမ်းပေါ် ချက်ချင်းတင်လိုက်ရင်း ဆိတ်ဆိတ်နေဖို့‌ ပြောလိုက်တယ်၊ "ရှူး" သားရဲလူတွေ စိတ်ဝင်တစား ဝိုင်းအုံလာမှာကို သူမ မလိုချင်ခဲ့ပေ။


အကယ်၍ ငါးတစ်ကောင်နဲ့ ကြက်အရှင်တစ်ကောင်သာရှိတာနဲ့ပဲ ပြဿနာကို ဖြေရှင်းနိုင်မယ်ဆို သူမ အဲဒါကို ဒီအတိုင်းသာ ပိုလုပ်ထားခဲ့လိုက်ချင်တယ်။


သူမစဉ်းစားနိုင်တာထက်ကို သားရဲကမ္ဘာက ပိုပိုလို့ ရှုပ်ထွေးလာခဲ့တော့ သူမ ဘာဇယားရှုပ်စရာမှ မလိုချင်ပေ။


ဒီတစ်ခါတော့ ကျောပိုးအိတ်ရဲ့ဈေးနှုန်းက ငါးတစ်ကောင်နဲ့ ကြက်အရှင်တစ်ကောင်ကနေ ထပ်လျော့သွားလိုက်ပြန်တယ်။


လူအုပ်ကြီးက လူစုကွဲသွားကာ တစ်ချို့တစ်လေက အလဲအလှယ်လုပ်ဖို့ ကြက်တစ်ကောင် ပြန်ယူရန် သွားနေခဲ့၏။


ကျီရှောင်အုံး သူများဦးသွားမှာစိုးတာကြောင့် သူမလက်ကို ခပ်မြန်မြန်မြှောက်လိုက်ကာ ပြောလိုက်တယ်၊ " ကျွန်မ ကျွန်မလိုချင်တယ်"


အမွေးနီသားရဲမြေခွေးလူက သူမအား ကြည့်လိုက်တော့ လက်ဗလာရှိနေတဲ့သူမနဲ့ ကလေးအသွင်ပြင်ကို တွေ့လိုက်တော့ သူ့နှုတ်ခမ်းများတွန့်ကွေးသွားကာ - " ဒါကို လဲဖို့ မင်းမှာ ဘာရှိလဲ"


ကျီရှောင်အုံး သူမအောက်နှုတ်ခမ်းသားအား ကိုက်လိုက်တယ်။ တကယ်လို့ ၂၁ ရာစုသာဆိုရင်တော့ သူမ ကျောပိုးအိတ်ကို ပြန်ဝယ်ဖို့ ချီတုံချီချဖြစ်နေမှာ မဟုတ်ပေ။


သို့ပေမဲ့ ဒီနေရာကတော့ မတူညီတဲ့ကမ္ဘာတစ်ခုဖြစ်ပြီး သုံးစွဲတဲ့ငွေကြေးမရှိတော့ သူမ ပစ္စည်းနဲ့သာလျှင် လဲယူနိုင်လေတယ်။


တကယ်တမ်းက သူမနေရာလွတ်ထဲတွင် ရေခဲရိုက်ထားတဲ့ ပင်လယ်စာနဲ့ကြက်သားတွေ အများကြီးရှိပေမဲ့ ဒီနေရာမှာက လမ်းမပေါ်မှာ သားရဲလူတွေ ရှိနေတော့ သူတို့ရှေ့မှာ ထိုပစ္စည်းတွေကို ထုတ်လို့က မရနိုင်ပေ။


သူတို့ သေချာပေါက် သူမကို လူထူးလူဆန်းတစ်ယောက်လို့ တွေးလိုက်မှာပင်။


အီရစ်က ကျီရှောင်အုံးဘေးတွင် ရပ်နေရင်းနဲ့ အမွေးနီမြေခွေးအား မေးလိုက်တယ်၊ " ငါတို့ မင်းကိုအလဲလှယ်လုပ်ဖို့ ပစ္စည်းသွားရှာနေတုန်း မင်း ဒီအိတ်ကို ငါတို့အတွက် သိမ်းထားပေးနိုင်မလား"


မြေခွေးသားရဲလူက သူ့အား ကြည့်လိုက်ခဲ့တယ်။ ဖာရစ်ရွာက ငြိမ်းချမ်းရေး ကျေးရွာတစ်ခုဖြစ်ပေမဲ့လည်း အသားစားမျိုးနွယ်ဝင်တွေက အရွက်စားတဲ့သူတွေကို အားနည်းတဲ့သူတွေအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ဒီတော့ အီရစ်ရဲ့စကားအား သူ အတည်မယူလိုက်ပဲ သူတို့အား တမင်တကာ အရှက်ခွဲရန် ကြံစည်လိုက်တယ်၊ "ကောင်းပြီလေ... မင်းပြန်လာတဲ့အချိန်ကျရင် ငါး ငါးကောင်နဲ့ ကြက်အရှင်တွေယူလာရမယ်"


အီရစ်က ကြောင်တောင်တောင်ဖြစ်သွားကာ ရှုသိုးသိုးမျက်နှားထားနဲ့ ပြောလိုက်တယ်၊ "ဒါကြီးကတော့ တရားမမျှတဲ့သဘောတူမှုပဲ"


အမွေးနီမြေခွေးက ပြုံးကာပြောလိုက်တယ်၊ "ဒီပစ္စည်းက ငါ့ဟာပဲ။ ငါပြောတာ အတည်ပဲ။ မင်းက ငါ့ကို စောင့်လဲစောင့်ခိုင်းစေချင်သေးတယ် ငါ ဈေးတင်လိုက်တာကို မင်းက ခွင့်မပြုဘူးပေါ့"


အီရစ် အံကြိတ်လိုက်ပြီး မခံမရပ်နိုင်ဖြစ်သွားလိုက်ပေမဲ့ ဘာမှပြန်မပြောလိုက်နိုင်ပေ။


ကျီရှောင်အုံးက အီရစ်အား အရှက်မခွဲခံစေချင်တော့ဘဲ မြေကြီးပေါ်မှာ ကျားသစ်လေးကို ချထားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ မမြင်ကွယ်ရာတောင့်တစ်ခုမှာပုန်းပြီး ရေခဲရိုက်ကြက်နဲ့ငါးတွေထုတ်ဖို့ အဆင်သင့် လုပ်လိုက်ခဲ့တယ်။ 


ဒါပေမဲ့ သူမ မလှုပ်ရှားရသေးခင်မှာပဲ သူမရှေ့ကို လက်တစ်ဖက်လှမ်းလာပြီးတော့ ကျောပိုးအိတ်အား အလွယ် မယူလိုက်ပြီး အမွေးနီမြေခွေးအား ပြောလိုက်တယ်၊ " ဒါကို ငါ ယူမယ်"


ကျီရှောင်အုံးက နည်းနည်းလေးနှေးသွားလိုက်ပေမဲ့ အလောတကြိးပြောလိုက်တယ် ၊ " အဲဒါကို ငါ အရင်ယူထားတာလေ"


အခြားတစ်ဖက်ကလူက အမွေးတောင် ကောင်းကောင်းမစုံသေးတဲ့ ဒီ 'အမ'အငယ်လေးကို ငုံ့ကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်က ရွဲ့‌စောင်းသွားကာ သူမစကားအား ဟာသလုပ်လိုက်ခဲ့တယ်၊ " ဒါကို မင်း အရင်ယူထားတာလား။ အခု ငါ့ဥစ္စာဖြစ်သွားပြီပေါ့"


အဲဒီနောက် သူ့နောက်မှပါလာတဲ့အဖော်တွေဆီကနေ ငါးတစ်ကောင်နှင့်ကြက်အရှင်တစ်ကောင်ယူလိုက်ကာ မြေခွေးသားရဲလူအမျိုးသားအား လွှဲပေးလိုက်ပြီး လက်သည်းတွေနဲ့ ကျောပိုးအိတ်အား ချိတ်ယူလိုက်ခဲ့တယ်။


ကျောပိုးအိတ်၏ဇစ်က ပွင့်ဟနေတော့ တိမ်းစောင်းသွားချိန် အထဲရှိ ဓာတ်မီးက လျှောထွက်လာခဲ့တယ်။


ပိုင်ရှင်အသစ်ရဲ့အခြားလက်တစ်ဖက်က ထိုအရာကို ဖမ်းယူလိုက်ပြီး သူ့လက်ထဲတွင် စူးစမ်းလိုစိတ်နဲ့ လှည့်ပတ်ကြည့်ရှုလိုက်ခဲ့တယ်။


ကျီရှောင်အုံး စိတ်လောနေတာကို ထိန်းချုပ်လိုက်ပြီး မစဉ်းစားဘဲ ပြောချလိုက်တယ်၊ "ကျွန်မ ရှင့်ကို တစ်ခုခုနဲ့အလဲအလှယ်လုပ်ရင် ရှင် ကျွန်မကို ဒီအိတ်ပေးနိုင်မလား"


ပြောလိုက်ရင်းနဲ့ သူမမော့ကြည့်လိုက်တော့ အခြားတစ်ဖက်က လူရဲ့မျက်နှာအား ပထမဆုံးအကြိမ် မြင်လိုက်ရပြီး ခဏမျှ ကြောင်အ သွားခဲ့တယ်။


ဒါက ကျီရှောင်အုံးတစ်ယောက် သူမဖြတ်သန်းလာထဲက လူသားအသွင်သဏ္ဍာန်နဲ့ အနီးစပ်ဆုံး သားရဲလူတစ်ယောက်အား ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းပင်။


သူ့တွင် မှန်ကန်တဲ့ မျက်နှာပုံပန်းသွင်ပြင်ရှိနေခဲ့တယ်၊ သူ့ပါးစပ်ထောင့်အစွန်းတွေ ဖြောင့်တန်းလျက် သူ့မျက်ခုံးရိုးကြားတွင် အမဲရောင်အမှတ်ရာရှိပြီး ပုံပန်းသွင်ပြင်က လူသားတစ်ယောက်နဲ့ တစ်ထေရာတည်း တူလုနီးပါးပင်။


တကယ်လို့သာ သူ့ပါးစပ်ကထွက်နေတဲ့ ချွန်ထက်တဲ့သွားစွယ်နှစ်ခုသာ ရှိမနေခဲ့ရင် သူက သူမနဲ့တစ်မျိုးနွယ်စုတည်းလို့ တွေးလိုက်မိမှာဖြစ်တယ်။


သူက ဓာတ်မီးအား အကြာကြီး စူးစမ်းကြည့်ပြီးနောက် နောက်ဆုံးတွင်မှာ ပါဝါခလုတ်အား ရှာတွေ့သွားခဲ့တယ်။


သူ့လက်သည်းတွေက ဘေးဘက်အား ညင်သာစွာတွန်းလိုက်တော့ ထိုအရာက အပေါ်သို့ ရွေ့သွားခဲ့တယ်။


ကျီရှောင်အုံးက သူ့လုပ်ကိုင်နေတာကို မြင်လိုက်ရကာ သူမနှလုံးသားက သူလည်ချောင်းထဲထိ ကော့တက်လာ‌ခဲ့ တော့တယ်။


ဓာတ်မီးက ခလုတ်ပွင့်သွားလိုက်ပြီးတော့ လူအုပ်ကြီးထဲမှာ အလင်းတန်းတစ်ခုထွက်လာမှာကို သူမ ကြောက်လန့်သွားမိတာပဲဖြစ်၏။


ဒါပေမဲ့ ခဏလောက်ကြာပြီးနောက် ဓာတ်မီးက ဘာတုံ့ပြန်မှုမှမရှိခဲ့ပေ။


သားရဲလူက ခလုတ်အား အပေါ်တင်လိုက် အောက်ချလိုက်လုပ်လိုက်ပြီး စူးစူးစိုက်စိုက် ကြည့်ရှုလိုက်တယ်။


ကျီရှောင်အုံးသာလျှင် ဘာဖြစ်သွားလဲ သိလိုက်တယ်။


သူမ ဒီကမ္ဘာကိုရောက်လာတည်းက ညတိုင်းလိုလို ဓာတ်မီးကို အသုံးပြုထားခဲ့တာဖြစ်တယ်။ ဘက်ထရီသက်တမ်းက အကန့်သတ်နဲ့ဖြစ်တော့ အခု အားမရှိတော့တာကြောင့် မလင်းတာ ပုံမှန်ပဲဖြစ်၏။


ဒါပေမဲ့ သူမနေရာလွတ်ထဲမှာတော့ ဘက်ထရီဓာတ်ခဲတုံးကတ်တွေ တော်တော်များများရှိ‌နေသေးတယ်။


အခြားတစ်ဖက်ကလူက နောက်ဆုံးတွင်မှ ကျီရှောင်အုံး၏စကားအား အတည်ပြုချက်ရသွားက ဓာတ်မီးအား အိတ်ထဲသို့ ပြန်ထိုးထည့်လိုက်ပြီး သူမအား ငုံ့ကြည့်လိုက်ခဲ့တယ်။


သူ့နှုတ်ခမ်းထောင့်စွန်းက မထိတထိ အပြုံးတစ်ခုနဲ့ မြင့်တက်သွားလိုက်ကာ တည်ငြိမ်စွာ မေးလိုက်တယ်၊ "မင်းက ဒါကို ဘာနဲ့ လဲနိုင်လို့လဲ"


ကျီရှောင်အုံး သူမနှုတ်ခမ်းအား ကိုက်လိုက်ကာ - "ရှင် ဘာလိုချင်လဲ"


သူမ‌ပြောတာကို ကြားလိုက်တော့ ကျီရှောင်အုံးတစ်ကိုယ်လုံးခြုံကြည့်လိုက်၍ အီရစ်အား ပြောင်ပြောင်တင်းတင်းပင် ဆာလောင်နေတဲ့မျက်လုံးတွေနဲ့ ကြည့်ရှုလိုက်ခဲ့တယ်၊ " အိုး ဘာပဲဖြစ်ဖြစ်ရတာလား။ အခု ငါ ဒီအိတ်ကို အစားအစာနဲ့လဲထားတာဆိုတော့ မင်းအဖော်ကို ငါ့တို့ဆီပေးလိုက်ရင်ရော ဘယ်လိုသဘောရလဲ"


အီရစ်ရဲ့မျက်နှာက ချက်ချင်းပင် ဖြူရော့သွားတော့တယ်။


ကျီရှောင်အုံး - "......."


အခြားတစ်ဖက်ကလူက အိတ်အား အလဲလှယ်လုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးထားတာပင်၊ ဒါကြောင့်မို့ သူက ကျီရှောင်အုံးအား စနောက်ဖို့ ဒီလိုမျိုး ပြောလိုက်တာပဲဖြစ်တယ်။


သားရဲလူနှင့်သူ့အဖွဲ့သားတွေက သူမတို့ရဲ့ထိတ်လန့်ချောက်ချားသွားတဲ့ မျက်နှာအမူအရာတွေကို သဘောကျသွားပြီးတော့ တသောသောရယ်‌မောလိုက်ကြကာ ကျီရှောင်အုံးရဲ့ကျောပိုးအိတ်အား သယ်‌ဆောင်သွားလိုက်ကြတော့တယ်။


ကျီရှောင်အုံးက သူတို့ထွက်ခွာသွားတဲ့ဦးတည်ဘက်အား စိုက်ကြည့်လိုက်ရင်း သူတို့မျိုးနွယ်စုကို သိချင်မိသွားတယ်။ ခဏအကြာမှာ သူတို့နောက်က အမွေးပွအမြီးနှင့် သူတို့ရဲ့မရည်ရွယ်ဘဲ အော်မြည်လိုက်တာကို ကြားလိုက်ရတော့မှ နောက်ဆုံး သိသွားလိုက်ခဲ့တယ်။


"ဝူး....."


သူမ ဒီနေရာကိုရောက်တဲ့ ပထမဆုံးညတုန်းက သူမ ထိုလိုမျိုးအသံ တူတူ အား ကြားထားခဲ့တာဖြစ်တယ်။


ဝံပုလွေအုပ်တစ်အုပ်ပင်။


~~~~~~~~~


ကျီရှောင်အုံး သူမကျောပိုးအိတ်အား ပြန်မယူနိုင်တော့တာမို့ အနည်းငယ်လေး စိတ်ဓာတ်ကျသွားမိတယ်။


ဝံပုလွေသားရဲလူတွေက ဘာလို့ သူမကျောပိုးအိတ်အား လိုချင်သွားလဲဆိုတာ သူမ မခန့်မှန်းနိုင်ပေ။ သူတို့ ဓာတ်မီးကိုတောင် သုံးလို့မှမရမှတော့ သူတို့ကို အဲဒါပေးလည်း ဘာသွားသုံးလို့ရတော့မှာလဲ။


အီရစ်လည်း သူ့ပင်ကိုယ်ဗီဇကိုက အသားစားမျိုးစိတ်အားလုံးအား အလိုလိုကြောက်ရွံ့နေတာမို့ ကူညီဖို့ရာ မတတ်နိုင်ရှာပေ၊ အခုတော့ သူနောင်တနည်းနည်းရသလိုခံစားနေလေတယ်။ ဒါ့ကြောင့် သူ အလျင်စလို နှစ်သိမ့်လိုက်တယ်၊ " အုံး မစိုးရိမ်ပါနဲ့ဦး။ ငါတို့ပြန်သွားပြီးတော့ ရုသ် နဲ့ တိုင်ပင်ကြည့်ကြတာပေါ့။ ငါတို့ အဲဒါကို ပြန်ယူဖို့ သူ နည်းလမ်းရှာနိုင်မှာပါ။"


ကျီရှောင်အုံးက သူဆိုလိုတာအား ကောင်းကောင်းနားလည်ပေမဲ့ အခြားတစ်ဖက်ကလူက ဝံပုလွေအုပ်စုတစ်ခုပဲလေ။ သူမ အီရစ်အား ဘာအန္တရာယ်နဲ့မှ မစွန့်စားစေချင်ပေ၊ သူမခေါင်းကို ခါရမ်းလိုက်ပြီး ကျေးဇူးတင်စွာ ပြန်ပြောလိုက်တယ်၊ " ကျေးဇူးပါပဲ အီရစ်ရယ် ဒါပေမဲ့ ငါလည်း အဲဒါအတွက် တစ်ခုခု ကြံဦးမှာပါ"


အီရစ်က သူမကျောပိုးအိတ်အား ဘယ်လိုဆုံးရှုံးလိုက်ရလဲ မေးမြန်းလိုက်ခဲ့တယ်၊ ကျီရှောင်အုံးက မနေ့ညက သူမနဲ့ ဆုံခဲ့တဲ့ ဝက်ဝံညိုအား ပြန်တွေးလိုက်ခဲ့တယ်။ သူမ အီရစ်အား သားရဲလူနဲ့ သစ်ခေါင်းလှိုဏ်ဂူမှာ ဘယ်လိုတစ်ညတာ ကုန်ဆုံးခဲ့လဲဆိုတာ ပြောပြလိုက်ခဲ့တယ်၊ " ငါ ထင်တာတော့ သူပဲ အိတ်ကို ယူသွားတာပဲနေမယ်။ ဒီမနက် ငါ နိုးလာတော့ သူရော ငါ့အိတ်ရော မရှိတော့တာ"


အီရစ်က ခဏမျှ မျက်မှောင်ကြုတ်လိုက်ပြီး အဆိုပြုလိုက်တယ်၊ " အုံး.. ငါတို့ အခုချက်ချင်းကြီးတော့ အဆင်မပြေသေးဘူး။ ငါတို့ ရုသ် ရဲ့နေရာကို အရင်ပြန်သွားလိုက်ရင်ရော၊ ငါတို့ နင့်အိတ်နဲ့ပတ်သတ်ပြီး တစ်ခုခုတော့ လုပ်စရာရှိမှာပါ" 


သူမမှာလည်း အခြားအကြံမရှိတော့ ကျီရှောင်အုံး သူမစိတ်ကိုသူမ ဖိအားပေးကာ အားပြန်သွင်းလိုက်တယ်၊ ရုသ်က အီရစ်အား လာခေါ်တဲ့ နောက်ကို လိုက်ပါလိုက်တယ်။


ကျီရှောင်အုံးရဲ့လက်မောင်းထဲမှာ မှီခိုနေတဲ့ ရမ် တစ်ယောက် သူ့မျက်လုံးပြာပြာတွေက ဝံပုလွေတွေ ထွက်သွားတဲ့ဦးတည်ဘက်တွင် အကြည့် ကျောက်ချနေတုန်းဖြစ်တယ်။


ဘယ်သူကမှ သူ့ရဲ့အေးစက်စက် တောက်ပနေတဲ့မျက်လုံးတွေကို သတိထားမိခြင်းမရှိပေ။


ရုသ်က ဖာရစ်ကျေးရွာရဲ့ အရှေ့ဘက်အစွန်ကျဆုံးတွင် နေထိုင်တာဖြစ်တယ်။


ဒီနေရာက အိမ်အများစုက ရွှံ့နဲ့ဆောက်လုပ်ထားပြီး အိမ်အမိုးကိုတော့ စွန့်ပစ်ထားတဲ့သစ်ခွံတွေနဲ့ တစ်ခုပေါ် တစ်ခုဆင့်ထပ်ကာ အလွှာအလိုက် မိုးထားခဲ့တယ်။


အီရစ်ပြောသလိုပဲ ရုသ်က အလွန်ကြင်နာတတ်ပြီး သဘောကောင်းတဲ့ ဝက်ဝံနက်တစ်‌ကောင်ပင် ဖြစ်တယ်။


သူ့အသားအရေက မည်းနက်နေကာ သူ့တွင် ဝက်ဝံသားရဲတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းနှင့်ခွန်အားဗလရှိပေမဲ့ နှစ်လိုဖွယ်ကောင်းအောင် ရိုးစင်းသူတစ်ယောက်ဖြစ်တယ်။


သူက 'မိန်းမပျို'တွေနဲ့ တော်တော်လေး အဆက်အဆံနည်းတာကြောင့်ဖြစ်နိုင်တယ်၊ ဘာလို့ဆို သူ ကျီရှောင်အုံးနဲ့ စကားပြောချိန်တိုင်း သူ့ပါးမို့က ရှက်သွေးနီရောင် ဝင်းဖြာလာတာပဲဖြစ်သည်။ ကံကောင်းတာက သူ့အသားရေက မည်းနေလို့ပဲ ဒါကြောင့်မို့ ရှက်သွေးဖျာတာက မသိသာတော့တာပဲ။


ရုသ်က ကျီရှောင်အုံး အတွက် ကုတင်တစ်လုံးပါတဲ့ အခန်းတစ်ခန်းတောင် ကြိုပြင်ထားခဲ့လေတယ်။ 


ကျီရှောင်အုံးကို 'မိန်းမပျို'တစ်ယောက်လို စာရင်းသွင်းပြီး နူးညံ့တဲ့ဂျုံရိုးဖျာတစ်ချပ်တောင် ထည့်သွင်းပေးထားခဲ့တယ်။ ကုတင်ဘေးတွင်တော့ ထင်းရှူး သားထင်းအပုံတစ်ပုံရှိနေကာ အခန်းတစ်ခန်းလုံးအား ကောင်းကောင်းကြီး နွေးထွေးစေခဲ့တယ်။


အခန်းက မဆိုသလောက်လေး ဟောင်းနွမ်းနေပေမဲ့ မနေ့ညက သစ်ပင်အခေါင်းပေါက်မှာ အိပ်ခဲ့ရတဲ့ ကျီရှောင်အုံးလိုလူအတွက်ကတော့ ဒါကပဲ အရမ်းကောင်းလွန်းနေပြီဖြစ်တယ်။


"ကျေးဇူးပါပဲ ရုသ်" ကျီရှောင်အုံး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုလိုက်တယ်။


ရုသ် က သူ့ခေါင်းအား ရှက်သွေးဖြာစွာ ထိတွေ့လိုက်ပြီး - " ရပါတယ်"


အခုက မနက်အစောကြီးပဲရှိသေးတော့ နေ့လယ်စာစားချိန်မရောက်သေးချေ။


အီရစ်က မနေ့ညက လှိုဏ်ဂူထဲမှာ ကျီရှောင်အုံးတစ်ယောက် ကောင်းကောင်းမအိပ်ခဲ့ရဘူးလို့ တွေးတောလိုက်ပြီး စကားလက်ဆုံ ဆက်မပြောလိုက်တော့ဘဲ ခဏတစ်ဖြုတ် သူမ နားရအောင်လို့ အခန်းထဲမှာ ချန်ထားရစ်လိုက်ကာ ရုသ် နဲ့အတူ ထွက်သွားပေးလိုက်တယ်။


ကျီရှောင်အုံး မနေ့ညက ကောင်းကောင်း အိပ်ရေးမဝခဲ့ရတော့ သူမခေါင်းက အနည်းငယ်လေး မကြည်မလင်ဖြစ်နေခဲ့တယ်။ 


ဒါပေမဲ့လည်း သူမ အိပ်ရာပေါ်လှဲချလိုက်ချိန် သူမ ခေါင်းပြန်ရှင်းသွားပြီး အရမ်းအိပ်ချင်သွားတော့တယ်။


'သူမကျောပိုးအိတ်ကို ပြန်ယူနိုင်ဖို့ အခွင့်အရေး ရှိပါဦးမလားလေ။'


'သူမ အိတ်နဲ့ ဝံပုလွေတွေ ဘာလုပ်မှာပါလိမ့်။'


'တကယ်လို့ အထဲက သံလိုက်အိမ်မြောင်ပဲဖြစ်ဖြစ် ဓာတ်မီးပဲဖြစ်ဖြစ် ရှာတွေ့သွားခဲ့ရင်ရော။ နှစ်မျိုးစလုံးက ဒီကမ္ဘာက ပစ္စည်းမှ မဟုတ်တာ သူတို့ ဘာလုပ်နိုင်မှာလဲလေ။'


အခန်းက အလွန်နွေးထွေးနေတော့ ပတ်ဝန်းကျင် အလွန်သက်တောင့်သက်သာရှိသလို တွေးတောလိုက်ကာ မကြာမီမှာပဲ သူမ အိပ်ပျော်သွားတော့တယ်။


သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တယ်၊ သူမ အိပ်စက်တဲ့ပုံစံက အနည်းငယ်လေး ရဲတင်းလွန်းနေခဲ့တယ်။ ကျားသစ်လေးအား သူမလက်မောင်းထဲထည့်သွင်းလျက် ကိုယ်လုံးချင်းထပ်ကာ အိပ်စက်နေခဲ့တယ်။


သူမက ကျားသစ်လေးကို သူမအိမ်က ခွခေါင်းအုံးလေးလိုမျိုး ယူလိုက်ကာ သူ့အား သူမရင်ဘတ်အောက်မှာ တင်းတင်းကျပ်ကျပ်ဖက်ထားတာ သူမမေးစေ့က သူ့ခေါင်းပေါ်မှာ ထပ်ပြီးတော့ ဗလုံးဗထွေးနဲ့တောင် ရေရွတ်နေတာကိုတောင် ကြားနိုင်နေခဲ့တယ်။


~~~~~~~~


ရမ် က မူလကတော့ သူမ အိပ်မောကျသွားတဲ့အထိ စောင့်ချင်တာပါပဲ၊ သူမကိုယ်လုံးအောက်မှာ သူအဖိခံရမယ်လို့ မမျှော်လင့်ထားခဲ့ပေ။


ကောင်မလေးက ချိန်မြိန်တဲ့အနံ့အသက်တွေ ထုတ်လွှင့်နေကာ ထိုသင်းရနံ့က အလွန့်အလွန်မွေးပျံတာကြောင့် သူ့ကို အံ့အားသင့်သွားစေလိုက်ပြီး သူ မပြင်ဆင်ထားခဲ့ရပေ။


ရမ် နှစ်ကြိမ်မျှ ရုန်းကန်လိုက်၍ သူ့လက်သည်းတွေကို ကျီရှောင်အုံးလက်ချောင်းထဲကနေ ထုတ် လိုက်ခဲ့ပြီး သူ့ကိုယ်လုံးကို လှည့်ကာ ထွက်လိုက်ရတယ်။ သူမ လက်ချောင်းကြားထဲက သူ့ခြေသည်းတွေကိုလည်း သူမ ချိတ်တွယ်ထားခြင်းမှ နောက်ဆုံး ရုန်းထွက်နိုင်ခဲ့တယ်။


သူမဘေးတွင် သူ ခြေလက်လေးချောင်းလုံး မတ်တပ်ရပ်လိုက်၍ သူမ‌ ကုတင်ဘေးနားကနေ အိပ်ပျော်နေတဲ့ ကောင်မလေးအား ကြည့်ရှုလိုက်ခဲ့တယ်။


ကျီရှောင်အုံး အတော်လေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့တယ်။ ကုတင်တစ်လုံးသာဖြစ်နေသရွေ့ သူမ ကောင်းကောင်းကြီး အိပ်ပျော်နိုင်တာပဲ။


မျက်တောင်ထူထူရှည်ရှည်တွေက သူမမျက်နှာအား ဖုံးအုပ်ကာ သူမပါးပြင်ပေါ်က‌နေ ယပ်တောင်ပုံသဏ္ဌာန်လို နှစ်တန်းဖြာဆင်းနေပြီး သူမရဲ့သိမ်မွေ့နူးညံလွယ်တဲ့နှားခေါင်းလေးက အနည်းငယ်လေးပွင့်ဟနေခဲ့ပြီး သူမနှုတ်ခမ်းပါး များကတော့ စေ့စေ့ပိတ်လျက်ရှိပြီး သန့်စင်ပြီး စိတ်လက်ပေါ့ပါးစေတဲ့ သင်းရနံတွေ ထုတ်လွှင့်နေခဲ့တယ်။


ဒါ့ကြောင့်ပဲ ဝံပုလွေတွေက သူမအား လေးစားလောက်စရာအဖြစ် မမှတ်ယူသွားလိုက်တာပဲ။


ဝံပုလွေမျိုးနွယ်စု တွေရဲ့မော်ကြွားမောက်မာမှုတွေကို တွေးမိရင်း ရမ် ရဲ့မျက်လုံးများက ချက်ချင်းပင် စိမ်းသက်လို့သွားခဲ့တယ်။


တစ်ကိုယ်တော်လှုပ်ရှားတတ်တဲ့ ကျားသစ်တွေ နဲ့မတူဘဲ ဝံပုလွေမျိုးနွယ်စုက အုပ်စုဖွဲ့နေထိုင်လှုပ်ရှားကြသူတွေဖြစ်တယ်။


ဝံပုလွေတွေနှင့်ကျားသစ်တွေက ဘယ်တုန်းကမှ သင့်မြတ်မနေခဲ့ပေ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပင် အချေချနေရာတစ်ခုလုယူဖို့ မျိုးနွယ်စုနှစ်ခုကြားက ခိုက်ရန်ဖြစ်ပွားမှုက အလွန်အမင်းပြင်းထန်လာခဲ့တယ်။


ဝံပုလွေတွေက တစ်ဟုန်ထိုး တိုးတက်များပြားလာခဲ့ပြီး သူတို့နေထိုင်တဲ့ကျေးရွာတွေက သူတို့ရဲ့လူဦးရေတိုးပွားမှုအရှိန်နှုန်းနဲ့ မဆံ့တော့ချေ၊ ဒီတော့ သူတို့ရဲ့ ငယ်ရွယ်တဲ့မျိုးနွယ်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဟိုလ်ဒန် က ကျားသစ်မျိုးနွယ်ရဲ့ကျေးရွာတစ်ခုအား သိမ်းပိုက်ယူဖို့ အကြံထုတ်ခဲ့လိုက်တယ်။


ဝံပုလွေတွေ ကျူးကျော်ဝင်ရောက်တဲ့အခါတိုင်း ရမ် က သူတို့ကိုသူတို့ နောင်တရသည့် အခြေအနေရောက်အောင်ကို သူတို့ကို ရိုက်နှက်မောင်းထုတ်နိုင်ခဲ့တယ်။


ဝံ‌ပလွေမျိုးနွယ်ရဲ့တိုက်ခိုက်နိုင်တဲ့စွမ်းရည်က ကျားသစ်မျိုးနွယ်ထက် နိမ့်ကျပေမဲ့ သူတို့က အမြဲလိုလို အုပ်စုလိုက်ဖွဲ့တိုက်ခိုက်နိုင်တော့ သူတို့တွေ ကျားသစ်မျိုးနွယ်ကလန်နဲ့ ဖက်ပြိုင်ရဲကြတယ်။


အကြိမ်တော်တော်များများမှာ ဝံပုလွေတွေက အကျိုးအမြတ်တစ်ခုမှ မရလိုက်ဘဲ မျိုးနွယ်ဝင်အမြောက်အများပင် စွန့်လွှတ်ခဲ့ရတယ်။


သို့ပေမဲ့လည်း ဟိုလ်ဒန် ကတော့ တစ်ကြိမ်တစ်ခါမှတောင် အရှုံးကိုဝံမခံခဲ့ဘဲနဲ့ ရမ် တစ်ကိုယ်တည်း ခရီးထွက်တာကို အခွင့်ကောင်းယူကာ လျို့ဝှက်ထောင်ချောက်တစ်ခုဆင်၍ ဝံပုလွေတစ်ဒါဇင်ကျော်နဲ့ သူ့အား ဝိုင်းရံကာ တိုက်ခိုက်ခဲ့တယ်။


ရမ် တစ်ယောက်တည်း မားမားရပ်၍ သူတို့အားလုံးနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်၊ သူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့လက်သည်းတွေနဲ့ သူတို့ရင်ဘတ်အား တစ်စစီဖြစ်အောင် ဆွဲဖြဲလိုက်ခဲ့တယ်၊ သူ့ချွန်မြတဲ့သွားက လည်ပင်းအားနှစ်ပိုင်းကျိုးအောင် ကိုက်ဖြတ်ပစ်ခဲ့တယ်။ အဆုံးမှာတော့ ဟိုလ်ဒန်က နောက်ကနေ အလစ်ဝင်စီးနင်းလိုက်၍ ရမ် တစ်ယောက် သူ့နောက် ခြေထောက်ပေါ်တွင် ဒဏ်ရာရသွားခဲ့တယ်။ ဒါကြောင့်ပဲ သူ့ကို ဒီလိုပုံစံမျိုး ဖြစ်သွားစေလိုက်တာပဲဖြစ်တယ်။


ရမ်က သူ့ရဲ့အသွင်ပြောင်းလဲမှုက ဝံပုလွေတွေနဲ့ မဆက်နွယ်ဘူးလို့ ခန့်မှန်းလိုက်ပေမဲ့လည်း သူ့ကိုယ်သူ စိတ်ချသွားရအောင်လို့ တစ်ချက်သွားကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့ပါတယ်။


ဒါကို ပြန်သတိရလိုက်တော့ ရမ် နောက်လှည့်လိုက်ကာ ကုတင်အစွန်းကနေ ခုန်ချလိုက်ခဲ့တယ်။


မျက်ဝန်းပြာပြာများက နက်မှောင်ပြီး တည်ငြိမ်နေခဲ့ကာ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ ကောင်မလေးအား တစ်ဖန် ပြန်ကြည့်လိုက်ခဲ့တယ်။ သမင်ကောင် ပြောတာတော့ သူတို့တွေ မနက်ဖြန်ကျရင် လှေစီးကြမယ်တဲ့။ ဒါကပြောရရင် သူ မနက်ဖြန်နေ့လယ်မတိုင်ခင် ပြန်လာဖို့ လိုနေတာပဲ။


~~~~~~~~~


ကျီရှောင်အုံး တစ်ရေးအိပ်ပျော်သွားရာကနေ ပြန်နိုးလာခဲ့ပြီး သူမလက်ပတ်နာရီအား ကြည့်လိုက်တော့ နေ့လယ်ကျော်လို့ ညနေ ငါးနာရီခွဲ ရှိနေတာ တွေ့လိုက်တယ်။


ရုသ်နှင့်အီရစ်တို့က အပြင်ဘက်တွင် ညစာစားဖို့ ပြင်ဆင်နေကြပြီး ညစာတွင် အာလူးနှင့်မုန်လာဥ ပြုတ်နှင့် လတ်ဆက်တဲ့ မှိုတို့ ပါဝင်တဲ့ စွတ်ပြုတ်ပဲဖြစ်တယ်။


အာလူးရဲ့အနံ့က ကျီရှောင်အုံးအား သရေကျစွာ နိုးထလာစေခဲ့တယ်။ သူမ ကောင်း‌ကောင်းမွန်မွန်ချက်ထားတဲ့ဟင်းတစ်ခွက် မစားရတာ အချိန်အတော်ကြာမြင့်ပြီပဲ ဖြစ်တယ်။


နေရာလွတ်ထဲမှာ အိုးတွေနှင့် မီးဖိုတစ်ခုရှိသော်လည်း သူမ အဲတာတွေကို အပြင်မထုတ်ရဲပေ။


အီရစ်က သူမ ထွက်လာတာကို မြင်လိုက်တော့ ပြောလိုက်တယ်၊ "အုံး... နင် နိုးလာပြီလား။ ညစာ စားလို့ရပြီ၊ လာစားလှည့်လေ"


ကျီရှောင်အုံး ခေါင်းညိတ်လိုက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်တော့ ရင်းနှီးတဲ့ပုံရိပ်လေးအာ မမြင်မိပေ၊ ဒီတော့ သူမ မေးလိုက်တယ်၊ " ငါ့ ကျားသစ်လေးရော"


အီရစ်က သူ့ခေါင်းအား ကုတ်ခြစ်လိုက်၍ နောက်မေးခွန်းတစ်ခုမေးရင်း ပြန်ဖြေလိုက်တယ်၊ " နင့် အခန်းထဲမှာ မဟုတ်ဘူးလား၊ ငါတော့ သူ့ကို မတွေ့မိပါဘူး"


ကျီရှောင်အုံး သူမခေါင်းကို ခါရမ်းလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လိုက်၍ ထပ်ရှာကြည့်လိုက်ပေမဲ့ ရမ် ရဲ့ ခေါင်းရော အမြီးရောကို ရှာလို့မတွေ့နေတုန်းပင်။


" သူ အပြင်ထွက်သွားတာ နင်မြင်လိုက်မိလား" ကျီရှောင်အုံး ပြန်ထွက်လာလိုက်ကာ မေးလိုက်တယ်။


ရုသ် က သစ်သားဇွန်းကို အောက်ချလိုက်ကာ ချီတုံချီချနဲ့ပြောလိုက်တယ်၊ "နေ့လယ်တုန်းကတော့ ငါ သူ အပြင်ထွက်သွားတာ မြင်မိလိုက်သလိုပဲ.... ငါထင်တာ သူ အပြင်ခဏထွက်သွားတယ်ထင်ပြီး မတားလိုက်မိဘူး"


ကျီရှောင်အုံး အလျင်စလို မေးလိုက်တယ်၊ " ဒါဆို သူ ဘယ်ဘက်ကို ထွက်သွားတာ နင်တွေ့လိုက်လဲ"


ရုသ်က ဦးတည်ရာတစ်ခုကို လက်ညိုးညွှန်လိုက်ခဲ့တယ်၊ " အဲဒီဘက်ပဲ...." သူ့ စကားမဆုံးလိုက်ပေမဲ့ ကျီရှောင်အုံးကတော့ ပြေးထွက်သွားလိုက်ခဲ့တယ်။


သူမ နိုးလာလို့ ဆယ့်ငါးမိနစ်ကြာမြင့်သွားပြီဖြစ်တယ်။


ကောင်းကင်ကြီးက မကြာခင် အမှောင်ကျတော့မည်၊ သူမရဲ့ကျားသစ်ပေါက်လေးအား ရှာလို့မတွေ့သေးပေ။


ဒီနေရာက အမှောင်ထုက သူမကမ္ဘာနဲ့ မတူပေ။ လရောင်က မှိန်ပျပြီး ပိတ်မှောင်ကျသွားပြီး အရာအားလုံးအား မမြင်နိုင်ပေ။


သူမကျားသစ်လေးက သူမထက်တောင် ပိုသိနေဦးမှာပဲ တကယ်လို့ တစ်ခုခုမဖြစ်ဘူးဆိုရင် သူ ဘာလို့ ပြန်ရောက်မလာသေးတာလဲ"


ကျီရှောင်အုံးက ရုသ် သူမကို ညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း သွားလိုက်၍ လမ်းတစ်လျှောက်လုံး လျှောက်ရှာနေခဲ့ပေမဲ့ ဆယ်မိနစ်ကျော်သွားတာတောင် သူမ သူ့ကို မတွေ့ရသေးပေ။


အီရစ်နှင့် ရုသ်က သူမနောက်ကနေ လိုက်ပါလာခဲ့တယ်။ အီရစ်က သူမကို မရှာရန် ဆွဲဆောင်ဖို့လုပ်လိုက်ပေမဲ့ ကျီရှောင်အုံးရဲ့ စိုးရိမ်မှုအပြည့်နဲ့မျက်လုံးကို မြင်လိုရတော့ သူ့စကားလုံးတွေအား ရုတ်ခြည်းပြောင်းပြောလိုက်ခဲ့တယ်၊ " ငါ 'အဲ့ဒါ'ကို နင့်ကို ကူရှာပေးပါ့မယ်"


ကျီရှောင်အုံး သူမကျားသစ်လေးအား မရှာတွေ့တော့ သူမရင်ထဲမှာ ပိုပိုပြီး နေမထိ ထိုင်မသာဖြစ်လာခဲ့တယ်။


ဒီနေရာက အသားစားမျိုးစိတ်တွေပါ လွတ်လပ်စွာရောနှောရှိတာဖြစ်ပြီး သန်မာတဲ့သားရဲလူတွေကလည်း နေရာတကာ တွေ့နိုင်လေတယ်။ သူမကျားသစ်လေးက အကောင်ပေါက်စနလေးတစ်ကောင်သာသာပဲမလား၊ တကယ်လို့ အားကောင်းတဲ့ရန်သူတစ်ယောက်နဲ့သာ ဆုံမိလိုက်ရင် သူ ဒုက္ခရောက်မှာပဲမလား။'


ကျီရှောင်အုံး ဘယ်အချိန်တည်းက ထိုအကောင်ပေါက်လေးအတွက်နဲ့ ခံစားတတ်လာလဲ သူမ မသိပေ။


ဒါပေမဲ့ ထိုအကောင်လေးက ဒီကမ္ဘာမှာ သူမဆုံခဲ့တဲ့ ပထမဆုံး သက်ရှိမျိုးစိတ်ပဲမလား၊ သူမကိုယ်တိုင်ကယ်တင်ခဲ့တဲ့ဘအသက်လေးတစ်ချောင်းလဲပဲဖြစ်လေတယ်။


သူ အန္တရာယ်ရှိနေရင်တောင် သူမ သူဘေးကင်းလုံခြုံနေဖို့ မျှော်လင့်နေဆဲပင်။


ညနေ ၅နာရီ၅၇မိနစ်။


ရှေ့တည့်တည့်တွင် သိုး 'အမ'တစ်ကောင်က သူမတို့ဘက်ကို လာနေခဲ့တယ်၊ ကျီရှောင်အုံး မျှော်လင့်ချက်မထားလိုက်ပေမဲ့ လမ်းကြုံတာနဲ့ မေးမိလိုက်တယ်၊ "ဒီကို ကျားသစ်ပေါက်လေးတစ်ကောင် ဖြတ်လာတာ နင် မြင်မိလိုက်သေးလား"


အခြားတစ်ဖက်က ခဏမျှတွေးလိုက်ပြီး ဖာရီရွာအလယ်ခြမ်းအား


လက်ညိုးညွှန်ပြလိုက်ကာ ပြောလိုက်တယ်၊ "ပန်းပွင့်ပုံ အပျောက်ကွက်ကျားပုံစံ ကျားသစ်လေးတစ်ကောင်လား။ ငါ အမှတ်မမှားဘူးဆိုရင်တော့ အဲဒီအကောင်ပေါက်လေးက ဝံပုလွေတွေရှိတဲ့ အဲဒီသင်္ဘောနောက်လိုက်သွားတဲ့ပုံပဲ"


ကျီရှောင်အုံး ဝမ်းသာအဲလဲဖြစ်သွားပြီး အလောသုံးဆယ် ဖာရီရွာအလယ်ပိုင်းကို လှမ်းကြည့်လိုက်ခဲ့တယ်။


သင်္ဘောဦးထိပ်တွင် သိုး သားရဲလူသားက သင်္ဘောရွက်ဖျင်တွေကို ချလိုက်ပြီး သင်္ဘောတက်မအား လှည့်လိုက်ကာ ညနေခင်းလေပြေက ဖြည်းညင်းစွာနဲ့ သင်္ဘောရွက်ဖျင်အား သင်္ဘောဆိပ်မှ ခွာထုတ်လိုက်ပြီး မြစ်ကမ်းပါးအဝေးသို့ ခေါ်ဆောင်သွားတာ မြင်လိုက်ရခဲ့တယ်။


End....