အပိုင်း(၁၂)
" အုံး...."
အီရစ်၏အော်ဟစ်သံကာ ဝေးသထက် ဝေးလံသွားခဲ့တော့တယ်။
ရွက်သင်္ဘောက ကမ်းကနေထွက်ခွာသွားလိုက်၍ မြစ်၏အခြားတစ်ဖက်သို့ အရှိန်နဲ့ မောင်းနှင်ထွက်သွားတော့တယ်။
ကျီရှောင်အုံးရဲ့လက်တွေက လှေကားအား မြဲမြဲစွဲကိုင်ထားလိုက်၍ သင်္ဘောကုန်းပတ်ပေါ်သို့ မခုန်ချခင် လူတစ်ယောက်မှ ရှိမနေတာ သေချာအောင်လို့ သင်္ဘောရွက်လွှင့်သံအား ဂရုတစိုက်နားထောင်လိုက်ခဲ့တယ်။
သူမရဲ့ရေစိုနေတဲ့ ရှူးဖိနပ်အား ကုန်းပတ်ပေါ်သို့ နင်းချလိုက်၍ ရေကွက်ကြီးတစ်ခု ချန်ရစ်ထားခဲ့လိုက်သည်။
ကျီရှောင်အုံး သူမမျက်နှာပေါ်က ရေစက်တွေကိုသုတ်ဖို့ အချိန်မရှိလိုက်ဘဲ ကမ္ဘာကြီးက ရုတ်ခြည်းပင် မဲမှောင်ကျသွားကာ သင်္ဘောတစ်စီးလုံး အမှောင်ဖုံးသွားတော့တယ်။
ဒီနေရာက သားရဲလူတွေ၏ အချိန်ဇယားက ကောင်းကင်အရောင်ပေါ် လုံးလုံး မှီတည်နေခဲ့၏။
နေထွက်ချိန်မှာ အိပ်ရာထကြကာ နေဝင်ချိန်ဆို အနားယူကြတာပဲဖြစ်၏။
ဒီလိုအချိန်တွင် သားရဲလူအများစုက သူတို့အခန်းတွင်သူတို့ အနားယူနေကြပြီဖြစ်ကာ ကျီရှောင်အုံးအား လိုက်ရှာဖို့ အခုအချိန်မှာ တစ်ယောက်မှ မရှိကြတော့ပေ။
ကျီရှောင်အုံး အချိန်အား လုံးလုံး ထည့်မစဉ်းစားလိုက်မိဘဲ ဘယ်သူမှ ဘာမှမပြောရသေးခင် မြစ်ထဲ ခုန်ချလိုက်ခဲ့တာဖြစ်တယ်။
သူမ ငယ်ငယ်လေးတည်းက သူမအဖေက သူမကို ရေကူးသင်ပေးထားခဲ့တယ်။ ဒီလောက်အကွာအဝေးလောက်က ပြဿနာမရှိပေ။
ဒါပေမဲ့ အခုချိန်က ဆောင်းတွင်းဆိုတာ သူမ မေ့သွားပြီးတော့ မနေ့ကတင်မှ နှင်းမုန်တိုင်းတစ်ခု တိုက်ခတ်ထားခဲ့တာပင်။ မြစ်ရေက အသေအေးစိမ့်နေတာပဲ!
ကျီရှောင်အုံး ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်နေခဲ့ပြ လေအေးတွေအား သူမအား ခိုက်ခိုက်တုန်အောင် တိုးဝေ့လို့နေလေတယ်။
'သူမ ဘယ်လိုစိတ်ကူးစိတ်သန်းနဲ့များ စဉ်းစားလိုက်တာများလဲ...'
'ဘာလို့များ သူမ သင်္ဘောပေါ်မှာကျားသစ်လေးရှိတယ်လို့ ကြားလိုက်ရတာနဲ့ ချက်ချင်း ခုန်ကူးလိုက်ရတာများလဲ။'
'နောက် ဘာဆက်လုပ်ရမှာပါလိမ့်။'
သင်္ဘောကုန်းပတ်က လူသူကင်းမဲ့နေကာ သူမတစ်ယောက်တည်းသာလျှင်ရှိပြီး ဘယ်သူမှ ရှိမနေခဲ့ပေ။
သင်္ဘောဦးထိပ်မှာ အလင်းရောင်သဲ့သဲ့လေးသာ လင်းလက်နေခဲ့တယ်။
အလင်းသဲ့သဲ့လေးနဲ့ ကျီရှောင်အုံး ပဲ့ထိန်းနေရာတွင် တိရစ္ဆာန်အရေခွံအဝတ်အစား ခြုံထားတဲ့ ဝံပုလွေတစ်ကောင် မတ်တပ်ရပ်နေတာကို မြင်လိုက်ရတယ်။
ဒီနေ့ သူမမြင်လိုက်ရတဲ့ အခြားဝံပုလွေသားရဲလူတွေနဲ့မတူဘဲ ဒီတစ်ယောက်က နားရွက်ချွန်းချွန်း၊ ပါးစပ်ရှည်မျောမျောနှင့် အမှောင်ထဲတွင် ဖျော့ဖျော့လေးလင်းလက်နေတဲ့ အစိမ်းရောင်မျက်လုံးစိမ်းတို့နဲ့အတူ ဝံပုလွေသွင်ပြင်လက္ခဏာရပ်တွေ အများကြီး ရှိနေပါတယ်။
သင်္ဘောကို ပဲ့ထိန်းပေးနေတဲ့ ဝံပုလွေက ကုန်းပတ်ပေါ်က လှုပ်ရှားသံအား ကြားလိုက်ရသလိုထင်လိုက်ရတာ အစိမ်းရောင်မျက်လုံးလဲ့လဲ့က ကျီရှောင်အုံး မတ်တပ်ရပ်နေတဲ့ဘက်ကို လှည့်ကြည့်လာခဲ့တယ်။
ကျီရှောင်အုံး၏ရင်ဘတ်တွင် တောင့်တင်းသွားလိုက်ကာ သားရဲလူရဲ့အကြည့်ကိုရှောင်ရှားဖို့ ချက်ချင်းပင် ရွက်တိုင်နောက်တွင် ပြေးပုန်းလိုက်ခဲ့တယ်။
ရွက်တိုင် ထူထူထဲထဲက သူမကိုယ်လုံးအား မြင်ကွင်းကနေ ပိတ်ကာလိုက်ခဲ့တယ်။
အချိန်တစ်ခုကြာပြီးနောက် ကျီရှောင်အုံး အသံမကြားရတော့ပေမဲ့ ထွက်မလာရဲသေးပေ။
ထိုနေရာမှာတင်ပဲ မတ်တပ်ရပ်နေလိုက်၍ သူမတစ်ကိုယ်လုံးက တောင့်တင်းလာပြီး သူမလက်တွေ ခြေထောက်တွေ အေးစက်လို့လာခဲ့တယ်။ သူမနှာခေါင်းက နည်းနည်းယားယံလာခဲ့ကာ ချေတောင် ချေချင်နေမိ၍ ကမန်းကတန်းပင် သူမလက်နှင့် နှာခေါင်းအား အုပ်ထားလိုက်ပြီး ချေချင်တာအား အသံမထွက်အောင် ဖိသိပ်ပြီး ချေလိုက်ရတယ်။
ကျီရှောင်အုံး တိတ်တဆိတ်ပင် ရွက်တိုင်နောက်ကနေ သင်္ဘောဦးထိပ်ဆီကို သေသေချာချာဂရုစိုက်စွာ ချောင်းကြည့်လိုက်ခဲ့တယ်။
ပဲ့ကိုင်နေတဲ့ ဝံပုလွေက ဘာပုံမှန်မဟုတ်တဲ့အရာမှ သတိပြုမိလိုက်ပုံမရတော့ သူ့အကြည့်အား ပြန်ရုတ်သိမ်းသွားလိုက်ခဲ့တယ်။
ကျီရှောင်အုံး သက်သာရာရစွာ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ဘေးပတ်ဝန်းကျင်အား စူးစမ်းလိုက်ခဲ့တယ်။
ဒီသင်္ဘောက သေးသေးကွေးကွေးမဟုတ်ပဲ ရွက်သင်္ဘောတစ်ခုထက် အနည်းငယ်လေး ပိုကြီးနေပြီး သင်္ဘောက လေကြောင်းအပေါ်တွင် လုံးလုံးလျားလျားမူတည်နေပြီး ရေလမ်းကြောင်းကို တက်မနဲ့မောင်းနှင်တာဖြစ်၏။
ကုန်းပတ် ပတ်လည်တွင် စည်ပိုင်းသေးသေးတွေက ဖရိုဖရဲအရိပ်ထင်ကျနေခဲ့တယ်၊ ကျီရှောင်အုံး အနံ့ခံကြည့်ရတာတော့ ထိုစည်ပိုင်းတွေက ဝိုင်စည်တွေဖြစ်မယ်လို့ ခန့်မှန်းလိုက်တယ်။ ဒီနေရာက သားရဲလူတွေက ဘီယာချက်တတ်လိမ့်မယ်လို့ မမျှော်လင့်ထားတော့ ကျီရှောင်အုံး စပ်စုချင်သွားပြီး သူမဘေးက စည်ပိုင်းကို ကြည့်လိုက်ခဲ့တယ်။
ကုန်းပတ်နောက်တွင် သစ်သားတံခါးတစ်ခုရှိနေခဲ့တယ်။ ထိုတံခါးက ပိတ်လျက်ရှိပြီး ကြည့်ရတာ အနည်းငယ်လေး ထူးဆန်းနေ၏။
ကျီရှောင်အုံး တစ်ကိုယ်လုံးက ရေတွေစိုရွှဲနေခဲ့ပြီး အဝတ်အစားတွေအကုန်လုံးက သူမကိုယ်နဲ့ ကပ်နေတာကြောင့် အေးစက်ကာ နေရထိုင်ရအဆင်ပြေမနေပေ။ အဓိကဦးစားပေးက အဝတ်စား လဲလို့ရမဲ့နေရာတစ်ခုကို ရှာဖို့ပဲဖြစ်တယ်။
သူမ သင်္ဘောဦးထိပ်က ဝံပုလွေအား လှည့်၍ ထပ်ကြည့်လိုက်တော့ သူမ ရှိတဲ့နေရာဘက်အား ဘာအာရုံစိုက်မှုမှ ထားမနေခဲ့ပေ၊ ဒီတော့ သူမ တံခါးဆီသို့ တဖြေးဖြေးတိုးကပ်သွားလိုက်ခဲ့တယ်။
ကံကောင်းစွာပဲ သစ်သားတံခါးက လေးပေမဲ့ သူမ တွန်းလိုက်သည့်အခါ အသံမထွက်လာလိုက်ပေ။
ကျီရှောင်အုံး တံခါးအား အောင်အောင်မြင်မြင် ဖြတ်ကျော်ဝင်ရောက်လိုက်နိုင်ပြီး အခန်းအတွင်းထဲကို ကြည့်ရသလောက် သင်္ဘောပေါ်က အရာအားလုံး ရှိသလိုပင်၊ ကျယ်ပြန့်များပြားတဲ့ ပစ္စည်းမျိုးစုံက ထုထည်ကြီးတစ်ခုစာ အပုံလိုက်ကြီးရှိနေခဲ့ပါတယ်။
အလင်းရောင်မရှိတော့ အရာအားလုံးအား မြင်နိုင်ဖို့ခက်ခဲနေခဲ့တယ်။ ကျီရှောင်အုံး လှေကားတစ်လျှောက် စမ်းပြီး ဆင်းလိုက်ရင်းနဲ့ ရုတ်တရက် တစ်စုံတစ်ခုပေါ်တွင် ခြေချမိလိုက်တယ်။
ထိုအရာက ပျော့ပြောင်းပြီး အဝတ်အစားပုံတစ်ခုလိုပင်။
'အဝတ်အစားတွေလား။'
ကျီရှောင်အုံး ကျေးဇူးတင်မိသွားတယ်။ အခု သူမအလိုအပ်ဆုံးအရာကလဲ အဝတ်ခြောက်တွေပဲဆိုတော့ သူမ လျင်မြန်စွာ ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်ပြီး တစ်ထည် မြန်မြန်လှမ်းယူလိုက်ခဲ့တယ်။
ဒီနေရာက အဝတ်အစားတွေ ဘယ်လိုလဲ ဆိုတာ နဲ့ ၂၁ ရာစုကနဲ့ ဘာတွေမတူလဲဆိုတာ သိချင်နေတာကြောင့် ခေါက်ထားတာကို ဖြေလိုက်ပြီး သူမလက်ချောင်းသွယ်သွယ်ထဲမှာ ထိုအဝတ်အစား ပတ်ချာလှည့်လိုက်ခဲ့တယ်။
သို့သော်လည်း ဒီ 'အဝတ်အစား' တွေကို ဘာနဲ့လုပ်ထားတာလဲ သူမ သိမိလိုက်တဲ့အခါမှာတော့ သူမမျက်နှာပျက်ယွင်းသွားပြီး သူမလက်ထဲကနေ ချက်ချင်း လွှင့်ပစ်လိုက်တယ်။
ဒါက အဝတ်အစားမဟုတ်.... ဒါက သမင်တစ်ကောင်ရဲ့သားမွေးအရေခွံပဲ။
ကျီရှောင်အုံး အခုတစ်လောတွင်မှ
အီရစ်နဲ့ ရက်တော်တော်ကြာ အတူရှိတော့ သမင်သားမွေးက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူမ နားလည်နေတာပဲလေ။
သမင်သားမွေးက ထူထဲကာ ပေါ့ပါးပြီး အပူဓာတ်အား အကြာကြီးထိန်းပေးနိုင်လေတယ်။
သင်္ဘောအခန်းထဲကို ကျလာတဲ့ လရောင်ရဲ့အလင်းနဲ့ သားမွေးက ဝမ်းဗိုက်သားဖြူနှင့်လည်ပင်း ရှိနေပြီး အီရစ်တို့သားမွေးလိုမျိုး တစ်ရောင်တည်းဖြစ်နေခဲ့တယ်။
ကျီရှောင်အုံး မော့ကြည့်လိုက်ပြီး နေရာအနှံ့လျှောက် လျှောက်ရှာကြည့်လိုက်တယ်။
ဒီနေရာမှာ သမင်သားမွေးအရေခွံပုံ ရှိရုံသာမက စည်ပိုင်းတစ်ခု၏ ဘက်ဘက်ခြမ်းတွင် သိုးသားမွေးအရေခွံပုံတစ်ပုံနှင့် ညာဘက်တွင်လည်း အခြားအမွေးကြမ်းတဲ့သားရေအလွှာတွေ တော်တော်များများရှိနေခဲ့တယ်။
'ဒီအခန်းတစ်ခန်းလုံးက အသီးအရွက်စား သားရဲလူတွေရဲ့သားမွေးအရေခွံတွေနဲ့ ပြည့်နေတာပဲ။'
ကျီရှောင်အုံး သူမ စိတ်အနေအထားနဲ့ ဘာမှမပြောနိုင်တော့ပေ။
၂၁ရာစုတွင်တော့ ဒီလိုအနေအထားမျိုးက သာမန်ပဲဖြစ်တယ်၊ တိရစ္ဆာန်သားရေက နေရာတိုင်းနီးပါး ရောင်းချနေကြတာပဲဖြစ်တယ်။ ဒီကိစ္စအပေါ် သူမအမြင်ဖွင့်ထုတ်ဖို့က သူမတွင် အရည်အချင်းမရှိပေ။
ဟုတ်တယ်၊ သူမ ဖြတ်သန်းလာပြီးတည်းက သူမ အီရစ်နဲ့ဆုံခဲ့တယ်၊ ဒီလိုအသွင်ပြောင်းတိရစ္ဆာန်တွေဖြစ်တဲ့ အခြားသောသားရဲလူတွေနဲ့လည်း ဆုံခဲ့ရတယ်၊ အခုလို ဒီလိုသားမွေးအရေခွံတွေ မြင်လိုက်ရတော့ သူမ စိတ်ထဲ နေမထိထိုင်မသာဖြစ်သွားခဲ့တယ်။
နောက်ဆုံးတော့ သူမခေါင်းထဲတွင် နားလည်လိုက်ခဲ့တယ်၊ အီရစ်တို့လို အသီးအရွက်စားမျိုးစိတ်မျိုးနှင့် အသားစားမျိုးစိတ်တွေကြားက ကွာခြားချက်အား နားလည်သွားတော့တယ်။
တောအုပ်ဥပဒေသအရ အားနည်းသူက အားကြီးသူရဲ့ သားကောင်သာလျှင် ဖြစ်လေတယ်။
ဒါက ဒီကမ္ဘာထဲက အသက်ရှင်နေထိုင်တဲ့ ဥပဒေပင်ဖြစ်၏။
*********
ကျီရှောင်အုံး သူမရဲ့အဝတ်ရေစိုတွေ ချွတ်ချလိုက်ကာ သူမနေရာလွတ်ထဲက သန့်ရှင်းတဲ့အဝတ်တစ်စုံ ထုတ်လိုက်ခဲ့တယ်။ ပါးလွှာတဲ့ ခါးရှည်ပိုးချည် လက်ရှည် တီရှပ်တစ်ထည်၊ ဂျင်းပြာရောင်ဂျတ်ကတ် အတိုတစ်ထည်ဖြစ်တယ်၊ မူလကတော့ ပန်းပွင့်ဒီဇိုင်းပုံစံစကတ်တစ်ထည် ရှာတွေ့ပေမဲ့ ကျီရှောင်အုံး အရမ်းဝတ်ရအဆင်မပြေလွန်းနေမှာ စိုးရိမ်မိလို့ပဲ ဖြစ်တယ်။ ဒီမှာက အရမ်းအေးလွန်းတယ်။ နေရာလွတ်ထဲကို ထပ်ပြီး ရှာဖွေကြည့်လိုက်တော့ အဖြူရောင်ဘောင်းဘီ အင်္ကျီလက်ရှည် တစ်စုံ ရှာတွေ့သွားပြီး ချက်ချင်း ယူဝတ်လိုက်ခဲ့တယ်။
လေကာဂျက်ကတ်ပြန်ဝတ်ဖို့ မဖြစ်နိုင်တော့ပေ။ သူမ ရေထဲသို ခုန်ဆင်းတုန်းက ဂျက်တက်အား ချွတ်ဖို့မေ့သွားပြီး ခု ဒီအင်္ကျီက ရေတွေစိုရွဲနေလေပြီ။
သူမ ဂျက်ကတ်အား ပြန်ထားဖို့ အားထုတ်လိုက်ပြီး သူမ ချွတ်ပစ်ခဲ့တဲ့အင်္ကျီတွေကို နေရာလွတ်ထဲ ပြန်ပို့လိုက်ခဲ့တယ်။
သူမနေရာလွတ်ထဲက အချိန်ကုန်ဆုံးမှုက အလွန်နှေးပေမဲ့ လေတိုက်နှုန်းကတော့ သာမန်ဖြစ်ပြီး နှစ်ရက် သုံးရက်လောက်နေရင် သူမ အင်္ကျီတွေ ခြောက်နိုင်လိမ့်မယ်။
ကျီရှောင်အုံး အဝတ်စားအသန့်တွေ လဲဝတ်လိုက်ပြီးနောက် မကြာမီမှာပဲ သူမစိတ်အာရုံက အခုလက်ရှိအခြေအနေသို့ ပြန်ရောက်လာခဲ့တယ်။
သင်္ဘောရွက်မလွှင့်ခင်တုန်းက သင်္ဘောပေါ်မှာ ဝံပုလွေတွေ တော်တော်များများ မတ်တပ်ရပ်နေပြီး အခြားမျိုးနွယ်စုတွေ ရှိမနေတာကို သူမ မြင်ထားခဲ့တယ်။ ဒီသင်္ဘောက ဝံပုလွေတစ်ကောင်ရဲ့သင်္ဘောပဲ ဖြစ်လိမ့် မယ်။
သူမ သိချင်သွားမိတယ်။ သူမကျောပိုးအိတ်ကို ယူသွားတဲ့ ဝံပုလွေတွေများ ဒီသင်္ဘောပေါ်မှာ ရှိနေမလားလို့။
တကယ် ရှိခဲ့ရင် သူမ တတ်နိုင်သမျှ သူမကျောပိုးအိတ်ကို ရှာဖို့လိုလေတယ်။
ကျီရှောင်အုံးရဲ့ခေါင်းက စတင်နာကျင်လာတော့တယ်။ သူမ ပြိုင်ဘက်တွေဘယ်လောက်အရေအတွက် ရှိနေတာကို မပြောနှင့်ဦး သူတို့တွေက ခွန်အားလည်း သန်မာကြတယ်။ သူမ သူတို့ကို ဘယ်လိုတွေ သွားရင်ဆိုင်ရမှာလဲ။
'အပြစ်အားလုံးအား သူမရဲ့ကျားသစ်ပေါက်လေးပေါ် ပုံချရမှာပဲ။ သူပဲ ပြဿနာသွားရှာဖို့ ထွက်သွားတာကိုး။'
'ဒီအကောင်ပေါက်လေး ဘယ်များရောက်နေပါလိမ့်။'
'သူ ဘာလို့ ဝံပုလွေတွေနောက်လိုက်ပြီး ဒီသင်္ဘောပေါ် တက်ခဲ့တာများလဲ။'
ကျီရှောင်အုံး အခြားတစ်နေရာရှာရန် စီစဉ်လိုက်ခဲ့တယ်။ ဒီမှာက အသီးအရွက်စားတဲ့သားရဲသားရေတွေ အများကြီးရှိနေတာ ၊ သူမ အဲဒါကို လုံးဝသည်းမခံနိုင်တော့ဘူး။
သို့သော် အခန်းတံခါးကို တက်တဲ့လှေကားအရောက် ချဉ်းကပ်လာတဲ့ခြေလှမ်းသံတွေနဲ့ အသံတစ်သံအား ကြားလိုက်ခဲ့တော့တယ်....
"အခန်းတံခါးက ဘာလို့ သော့မခတ်ထားလဲ"
အသံက အနည်းငယ်လေးရှတပြီး လေသံမာနေကာ ကြားရတာ အနည်းငယ်လေး ရင်းနှီးသလိုရှိသည်။
နောက်ထပ် နေရခက်တဲ့ အသံတစ်ခု ထပ်ကြားလိုက်ခဲ့ရတယ် - "အကြီးအကဲ အကြီးအကဲသိတဲ့အတိုင်း ကျွန်တော်တို့ ညက ဝိုင်တစ်ချို့ယူသောက်မိပြီး မတော်တဆနဲ့....."
ထိုကြားဖူးပြီး မောက်မာနေတဲ့အသံက စကားပြန်မပြောခဲ့ပေ၊ နှုတ်ခမ်းပိတ်ကာ ညည်းလိုက်တဲ့ အသံတစ်ခုအား သူမ နားထောင်မိလိုက်ပြီး အဲဒီနောက် တစ်စုံတစ်ခုအား ကြမ်းပြင်တွင် ကန်ကျောက်ရိုက်နှက်တဲ့ အသံကား ကပ်ပါလာခဲ့တော့တယ်။
ဟိုလ်ဒန် သူ့ခြေထောက်အား ပြန်ရုတ်သိမ်းလိုက်၍ သူကြမ်းပြင်ပေါ်ကို ကန်ထုတ်ပစ်လိုက်တဲ့ ကံဆိုးတဲ့အရှုးကောင်အား လှည့်မကြည့်ခဲ့ပေ။ ချွန်ထက်တဲ့လက်သည်းတစ်ချောင်းက တံခါးပေါ်တင်လိုက်ပြီး တွန်းဖွင့်လိုက်တယ်။
*********
ကျီရှောင်အုံးရဲ့နှလုံးက ခဏလေးအတွင်း ခုန်နေရာကနေ ရပ်တန့်လို့သွားတော့တယ်။
သူမ နောက်ဆုံးတွင် အသံအား မှတ်မိလိုက်ခဲ့လေပြီး ထိုအသံက ဒီနေ့မနက်အစောက သူမကျောပိုးအိတ်အား ကျော်ယူသွားတဲ့ သားရဲလူသားအသံပင်။
'မျိုးနွယ်အကြီအကဲ'တဲ့လား'
ဒီအကြောင်းကို စဉ်းစားဖို့ အရမ်းနောက်ကျလွန်းနေလေပြီ။ ထိုလူက တံခါးကိုဖွင့်ကာ ခြေသံပြင်းပြင်းနဲ့ သစ်သားလှေကားပေါ် ခြေချ၍ ခြေလှမ်းတိုင်းက ပြင်းထန်တဲ့ ဂျွတ်ဂျွတ်မြည်သံတွေ ထွက်ပေါ်လို့ လာနေပြီဖြစ်တယ်။
သူတို့တွေ လျင်မြန်စွာဖြင့် သင်္ဘောအခန်းငယ်လေးထဲသို့ ဝင်ရောက်လာခဲ့တော့တယ်။
ကျီရှောင်အုံး သူမအသံရှူသံအား ချုပ်တည်းလိုက်ကာ အသက်ရှူသံဖော့ဖော့လေး ထွက်သွားမှာစိုးတာကြောင့် သူမနှာခေါင်းနှင့်ပါးစပ်အား လက်ဖြင့် ဖိပိတ်လိုက်ခဲ့တယ်။
သူမ သစ်သားစည်ပိုင်းတစ်ခုနောက်ကွယ်က ထူထဲတဲ့တောဆိတ်သားရေခွံပုံအောက်တွင် သွားပုန်းလိုက်ခဲ့တယ်။ အခန်းနံရံလေးပေါ် ကျောကပ်မိလိုက်ချိန် ဘယ်ဘက်တွင် တံခါးတစ်ခုရှိနေခဲ့တယ်၊ တံခါးက ဘယ်ကိုရောက်လဲတော့ သူမ မသိပေ။
ကျီရှောင်အုံး ညင်ညင်သာလေး တံခါးကို တွန်းဖွင့်ဖို့ ကြိုးစားလိုက်ပေမဲ့ တံခါးက သော့ခတ်ထားခဲ့ကာ ရွေ့တောင် မရွေ့ပေ။
သူမ စိတ်ပျက်သွားလိုက်တယ်၊ ဒါပေမဲ့ စည်ပိုင်းတွေကြားထဲက အဟကို ဖြတ်၍ အပြင်ဘက်အခြေအနေအား စူးစမ်းလိုက်ခဲ့တယ်။
ဝံပုလွေက မီးအိမ်တစ်ခုအား ကိုင်ဆွဲထားကာ မီးတောက်တွေက တရှိန်ရှန်တောက်ပနေပြီး အလင်းရောင်က လူနှစ်ယောက်ရဲ့အသွင်အပြင်အား အလင်းထဲတွင် ပေါ်လာစေခဲ့တယ်။
တစ်ယောက်ကတော့ မျက်နှာပုံပန်းသွင်ပြင်ချောမွေ့ပြီး သူ့မျက်ခုံးရိုးအလယ်တွင် အမှတ်ရာတစ်ခုရှိနေခဲ့တယ်၊ ဒီလူက သူမ ဒီနေ့မြင်လိုက်ရတဲ့သူပဲဖြစ်တယ်။ အခြားတစ်ယောက်ကတော့ နားရွက်ရှည်ရှည် နဲ့ ပဲ့ထိန်းကိုင်တဲ့တစ်ယောက်လို အသွင်ပုံပန်းမျိုးရှိကာ ဝံပုလွေသားရဲလူတွေရဲ့ပုံပန်းသွင်ပြင်မျိုးရှိနေခဲ့တယ်။
သူတို့ရဲ့စကားပြောက ဆက်လက်သွားနေခဲ့လိုက်တယ်။
လူသားလိုဝံပုလွေက မေးလိုက်တယ် " သားမွေးအရေခွံတွေ လုံလောက်ရဲ့လား"
ပုံမှန်သားရဲဝံပုလွေလူတစ်ယောက်က ဖြေလိုက်ခဲ့တယ်.. " လုံလောက်ပါတယ် အကြီးအကဲ။ သမင်၊ တောဆိတ်နဲ့ အနီအရင့်အရေခွံကြမ်းတွေနဲ့ဆို ကျွန်တော့်တို့မှာ ငါးဆယ်တောင်ရှိတာ။ ဒီနှစ် ဆောင်းတွင်းမှာ 'မိန်းမပျို'တွေ အသက်ရှင်သန်ဖို့ လုံလောက်မှာပါ"
ဟိုလ်ဒန် ခေါင်းဆတ်လိုက်ပြီး ကျေနပ်သွားခဲ့တယ်၊ " စောင့်ကြည့်ခန်းထဲမှာ ကျန်တဲ့အရာတွေကို မင်းအတွက်ထားခဲ့မယ်"
သားရဲလူက အလွန်ပျော်မြူးသွားလိုက်ကာ ပြုံးလိုက်တယ်။
သူတို့တွေ သင်္ဘောပေါ်တွင် နှစ်လကြာ နေခဲ့ရကာ ငြိမ်းချမ်းရေးကျေးရွာတွင်လည်း တစ်ပတ်ထပ်ကာ နေ နေခဲ့ရတယ်။ သူတို့တွေ အသားမစားရတာ သုံးလကျော်လာပြီဆိုတော့ အသားစားရဖို့ အငမ်းမရဖြစ်နေတာပဲဖြစ်တယ်။
ခဏလောက်ကြာတော့ သာမန်ဝံပုလွေသားရဲက တစ်စုံတစ်ခုအား သတိရသွားလိုက်ကာ - " ဒါဆို..... အကြီးအကဲ... စောင့်ကြည့်ခန်းထဲက ကျားသစ်ကိုရော ဘယ်လိုလုပ်လိုက်ရမလဲ"
ဟိုလ်ဒန် သူ့နှုတ်ခမ်းပါးက သရော်တော်တော်ပြုံးလိုက်၍ သူ့မေးစေ့အား ပွတ်သတ်လိုက်တယ် - " သူ့ကို အဲဒီမှာပဲ ပိတ်ထားလိုက်ဦး။ ငါကိုယ်တိုင် သူ့ကို ကိုင်တွယ်မယ်"
တောဆိတ်သားရေခွံပုံနောက်တွင် ပုန်းအောင်းနေတဲ့ ကျီရှောင်အုံးက သူတို့ပြောတာကို ကြားလိုက်ရပြီး ကြက်သေ သေသွားခဲ့တယ်။
'သူတို့လက်ထဲက ကျားသစ်က သူမပျောက်သွားတဲ့ အကောင်ပေါက်လေးများ ဖြစ်နေမလားပဲ။'
'သူ သူတို့ဆီမှာ ဖမ်းခံလိုက်ရတာလား။'
ကျီရှောင်အုံးရဲ့စိတ်အခြေအနေက မတည်မငြိမ်ဖြစ်သွားလိုက်ပေမဲ့ သူမ ဘာလှုပ်ရှားမှုမှ မလုပ်ရဲပေ၊ သူမ ဒီသားရဲလူနှစ်ယောက် မြန်မြန်ထွက်သွားဖို့အား စောင့်မျှော်ရင်း လက်ပိုက်ကြည့်နေလိုက်ရတယ်။
ခဏမျှ သူတို့တွေ သင်္ဘောအခန်းငယ်လေးထဲက သားရေခွံတွေအား ရေတွက်လိုက်ပြီး နောက်ဆုံးတွင် ထွက်သွားရန် ပြင်ဆင်လိုက်ကြတယ်။
ဟိုလ်ဒန်ရဲ့ခြေသံပြင်းပြင်းက လှေကားပေါ်ကို လှမ်းလိုက်၍ ပွင့်နေတဲ့သင်္ဘောအခန်းငယ်က သစ်သားတံခါးအား တွန်းလိုက်ပြီး အပြင်ဘက်သို့ ခြေလှမ်း လှမ်းလိုက်ခဲ့တယ်။
ဒါပေမဲ့ သူ ရုတ်တရက် ရပ်တန့်သွားခဲ့လိုက်တယ်။
သူ မျက်မှောင်နည်းနည်းကြုတ်သွားလိုက်ကာ အခန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်တယ်။ သူ့စိမ်းပြာရောင်မျက်လုံးတွေက ကျဉ်းမြောင်းသွားလိုက်ကာ ဖြေးဖြေးချင်း အခန်းထဲက အရာတွေအားလုံးကို လေ့လာလိုက်ခဲ့တယ်။
" မင်း အနံ့တစ်ခုခု ရလိုက်လား" သူ့ လက်အောက်ငယ်သားအား မေးမြန်းလိုက်တယ်။
လက်အောက်ငယ်သားက နာခံစွာနဲ့ သူ့နှာခေါင်းနဲ့ အနံခံကြည့်လိုက်ပြီး ပဟေဠိဖြစ်စွာနဲ့ မေးလိုက်တယ်... "ဘာအနံ့လဲ အကြီးအကဲ။ ကျွန်တော်တော့ ဘာအနံ့မှ မရပါဘူး"
ဟိုလ်ဒန် ခဏမျှ စကားမပြောတော့ပဲ လက်သည်းတစ်ချောင်းနဲ့သူ့နှာခေါင်အား ပင့်တင်လိုက်ပြီး သူ့နှုတ်ခမ်းအား သပ်ကာ ပြောလိုက်တယ်....
" 'မိန်းမပျို' 'မိတ်လိုက်ဖို့လိုလားတဲ့ ကိုယ်သင်းရနံ့ပဲ' "
End...