Chapter 14
Viewers 9k

 


အပိုင်း(၁၄)


အခန်းထဲတွင်တော့ ကောင်မလေး၏အသားအရောင်က ဖြူရော့လာခဲ့ကာ သူမမျက်လုံးအိမ်က စိုစွတ်လို့လာခဲ့တယ်။ စကားမပြောခဲ့ဘဲ သူမရဲ့ပုလဲလိုဖြူသွယ်တဲ့သွားလေးနဲ့ သူမအောက်နှုတ်ခမ်းသားအား ကိုက်လိုက်ခဲ့တယ်။


ဟိုလ်ဒန်ရဲ့ကိုယ်ခန္တာက ညအမှောင်ထုထဲတွင် နောက်ပြန်ဝင်သွားလိုက်ပြီး သူ့နောက်တွင်တွင် မီးတောက်တွေ စုရုံးလာခဲ့တယ်။


မျက်လုံစိမ်းများက ကောင်မလေးအား တစ်ကိုယ်လုံး လွှမ်းခြုံကြည့်လိုက်ပြီးနောက် သူမနောက်မှာ ဖွက်ထားတဲ့ ကျားသစ်အား ရှာဖို့ အကြည့်ပြောင်းလိုက်ခဲ့တယ်။ နောက်ခဏကြာမှ သူ့အကြည့်က ကောင်မလေးဆီကို နောက်တစ်ကြိမ်ထပ်ရောက်လိုက်ကာ ဂရုမစိုက်ဟန်ဖြင့် လေချွန်ကာ ပြောလိုက်တယ် " ရှာနေတာ တော်လောက်ပြီ၊ သူတို့ဒီမှာဟေ့"


တိရစ္ဆာန်တွေက အနံခံအာရုံကောင်းကြတာပဲဖြစ်တယ်၊ အထူးသဖြင့် ဝံပုလွေတွေနှင့် ကျားသစ်တွေပဲဖြစ်၏။


ကျီရှောင်အုံးက သူမကိုယ်ပေါ်က "မိတ်လိုက်ရန်လိုလားတဲ့မွေးရနံ့"လို့ခေါ်တဲ့ အနံ့အား ဖုံးလိုက်ဖို့ ဟင်းခတ်အမွေးအကြိုင်တွေကို တမင်ရှာကြံ သုံးထားသော်လည်း အခြားသောဝံပုလွေတွေကတော့ ထိုအနံ့ကို မရကြပေမဲ့ ဟိုလ်ဒန်လိုမျိုး အကြီးအကဲတစ်ယောက်အတွက်တော့ အနံ့တွေနှင့်ပတ်သတ်ရင် ပို၍အာရုံခံကောင်းတတ်တော့ သူမ သူ့နှာခေါင်းအောက်မှ မလွတ်မြောက်နိုင်တာ သဘာဝပင်ဖြစ်တယ်။


သူ ခြေချလိုက်သည့်အခိုက်မှာပဲ ရမ်လည်းပဲ ဒီသင်းရနံ့အပေါ် အနံ့ရလိုက်ခဲ့တယ်။


အခုက သူက အရွယ်သေးငယ်နေပြီး "အရွယ်ရောက်သူ" ပင်မဖြစ်သေးတော့ ဟိုလ်ဒန်လောက်တော့ တုံ့ပြန်မှု ကြီးကြီးမားမား မရှိခဲ့ပေ။


ကြည့်ရှုနေတဲ့ ဟိုလ်ဒန်၏ခြေတံရှည်ရှည်တွေက သူမဆီသို့ လျှောက်လာခဲ့တော့ ကျီရှောင်အုံးတစ်ယောက် ကျားသစ်လေးအား လျင်မြန်စွာကောက်ယူလိုက်ပြီး နံရံဆီသို့ နောက်ပြန်ဆုတ်ခွာသွားလိုက်ခဲ့တယ်။


သူမမျက်လုံးတွေက အပြူးသားနဲ့ ပန်းဆီရောင်နှုတ်ခမ်းတွေက နောက်ဆုံးတွင် စကားတစ်ခွန်း ထုတ်လွှင့်လိုက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လာခဲ့တယ်၊ "မလာနဲ့!"


သို့သော်လည်း သူမရဲ့နောက်ဆုံးသော တုန်တုန်ယင်ယင် နှုတ်ထွက်စကားက ခြိမ်းခြောက်ဖို့ရာ ဩဇာအာဏာ ရှိမနေခဲ့ပေ။


ဒါပေါ့ သူမမှာ ယုံကြည်မှုအပြည့်ရှိနေရင်တောင်မှ သူမရှေ့က ဟိုလ်ဒန်အတွက် ထုတ်ဖော်ပြဖို့ မသုံးနိုင်ခဲ့ချေ။


အရင်က ဖော်ပြခဲ့သလိုပဲ သားရဲလူသားအမျိုးသားတွေက အလွန်ကို အရပ်ရှည်ကြတာဖြစ်သည်။ ဟိုလ်ဒန်တစ်ယောက် အကြီးအကဲဖြစ်လာနိုင်တာကလည်း သူ့မျိုးနွယ်စုရဲ့ အသန်မာဆုံးသူတစ်ယောက်ဖြစ်‌နေလို့ပင်။


ကျီရှောင်အုံး၏ အရပ်အမြင့်ကတော့ ၁၆၀ စင်တီမီတာ(၅.၂ ပေ) ထိသာရှိလေတယ်။ လူသားအမျိုးသမီးတစ်ယောက်အနေနဲ့က အရပ်ပုတယ်လို့ မပြောသာပေမဲ့ အလယ်အလတ်ထက်တော့ ပိုလေတယ်၊ ဒါပေမဲ့ သူမရှေ့မှာ မတ်တပ်ရပ်နေတဲ့အမျိုးသားက နှစ်မီတာ(၆.၆ ပေ)ရှိနေတော့ ရုတ်ခြည်းပင် သူမက လူပုကလေးတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ရနေတော့တယ်။


ကြက်တစ်ကောင်ကိုပင် ကြိုးချည်ဖို့ ခွန်အားမရှိတဲ့ လူပုအမျိုးသမီးလေး တစ်ယောက်လိုဖြစ်နေ၏။


ကောင်မလေးရဲ့တွန့်ဆုတ်ပြီး ဂနာမငြိမ်ဖြစ်နေတဲ့အကြည့်တွေ ထွက်ပေါ်လာတာကို သဘောပေါက်လိုက်မိပြီး ဟိုလ်ဒန်၏နှုတ်ခမ်းက အပြုံးတစ်ပွင့်သို့ ကွေးညွတ်သွားခဲ့တယ်။


သူ ကောက်ကျစ်စွာဖြင့် သူ့ရဲ့လူသားနဲ့တူတဲ့မျက်နှာအား ကျီရှောင်အုံးရဲ့ပါးပြင်တွေနဲ့ နီးကပ်စွာ ကွေးချလိုက်ခဲ့ပြီး သူမလည်တိုင်ဆီ ရှုံ့နမ်းကာ ရှူသွင်းလိုက်ခဲ့တယ်။


အသက်ရှုမဝစေတဲ့ အနံအသက်တစ်ခုက သူ့ရဲ့အနံ့ခံမှုအား ဟန့်တားလိုက်ခဲ့တယ်၊ သူ စိတ်တိုင်းမကျစွာနဲ့ မျက်မှောင်ကြုတ်လိုက်ခဲ့တယ်။ သူ့မျက်လုံးတွေ ဖွင့်ကြည့်လိုက်၍ သူမလက်ကောက်ဝတ်ကို ကြည့်လိုက်ကာ သူ့ရဲ့လက်တံရှည်ရှည်တွေအား ဆန့်ထုတ်လိုက်ခဲ့တယ်။


နောက်မကြာခင်မှာတော့ ကျီရှောင်အုံး သူမရဲ့လက်ကောက်ဝတ်က ထိုအရာအား ခံစားလိုက်ရတယ်၊ သူက သူမရဲ့လက်လုပ်အမွှေးအိတ်လေးအား လွယ်လွယ်လေး ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်လိုက်တာကို မြင်လိုက်ရခဲ့တယ်။


ထို့နောက်ချက်ချင်းပင် ချိုမြိန်တဲ့သင်းရနံ့က အမွှေးအိတ်လေး ဖုံးလွှမ်းထားတာကနေ သူမ ပတ်ဝန်းကျင်အား မထိန်းချုပ်နိုင်စွာ ထစ်ဖန် ပျံ့နှံ့သွားစေလိုက်တော့တယ်။


တံခါးဝမှာ စောင့်ကြည်နေတဲ့ဝံပုလွေက ထိုသင်းရနံအား အနံ့ရလိုက်ကြီး သူ့မျက်လုံးတွေက ရုတ်ခြည်းပင် အစိမ်းရောင်ဖျော့ဖျော့လင်းလက်သွားလိုက်ကာ စိတ် ကသောင်းကနင်းဖြစ်သွားခဲ့ပြီး ပါးစပ်မှ သားရေ တမြားမြားကျစီးလာကာ ထိုသင်းရနံ့အရင်းအမြစ်အား ငေးစိုက်ကြည့်လိုက်ခဲ့တယ်။


ကောင်မလေးတစ်ယောက်က အခန်းထောင့်တွင် သူတို့အကြီးအကဲရဲ့ ချောင်ပိတ်တာကို ခံ‌နေနရတာပဲ။


ကောင်းမလေးတွင် လူသားလိုအမွေးများရှိ၍ သူမရဲ့မိတ်လိုက်သင်းရနံ့က ဆွဲငင်ညို့ယူ‌တယ်လို့ မပြောနိုင်‌တော့တဲ့ ဝံပုလွေအမတွေနဲ့ ကွာခြား‌နေခဲ့တယ်။


ပုံမှန်ရနေကျ မွှေးရနံအသီးအသီးက နှစ်လိုဖွယ်ရှိပေမဲ့လည်း ထိုရနံ့‌တွေက သူတို့အား ထိန်းချုပ်မှုလွတ်သည်အထိ မလုပ်‌ဆောင်နိုင်ပေ။ သို့ပေမဲ့ အခု ဒီရနံ့ကတော့ သူတို့အား သူမကို အမှတ်သားပေးချင်လာအောင်၊ သူမအား အကျဉ်းချထားချင်အောင်၊ သူမအား ပိုင်ဆိုင်ထားချင်အောင်လို့ အရှုးအမူးဖြစ်စေခဲ့တယ်။


ဒီသင်းရနံ့အား ရမ် ပင်လျှင် လျစ်လျူရှုလို့ မရနိုင်ခဲ့ပေ။


ရမ်မှာက အသက်မပြည့်တဲ့ကိုယ်ခန္တာတစ်ခု ရှိနေတော့ သူတို့တွေထက်တော့ ပိုတည်တည်ငြိမ်ငြိမ်ဖြစ်‌နေနိုင်တာပင်။


မျိုးနွယ်စုအများစုတွင်က သူတို့ကိုယ်ပိုင်'အမ'တွေနဲ့ မိတ်လိုက်ကြတာဖြစ်ပေမဲ့ 'အမ'ဖြစ်တဲ့ 'မိန်းမပျို'တွေ နည်းသထက်နည်းလာခဲ့တော့ မျိုးမတူတဲ့လူမျိုးစုအချင်းချင်းမိတ်လိုက်သည့် စံနမူနာအနည်းငယ်မျှ ရှိ‌နေခဲ့တယ်။


အခြားမျိုးနွယ်စုတွေနဲ့မိတ်လိုက်တာက သားပေါက်နိုင်ပေမဲ့လည်း ထိုသားပေါက်နှုန်းက အလွန်တရာ မသေချာမရေရာပေတယ်။


ပေါက်ဖွားလာတဲ့ သားပေါက်တွေဟာ သန်မာပြီး ထွားကြိုင်းသည့်ကိုယ်ခန္တာတွေလည်း မွေးဖွားနိုင်ကြတယ်။


သို့မဟုတ်ပါလည်း သူတို့တွေမှာ မွေးရာပါချို့တဲ့စွာ‌မွေးဖွားလာရပြီး နောက်ဆုံးတွင် သဘာဝဖြစ်စဉ်အရ ဖယ်ရှားသုတ်သင်ခြင်း ခံရတာတွေလည်း ရှိတတ်ကြတယ်။


နောက်ဆုံးပိတ် မတတ်သာတာကလွဲရင် ဘယ်မျိုးနွယ်စုမဆို ထိုအရာကိုလက်သင့်ခံနိုင်ဖို့က ဖြစ်နိုင်ဖွယ်ရာမရှိပေ။


အဆုံးသတ်မှာတော့ မွေးဖွားတာနဲ့ ကလေးငယ်ဟာ ငါး လည်းမဟုတ် ကြက်လည်း မဟုတ်၊ မိခင်-ဖခင် အနွယ်သတ်မှတ်လို့မရတဲ့ ကပြားမျိုးစိတ် ဖြစ်လာခဲ့တယ်။


ကျီရှောင်အုံးကတော့ ဝံပုလွေမျိုးနွယ်စုက မဟုတ်သည်မှာ သေချာလေတယ်။


ဟိုလ်ဒန်ကလည်း ဒါကို နားလည်သဘောပေါက်ပေတယ်၊ သိုပေမဲ့ သူက ဒီလောက်ချိုမြိန်တဲ့ 'မိန်းမပျို' တစ်‌ယောက်အား လက်လွှတ်လိုက်ဖို့ ဆန္ဒမရှိပေ။ ခဏလောက် တစိမ့်စိမ့်တွေးဆလိုက်၍ သူ့နောက်က ကလန်သားတွေအား သူ ပြောလိုက်တယ်၊ " သူမကို စောင့်ကြည့်ခန်းထဲ ထည့်လိုက်၊ မျိုးနွယ်စုဆီ သူ့ကို ခေါ်သွားမယ်"


ကျီရှောင်အုံး၏စိတ်ထဲတွင်တော့ ကြောက်စိတ်တွေမွှန်ထူနေပြီး လွန်ဆွဲနေခဲ့ကာ သူမတစ်ကိုယ်လုံးကို နံရံထုထဲသို့ တိုးဝင်အရည်ပျော်သွားလိုက်ချင်တော့တယ်။


သူမ အီရစ် ပြောခဲ့တာအား မှတ်မိနေဆဲဖြစ်တယ်။ ဒီကမ္ဘာမှာ 'အမ'က အလွန်းနည်းပါးလွန်းတယ်၊ 'အမ'တစ်ယောက်က 'အထီး'တွေအများကြီး မိတ်လိုက်ဖို့ လိုအပ်တယ်ဆိုတာကိုပဲ ဖြစ်တယ်....


'သူမ ဝံပုလွေတွေနဲ့ ကလေးတွေ မရချင်ပါဘူး။'


'သူတို့က...... အများကြီးရှိတာကိုတော့ ပြောမနေပါနဲ့တော့။'


ကျီရှောင်အုံး သူမနောက်မှ ကျောပိုးအိတ်အား လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီး သူမဆီလာနေတဲ့ သားရဲလူနှစ်ယောက်အား အကူအညီမဲ့စွာ စိုက်ကြည့်နေခဲ့တယ်။ သူမနှုတ်ခမ်းပါးအား ကိုက်လိုက်ကာ အလစ်တုန့်ပြန်တိုက်ခိုက်မှုတစ်ခုလုပ်ဖို့ ပြင်ဆင်လိုက်တယ်၊ သူမလက်မောင်းအား အရိပ်တစ်ခုကဲ့သို့ သူမရှေ့တွင် လျှပ်တစ်ပြက်ထုတ်ဖော်လိုက်ပြီး ဟိုလ်ဒန်ရှိရာသို့ တည့်တည့်ကြီးပြေးဝင်သွားဖို့ပဲဖြစ်တယ်။


ရမ်၏မျက်လုံးများက အေးစက်သွားလိုက်ကာ လေပေါ်ဝဲခုန်၍ သူ့ရှေ့ခြေထောက်ရှိ လက်သည်းများအား ရှည်ထုတ်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူ ဘယ်လိုလုပ်လိုက်တယ်ဆိုတာ မမြင်မိပေမဲ့ ပြတ်သား ချွန်ထက်တဲ့ အမှတ်ရာ သုံးတန်းအား ဟိုလ်ဒန်၏မျက်နှာပေါ်မှာ မြင်လိုက်ရတယ်။


ဟိုလ်ဒန်က နာကျင်သွားလိုက်ကာ လက်တစ်ဖက်ဖြင့် ရမ်၏လည်ပင်းအား ဖိညှပ်ထားလိုက်၍ မျက်လုံးများက အေးစက်သွားလိုက်ပြီး လက်ဖဝါးနဲ့ သူ့လည်ပင်းအား တင်းတင်းညှစ်လိုက်ကာ - " ‌ောက်* ကျားသစ်စုတ်..."


ရမ်၏လက်သည်းတွေက သူ့လက်ဖမိုးအား ကုတ်တွယ်ထားလိုက်က သူ့နောက်ခြေထောက်လေးက လေထဲတွင် တန်းလန်းကျနေခဲ့တယ်၊ သူ့ပါးစပ်အားဖွင့်လိုက်၍ ချွန်ထက်တဲ့သွားစွယ်များနဲ့ ကိုက်ဖောက်လိုက်ခဲ့တယ်။


ကျားသစ်၏သွားက ချွန်ထက်ရုံမက ရှည်လျားပြီး ဟိုလ်ဒန်၏လက်ဖဝါးအား ထွင်းဖောက်မိလုနီးပါးပင်။


ဟိုလ်ဒန်တစ်ယောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရပြီး သူ့အား ပစ်ပေါက်ပစ်လိုက်ခဲ့တယ်။


ရမ်၏ကိုယ်လုံးက နံရံထုအား ဘုတ်ခနဲ ရိုက်မိလိုက်ကာ ကြမ်းပြင်ပေါ်သို့ တုန်းခနဲ ကျသွားတော့တယ်။


သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက ကြည့်မကောင်းရှုမ‌ကောင်းဖြစ်သွားခဲ့တော့၏။ သူ့နောက်ခြေထောက် အကွဲကြောင်းက ပွင့်သွားခဲ့ပြီး ပတ်တီးစတွေက ပြေလျော့သွားလိုက်ကာ အထဲက သွေးတွေက ဒလဟောထွက်ကျလာခဲ့တယ်။


သူနေရာမှာတင် ပွဲချင်းပြီးသေသွားလိုက်သလို မလှုပ်မလျက် လဲလျောင်းသွားတော့တယ်။


ကျီရှောင်အုံး၏နှုတ်ခမ်းပါးက ပွင့်ဟသွားကာ အံဩမှင်သက်စွာ ပိတ်ကျသွားလိုက်တယ်။


'သူ အခုလေးတင် သူမကို ကယ်တင်ဖို့ ကြိုးစားလိုက်တာလား။'


'ဒါကိုပေါင်းတွက်ရရင် သူ သူမကို ကယ်တာ နှစ်ခါတောင် ရှိသွားပြီပဲ။'


သို့ပေမဲ့ သူမကတော့ သူ့အတွက် ဘာမှလုပ်မပေးလိုက်ရပေ။ ပထမဆုံးအကြိမ် သူမတို့တွေ့ဆုံခဲ့ပြီး သူ့ဒဏ်ရာတွေကိုပဲ သူမ ဂရုစိုက်ပေးရတာပဲရှိတာပဲမလား။


'သူ ဘာလို့ဒီလိုလုပ်လိုက်ရတာလဲ။'


တစ်ယောက်ကမှ နားလည်နိုင်မှာမဟုတ်ပေမဲ့ ရမ်ကတော့ တကယ်ပင် သူမအား ကယ်တင်ဖို့ ကြိုးစားခဲ့တာပဲဖြစ်တယ်။


ဒီလိုလုပ်လိုက်တာ သူ့မှာ ရည်ရွယ်ချက်တစ်ချို့ရှိနေလေတယ်။


သူ ဝံပုလွေ သင်္ဘောပေါ်မှာ အချိန်ကုန်ဆုံးလိုက်တည်းက သူ့ကလေးအရွယ် ကိုယ်ခန္တာက ဆက်မကြီးထွားနိုင်တော့မှန်း သူ့ကို နားလည်သွားစေလိုက်သည်။


ပက်ကို ရှာဖို့ ကုန်းမြေတိုက်ရဲ့အရှေ့စွန်းစွန်းကို သူမ အောင်အောင်မြင်မြင် ခရီးထွက်နိုင်မှပဲ သူ့တွင် သူ့မူလကိုယ် ပြန်ဖြစ်ဖို့ ဖြစ်ကောင်းဖြစ်နိုင်မှာပင်။


ဟိုလ်ဒန်က ရမ်ဆီသို့ တစ်လှမ်းချင်း လှမ်းသွားလိုက်ပြီး ချွန်ထက်တဲ့လက်သည်းတွေနဲ့ သူ့ဗိုက်အား ချိန်ရွယ်လိုက်ပြီး တစ်ချက်တည်းနဲ့ သူ့ရင်ဘတ်ပွင့်ထွက်သွားအောင်လုပ်ဖို့ ပြင်ဆင်လိုက်ခဲ့တယ်။


သူ့လက်အား မြှောက်လိုက်ခဲ့ပေမဲ့ လက်က အောက်ကို မကျသွားခဲ့လိုက်ပေ။


"ဝီ.....ဝီ...... ဝီ....."


စူးရှကျယ်လောက်တဲ့ လျှပ်စစ်ဗို့အား အသံက ထွက်လာခဲ့တယ်။


ဟိုလ်ဒန် သူ့ကိုယ်ခန္တာတစ်ခြမ်းက နာကျင်စူးရှမှုတစ်ခု ခံစားလိုက်ရပြီးနောက် ထုံထိုင်းသွားကာ မလှုပ်မရှားနိုင်ဖြစ်သွားလိုက်တယ်၊ သူ ကျီရှောင်အုံးအား အံအားသင့်စွာ ငေးစိုက်ကြည့်လိုက်ခဲ့တယ်။


မူလက ဝံပုလွေနှစ်ကောင်ကြားထဲမှာ ချောင်ပိတ်ဖမ်းခံလိုက်ရတဲ့ ကျီရှောင်အုံးက သူမခြေထောက်အောက်မှာ သူတို့အား လှဲသိပ်လိုက်နိုင်လိုက်ပြီး သူတို့လက်တွေ ခြေထောက်တွေအား မလှုပ်မရှားနိုင်ဘဲ ဆန့်ငင်ဆန့်ငင်ဖြစ်သွားစေလိုက်ခဲ့တယ်။


ဟိုလ်ဒန် သူ့ခါးကို ဖိချခံထားရတဲ့ ဆလင်ဒါပုံလေးအား မြင်ရဖို့ ငုံ့ကြည့်လိုက်တယ် ရှေ့ပိုင်းတွင် သွားစွယ်နှစ်ချောင်းပုံမျိုးပေါ်လာခဲ့ကာ အပြာရောင်အလင်းတန်းတွေက သူတို့ကြားထဲကနေ လာဆုံနေခဲ့တယ်။ ထို "ဝီ"ဆိုတဲ့ အသံက အဲဒီနေရာကနေ ထွက်လာလိုက်သလိုပဲ။


ထိုထက် သွယ်လျတဲ့လက်ချောင်းတစ်စုံက ဖြူရော့တဲ့အထိတင်းတင်းဆုပ်ကိုင်ထားခဲ့တယ် ။


ကျီရှောင်အုံး ကျင်စက်အား တင်းတင်းဆုပ်ကိုင်ထား၍ ဟိုလ်ဒန် သတိမလစ်ဘဲရှိနေဆဲဖြစ်တာကို မြင်လိုက်ရတယ်။ သူမ သွားကို တင်းတင်းစေ့ အံကြိတ်လိုက်၍ ဗို့အားကို အမြင့်ဆုံးထိ မြင့်တင်လိုက်ကာ သူ့ဘေးကို အတင်းဖိလိုက်ခဲ့တယ်။


ဟိုလ်ဒန် သူ့ခါးနေရာမှ လှစ်ခနဲ့ အေးမြခြင်းသာ ခံစားလိုက်ရပြီး သူ့ရှေ့မှောက်မှ မြင်ကွင်းတွေ ပြာကျသွားလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်လျက် လဲကျသွားခဲ့တယ်။


*********


ကျီရှောင်အုံး ကျားသစ်လေးအား အမြန်ကောက်ယူလိုက်ပြီး အခန်းအပြင်ဘက်သို့ တိုးထွက်သွားလိုက်ခဲ့တယ်။


အပြင်ဘက်တွင်ရှိသော သားရဲလူအမျိုးသားတွေက သူမ လှုပ်ရှားလိုက်မှုကြောင့် ကြက်သေသေသွားကြတော့တယ်။ မိတ်လိုက်ရနံ့ထုတ်လွှတ်နေတဲ့ 'မိန်းမပျို'တစ်ယောက်က သူတို့မျိုးနွယ်ရဲ့အသန်မာဆုံး အကြီးအကဲအား တကယ်ကို လှဲသိပ်လိုက်နိုင်ပြီး အန္တရာယ်မပေးနိုင်အောင် လုပ်လိုက်တယ်တဲ့လား။


အံ့ဩထိတ်လန့်သွားရမှုကြောင့် သူတို့တစ်ယောက်ကမှ သူမအား မတားမြစ်ရဲခဲ့‌ေတာ့ပေ။


တိရစ္ဆာန်ကမ္ဘာ‌ေလာကက ဥပဒေတွေက ရှုပ်လည်းရှုပ်ထွေးသလို ရိုးလည်း ရိုးစင်းပေတယ်။ သူတို့က သန်မာတဲ့သူကိုသာ နာခံကြတာဖြစ်တယ်၊ ကျီရှောင်အုံးက သူတို့ခေါင်းဆောင်ကို လှဲသိပ်ချနိုင်ခဲ့တယ်။ သူမက အလွန်အစွမ်းထက်ပုံရတဲ့ လက်နက်တစ်ခုအား ကိုင်ဆောင်ထားပြီး ဟိုလ်ဒန်တောင် မနိုးလာခဲ့တော့ ဘယ်သူကမှ အလျင်စလို မပြုမူရဲပေ။


ကျီရှောင်အုံး ကုန်းပတ်ပေါ်အား အနှောင့်အယှက်မရှိဘဲ တစ်လျှောက်လုံး သွားနိုင်လိုက်တယ်၊ သို့ပေမဲ့ မြစ်ကြမ်းပြင်ရေစီးက တရှိန်ထိုး မြင့်တက်လာခဲ့ပြီး သူတို့တွေက ရေစီးသန်နေတဲ့မြစ်ကြောင်းတစ်လျှောက်က အရည်ပျော်နေတဲ့ ရေခဲအပိုင်းအစတွေလို ပေါလောပေါ်ကာ ကျနေခဲ့တယ်။


အဲဒီနောက်မှာပဲ သင်္ဘောက မြစ်ကြောင်းအလယ်သို့ ရွက်လွှင့်သွားလိုက်တယ်၊ တကယ်လို့ သူမ ခုန်ချလိုက်မယ်ဆိုရင် ကမ်းရောက်ဖို့ ရေမကူးနိုင်သေးခင် သူမ အေးခဲသွားမှာပင်။


သူမလက်ထဲမှာ ပွေ့ပိုက်ထားတဲ့ ဒဏ်ရာရနေတဲ့အကောင်ပေါက်လေးကိုတော့ ပြောနေစရာတောင်မလိုပေ။ သူ့ဒဏ်ရာတွေ အလွန်နက်ပြီး သူမကလည်း ရေထဲကိုလည်း လုံးလုံးဖောက်မမြင်နိုင်ပေ။ တကယ်လို့ သူသာ ထပ်ပြီး အပစ်ခံရလို့က သူ ပြန်ကောင်းနိုင်မလားဆိုတာ သူမ မသိပေ။


ကျီရှောင်အုံး နောက်ပြန်လှည့်လိုက်ပြီး ကုန်းပတ်ပေါ်မှာ မတ်တပ်ရပ်နေကြတဲ့ ဝံပုလွေ အစုလိုက်ကြီးကို ကြည့်လိုက်ခဲ့တယ်။


သူတို့အားလုံးက သူမအား ငေးစိုက်ကြည့်နေကြပြီး ရေထဲကို ဒိုင်ဗင်ထိုးဆင်းတာကလွဲလို့ သူတို့နှာခေါင်းအောက်ကနေ သူမလွတ်မြောက်ဖို့ လမ်းမရှိပေ။


သူမ ကျင်စက်ကို သုံးလို့ရပေမဲ့ လျှပ်စစ်ဓာတ်အားက အကန့်အသတ်ရှိတယ်၊ သူမ တစ်ခါတည်းနဲ့ ဒီလောက်လူတွေအများကြီး ကျင်စက်တို့လို့မရနိုင်ချေ။


ကျီရှောင်အုံး ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ သူမ ဆန့်ကျင်ဘက်မှာ မတ်တပ်ရပ်နေတဲ့ သားရဲလူအမျိုးသားတွေအား ကြည့်လိုက်၍ သူမဦးနှောက်က လွတ်မြောက်ဖို့ နည်းလမ်းတွေကို အသည်းအသန်စဉ်းစားနေရလေတယ်။


အဲဒီနောက် သင်္ဘောကိုယ်ထည်ပြင်းပြင်းထန်ထန်နဲ့ အနည်းငယ်‌ေလးတုန်ခါသွားလိုက်တော့ သူမက ဘေးအား ထိန်းကိုင်ထားလိုက်တော့ သူမ လဲကျမသွားလိုက်ပေ။


သင်္ဘောပေါ်က ဝံပုလွေတွေလဲ ခြွင်းချက်မရှိ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့တယ်။


သူတို့အားလုံး ရေယာဉ်ထိပ်ဆီသို့ မကျေမနပ်ပြောလိုက်ကြတယ်---


"ဘယ်လို ပဲ့ထိန်းနေတာလဲ ဗီလပ်"


"သင်္ဘောတစ်စီးတောင် မမောင်းနိုင်ဘူးလား"


"မင်းကိုယ်မင်း ရေထဲကို ထပ် သွန်ပစ်မလို့လား"


ဗီလပ် ဆိုတာက ကျီရှောင်အုံး သင်္ဘောပေါ်ရောက်တုန်းက မြင်လိုက်ရတဲ့ ပဲ့ကိုင်ဝံပုလွေ ဖြစ်တယ်။ လူတွေ သူ့အား အပြစ်ဆိုနေကြတော့ သူ့မျက်နှာက မကျေမနပ်ဖြစ်မှုများ ပြည့်နှက်သွားလိုက်ကာ - "ရှေ့မှာ မြူတွေဆိုင်းနေတယ်။ အရှေ့က သင်္ဘောရွက်က ဘယ်ကိုသွားနေလဲ ငါ မပြောနိုင်ဘူး။ တကယ်လို့ ငါတို့ သင်္ဘောရွက်က ဘယ်ဦးတည်မှန်းမသိဘဲနဲ့ ထွက်လို့မရဘူး ငါတို့ ဒီမှာပဲ သေသွားကြလိမ့်မယ်"


ကုန်းနေတိရစ္ဆာန်တွေဖြစ်ကြသော်လည်း ကျားသစ်မျိုးနွယ်တွေက ရေကောင်းကောင်းကူးနိုင်ပေမဲ့ ဝံပုလွေမျိုးနွယ်ဝင်တွေကတော့ မကူးတတ်ကြပေ။


ဗီလပ် ၏စကားကို ကြားလိုက်ရတော့ ကုန်းပတ်ပေါ်က ဝံပုလွေအများစုက ကျီလန့်စားစားနဲ့ ကြောက်လန့်သွားတော့တယ်။


သင်္ဘောရဲ့အောက်ခြေက ရွက်နဲ့ထိရိုက်မိသည်က ဟာသတစ်ခုမဟုတ်။ သင်္ဘောကိုယ်ထည်ကွဲထွက်သွားရင် သင်္ဘောပေါ်မှာရှိတဲ့ လူတိုင်း ရေအောက်ကြမ်းပြင်မှာ အမြုပ်ခံလိုက်ရပေမှာပင်။


သားရဲလူတွေ ချက်ချင်းပင် အသည်းအသန်ပြောလိုက်ကြတော့တယ်။


"အခြားနည်းလမ်း မရှိတော့ဘူးလား"


"မြူတွေက ဘယ်အချိန်ကွဲမှာလဲ"


"မင်း ဒီပြဿနာကိုတောင် မဖြေရှင်းနိုင်ဘဲနဲ့ မင်းက ဘာပဲ့ကိုင် ကောင်းတာလဲ!"


သားရဲလူတွေ ဘယ်လိုပဲပြောပြော ဗီလပ် ကတော့ ဘာပြန်ပြောရမှန်း မသိဖြစ်ကာ ကြောင်အ နေဆဲပင်။


ကမ်းခြေပေါ်က လမ်းကြောင်းပြကိုပဲ သူ အမြဲတမ်းမှီခိုနေခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ အခုခါမှာတော့ ရေခိုးငွေ့တွေ ဝန်းရံထားတာကြောင့်မို့ ဘာခြားနားချက်မှ မမြင်နိုင်ရတော့ချေ။


သို့ပေမဲ့လည်း သင်္ဘောက‌ ကျောက်‌ေဆာင်တန်းတစ်ခုအား တည့်တည့်ဦးတည်နေတာတော့ သူမှတ်မိတယ်၊ သင်္ဘောက ထိုကျောက်တန်းနဲ့ တိုက်မိတော့မှာပင်။


ဟိုလ်ဒန်ကလည်း သတိမရသေးပေ။ ကျင်စက်က အားပြင်းပေမဲ့ သူ့ကိုယ်ခန္တာက သန်မာပြီး သူ့မျိုးနွယ်စုမှာ တိုက်ခိုက်နိုင်တဲ့အကောင်းဆုံးစွမ်းရည်ရှိတာမို့ သူ ကြာကြာ သတိမလစ်သွားလိုက်ပေ။


ဒါပေမဲ့ အခြားဝံပုလွေနှစ်ကောင်ကတော့ အခုထိ သတိမရသေးချေ။


ဟိုလ်ဒန်က သူ့ကလန်ကလူတွေ သတင်းပို့တာကို နားထောင်လိုက်ပြီး သူ့နံဖူးက တွန့်ခေါက်သွားကာ သူ့မျက်နှာအမူအရာက လေးလံသွားတော့တယ်။


သူ့နားထင်အား ဖိနှိပ်လိုက်ပြီး လျှပ်စစ်ရှော့ရိုက်မှုဒဏ်အား ချေဖျက်ဖို့ ကြိုးစားလိုက်တယ်၊ ဒါပေမဲ့ သူ့ခေါင်းက ထုံထိုင်းနေဆဲဖြစ်တယ်။ သူ အခန်းထဲမှ ထွက်ခဲ့လိုက်တော့ ကုန်းပတ်ပေါ်တွင် ဝံပုလွေမျိုးနွယ်တွေ စိတ်ချောက်ချားနေကြပြီး ထောင့်စွန်းက ကောင်မလေးအား ဘယ်သူကမှ အာရုံစိုက်မနေတာကို တွေ့လိုက်ရတယ်။


ဟိုလ်ဒန်က ကျီရှောင်အုံး မျက်လုံးတစ်ဖက်ဖြင့် ထက်ရှစွာ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် သူ့မျိုးနွယ်စုဆီ သူ့အကြည့်အား လွှဲပြောင်းလိုက်တယ်။


"စိတ်အေးအေးထားကြစမ်း"


ဝံပုလွေမျိုးနွယ်သားတွေက သူတို့အကြီးအကဲ သတိရလာတာကို တွေ့လိုက်ရတော့ အနည်းငယ်လေးပိုကာ စိတ်သောကလျော့ပါးသွားသလို ခံစားသွားရတော့တယ်။


သို့ပေမဲ့လည်း နောက်ထပ်ခဏကြာတွင် သင်္ဘောက တစ်ဖန်ပြန်ပြီး ပြင်းပြင်းထန်ထန် တိုက်ခတ်မိလိုက်သွားပြီး ဘယ်ဘက်မှ ညာဘက်ခြမ်းသို့ စောင်းကျလိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်သံတွေ ဝရုန်းသုန်းကားနှင့် ဖရိုဖရဲဖြစ်မှုတွေ ပိုကြီးထွားသွားတော့တယ်။


သားရဲလူတွေက ဒီတစ်ခါတွင်တော့ စိတ်မအေးနိုင်ကြတော့ချေ။


ဟိုလ်ဒန်၏ခေါင်းကိုက်မှုကလည်း ပိုပြင်းထန်လာတော့တယ်။ သင်္ဘောရွက်တွေနဲ့ ရွက်လွှင့်သွားလာမှု အခြေအနေပြင်းထန်နေတာကို သူသိလိုက်ရတယ်၊ သူလည်း အဖြေတစ်ခုထွက်အောင် မစဉ်းစားနိုင်တော့ပေ။


"ဟေး...."


ဘေးကနေ အသံသေးသေးလေးတစ်သံ ထွက်ပေါ်လာခဲ့တယ်။


ဟိုလ်ဒန်က နောက်ကို လှည့်ကြည့်လိုက်တော့ နူးညံ့ကျိုးပဲ့လွယ်တဲ့ ကောင်မလေးက သူနဲ့ ခြေလှမ်းတော်တော်များများ အကွာမှာ မတ်တပ်ရပ်နေပြီး လင်းလက်နေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို ကြည့်နေတာကို မြင်လိုက်ရတယ်။


ဟိုလ်ဒန်က သူ့လည်ချောင်းထဲတွင် မာန်ဖီလိုက်ပြီး ဒေါသထွက်စွာ မေးလိုက်တယ်.. "ဘာလဲ"


ကျီရှောင်းအုံး သူမနှုတ်ခမ်းကို ကိုက်လိုက်ကာ- "တကယ်လို့ ကျွန်မမှာ ရှင်တို့သင်္ဘောရွက်လွှင်နိုင်ဖို့ နည်းလမ်းတစ်ခုရှိလို့ရှိရင် ရှင်ကျွန်မတို့ကို ကမ်းပေါ်ကို ပြန်ပို့ပေးမလား"


End...