Chapter 16
Viewers 9k

အပိုင်း(၁၆)


တောအုပ်ထဲက နှင်းတွေက အရည်မပျော်ကျသေးဘဲ နေရာတိုင်းတွင် ဖြူဆွတ်တဲ့နှင်းထုတွေက အဆုံးအဆမရှိ ဖြစ်နေလေတယ်။


နှင်းမုန်တိုင်းက မြန်မြန်ဆန်ဆန်ရောက်ရှိလာတာကြောင့် သစ်ပင်ထိပ်က သစ်ရွက်တွေက ပင်လုံးကျွတ် မကြွေကျရသေးဘဲ နှင်းတွေက အစိမ်းရောင်သစ်ကိုင်းအား ဖုံးလွှမ်းနေဆဲဖြစ်ကာ တစ်စုံတစ်ယောက်ကလာ၍ သစ်ကိုင်းတွေအပေါ် နှင်းလွှာကိတ်တစ်လွှာ လောင်းချထားလိုက်သလိုပင်။


ကျီရှောင်အုံး၏အဝတ်စားများက ပါးလွှာနေခဲ့ပေမဲ့ ဟိုလ်ဒန်က သူမ ကုန်းပေါ်သို့ မတက်မီ ငန်းမွေးကုတ်အရှည်တစ်ထည် သူမအား ပို့ပေးလိုက်ခဲ့တယ်။


ငန်းမွေးကုတ်အရှည်က ၂၁ ရာစုကဟာလောက် မကောင်းပေ၊ အပြင်လွှာက အပူဓာတ်ကို မထိန်းထားနိုင်ပေ၊ ဒါပေမဲ့ ကျီရှောင်အုံး အတွက်တော့ နွေးထွေးသွားစေတဲ့ အကောင်းဆုံးအရာ ဖြစ်နေခဲ့တယ်။


သူမ ဟိုလ်ဒန်အား မဝံ့မရဲ မဖြစ်နေဘဲ သူ့အား အဲဒါအတွက် ကျေးဇူးတင်လိုက်ခဲ့တယ်။ အဆုံးသတ်မှာတော့ ဘယ်သူကမှ သူမကိုချုပ်ကိုင်ပြီး အကျပ်ရိုက်အောင် မလုပ်နိုင်ပေ။


ဒီကုတ်အင်္ကျီက ဟိုလ်ဒန်၏ကိုယ်လုံးအရွယ်အစားပေါ်မှာ မူတည်ကာ ချုပ်ထားခဲ့တာဖြစ်တယ်။


ဟိုလ်ဒန်က ဒီအင်္ကျီကို ဂျတ်ကတ် ကုတ်တစ်ထည်လို့ ပြောလိုက်ပေမဲ့ သူမအတွက်ကတော့ သူမ ဒူးခေါင်းအထိ တိုက်နေခဲ့ပြီး အလွန်ရှည်တဲ့ ကုတ်တစ်ထည် ဖြစ်နေခဲ့တယ်။


အင်္ကျီကို ဝတ်လိုက်တော့ ကျီရှောင်အုံး အများကြီးပိုနွေးသွားခဲ့တယ်။


သူမ ကျားသစ်လေးအတွက် စိုးရိမ်ကာ သူ့ကို သူမအင်္ကျီထဲမှာ ထုပ်ထားပြီး သူ့ရဲ့အမွေးစုတ်ဖွား ခေါင်းလေးနှင့် နားရွက်ဝိုင်းဝိုင်းလေးကိုပဲ ထုတ်ဖော်ထားလိုက်ကာ နှင်းထု တိမ်တိမ်ရှိတဲ့နေရာကို ရွေးကာ ခြေ နင်းလိုက်ခဲ့တယ်။


ရမ်က ဒီရက်တွေအတောအတွင်း သူမရဲ့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လို့ ဆက်ဆံခံနေရတာကို ကျင့်သားရနေလျက် သူ့မျက်ခွံတွေကို တစ်ဝက်မှေးစင်းချကာ မှိန်းနေခဲ့တယ်။


ကောင်မလေး၏ကိုယ်ခန္တာက ချိုမြိန်တဲ့သင်းရနံ့တွေ ထုတ်လွှင့်နေဆဲဖြစ်ပြီး အမွှေးအိတ်ရဲ့နှောင့်ယှက်မှုမပါရှိတဲ့ သူမက လမ်းတစ်လျှောက်လုံး အပင်စားမျိုးစိတ်များစွာအား ဆွဲဆောင်လို့နေခဲ့တယ်။


ရမ်က ကျီရှောင်အုံး၏လက်မောင်းတွင်း လဲလျောင်းလျက် သူတို့ညာဘက်ခြမ်းက လိုက်ပါလာတဲ့ သားရဲလူတွေအား သူ့ပါးစပ်ထောင့်စွန်းအား နောက်ပြန်ဆွဲတင်၍ ချွန်ထက်တဲ့ သွားတွေကို ထုတ်ဖော်ပြလိုက်ပြီး သူ့အမူအရာအား ခက်ထန်ပြလိုက်ခဲ့တယ်


သူ့တစ်ကိုယ်လုံးက ခြမ်းခြောက်အန္တရာယ် ပြုနေခဲ့တယ်။


သူ အခုလို အရွယ်ငယ်သွားတာတောင် ကျားသစ်တစ်ကောင်၏ ဩဇာအာဏာက ပြိုင်ဘက်ကင်းနေခဲ့တယ်။


ခပ်လှမ်းလှမ်းက တောင်ဆိတ်သားရဲလူအမျိုးသားက ရမ်၏ခက်ထန်တဲ့မျက်လုံးတွေနဲ့ ဆုံမိလိုက်ပြီး ချက်ချင်းပင် ငုပ်လျိုးသွားလိုက်ပြီး နောက်ပြန်လှည့်ပြေးလိုက်ခဲ့တယ်။


ရမ်၏လျှာက သူ့သွားအား ထိုးလိုက်ပြီး ဖြေးညင်းစွာ လျက်လိုက်ခဲ့တယ်။


ရုတ်တရက်ပင် သူ့ရင်ထဲမှာ မသက်မသာဖြစ်တဲ့ခံစားချက်တွေ ဖြစ်တည်လာခဲ့တယ်။


------'သူက တကယ်ပဲ ဒီငကြောက်ကောင်အပင်စားမျိုးစိတ်တွေကို ခြောက်လှန့်ထုတ်ရတဲ့အဆင့်ထိ လျော့ကျသွားပြီလား။'


ကျီရှောင်အုံး သူ့ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပေမဲ့ အပင်စားမျိုးနွယ်စုတွေအများကြီးက သူမကိုယ်သင်းရနံ့ကြောင့် သူမနောက်ကို လိုက်ပါလာတာကို မြင်လိုက်ခဲ့တယ်။ သူမလည်းပဲ သူမလက်မောင်းထဲက ကျားသစ်လေးကို သူတို့တွေ့ပြီး ထွက်ပြေးသွားတာကို မြင်လိုက်ရတယ်၊ သူမလက်ကို ဆန့်၍ သူ့မေးစေ့လေးအား ညင်ညင်သာသာပွတ်လိုက်ကာ- "အာ.. ငါ နင့်ကို နာမည်ဘယ်လိုပေးရင် ကောင်းမလဲ"


ဒီတစ်လျှောက်လုံး သူမ သူ့နာမည်ကို မသိတော့ သူ့ကို ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေခဲ့တယ်၊ ကျီရှောင်အုံး ဒီအကြံကို ဟိုးအရင်ကတည်းက ရှိနေတာဖြစ်တယ်။


ရမ်က သူ့မျက်ခွံအား ဖွင့်တင်လိုက်ပေမဲ့ မလှုပ်မလျက်ပဲ ပြန်ရှိနေလိုက်တယ်။


ကျီရှောင်အုံး တစိမ့်စိမ့်တွေးတောလိုက်ပြီး စကားပြောဖို့ သူမခေါင်းကို စောင်းငဲ့လိုက်ခဲ့တယ်၊ " "သီချင်းစာအုပ်" ထဲက မျိုးရိုးမြင့် ထောင်ထောင် ဆိုတာက သဘာဝဆန်မှုနဲ့ ပျော်ရွှင်မှုတဲ့။ ပြီးတော့ ထောင်ထောင် ဆိုတာက အရှိန်မြန်တယ်လို့လဲ အဓိပ္ပာယ်ရတယ်၊ ထောင်ထောင်က နင့်အတွက် တော်တော်သင့်တော်တဲ့နာမည်ကောင်းတစ်ခုပဲမလား။ ကျားသစ်တွေအားလုံးက အရမ်းအပြေးမြန်ကျတာဆိုတော့ ဒီနာမည်က နင့်နဲ့လိုက်တယ်"


"....." ရမ် တစ်ယောက် သူမ အကြံပြု ပြောလိုက်တဲ့ သူ့နာမည်ကို ခုခံဖို့ အပြင်းအထန်ရုန်းကန်လိုက်ရင်းနဲ့ သည်းညည်းခံပြီးရင် ဆက်သည်းညည်းခံရနေလိုက်တော့တယ်။


'ဘာကြီးလဲ ထောင်ထောင် ဆိုတာက။ ကြားရတာနဲ့တင် ပေါတောတောနိုင်လိုက်တာ။'


ရမ်၏မျက်နှာက စိတ်ဓာတ်ကျဆင်းသွားတော့တယ်၊ သူမက စကားလုံးတွေ ဒီလောက် အများကြီးပြောလိုက်ပေမဲ့ သူ နောက်ဆုံးစကားနှစ်ကြောင်းသာလျှင် နားလည်လိုက်နိုင်တယ်။


သို့ပေမဲ့လည်း ထိုအရာက အဆုံးမသတ်နိုင်သေးချေ။


ကျီရှောင်အုံး တစ်ယောက် သူ့နာမည်အတွက် စဉ်းစားလို့ပြီးသွားမှ ရုတ်တရက် အရမ်းအရေးကြီးတဲ့ပြဿနာတစ်ခုကို သတိရလိုက်မိတယ်။


---' သူမ ဒီကျားသစ်လေးက အထီးလား အမလားဆိုတာ သိမှမသိရသေးတာပဲ။'


'သူက အထီး လား အမလား'


သူမတို့ ပထမဆုံးတွေ့လိုက်တုန်းက သူမက သူ့ကို ဒဏ်ရာရပြီး သနားစရာ အကောင်သေးသေးလို့ပဲ တွေးတောလိုက်တာဖြစ်တယ်။ အထီးလား အမလားဆိုတာ သူမ မတွေးတောလိုက်မိဘူးပဲ။


အဲဒီနောက်တွင်လည်း ကျီရှောင်အုံး ဒါကိုခေါင်းထဲလည်း ရှိမနေခဲ့ပေ။


အခုတော့ သူမနံဖူးအား ဖွဖွပုတ်လိုက်မိတယ်။ သူမ ဒီအကောင်လေးက အထီးလား အမလားဆိုတာ ခုထိမသိသေးဘူးပဲ။'


ရမ်က သူမအား စိုက်ကြည့်လိုက်ခဲ့ပြီး ဘာရယ်လို့မှန်းမသိ အလွန့်အလွန်ကို မကောင်းတဲ့ခံစားချက်တစ်ခု ရလိုက်တော့တယ်။


သေချာလေပြီ၊ ကျီရှောင်အုံး ချက်ချင်းပင် ခါးကုန်းလိုက်ပြီး သူ့အား နူးညံတဲ့နှင်းတွေပေါ် ချထားလိုက်တယ်။


သူ့ရဲ့ခြေလက်လေးဘက်လုံးအား ပက်လက်လှန်လှဲထားလိုက်၍ ကျီရှောင်အုံး သူ့ခန္တာကိုယ်အနှံ လိုက်စမ်းလိုက်ကာ သူမလက်နှစ်ဖက်က သူ့နောက်ခြေထောက်နှစ်ဖက်အား ညင်သာစွာ ကိုင်ထားလိုက်ပြီး ခြေနှစ်ဖက်အား ခွဲချလိုက်တော့တယ်..... ( မီ အူတက် ရယ်ချင်)


နောက်ဆုံးတွင် သူမဘာလုပ်တော့မယ်ဆိုတာကို ရမ်အား သဘောပေါက်လိုက်စေဖို့ အရမ်းနှေးကွေးလွန်းသွားခဲ့တယ်။


သူ စတင်ရုန်းကုန်လိုက်ခဲ့ပေမဲ့ သူ့နောက်ခြေထောက်တွေက ကံမကောင်းစွာ ဒဏ်ရာရထားလို့ ပတ်တီးစီးထားခဲ့ရတော့ သူ့မှာ အားအများကြီး မထုတ်နိုင်ခဲ့ပေ။


ကောင်မလေးရဲ့အားနေတဲ့ လက်တစ်ဖက်က သူ့ခြေထောက်အား ထိန်းကိုင်ထားလိုက်ပြီး သူ့အား ချော့မြူလိုက်တယ် - "မကြောက်ပါနဲ့.... ငါ က ကြည့်ချင်ရုံလေးပါ"


ရုန်းရင်း ကန်ရင်းနဲ့ ရမ် တစ်ယောက် မျှော်လင့်ချက်မဲ့စွာ သဘောပေါက်လိုက်ရတယ်။ သူ ဒီလောက်အားနည်းတဲ့ 'မိန်းမပျို'တစ်ယောက်ဆီကနေတောင် မရုန်းနိုင်ဘူးပဲ။


ရမ်၏နှလုံးသားက အရိုးပြာကျသွားလိုက်ကာ ကောင်မလေးအား သူ့ခြေထောက်တွေခွဲ၍ သူ့ဘဝအား စူးစမ်းဖို့ ခွင့်ပြုလိုက်ရတော့တယ်။


ဒါပေမဲ့ ကောင်မလေးကတော့ သူ့ရဲ့ခုခံနိုင်မှုကင်းမဲ့နေတာကို သတိမပြုမိတာလား ဒါမှမဟုတ် သူမ စကားတွေကို သူပဲ နားမလည်နိုင်တာပဲလားတော့မသိ။ သူမက သူ့ကိုယ်အောက်ပိုင်းအား အချိန်အကြာကြီးစိုက်ကြည့်လိုက်ပြီးနောက် ဖြေးဖြးချင်းသာပဲ ရုတ်တရက်ပင် သက်ပြင်းချလိုက်တယ် - 


".... အဲ့တော့ နင်က 'အထီး'ပေါ့"


ရမ် - "....."


********


ဟိုလ်ဒန်၏သင်္ဘောက အရှေ့အရပ်သို့ ဦးတည်သွားလိုက်ပြီး တစ်နေ့နှင့်တစ်ည ကြာပြီးနောက် အတော်လေး ဝေးဝေးရောက်သွားခဲ့တယ်။


ကျီရှောင်အုံး သံလိုက်အိမ်မြောင်အား ကြည့်လိုက်၍ နှင်းတောထဲမှာ နာရီဝက်ခန့်ကြာ ထော့နင်းထော့နင်းသွားလိုက်ရတယ်။ သူမ ရှူးဖိနပ်တွေက စိုစွတ်နေပြီဖြစ်တယ်။


သူမလက်တွေ ခြေထောက်တွေကလည်း အေးစက်နေပြီးတော့ သူမခြေထောက်တွေဆို ထုံထိုင်းခဲလုနီးပါးပင်ဖြစ်နေခဲ့တယ်၊ သူမ အနားယူဖို့ နေရာတစ်ခု ရှာချင်နေပြီဖြစ်တယ်။


အခုတော့ လမ်းပေါ်တွင် အပင်စားမျိုးစိတ်သားရဲလူ အများအပြားအား သူမ မြင်လိုက်ခဲ့တယ်၊ သူတို့မျိုးနွယ်စုနဲ့ သူမတို့ နီးလာတာလား။


ဒီလိုဆို သူမသူတို့ကို တစ်ညလောက် ခေါ်ထားဖို့ အကူအညီတောင်းလိုက်လို့ရနိုင်မလားပဲ။


ကျီရှောင်အုံး သူမကိုယ်သူမ ပြန်ကြည့်လိုက်ခဲ့တယ်။ သူမက မည်သည့်တိရစ္ဆာန်သားရေမှ ဝတ်ဆင်ထားခြင်းမရှိပေ၊ သူမမှာ တိရစ္ဆာန်သွား ဒါမှမဟုတ် ဦးဂျိုလိုမျိုးလဲ ရှိမနေချေ။ သူမက သူတို့လို အသားစားတိရစ္ဆာန်တွေနဲ့တော့ တူမနေပါဘူးနော်။


တစ်ခုတည်းသော အထင်လွဲနိုင်တဲ့ နေရာတစ်ခုက.....


သူမ သူမလက်ထဲက ကျားသစ်ပေါက်လေးအား ကြည့်လိုက်ခဲ့တော့ သူ့ပါးစပ်ကို အကျယ်ကြီးဟ၍ သွားချွန်ချွန်တွေကို ထုတ်ဖော်ပြလျက် သန်းဝေနေတာကို မြင်လိုက်ခဲ့တယ်။


ဒီကောင်လေးနဲ့တော့ သူမဘယ်လို ရုပ်ဖျက်ရပါမလိမ့်။ သူက ကြောင်လေးတစ်ကောင်နဲ့လည်း တူမှမတူပဲလေ ဟုတ်တယ်မလား။


ကျီရှောင်အုံး အနည်းငယ်လေး စိုးရိမ်သွားလိုက်တယ်။ အသီးအရွက်စားမျိုးစိတ်တွေအားလုံးက အသားစားမျိုးစိတ်တွေအား ကြောက်ရွံ့ကြတယ်။ သမင်မျိုးနွယ်စုရဲ့အသန်မာဆုံး စစ်သည်တော်တစ်ယောက်ဖြစ်တဲ့ အီရစ်တောင်မှ ကျားသစ်တွေကို ကြောက်ရွံ့လေတယ်။ သူမ တောင်ဆိတ်၊ ယုန်၊ သစ်ကုလားအုတ် ၊ သမင်ကြီးမျိုးနွယ် နဲ့အခြား အသီးအရွက်စားသားရဲလူတွေအများကြီး ရှိနေတာ သတိပြုမိလိုက်ခဲ့တယ်။ တကယ်လို့သာ သူတို့တွေ ကျားသစ်လေးကို မြင်လိုက်ရင် သူတို့တုံ့ပြန်မှုက အီရစ်နဲ့များ တူကြမှာလား။


ကျီရှောင်အုံး ထောင်‌ထောင်အား တင်းတင်းပွေ့ထားလိုက်ကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်တယ်။


သူမရှေ့မှာ မျိုးနွယ်စုတော်တော်များများရှိနေတာ မြင်လိုက်တော့ ခပ်ဝေးဝေးမသွားလိုက်ခဲ့၊ လမ်းမပေါ်တွင် ချွန်ထက်တဲ့ဦးချိုတွေပါရှိတဲ့ တောင်ဆိတ်မျိုးစိတ်တွေများစွာ ရှိနေတာ သတိထားမိလိုက်ခဲ့တယ်။ အရပ်တော်တော်ရှည်ပြီး နားရွက်တွေအပေါ်ထောင်နေတဲ့သစ်ကုလားအုတ်တွေရှိနေကာ ရှေ့သွားသိသိသာသာခေါထွက်နေတဲ့ ယုန်တွေ..... ဒါကြီးက အသီးအရွက်စားသားရဲမျိုးစိတ် အဖွဲ့အစည်းလေးတစ်ခုလိုပါပဲလား။


မလှမ်းမကမ်းတွင် ကျီရှောင်အုံး တံခါးပေါက်တစ်ခုကနေ ထွက်လာတဲ့ သားရဲလူအုပ်စုတစ်ခုအား သူမ ရှိတဲ့လမ်းကို လာမလို့လုပ်နေကြတာကို မြင်လိုက်ရခဲ့တယ်။


ကျီရှောင်အုံး သူမလက်ထဲက ကျားသစ်ပေါက်လေးအား ပွေ့ထားလိုက်ခဲ့တယ်။


ဒါက သူမရဲ့နောက်ဆုံးမျှော်လင့်ချက်ပင်။ တကယ်လို့သာ အနားယူတဲ့နေရာတစ်ခုကို အောင်အောင်မြင်မြင် မငှားနိုင်လို့ရှိရင် သူမ မှောင်သွားတဲ့အခါ အေးခဲပြီး သေသွားလိမ့်မယ်။


ဒါပေမဲ့ ကျားသစ်လေးနဲ့ သူမ ဘယ်လိုလုပ်ရမှာလဲ။


ကျီရှောင်အုံး ဦးနှောက်ကို ခြစ်ကုတ်စဉ်းစားလိုက်ပြီး နောက်ဆုံးတော့ အသိတစ်ခု ခေါင်းထဲဝင်လာခဲ့ကာ နည်းလမ်းတစ်ခုအား တွေးမိလိုက်တယ်။


သူမ ကျောပိုးအိတ်နှင့်အခြားပစ္စည်းတွေကို နေရာလွတ်ထဲကနေ ထုတ်လို့ သွင်းလို့ရတယ်ဆိုတော့က ဒီကျားသစ်လေးကို အထဲကို သွင်းလို့ရော ရနိုင်မှာများလား။


ကျီရှောင်အုံး စိတ်အားထက်သန်စွာ ကြိုးစားချင်သွားပြီး ကျားသစ်လေးရဲ့ခြေလက်လေးချောင်းလုံးကို သူမလက်ထဲမှာ ကိုင်ထားလိုက်ကာ သူ့အား အလေးအနက် စိုက်ကြည့်လိုက်ခဲ့တယ်။


ရမ် : ". . ."


ကျီရှောင်အုံး သူမ ပစ္စည်းတွေထုတ်ယူတုန်းကလို သူမမျက်လုံးအား ပိတ်လိုက်ခဲ့တယ်၊ နေရာလွတ်ထဲက အေးချမ်းဆိတ်ငြိမ်စွာနဲ့ သန့်ရှင်းနေတဲ့နေရာတစ်ခုအား ကြည့်လိုက်ကာ ကျားသစ်လေးအား ထည့်လိုက်ခဲ့တယ်။


သူမ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပြီး သူမလက်ထဲကို ကျီရှောင်အုံး ကြည့်ရှုလိုက်ခဲ့တယ်၊ သူမလက်ဖဝါးထဲမှာ ဗလာကျင်းနေပြီး ဘာမှမရှိတော့တာကို တွေ့လိုက်ခဲ့တော့တယ်။


သူမ မျက်လုံးတွေကို ပြန်မှိတ်ကြည့်လိုက်တော့ ကျားသစ်လေးက နေရာလွတ်ထောင့်စွန်းတွင် မတ်တပ်ရပ်နေပြီး သူ့ကိုယ်ခန္တာက ဖိအားအောက်မှာ ဖိသိပ်ခံနေရကာ သူ့ခြေလက်လေးတွေက မြေကြီးပေါ်မှာ ခက်ခက်ခဲခဲ ကုတ်တွယ်နေပြီး ခေါင်းကို လှည့်လည်ပြီး ပတ်ဝန်းကျင်အား ရှာဖွေစိစစ်နေတာကို မြင်နိုင်လေတယ်။


တကယ့်ကို မမျှော်လင့်ထားပေမဲ့ ကျီရှောင်အုံး သူမ ဝမ်းသာမှုတွေကို မထိန်းသိမ်းနိုင်တော့ပေ။


သူမနေရာလွတ်က နောက်ထပ်အဆင့်တစ်ခုတက်သွားတာများလား။ သက်ရှိအရာတွေတောင် ထည့်လို့ရတာလား။


ကျီရှောင်အုံး ကျားသစ်လေးက နေရာလွတ်ထဲက သူမရိက္ခာပစ္စည်းတွေကို ဖျက်ဆီးမိမှာကိုတော့ စိုးရိမ်သွားပြီး ပစ္စည်းတွေကို တမင်တကာနည်းနည်းလေး ဝေးတဲ့နေရာတွင် ရွေ့ထားလိုက်ခဲ့တယ်။


အကုန်လုံး နေရာချလို့ပြီးသွား၍ သူမမော့ကြည့်လိုက်တော့ သားရဲလူတော်တော်များများ သူမအနားကို ချဉ်းကပ်လာတာကို မြင်လိုက်ခဲ့တယ်။


ကျီရှောင်အုံး ကြီးမားတဲ့ဦးခေါင်းကြီးတစ်ခု၊ ကော့ညွတ်နေတဲ့ ဦးချိုတွေနှင့် နောက်ကျောတွင် ဝါးခြင်းတစ်ခု သယ်ဆောင်လာပြီး တောင့်တင်းသန်မာတဲ့ ကိုယ်ခန္တာတစ်ခုအား မြင်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သမင်အုပ်စုအလယ်မှာ လမ်းလျှောက်လာတဲ့သူတစ်ယောက်အား လှမ်းကြည့်လိုက်ခဲ့ပြီး အံအားသင့်စွာနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်--- အဲဒါ အီရစ်မလား"


အီရစ်လည်းပဲ ကြည့်ရတာတော့ သူမကို မြင်လိုက်သည့်ပုံပင်၊ ရပ်တန့်လိုက်ခဲ့ကာ အလွန့်အလွန်အံအားသင့်စွာနဲ့ ဝမ်းသာအဲလဲ လှမ်းခေါ်လိုက်ခဲ့တယ်- "အုံး လား"


*******


ကျီရှောင်အုံး တစ်ယောက် ကြိမ်ကုလားထိုင်တစ်ခုပေါ် ထိုင်နေခဲ့တယ်။ သားရဲလူတွေက အလွန်အရပ်ရှည်တော့ ကုလားထိုင်တွေကလည်း မြင့်လေတယ်။ သူမခြေထောက်တွေက လေထဲတွင် တွဲလောင်းချထားလိုက်ရတယ်။ သူမ လက်ထဲတွင် ဂျင်းလက်ဖက်ရည်ပူပူလေးတစ်ခွက် ကိုင်ထားပြီး တစ်ဝက်သောက်ချလိုက်တော့ နွေးထွေးမှုတွေက သူမရဲ့ဗိုက်ထဲကနေ သူမတစ်ကိုယ်လုံး ပျံနှံ့သွားစေလိုက်ကာ နွေးထွေးလို့သွားခဲ့တယ်။


အီရစ်က သူမတည့်တည့်တွင် ထိုင်နေပြီး မီးလင်ဖိုထဲသို့ ထင်းတွေ အဆက်မပြတ် ထည့်ပေးနေခဲ့တယ်။


ဒီအခန်းထဲက ပရိဘောဂတွေက အလွန်းရိုးရှင်းတယ်။ အစိုဓာတ်ကိုကာကွယ်ဖို့ ကြမ်းခင်းအား မြေပြင်ကနေ ခပ်လှမ်းလှမ်းအကွာကနေ ခင်းထားခဲ့တယ်။


အခန်းထဲတွင် ကုတင်တစ်လုံး၊ စားပွဲတစ်ခု၊ သစ်သားခုံတန်းလျားရှည်နှစ်ခုနှင် အခြားရိုးရှင်းတဲ့ပရိဘောဂတွေ ရှိနေခဲ့တယ်။


အီရစ်က ထင်းထပ်ထည့်လိုက်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ လက်ဦးမှု ယူလိုက်ခဲ့တယ် - "အုံး .... အဲဒီသင်္ဘောကနေ နင်ဘယ်လို လွတ်လာခဲ့တာလဲ"


အဲဒီညက ကျီရှောင်အုံး ရွက်သင်္ဘောနှင့်ပါသွားတာ သူမြင်လိုက်ခဲ့တယ်၊ ကူးတို့ဆိပ်က သားရဲလူရဲ့ အပြုအမူအရ အဲဒီရွက်သင်္ဘောက ဝံပုလွေတွေပြည့်နှက်နေတဲ့ သင်္ဘောတစ်စီး ပဲ။


သူမ ဘာလို့ အဲဒီသင်္ဘောပေါ်တက်သွားတာလဲ နားလည်ဖို့ခက်ပေမဲ့လည်း အီရစ် သူမအတွက် အလွန် စိုးရိမ်လို့သွားဆဲဖြစ်တယ်။


ဝံပုလွေတွေဆိုတာ မကောင်းတဲ့ကောင်တွေပဲ ၊ သူတို့က သူမကို မထိမခိုက်စေဘဲ ပြန်လွှတ်ပေးနိုင်ပါ့မလား။


ကျီရှောင်အုံး သင်္ဘောပေါ်က ကျားသစ်လေးကို ရှာတာနေ ကျောက်ဆောင်တန်းကနေ ကျော်ဖြတ်ရွက်လွှင့်ခဲ့ပြီး အဲဒီနောက် ဝံပုလွေမျိုးနွယ်စုရဲ့အခြေအနေအကြော်င်းအား အဲဒီနေ့က ဘာဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း အကျဉ်းချုပ်ပြောပြလိုက်ခဲ့တယ်။


သူမ ဘာကို ဖုံးကွယ်ထားခြင်းမရှိဘဲ အသေးစိတ်ကျကျ အပြည့်အစုံ ဇာတ်ကြောင်းကုန်စင် ပြောပြလိုက်ခဲ့တယ်။


အီရစ်က သူ့မျက်လုံးထဲတွင် ကြည်ညိုလေးစားတဲ့အကြည့်တစ်ခုနှင့် နားထောင်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် ချီးကျူးစကားပြောလိုက်ခဲ့တယ် - " နင် အရမ်းတော်တာပဲ အုံး"


ကျီရှောင်အုံး သူမပါးမို့အား ထိတွေ့လိုက်ခဲ့တယ်၊ အီရစ်အား အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ သံလိုက်အိမ်မြောင်အကြောင်းအား မပြောပြလိုက်ခဲ့ဘူးပဲ။


"နင်က ဘာလို့ ဒီမှာရောက်နေရတာလဲ" ကျီရှောင်အုံး ခေါင်းစဉ်ပြောင်းလိုက်ခဲ့တယ်။


အီရစ်က ပြုံးကာ ပြောလိုက်တယ် - " နင် မေ့သွားပြီလား။ ငါ အရင်က နင့်ကို ပြောခဲ့တယ်လေ၊ ငါက ငါ့အဘိုးကိုယ်စား တောင်ဆတ်ရွာက ဒီအစည်းအဝေး သွားတာပါလို့။ နင် ထွက်သွားပြီးတော့ ငါ ဒီကို သင်္ဘောနဲ့ ရောက်လာလိုက်တာပဲ။ ဒီကျေးရွာကအကြီးအကဲက ငါ့အတွက် အိမ်တစ်လုံး ပြင်ပေးထားတာ၊ တကယ်လို့ နင့်မှာ နေစရာမရှိရင် နင် ဒီမှာ နေလိုက်လို့ရတယ်။ ဒီမှာက အခန်းနှစ်ခန်းရှိတာ ငါ က တောင်ဘက်ကအခန်းမှာ နေလိုက်မယ်"


အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ကျီရှောင်အုံးအတွက်ကတော့ ဒီဖိတ်ခေါ်ချက်က အရမ်းအရမ်းကို အဖိုးတန်လွန်းပေတယ်။


ကျီရှောင်အုံး စိတ်ရင်းထဲကနေ ကျေးဇူးတင်စကားတွေ မရပ်မနား ထပ်ခါတစ်လဲ လဲ နဲ့ ပြောလိုက်ခဲ့တယ်။ "ကျေးဇူးတင်လိုက်တာ အီရစ်ရယ်"


အီရစ်က အလွန်ကသိကအောက်ဖြစ်စွာနဲ့ မတ်တပ်ထရပ်လိုက်ခဲ့ပြီး သူ့ဦးချိုတွေကို ကုတ်ခြစ်လိုက်ခဲ့တယ်၊ ပြောစရာစကားမရှိ စကားရှာကြံပြောလိုက်တယ် - " အုံး အဲဒီကျားသစ်ကို ငါဘာလို့ မတွေ့တာလဲ"


ကျီရှောင်အုံး အထစ်ထစ်ငေါ့ငေါ့ဖြစ်စွာနဲ့ " အာ...... အဲဒီကောင်လေးက ဟိုဟို ဒီဒီ လျှောက်သွားနေတာ အခုထိ ပြန်မရောက်သေးဘူး"


"ဪ" အီရစ်က သံသယမဖြစ်ဘဲ တွေးတွေးဆဆနဲ့ ပြောလိုက်တယ်- " အုံး... နင် မနေ့ညက ကောင်းကောင်းမနားခဲ့ရဘူးမလား။ ခဏလောက် အနားယူလိုက်တာ အကောင်းဆုံးဖြစ်မယ်။ ညစာစားချိန်ကျရင် ငါ နင့်ကို လာခေါ်လိုက်မယ်လေ"


ကျီရှောင်အုံး သဘောတူစွာ ခေါင်းညိတ်လိုက်ခဲ့တယ်၊ အီရစ် ကသွားဖို့ ပြင်လိုက်ချိန် မြေပုံတစ်ခုတောင်းဖို့ သတိရသွားခဲ့တယ်။


အီရစ် ထွက်သွားပြီးနောက် သူမ ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီး မြေပုံတစ်ခုလုံးအား သေသေချာချာ ကြည့်ရှုလိုက်ခဲ့တယ်။


အနီးနားမှာရှိတဲ့မျိုးနွယ်စုအနည်းငယ်ကိုသာလျှင် မြေပုံပေါ်က ဟိုတစ်စုဒီတစ်ခုနေရာများတွင် ဆေးခြယ်ထားခဲ့တယ်။ ဘိုနီးယာတိုက်ရဲ့ အနောက်-မြောက်အကျဆုံးဒေက အရှေ့ဘက်နေ တော်တော်လေးဝေးလွန်းကွာလေတယ်။


မနေ့ညက သူမ လေးနာရီလောက်ပဲ စိတ်မလုံမခြုံ အိပ်လိုက်ရပြီး ကြာကြာမခံနိုင်တော့ဘဲ သူမ မအိပ်သေးခင် ကျီရှောင်အုံး ခဏပဲ ကြည့်လိုက်ခဲ့တယ်။


သူမမျက်လုံးတွေကို လက်ချောင်းနဲ့ထောက်ထားပြီး နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုပြီးတော့ သူမစိတ်အာရုံကို သန်မာဖို့မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ မီးလင်းဖိုထဲက မီးက အလွန်အားပြင်းပြီး အခန်းတစ်ခုလုံးအား နွေးထွေးခြောက်သွေ့စေခဲ့တယ်။ ထိုကြောင့်မို သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားစေဖို့ အချိန်သိပ်မကြာလိုက်တော့ပေ။


သူမ သူမနေရာလွတ်ထဲက တိရိစ္ဆာန်သေးသေးလေးရှိနေတာကို လုံးဝမေ့သွားလိုက်တော့၏။


******


မှောင်လာတဲ့အချိန်တွင်တော့ အီရစ်က ကျီရှောင်အုံးအား ညစာစားဖို့ လာခေါ်လိုက်ခဲ့တယ်။


သူက အရသာရှိတဲ့ ဂေါ်ဖီထုပ်နဲ့မုန်လာဥစွပ်ပြုတ်တစ်ခွက် ချက်ထားပြီး ကြက်သွန်နဲ့အားလူးတွေအား ကြော်ထားလိုက်ခဲ့တယ်။


" အုံး ... နင် နိုးပြီးလား" အီရစ်က တံခါးခေါက်ပြီး မေးလိုက်ခဲ့တယ်။


တံခါးက တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။


ခဏလောက်စောင့်လိုက်ပြီး အီရစ်က တံခါးအား ထပ်ခေါက်လိုက်ခဲ့တယ်၊ " အုံး"


ဖြေမဲ့သူ မရှိဖြစ်နေဆဲပင်။


အီရစ် သံသယတွေ ပြည့်နှက်သွားခဲ့တယ်။ အုံး ခုထက်ထိ မနိုးသေးတာလား။


ဒါပေမဲ့ အချိန်ကိုမေ့နေတာတောင် ထင်းမီးက ပြာကျတာ ကြာနေလောက်ပြီမလား။ သူမ မအေးဘူးလား။


အီရစ် ခဏမျှ စဉ်းစားလိုက်ပြီး စိတ်ရှုပ်စွာနှင့် တံခါးကို တွန်းဖို့ ခွာတစ်ခု မလိုက်ခဲ့တယ်။


" အုံး .. ငါ ဝင်လာရမလား"


တံခါးက ကျွိခနဲမြည်ကာ ပွင့်သွားခဲ့တယ်။


အီရစ်က အိပ်ရာခင်းဘက်အား မရေရာစွာ ကြည့်လိုက်ခဲ့တယ်၊ သူ့မျက်လုံးသူငယ်အိမ်တွေက ချက်ချင်းပင် ကျဉ်းမြောင်းသွားလိုက်ကာ သူ့နေရာတွင်ပင် တောင့်ခဲသွားတော့တယ်။


ကုတင်ပေါ်တွင်တော့ နူးညံ့ကျိုးပဲ့လွယ်တဲ့ ကောင်မလေးက လဲလျောင်းကာ အိပ်ပျော်နေခဲ့တယ်။


ကုတင်၏အတွင်းဘက်စွန်းတွင်တော့ ကြီးမားတဲ့ကျားသစ်သားရဲကြီးတစ်ကောင် ရှိနေခဲ့လေတယ်။


အပြာရင့်ရင့်မျက်လုံးတွေအောက်တွင် နက်မှောင်တဲ့အစက်ပျောက်တွေနှင့် ကြီးမားတဲ့ခန္တာကိုယ်ကြီးက ကောင်မလေးအား ဖုံးအုပ်လုနီးပါးဖြစ်နေခဲ့တယ်။


ကျားသစ်၏ရှည်လျားပြီး စွမ်းအားရှိတဲ့ အမြှီးတွေက သူ့နောက်တွင် လှုပ်ရမ်းနေခဲ့ကာ သက်ဝင်လှုပ်ရှားတဲ့လှုပ်ရှားမှုတစ်ခုနှင့် ကြမ်းပြင်အား လှဲကျင်းနေပြီး မြေကြီးက ဖုန်မှုန့်တွေအား သိမ့်သိမ့်တုန်နေခဲ့တယ်။


သူ့၏အမြီးက သူ့ရှေ့ကိုကွေးကာ ကောင်မလေး၏ခြေထောက်တွေ ပတ်နှောင်ထားခဲ့တယ်။


ဧရာမကျားသစ်ကြီးက သူ့လက်သည်းတွေကို ပင့်မလျက် ကောင်မလေး၏နားသယ်ပေါ်တွင် တင်ထားပြီး သူ့မျက်လုံးတွေက တစ်ချက်မျှ ပင့်လျက် တံခါးဆီသို့ ကြည့်ရှုနေခဲ့တယ်။


End.......