Chapter 18
Viewers 9k

အပိုင်း(၁၈)


ရမ် သူ့ရှေ့လက်လေးအား စွဲလမ်းစွာနဲ့ စိုက်ကြည့်လိုက်ခဲ့တယ်။ ဒီလက်လေးတွေက ပြန်သေးသွားလိုက်ပြီးတော့ လက်ဖဝါးလေးတွေက ပန်းရောင်တွေ ပြန်ဖြစ်သွားကြပြီ။ သူ သူ့နောက်ကိုသူ ပြန်လှည့်ကြည့်လိုက်တော့ သူ့အမြီးရှည်ရှည်ကလည်း လုံးလုံးကျုံ့ဝင်လို့သွားလိုက်တာကို တွေ့လိုက်ရတယ်။ အနည်းဆုံးတော့ စိတ်အနှောင့်အယှက်တော့ မဖြစ်ခဲ့ဘဲ ကျိုးနွံစွာနဲ့ မြေကြီးပေါ်သို့ တွဲလောင်းကျလျက်ရှိနေကာ အနည်းငယ်လေး ယိမ်းစောင်းနေခဲ့ပြီး အန္တရာယ်ကင်းမဲ့ပြီး ထုံထိုင်းတဲ့ပုံပေါက်နေခဲ့တယ်။


သူ ဒီလိုသုံးစားလို့မရတဲ့ မွေးကင်းစကလေးအရွယ် ပြန်ပြောင်းသွားခဲ့ပြန်ပြီ။


ရမ် အံတင်းတင်း ကြိုတ်လိုက်မိတယ်။ အချိန်တိုလေးအတွင်းမှာပဲ သူ့စိတ်က တက်လိုက်ကျလိုက်ဖြစ်သွားလိုက်ပြီးတော့ ဘယ်သူ့ရဲ့မျက်နှာအမူအရာကမှ ကောင်းမနေတော့ပေ။


အခြားတစ်ဖက်မှာလည်း ကျီရှောင်အုံးနှင့်အီရစ်တို့လည်း ထပ်တူညီစွာ တုန်လှုပ်ခြောက်ခြားနေခဲ့တယ်။


သူမ ရုတ်တရက်ကြီး နိုးလာခဲ့လေတော့ အိပ်မှုန်စုန်မွှားဖြစ်နေခဲ့တယ်၊ သူမ ကျားသစ်လေးရဲ့'တစ်ကိုယ်တော်ဖျော်ဖြေပွဲ' ဖြစ်သွားတဲ့ အိပ်ရာအား စိုက်ကြည့်လိုက်ခဲ့ပြီး တစ်စုံတစ်ခုအား ခက်ခက်ခဲခဲ ပြန်စဉ်းစားမိလိုက်တယ်။


'သူက သူမရဲ့နေရာလွတ်ထဲမှာ ရှိနေတာမလား။ ဘယ်အချိန်က ဘယ်လို ပြန်ထွက်လာလိုက်တာများလဲ။'


'သူ ဘယ်လို ထွက်လာလိုက်တာလဲ။'


သူမ ခဏလောက် တွေးတောကြည့်လိုက်ပေမဲ့ ဘာအထင်အမြင်မှ ရှာမတွေ့နိုင်ခဲ့ပေ။


'သူမ အိပ်နေတုန်းကို လှိမ့်ရင်းပြုရင်းနဲ့ မတော်တဆ သူမနေရာလွတ်ထဲကနေ သူ့ကို ထုတ်မိတာများ ဖြစ်နိုင်မလား။'


ကျီရှောင်အုံး ကုတင်ဆီသို့ ခြေလှမ်းအနည်းငယ် ရှေ့တိုးသွားလိုက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ သိရအောင်လို့ ကျားသစ်လေးဆီ ချဉ်းကပ်မလို့လုပ်လိုက်ခဲ့တယ်။


ရုတ်တရက် သူမလက်ကောက်ဝတ်ကို အခန်းအပြင်ကို ခြေလှမ်းနေပြီဖြစ်တဲ့ အီရစ်က တင်းတင်းဆွဲထားလိုက်ခဲ့တယ်။


အီရစ်၏မျက်လုံးများက ပြူးကျယ်စွာနဲ့ သူ့ခေါင်းကို ရမ်းလိုက်ပြီး တုံဆိုင်းစွာနဲ့ ပြောလိုက်တယ်၊ "အုံး .... နင် အဲဒီကို သွားလို့မရဘူး"


အီရစ် သူ့မျက်စိရှေ့က ဖြစ်ရပ်အား နားမလည်နိုင်တော့ပေ၊ ဒီအရာက လက်ခံလို့ရတာတာထက်ကို ကျော်လွန်နေခဲ့တာပင်။


'သူ အခုလေးတင်မြင်လိုက်တာ သိသိသာသာကို အရွယ်ရောက်ပြီးတဲ့ ကျားသစ်တစ်ကောင်ပါ ဘယ်လိုလုပ် မျက်စိတ်တစ်မှိတ်အတွင်း အပြစ်ကင်းတဲ့ကျားသစ်ပေါက်သေးသေးလေးတစ်ကောင် ဖြစ်သွားရတာလဲ။'


"ဘာလို့ ငါတို့ သွားလို့မရတာလဲ" ကျီရှောင်အုံး နားမလည်နိုင်ဖြစ်သွားလိုက်ပေမဲ့ သူ့စကားအတိုင်း လိုက်နာကာ ရပ်လိုက်ဆဲပင်ဖြစ်တယ်။


"ဘာလို့ဆို...... အဲဒါ......" အီရစ် လုံးလယ်ချာလယ်လိုက်နေပြီးတော့ မူလက လျှာသွားထက်တဲ့ သူ့လျှာက အခုတော့ အာစေးမိနေပြီး စကားတစ်ခွန်းမှ ထွက်မလာနိုင်တော့ပေ။ သူက ခန္တာကိုယ် အကြီးကြီးဖြစ်လာတဲ့ ရမ်ကိုရော သူ့မျိုးနွယ်ကို ပြဿနာတက်စေသလိုဖြစ်မှာကိုကြောက်သလို ကျီရှောင်အုံးက လက်မခံနိုင်မှာကိုရော သူစိုးရိမ်မိနေတယ်။


သူ နေ့တစ်ဝက်လောက် တုံ့ဆိုင်းသွားခဲ့ပြီးမှ စာနာစိတ်ကင်းကင်းနဲ့ ပြောလိုက်ခဲ့တယ်၊ " နင် အိပ်ပျော်သွားတုန်းက နင့်ကျားသစ်က အဲဒါက ဖြစ်လာ......"


'....အဲဒါက အရွယ်ရောက်ပြီးတဲ့ကျားသစ်ကြီးတစ်ကောင်ဖြစ်လာပြီးတော့ နင့်ကို အန္တရာယ်ပေးချင်နေတာ။'


ကံမကောင်းတာက ဒီစကားကို ဆုံးအောင်ပြောဖို့ သူ့မှာ အခွင့်အရေးမရှိလိုက်ပေ။ ကုတင်ပေါ်က ကျားသစ်လေးက လျင်မြန်စွာနဲ့ သူ့မျက်လုံးကို ပင့်တင်လိုက်ကာ အေးစက်စက်ဖြစ်သွားခဲ့ပြီး သူ့နောက်ခြေထောက်တွေက အီရစ်ဆီ ခုန်အုပ်ဖို့ အားပြုလိုက်ခဲ့တယ်။


အီရစ် ကြက်သေ သေ သွားခဲ့ပြီး သူ နောက်ကို ယိမ်းထိုး၍ ခြေနှစ်လှမ်းဆုတ်လိုက်ခဲ့တယ်၊ သူ့ရှေ့တွင် အဲဒီအနက်ရောင်ကို ခံစားလိုက်ရကာ....


အဲဒီကျားသစ်က သူ့မျက်နှာပေါ်တွင် လဲလျောင်းနေခဲ့လေ၏။


အဲဒိနောက် ချက်ချင်းပင် ထိုအရာက လက်သည်းများဖြင့် သူ့မျက်နှာပေါ်ကို ရွယ်လိုက်ကာ လက်နှစ်ဖက်လုံးက အောင်မြင်စွာနဲ့ အီရစ်၏ပါးပြင်ပေါ်တွင် သွေးချောင်းရာ ခြောက်ချောင်းအား ကုတ်ဆွဲလိုက်ခဲ့တယ်။


"ဝူး....."


အီရစ် သူ့မျက်နှာကို ဖုံးလိုက်ပြီး သည်းသည်းထန်ထန် ငိုကျွေးလိုက်တော့၏။


ကျီရှောင်အုံး ". . ."


ဘယ်တုန်းထဲက ဒီကျားသစ်နဲ့ သမင်က ဒီလောက် မလိုမုန်းထား စမာန်တွေခုတ်တတ်သွားကြတာလဲ။


********


အပြင်ဘက်တွင် မှောင်မည်းနေတာကြောင့် ကျီရှောင်အုံးရဲ့အခန်းထဲတွင်သာ ညစား စားလိုက်ခဲ့ကြသည်။


အတွေးများနဲ့ အဆုံးသတ်တဲ့ ညစာတစ်ခွက်ဖြစ်ခဲ့၏။


အီရစ်ကလည်း အချိန်တိုင်းလိုလို ကျီရှောင်အုံးဘေးတွင် လဲလျောင်းနေတဲ့ ဘာအမူအရာမျှမပြတဲ့ ကျားသစ်လေးကို ကြည့်ကြည့်နေခဲ့တယ်၊ တကယ်လို့သာ အကောင်ပေါက်လေးက တစ်ခုခုလုပ်လိုက်ခဲ့ရင် သူချက်ချင်း ထရပ်ပြီးတော့ ကျီရှောင်အုံးကို သူ့နောက်ပို့ကာ တင်းတင်းကျပ်ကျပ်ကာကွယ်ပေးနိုင်ဖို့ပဲဖြစ်တယ်။


ပထမဆုံးအကြိမ် သူ ကျားသစ်ပေါက်လေးကို တွေ့လိုက်တဲ့အချိန်တုန်းကလိုပင်။


အီရစ်က ကျီရှောင်အုံးကို တစ်စုံတစ်ခုအား တိုးတိုးလေးပြောရန် ကြိုးပမ်းလိုက်လျှင် ကျားသစ်လေးက ချက်ချင်းပင် အီရစ်ရဲ့ဘေးကို လှစ်ခနဲပြေးသွားပြီးတော့ သူ့လက်သည်းတွေကို ထုတ်ပြီးတော့ ခြိမ်းခြောက်လိုက်ပြန်သည်။


ဒါ့ကြောင့်မို့ပဲ အီရစ်တစ်ယောက် သူ့သွေးချောင်းအစင်းရာထင်နေတဲ့မျက်နှာနဲ့ပဲ သုန်မှုန်စွာနဲ့ ညစာကို ပြီးဆုံးလိုက်ရတယ်။


အဲဒီနောက် ကျီရှောင်အုံး အရင်ဦးအောင် ပန်းကန်နဲ့ဇွန်းတွေကို ဆေးကြောပေးလိုက်ခဲ့တယ်။


အီရစ် ကြာကြာမနေခဲ့ပဲ ထွက်သွားဖို့ ပြင်ဆင်လိုက်တော့တယ်။


ဒါပေမဲ့ မထွက်သွားလိုက်ခင် သူ ကျီရှောင်အုံးမျက်လုံးထဲသို့ လေးလေးနက်နက်ကြည့်လိုက်ပြီး အဲဒီနောက် ကျားသစ်လေးအား ကြည့်လိုက်ခဲ့ပြီး သူတစ်ခုခုပြောချင်သော်ငြားလည်း တစ်ခွန်းမှ မပြောလိုက်ရဘဲနဲ့ အဆုံးမှာ ထွက်သွားလိုက်ရတယ်။


အီရစ်ကို လိုက်ပို့လိုက်ပြီးတော့ ကျီရှောင်အုံး ကျားသစ်လေးရဲ့ခေါင်းအား လက်ညိုးထိုးလိုက်ကာ ပြောလိုက်တယ်၊ "ထောင်ထောင် နင်ဘယ်လိုလုပ် ဒီလောက်တောင် အီရစ်ကို ရန်လိုနေရတာလဲ။


"ထောင်ထောင်" တစ်ယောက် အော်ဟစ်လိုက်တော့၏။


ရမ် သူ့မျက်လုံးဖွင့်ဖို့တောင် အလွန်အမင်း ပျင်းရိနေခဲ့ပြီး ဒီတုံးတိတဲ့နာမည်ကို အသိမှတ်ပြုဖို့ သူ ငြင်းဆန်လိုက်ခဲ့တယ်။


ကျီရှောင်းအုံး သူ့နောက်ခြေထောက်လေးရဲ့ပတ်တီးတွေ အပိုင်းပိုင်းအစစဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိလိုက်ပေ။ သူ ဘယ်လိုလုပ်လိုက်တာလဲဆိုတာ သူမ မသိပေမဲ့လည်း မီးလင်းဖိုက ထင်းချောင်းအား ဘေးသို့ရွေ့လိုက်ပြီး ပတ်တီးပြတ်စတွေကို သေချာထည့်လိုက်ခဲ့တယ်။


မီးလင်းဖိုထဲမှာ တောက်လောင်နေတဲ့မီးက အခန်းအား နွေးထွေးတည်ငြိမ်သွားစေလိုက်ခဲ့တယ်။


ကျီရှောင်အုံး ပတ်တီးအား တစ်ပတ် ပတ်ပေးလိုက်ရင်းနဲ့ ဆူပူလိုက်ခဲ့တယ်၊ " နင်က ဒဏ်ရာကြီးနဲ့တောင် အခု ထပ်ပြီးထိခိုက်ပြန်ပြီ၊ ပိုကောင်းလာရင်တောင် နောက်ဆက်တွဲ ဒဏ်ခံရလိမ့်မယ်။ အခုက ဆောင်းဝင်လာပြီ အီရစ်ကပြောတယ် မုန်တိုင်းက နောက်ရက်အနည်းငယ် ထပ်ရှိဦးမယ်တဲ့။ ငါတို့ ဒီမှာ ခဏလောက် ခိုနေရဦးမယ်။ ဒီအချိန်ကို အခွင့်ကောင်းယူပြီးတော့ ဒီဒဏ်ရာကို သက်သာအောင်လုပ်ကမယ်"


ရမ် မတုံ့ပြန်လိုက်ခဲ့ပေ၊ သူ တစ်စုံတစ်ရာအား တွေးတောနေခဲ့တယ်။


'ဘာလို့ သူ့နဂိုပုံစံရောက်ပြီးမှ ချက်ချင်းပဲ ဒီအရွယ်စား ပြန်ပြောင်းသွားရတာများလဲ။'


'အဲဒါက ကျီရှောင်အုံးရဲ့ "နေရာလွတ်" ဆိုတဲ့အရာနဲ့ ဆက်စပ်နေမလား။'


သူ့ဒဏ်ရာကို ပတ်တီးပတ်ပေးပြီးနောက် ရမ် ကျီရှောင်အုံးရဲ့ ခြေထောက်ပေါ် လှဲချလိုက်ပြီး သူမလက်နောက်ကို သူ့လက်သည်းလေးနဲ့ပုတ်ပြီးတော့ သူ့ခေါင်းကိုမော့ကာ သူမအား စိုက်ကြည့်လိုက်ခဲ့တယ်။


သူ သူမ နေရာလွတ်ထဲကို ဝင်ဖို့ ကြိုးစားနေတာပဲဖြစ်တယ်။


ဘာမှနားမလည်တဲ့ ကျီရှောင်အုံးတစ်ယောက်က ရမ် စိတ်ထဲမှာ ဘာရှိနေလဲဆိုတာမသိတော့ သူ့အား အလိုလိုက်ထားတဲ့ သူမ မိသားစုကကြောင်လေးတစ်ကောင်ကို ဆက်ဆံသလို သူ့ခေါင်းအောက်ကို ခြစ်ကုတ်ပေးလိုက်ပြီး ပြောလိုက်တယ်။ "ကဲ နင်ဒီမှာ လှဲလိုက်ဦးလေ။ ငါ အပြင်ခဏထွက်ရဦးမှာ ပြီးရင် ပြန်လာခဲ့မယ်လေနော်"


အီရစ်ရဲ့မျက်နှာတွင် သွေးစင်းကြောင်းများ ပြည့်နှက်သွားလိုက်တာပဲ။ ဘာခွေးရှုးပြန်ရောဂါပိုးမှ မရှိပေမဲ့ သေချာအောင်လုပ်ရမှာပဲလေ။


ဒါပေမဲ့ ကျီရှောင်အုံး အီရစ်ကိုရှာတွေ့ချိန်တွင်တော့ သူက အိပ်နေပြီဖြစ်လို့ သူမလည်း လက်လျော့လိုက်ရတော့တယ်။


******


နောက်တစ်နေ့မနက်စောစောတွင်တော့ ကျီရှောင်အုံး အိပ်ပျော်နေရာကနေ နိုးလာလိုက်ခဲ့တယ်။ ကျားသစ်လေးကတော့ သူ့မျက်လုံးတွေပိတ်လျက် မီးဖိုဘေးက စားပွဲပေါ်တွင် လဲလျောင်းကာ အိပ်စက်နေခဲ့ပါတယ်။


ခြံဝင်းက တိတ်ဆိတ်လျက်ရှိပြီး အီရစ်ကတော့ ဒီထက်ပို အစောကြီးတည်းက ထွက်သွားလိုက်ပြီဖြစ်တယ်။


ကျီရှောင်အုံး မနေ့ညမီးထွန်းတုန်းက တောင်ဆတ်ကျေးရွာအကြီးအကဲနဲ့ တွေ့ဆုံပွဲလာလုပ်တယ်လို့ အီရစ်ပြောတာကို မှတ်မိလိုက်တယ်၊ ဒါပေမဲ့ နေ့လယ်ရောက်တာတောင် ပြန်မရောက်လာသေးပေ။


အီရစ်က ထွက်မသွားခင် ကျီရှောင်အုံးအတွက် မနက်စာပြင်ပေးထားခဲ့လိုက်ပါတယ်။


အီရစ်ဘေးက အခန်းက မီးဖိုချောင်ဖြစ်တယ်။ ၁၉၇၀ ဒါမှမဟုတ် ၁၉၈၀ ခုနှစ်နောက်ပိုင်းက ကျေးလက်ဒေသတွေရဲ့မီးဖိုချောင်နဲ့ဆင်တူပြီး အလယ်တွင်အပေါက်ဖောက်ထားတဲ့ ကျောက်အုတ်မီးဖိုတစ်ခုနှင့် သာမာန်ဟင်းလျာတွေချက်နိုင်တဲ့ ဒယ်အိုးဇောက်တစ်လုံးက မီးဖိုတွင်ရှိနေခဲ့တယ်။


ကျီရှောင်အုံး ဝါးအုပ်ဆေင်းကို ဖွင့်လိုက်တော့ အထဲတွင် အငွေ့တထောင်းထောင်းထဲနေတဲ့ နူးညံရွနေတဲ့ ရွှေရောင်ပြောင်းကိတ်သုံးခုနဲ့ ပျားရည်ပန်းကန်သေးသေးလေးတစ်ပန်ကန်ကို မြင်လိုက်ရတယ်။


ကျီရှောင်အုံး ပျားရည်နည်းနည်းကို သစ်သားဇွန်းနဲ့ကလော်လိုက်ပြီး ကိတ်တွေပေါ် ဖျန်းလိုက်ခဲ့တယ်။ ကိတ်တွေက နူးညံ့ကာ ချိုပြီး အရသာရှိနေလေတယ်။


သူမဗိုက်လေးကို ဖြည့်ပြီးတော့ ကျီရှောင်အုံး အသီးခြောက်တစ်ချို့ထုတ်ယူလိုက်ကာ နို့ထဲတွင် နှစ်လိုက်ပြီး ကျားသစ်လေးအား မနက်စာအဖြစ် အစာကျွေးလိုက်ခဲ့တယ်။


ခဏကြာပြီးနောက်တွင် အပြင်ဘက်ကနေ အီရစ်ပြန်လာတဲ့အသံကို သူမ ကြားလိုက်ရတယ်။


အီရစ်ရဲ့ပါးပြင်တွေက နှစ်ဖက်စလုံးမှာ အစင်းကြောင်းရာတွေရှိနေပေမဲ့ ကြည့်ရတာ အနည်းငယ်လေးရယ်စရာကောင်းနေပုံပေါက်တယ်၊ သူ့ကိုကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ။


"ရွာနောက်က ကန်စွန်းဥစိုက်ခင်း ဖော်လို့ရနေပြီလေ အကြီးအကဲက နေ့လယ်ကျရင် ကန်စွန်းဥတွေ တူးဖို့ ဖိတ်ထားတယ်။ ထွက်နှုန်းကောင်းရင် ငါ့ကိုလည်း နည်းနည်းပေးမယ်လို့ သူကတိပေးလိုက်တယ်"


နှင်းမုန်တိုင်းဆက်ကျနေတာကြောင့်မို့ အီရစ်က တောင်ဆတ်ကျေးရွာမှာ ကြာကြာနေရဦးမည်ဖြစ်တယ်။


ဆောင်းရာသီမှာ အစာရေစာရှားပါးတာကြောင့် တောင်ဆတ်ကျေးရွာအတွက် အီရစ်ကို ဝေမျှဖို့ အစားအစာတွေ အများကြီး ရှိမနေလောက်ပေ။ တကယ်လို့ အီရစ် သူ့ဗိုက်ကို ဖြည့်တင်းချင်ရင်တော့ သူအပြင်ထွက်ပြီးတော့ အစာထွက်ရှာမည်ဖြစ်တယ်။


အခုတော့ ကျီရှောင်အုံးနှင့်ကျားသစ်လေးပါလာတော့ အီရစ် ထမ်းရမဲ့တာဝန်က မပေါ့ပါးတော့ပေ။


---သူ ကျားသစ်လေးကို ကျွေးမွေးဖို့ အရမ်းကို အင်တင်တင်ဖြစ်နေပေမဲ့လည်းပေါ့လေ။


တကယ်လို့ ဒီတစ်ခါ သူ ကန်စွန်းဥနည်းနည်းရနိုင်ရင် နောက်ရက်တွေဖို့ အစာအတွက် သူတို့တွေ ပူပန်ဖို့မလိုတော့ပေ။


"တကယ်လား။ ကောင်းတာပေါ့"


ကျီရှောင်အုံး သူ့အတွက် ပျော်သွားလိုက်တယ်၊ ခဏမျှတွေးတောလိုက်ပြီးနောက် မနေနိုင်ဘဲ မေးလိုက်ခဲ့တယ်၊ "အီရစ် ဒီနေ့လယ် ငါနင်နဲ့ အပြင်လိုက်လို့ရမလား"


အီရစ်က ပြောလိုက်တယ်၊ "အပြင်ဘက်မှာ နှင်းတွေ အရည်မပျော်သေးတော့ လမ်းလျှောက်သွားဖို့ အရမ်းခက်နေဦးမှာ။ တကယ်လို့ နင် တစ်ခုခုလိုရင် ငါ့ကိုပြောလေ အုံး၊ ငါ နင့်အတွက် ပြန်ယူလာခဲ့ပေးမယ်လေ"


ကျီရှောင်အုံး တွေးဆလိုက်ပေမဲ့ မရမက တောင်းဆိုနေတုန်းပင်၊ "ငါ အပြင်ထွက်ပြီးတော့ ငါဘာသာပဲ သွားကြည့်ချင်တယ်"


မတိုင်ခင်တုန်းက ကျေးရွာကိုလာတဲ့လမ်းတစ်လျှောက်မှာ သူမ နေဖို့နေစရာရှာဖို့ အလျင်လိုနေတာနဲ့ သူမပတ်ဝန်းကျင်အား သိပ်အာရုံမစိုက်မိလိုက်ပေ။


ဒါပေမဲ့ အခုတော့ သူမ ပြန်သွားပြီး သေချာအောင်လုပ်ချင်နေလေတယ်။


********


နေ့လယ်ရောက်တော့ အီရစ်နှင့်ကျီရှောင်အုံးတို့ အတူထွက်သွားလိုက်ခဲ့တယ်။


ဒီနေရာကသားရဲလူတွေက အသားစားမျိုးစိတ်တွေကို ကြောက်တာ သူမ သိနေတော့ ဒီတစ်ခါတွင်တော့ ကျီရှောင်အုံး သူမနဲ့အတူ ကျားသစ်လေးအား မခေါ်လာလိုက်တော့ဘဲ အိမ်မှာပဲ တစ်ကောင်တည်းချန်ထားလိုက်ခဲ့တယ်။


ကန်စွန်းဥစိုက်ခင်းက ကျေးရွာအစွန်တွင် ရှိပြီး ၇၈ ဧကခန့်ရှိကာ ပတ်ချာလည်တွင် ခြံစည်းရိုးနိမ့်နိမ့် ကာရံထားခဲ့တယ်။


စိုက်ခင်းထဲရောက်သည်နှင့် အီရစ်က သူ့အင်္ကျီလက်ကို မတင်ကာ ရွာကလူတွေကို ကူညီပေးလိုက်ခဲ့တယ်။


ကျီရှောင်အုံး အနီးအနားကို လှည့်လည်လိုက်ခဲ့ပါတယ်။


သူမ ဒီတစ်ခါက ပစ္စည်းနှစ်မျိုးကြောင့်မို့ အပြင်ထွက်လာတာဖြစ်တယ်။


ဒီနေရာက မီးလင်းဖိုက ညဘက်မှာ မီးထည့်ပေးပေမဲ့လည်း အပြင်ဘက်မှာက အေးခဲကာ နှင်းတွေကျနေတာကြောင့် ခြုံစောင်ပါးပါးတစ်ထည်က လုံလောက်အောင် မနွေးထွေးနိုင်ခဲ့ပေ။


တကယ်လို့ ဒီနေရာဝန်းကျင်မှာ သူမ ဝါဂွမ်းရှာတွေ့နိုင်ရင် ခြုံစောင်လုပ်နိုင်မယ်ဆို အများကြီးပိုနွေးသွားမှာပဲဖြစ်တယ်။


သူမလုပ်ချင်တဲ့နောက်ထပ်အရာတစ်ခုက သူမ ကိုယ်သင်းရနံ့ကို ဖုံးဖို့ တစ်ခုခုရှာချင်တာပဲဖြစ်တယ်။


အမျိုးသမီးတွေရဲ့ သားအိမ်ဥတည်ချိန်က နှစ်ပတ်တောင် ကြာမြင့်တာဖြစ်တယ်၊ ငရုတ်ကောင်းအနံ့နှင့် အခြားအရာတွေပေါ်ပဲ သူမ အမြဲမှီခိုနေလို့မရပေ။ သူမ တစ်ခုခုရှာဖို့လာတာပဲဖြစ်တယ်။


ကျီရှောင်အုံး ရွာကိုလာတဲ့လမ်းမှာတုန်းက လမ်းဘေးတွင် ဝါဂွမ်းနဲ့တူတဲ့အပင်တစ်ပင်အား မြင်လိုက်တာကို မှတ်မိသွားခဲ့တယ်။


ကံမကောင်းစွာပဲ သူမ အနီးကပ်ကြည့်ဖို့ အရမ်းစိတ်ရှုပ်နေခဲ့တယ်။


သူမ လမ်းကို နောက်ပြန်သွားလိုက်ပြီး သူမပတ်ဝန်းကျင်က အပင်တွေကို ဂရုတစိုက် ကြည့်ရှုလိုက်ခဲ့တယ်။


ဆောင်းရာသီမှာက အပင်တွေအများကြီးမရှိတော့ သူမတစ်ချက်လေးလှမ်းကြည့်ရုံနဲ့ အဆုံးထိ မြင်နိုင်တာပဲဖြစ်တယ်။


အထဲတွင်နူးညံ့တာရှိနေတဲ့ ဝါဂွမ်းနဲ့ဆင်တူတဲ့ အပင်တစ်ပင်အား သူမ တွေ့ဖို့ အချိန်အများကြီး မကြာလိုက်ခဲ့ပေ။


ဝါဂွမ်းပင်က ဖြူဆွတ်နေပြီး ပတ်ဝန်းကျင်က နှင်းအရောင်နဲ့ တူတူပဲဖြစ်နေခဲ့တယ်။


တကယ်လို့ တစ်ယောက်ယောက်ကသာ သေချာမကြည့်မိလိုက်ရင် ကျော်သွားဖို့ လွယ်ကူနေ၏။


'ဒီပန်းပွင့်နဲ့ တကယ့်ဝါဂွမ်းက ကွာခြားချက်တစ်ခုများ ရှိမလား။'


'အနွေးခြုံစောင်လုပ်ဖို့ လုံလောက်ပါ့မလားပဲ။'


ကျီရှောင်အုံး ဝါဂွမ်းကို ကိုင်ထားပြီးတော့ ဒီအကြောင်းကို နောက်မှစဉ်းစားလိုက်ဖို့ ယာယီဆုံးဖြတ်ထားလိုက်တယ်။


ဒီကလူတွေက ဝါဂွမ်းရဲ့အသုံးပြုပုံကို မသိကြသလို ပန်းပွင့်အလယ်ထဲမှာ ပြည့်နေတဲ့အပိုင်းအစကို ကြည့်ရကောင်းမှန်း မသိကြပေ။ ဘယ်သူကမှ ဒီပန်းပွင့်တွေကို မခူးကြဘဲ သူတို့ရဲ့ပန်းဖူးတွေက မထင်မှတ်ဘဲ ဆောင်းရာသီမှာတောင် လာရှင်သန်နေခဲ့သည်။


ကျီရှောင်အုံး ဝါးခြင်းတစ်ခုထဲကို အပြည့်ဖြည့်လိုက်ပေမဲ့ မလုံလောက်ဘူးလို့ ခံစားရတာနဲ့ သူမ သူမရဲ့နေရာလွတ်ထဲကိုပါ အများအပြားထည့်ထားလိုက်ခဲ့တယ်။


အချိန်ကို စစ်‌ကြည့်လိုက်တော့ သူမနဲ့အီရစ်တို့ ဆုံရမဲ့အချိန် ရောက်လုနီးပါးဖြစ်နေခဲ့တယ်။


အပြန်လမ်းတွင် ကျီရှောင်အုံး နှင်းတွေဖုံးနေတဲ့ တောနှံပင်အား မြင်လိုက်ခဲ့ပြီး သူမမျက်လုံးတွေ လင်းလက်သွားတော့တယ်။ သူမ လျင်မြန်စွာနဲ့ ခူးလိုက်ပြီးတော့ သူမခြင်းထဲကို ထည့်လိုက်ခဲ့တယ်။


သူမအလိုအပ်ဆုံးအရာနှစ်ခုကို ရှာတွေ့သွားလိုက်တော့ ကျီရှောင်အုံး ကျေနပ်သွားလိုက်ကာ သူမခြေလှမ်းတွေ အလွန်ပေါ့ပါးသွားတော့တယ်။


ကန်စွန်းဥစိုက်ခင်းကိုပြန်ရောက်တော့ အီရစ်က ခူးတာပြီးသွားလိုက်ပြီဖြစ်ကာ သူတို့နှစ်ယောက် တောင်ဆတ်ကျေးရွာကို အတူတူပြန်လိုက်ကြတော့တယ်။


သူတို့တွေ ရွာကိုမဝင်ရသေးခင်မှာပဲ သားရဲလူအများအပြား အထဲမှာ မတ်တပ်ရပ်နေတာကို မြင်လိုက်ပြီး အဲဒီနောက်မှာပဲ 'မိန်းမပျို'တစ်ယောက်က ကြောက်လန့်တကြားအော်ဟစ်လိုက်ခဲ့တယ်။


ဝိုးတိုးဝါးတားဖြင့် သူတို့ပြောနေကြတာကို သူမတို့ကြားနိုင်နေလေတယ်၊ " အဲဒါကို မောင်းထုတ်လိုက်" "ဒီနေရာကနေ မောင်းထုတ်လိုက်" " သူ ငါတို့ကို ကိုက်လိုက်မယ်"....


ဒီနေရာမှာ နှစ်ရက်ကြာနေလိုက်ပြီးတော့ ကျီရှောင်အုံး တောင်ဆတ်မျိုးနွယ်ရဲ့အကျင့်စရိုက်အား နားလည်နေပြီဖြစ်တယ်။


သူတို့တွေက ညင်သာပြီး သဘောမနောကောင်းသူတွေဖြစ်ကြကာ အခြားမျိုးနွယ်စုတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာ အတော်လေးရှားပါးပြီး အများဆုံးမှ အခုလိုမျိုး အော်လိုက်ဟစ်လိုက်တာက အများကြီးဝေးရောပဲ။


ကျီရှောင်အုံးရဲ့နှလုံးခုန်သံက တဒိတ်ဒိတ်ခုန်မြည်လို့သွားကာ ရုတ်တရက် သူမ မကောင်းတဲ့ခံစားချက်တစ်ခု ရလိုက်ခဲ့တယ်။


သူမ ခြေလှမ်းအား သွက်သွက်လှမ်းလိုက်ပြီး ရှေ့ကိုတိုးသွားဖို့ လူအုပ်ကြီးကိုထိုးဖောက်လိုက်ခဲ့တယ်၊


ရှေ့မရောက်သေးခင်မှာပဲ တောင်ဆတ်မျိုးနွယ်စုအကြီးအကဲရဲ့ နားကွဲလုမတတ် အော်ဟစ်လိုက်တဲ့အသံကို သူမ ကြားလိုက်ရတယ်.....


"ဒီအသားစားမျိုးစိတ်အနွယ်ကို ဒီနေရာကို ဘယ်သူခေါ်လာခဲ့တာလဲ"


ကျီရှောင်အုံး မျှော်ကြည့်လိုက်တော့ ရှေ့က ထောင့်မှန်စတုဂံ သစ်သားစားပွဲခုံတစ်ခုံပေါ်တွင် ကောက်ရိုးတွေခင်းထားတာကို မြင်လိုက်ခဲ့တယ်။


နေရောင်ခြည်က နွေးထွေးနေတဲ့ ခုံပေါ်တွင်တော့ ကိုယ်တိုင်အလွန့်အလွန်ကို ကျေနပ်နေတဲ့ သူမရဲ့ကျားသစ်ပေါက်လေးက ကောက်ရိုးပေါ်တွင် ကွေးကွေးလေး ခွေနေခဲ့တယ်။


နေရောင်တွင် နေပူဆာလှုံနေရင်းနဲ့ သူက ပတ်ပတ်လည်က လူအုပ်ကြီး စိတ်ပြေနပြေ ကြည့်နေခဲ့လေတယ်။


မကြာမီမှာပဲ မျက်လုံးပြာလေးတွေက နောက်လှည့်လိုက်ကာ ကျီရှောင်အုံး ပေါ်တွင် ကျရောက်သွားတော့တယ်။


သူ့ရဲ့ပျင်းရိပြီး အထင်မြင်သေးတဲ့သဘောထားက မျိုးနွယ်အကြီးအကဲရဲ့ ဒေါသနဲ့ယှဉ်ရင်တော့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတော့တယ်။


End .....