အခန်း(၃၇)
Viewers 12k

အခန်း(၃၇)《 အနီရောင်မိုးရွာခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


“မဟုတ်ဘူး၊ ငါတို့က သွားတော့မှာ ”


ကျန့်ယွင်ကတော့ ဤနေရာတွင်နေရန်ရည်ရွယ်ချက်မရှိပေ။ မကြာခင်မှာပင် အာရုံတက်လာတော့မည်။ ထို့အပြင် သူတို့အနေနှင့်နောက်ထပ်နှောင့်နှေးနေ၍မဖြစ်ချေ။ မဟုတ်လျှင် ဤနေရာတွင် နောက်တစ်ရက်လောက် မလွဲမသွေကို အချိန်ကုန်ကြရလိမ့်မည်။ ဗီလာသို့ပြန်ပြီး လုံလုံခြုံခြုံနေတာမှ ပိုကောင်းပေလိမ့်အုံးမည်။ နောက်ထပ်ကတော့ စုရွေ့ကျယ်မမြင်‌မတွေ့ချင်သူများလည်း ဤနေရာတွင်ရှိနေသေးသည်။ 


“အာ ”


ကျန်းမောင့်ရုန်ကတော့ ကျန့်ယွင်မကြာခင်မှာပင် ထွက်သွားမည်ဟု မမျှော်လင့်ထားသောကြောင့် သူတို့အားဆက်၍နေထိုင်ရန် စည်းရုံးဖို့ရာ စိတ်လှုပ်ရှားစွာနှင့် သူ့ပါးစပ်ကိုဖွင့်လိုက်သည်။ 


“အပြင်ဘက်မှာ ဖုတ်ကောင်တွေ အများကြီးရှိနေတဲ့အချိန်ကြီး ပြန်ထွက်သွားကြဖို့ဆိုတာ အရမ်းအန္တရာယ်များတယ်။ မင်းတို့မှာ ကြံ့ခိုင်တဲ့စွမ်းရည်တွေရှိကြတယ်ဆိုပေမယ့် မင်းတို့အဖွဲ့ကသေးပြီးတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပါနေတယ်လေ။ ဒါကြောင့် ဒီမှာနေဖို့က ပိုပြီးတော့ လုံခြုံလိမ့်မယ် ”


ကျန့်ယွင်ကတော့ ကျန်းမောင့်ရုန်တစ်ယောက် ကိုယ်ခံပညာ၀တ္ထုတွေအများကြီးဖတ်ဖူးတယ်လို့ခန့်မှန်းမိလိုက်တယ်။ သူ့တွင် သတ္တိရှိပါသော်ငြားလည်း စွမ်းအားကတော့အနည်းငယ်လေးသာပဲရှိတယ်။ သူက သာမန်လူတွေထက်ပိုပြီးသန်မာသောကြောင့် ကောင်းကင်နဲ့မြေကြီးကို ကျော်လွန်ပြီးသွားနိုင်တယ်လို့ သူခံစားနေရတာဖြစ်မယ်။


သို့ပါသော်ငြား ဤလူသည် သေးငယ်သောလုံခြုံဘေးကင်ဇုန်လေးတစ်ခုကို တည်ဆောက်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူအုပ်စုတစ်ခုကို လက်ခံဦးဆောင်ကာ အန္တရာယ်နှင့်ကြုံလာချိန်မှာလည်း အရှေ့ကိုထွက်ဖို့ဆန္ဒရှိခဲ့သည်။ ကျန့်ယွင်တွင် ဤလူအတွက် အပျက်သဘောဆောင်သောခံစားချက်မျိုးမရှိသောကြောင့် သူ့အားသတိပေးခဲ့လိုက်၏။ 


“ငါတို့ ဖြေရှင်းစရာလေးတွေ ရှိသေးလို့ ”


ကျန့်ယွင်သည် သူ့ဆီသို့လာပြီး တိုးတိုးလေးပြောခဲ့လိုက်၏။


“မင်း သံတံခါးတစ်ခုတည်းအပေါ်မှီခိုနေလို့မရဘူး။ မင်း အင်အားဖြည့်တင်းဖို့နည်းလမ်းတွေရှာရမယ်။ ဒါ့အပြင် စွမ်းရည်တွေက အဆုံးအစမရှိဘူး။ တခြားလူတွေလည်း တိုက်ခိုက်ဖို့လိုအပ်တယ်။ မင်း သူတို့တွေကို တစ်ခဏလောက်တော့ကာကွယ်ပေးနိုင်တယ် ဒါပေမယ့် တစ်သက်လုံးတော့ ကာကွယ်မပေးနိုင်ဘူး ”


ထို့နောက် ကျန့်ယွင်သည် လူတိုင်းအား ကားပေါ်သို့တက်ရန်‌နှိုးဆော်လိုက်၏။ စုရွေ့ကျယ်ကားပေါ်သို့တက်ရန် ခြေလှမ်းလိုက်စဉ်မှာပဲ တစ်စုံတစ်ယောက်က သူ့အား အော်ခေါ်လေ၏။ 


“ခဏလောက်စောင့်ပါအုံး ရှောင်ကျယ် ”


ဤနေရာတွင် စုရွေ့ကျယ်၏နာမည်အားအော်ခေါ်နိုင်သည့် တစ်ယောက်တည်းသောသူမှာ တွေးစရာမလိုအောင်ပင် ချန်ဟွေ့ကျန်းသာလျှင်ဖြစ်၏။


စုရွေ့ကျယ်သည် သူ့စိတ်ထဲမှ လှောင်လိုက်ပြီး ချန်ဟွေ့ကျန်းဆီသို့လှည့်ကြည့်လိုက်၏။


ချန်ဟွေ့ကျန်းသည် တံတွေးမျိုချလိုက်ပြီး စုရွေ့ကျယ်၏ အေးစက်သောမျက်လုံးများကို သတိပြုမိလိုက်ပြီး အလျင်အမြန်ပင် ငြိမ်ကျသွားလေ၏။ သူမကိုကြည့်နေတဲ့အချိန်လေးအတွင်းမှာပဲ ဒီကလေးက ဘယ်လိုပြောင်းလဲသွားနိုင်ရတာလဲ။ သူမသည် သူ့အကျင့်စရိုက်ကိုကောင်းစွာသိသည်။ အလွန်ကောင်းမွန်၊ ရိုးရှင်းပြီး ‌လူတောမတိုးဘဲ နူးညံ့သိမ်မွေ့သောနှလုံးသားလည်းရှိသည်။ စကားမစပ် သူသည် ကောင်းကောင်းမွန်မွန်၀တ်စားထားပြီး သူ့အသားအရေက သန့်ရှင်းနေကာ သူ့နေ့ရက်တွေက ခါးသီးကျပ်တည်းမှုတွေမရှိဘူးဆိုတာကိုပြနေသည်။မမျှော်လင့်စွာပဲ ဒီလို‌တုတ်တဲ့ပေါင်ကိုတောင်ပွေ့ဖက်ထားနိုင်တဲ့ သူ့ဆီမှာဘယ်လို ခွေးချီးကံကောင်းမှုမျိုးရှိနေသလဲကို သူမမသိတော့ပေ။ ဒီလူတွေက အမျိုးသမီးတွေနဲ့ ကလေးတွေကိုတောင်သူတို့နဲ့အတူခေါ်နိုင်တယ်။ ဒါဖြင့် သူတို့ကိုလည်းခေါ်ဖို့ မခက်လောက်ဘူး ဟုတ်တယ်မလား။ 


“ရှောင်ကျယ် ငါက မင်းအဒေါ်ပါ! မင်းဒီရက်တွေထဲ ဘယ်ရောက်နေတာလဲ။ အကြီးဆုံးအဒေါ်က တကယ့်ကိုသေလောက်အောင် စိတ်ပူနေတာ”


“အို့ စိတ်ပူနေတာလား ”


“ဟုတ်တယ် ဟုတ်တယ်၊ မင်းကရုတ်တရက်ကြီးပျောက်သွားတာလေ။ မင်းအဒေါ်ဘယ်လောက်တောင် စိတ်ပူနေရသလဲဆိုတာ မင်းမသိပါဘူး။ ငါ မင်းကိုရှာဖို့အတွက် ရဲစခန်းကိုတောင်သွားခဲ့သေးတယ်။”


ဟဟ...ခင်ဗျားက ကျွန်တော့ကိုအမှုဖွင့်ဖို့ ရဲစခန်းကိုတောင်သွားခဲ့တယ်ပေါ့လေ။ သူမက တကယ့်ကို လုံး၀အရှက်မရှိဘူးပဲ။


ထပ်ပြီးတော့ ဤမိန်းမရဲ့ အမှန်နဲ့အမှားကိုပြောင်းပြန်လှန်နိုင်တဲ့ စွမ်းရည်က အရမ်းကို အား‌ကောင်းလွန်းနေဆဲပဲ။ 


“အိုး ကျွန်တော် အဲ့အကြောင်းကိုကြားခဲ့တယ်။ ရဲတွေ ကျွန်တော့်ကိုဖမ်းခိုင်းပြီး ယွမ် သုံးသိန်းကို ခင်ဗျားကိုပေးခိုင်းဖို့ ဖိအားပေးဖို့လေ ဟုတ်တယ်မလား ” 


စုရွေ့ကျယ်သည် ရွဲ့စောင်းပြောလိုက်၏။ ချန်ဟွေ့ကျန်း၏အမူအရာသည် ရုတ်တရက်အေးခဲသွားလေ၏။ စုရွေ့ကျယ် ထိုအကြောင်းသိနေဖို့ သူမ မမျှော်လင့်ထားချေ။


“ဒါက နားလည်မှုလွဲတာပါ ”


စုရွေ့ကျယ်သည် သူမ၏ အရေမရ အဖက်မရများကို နောက်ထပ်နားမထောင်နိုင်တော့သဖြင့် တံခါးကို ပိတ်လိုက်၏။


တံခါးပိတ်လိုက်သည့်အသံသည် ချန်ဟွေ့ကျန်း၏မျက်နှာအား မမြင်နိုင်သောလက်ဝါးဖြင့် ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ သူမသည် ရှက်ရွံ့စွာဖြင့်ခေါင်းကိုငုံ့ထားကာ အတော်လေး စိတ်မချမ်းသာဖြစ်နေပုံရ၏။


ထို့နောက်ကျန့်ယွင်သည် ကားစက်နှိုးလိုက်ပြီး လူငယ်လေးများသည် သူတို့အတွက် သံတံခါးကြီးကိုဖွင့်ပေးလိုက်၏။ စက်ရုံမှသူတို့ထွက်သွားကြသည်ကို သူတို့ ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြ၏။ 


သူတို့ မိုးခြိမ်းသံတစ်ခု ချဉ်းကပ်လာ‌သည်ကို ကြားလိုက်ရချိန်မှာပဲ ကားကို လမ်းမကြီး၏ တစ်၀က်လောက်မှာ ရပ်လိုက်ကြသည်။


“ဟမ် မိုးကြိုးလား၊ မိုးရွာတော့မှာလား ”


ကျန့်ကျားဟယ်သည် အံ့ဩသွားပုံရ၏။


မကြာသေးခင်ကမှ နေ့စဉ်အပူချိန်က 40 ဒီဂရီထက်တောင်ပိုများသေးပြီး ညနေခင်းများမှာတောင် 30 ဒီဂရီနီးပါးရှိ၏။ မိုးတစ်စက်ကလေးမှမရွာခဲ့သလို သစ်ပင်တွေနဲ့ အပင်တွေ ညှိုးနွမ်းကုန်၏။ ထိုနေ့ရက်များသည် ခံနိုင်ဖို့ရာ တကယ်ကိုခက်ခဲလွန်းလှ၏။ အကယ်၍ မိုးသည်းထန်စွာရွာလိုက်ပါက ဤပူပြင်းလှသောရာသီဥတုကို အအေးဓာတ်တစ်ခုယူလာပေးနိုင်ကောင်းပါရဲ့။ ဒါကတကယ်မိုက်တာပဲ။


ဘုံး


မိုးခြိမ်းသံက ပိုပိုပြီးကျယ်လောင်လာလေ၏။ တစ်ချိန်တည်းမှာပဲ လေပြင်းတစ်ခုကလည်း တိုက်ခတ်လာလေ၏။ 


“ဟားဟား၊ တကယ့်ကိုမိုးရွာတော့မယ့်ပုံရတယ်”


စုန့်ချန်ရှုသည် လေ‌အေးကို အထဲသို့၀င်လာစေဖို့ ပြတင်းပေါက်ကိုဖွင့်လိုက်၏။


“ပြတင်းပေါက်ကိုမဖွင့်နဲ့ ”


စုရွေ့ကျယ်နှင့် ကျန့်ယွင် တို့ တချိန်တည်း အော်လိုက်ကြ၏။


ထိုမှသာ သူ သူတို့၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေမှုကို သတိပြုမိလိုက်ပြီး ထပ်မလှုပ်ရဲတော့ပေ။


သူတို့စက်မှုဇုန်ဧရိယာမှထွက်ပြီး လမ်းမကြီးပေါ်သို့ပြန်လှည့်ရုံလေးသာရှိသေးတာက သူတို့၏ကံမကောင်းမှုပင်။ မကြာခင်မှာပဲ လျှပ်စီးလက်သည်ကို သူတို့စမြင်ကြရတော့သည်။


အနီးဆုံး အဆောက်အအုံကတော့ ခရိုင်ဆေးရုံတစ်ခုသာ။


ဆေးရုံတွင် ဖုတ်ကောင်အများအပြားရှိလိမ့်မည်ကို သူသိသည်။ သို့သော် သူတို့တွင် တခြားနည်းလမ်းမရှိတော့ပေ။ ကျန့်ယွင် အံကြိတ်လိုက်ပြီး ကား steering wheel ကို ရိုက်လိုက်ပြီး ဆေးရုံ၏ဂိတ်ပေါက်ဆီသို့ အမြန်ဦးတည်‌လိုက်၏။


သူတို့သည် ၎င်းတို့၏ ပါးစပ်များနှင့် လက်သည်းများကို လှုပ်ရှားနေကြသည့် များပြားလှသောဖုတ်ကောင်တစ်စုနှင့် မျက်နှာချင်းဆိုင် ရောက်လာကြတော့သည်။ ကျန့်ယွင်သည် ၎င်းတို့အား ဖြတ်ကျော်ပြီးမောင်းသွားကာ ၎င်းတို့အား ကြမ်းတမ်းစွာ တိုက်ထုတ်လိုက်၏။ နောက်ဆုံး ‌မိုးသည်းသည်းမဲမဲရွာလာချိန်တွင် နှစ်ထပ်အဆောက်အဦးတစ်ခုဆီသို့ အပြေးအလွှားသွားလိုက်ကြသည်။ ထိုအဆောက်အဦးကိုရွေးချယ်ရသည့် အကြောင်းပြချက်မှာ ရိုးရှင်း၏။ အလွှာနှစ်ထပ်တည်းပဲရှိမယ်ဆိုရင် ဖုတ်ကောင်လည်း ပိုနည်းပေလိမ့်မည်ပင်။


ကားသည် အ‌ဆောက်အဦး၏နံရံကို တိုက်ရိုက်၀င်တိုက်လိုက်ပြီး အပေါက်ကြီးတစ်ခုကို ချန်ရစ်ခဲ့လိုက်၏။ ပြင်းထန်သော သက်ရောက်မှုကြောင့် လေအိတ်များပွင့်ထွက်လာကာ ကားတစ်စီးလုံး ပျက်စီးသွားတော့၏။ 


လေအိတ်များ ပြန်ပြားသွားပြီးနောက် လူတိုင်းသည် ကားပေါ်မှ တစ်ချိန်တည်း ဆင်းလိုက်ကြပြီး ဘာကြောင့်များ အဆောက်အဦးကို ၀င်တိုက်လိုက်ရသလဲဆိုသည်ကို ကျန့်ယွင်အားမေးမြန်းဖို့ အတော်လေးပင်နောက်ကျနေပြီပင်။


လူတိုင်းသည် နောက်ဆက်တွဲဖြစ်ပျက်သွားသည့်အရာကြောင့် ထိတ်လန့်သွားကြတော့၏။ 


အနီရောင် မိုးရေစက်များသည် ကောင်းကင်မှ ပြိုဆင်းလာသည်မှာ သွေးစက်များကဲ့သို့ပင်။ အဆောက်အဦးထဲရှိ ဖုတ်ကောင်များသည်ပြေးထွက်လာကြပြီး မိုးရေထဲသို့တိုက်ရိုက်ပင် ပြေးသွားကုန်ကြတော့၏။ သူတို့နောက်မှ လိုက်လာကြသောဖုတ်ကောင်များသည်ပင် ရပ်တန့်သွားကြပြီး ၎င်းတို့သည် ကောင်းကင်ဆီသို့ တက်ညီလက်ညီ အော်ဟောက်ကြတော့၏။ အနီရောင်မိုးများ၎င်းတို့အပေါ်သို့ ကျလာချိန်တွင် ၎င်းတို့၏အရေပြားထဲသို့ စိမ့်၀င်သွားကြ၏။


ပိုပိုများသော ဖုတ်ကောင်များသည် လမ်းကြားထဲတွင် စုဝေးလာကြလေ၏။ ဆေးရုံအဆောက်အဦး အနောက်ဖက်ရှိ ဖုတ်ကောင်များသည် ပြတင်းပေါက်များမှတဆင့် တိုးတိုက်ကာ အောက်သို့ပြုတ်ကျကုန်ကြ၏။ ဖုတ်ကောင်များသည် မြေပြင်ပေါ်တွင် ကျိုးကြေပြီးလဲလျောင်းနေကြသော်လည်း ကောင်းကင်ဆီသို့ အော်ညည်းနေကြဆဲပင်။ 


ထိုအနီရောင်မိုးသည် ဖုတ်ကောင်များအတွက်တော့ သွေးပွဲတော်အုပ်ကြီးတစ်ခုကဲ့သို့ပင်....


ကျန့်ယွင်နှင့် စုရွေ့ကျယ်သည် ယခုမှ ကမ္ဘာပျက်ကပ်ကြီး အမှန်တကယ်စတင်လာ‌‌နေပြီကို သိနေခဲ့ကြ၏။ 


“အားလျန် အပေါက်ကို အလုံပိတ်ဆို့လိုက်၊ ရှောင်ကျယ် ကားကို သိမ်းလိုက်ပြီး လူတိုင်းပဲ အပါ်ထပ်ကို သွားကြတော့ ”


နံရံပေါ်ရှိ လမ်းညွှန်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ဆေးရုံ၏ အရေးပေါ်ဌာနသို့၀င်ရောက်လာခြင်းမှာ သူတို့ကံကောင်းသည်ကို ကျန့်ယွင် သိလိုက်၏။ ဤဆေးရုံသည် တတိယအဆင့်ဆေးရုံတစ်ခုသာလျှင်ဖြစ်ပြီး အတော်လေးကို သေးငယ်၏။ စီမံခန့်ခွဲရေးအဆင်ပြေရန်အတွက် ပြင်ပလူနာဌာနနှင့် အတွင်းလူနာဌာနတို့သည် ဆေးရုံအနောက်ဖက်တွင်ဖြစ်ကြကာ အရေးပေါ်ဌာနသည် သီးခြားဖြစ်နေသဖြင့် အထပ်နှစ်ထပ်သာလျှင်ရှိ၏။ ပထမထပ်သည် အရေးပေါ်ခန်းနှင့် ဆေးကုခန်းဖြစ်ပြီး ဒုတိယထပ်သည် ခွဲစိတ်ခန်းဖြစ်လေသည်။


ကျန်းရှို့လျန်သည် ချက်ချင်းပင် နံရံရှိအပေါက်ကြီးအား သူ့မြေကြီးစွမ်းရည်ဖြင့် အလုံပိတ်ဆို့လိုက်ပြီး အလွှာတစ်လွှာပြီးတစ်လွှာဖြင့် ခိုင်ခံ့အောင်လုပ်လိုက်၏။ စုရွေ့ကျယ်သည် ကားကို သိမ်းလိုက်ကာ လူတိုင်းနှင့်အတူ ဒုတိယထပ်သို့ပြေးတက်သွားလိုက်၏။ 


မှောင်မည်းသောစင်္ကြံလမ်းများသည် သွေးနံ့များဖုံးလွှမ်းနေကာ ခြေလက်ကျိုးများပြန့်ကျဲနေပြီး ရောဂါစတင်ပြန့်ပွားချိန်တွင် သွေးသံရဲရဲအခြေအနေကိုပင် ရှင်းရှင်းလင်းလင်း မြင်ယောင်ကြည့်နိုင်သည်။ အဆောက်အဦးထဲမှဖုတ်ကောင်အားလုံးနီးပါးသည် အပြင်ဘက်သို့ပြေးသွားကြပြီး ထို အားနည်းသော လက်များ ခြေများနှင့် မြေပြင်တွင်လဲလျောင်းပြီး အော်ဟောက်နေကြသည်များကို နောက်တွင် ချန်ရစ်ထားခဲ့ကြလေသည်။ သူတို့ အလျင်အမြန်ပင် အားလုံးကို ရှင်းလင်းလိုက်ကြ၏။ 


နောက်ဆုံးမှာတော့ သူတို့ ထောင့်နားရှိဆရာ၀န်တစ်ဦး၏နားနေခန်းကိုရှာတွေ့လိုက်ကြကာ ထိုနေရာသည် သူတို့တစ်ခဏလောက် အနားယူနိုင်ဖို့အတွက် လုံလုံလောက်လောက်သန့်ရှင်း၏။ 


“အားကျန့် ဒါတွေအားလုံးက ဘာတွေဖြစ်ကုန်တာလဲ ”


စုန့်ချန်ရှုသည် ပြတင်းပေါက်မှတဆင့် အပြင်ဘက်ရှိ အနီရောင်မိုးနှင့် ထူးထူးဆန်းဆန်းဖုတ်ကောင်များကိုကြည့်နေ၏။ 


ကျန့်ယွင် သက်ပြင်းရှိုက်လိုက်သည်။ သူတို့သည် Sမြို့တွင် ဆယ်ရက်နီးပါးနေထိုင်ခဲ့ကြသည်။ သို့သော် Aမြို့ဆီသို့ ဘယ်လိုမှ ခရီးမဆက်နိုင်ကြပေ။ အနီရောင်မိုးကြောင့်ပင်ဖြစ်၏။


ထိုအနီရောင်မိုးရေတွင် ဖုတ်ကောင်ရောဂါပိုး၏ စွမ်းအားသည် အလွန်မြင့်မား၏။ သည်းထန်‌သောမိုး မိလိုက်သော လူတိုင်းနီးပါးသည် ဖုတ်ကောင်တစ်ကောင်ဖြစ်လာလိမ့်မည်။ စွမ်းအားရှင်များပင်ဖြစ်လိမ့်မည်။ ကံကောင်းစွာနှင့်ပင် မိုး‌ရေ ၏အရောင်သည် အလွန်ထူးဆန်းနေသဖြင့် သာမန်လူများသည် အဝေးတွင်ပုန်းခိုနေကြလိမ့်မည်။ ထို့ကြောင့်ပင် မိုး‌ရေကြောင့် ဖုတ်ကောင်ဖြစ်လာသည့် လူသားအများကြီး ရှိလိမ့်မည်မဟုတ်ပေ။ 


မိုးမိပြီးနောက် ခန္ဓာကိုယ်ထဲတွင်ပြောင်းလဲမှုတချို့ရှိလာလိမ့်မည်။ မူလဖုတ်ကောင်များသည် လမ်းလျှောက်နေသော အလောင်းကောင်များပင်ဖြစ်‌သော်ငြား လူသားတစ်ယောက်နှင့် တူညီလုနီးပါးကျန်ပေလိမ့်မည်။ သို့သော် ဤအနီရောင်မိုးရွာပြီးနောက်တွင်တော့ ၎င်းတို့သည် အဆင့်မြင့်သွားလိမ့်မည်ဖြစ်ကာ အရိုးများသည် ပိုမာကျောပြီး ခွန်အားနှင့် လျှင်မြန်မှုသည် အလိုအလျောက်ပင် တိုးလာလိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှင် ရင်ဆိုင်ဖြေရှင်းဖို့ရန် အလွန်ခက်ခဲလာလိမ့်မည်။ တစ်ချိန်တည်းမှာပင် ထိုဖုတ်ကောင်ခန္ဓာကိုယ်များသည် အမြုတေဖြစ်တည်လာလိမ့်မည်။ ပြီးလျှင် လူများသည် အမြုတေများ၏ တည်ရှိမှုနှင့် အခန်းကဏ္ဍကို တဖြည်းဖြည်း ရှာဖွေသိရှိလာကြလိမ့်မည်။ 


သူ့ယခင်ဘ၀၏ အစပိုင်း၌ စုရွေ့ကျယ်သည် ထိတ်လန့် ကြောက်ရွံ့ပြီး စိုးရိမ်နေခဲ့ရသည်။ သူသည် မိုးမုန်တိုင်း၏ ရက်အတိအကျကို မှတ်မိရန်ခက်ခဲခဲ့ပြီး ယေဘုယျအချိန်အပိုင်းအခြားကိုသာလျှင် မှတ်မိခဲ့သည်။ မိုးမုန်တိုင်းပြီးနောက် အချိန်တိုတွင်းမှာပင် အစိုးရကယ်ဆယ်ရေးအဖွဲ့ရောက်လာခဲ့သည်။ 


ယခုတော့ ကမ္ဘာကြီးသည် အလွန့်ကို ဖရိုဖရဲဖြစ်နေခဲ့သည်။ မီးရထားဘူတာရုံနှင့် လေဆိပ်သည် ရှိုးလော်* ၏ငရဲခန်းဖြစ်လာရပေလိမ့်တော့မည်။ အကယ်၍မင်းသာ စီရင်စုကနေထွက်ခွာချင်သည် သို့မဟုတ် တခြားမြို့များကို သွားချင်သည်ဆိုပါက မင်းမှာ လမ်းတစ်ခုတည်းသာရှိတော့မည် ဖြစ်ပြီး ၎င်းသည် ကားမောင်းသွားရန်ပင်ဖြစ်လေသည်။ 


(TN/ ရှိုးလော် (修罗)ကတော့ google က‌နေဖတ်ကြည့်လိုက်တဲ့ပုံအရ နတ်လည်းမဟုတ် လူလည်းမဟုတ် တစ္ဆေလည်းမဟုတ်ဘဲ ကြားထဲကနတ်ဆိုးတစ်မျိုးပါတဲ့။ သတ်ဖြတ်ခြင်းစွမ်းအားတအားကြီးပြီး သတ်ဖြတ်ဖို့ဖြစ်တည်လာတဲ့ သူကိုခေါ်တာပါတဲ့။ ဗုဒ္ဓဘာသာအရဆို အသုရာလို့ခေါ်တယ်ထင်တယ်၊ Asura ၊ အာဆူရာကိုခေါ်တယ်ထင်တာပဲ။ ဥပမာ ကောင်းမှုတွေလုပ်တဲ့သူတွေဆီ ကံကောင်းခြင်းပးတဲ့ ကံကောင်းတဲ့နတ်ဘုရားလိုပေါ့ မကောင်းမှုတွေလုပ် မကောင်းတာတွေဖြစ်ပျက်သတ်တာဖြတ်တာ တွေဖြစ်သူတွေကို သူကလည်း သတ်ဖြတ်ခြင်းစွမ်းအားပေးတဲ့နတ်ဘုရားထင်ပါတယ်။ ] 


ပုံမှန်အားဖြင့် Sမြို့မှ Aမြို့သို့ ရောက်ရန် အချိန်ရှစ်နာရီလောက်သာ ကားမောင်းရသော်လည်း ကမ္ဘာ့အဆုံးသတ် ရုတ်တရက်ရောက်လာချိန်မှာတော့ ဟိုက်ဝေးလမ်းမကြီးပေါ်တွင် ဖုတ်ကောင်များနှင့် ကားမတော်တဆမှုများ များစွာ ဖြစ်ပေါ်ခဲ့ပေသည်။ သူတို့အနေနှင့် ဟိုက်ဝေးလမ်းမကြီးပေါ်တွင် ထပ်မံ၍ မမောင်းသွားနိုင်တော့ပေ။ လမ်းကြောင်းလွှဲတစ်ခု လုပ်ချင်ပါက နေ့ဘက်ရှိ ပုံမှန်မဟုတ်သောအပူချိန်ကိုမဆိုထားနှင့် ဖုတ်ကောင်ဘယ်လောက်များများနှင့် အတားအဆီးများကို ကြုံတွေ့ရမလဲဆိုသည်ကို မသိနိုင်ပေ။ 


ထို့ကြောင့် ကျန့်ယွင်သည် စုရွေ့ကျယ်နှင့် ဆွေးနွေးပြီးနောက် မိုးမုန်တိုင်းရပ်သွားသည်နှင့် အစိုးရကယ်ဆယ်ရေးအဖွဲ့ရောက်လာသည်ကို စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ ယာဉ်ကြောများနှင့် ဆက်သွယ်ရေးများသည် အာလုံးပြတ်တောက်သွားပြီး သဘာ၀ဘေးအန္တရာယ်ဧရိယာသည် နိုင်ငံတ၀န်းလုံးသို့ ပြန့်နှံ့သွားခဲ့ပြီ။ အစိုးရသည် ကမ္ဘာပျက်ကပ်မတိုင်မီကကဲ့သို့ အလျင်အမြန် မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်ခြင်းမရှိခဲ့ပေ။ သူတို့သည် လုံခြုံသောအခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန်လိုပြီး အသက်ရှင်ကျန်ရစ်သူများကို ခေါ်ဆောင်ရန် ပြင်ဆင်မှုများလုပ်ကြရမည်ဖြစ်သည်။ စစ်တပ်၏ ကယ်ဆယ်ရေးတာ၀န်သည် အလွန်အမင်းကို ခက်ခဲလိမ့်မည်ဖြစ်သည်။


ကံကောင်းစွာဖြင့် စစ်သားများသည် သာမာန်ပျမ်းမျှလူများထက် ပို၍ကြံ့ခိုင်ကြသည်။ ဖုတ်ကောင်ရောဂါပိုးပြန့်ပွားသည့်နေ့တွင် စစ်တပ်၏ နှစ်ဆယ်ရာခိုင်နှုန်းထက်နည်းသည့်အရေအတွက်သာ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ 


ယခု ထိုအနီရောင်မိုးကတော့ လာချေပြီ။ အစိုးရ၏ ကယ်ဆယ်ရေး တပ်ဖွဲ့များ မကြာခင် ရောက်လာလိမ့်မည်။ သို့သည့်တိုင် အနာဂါတ်တွင်တော့ ခရီးသွားလာခြင်းနှင့် အသက်ရှင်သန်ရေးသည် ပို၍ခက်ခဲလာပေအုံး‌တော့မည်။ 



ဘာသာပြန်သူမှာပြောစရာရှိပါတယ်။ 


ဒီအခန်းကနေစပြီးတော့ စစ်တပ် ချင်းကို ခြေရာထပ်နေပါတော့မယ်။ ဒီနေရာမှာ ကျွန်ုပ်တို့နိုင်ငံ၏ ဖွတ်တပ်အား စိတ်အနာကြီးနာပြီး အမြင်မကြည်ခြင်းထပ်ပြီး ရှောင်ကျယ်တို့ကိုတော့ မဆဲကြစေချင်ပါဘူး။ အခုကစနောက်အပိုင်းတွေမှာ အများကြီးပါလာတော့မှာမို့လို့ပါ။ မေတ္တာရပ်ခံပါတယ်။ ယခုစာပါ စစ်တပ်မှာ အခြေစိုက်စခန်းတည်ထောင်ပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ကြမှာဖြစ်ပါတယ်။ တို့နိုင်ငံက ပြည်သူကို ပြန်သတ်နေတဲ့ ဖွတ်တပ်နှင့် မယှဉ်နိုင်ပါပေ။ 


တရုတ်နိုင်ငံသည် ကွန်မြူနစ်စနစ်ကြီးစိုးသောနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံသားအားလုံးကို ‌သူတို့၏စစ်တပ်အား အရိုးထဲကချစ်အောင် အားကိုးအောင် စိတ်ဓာတ်ရိုက်သွင်းထားသလို သူတို့ကလည်း တကယ့်ကို ပြည်သူအပေါ်သိတတ်တဲ့ စစ်သားပေါတယ်လို့ထင်ပါတယ်။ ကိုယ့်နိုင်ငံက ဖွတ်တပ်နဲ့ ယှဉ်ရင်ပေါ့လေ။