အခန်း(၃၈)《 ဒဏ်ရာရ စစ်သားများနှင်တွေ့ဆုံခြင်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
အနီရောင်မိုးသည် တစ်နေ့လုံးနှင့်တစ်ညလုံးဆက်လက်၍ ရွာသွန်းနေခဲ့၏။ ဒုတိယမြောက်ရက်ရောက်မှသာ ရပ်တန့်သွားခဲ့ပြီး နေထွက်လာခဲ့လေသည်။
စုရွေ့ကျယ် ဤနေရာတွင်ရှိနေသဖြင့် သူတို့ စားဖို့ သောက်ဖို့ရာ အတွက် စိုးရိမ်ပူပန်စရာမရှိ၊ စုန့်ချန်ရှု၏ လက်လုပ်ရေခဲတုံးများနှင့် အခန်းသည် အလွန်တရာပူပြင်းလှသည့်ပုံမပေါ်ချေ။ သို့သော်လည်း ၎င်းသည် ဗီလာရှိ အိပ်ယာပေါ်တွင် လဲလျောင်းရသလောက် ဇိမ်မကျပေ။ နားနေခန်းသည် လူခုနစ်ယောက်နှင့်ကြောင်တစ်ကောင် အတူတကွ တိုးကပ်ထိုင်ရလောက်အောင်သေးငယ်၏။ အတော်လေး ပြွတ်သိပ်နေလေ၏။
အရေးကြီးဆုံးအချက်မှာ အပြင်ဘက်ရှိဖုတ်ကောင်များသည် ၎င်းတို့အား လှုံ့ဆော်ထားခြင်းခံရသကဲ့သို့ပင် အော်ဟောက်နေခဲ့ကြသဖြင့် မယုံကြည်နိုင်လောင်အောင်ပင် ဆူညံပွက်လောရိုက်နေခဲ့၏။
သူတို့သည် မိုးရွာနေတာ ရပ်သွားဖို့ကို မျှော်လင့်စောင့်စားနေခဲ့ကြရ၏။ နေ၀င်သွားသည့်အချိန်မှာ သူတို့ ဤစုတ်ပြတ်နေသည့်နေရာမှာ ထွက်ခွာသွားနိုင်လိမ့်မည်။
အိပ်တ၀က်နိုးတ၀က်နေခဲ့ကြပြီးနောက် ညနေ လေးနာရီ၀န်းကျင်လောက်တွင် သူတို့နိုးလာခဲ့ကြကာ တစ်နာရီ သို့မဟုတ် နှစ်နာရီလောက်အကြာတွင် နေ၀င်တော့မည်ဖြစ်၏။ သို့သော်လည်း သူတို့ပြတင်းပေါက်အပြင်သို့ကြည့်လိုက်ချိန်တွင် တုန်လှုပ်သွားရတော့၏။ ယခင်က ပူပြင်းသောနေရောင်ကို ကြောက်ရွံ့ကြသော ထိုဖုတ်ကောင်များသည် အမှောင်ထုထဲတွင် ဆက်၍ပုန်းခိုမနေကြတော့ချေ။ ၎င်းတို့သည် ဆေးရုံထဲ၌သာမက အပြင်ဘက်လမ်းများပေါ်တွင်လည်း အစုအဝေးနှင့် လှည့်ပတ်သွားလာနေကြတော့၏။
သူတို့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအချို့ရှိခဲ့သော်လည်း ဖုတ်ကောင်များအပေါ် ထိုထူးဆန်းသော အနီရောင်မိုး၏ အကျိုးသက်ရောက်မှုကို မြင်လိုက်ရချိန်၊ သူတို့ မျက်လုံးများနှင့် ကိုယ်တိုင် မြင်လိုက်ရသည့်အချိန်တွင် တုန်လှုပ်သွားကြရဆဲပင်။
“နောက်ပိုင်း ငါတို့ ဒီနေရာကနေဘယ်လို ထွက်ကြမလဲ ”
ကျန့်ကျားဟယ် သည် အောက်ထပ်ရှိဖုတ်ကောင်အုပ်စုများကိုစောင့်ကြည့်နေပြီး သူ့တစ်ကိုယ်လုံးယားယံလာသလိုပင် ခံစားလိုက်ရတော့သည်။ မူလက ဖုတ်ကောင်များသည် ပူပြင်းသောနေရောင်ကို ကြောက်ရွံ့ခဲ့ကြ၏။ နေထွက်လာသည်နှင့်တပြိုင်နက် ၎င်းတို့သည်ပြန့်ကျဲကုန်ကြကာ နေရာတိုင်းရှိ မှောင်မိုက်သောထောင့်များတွင် ပုန်းခိုကြလိမ့်မည်။ နေ၀င်နေချိန်မှသာ ၎င်းတို့အပြင်ထွက်နိုင်ကြပြီး ဖုတ်ကောင်များအနေဖြင့် စုရုံးနေခြင်းလည်း မရှိသေးပေ။
ယခုတော့ ထိုသို့ မဖြစ်နိုင်တော့မည့်ပုံရလေ၏။
“ငါတို့လာခဲ့တဲ့လမ်းအတိုင်းပြန်ထွက်ကြမယ်။ ထွက်လမ်းတစ်ခုကအမြဲတမ်းရှိပါတယ်။ မင်းက ဘာကိုစိုးရိမ်နေရတာလဲ ”
စုရွေ့ကျယ်သည် အမှုမဲ့ အမှတ်မဲ့ဖြင့် နေရာလွတ်ထဲမှ ငှက်ပျောသီးတစ်လုံးကို ထုတ်ယူလိုက်ကာ စတင်ကိုက်စားတော့၏။
ကျန့်ကျားဟယ်သည် ရုတ်တရက် သူ့အရှေ့တွင် အလင်းရောင်ကို မြင်လိုက်ရ၏။ စုရွေ့ကျယ်လိုမျိုး ဖိုက်တာကြီးတစ်ယောက်ရှိနေတာကို သူဘယ်လိုများမေ့သွားခဲ့ရပါလိမ့်။
“ရှောင်ကျယ် ငါ့အတွက် တစ်ခုခုကို ဗုံးတစ်လုံးပြောင်းလဲလိုက်စမ်းပါ။ ဒါမှမဟုတ် ကျည်ဆန်တစ်ခု ဖြစ်ဖြစ် ”
ကျန့်ကျားဟယ်သည် နီးကပ်စွာကိုင်းချလာပြီး တိုးတိုးလေးပြောလိုက်၏။
စုရွေ့ကျယ်သည် ပြုံးလိုက်ပြီး သူ့ဘယ်လက်ကို သူ့အိတ်ကပ်ထဲသို့ထည့်လိုက်၏။ သူထုတ်လိုက်ချိန်မှာတော့ သူ့တွင် လုံးဝိုင်းသော အနီရောင် ဗုံးတစ်လုံးရှိနေခဲ့ပြီ။ သူသည် ချယ်ရီသီးတစ်လုံးအား လက်နက်လမ်းညွှန်အရ ဗုံးတစ်လုံးအဖြစ်သို့ပြောင်းလဲလိုက်လေ၏။
အရပ်သားသေးသေးလေးစုရွေ့ကျယ်ကတော့ ယခင်က မည်သည့်လက်နက်မျိုးကိုမှ မမြင်ခဲ့ဖူးချေ။ စိတ်ကူးစိတ်သန်းမရှိဘဲ မည့်သည့်အရာကိုမှ တိတိကျကျလုပ်နိုင်လိမ့်မည်မဟုတ်ဘဲ ထိုစာအုပ်ကိုသာလျှင် အားကိုးနိုင်ကာ ထိုအတိုင်း ပြောင်းလဲနိုင်ခဲ့၏။ ထို့အပြင် သူသည် အပင်များကို လက်နက်ထုတ်ခြင်း၏ အစပြုသူအဆင့်သာရှိနေ သေးဆဲဖြစ်သဖြင့် ၎င်းတို့အား သူအကြိမ်အနည်းငယ်ကစားခဲ့ဖူးသော ဂိမ်းထဲကအတိုင်းသာ ပြုလုပ်နိုင်ခဲ့လေ၏။ ကံကောင်းစွာဖြင့်ပင် ဤနေရာတွင် ကျန့်ကျားဟယ်သည် ဂိမ်းစွဲလန်းသူတစ်ယောက်ဖြစ်ပြီး အကူအညီအများကြီး ပေးနိုင်ခဲ့၏။
ချယ်ရီသီးတစ်လုံးအား ဗုံးတစ်လုံအဖြစ်ပြောင်းလဲခြင်းသည် ပဲစေ့တစ်စေ့အား ကျည်ဆန်တစ်ခုအဖြစ်ပြောင်းလဲခြင်းနှင့် မတူညီပေ။ ကျည်ဆန်သည် သေးငယ်ပြီး စွမ်းအားအများကြီးမကုန်ဘဲ ပြုလုပ်နိုင်လေ၏။ တစ်ဖက်မှာတော့ ချယ်ရီသီးကို ဗုံးတစ်လုံးအဖြစ်ပြောင်းလဲခြင်းကတော့ စွမ်းအားအနည်းငယ် သုံးစွဲရလေသည်။ သို့သော် စုရွေ့ကျယ်၏ သစ်သားစွမ်းအင်သည် တတိယအဆင့်တွင်ဖြစ်လေ၏။ ယခုလက်ရှိတွင် သူ့အဆင့်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးရောက်ရှိနေသော်လည်း အားအလွန်အကျွံသုံးစွဲလိုက်မှုအတွက် သူစိုးရိမ်မနေခဲ့ချေ။
ကျန့်ကျားဟယ်သည် ၎င်းကိုလက်၀ယ်ရရှိချိန်မှာတော့ သူ့အိတ်ကပ်ထဲရှိဗုံးများကို ရတနာများကဲ့သို့ပင် ဖွက်ထားရန် အမြန်ကျိုးပမ်းလေ၏။
“မင်းထွက်သွားပြီးတဲ့အခါကျရင် မင်းရဲ့ခွန်အားကိုသုံးပြီး အဲ့ဒါကို အပြင်ဘက်ကိုပစ်ထုတ်လိုက်။ ပြီးတော့ ဖုတ်ကောင်တွေကို ဆွဲဆောင်ဖို့ ငါတို့နဲ့ဝေးတဲ့နေရာကို ပစ်ဖို့သတိရနော်။”
ကျန့်ယွင်သည် ကျန့်ကျားဟယ်၏ လှုပ်ရှားမှုများကို ထက်ရှသောမျက်လုံးများနှင့် စောင့်ကြည့်နေခဲ့ပြီး စကားပြောဖို့အခွင့်အရေးကို အခွင့်ကောင်းယူလိုက်လေ၏။
(TN/ ကိုကိုက ကျားဟယ် ရှောင်ကျယ်အနားကို တိုးတိုးကပ်ပြီး ပြောဆိုနေတာကို မျက်စိစပါးမွှေးစူးနေတာပါ (◔‿◔) )
ထိုသို့အပြောခံရပြီးနောက် ကျန့်ကျားဟယ်သည် မကျေနပ်သဖြင့် သူ့ပါးစပ်များ စေ့ပိတ်သွားရတော့၏။ သူ့လက်ထဲမှာတောင် မပူသေးဘဲ ဗုံးကို အသုံးပြုရတော့မည်လေ။
ဘယ်သူမှ လက်နက်တွေကို ခုခံနိုင်စွမ်းမရှိချေ။ တကယ်တော့ သူ့မျက်လုံးများသည် အချိန်အကြာကြီး သေနတ်ပုံများနှင့်ပြည့်နေသော်လည်း ထုတ်မပြောရဲချေ။ ယခုမူ သူ့အနေဖြင့် ဗုံးတစ်လုံးအား ရနိုင်ပြီး တလျှောက်လုံး သိမ်းထားနိုင်မည့်ပုံမရသည်ကို သတိမထားမိချေ။ ယခုတော့ ထိုအကြောင်းကိုတွေးပြီး သူ့အနေနဲ့ ဖုတ်ကောင်များကို ဗုံးခွဲနိုင်တော့မည်ကို သူပျော်ရွှင်နေခဲ့၏။
ဗုံးတစ်လုံးကို သုံးပြီးရင် ရှောင်ကျယ်ကို နောက်တစ်လုံးကို လုပ်ခိုင်းလိုက်မယ်။
နောက်ဆုံးတော့ နေ၀င်သွားခဲ့ပြီ။ သို့သော် အောက်ထပ်တွင် လှည့်ပတ်သွားလာနေသော ဖုတ်ကောင်အများကြီးရှိနေဆဲပင်။ ၎င်းတို့သည် အနီးအနားက အစာကို ခံစားရ၍ဖြစ်နိုင်သည်။ သို့သော် အဆောက်အဦးထဲသို့၀င်ရန် လမ်းတစ်ခုကို မရှာတွေ့နိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် အောက်ထပ်တွင်သာ ပတ်နေနိုင်ရုံသာရှိတော့၏။ အဝေးက ဆေးရုံအပြင်ဘက်ရှိ ဖုတ်ကောင်များသည်လည်း လမ်းမကြီးတစ်လျှောက် ဦးတည်ရာမဲ့ လမ်းလျှောက်နေကြ၏။
“ကျန့်ကျားဟယ် အသင့်ပြင်ထား ”
ကျန့်ယွင် အသံထွက်လာသည်နှင့် ကျန့်ကျားဟယ်သည် ပြတင်းပေါက်ကိုဖွင့်ပြီး သူ့ခွန်အားအကုန်သုံးပြီး ဗုံးကိုပစ်ရန် ပြင်ဆင်လိုက်၏။ ဗုံးကို အဝေးသို့ပစ်ထုတ်လိုက်ချိန်တွင် အဝေးမှ ပေါက်ကွဲသံကြီးတစ်ခုကိုကြားလိုက်ကြရ၏။ ဆူညံသံသည် အောက်ထပ်တွင် လှည့်ပတ်သွားလာနေသော ဖုတ်ကောင်များကို အောင်အောင်မြင်မြင် ဆွဲဆောင်လိုက်နိုင်၏။
“သေနတ်သံက ဘယ်နေရာကနေထွက်လာတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ ”
“မသိဘူး။ အစိုးရက ငါတို့ကို ကူညီတာလား ”
“အရမ်းမြန်လွန်းတယ် မဖြစ်နိုင်လောက်ဘူး...”
“အသံကြားတဲ့အရတော့ အဝေးကမဖြစ်နိုင်ဘူး။ သွားပြီးတစ်ချက်လောက်ကြည့်ကြစို့”
သေနတ်ထိန်းချုပ်ရေးဥပဒေများ အလွန်တင်းကျပ်သော တရုတ်လိုနေရာမျိုးတွင် ထိုသို့သော ပြင်းထန်သော ပစ်ခတ်သံမျိုးသည် အလွန်ရှားပါး၏။ သေနတ်ပစ်တဲ့သူသည် စစ်သားတစ်ယောက်သာဖြစ်ရမည်။ ဘာပဲဖြစ်ဖြစ် ငါတို့သွားပြီး ကြည့်ရမယ်။
“ကောင်းပြီ”
ဘယ်သူကမှ ဆန့်ကျင်ဘက်အမြင်မရှိခဲ့ကြ။
နားနေခန်း၏တံခါးကိုဖွင့်ပြီး လူတိုင်းတစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။ နောက်မှာတော့ စုရွေ့ကျယ်သည် ကြောင်လေးကို သူ့လက်ထဲတွင်ချီထားသော ယွီသုန်သုန်ကို သယ်ကာ အသံမထွက်ဘဲ အောက်ထပ်သို့ဆင်းသွားခဲ့၏။ တကယ်ကိုချစ်ဖို့ကောင်းပေ၏။
Off-road ကားကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်၏။ ထိခိုက်မှုကြောင့် အစက်များများစွာ ရရှိခဲ့သော်လည်း ကားကတော့ စိုးစိုးရွားရွား ပျက်စီးမှုမရှိခဲ့ချေ။ ၎င်းသည် ဇိမ်ခံအမှတ်တံဆိပ်တစ်ခုမှဖြစ်ပြီး အရည်အသွေးကတော့ အလွန်ကောင်းမွန်ပြီး အကြမ်းခံနိုင်၏။
ကျန်းရှို့လျန်သည် ယခင် အပေါက်ကို ပိတ်ဆို့ထားခဲ့သည်အား ဖယ်ရှားလိုက်ပြီး လူတိုင်းကားပေါ်သို့တက်ပြီးချိန်တွင် ကျန့်ယွင်သည် အမြန်မောင်းထွက်ခဲ့လိုက်၏။ ဖုတ်ကောင်အများစုသည် ပေါက်ကွဲသံကြောင့် ဆွဲဆောင်ခံလိုက်ကြရပြီး လမ်းမကိုပိတ်ဆို့ထားသောဖုတ်ကောင်အများကြီး မရှိတော့ချေ။ လမ်းမကြီးပေါ်တွင် ကျန်နေခဲ့သောအကောင်များအတွက်မူ ကျန့်ယွင်သည် ဖြတ်မောင်းသွားရင်း ရိုးရိုးရှင်းရှင်းပင် ကြမ်းတမ်းစွာနှင့် တိုက်ပစ်ခဲ့လိုက်၏။
အဓိကလမ်းမကြီးအပြင်ဘက်ရောက်ချိန် သူတို့ ကွေ့တော့မည့်အချိန်တွင် စစ်စိမ်းရောင်ကားတစ်စီးသည် သူတို့အား ဖြတ်မောင်းသွားပြီး ချွန်ထက်သောသွားများ လက်သည်းများနှင့် များပြားလှသော ဖုတ်ကောင်များသည် နောက်မှ လိုက်သွားခဲ့ကြ၏။
ကျန့်ယွင် မျက်မှောင်အသာကျုံ့လိုက်ပြီး နောက်ကြည့်မှန်မှတဆင့် ကြည့်လိုက်၏။ သူတို့ခန့်မှန်းကြည့်လျှင်ပင် ၎င်းသည် စစ်ကားတစ်စီးဖြစ်ပြီး စစ်သားတစ်ယောက်ကတော့ပါသင့်သည်။ သို့သော် ကား မည်သည့်နေရာသို့သွားနေသည်ကိုမြင်ပြီးနောက် ကျန့်ယွင်သည် steering wheel ကို ပြတ်ပြတ်သားသားလှည့်လိုက်ပြီး ၎င်းနောက်သို့ လိုက်လေ၏။
“အဲ့ဒါက စစ်ကားတစ်စီးမလား။ သူတို့ဘယ်ကိုသွားနေကြတာလဲ ”
စုန့်ချန်ရှုလည်းပဲ စစ်စိမ်းရောင်ကားကို မြင်လိုက်ရ၏။
“ငါမြင်တာမှန်မယ်ဆိုရင် သူတို့ ငါတို့ထွက်လာခဲ့တဲ့ဆေးရုံကို သွားနေတာဖြစ်ရမယ်...”
အသေအချာပင် စစ်စိမ်းရောင်ကားသည် ဆေးရုံဂိတ်ပေါက်သို့ရောက်သည့်အချိန်တွင် တိုက်ရိုက်မောင်း၀င်သွားပြီး နောက်မှာတော့ သေနတ်သံများဆက်တိုက်ထွက်ပေါ်လာလေ၏။
တစ်စုံတစ်ယောက်ဒဏ်ရာရထားပြီး သူတို့အနေဖြင့် ဆေးဝါးများ သို့မဟုတ် တခြားသောဆေးဝါးကိရိယာများရှာဖွေရန် ဆေးရုံသို့သွားရန် လိုအပ်နေကြခြင်းဖြစ်နိုင်ကြောင်း ကျန့်ယွင် ခံစားမိ၏။ သို့သော် ဖုတ်ကောင်အရေအတွက်ကတော့ တကယ့်ကို အရမ်းများလွန်းနေ၏။
Off-road ကားသည်လည်း ဆေးရုံသို့တဖန်ပြန်၀င်လာခဲ့ပြီး ကျန့်ယွင်သည် သူ့စွမ်းရည်ကို အသုံးပြုလိုက်၏။ သူသည် ပွင့်နေသော ဆေးရုံ၏သံတံခါးကို နံရံတွင်ကပ်လိုက်ကာ ပြေးလာနေသောဖုတ်ကောင်များ၏ အရှိန်ကို ကာကွယ်ရန် ရွှေ့လိုက်၏။
ထိုကဲ့သို့ သံတံခါးတစ်ခုသည် သူတို့နောက်သို့လိုက်လာခဲ့ကြသောဖြတ်ကောင်များစွာကို အနည်းငယ်အလုပ်ဖြစ်သော်လည်း အချိန်တချို့လောက်တော့ ပိတ်ဆို့ထားနိုင်ကောင်းပါရဲ့။
စစ်စိမ်းရောင်ကားသည် အရေးပေါ်ဌာနအဆောက်အဦး၏တံခါးတွင် ရပ်တန့်သွားလေ၏။ တစ်ဒါဇင်ထပ်ပိုသော စစ်သားများသည် ပစ်ခတ်နေပြီး အနီးဆုံးရှိဖုတ်ကောင်များကို သတ်နေကြစဉ် တခြားလူများသည် သွေးများဖြင့်ဖုံးလွှမ်းနေသော သုံးလေးယောက်လောက်ကို အဆောက်အအုံထဲသို့ သယ်သွားကြ၏။
“တပ်စုခေါင်းဆောင်၊ ဒီနယ်မြေကို ဖြတ်သန်းသွားခဲ့ပြီးပြီလား ”
မျက်ခုံးထူထူ မျက်လုံးကြီးကြီးနဲ့ စစ်သားငယ်လေးသည် အရေးပေါ်ဌာနအဆောက်အအုံ၏နံရံရှိ အပေါက်ကြီးကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ကိစ္စမရှိဘူး။ ငါတို့ ပတ်၀န်းကျင်ကို စောင့်ကြည့်နေသင့်တုန်းပဲ ”
ဟု တပ်စုခေါင်းဆောင်က ပြောလိုက်၏။ သူသည် အသက်သုံးဆယ်ခန့် ညိုမှောင်သောအသားအရည်ရှိသည့် လူတစ်ယောက်ပင်။ သူ့လက်မောင်းများကို ပိတ်စဖြင့် ပတ်ထားပြီး ၎င်းတို့ဆီမှ သွေးများအဆက်မပြတ် စီးကျနေကြ၏။ သိသိသာသာပင် သူသည်လည်း ဒဏ်ရာရထားလေ၏။
“တပ်စုခေါင်းဆောင်၊ ကားတစ်စီးလာနေတယ် ”
“အဲ့ဒါဘယ်သူလဲ ”
“မသိပါဘူး..off-road ကားတစ်စီးပါ။ ဟိုဘက်ကလူတွေမဖြစ်နိုင်ပါဘူး။”
“တိုက်ပွဲအတွက် အသင့်ပြင် ”
“ဟုတ်ကဲ့ ”
သူတို့ကားပေါ်မှ ဆင်းလိုက်သည်နှင့်တပြိုင်နက် သူတို့သည် သေနတ်များကိုင်ဆောင်ထားသည့် လူတစ်စုကိုမြင်လိုက်ရပြီး သူတို့၏မျက်လုံးများသည် နိုးနိုးကြားကြားရှိနေကြဆဲ.....ဒဏ်ရာရ စစ်သားများပင်။
ဟုတ်ပါတယ်၊ သူတို့က ဒဏ်ရာရစစ်သားများပင်။ လူတိုင်းနီးပါး ဒဏ်ရာရထားကြ၏။ စစ်ကားမှ သယ်ဆောင်လာသော ဆိုးဆိုးရွားရွားဒဏ်ရာရထားသည့် လူကိုရေတွက်လျှင်စုစုပေါင်း ဆယ့်ခုနစ်ယောက်ပင်။
“မင်းတို့က ဘယ်သူလဲ ”
ကျောက်ပင်းသည် ကျန့်ယွင်နှင့် သူတို့အားစောင့်ကြည့်နေလေ၏။
“ငါတို့က အသက်ရှင်ကျန်ရစ်သူတွေပါ။ ငါတို့မင်းတို့ကိုမြင်လိုက်လို့ ဒါကြောင့် ငါတို့လိုက်လာပြီး တချို့အချက်အလက်တွေမေးမြန်းချင်လို့ ”
ကျောက်ပင်းသည် သူတို့အားတစ်ခဏလောက် စိုက်ကြည့်နေခဲ့၏။ သူ့အနေဖြင့် သူတို့သည် ခြိမ်းခြောက်နိုင်သောလူများမဟုတ်သော်ငြား သူ့အားချဉ်းကပ်လာသည်အား ခွင့်မပြုချေ။ သူသည် အေးစက်စွာဖြင့် ပြောလိုက်၏။
“တကယ်လို့ အစိုးရရဲ့ကယ်ဆယ်ရေးတပ်တွေဘယ်အချိန်ရောက်လာမလဲလို့မေးချင်ရင်တော့ ငါတို့မသိဘူး။ ဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံး မရတော့ဘူး။ ပြီးတော့ ငါတို့အထက်လူကြီးတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီ ”
ကျန့်ယွင် မအံ့ဩချေ။ ထိုအစား ဤစစ်သားများ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူသိချင်မိ၏။
“ငါတို့အထဲ၀င်လို့ရမလား။ ဖုတ်ကောင်တွေက လာနေပြီ”
၀င်ပေါက်က စကားပြောဆိုဖို့နေရာကောင်းတစ်ခုတော့မဟုတ်ချေ။ ကျန့်ယွင်၏စွမ်းရည်နှင့်နံရံတွင် ပိတ်ဆို့ထားသော သံတံခါးက ဖုတ်ကောင်တွေကြောင့် တဖြည်းဖြည်း စတင်ပြီး လျော့ရဲလာနေပြီ။
ကျောက်ပင်းသည် တစ်ခဏလောက် တုန့်ဆိုင်းနေပြီး တံခါးဘက်သို့ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ အဆောက်အအုံထဲသို့ ၀င်ရန် သဘောတူလိုက်၏။
သူတို့အဆောက်အအုံထဲသို့ ၀င်လာခဲ့သည်နှင့်တပြိုင်နက် ဖုတ်ကောင်များသည် ပိတ်ဆို့နေသော ဂိတ်ပေါက်ကို ချိုးဖြတ်ပြီး ဖြတ်ကျော်ပြေး၀င်လာကြလေ၏။
“အားလျန်၊ မြေသားနံရံ ”
ကျန်းရှို့လျန်သည် အဆောက်အအုံနံရံရှိအပေါက်အား မြေသားနံရံဖြင့် နောက်တစ်ကြိမ် ပိတ်လိုက်ပြီး အလွှာအထပ်ထပ်ဖြင့် အားဖြည့်လိုက်လေ၏။ ဖုတ်ကောင်များသည် ခြေတစ်လှမ်းနောက်ကျသွားကာ အပြင်ဘက်တွင် ပိတ်မိသွားကြပြီး အဆက်မပြတ်အော်ဟောက်ပြီး နံရံအားဆန့်ကျင်ပြီး အပြင်းအထန်တွန်းတိုက်ကြရုံသာလျှင်ဖြစ်ကုန်ကြတော့၏။
“စွမ်းအားရှင် ”
ကျန်းရှို့လျန်၏ စွမ်းရည်အသုံးပြုခြင်းကို မျက်မြင်တွေ့လိုက်ရပြီးနောက် စစ်သားများသည် ကျေးဇူးတင်ကြောင်းတစ်စုံတစ်ရာမျှမပြခဲ့ကြပေ။ ထိုအစား သူတို့၏သေနတ်များကိုမြှောက်ကာ သူတို့ထံသို့ ချိန်ရွယ်ထားကြလေတော့၏။
“မင်းတို့ဘာလုပ်နေတာလဲ ”
ကျန့်ယွင် မျက်မှောင်အသာကျုံ့လိုက်၏။ ဤစစ်သားများ၏သဘောထားသည် တကယ်ကို ထူးဆန်းလှ၏။
နှစ်ဦးနှစ်ဖက်အကြား အတန်ကြာ မတိုးမဆုတ်သာဖြစ်ပြီးနောက် ကျောက်ပင်းသည် ရှေ့သို့တိုးကာ ၎င်းတို့၏သေနတ်များကို ချလိုက်ရန် တခြားသူများကို အချက်ပြလိုက်၏။
“တောင်းပန်ပါတယ်။ ငါတို့ လွန်လွန်ကဲကဲတုန့်ပြန်လိုက်မိတယ်”
“ဘာတွေဖြစ်ခဲ့လို့လဲ ”
ကျောက်ပင်းသည် သူ့နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး စကားပိုပြောဖို့မလိုချင်သည့်ပုံပင်။ ထိုအစား တစ်ဖက်ရှိစစ်သားတစ်ယောက်ကတော့ မပြောဘဲ မနေနိုင်တော့ဘဲ..
“ငါတို့က လူအများကြီးကို ကယ်တင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြတာ။ အကုန်လုံး မျက်လုံးဖြူဝံပုလွေတွေ ”
(TN/ မျက်လုံးဖြူဝံပုလွေကတော့ အားလုံးနီးပါးသိကြပါတယ်။ ကျေးဇူးမသိ ကျေးစွပ်ပြီးသစ္စာဖောက်တဲ့သူတွေကိုပြောတာပါ။)