အခန်း(၃၉)《 လူ့နှလုံးသားများကို မခန့်မှန်းနိုင် 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
Sမြို့သည် စီရင်စုအဆင့်မြို့တစ်မြို့သာဖြစ်၏။ ထို့ကြောင့် အနီးအနားတွင် စစ်ရေးကွပ်ကဲမှုကြီးကြီးမားမားမရှိပေ။ မြောက်ပိုင်းခရိုင်အပြင်ဘက်တွင် စစ်တန်းလျားများဖြင့် တပ်မဟာတစ်ခုသာတည်ရှိ၏။ သွေးစွန်းသောလ၏ ညတစ်ညတွင် စစ်တန်းလျားများတွင် ထိတ်လန့်ကြောက်မက်ဖွယ် အထိကရုဏ်းတစ်ခုဖြစ်ပွားခဲ့ပြီး အသေအပျောက်များစွာရှိခဲ့၏။
ထိုအချိန်က သွေးစွန်းသောလသည် ညအချိန်၌ ဖြစ်ပေါ်ခဲ့၏။ စစ်သားများသည် ၎င်းတို့၏ရဲဘော်ရဲဘက်များက အိပ်ပျော်နေရင်း တိတ်တဆိတ်သေဆုံးသွားခဲ့ကြပြီး လူသားစားမကောင်းဆိုးဝါးများဖြစ်လာမည်ကို မည်သို့သိနိုင်ပါမည်နည်း။
ကံကောင်းစွာဖြင့် စစ်သားများသည် ကောင်းမွန်စွာ လေ့ကျင့်ထားကြပြီး မကြာခင်မှာပင် သူတို့၏ သန္ဓေပြောင်းလဲသွားသော ရဲဘော်ရဲဘက်များသည် လူသားများမဟုတ်ကြတော့ဘူးဆိုသည်ကို ရှာတွေ့သွားခဲ့ကြ၏။ အစပိုင်းတွင် ဗရမ်းဗတာများဖြစ်ပျက်ပြီးနောက် သူတို့သည် ဖုတ်ကောင်များအားလုံးကို သုတ်သင်လိုက်ကြ၏။
သို့သော် စစ်တန်းလျားများကို ပြန်လည်ပြင်ဆင်ကြပြီးနောက် လေးနာရီထက်နည်းသည့်အချိန်နောက်တွင် တခြားအသွင်ပြောင်းလဲခြင်းဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြချေ။
ပထမဆုံးအကြိမ်တွင် လူများစွာသည် ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို နားမလည်နိုင်ခဲ့ကြချေ။ သူတို့သည် သူတို့၏ အတူတကွတိုက်ပွဲ၀င်ခဲ့ကြသောရဲဘော်ရဲဘက်များကို ပစ်ခတ်ရန်မဝံ့ရဲကြဘဲ နှိမ်နင်းရန်ကြိုးပမ်းကြချိန်တွင် မတော်တဆဒဏ်ရာရခဲ့ကြကုန်၏။
အထိတ်တလန့်ဖမ်းဆီးခဲ့ကြပြီး စစ်သားများသည် ၎င်းတို့၏ အရင်ရဲဘော်ရဲဘက်များကြောင့် ဒဏ်ရာရခဲ့ကြပြီးနောက် ရုတ်တရက်အသွင်ကူးပြောင်းကုန်ကြ၏။ လူခုနစ်ထောင်ထက်များသည့် တပ်မဟာတစ်ခုလုံးသည် နောက်ဆုံး၌ တပ်ရင်းနှစ်ခုစာထက်နည်းနည်းသာကျန်ခဲ့တော့လေ၏။ တပ်မဟာ၏ တပ်မမှူးသည်ပင် ရောဂါပိုး၏သားကောင်ဖြစ်ခဲ့ရပြီး အမိန့်ပေးခြင်းကို တပ်ရင်းအမှတ် ၈ ၏တပ်ရင်းမှူးမှ ယာယီတာ၀န်ယူခဲ့ရ၏။
အမှတ် ၈ တပ်ရင်း၏ တပ်ရင်းမှူးသည် အခြေအနေများကို ယာယီ ရှင်းလင်းထားပြီး အခြေအနေအားသတင်းပို့ရန်နှင့် နောက်ထပ်ညွှန်ကြားမှုများကိုတောင်းခံရန် အထက်နှင့်ဆက်သွယ်ချင်ခဲ့သည်။ သို့သော်ငြားလည်း ဆက်သွယ်ရေးချန်နယ်များသည် ဘာကြောင့် ပေးပို့လိုက်သည်များအားလုံးကို ပြန်လည်ဖြေကြားခြင်းမရှိသည်ကို မသိခဲ့ရပေ။
ထိုသို့သော ပြတ်တောက်မှုများသည် စစ်တန်းလျားများကို ထိန်းချုပ်ကန့်သတ်ထားခြင်းမဖြစ်နိုင်လောက်ဟု နားလည်ကာ အပြင်ဘက်သို့ စစ်တမ်းများကောက်ယူရန် စေလွှတ်လိုက်၏။ အသေအချာပင် မြို့တစ်မြို့လုံးသည် ဗရမ်းပတာဖြစ်နေခဲ့ပြီး လူများကိုစားသောက်နေသော ဖုတ်ကောင်များကို နေရာအနှံ့တွင်တွေ့ရကြောင်း သိလိုက်ရလေ၏။
လူများကိုကာကွယ်ရန်မှာ စစ်သားများ၏ တာ၀န်သာဖြစ်ပေ၏။ တပ်ရင်းမှူးသည် ဦးဆောင်ကာ လူများကိုကယ်တင်ရန် အမိန့်ပေးလိုက်၏။
သို့သော်လည်း နေ့တစ်နေ့၏ အပူချိန် အလွန်ပူပြင်းမှုက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တကယ်အဆင်မပြေလှပေ။ သူတို့သည် ပူပြင်းလှသောအပူဒဏ်ကိုခံနိုင်ရည်ရှိပြီး နေပူကျဲကျဲတွင် လူအများကို ပြေးလွှား ကယ်ဆယ်နိုင်သော်လည်း သူတို့ကယ်ဆယ်ချင်ခဲ့သူ လူများမှာတော့ ၎င်းကိုခံနိုင်ရည်ရှိမည်မဟုတ်ချေ။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ညဘက်သို့ပြောင်းလဲရုံသာတတ်နိုင်ကြတော့၏။ သူတို့တွင် စစ်သားနည်းနည်းလေးသာရှိပြီး ဖုတ်ကောင်များက ပိုများလှပေ၏။ ဖုတ်ကောင်များကို သုတ်သင်ဖို့ရန် လွယ်ကူလှသည်တော့မဟုတ်ချေ။ ရက်အနည်းငယ်အတွင်း လူပေါင်း တစ်ထောင်မှ နှစ်ထောင်အထိသာ ကယ်တင်နိုင်ခဲ့၏။
စစ်တန်းလျားများတွင် သိုလှောင်ထားသော စားနပ်ရိက္ခာနှင့်ရေများ အများအပြားရှိသော်လည်း လူထောင်ပေါင်းများစွာ၏ လိုအပ်ချက်များကို ရေရှည်ထောက်ပံ့ပေးနိုင်မည်မဟုတ်ချေ။ ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်မှာပင် သူတို့သည် ရိက္ခာများကို စုဆောင်းရန်နည်းလမ်းများကို ရှာဖွေရန် လိုအပ်နေပြန်၏။
ခဲယမ်းများကို ထပ်မံဖြည့်တင်းရန်နည်းလမ်းမရှိ၍ စစ်သားများ၏ ပစ်ခတ်မှုအရေအတွက်ကိုသာ ထိန်းချုပ်ရုံသာရှိဝောာ့သဖြင့် ၎င်းသည် သူတို့၏ စစ်ဆင်ရေးများကို ပို၍အန္တရာယ်များစေခဲ့၏။ သို့သော် တိုင်းပြည်နှင့် ပြည်သူများအတွက် စစ်သားများသည် ၎င်းတို့၏သေခြင်းတရားများကို အကြိမ်ကြိမ် သတ္တိရှိရှိဖြင့် တွန်းလှန်ခဲ့ကြ၏။
လူများကို ပိုပိုပြီး ကယ်တင်နိုင်သည်နှင့်အမျှ စစ်သားများပို၍ ပို၍ သေဆုံးခဲ့ရ၏။ နောက်ပိုင်းတွင် ရေနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပြီး တပ်ရင်းမှူးမှနေ၍ ကယ်တင်ထားသောလူများကို အတူတကွအပြင်ထွက်ကာ တခြားလူများကိုကယ်တင်ရန်နှင့် ပစ္စည်းကိရိယာများစုဆောင်းဖို့ရန်အတွက် စုစည်းရန် ဆုံးဖြတ်လိုက်၏။
မမျှော်လင့်စွာဖြင့် ကယ်တင်ခံရသည့်လူများထံမှ ကြီးမားသောတုန့်ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။ သူတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါ၀င်ကာ နောက်ထပ်ပိုများသော အသက်ရှင်ကျန်ရစ်သူများကို ခေါ်ဆောင်လာရန် ငြင်းဆန်ကြလေ၏။ သူတို့၏အမြင်တွင် စစ်တန်းလျားများသည် မြင့်မားသောနံရံများ၊ ကင်းစောင့်မျှော်စင်များနှင့် ထူထဲခိုင်ခံ့သော သံဂိတ်တံခါးများနှင့် အလွန်လုံခြုံ၏။ သူတို့သာအထဲတွင်နေပါက ဖုတ်ကောင်များကို လုံး၀စိုးရိမ်နေစရာမလိုအပ်ချေ။ ထို့အပြင် သူတို့အနေဖြင့် အပြင်သို့ထွက်ပြီး နောက်ထပ်စွန့်စားမှုများလုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ချေ။
တချို့လှည့်စားသူများ၏ လှုံ့ဆော်မှုများအောက်တွင် နှစ်ဦးနှစ်ဖက်ကြားတွင် ပဋိပက္ခများ ဆက်၍ကြီးထွားလာကြ၏။ နောက်ပိုင်း၌ စစ်တန်းလျားဆီသို့ စွမ်းအားရှင်နှစ်ဦးရောက်လာခဲ့ပြီး တစ်ဦးသည် မီးကိုထိန်းချုပ်နိုင်သောစွမ်းရည်နှင့်ဖြစ်ပြီး အခြားတစ်ဦးသည် အလွန်လျင်မြန်သောအရှိန်နှင့်ဖြစ်လေ၏။
စွမ်းအားရှင်များထွက်ပေါ်လာမှုသည် နှစ်ဖက်အကြား အခြေအတင်ဖြစ်နေသည့်အခြေအနေကို သိသိသာသာကိုပင် ဆိုးရွားသွားစေခဲ့၏။ ကယ်တင်ခံရသည့်လူများသည် ထိုစစ်သားများ၏ကာကွယ်မှုကို မလိုအပ်ဟုမြင်နေကြပုံရပြီး ၎င်းတို့သဘောထားများ ပိုဆိုးလာခဲ့ကြ၏။
အနီရောင်မိုးရောက်ရှိလာခြင်းသည် စစ်တန်းလျားအားနောက်တစ်ကြိမ် ဖရိုဖရဲဖြစ်စေခဲ့ပြန်၏။ တချို့လူများသည် အနီရောင်မိုးရေထိမှန်ပြီး ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားကုန်ကြ၏။ အနီရောင်မိုးရေသည် ပိုမိုဆိုးရွားသော အကျိုးဆက်များကို ယူဆောင်လာခြင်းမှ ကာကွယ်ရန် စစ်သားများသည် တစ်နေ့လုံးနှင့် တစ်ညလုံး နေခဲ့ကြရပြီး မိုးရပ်တန့်သွားဖို့ စောင့်နေခဲ့ကြကာ နောက်ဆုံး မိုးရပ်တန့်သွားမှသာ သူတို့စိတ်သက်သာရာရသွားကြလေ၏။
သို့သော်လည်း သူတို့သည် စစ်သားများ ပင်ပန်းနေချိန်တွင် တခြားသူများမှ အခွင့်ကောင်းယူကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ သူတို့သည် စစ်တန်းလျားများ၏ လက်နက်တိုက်များကို လုယက်ကာ သူတို့အား ကယ်တင်ခဲ့သော စစ်သားအားလုံးကို အကျဉ်းချထားခဲ့ကြလေ၏။
ကျောက်ပင်းနှင့် သူ့လူများသည် သူတို့ထွက်သွားရန် တွန်းအားပေးခဲ့ခဲ့ကြရသော်လည်း သူတို့သည် ဒဏ်ရာရနေကြပြီးဖြစ်လေ၏။ သူတို့သည် တစ်လမ်းလုံး ဤနေရာအထိ ပြေးလာခဲ့ကြပြီး သူတို့ဆေးရုံကိုမြင်လိုက်ချိန်တွင် ထိုနေရာသို့ အမြန်မောင်းသွားခဲ့ကြ၏။
“ အဲ့လိုလူတွေ၊ အဲ့လိုလူတွေ သူတို့ကိုကယ်ခဲ့တာ ဘယ်သူတွေလဲလို့တောင် မတွေးခဲ့ကြဘူး၊ သူတို့တကယ်ကြီး ငါတို့ရဲ့ လက်နက်တိုက်ကို ဓားပြတိုက်ပြီး ငါတို့ကို ပစ်ရဲတယ် ”
စစ်သားငယ်လေးသည် ပိုပြောလေလေ သူပိုပြီး ဒေါသထွက်လာလေလေပင်။
“ဟုတ်တယ်၊ အဲ့ဒီလူတွေ သေခြင်းတရားကို တိုက်ခိုက်ဖို့ အပြင်ကိုကျ မထွက်ရဲဘူး ငါတို့ကိုကျ တိုက်ခိုက်ရဲတယ် ”
တခြားတစ်သားလေးကလည်း မထိန်းထားနိုင်တော့ချေ။
“ဟုတ်ပါပြီ ”
ကျောက်ပင်းသည် မျက်မှောင်ကျုတ်လိုက်ပြီး တခြားအရာ တွေကိုပြောဆိုခြင်းမှ ကာကွယ်လိုက်၏။
“ဆေးဝါးတွေကိုရှာဖွေပြီး တခြားသူတွေကို အရင်ဆုံးကုသဖို့နည်းလမ်းတွေရှာကြ ”
“ဟုတ်ကဲ့ပါ တပ်စုခေါင်းဆောင် ”
ကျောက်ပင်းစကားပြောလိုက်ပြီး သူ့ရဲဘော်များသည် သဘာ၀အတိုင်း နားထောင်ကြလေ၏။ သူတို့တွင် ပြောစရာများကျန်နေသေးသော်လည်း သူတို့ချက်ချင်းပင် လူစုခွဲလိုက်ကြ၏။ ဒဏ်ရာရသူများကို သယ်ဆောင်လာသူများသည် ဆေးကုခန်းနှစ်ခု၏တံခါးများကို ကန်ဖွင့်လိုက်ကြကာ ဒဏ်ရာရသူများကို လူနာကုတင်များပေါ်သို့နေရာချထားလိုက်ကြ၏။
လူတိုင်း(ကျန့်ယွင်တို့အဖွဲ့)သည် စစ်သားများ၏စကားများကို ကြားခဲ့ကြရ၏။ သူတို့အချင်းချင်းကြည့်လိုက်ကြပြီး တွေးလိုက်ကြ၏။ ကမ္ဘာပျက်ကပ်ကြီးအတွင်းက လူသားများ၏ နှလုံးသားများသည် ခန့်မှန်း၍မရနိုင်ပေ။
ကျောက်ပင်းသည် နံရံကို မတည်မငြိမ်ဖြင့် မှီလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ပြားကပ်နေသော စီးကရက်ဘူးကိုထုတ်ယူလိုက်ကာ ဘူးထဲမှ နောက်ဆုံးကျန်သော တစ်လိပ်ကိုမီးညှိလိုက်ပြီး ခပ်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။
“မင်းရဲ့ စစ်တန်းလျားမှာ စွမ်းရည်တစ်ခုခုနိုးထလာတဲ့သူ တစ်ယောက်မှ မရှိဘူးလား ”
ကျန့်ယွင်သည် ကျောက်ပင်းဆီသို့သွားကာ မေးလိုက်၏။
သူတို့၏ စကားများအရ ထိုစွမ်းအားရှင်များသည် အပြင်ဘက်မှ ရောက်လာခြင်းဖြစ်သည်။ ၎င်းသည် သူတို့၏ တပ်စခန်းအတွင်းတွင် စွမ်းအားရှင်မရှိသည့်ပုံရ၏။
ကျောက်ပင်းသည် မျက်မှောင်ကျုတ်ကာ ခေါင်းခါလိုက်၏။ ထို စွမ်းရည်ဟုခေါ်သည့်အရာများ မည်သို့နိုးထလာသည်ကို မသိကြသေးပေ။
ကျန့်ယွင်သည် မမေးမြန်ခင် သူ့ကိုယ်သူ တိုးတိုးလေးညည်းညူလိုက်၏။
“ဒါဆို ဖုတ်ကောင်တွေဆီက အကုတ်ခံရ အကိုက်ခံရတဲ့သူတွေကို မင်းတို့ဘယ်လိုဖြေရှင်းကြလဲ ”
ကျောက်ပင်း၏မျက်နှာသည် နာကျင်မှုတစ်ခု ဖြတ်ခနဲပေါ်လာလေ၏။ သူသည် သူ့မျက်လုံးများကို မှိတ်လိုက်ပြီး နောက်တစ်ကြိမ်ခေါင်းခါလိုက်ပြန်၏။ သိသိသာသာကိုပဲ ဒဏ်ရာရသူများသည် သတ်သေခြင်းသို့မဟုတ် အသတ်ခံကြရသည်သာ။
စုရွေ့ကျယ်သည် တစ်ဖန် သက်ပြင်းချလိုက်၏။ သူ့အရင်ဘ၀၏ အစောပိုင်းနေ့ရက်များတွင် ဖုတ်ကောင်ရောဂါပိုး၏ မြင့်မားသော ကူးစက်နှုန်းကြောင့် ဖုတ်ကောင်တစ်ကောင်ဆီမှ အကုတ်ခံရ၊အကိုက်ခံရသည့် လူတိုင်းသည် သူတို့သေချာပေါက် သေကြရတော့မည်ဟု အချိန်အတော်ကြာ ထင်နေခဲ့ကြ၏။ တစ်နည်းအားဖြင့် မည်သို့ဖြင့် များစွာသောစွမ်းရည်များနိုးထလာမည်ကို မသိခဲ့ကြချေ။
ကျန့်ကျားဟယ်နှင့် ဝူကျင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြပြီး သူတို့စိတ်ထဲတွင် ၀မ်းနည်းခြင်းများ ပြည့်နှက်လာလေ၏။ အကယ်၍သူတို့သာ စုရွေ့ကျယ်နှင့် မဆုံခဲ့ရပါက အချိန်အကြာကြီးကတည်းက သူတို့သေပြီးနေပြီဖြစ်၏။
ကျောက်ပင်းသည် သူတို့၏ အမျိုးအမည်မဖော်ပြနိုင်သော မျက်နှာများကို မြင်ပြီး သူ့နှလုံးသားသည် စူးစူးရှရှ နစ်မြှုပ်သွားခဲ့ရလေ၏။
“ဒီလူတွေကို ကယ်တင်နိုင်ပါအုံးမလား ”
“ရောဂါပိုးကူးစက်ခံရသူအားလုံးက ဖုတ်ကောင်ဖြစ်လာမှာမဟုတ်ဘူး။ သူတို့တွေလည်း စွမ်းရည်တွေရလာနိုင်လိမ့်မယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ ကျိန်းသေမရှိဘူး။ ”
ကျန့်ယွင်သည် အမှန်အတိုင်းဖြေဆိုဖို့ သေသေချာချာ လေးလေးနက်နက်တွေးလိုက်၏။ အကယ်၍ သူဘာမှမပြောခဲ့ဘူးဆိုရင်တောင် နောက်ပိုင်းကျသူတို့ရှာတွေ့လာကြမှာပါပဲ။
ကြည်လင်သောကောင်းကင်မှ မိုးကြိုးတစ်ခုကဲ့သို့ပင် ကျောက်ပင်းသည် ချက်ချင်းပင် မိမိကိုယ်ကိုယ် ပြစ်တင်ရှုတ်ချခြင်းကြီးစွာဖြစ်သွားပြီး ၀မ်းပန်းတနည်းဖြစ်သွားရတော့၏။ ဖုတ်ကောင်အကိုက်ခံရပြီနောက် သတ်သေဖို့ရွေးချယ်ခဲ့ကြသည့် စစ်သားဘယ်လောက်များများရှိကြောင်း သူမသိတော့ပေ။ တစ်ဦးချင်းစီတိုင်းသည် အဖိုးတန်သော ဘ၀တစ်ခုပင်။
“တပ်စုခေါင်းဆောင်၊ တပ်စုခေါင်းဆောင် ”
ဆေးကုခန်းအထဲမှ စစ်သားတစ်ယောက်၏ စိုးရိမ်ပူပန်နေသော ခေါ်သံ ရုတ်တရက်ထွက်လာလေ၏။
ကျောက်ပင်းသည် သူ့တစ်၀က်တပြတ် စီးကရက်ကို ပစ်ထုတ်လိုက်ပြီး ခြေသုံးလှမ်းစာကို ခြေနှစ်လှမ်းနှင့် ပြေးထွက်သွားလေတော့၏။
“ဘာမှားနေလို့လဲ ”
“လောင်ဆန်း၊ သူ..သူ ဖုတ်ကောင်တစ်ကောင်ကုတ်တာခံခဲ့ရတယ် ”
(TN/ လောင်ဆန်း( Lao San )သည် တတိယ/သုံးယောက်မြောက် ညီအစ်ကို/သူငယ်ချင်း တွေထဲက နံပါတ်စဉ်နဲ့ခေါ်ကြတာပါ)
လူနာတင်စင်ပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရထားသည့်လူ၏ အသားအရည်သည် အနီရောင်သို့ပြောင်းနေကာ သူ့နဖူးသည် ချွေးများဖြင့်ဖုံးလွှမ်းနေပြီး သူ့အ၀တ်အစားများကို ချွတ်ထားပြီးဖြစ်၏။ သူ့ပုခုံးပေါ်ရှိ ထိုးဖောက်ခံထားရသော ဒဏ်ရာအပြင် သူ့ပေါင်ပေါ်တွင်လည်း ကြောက်စရာကောင်းသော ဒဏ်ရာတစ်ခုလည်းရှိနေ၏။ ဒဏ်ရာသည် ဖြည်းဖြည်းချင်းပိုး၀င်နေခဲ့ပြီး ကွေးနေကာ သူ့အဖျားနားတွင် ထက်ရှနေကာ အကုတ်ခံရသည်လား အကိုက်ခံရသည်လားကိုပင် ပြောရခက်နေ၏။
ကျောက်ပင်းသည် ကျန့်ယွင်အားတွေ့ရန် အမြန်ပြန်လာခဲ့၏။
“သူ၊ သူ...”
ကျန့်ယွင်သည် ဒဏ်ရာက ဖုတ်ကောင်တစ်ကောင်ကြောင့်ဖြစ်ထားခဲ့သည်လား သို့မဟုတ် မဟုတ်ဘူးလားကို မသေချာပေ။ ထို့ကြောင့် စုန့်ချန်ရှုအားကြည့်ပြီး ပြောလိုက်၏။
“လောင်စုန့်ကို တစ်ချက်ကြည့်ခိုင်းလိုက်ပါ။ သူကဆရာ၀န်တစ်ယောက်ပါ”
စုန့်ချန်ရှု ခေါင်းညိတ်လိုက်ပြီး စစ်သား၏အခြေအနေကို သေသေချာချာ အကဲဖြတ်ရန် ရှေ့တိုးသွားလိုက်၏။
သို့သော်လည်း စစ်သား၏ မျက်တောင်များ တွန့်ချိုးသွားသည့်အခါ စုန့်ချန်ရှု ကြက်သေ,သေသွားရ၏။ ကျန့်ယွင်သည် ထိုအကြည့်ကိုမြင်လိုက်ရချိန်တွင် အလျင်အမြန်ပင် ခပ်နီးနီးသို့ တိုးကပ်သွားလိုက်၏။ စစ်သား၏ လုံး၀နီရဲနေသောမျက်လုံးများကို မြင်လိုက်ရချိန်တွင် သူလည်းပဲ ထိတ်လန့်သွားရ၏။
“ဒေါက်တာ၊ သူဘာမှားနေလို့လဲ။ ပြောပါ ”
သူ့ဘေးနားရှိစစ်သားလေးက စိုးရိမ်ပူပန်စွာမေးလာ၏။
စုန့်ချန်ရှုသည် သက်ပြင်းချကာ လေးနက်စွာဖြင့် သူ့ခေါင်းကို ခါလိုက်၏။
“သူကူးစက်ခံထားရပြီ၊ သန္ဓေပြောင်းတော့မယ် ”
“ဒါပေမယ့် သူဖုတ်ကောင်တစ်ကောင်အဖြစ်ပြောင်းသွားဖို့မလိုဘူးလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား ”
ကျောက်ပင်းသည် ပြတ်ပြတ်သာသာမေးလိုက်၏။
“အဲ့ဒါက သူစွမ်းအားရှင် ဖြစ်လာဖို့ အခွင့်အရေးတစ်ခုရှိပေမယ့် သူက လုံး၀ကူးစက်ခံလိုက်ရပြီးဖြစ်နေပြီ ”
စုန့်ချန်ရှုသည် သူ့မျက်လုံးများကို ညွှန်ပြလိုက်ပြီး “သူမျက်စံတွေက ကြီးလာတယ်၊ သူ့မျက်လုံးထဲက သွေးထောက်ပံ့မှုက အခြေအနေဆိုးလာပြီ၊ ပြီးတော့ သူ့နှလုံးခုန်နှုန်းက နှေးနှေးလာနေပြီ။ သူနောက်ထပ် တောင့်ခံနိုင်မှာမဟုတ်တော့ဘူး ”
ကျောက်ပင်းသည် နောက်ထပ်စကားထပ်မပြောတော့ချေ။ သို့သော် လူနာစင်ပေါ်တွင် လဲလျောင်းနေသော သူ့ရဲဘော်ရဲဘက်ကို တိတ်တဆိတ်ကြည့်နေခဲ့၏။ သူ့၏ ရုန်းကန်နေမှုကို သူ့မျက်လုံးများထဲတွင် မြင်နိုင်ပြီး တစ်ခန်းလုံး ထူးဆန်းသောတိတ်ဆိတ်မှုထဲသို့ ကျရောက်သွားလေတော့၏။
တစ်ခဏကြာသောအခါ စုန့်ချန်ရှုသည် ဒဏ်ရာရလူနာ၏ အသက်ရှူမှုသည် ပိုပိုပြီးအားနည်းလာပြီဖြစ်ကြာင်းပြောလိုက်ပြီး နောက်ဆုံး၌ အသက်ရှူ ရပ်တန့်သွားခဲ့လေ၏။ သူ့အရေပြားသည် မိနစ်ပိုင်းအတွင်းမှာပင် ခြောက်သွေ့လာခဲ့ပြီး သေဆုံးသွားသောလူ သန္ဓေကူးပြောင်းမှုတစ်ခုဖြစ်သည့်အချိန်တိုင်း ဖြစ်လေ့ရှိသည့် အလွန်အမင်းရေဓာတ်ခမ်းခြောက်ခြင်း၏ သိသာထင်ရှားသောလက္ခဏာ တစ်ခုပင်ဖြစ်လေ၏။
နောက်တစ်ခဏအကြာမှာပင် ဒဏ်ရာရထားသောလူသည် ရုတ်တရက်ကြီး သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သွေးလိုနီရဲနေသောမျက်လုံးများနှင့် မီးခိုးရောင် ခြောက်သွေ့နေသောမျက်နှာသည် အလွန် ထိတ်လန့်စရာကောင်းလေ၏။
“ဂရား...”
အလောင်းကောင်သည် အော်ဟောက်လိုက်ပြီး မတ်တပ်ရပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ချိန်တွင် ကျောက်ပင်းသည် သူအိတ်ဆောင်ဓားကို ထုတ်လိုက်ကာ ဖုတ်ကောင်၏ ဦးထိပ်သို့ထိုးသွင်းလိုက်လေ၏။
စုန့်ချန်ရှုထံပြောလာသော ကျောက်ပင်း၏အသံသည် အက်ကွဲနေခဲ့လေ၏။
“ကျေးဇူးပြုပြီး တခြားလူတွေကိုလည်း စစ်ဆေးဖို့ ကူညီပေးပါအုံး”
“ကောင်းပါပြီ ”
စုန့်ချန်ရှုသည် တခြားဒဏ်ရာရထားသော စစ်သားများစွာကို စစ်ဆေးရန် သွားလိုက်၏။ အခြေခံအားဖြင့် သူတို့ကိုယ်ရှိ ဒဏ်ရာများအားလုံးမှာ သေနတ်ပစ်ချက်များမှ ဖြစ်လေ၏။ သူသည် ကျည်ဆန်များကို ဆွဲထုတ်ပြီးနောက် တချို့ဆေးများပေးခဲ့လိုက်၏။ ကြီးကြီးမားမားစိုးရိမ်စရာမရှိတော့ချေ။ သူတို့ထဲမှ နှစ်ယောက်သည် အဖျားရှိနေပြီး သို့သော် သူ့အကဲဖြတ်ကြည့်လိုက်ခြင်းအရ ၎င်းသည် ယောင်ယမ်းကိုက်ခဲမှုသာဖြစ်နိုင်သည်။ ဆေးရည်ပေးသွင်းပြီနောက် အဖျားကျသွားလိမ့်မည်။
ဆေးဝါးများသွားရှာသော စစ်သားများသည် သူတို့လက်ထဲတွင် အရေးပေါ်ဆေးခန်းအတွင်းမှ ရှာတွေ့ခဲ့ကြသော ဆေးဝါးကိရိယာအမျိုးမျိုးနှင့် ပြန်ရောက်လာခဲ့ကြ၏။
စုန့်ချန်ရှုသည် လူတိုင်းအား သူတို့၏ဒဏ်ရာများကို ဂရုတစိုက်နှင့် ကူညီပေးခဲ့ပြီး အဖျားရှိသောစစ်သားနှစ်ယောက်ကို ဆေးရည် သွင်းပေးခဲ့၏။
“ကောင်းကောင်းအနားယူပါ၊ တခြားဘာပြဿနာတွေမှ မဖြစ်နိုင်တော့ပါဘူး ”
“ကျေးဇူးတင်ပါတယ် ဒေါက်တာ ”
စစ်သားအားလုံးသည် သက်ပြင်းချလိုက်ကြကာ စိတ်သက်သာရာရသွားကြလေ၏။
“မလိုပါဘူး...”
စုန့်ချန်ရှုသည် ဖရိုဖရဲအသံကို ကြားလိုက်ရချိန်တွင် စကားပြောလက်စတစ်၀က်မှာတင် ရှိသေး၏။ သူလှည့်ကြည့်လိုက်သောအခါ ကျောက်ပင်းတစ်ယောက် မြေပေါ်သို့ မေ့လဲကျသွားသည်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာသည် နီမြန်းနေခဲ့ပြီး ရှင်းရှင်းလင်းလင်းကိုပင် သူ့တွင် အဖျားရှိနေ၏။
ဘာသာပြန်သူမှာပြောစရာရှိပါတယ်။
ဒီအပိုင်းပြန်တော့ ရီရမလို ငိုရမလိုဖြစ်သွားတယ်။ ကိုယ့်ဆီက ဖွတ်တပ်အခြေအနေနဲ့နှိုင်းယှဉ်ပြီး (/¯◡ ‿ ◡)/¯ ~ ┻━┻