အခန်း(၄၁)
Viewers 12k

အခန်း(၄၁)《 ကယ်ဆယ်ရေး လုပ်ငန်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ကျောက်ပင်းသည် သူ့တွင် မီးစွမ်းရည် နိုးထလာခဲ့သည်ကို ရှာတွေ့သွားသောအခါ သဘာ၀အတိုင်းပင် အံ့အားသင့်ကာ ပျော်ရွှင်သွားလေ၏။ သူသည် ဤသို့သော မထင်မှတ်ထားလောက်သည့် စွမ်းရည်နိုးထလာခဲ့သည်ကို အံ့ဩခဲ့ရပြီး လူသားစားသည့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သို့ မပြောင်းလဲသွားခြင်းကြောင့် ပျော်ရွှင်ခဲ့ရခြင်းဖြစ်သည်။ ဤစွမ်းရည်ဖြင့် ကျောက်ပင်း၏ပထမဆုံး တုံ့ပြန်မှုမှာ သူ့ရဲဘော်များကိုကယ်တင်ရန် စစ်တပ်စခန်းဆီသို့ချက်ချင်းပြန်သွားရန်ဖြစ်သည်။ တစ်ခုသာလျှင်၊ နှစ်ဖက်အကြားရှိ စွမ်းအားကွာခြားချက်ကို တွေးလိုက်ချိန်တွင် သူတုံ့ဆိုင်းသွားခဲ့ရ၏။ 


"တကယ်လို့ ခင်ဗျား တခြားသူတွေကိုကယ်ချင်ရင် ကျွန်တော်အကြံပေးချင်တာက ခင်ဗျားပထမဆုံး စစ်တန်းလျားနဲ့ နီးတဲ့နေရာမှာ စခန်းချပြီး စစ်တန်းလျားတွေထဲက အခြေအနေကိုသိနိုင်ဖို့ လုပ်ပြီး နောက်မှ အစီအစဉ်တွေချဖို့ပဲ" 


စစ်တန်းလျားများသည် များသောအားဖြင့် ဝေးလံခေါင်ဖျား လျို့ဝှက်ထားသောနေရာများတွင် တည်ရှိတတ်ကြပြီး မြေပုံပေါ်တွင် အမှတ်အသားများတောင် မရှိတတ်ကြပေ။ ထို့ကြောင့် ကျန့်ယွင်က ဆက်၍ 


"ခင်ဗျားတို့ စစ်တန်းလျားတွေက ဘယ်နေရာမှာလဲ။ ကျွန်တော်တို့ ခင်ဗျားတို့ကို ပို့ပေးလို့ရတယ်။"


ကျန့်ယွင်သည် စစ်သားများ ၎င်းတို့၏ရဲဘော်များကယ်ဆယ်ခြင်းကို ကူညီရန်အကြောင်း တစ်ခွန်းမှမဟခဲ့ပေ။ နှစ်ဖက်စလုံးအနေဖြင့် ယုံကြည်မှုတည်ဆောက်ရန် အချိန်အနည်းငယ်လိုအပ်ပေသည်။ သူတို့အနေဖြင့် စစ်တန်းလျားများ၏အခြေအနေကို ရှင်းလင်းဖို့ရာ ပထမဆုံး လိုအပ်နေပေသည်။ 


"တကယ်ပဲလား။ ကျေးဇူးအများကြီးတင်ပါတယ်။"


ကျောက်ပင်းသည် သူတို့မတော်တဆဆုံတွေ့ခဲ့သည် ဤလူများသည် အလွန်တရာ စိတ်အားထက်သန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူနိုးလာချိန်က တခြားစစ်သားလေးများထံမှ ကြားခဲ့ရသည်မှာ သူ မေ့မျောနေစဉ်အတွင်း သူတို့သည် လူတိုင်းအားကုသပေးရုံသာမက အထဲ၀င်ဖို့ကြိုးစားခဲ့သည့် ဖုတ်ကောင်များကိုတိုက်ခိုက်ရာတွင်လည်း ကူညီပေးခဲ့ကြသည်ဟုပင်။ သူတို့သည် ထိုဖုတ်ကောင်များကျူးကျော်လာခြင်းမှကာကွယ်ရန် ၀င်ပေါက်ထွက်ပေါက်များအားလုံးကိုလည်း အလုံပိတ်ခဲ့သေးသည်။ 


ကျောက်ပင်းသည် အပြင်ဘက်ရှိ အခြေအနေကိုစစ်ဆေးရန် စစ်သားငယ်လေးတစ်ယောက်အား ဒုတိယထပ်သို့သွားခိုင်းလိုက်၏။ အဆုံးမှာတော့ တံခါးများနှင့် ပြတင်းပေါက်များအားလုံးကို ပိတ်ဆို့ထားသဖြင့် အဆောက်အဦးထဲသို့ ဖုတ်ကောင်များ၀င်လာရန် လမ်းမရှိသဖြင့် ၎င်းတို့သည်အပြင်ဘက်သို့ တဖြည်းဖြည်း ပြန့် ကျဲသွားကုန်ကြသည်။ ယခုချိန်တွင် ဆေးရုံထဲတွင် ဖုတ်ကောင်တစ်ကောင်နှစ်ကောင်စသာလျှင် လျှောက်သွားနေကြသည်။ 


"ခေါင်းဆောင် ဒီအဆောက်အဦးရဲ့အနောက်ဘက် အဆောက်အဦးထဲမှာ ဈေးရောင်းစက်တစ်ခုတွေ့ခဲ့တယ်လို့ထင်တယ် "


စစ်သားငယ်လေးသည် စိတ်လှုပ်ရှားစွာပြောလေ၏။ 


သူတို့အနောက်ဘက်ရှိ အဆောက်အဦးသည် ဆေးရုံ၏ အတွင်းလူနာဌာနဖြစ်လေ၏။ ဒုတိယထပ်သည် ထမင်းစားခန်းဖြစ်ရမည်။ အဆောက်အဦး၏ပြတင်းပေါက်အား မျက်နှာမူလျက် စစ်သားငယ်လေးသည် တစ်ချက်တည်းနှင့်ပင် အဖြူရောင်ဈေးရောင်းစက်ကို မြင်နိုင်လေ၏။ ထိုအထဲတွင် အစားအစာနှင့်ရေရှိရမည်။ ၎င်းတို့သည် ယခုအချိန်တွင် သူတို့အလိုအပ်ဆုံးအရာများဖြစ်ချေ၏။ 


ကျောက်ပင်းသည် ထိုအကြောင်းကြားလိုက်ရပြီး သူ့မျက်လုံးများဝောာက်ပသွားလေ၏။ ရာသီဥတုက မတရားကို ပူပြင်းလှ၏။ အတွင်းမှာတောင်မှ ချွေးအလွန်အကျွံထွက်ရလောက်သည်အထိ ပူလေ၏။ ယမန်နေ့ညက သူသောက်ခဲ့သော ဓာတ်ဆားရည်သည်ပင်လျှင် ဇီ၀ဓာတ်လုံး၀ပြယ်သွားခဲ့ပြီးဖြစ်လေ၏။ 


သူသည် ဒုတိထထပ် ပြတင်းပေါက်ဆီသို့သွားပြီး စစ်ဆေးချက်အရ အဆောက်အဦးနှစ်ခုသည် သိပ်မကွာဝေးသော်လည်း အပြင်ဘက်ရှိ အပူချိန်သည် အလွန်မြင့်မားနေလေ၏။ အကွာအဝေးသိပ်မဝေးသဖြင့် အကယ်၍ သူပြေးထွက်သွားမည်ဆိုလျှင်တောင် နေရောင်ရှိနေသေးသည်။ အပြင်ဘက်ရှိ ဖုတ်ကောင်များရှိသည်ကိုမဆိုထားနှင့် ၎င်းသည် အပူလျှပ်ရန် အလွန်လွယ်ကူလိမ့်မည်။ 


"ငါသွားမယ် "


သူ့အနေဖြင့် သူ့ရဲဘော်တပ်သားများကို သူနှင့်အတူ အငတ်ခံခွင့် မပြုနိုင်ပေ။ သူ့စွမ်းရည်နိုးထလာပြီးသည့်နောက် သူ၏ မြင့်မားသောအပူဒဏ်ခံနိုင်ရည်အားသည် အနည်းငယ်တိုးလာ၏။ သူသွားမည်ဆိုလျှင် ပိုရနိုင်လိမ့်မည်။ 


"ခေါင်းဆောင်၊ ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ "


စစ်သားများသည် အော်ဟစ်လာကြကာ သူတို့အနေဖြင့် ကျောက်ပင်းအား စွန့်စားမှုများလုပ်စေဖို့ ဆန္ဒမရှိကြချေ။ ကျောက်ပင်းသာ သူတို့၏ ကျောရိုးမကြီးဖြစ်သည်။ ထို့ကြောင့် သူ့အား စွန့်စားမှုများလုပ်ရန် ခွင့်မပြုနိုင်ကြချေ။ 


"ဒါဆို အတူတူသွားကြစို့ "


ကျန့်ယွင်သည် ရုတ်တရက်သူ့ပါးစပ်အားဖွင့်ဟကာ ပြောလာလေ၏။ 


"ခင်ဗျားတို့လူတွေ အဲ့နေရာကိုသွားပြီး နောက်မှ အဲ့နေရာမှာ အနားယူလို့ရတယ်။ ဒီအဆောက်အအုံကို ပြန်လာစရာမလိုတော့ဘူး "


ထိုစစ်သားလေးများသည် နှစ်ရက်နီးပါး မအိပ်ခဲ့ကြရဘဲ နေခဲ့ကြသည်။ သူတို့သည် ဘီစကစ်များစွာကို စားခဲ့ကြသော်လည်း ရာသီဥတုသည် အလွန်ပူပြင်းလှသဖြင့် ထိုရိုးရှင်း‌သောအစားအစာလောက်က အစားအသောက်နှင့်ရေ ထပ်စားခြင်းမရှိဘဲ သူတို့အတွက် အချိန်အကြာကြီးတောင့်ခံဖို့ မဖြစ်နိုင်ချေ။ နေရာလွတ်ကိုထုတ်ဖော်ပြခြင်းမရှိဘဲ အစားအစာရဖို့ကူညီပေးခြင်းသည် ယခုအချိန်တွင် အကောင်းဆုံး ဖြေရှင်းခြင်းပင်ဖြစ်၏။ 


"ရှောင်ကျယ် မင်းမောင်းနိုင်လား "


ကျန့်ယွင် စုရွေ့ကျယ်အား ကြည့်လိုက်၏။ 


စုရွေ့ကျယ်သည် ချက်ချင်းခေါင်းခါလေ၏။ သူသည် ကမ္ဘာပျက်ကပ်ကြီးရောက်လာခဲ့ချိန်တွင် အသက်ဆယ့်ခုနစ်နှစ်သာရှိသေးပြီး ကားမောင်းလိုင်စင်တစ်ခုရရန် နည်းလမ်းမရှိခဲ့ချေ။ တကယ်တော့ သူ့အသက် ဆယ့်ရှစ်နှစ်ပြည့်ခဲ့လျှင်တောင်မှ စာမေးပွဲဖြေဆိုနိုင်မည်မဟုတ်ချေ ။ အကြောင်းပြချက် ကတော့ အလွန် ရိုးရှင်း၏။ - သူ့တွင် ပိုက်ဆံမရှိပေ။ သူ့အရင်ဘ၀၌ ကမ္ဘာပျက်ကပ်အပြီး သူလွတ်မြောက်ခဲ့သော်လည်း သူကတော့ ကားမောင်းနိုင်မည့်သူတစ်ယောက်မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် ကားမောင်းရန် လုံး၀ မသင်ယူခဲ့ရချေ။ 


"လောင်စုန့်၊ မင်းမောင်းလိုက်။ ရှောင်ကျယ်နဲ့ သုန်သုန်ကို ခေါ်ပြီး အရင်မောင်းသွားလိုက်။ တခြားသူတွေနဲ့ငါက ခေါင်းဆောင်ကျောက်ရဲ့ စစ်ကားကို မောင်းလာခဲ့မယ်"


စစ်တပ်ကားသည် အနောက်ဘက်ခြမ်းသည် ဆွဲချလို့ရသည်။ ထို့ကြောင့် အနောက်ခြမ်းမှ ပစ်ခတ် တိုက်ခိုက်ခြင်းသည် ပိုအဆင်ပြေနိုင်ပြီး ဒဏ်ရာရစစ်သားများထိုင်ဖို့အတွက် ပို အဆင်ပြေလိမ့်မည်။ 


"ကောင်းပြီ "


မည်သူကမှ မဆန့်ကျင်ကြချေ။ 


ဆုံးဖြတ်ချက်ချလိုက်ကြပြီးသည်နှင့် လူတိုင်းသည် သွားရန် အဆင်‌သင့်ဖြစ်နေကြ၏။ ကျောက်ပင်းသည် သူ့ ပစ္စတိုအား ကျန့်ယွင်အားပေးလာ၏။ 


"ညီအစ်ကိုကျန့်၊ ငါမင်းကို သေနတ်တစ်လက်မေးမယ်။ ဒါပေမယ့် အသုံးမ၀င်ဘဲ လျှောက်ပစ်ဖို့မသုံးပါနဲ့၊ ဒါက မင်းကိုယ်မင်း ကာကွယ်ဖို့အတွက်ပါ။"


ကျန့်ယွင်သည် ရယ်လိုက်ကာ သူ့သေနတ်ကိုထုတ်လိုက်၏။ 


"ငါ့မှာလည်း သေနတ်တစ်လက်ရှိတယ်။ ငါက ရဲတစ်ယောက်ဆိုတာ မင်းကိုပြောပြဖို့ မေ့နေတာ" 


ကျောက်ပင်းသည် တစ်ခဏမျှ ကြက်သေ သေသွားပြီး အလျင်အမြန်ပင် ရယ်မောလာလေ၏။ ကျန့်ယွင်၏ အရည်အချင်းများနှင့် အပြုအမူများကို ကျွမ်း၀င်သည့် ခံစားချက်တစ်ခုကို ခံစားရသည်မှာ အံ့ဩစရာရှိတော့ပေ။ သူက တကယ့်ကို စနစ်ဆီမှ ဇာတိဗီဇဖြစ်နေလေ၏။ 


ကျန်းရှို့လျန်သည် သူ့စွမ်းရည်ကိုသုံးပြီး ယခင်ကသူဆောက်ခဲ့သော မြေသားနံရံကို တိုက်ရိုက် တွန်းချလိုက်၏။ အနီးအနားရှိ ဖုတ်ကောင်များသည် လှုပ်ရှားမှုကို ကြားပြီး သူတို့အား ဝိုင်းရံလာကြ၏။ ထို့နောက် ၎င်းတို့သည် စစ်သားများ၏ တစ်ယောက်ချင်းပစ်သတ်ခြင်းကို ခံလိုက်ကြရ၏။ 


"မြန်မြန်၊ နေရောင်ထဲမှာ အကြာကြီး မနေကြနဲ့ "


အပြင်ဘက်နေရောင်သည် တကယ့်ကို ပူပြင်းလှ၏။ အရေပြားပေါ်တွင် အပူလောင်သည့် အပူတစ်ခုက ကျရောက်လာ၏။ 


ဖုတ်ကောင်များသည် တခြားသူများ၏ ပတ်ခတ်မှုကြောင့် ဆွဲဆောင်ခံနေရစဉ် စုန့်ချန်ရှုသည် ကားမောင်းသူထိုင်ခုံ၏ တံခါးကို ဖွင့်ပြီး တက်လိုက်၏။ စုရွေ့ကျယ်သည်လည်း ယွီသုန်သုန်နှင့်အတူ ကားထဲသို့၀င်လိုက်၏။ စစ်သားများသည်လည်း ဒဏ်ရာရနေသူများကို စစ်ကားများထဲသို့၀င်ရန်ကူညီပေးကြပြီးနောက် ကျန့်ယွင်၏အဖွဲ့သည်လည်း လိုက်လာလေ၏။ 


"သွား "


ကားနှစ်စီးသည် ချက်ချင်းစက်နှိုးကာ အနောက်ဘက်ရှိ ဆေးရုံအဆောက်အဦးဆီသို့ မောင်းနှင်သွားကြ၏။ ထိုအချိန်တွင် စုန့်ချန်ရှုသည် သူ့ကားအား ဂိတ်တံခါးဆီသို့ တိုက်ရိုက်မောင်း၀င်သွားကာ စစ်ကားလည်း သူ့နောက်သို့ လိုက်၀င်လာလေ၏။ ဆေးရုံ၏ လော်ဘီခန်းကို ကားပါကင်တစ်ခုအဖြစ်သုံးလိုက်ကြ၏။ 


ကျန်းရှို့လျန်သည် ကားထဲမှ ပထမဆုံး ခုန်ထွက်လာ၏။ တခြားသူများ၏ အကာအကွယ်‌အောက်မှ တံခါးကို မြေသားနံရံတစ်ခုနှင့် ပိတ်ဆို့လိုက်ပြီး ပြတင်းပေါက်များအားလုံးကို ပိတ်လိုက်၏။ တဖက်တွင် နေရောင်မှ ပိတ်ဆို့ကာကွယ်ပေးပြီး ဖုတ်ကောင်များ၀င်ရောက်လာခြင်းမှလည်း ကာကွယ်ပေး၏။ 


အဖွဲ့သည် ကားထဲမှ ထွက်လာကြကာ ပထမထပ်မှ ဒုတိယထပ်သို့ တက်ကြလေ၏။ 


ဒုတိယထပ်သည် တကယ့်ကို ထမင်းစားခန်းတစ်ခုဖြစ်ကာ အတော်လေးကို သန့်ရှင်းနေ၏။ ၀င်ပေါက်တွင် သွေးစက်အချို့သာရှိ၏။ ထမင်းစားခန်းက အနောက်တွင် အရောင်းစက်ကို တွေ့လိုက်ကြရ၏။ ပစ္စည်း အများစုမှာ သောက်စရာများသာဖြစ်လေ၏။ ချောကလက်တစ်ဒါဇင်လောက်နှင့် အာလူးကြော်အထုပ်တစ်ဒါဇင်လောက်သာ အစားအစာဟူ၍ နည်းလေ၏။ မြင့်မားသောအပူချိန်အောက်တွင် ချောကလက်များသည် လုံး၀အရည်ပျော်နေပြီဖြစ်သော်လည်း အာလူးကြော်များကတော့ စား၍ရနိုင်ဆဲဖြစ်လေ၏။ 


စစ်သားများသည် သူတို့၏ အစားအစာများကို အလျင်အမြန် သွပ်ကြပြီး ကျန့်ယွင်ကတော့ ရေသန့်ဘူးနှင့် သောက်စရာအချို့ကိုသာယူပြီး စစ်သားများ၏အစားအစာများကို မထိခဲ့ပေ။ 


"ဗိုက်ဆာနေပြီလား သုန်သုန် "


လူကြီးများသည် ခံနိုင်ရည်ရှိကြသော်လည်း ကလေးများကတော့ ခံနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ကြောင်ကလေးလည်း ဗိုက်ဆာနေလောက်ပြီပင်။ 


အဆုံးမှာတော့ သုန်သုန်သည် သိတတ်စွာ သူ့ခေါင်းလေးက်ု ခါလိုက်သော်လည်း သူ့အစာအိမ်ကတော့ တဂွီဂွီမြည်လာနေပြီး သူ့မျက်နှာလေးသည် ရုတ်တရက်ဆိုသလိုပင် အနီရောင်သို့ ပြောင်းသွားလေတော့၏။ 


"အနောက်မှာ တိတ်တိတ်လေးစားပြီး ဆူဆူညံညံမလုပ်နဲ့။ အဲ့လိုလုပ်မလား " 


စုရွေ့ကျယ်သည် အသံတိုးတိုးလေးနှင့်ပြောလိုက်၏။


ယွီသုန်သုန်သည် ‌သူ့မျက်လုံး နက်နက်ဝိုင်းဝိုင်းကြီးများကို တဖြတ်ဖြတ်ခတ်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ သူ့လက်မောင်းထဲရှိ ကြောင်ငယ်လေးကလည်း ပူပြင်းသောရာသီဥတုကြောင့် ပျင်းရိနေပုံရကာ ချစ်စရာကောင်းသော မြောင် သံလေးကို ပေးလာ၏။ 


စစ်သားများသည် စားသောက်နေကြပြီး သူတို့ဘက်ရှိ လှုပ်ရှားမှုများကို သတိမထားကြချေ။ သူတို့ထဲမှ အနည်းငယ်ကသာ ထိုနေရာတွင် ထိုင်နေကြ၏။ ယွီသုန်သုန်အား မြင်ကွင်းအဝေးမှထားရန် ပြဿနာမရှိချေ။ 


စုရွေ့ကျယ်သည် ယွီသုန်သုန်အတွက် ဆင်းဒ၀စ်ခ်ျနှစ်ခုထုတ်ပေးလိုက်ပြီး ကြောင်လေးအတွက် ငါးသေတ္တာအချို့ပြင်ပေးလိုက်၏။ အသေးလေးနှစ်ယောက်သည် တိတ်တဆိတ်စားသောက်ခဲ့ကြလေ၏။ 


သူတို့အ၀စားသောက်ပြီးကြသည်နှင့် စားပွဲပေါ်တွင် လဲလျောင်းအနားယူကြလေ၏။ မှောင်လာသောအခါတွင် သူတို့ ချက်ချင်းလှုပ်ရှားကြရမည်ဖြစ်သည်။ 


* * * * * * * * *


အိပ်ပျော်နေရာမှ နိုးလာကြချိန်တွင် နေ၀င်ခါနီးပင်ဖြစ်နေသည်ကို တွေ့လိုက်ကြရ၏။ သူတို့အားလုံးသည် အတူတကွ အောက်ထပ်ဆီသို့ဆင်းသွားကြပြီး ပိတ်ဆို့ထားသောတံခါးကိုဖွင့်ကာ သူတို့ကားများပေါ် တက်လိုက်ကြပြီး စစ်တန်းလျားများဆီသို့ မောင်းသွားကြလေ၏။ 


စစ်တန်းလျားများ၏ အနေအထားသည် အတော်လေး မတ်စောက်လှ၏။ သူတို့သည် စက်မှုလုပ်ငန်းနယ်မြေတစ်ခုကိုဖြတ်သန်းကာ မြောက်ဖက်ဆီသို့ တစ်နာရီထက်ပိုပြီး မောင်းသွားခဲ့ကြပြီး ရွာငယ်လေးတစ်ခုဆီသို့ ရောက်သွားကြလေ၏။ 


“စစ်တန်းလျားတွေက မြောက်ဘက်ကို နောက်ထပ်နှစ်မိုင်လောက်မှာရှိတယ်။ အဲ့ဒိနားကိုရောက်တာနဲ့ တွေ့ဖို့လွယ်တယ်။ ဒီမှာ အရင်ဆုံးအနားယူကြရအောင်။ ဒီနေရာမှာ တစ်‌ယာက်မှမရှိဘူး ဆင်းကြစို့ ”


အနီးအနားရှိဖုတ်ကောင်များကို စစ်တပ်မှ ရှင်းလင်းခဲ့ကြပြီး ရွာရှိ အသက်ရှင်ကျန်သူများကို စစ်တန်းလျားများဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ထို့ကြောင့် ရွာသည် ယခုအခါ လူသူကင်းမဲ့‌နေပြီး သူတို့ ဤနေရာတွင် ပုန်းခိုနေနိုင်ကြသည်။ 


"ဒါဆို ရှောင်ကျယ်နဲ့ငါ သုန်သုန်နဲ့ ဝူကျင်းကိုခေါ်ပြီး စစ်တန်းလျားတွေဆီသွားပြီး အခြေအနေကို စစ်ကြည့်လိုက်မယ်။ မင်းတို့ ဒီကနေသာ သတင်းကို စောင့်နေကြ "


"လုံခြုံဖို့ သေချာပါစေ။ အဲ့လူတွေက လူကောင်းတွေမဟုတ်ဘူး "


"ငါနားလည်ပြီ "


ကျန့်ယွင်သည် စုရွေ့ကျယ်နှင့် အခြားနှစ်ယောက်ကို ခေါ်၍ ထွက်ခာသွားကြစဉ် အခြားသူများသည် နေကျန်ခဲ့ကြလေ၏။ 


သူတို့ တော်ဝေးဝေးမောင်းလာခဲ့ကြပြီး ကျန့်ယွင်သည် စုရွေ့ကျယ်အား သူတို့သာဆန့်လောက်သော အဟောင်းဆုံး ဂျစ်ကားနှင့် အစားထိုးစေလိုက်၏။ သူတို့၏ off-road ကားသည် အတော်လေးကို မျက်စိဖမ်းစားနေ၍ဖြစ်သည်။ 


ဂျစ်ကားကိုမောင်းနှင်ပြီး ကျောက်ပင်းသူ့အားပြောပြလိုက်သော လမ်းကြောင်းအတိုင်း ဆက်သွားခဲ့ကာ အသေအချာကိုပင် စစ်တန်းလျားများကို မြင်လိုက်ရ၏။ တံခါးနားတွင် လူလေးငါးယောက်လောက်သည် သူတို့လက်ထဲတွင် သေနတ်များကို ကိုင်ဆောင်ထားကြပြီး လေ၏အရေးပါမှုနှင့်အတူ ရပ်လျက် ဂိတ်အားစောင့်ကြပ်နေကြလေ၏။ နံရံပေါ်တွင် မီးတိုင်များနှင့် စစ်တန်းလျားများတွင် မျှော်စင်နှစ်ခုရှိလေ၏။ သူတို့လာနေသည်ကို သူတို့မြင်လိုက်ကြသောအခါ တံခါးရှိ အစောင့်များသည် ချက်ချင်းပင် သူတို့သေနတ်များကို မြှောက်လာကာ လှမ်းအော်လေ၏။ 


"မင်းတို့ ဘာလာလုပ်တာလဲ "


ကျန့်ယွင်သည် သူ့ကားကို ရပ်လိုက်ပြီး ရယ်မောကာ ကား‌ထဲမှ ထွက်လိုက်လေ၏။ 


"ကျွန်တော်တို့က အသက်ရှင်ကျန်သူတွေပါ။ ဒီနေရာမှာ စစ်တပ်စခန်းတစ်ခုရှိတယ်လို့ ကြားခဲ့လို့ ငါတို့ ပူးပေါင်းဖို့ လာခဲ့တာပါ။ "


စုရွေ့ကျယ်နှင့် ဝူကျင်းတို့နှစ်ယောက်လည်း ကားပေါ်မှဆင်းကာ သူတို့ခေါင်းများကို ကျန့်ယွင်၏နောက်တွင် ငိုက်စိုက်ချထားကြပြီး မျက်လုံးကြီးများဖြင့် တံခါးဆီသို့ လှမ်းကြည့်လိုက်ကြ၏။ 


"ပူးပေါင်းဖို့လား "


သူတို့ထဲမှ တစ်ယောက်သည် သူတို့အဖွဲ့အားတစ်ချက်ကြည့်ပြီး ချက်ချင်း လှောင်ပြောင်ကဲ့ရဲ့လေ၏။ 


"မင်းတို့ ဘာအစားအသောက်တွေ ယူလာတာရှိလဲ "


"မဟုတ်ပါဘူး၊ အများကြီးမပါဘူး..."


ကျန့်ယွင်သည် ကားထဲမှ ပလပ်စတစ်အိတ်လေးတစ်လုံးကို ထုတ်ယူလာလေ၏။ ၎င်းးထဲတွင် နို့ဘူးအနည်းငယ်နှင့် သွားရည်စာမုန့်တချို့သာ ပါလေ၏။ ၎င်းသည် အသုံးမ၀င်ချေ။ 


"ထွက်သွားစမ်း ဒီနေရာမှာ ငါတို့ လူတွေ လက်မခံတော့ဘူး "


ထိုလူများသည် ကြားလိုက်ရသည်နှင့် ချက်ချင်း စိတ်မရှည်စွာ သူတို့အားအ‌ဝေးသို့ မောင်းထုတ်လေ၏။ 


"အာ..ကျေးဇူးပြုပြီး လူကြီးလူကောင်းဆန်ပါ။ ငါတို့ကို အထဲ၀င်ခွင့်ပြုပါ..."


ဝူကျင်းသည် ငိုလုနီးပါးဖြင့် ပြောလာလေ၏။ သူမ၏ မျက်နှာသည် ရွှံများ‌ပေကြံနေပြီး သူမဘယ်လောက်ပွတ်သပ်နေပါစေ ညစ်ပေပြီး ရုပ်ဆိုးနေလေပြီး တမင်တကာ ဖိအားတိုးထားသောကြောင့် သူမ၏အသံသည် အလွန်အက်ရှနေလေ၏။ 


"ထွက်သွားစမ်း "


လူများသည် သူတို့နှင့် စကားဆက်ပြောရန် အလွန်ကို စိတ်လက်မရှည်နေကြချေ။ သူတို့သည် သေနတ်များကို မြှောက်ကာ ခြိမ်းခြောက်ကြလေ၏။ 


"မင်းတို့မထွက်သွားရင် ငါတို့ ပစ်ရလိမ့်မယ် "


"ရှင် ရှင်တို့...ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲ " 


"ငါတို့ဘယ်လိုများ ဒီလိုလုပ်နိုင်တာလဲ။ ကမ္ဘာကြီးက အခုဘယ်လိုဖြစ်နေတယ်ဆိုတာ မင်းတို့မမြင်ဘူးလား။ ထွက်သွား၊ ငါတို့ကို နောက်တစ်ခါထပ်ပြောရအောင်မလုပ်နဲ့ " 


ကျန့်ယွင်နှင့် တခြားသူများသည် ကားပေါ်သို့ စိတ်ပျက်လက်ပျက်နှင့် တက်၍ အ‌ဝေးသို့ မောင်းထွက်သွားကြလေ၏။


"အို့ လူတစ်ယောက်ကို ၀န်ထုပ်သုံးခုနဲ့ ဘာမှမပါဘဲကို စကားလာပြောရဲသေးတယ်။ မင်းလာနောက်နေတာလား "


အကွာအဝေးတစ်ခုရောက်သောအခါ သူတို့အနောက်မှ ဆဲဆိုသံများထွက်လာလေ၏။ 


ကျန့်ယွင်သည် ယခင်အမူအရာကို ပြောင်းလိုက်ပြီးဖြစ်ကာ ထိုလူများကို နောက်ကြည့်မှန်မှတဆင့် စိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွင် အေးစက်မှုတစ်ခု ပေါ်လာလေ၏။ 


သူသည် လမ်းမသိဟန်ဆောင်၍ စစ်တန်လျားအနောက်ဖက်သို့ ပတ်မောင်းလာ‌လေ၏။ သံသယအ၀င်မခံရပါဘဲနှင့် သူသည် စစ်တန်းလျားများ၏ ပြင်ပ ခုခံရေးတည်ဆောက်ပုံများကို ချရေးလာခဲ့လေသည်။