အခန်း(၄၂)
Viewers 12k

အခန်း(၄၂)《 စစ်ဆင်ရေးစတင်ခြင်း 》



Author: Drunken Light Song

Source: Jostena M

Translator: オタク


ကျန့်ယွင်နှင့် အခြားသူများသည် ရွာငယ်လေးဆီသို့ပြန်လာခဲ့ကြပြီး ကျောက်ပင်းနှင့်ကျန်အဖွဲ့သို့ ပေါင်းလိုက်ကြသည်။ သူတို့သည် ကျောက်ပင်းအား စစ်တန်းလျား၏ ပြင်ပခုခံကာကွယ်ရေးတည်ဆောက်ပုံအား ပြောပြလိုက်ကြသည်။ 


အခန်းထဲတွင် ခဲတံအမြောက်အများနှင့် ကြမ်းပြင်တွင်ပြန့်ကျဲနေသောစာရွက်အချို့ကို ရှာတွေ့ခဲ့ကြသည်။ သူတို့သည် စခန်း၏ ‌ပုံစံနှင့် လမ်းကြောင်းများကို ဆွဲပြီး ကျန့်ယွင်စုံစမ်းစစ်ဆေးခဲ့သော ပြင်ပခုခံကာကွယ်ရေးတည်ဆောက်ပုံကို ပေါင်းစပ်ပြီး အောင်မြင်နိုင်မှုအချက်ကို ရှာဖွေရန်စီစဉ်ကြလေ၏။


ကျောက်ပင်းသည် ကျန့်ယွင်အား အမြန်ထွက်ခွာသွားရန် တိုက်တွန်းချင်ခဲ့သည်။ သူ့အနေဖြင့် သူတို့အား အန္တရာယ်ထဲတွင် မပါ၀င်စေချင်ခဲ့ပေ။ သို့သော်လည်း သူတို့ကတော့ သူတို့အားကူညီရန် ဆုံးဖြတ်ချက်တစ်ခုချထားနှင့်ပြီးဖြစ်လေရာ သဘာ၀ကျကျပင် ဆက်နေဖို့ရန် အတင်းအကြပ် ပြေကြလေသဖြင့် ကျောက်ပင်း သဘောတူလိုက်ရုံသာရှိတော့သည်။ 


နှစ်ဖက်စလုံးသည် သူတို့၏အစီအစဉ်အား တစ်နာရီနီးပါးလောက် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ ဖြစ်နိုင်ချေရှိလောက်သည့် နည်းလမ်းများထွက်လာခဲ့လေသည်။ 


“ အချိန်က သိပ်မကျန်တော့ဘူး။ အခုပဲစလိုက်ကြရအောင် ”


စစ်ဆင်ရေးသည် ပုံမှန်စစ်ဆင်ရေးတစ်ခုနှင့် ခြားနားလေ၏။ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသောစစ်သားများနှင့် ယွီသုန်သုန်တို့သည် နောက်တွင်နေခဲ့ကြ၏။ ကျန့်ယွင်၊ စုရွေ့ကျယ်၊ စုန့်ချန်ရှု၊ ကျန့်ကျားဟယ်၊ ဝူကျင်းနှင့် ကျန်းရှို့လျန်တို့အားလုံးသည် စစ်ဆင်ရေးတွင် ပူးပေါင်းပါ၀င်ခဲ့ကြလေသည်။ 


သူတို့သည် စစ်တန်းလျားများဆီသို့ ကားမောင်းမသွားခဲ့ကြချေ။ သူတို့သည် ည၏တိတ်ဆိတ်ငြိမ်သက်မှုနှင့် ပေါ့ပေါ့ပါးပါးပြင်ဆင်မှုကို အခွင့်ယူကာ သူတို့အား သတိမပြုမိစေရန်ဖြစ်လေ၏။ 


အစီအစဉ်အတိုင်း သူတို့သည် စစ်တန်းလျားဆီသို့ ခြေကျင်ရောက်သွားခဲ့ကြပြီး အနောက်ဘက်ကို ဂရုတစိုက်ပတ်၍ လမ်းလျှောက်ခဲ့ကြလေ၏။ စစ်တန်းလျားတွင် မျှော်စင်နှစ်ခုရှိသော်လည်း ၎င်းတို့သည် မီးတိုင်များကြောင့်သာမြင်နိုင်ပြီး ယခုမူ လျှပ်စစ်ဓာတ်အားမရှိသဖြင့် မြင်တွေနိုင်စွမ်းအားကို ကြီးမားစွာ လျှော့ချပေးလေ၏။ ထို့ကြောင့် သူတို့အနီးအနားရောက်နေသော်ငြားလည်း သူတို့အား လုံး၀ရှာမတွေ့နိုင်ချေ။ 


ကျောက်ပင်းနှင့် သူ့တပ်စုသည် စစ်တန်းလျားနှင့် အလွန် ကျွမ်း၀င်ကြ၏။ သူတို့သည် မဖမ်းမိနိုင်သော တန်းလျား၏အားနည်းသည့်နေရာများကို အလွန်ရှင်းလင်းကြပြီး ကျောက်ပင်းသတ်မှတ်‌ပေးသောနေရာတွင် စုရွေ့ကျယ်သည် ငှက်နွယ်ပင်နှင့် အပေါက်ဖောက်စေလေ၏။ နံရံတွင် အတော်လေး ကြီးမားသောအပေါက်ကြီးတစ်ခုအား တိတ်တဆိတ်ဖောက်ရန် ဆယ်မိနစ်သာကြာခဲ့လေ၏။ 


သူတို့အားလုံးသည် စစ်တန်းလျားထဲသို့ ချောချောမွေ့မွေ့၀င်ရောက်သွားခဲ့ကြပြီး စစ်တန်းလျားအား မည်သူကမှ စောင့်ကြည့်နေခြင်းမရှိချေ။ သူတို့သည် ခြေထောက်နားတွင် ဂိုထောင်တစ်ခု၏တံခါး၌ မီးရောင်အောက်တွင် သေနတ်များကိုချလျက် ဖဲကစားနေကြသော လူအတော်များများကို မြင်ရသည်အထိ အတော်ဝေးဝေးသို့ လမ်းလျှောက်ခဲ့ကြလေ၏။ 


ကျောက်ပင်းသည် ဂိုထောင်အား အထူးအမှတ်အသားပြုထားခဲ့လေ၏။ အသက်ရှင်ကျန်သူများသည် ဖမ်းဆီးခံစစ်သားများကို လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခွင့်မပြုရန် အားလုံးသဘောတူခဲ့ကြသဖြင့် သူတို့အား အိပ်ဆောင်များနှင့် အခြားနေရာများတွင် နေထိုင်ရန်စီစဉ်ပေးလိမ့်မည်မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့အားအတူတကွစုရုံးထောင်ချထားရန် နေရာတစ်ခုကိုရှာဖွေသည်က ဖြစ်နိုင်လေသည်။ ထိုဖဲကစားနေကြသောလူများသည် စစ်သားများအားစောင့်ကြပ်ရန် တာ၀န်ရှိသူများဖြစ်နိုင်လေ၏။ 


အတိတ်တုန်းက ဤသို့မဖြစ်ဖူးခဲ့သော်ငြား ယခုအခါတွင်မူ လေ့ကျင့်‌သားမရှိသော အရပ်သားများက စစ်တန်းလျားများကို ထိန်းချုပ်ထားခဲ့လေပြီ။ ထိုလူများအား စစ်သားများကဲ့သို့ စည်းစနစ်ကျနပြီး ၎င်းတို့၏တာ၀န်များကို နာခံမှုရှိစွာလိုက်နာဆောင်ရွက်ကြဖို့ မျှော်လင့်ရန် မဖြစ်နိုင်ချေ။ 


တစ်ဖက်တွင် လူလေးယောက်ရှိ၏။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သတိမပြုမိစေဘဲ ထိုလူလေးယောက်အား တိတ်ဆိတ်စွာ သတ်ဖို့သည် အမှန်တကယ်ကို ဒုက္ခများနိုင်လေ၏။ 


အထဲကအခြေအနေကို မေးဖို့ သူတို့ထဲက တစ်ယောက်ချင်းစီကို ငါတို့ဆီ တိတ်တိတ်လေး မြှားခေါ်တာက ပိုကောင်းတယ်။ 


“ငါတို့ဘယ်လိုလုပ်ရမလဲ ”


ကျန့်ယွင်သည် ပြုံးလျက် ဝူကျင်းအား ညွှန်ပြလိုက်လေ၏။ 


ဝူကျင်းသည် သူမ၏မျက်နှာအား သန့်ရှင်းအောင် ဆေးကြောပြီးဖြစ်လေ၏။ ထိိုလှပသောမျက်နှာဖြင့် အစောင့်တစ်ယောက်အား မြှူဆွယ်ဖို့က လွယ်ကူနိုင်ပေလိမ့်မည်။ ဖြစ်နိုင်ချေရှိသေးသည်က စစ်တန်းလျားတွင် အသက်ရှင်ကျန်သူထောင်ပေါင်းများစွာရှိသဖြင့် သူတို့ ဝူကငျး်အား တွေ့ဖူးခြင်းမရှိသည်ကို ‌ရှင်းရှင်းလင်းလင်း တွေးနိုင်မည်မဟုတ်ချေ။ သူတို့မသိဘဲ တစ်စုံတစ်ယောက်က စစ်တန်းလျားထဲသို့ ၀င်လာမည်ကို သူတို့ ဘယ်တုန်းကမှ မျှော်လင့်ထားခြင်းရှိလိမ့်မည်မဟုတ်ချေ။ 


သို့သော်လည်း ဖဲကစားနေသူများသည် အလွန် အာရုံစူးစိုက်နေကြပြီး ဝူကျင်းသည် သူတို့ဆီသို့ ခြေလှမ်းဆယ်လှမ်းသွားခဲ့ပြီးဖြစ်သော်လည်း သူတို့သည် သူမအား သတိပြုမိခြင်းမရှိကြသေးချေ။ ဝူကျင်းသည် ရွေးချယ်စရာမရှိတော့ဘဲ သူတို့အာရုံစိုက်လာစေဖို့ ချောင်းဟန့်လိုက်ရလေ၏။ 


“ဘယ်သူလဲ ”


သူတို့လန့်သွားကြပြီး ကြည့်လိုက်သည်နှင့်တပြိုင်နက် သူတို့အရှေ့တွင်ရပ်နေသော ကျက်သရေရှိပြီး လှပသောအမျိုးသမီးတစ်ဦးအား တွေ့လိုက်ကြလေ၏။ ထိုအခိုက်၌ ကမ္ဘာကြီးသည် တောက်ပသွားသကဲ့သို့ ခံစားလိုက်ကြရလေ၏။ 


“ကျေးဇူးပြုပြီး သန့်စင်ခန်းက ဘယ်နားမှာလဲဟင်။ အရမ်းမှောင်နေတော့ ကျွန်မလမ်းလျှောက်လာရင်း လမ်းပျောက်နေလို့ပါ ”


ဝူကျင်းသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး သူတို့ သူမ၏အသွင်အပြင်အား ရှင်းရှင်းလင်းလင်းမြင်ရလောက်သည့် အချိန်၌ ရပ်လိုက်လေ၏။ သူမ၏ ဆံပင်ရှည်အား ညင်သာစွာ လိမ်နေရင်း သူမ၏လှပပြီး နူးညံ့သောအသွင်အပြင်များအား လှစ်ဟပြလေ၏။ 


လူများသည် အနည်းငယ် ကြက်သေသေသွားပြီး ချက်ချင်းပင် မတ်တပ်ရပ်ကာ “ငါလမ်းသိတယ်၊ ငါခေါ်သွားပေးမယ် ”


“ငါလည်းသိတယ်”


“ငါသွားမယ်၊ ငါသွားမယ် ”


ထိုလူများသည် သူ့တို့အရှေ့ရှိအလှလေးအား အလွန်သဘောခွေ့နေကြ၏။ ကမ္ဘာပျက်ကပ်ကာလကြီးအတွင်း၌ ဤသို့သန့်ရှင်းလှပသောအမျိုးသမီးတစ်ဦးပေါ်လာခြင်းသည် ပုံမှန်မဟုတ်ခြင်းကို သူတို့ သတိမထားမိခဲ့ကြချေ။ ထိုသို့သောကြိုတင်ကာကွယ်ခြင်းမျိုးကို လျစ်လျူရှုထားကြခြင်းမျိုးသည် ကမ္ဘာပျက်ကပ် အစောပိုင်းကာလများတွင်သာလျှင် ဖြစ်နိုင်လိမ့်မည်။ အချိန်အတော်လေးကြာပြီးနောက် လှပသောအမျိုးသမီးများသည် ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်သန်ဖို့ရာ လုံး၀ကိုမလွယ်ကူကြောင်းသူတို့ သတိပြုမိကြပေလိမ့်မည်။ သူတို့တွင် ခိုင်မာတောင့်တင်းသောနောက်ခံသို့မဟုတ် သာမန်ထက်လွန်သောခွန်အားမျိုး ရှိ‌ နေ၍သာလျှင် ဖြစ်ပေလိမ့်မည်။ 


ရလဒ်အနေဖြင့် ဝူကျင်းသည် အကြင်နာတတ်ဆုံးသောယောက်ျားသုံးယောက်ကို ခေါ်ကာ ပြန်လာခဲ့ပြီး ဆက်လက်စောင့်ကြပ်ရန်လိုသည့် စိတ်ဆန္ဒမရှိသည့် လူတစ်ဦးသာလျှင် ကျန်နေခဲ့လေသည်။ 


သို့သော်လည်း သူတို့ ဝူကျင်းနှင့်အတူတူ သန့်စင်ခန်းဆီသို့လျှောက်သွားခဲ့ကြသည်နှင့် အမှောင်ထဲမှ လက်များစွာ ရုတ်တရက်ပေါ်လာပြီး သူတို့ထဲမှနှစ်ယောက်အား သတိမေ့သွားအောင် ရိုက်ခံလိုက်ရပြီး ကျန်တစ်ယောက်မှာတော့ လည်မြိုအား ဓားဖြင့် အထောက်ခံထားရလေတော့သည်။ 


“တိတ်တိတ်နေ၊ မဟုတ်ရင် မင်းသေသွားအောင် ထိုးထည့်လိုက်မယ် ”


ထိုလူသည် သူ့ခြေထောက်များ ပျော့ခွေကျလုနီးပါး ထိတ်လန့်ကြောက်ရွံ့သွားပြီး အလျင်အမြန်ပင် သူ့ပါးစပ်အား တင်းကြပ်စွာ ပိတ်ထားလေတော့၏။ 


“ငါ့ကိုပြောစမ်း၊ စွမ်းအားရှင်နှစ်ယောက်က ဘယ်နားမှာလဲ ”


ကျောက်ပင်းသည် အသံတိုးတိုးဖြင့် မေးလေ၏။


စွမ်းအား‌ရှိသည့်လူများသည် သာမန်လူများထက်ကိုပိုပြီး ဖြေရှင်းရ ခက်ခဲမည်မှာ အသေအချာပင်။ သူတို့ရှိနေသည့်။ နေရာကို အရင်သိထားသည်မှာ ပိုကောင်းပေလိမ့်မည်။ 


“အစ်ကိုကြီးနှစ်ယောက်က အနောက်က အိပ်ဆောင်အဆောက်အဦးမှာပါ။ သူတို့...သူတို့က ဒီအချိန်ဆို အနားယူနေကြတယ်...”


“အနားယူနေကြတယ် ”


နေ့နှင့်ညအကြား အပူချိန်ကွာဟမှုကြောင့် ကျန့်ယွင်၏အဖွဲ့၏ အလုပ်လုပ်ချိန်နှင့် အနားယူချိန်များသည် လွဲချော်ခဲ့ကြရ၏။ ထိုစွမ်းရည်အသုံးပြုသူနှစ်ယောက်က ညဘက်တွင်အနားယူရန်ရွေးချယ်ခဲ့ကြသည်မှာ ထူးဆန်းသည်ဟု သူတို့ခံစားလိုက်ကြရ၏။ 


“မဟုတ်၊ မဟုတ်၊မဟုတ်ဘူး...အဲ့ဒါက အနားယူတဲ့တစ်မျိုး ”


“ဘယ်လိုအနားယူတာမျိုးမို့လဲ။ သေသေချာချာရှင်းရှင်းလင်းလင်းပြောစမ်း ”


ကျောက်ပင်းသည် တစ်ခဏလောက် မတုန့်ပြန်နိုင်တော့ဘဲ စိတ်ဆိုးစွာ မေးလေ၏။ 


“အဲ့ဒါက.. လှိမ့်..အိပ်ယာခင်းတွေပေါ်မှာ လှိမ့်နေတာမျိုး...”


လူတိုင်းသည် ခဏလောက် တိတ်ဆိတ်သွားကြတော့၏။ ဒီလိုအချိန်မျိုးမှာ ဒီလူတွေက ဒီလိုအရာမျိုးလုပ်ဖို့ တွေးနေကြသေးတယ်ပေါ့လေ။ 


“လူ..လူတိုင်းက အဲ့လိုပဲ...အခုက တခြားဘာမှလည်း လုပ်စရာရှိမနေတော့..”


“စစ်သားတွေကို ဘယ်နေရာမှာ ချုပ်ထားတာလဲ”


ကျောက်ပင်းသည် ထိုအကြောင်းအရာအား ဆက်မပြောချင်ဘဲ သူ့ရဲဘော်များ၏ နေရာကိုသာ စမေးလိုက်၏။ 


“သူတို့၊ သူတို့တွေက ကျွန်တော်တို့ စောင့်နေတဲ့ ဂိုထောင်ထဲမှာပါ ”


“မင်းတို့ဘယ်နှယောက်ကင်းလှည့်နေတာလဲ။ အဲ့နေရာမှာ အားလုံးပေါင်း အစောင့်ဘယ်နှယောက်ရှိလဲ။ သူတို့အကုန် ဘယ်နေရာမှာ ဖြန့်ထားလဲ။ ”


လည်မြိုရှိဓားကြောင့် ထိုလူသည် ဝါးဆစ်ဗူးထဲမှ ပဲစေ့များသွန်ချလိုက်သကဲ့သို့ သူသိသည့်အရာများကို ရိုးသားစွာဖြင့် ရှင်းပြလာလေတော့၏။ 


ထိုလူများသည် တကယ့်ကို လူအုပ်လိုက်ကြီးပင်။ သူတို့သည် သေနတ်များ နှင့် လက်နက်ခဲယမ်းများကို ခိုးယူကြပြီးနောက် သူတို့လွယ်လွယ်ကူကူအနားယူနိုင်ကြပြီဟု တွေးနေကြကာ လှည့်ကင်းမရှိ၊ အပြင်ထွက်ပြီး ရိက္ခာစုဆောင်းခြင်းမျိုးမရှိ ထို့အပြင် အလှည့်ကျ အစောင့်အကြပ်ပင်မရှိချေ။ထို့ကြောင့်သူတို့သည် သူတို့က အိပ်ဆောင်များထဲတွင် ပုန်းခိုရင်း အတားအဆီးမရှိ သောက်စားမူးယစ်ရင်း၊ သေခြင်းရှင်ခြင်းရုန်ကန်မှုများကို မေ့လျော့နေကြစဉ်တွင် လူအချို့အား ညဘက်၌တံခါးစောင့်ရန် ကျပန်းရွေးချယ်ရန် စီစဉ်ခဲ့ကြလေသည်။ ထိုရက်များအတောအတွင်း ပူပြင်းလှသော အပူချိန်တွင်းတွင် မည်သူကမှ ရောက်မလာသဖြင့် သူတို့အားလုံး နှစ်ခြိုက်စွာ အိပ်၍ အနားယူနေခဲ့ကြ၏။ စိုးရိမ်ပူပန်ခြင်း လုံး၀မရှိဘဲ သူတို့ ထိုင်ပြီး စားသောက်နေခဲ့ကြခြင်းပင်။ 


၎င်းတို့သည် သာမန်စစ်သားအုပ်စုတစ်စုကို ဆန့်ကျင်ရန် တွက်ချက်ပြီး သူတို့၏ အသက်အားကယ်တင်ခဲ့သောလူများကို ပစ်ခတ်ဝံ့ကြသော ကျေးဇူးကန်းသည့် လူယုတ်မာအုပ်စုတစ်စုပင်။ ပြသနာတစ်စုံတရာရှိလာပါက သူတို့သည် ထိုစစ်သားများ၏ အသက်များအား ဂရုစိုက်ကြတော့လိမ့်မည်မဟုတ်သည်မှာ သံသယရှိစရာပင်မလိုချေ။


ထိုလူ၏စကားအရ ယခုအခါ စွမ်းအားရှင်နှစ်ယောက်သည် သူတို့၏ခေါင်းဆောင်များဖြစ်နေကြချေပြီ။ လူတိုင်းသည် သူတို့၏စကားအားနားထောင်ကြပြီး စစ်တန်းလျားရှိ ကောင်းသောအရာများအားလုံးသည် ပထမဆုံး သူတို့အတွက်ပင်။ သူတို့၏မိန်းမများကိုပင် ပထမဆုံးရွေးချယ်ယူကြသေးသည်။ အနာဂါတ်တွင် စစ်တန်းလျားသို့လာမည့်သူများသည် သူတို့အား၀င်ခွင့်မပြုခင် ရိက္ခာအမြောက်အများပေးဆောင်ရမည်ဟုလည်း ထိုစွမ်းရည်အသုံးပြုသူနှစ်ယောက်က ပြောထားခဲ့လေ၏။ သူတို့သည် မည်သည့် ၀န်ထုပ်၀န်ပိုးကိုမျှ မလိုချင်ပေ။ ချွင်းချက်အနေဖြင့် ၎င်းသည် ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်ပါက သူမအား၀င်ခွင့်ပြုလိမ့်မည်။ 


ကံကောင်းစွာဖြင့် အရင်ကဝူကျင်းသည် ညစ်ပေ ရုပ်ဆိုးသည့်ပုံ ဟန်ဆောင်ထားသောကြောင့် ဂိတ်စောင့်များ၏ အကြည့်မခံခဲ့ရချေ။ သို့မဟုတ်လျှင် သူမသည်ပင် ရွေးချယ်ခံနေရပေလိမ့်ဦးမည်။ 


“အို့၊ မင်းတို့က တကယ့်ကိုပဲ မင်းတို့ကိုယ်မင်းတို့ တောင်တွေကို သိမ်းပိုက်ထားတဲ့ ဓားပြက ဘုရင်လိုပဲလို့ ထင်နေကြတာလား ”


‌ဒေါသများ တဟုန်ထိုး တက်လာခဲ့လေတော့သည်။ 


“အရေးယူ”


ထိုသို့သောလူတစ်ယောက်အား အစပြုပြီး အရေးယူရမည်လား မယူရမည်လားကို ထည့်စဉ်းစားဖို့ရန်ပင် လိုအပ်လိမ့်မည်မဟုတ်ချေ။ 


အချို့သော အချက်အလက်များအတွက် မေးမြန်းကြပြီးနောက် သူတို့သည် ထိုလူအား မေ့သွားအောင် တီးလိုက်ကြပြီး ဂိုထောင်ဆီသို့ ချီတက်သွားကြလေ၏။ ဂိုထောင်တံခါးတွင် လူတစ်ယောက်တည်းသာရှိလေသည်။ အကယ်၍ သူတို့သာ ဤကဲ့သို့ လမ်းလျှောက်သွားပါက တစ်ဖက်လူသည် သူတို့အား သေချာပေါပ်ကို ရှာတွေ့သွားပေလိမ့်မည်။ သူတို့အနေဖြင့် အထဲရှိလူများကို မကယ်တင်ရသေးမီ ဆူဆူညံညံအများကြီးမဖြစ်စေလိုကြပေ။ 


“ငါလုပ်ပါရစေ”


သူတို့မည်သို့လုပ်ရမည်ကို ဆွေးနွေးနေကြစဉ်မှာပဲ ဝူကျင်းက ပြောလာ၏။ 


“ဒါပေမယ့် မင်းက အခုလေးတင် အဲ့ကိုသွားပြီးပြီလေ ”


အကယ်၍ထိုလူသာ ဝူကျင်းအားတစ်ယောက်တည်းတွေ့လိုက်ပါက သတိထားမိသွားပေလိမ့်မည်။ မြက်ကိုရိုက်ပြီး ချက်ချင်းမြွေကိုခြောက်လှန့်ရန် အတော်လေး ဒုက္ခများပေလိမ့်မည်။ 


“စိတ်မပူပါနဲ့ အဆင်ပြေမှာပါ ”


ဝူကျင်းသည် ပြောပြီးသည်နှင့် သူမ၏အသွင်အပြင်သည် ဖြေးဖြေးချင်းပျောက်သွားကာ ဖျော့တော့သော မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။ 


ကျန့်ယွင်နှင့်အဖွဲ့သည် ဝူကျင်း၏အထူး‌မြူစွမ်းရည်‌ကိုသိကြသော်လည်း ကျောက်ပင်းနှင့်တခြားသူများသည် အံ့ဩထိတ်လန့်ကုန်ကြရတော့၏။ ဝူကျင်းသည်လည်း စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်နေသည်ကို သူတို့မမျှော်လင့်ထားခဲ့ကြချေ။ 


ဝူကျင်းသည် ဖျော့တော့သော မြူမှုန်များအဖြစ်သို့ပြောင်းသွားလေပြီ။ အစောင့်သည် အာရုံလွဲသွားချိန်မှာပင် သူမသည် သူ့နောက်တွင် တိတ်တဆိတ်ရပ်နေပြီး သူမ၏လက်ဝါးကိုမြှောက်ကာ သူ့ခေါင်းအနောက်ဘက်အား ပြင်းထန်စွာ ရိုက်လိုက်လေ၏။ 


သတိမထားမိဘဲ ထိုလူသည် တစ်ချက်တည်းနှင့်မေ့သွားပြီး ‌မြေပေါ်သို့လဲကျသွားလေတော့၏။ ထိုမှသာ ဝူကျင်းသည် သူမ၏ ကိုယ်ထည်ကို တဖြည်းဖြည်းဖော်ထုတ်လိုက်လေ၏။


ဝူကျင်းသည် သူမစွမ်းရည်နိုးထလာသည့်အချိန်ကတည်းက ၎င်းအားမည်သို့သုံးရမည်ကို ကျွမ်း၀င်ပြီးဖြစ်လေသည်။ ကျန့်ကျားဟယ်၏အဆိုအရ သူမ၏စွမ်းရည်သည် ခိုး၀င်တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်း ရှာတွေ့ခဲ့သော်ငြား ၎င်းအားပြသရန် အခွင့်အရေးမကြုံကြိုက်ခဲ့ရချေ။ 


သူတို့အုပ်စုသည် ချက်ချင်းထိုနေရာသို့သွားကာ မြေပြင်တွင် လဲနေသောလူပေါ်တွင် ဂိုထောင်သော့ကို ရှာတွေ့လိုက်ကြ၏။ ထို့နောက် တံခါးအားဖွင့်လိုက်ကြ၏။ 


ဂိုထောင်သည် မှောင်မဲနေသဖြင့် နံရံပေါ်ရှိ မီးအိမ်ကိုဖြုတ်ယူကာ အထဲသို့၀င်သွားကြ၏။ မီးအလင်းရောင်၏အကူအညီကြောင့် အတွင်းခန်းအားတွေ့လိုက်ကြရသည်။ 


ဂိုထောင်သည် မူမမှန်စွာ ပူလောင်အိုက်စပ်နေပြီး စစ်သားအားလုံး၏ ခြေလက်များအား ချည်နှောင်ထားကာ သူတို့၏ပါးစပ်များအား အမည်မသိတစ်စုံတစ်ခုဖြင့် ပိတ်ထားခံကြရလေ၏။ သူတို့အားလုံးသည် ဖြူဖျော့နေပြီး အသိစိတ်ယဲ့ယဲ့သာရှိကြတော့၏။ သူတို့အထဲတွင် အသိစိတ်ရှိနေဆဲလူများလည်းရှိပြီး သွေးခြောက်များနှင့် ဒဏ်ရာရထားသည့်လူများနှင့် ကုသခြင်းမရှိဘဲ ထားခဲ့ကြလေသည်။ ကျည်ဆန်များကိုပင် ထုတ်ခြင်းမရှိဘဲ ဒဏ်ရာသည် သိသိသာသာကို ရောင်ရမ်းနေခဲ့၏။ 


“ရွံရှာစရာကောင်းလိုက်တဲ့ဟာတွေ ”


ကျောက်ပင်းသည် အလွန်ဒေါသထွက်နေပြီး အပြင်ထွက်ပြီး ထိုရူးသွပ်နေသောလူများနှင့်တိုက်ခိုက်ရန် မစောင့်နိုင်တော့ချေ။ 


‌ကျန့်ယွင်သည် သူ့လက်မောင်းအား အမြန်ဆွဲထားလိုက်ကာ “ဒီလူတွေကို ကယ်ဖို့က ပိုပြီး အရေးကြီးတယ် ”


ကျောက်ပင်းသည် အလျင်အမြန်ပင် စိတ်ငြိမ်သွားကာ တခြားသူများ၏အကူအညီဖြင့် စစိသားများအား ကြိုးဖြည်ပေးလိုက်ကြ၏။ စုန့်ချန်ရှုသည် ဂိုထောင်ထဲရှိ အပူချိန်ကို လျှော့ချရန် ရေထဲအမြောက်အများကိုထုတ်ယူဖို့ရာ သူ့စွမ်းအားများကို အသုံးပြုလိုက်၏။ 


အချို့သော ကြံ့ခိုင်သည် စစ်သားများသည် တစ်စုံတစ်ယောက်မှ သူတို့အားလာကယ်သည်ကိုသိပြီး မေ့မြောနေရာမှ အလျင်အမြန်ပင် သတိပြန်ရလာကြလေ၏။ သူတို့သည် အသံတစ်သံမှမထွက်ခဲ့ကြချေ။ သူတို့အားချည်နှောင်ထားသည်မှ လွတ်သောအခါ သူတို့လည်း သူတို့၏တခြားရဲဘော်များအား ကူညီရန် ထလိုက်ကြ၏။ 


ဤဂိုထောင်ထဲတွင် လူရှစ်ရာထက်ပိုပြီး ထိန်းသိမ်းခံထားကြရလေ၏။ လူအားလုံးအား ချည်နှောင်ထားသည်မှ ဖြည်ပေးရန်အချိန် အနည်းဆုံးနာရီ၀က်လောက်အချိန်ယူလိုက်ကြရ၏။ 


စာရေးသူမှာပြောစရာရှိပါတယ်။


【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】


ကျောက်ပင်း : ငါ့မှာစွမ်းအားတွေရှိတယ်။ ငါပြန်တိုက်ခိုက်နိုင်တယ်။ 


ကျန့်ရှောင်ယွင် : သွားကြစို့၊ ငါတို့အဖွဲ့က စူးစမ်းလေ့လာရေးစသင့်တယ်။ 


စုရှောင်ကျယ် : တကော ၊ ဒီပိန်ပါးပါး အထက်တန်းကျောင်းသားလေးကျွန်တော့ကို အထဲကိုခေါ်သွားပေးနိုင်မလား ကျွန်တော်က ဆင်းရဲပါတယ်။


ဝူကျင်း : ကော ၊ ကျွန်မလို အားနည်းတဲ့အမျိုးသမီးတစ်ယောက်ကို အထဲကိုခေါ်သွားပေးနိုင်မလား။ကျွန်မက ပိုပြီး သနားဖို့ကောင်းပါတယ်။


သုန်သုန် : ဦးလေး၊ သားနဲ့ ရှောင်ဟေးကို အထဲကိုခေါ်သွားပေးနိုင်မလား။ သားတို့က ချစ်ဖို့ကောင်းပါတယ်။


ဂိတ်စောင့် : အစားအစာမရှိ၊ တိုက်ခိုက်နိုင်တဲ့စွမ်းအားမရှိ၊ အသုံး၀င်တာမရှိ။ 


ကျန့်ရှောင်ယွင် : ဟမ်၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ ဒီအခြေစိုက်စခန်းကို မှတ်သားထားခဲ့ပြီ။ ခဏလောက်စောင့် ငါတစ်ခုခုသွားလုပ်အုံးမယ်။ 


【သစ်သားပြဇာတ်ငယ်လေး 】


ကျန့်ယွင် : (သရုပ်ဆောင်) ငါတို့ကို အထဲ၀င်ခွင့်ပြုပါ။ 


ဝူကျင်း : (သရုပ်ဆောင်) ငါတို့ကို အထဲ၀င်ခွင့်ပြုပါ။ 


စုရွေ့ကျယ် : (သရုပ်ဆောင်) ငါတို့ကို အထဲ၀င်ခွင့်ပြုပါ။ 


သုန်သုန် : (လူတိုင်း၏နောက်မှလိုက်ပြော) သားတို့ကိုအထဲ၀င်ခွင့်ပြုပါ။ 


ဂိတ်စောင့် : ငါတို့ လူတွေအထဲလာဖို့ ခွင့်မပြုဘူး။ 


သုံးယောက် ( ‌ခြိမ်းခြောက်နေသောမျက်နှာ) : ဇာတ်ဆောင်တွေရဲ့အုပ်စုရဲ့ ဒေါသက ဘယ်လောက်ကြောက်စရာကောင်းမှန်း မင်းတို့မသိတဲ့ပုံပဲ။


သုန်သုန် : ဘဟားဟားဟားဟား


ဂိတ်စောင့် : ငါဘာလို့အနားမှာ လေအေး လေပြင်းတွေတိုက်နေတယ်လို့ခံစားနေရပါလိမ့်။ ဒီနေ့ အေးနေတာလား။ 


စုရွေ့ကျယ် : အဲ့လိုမရယ်ရဘူး သုန်သုန်, လိမ္မာနာခံတဲ့ပုံလိုပဲ ဟန်ဆောင်‌ပါ။ 


သုန်သုန် : ကောင်းပါပြီခင်ဗျ *?(???'?)?*