အခန်း(၄၄)
Viewers 12k

အခန်း(၄၄)《 ကယ်ဆယ်ရေး သတင်းစကား 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


လက်ရှိအခြေအနေအားမြင်ပြီး ကျန့်ယွင်တကယ့်ကို ဒေါသထွက်သွား၏။ သူ့အိမ်က ရွှေတွေ စိန်တွေနဲ့ရောလုပ်ထားတာမို့လို့လား။ လူတွေက ဘာလို့များ ထပ်ခါ ထပ်ခါ ဖောက်ထွင်းဖို့ ကြိုးစားနေကြတာလဲ။ 


ပြိုလဲကျနေသောနံရံများနောက်တွင် တွင်းများနှင့် သွေးစက်အစွန်းအထင်းများ ကျန်နေခဲ့၏။ ပထမဆုံး၀င်ဖို့လုပ်ခဲ့သူက စုရွေ့ကျယ်၏ အာလူးမိုင်းများကြောင့် ပေါက်ကွဲသွားခဲ့ပုံရသော်လည်း လူဘယ်နှယောက်လောက်များ ထိခိုက်ဒဏ်ရာရခဲ့မှန်း မသိနိုင်ချေ။ 


ကျန့်ယွင်၏ ဗီလာ၏ ပြတင်းပေါက်များနှင့် တံခါးများကို သူခိုးကာကွယ်ရေး တံခါးများ ပြတင်းပေါက်များဖြင့် ပြုလုပ်အားဖြည့်ထားခဲ့၏။ ပထမထပ်၏ အပြင်ဘက်စည်းရိုးပျက်စီးနေပြီး ပြတင်းပေါက်လည်း ပျက်စီးနေလေ၏။ သိသိသာသာကိုပင် သူခိုးကာကွယ်ရေးတံခါးများကို အလွယ်တကူမဖျက်စီးနိုင်ကြသဖြင့် ထိုလူများသည် ပြဆင်းပေါက်များမှတဆင့် ဗီလာထဲသို့၀င်ရောက်ခဲ့ကြခြင်းပင်။ 


ဗီလာ၏ ဒုတိယထပ်တွင် မီးရောင်ရှိနေဆဲဖြစ်ကာ အိမ်ထဲ၌ သူခိုးများ ရှိနေကြဆဲဖြစ်နိုင်သည်။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်၏ အိပ်ခန်းသည် ဒုတိယထပ်တွင်ဖြစ်၏။ သူခိုးများ ၎င်းအခန်းအားသိမ်းပိုက်နိုင်ခဲ့သည်ဆိုသောအချက်သည် ကျန့်ယွင်အား အလွန်ကို မသက်မသာခံစားရစေ၏။ 


ချိုးငှက်သည် သပိတ်လွယ်ငှက်၏အသိုက်အား အလွန်ကိုပွင့်လင်းရဲဝံ့စွာသိမ်းပိုက်ခဲ့ခြင်းမှာ သည်းမခံနိုင်စရာပင်ဖြစ်၏။ 


ကျန့်ယွင်သည် တံခါးကို သော့ဖြင့်ဖွင့်ကာ စုရွေ့ကျယ်နှင့် တခြားစစ်သားများနှင့်အတူ ပြေး၀င်သွားလိုက်၏။ စစ်သားများကလည်း ဗီလာပတ်လည်တွင်ဝိုင်းထားလိုက်သဖြင့် အတွင်းရှိလူများ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။ 


အခန်းသည်ရှုပ်ပွနေပြီး အိမ်သည် လေ၀င်လေထွက်ကောင်းနေရလောက်သည်အထိ ရိုက်ချိုးဖွင့်ခံထားရ၏။ အခန်းထဲရှိ အသုံးအဆောင်ပရိဘောဂများအားလုံးသည် အပိုင်းပိုင်းကျိုးပဲ့နေကြ၏။ ဆိုဖာသည်ပင် အပေါက်များစွာပေါက်နေပြီး အိုးခွက်များသည်လည်း အပိုင်းပိုင်းအစစကွဲနေလေ၏။ 


ဘယ်လောက်မုန်းတီးစရာကောင်းလိုက်သလဲလေ။


သူတို့သည် ချက်ချင်းပင် အပေါ်ထပ်သို့တက်သွားခဲ့ကြသော်လည်း မည်သူမျှ မရှိချေ။ ဒုတိယထပ်ရှိမီးရောင်သည် တစ်စုံတစ်ဦးမှ တမင်တကာရှို့ခဲ့ခြင်းကြောင့် လောင်နေခြင်းဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့၏အ၀တ်ဗီရိုထဲရှိ အ၀တ်အစားများအားလုံးကို အခန်းအလယ်တွင် စုပုံပြီး မီးရှို့ထားခဲ့၏။ ကံကောင်းစွာပင် လောင်စာမရှိသောကြောင့် မီးသည် ခွဲခြားထားသကဲ့သို့ ပြန့်သွားခြင်းမရှိခဲ့ချေ။ 


“ ဖာ့ခ်! ”


မီးငြိမ်းသွားသည်နှင့် ကျန့်ယွင်သည် မဆဲဘဲမနေနိုင်တော့ချေ။ 


စုရွေ့ကျယ်သည် မျက်မှောင်တင်းတင်းကြုံ့သွားပြီး ဤအရာအားပြုလုပ်ခဲ့သူများအတွက် အတွေးတစ်ခုသူစိတ်ထဲတွင် ရှိလာလေ၏။ 


သူတို့ဤနေရာတွင်နေထိုင်ကြောင်းသိလျက်နှင့် သူတို့အား အငြိုးထားနေကြဆဲဖြစ်ကာ သူတို့အိမ်နှင့်အဝေးသို့ရောက်နေကြချိန်တွင် သူတို့၏ဒေါသများကိုဖြေဖျောက်ရန်အတွက် ပရိဘောဂများကို ဖျက်စီးခဲ့ကြခြင်းဖြစ်လိမ့်မည်။ သိသိသာသာပင် ဤအရာအားပြုလုပ်ခဲ့သူများမှာ လတ်တလောက ကျန့်ယွင်ထံမှ သင်ခန်းစာပေးခံလိုက်ရသောထိုလူများသာလျှင်ဖြစ်နိုင်သည်။ 


ထိုနေ့က တံခါးအားဖွင့်နိုင်ရမည့်အစား ၎င်းတို့သည် ကျန်းရှို့လျန်နှင့် ကျန့်ယွင်ထံမှ သင်ခန်းစာပေးခြင်းခံလိုက်ကြရသည်။ ရက်အတော်ကြာအောင် သူတို့၏ဒေါသများကို ထိန်းထားခဲ့ပြီး သူတို့ဒေါသများကို ဖြေဖျောက်ရန် ဤအခွင့်အရေးကို ယူခဲ့ကြပုံပင်။ 


စုရွေ့ကျယ်သည် သူ့ခန့်မှန်းချက်ကို ကျန့်ယွင်အားပြောပြလိုက်ပြီးနောက် ကျန့်ယွင်လည်း သဘောတူလေ၏။ 


“ဒီမီးတွေကိုကြည့်လိုက်၊ ဒီလူတွေ အဝေးကြီးကို မရောက်လောက်သေးဘူး ”


ကျန့်ယွင်သည် ဒေါသကြောင့် အံကြိတ်ထားလေ၏။ 


“ဒါပေမယ့် သူတို့ကို ဘယ်မှာရှာရမှန်းမသိသေးဘူး။ အပြင်ဘက်မှာ ပိုလင်းလာပြီ။ မင်းတို့ နေဖို့ အရင်ဆုံးတခြားနေရာကို ရှာတာပိုကောင်းတယ်...”


ကျောက်ပင်းသည် အိမ်ထဲ၌ဖြစ်ပျက်သွားခဲ့သည်များကို မြင်သောအခါ သက်ပြင်းချလိုက်၏။ ယခုတော့ အိမ်က ဤကဲ့သို့ ပျက်စီးကျိုးပဲ့နေပြီး လူမနေသင့်တော့ချေ။ 


ကျန့်ယွင်သည် တကယ်ကိုဒေါသထွက်နေသော်လည်း သူတို့နေဖို့ ဤနယ်မြေထဲမှ တခြားလွတ်နေသောဗီလာအားရှာဖွေဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။ ကျောက်ပင်းသည်လည်း သူတို့၏ဗီလာအနားမှာပင် နေရာချလိုက်၏။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ရွေးချယ်လိုက်သော ဗီလာသည် မူလတစ်ခုထက် ပိုကြီးလေ၏။ တံခါးနှင့် ပြင်ပေါက်များအား သူခိုးကာကွယ်ရေးပစ္စည်းများဖြင့် တပ်ဆင်ထားခြင်းမရှိသောကြောင့် ဗီလာ၏လုံခြုံရေးသည် မူလတစ်ခုထက်တော့ သေချာပေါက် ဆိုးရွားနေ၏။ သို့သော်လည်း ယခုအချိန်တွင် နယ်မြေသည် စစ်သားများနှင့်ပြည့်နေပြီး လုံခြုံရေးသည် အမှန်တကယ်ကို ယခင်ကထက် အများကြီး ပိုမြင့်မားလာခဲ့သည်။ 


စုရွေ့ကျယ်သည် ‌ရေသန့်ဘူးအများအပြားနှင့် ရေပုံးအလွတ်အများအပြားကို ထုတ်ယူလိုက်၏။ စုန့်ချန်ရှုသည် ရေပုံးအလွတ်များအား ရေဖြင့်ဖြည့်လိုက်ပြီးနောက် ကျန့်ကျားဟယ်သည် ၎င်းတို့အား စစ်သားများဆီသို့ ပို့လိုက်၏။ ပမာဏသည် နည်းပါးသော်လည်း လူတိုင်း၏ရေဆာလောင်မှုအား သက်သာစေနိုင်လောက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် စစ်သားများ၏ ဒဏ်ရာများကို ကုသနိုင်ဖို့ ဆေးဝါးများနှင့် ပိတ်ကျဲစများကိုပို့ပေးခဲ့သည်။ 


ဗီလာနှစ်ခုကြားတူညီမှုကြောင့် ကျန့်ယွင်နှင့်စုရွေ့ကျယ်သည် အပေါ်ထပ်တွင်နေရာယူခဲ့ပြီး တခြားသူများသည် ဆက်၍ပင် အောက်ထပ်တွင်ကျန်ခဲ့ကြသည်။ သို့သော် အခန်းတစ်ခုထပ်ပါနေသောကြောင့် စုန့်ချန်ရှုနှင့် ကျန့်ကျားဟယ်တို့ အတူအိပ်စရာမလိုကြတော့ချေ။ စုရွေ့ကျယ်၏ ရွေ့လျားဂိုထောင်အားအသုံးပြုပြီး သူတို့သည် အခန်းအားလျင်မြန်စွာပင် ပြင်ဆင်လိုက်ကြ၏။ စုန့်ချန်ရှုသည် လူတိုင်းအား ရေဖြန့်ဝေပေးပြီးနောက် သူတို့၏ ခန္ဓာကိုယ်ကို သန့်ရှင်းရန် အလှည့်ကျယူပြီး သန့်ရှင်းသောအ၀တ်အစားများကို ၀တ်ဆင်ကြကာ အနားယူရန် သူတို့၏အခန်းများသို့ ပြန်သွားခဲ့ကြလေ၏။ 


မကြာမှီမှာပင် အာရုဏ်တက်လာပြီး နေ့အပူရှိန်သည် ဒဏ်မခံနိုင်လောက်အောင်ပင်။ လူတိုင်းသည် သူတို့၏လိုက်ကာများကို ဆွဲပိတ်ကာ နောက်တစ်ကြိမ် ပြန်ထွက်ဖို့ ညနေပြန်ရောက်သည်အထိ အိပ်ရန်လဲလျောင်းလိုက်ကြ၏။ 


နေ၀င်သွားသည်နှင့် သူတို့သည် စစ်ကားများ၏အသံကို ကြားလိုက်ကြရ၏။ တချို့စစ်သားများ ဗီလာနယ်မြေအပြင်သို့ မောင်းထွက်သွားသည်ဟု ယူဆနိုင်၏။ ယခုအခါ စစ်သားများတွင် နေထိုင်ဖို့နေရာတစ်ခုရှိသော်လည်း အစားအစာနှင့် ရေမရှိကြချေ။ သူတို့သည် ရိက္ခာများစုဆောင်းရတုန်းပင်ရှိသည်။ 


ကျန့်ယွင်သည် မီးများဖွင့်လိုက်ပြီး နောက်ဆုံးသူတို့မြင်နိုင်သည့်အချိန်မှာပဲ အပြင်ဘက်မှ တံခါးခေါက်သံတစ်ခုထွက်လာလေ၏။ 


တံခါးဖွင့်လိုက်သည်နှင့် တံခါးလာခေါက်ခဲ့သည့် အရပ်ရှည်ရှည် အမည်မသိစစ်သားတစ်ဦးကိုတွေ့လိုက်ကြ၏။ ကျန့်ယွင်သည် အနည်းငယ် အံ့ဩသွားလေ၏။ 


“မင်္ဂလာပါ လူကြီးမင်းကျန့်၊ မနေ့ညက ဗီလာအရှေ့ဘက်ကအိမ်တစ်ခုမှာ မသင်္ကာစရာလူတစ်စုတည်းခိုနေခဲ့တယ်လို့ ခေါင်းဆောင်ကျောက်က အသိပေးခိုင်းလိုက်လို့ပါ။ ဒါက ခင်ဗျားရဲ့အိမ်ကိုဖျက်ဆီးတာနဲ့တစ်စုံတစ်ခုဖြစ်နိုင်ပါတယ် ”


အရပ်ရှည်ရှည်စစ်သားသည် ရပ်လျက် ကျန့်ယွင်အားအလေးပြုလိုက်၏။ 


မနေ့ညက စစ်သားများသည် ဗီလာများတွင် နေထိုင်ခဲ့ကြသည်။ တချို့စစ်သားများသည် လူနေထိုင်နေပုံရသည့် မြောက်ဘက်မှ အိမ်တစ်လုံးကို ရှာတွေ့ခဲ့ကြသည်။ သူတို့သည် ပထမတော့ အများကြီးမတွေးမိခဲ့ကြချေ။ နောက်ဆုံးမှာတော့ ထိုနေရာသည် ဘာမှမရှိသည့်အလွတ်တစ်ခုပေမို့ လူတိုင်းသည် ထိုနေရာတွင် နေထိုင်ဖို့ လာနိုင်ကာ အပြင်ဘက်မှ တခြားရှင်သန်သူများပင် ဖြစ်နိုင်လေသည်။ 


သို့သော် နောက်ပိုင်း၌ ထိုလူများသည် အပြင်ဘက်မှ ဆူညံသံများကိုကြားပြီးနောက် ပြတင်ပေါက်များမှတဆင့် ခိုး၀င်သွားကြခြင်းဖြစ်ကြောင်းတွေ့လိုက်ရ၏။ 


စစ်သားများပြောင်းရွှေ့လာချိန်တွင် ထိုအဆောက်အဦးတွင် နေထိုင်နေသည့်လူများသည် သူတို့ဆီသို့လာကာ သူတို့အားကယ်တင်ဖို့လာခဲ့သည့်တပ်ဖွဲ့များဖြစ်ပါက သူတို့အားဘယ်အချိန်တွင်ဤနေရာမှ ကယ်ထုတ်ပေးနိုင်မလဲ စသဖြင့် မေးမြန်းခဲ့ကြ၏။ သို့သော်လည်း ထိုစစ်သားများသည် Sမြို့တွင် တပ်စွဲထားပြီး အစိုးရနှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်းသိကြသည်နှင့် သူတို့သည် စိတ်ပျက်သွားခဲ့ကြလေ၏။ ထို့နောက်သူတို့သည် စစ်သားများထံမှ အစားအစာနှင့် ဆေး၀ါးများကို လိုချင်ခဲ့ကြသော်လည်း စစ်သားများတွင် မည်သည့်အရာမှမရှိဘဲ သူတို့အား ထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့ချေ။ 


ထိုလူများ၏မျက်နှာများသည် တစ်ချိန်တည်းမှာပင် ပျက်ယွင်းသွားကြပြီး ပြန်မထွက်သွားကြခင်မှာပင် ကျိန်ဆဲခဲ့ကြလေသည်။ 


အသက်ရှင်ကျန်သူများနှင့် သူတို့စစ်သားများအကြား သူတို့၏ ယခင်အတွေ့အကြုံများမှ နိုးကြားမှုဗီဇနှင့် သူတို့သည် ထိုအဆောက်အအုံရှိ လူများအား စောင့်ကြည့်လေ့လာခဲ့ကြ၏။ 


နောက်ပိုင်း၌ တချို့လူများသည် ရေ၊ ‌ပိတ်စများနှင့်တခြား ဆေးဝါးများပို့ဆောင်ရန်ရောက်လာကြ၏။ သူတို့သည် သူတို့၏ရဲဘော်များထံမှ ကျန့်ယွင်၏ဗီလာသည် ပျက်စီးသွားကြောင်းကြားသိခဲ့ကြရ၏။ သူတို့သည် ကျန့်ယွင်၏အဖွဲ့နှင့် အဆက်အဆံများစွာမရှိခဲ့ကြသော်လည်း ကျန့်ယွင်နှင့်တခြားသူများသည် သူတို့အသက်များအားကယ်တင်ခဲ့ကြကြောင်း သူတို့အားလုံးသိကြ၏။ သဘာ၀ကျစွာပင် သူတို့သည်လည်း အိမ်အားဖျက်စီးခဲ့သောလူများအား မုန်းတီးခဲ့ကြ၏။ သူတို့ပြောပုံအရ မြေပြင်တွင်သွေးများရှိနေခဲ့သည်အရ စုရွေ့ကျယ်၏ဗုံးများကြောင့် တချို့လူများ ဒဏ်ရာရခဲ့ကြခြင်းဖြစ်နိုင်သည်။


ဆန့်ကျယ်ဘက်အဆောက်အုံရှိ ထိုလူများဆေးဝါးများတောင်းသည်ကို သတိရသွားသောအခါ စစ်သားများသည် အဖြစ်အပျက်နှစ်ခုအား ချိတ်ဆက်မိသွားကြလေ၏။ မှောင်လာသည်နှင့်တပြိုင်နက် သူတို့သည် ခေါင်းဆောင်ကျောက်အား သတင်းပို့ရန် အပြေးသွားခဲ့ကြလေ၏။ ခေါင်းဆောင်ကျောက်သည် သူတို့အားသတင်းပို့ရန် တခြားတစ်ယောက်ကို စီစဉ်ပေးလိုက်၏။ ယမန်နေ့က မည်သူက ၎င်းအားပြုလုပ်ခဲ့သည်ကို ကျန့်ယွင်ထံမှ သူကြားခဲ့ရပြီးဖြစ်၏။ ဗီလာရှိလူများသည် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့အား စစ်ဆေးခွင့်ပေးလိုက်မည်။ 


“သူတို့ကို‌တွေ့ဖို့ ငါ့ကိုခေါ်သွားပေး” 


ကျန့်ယွင်သည် ချက်ချင်းပင် စစ်သားများနောက်သို့လိုက်သွားခဲ့သော်လည်း စုရွေ့ကျယ်သည် နေရာ၌ပင် ကျန်နေခဲ့၏။ နယ်မြေတွင် စစ်သားများစွာရှိပြီး ကျန့်ယွင်၏ခွန်အားနှင့် ပေါင်းစပ်လိုက်ပါက သူတို့မရှုံးနိုင်ပေ။ 


ကျန့်ယွင်ပြန်ရောက်လာဖို့ နာရီ၀က်လောက်ကြာခဲ့၏။ အိမ်ကိုဖျက်စီးခဲ့သူများ အမှန်ပင်ဖြစ်လေ၏။ နောက်ဆုံးတစ်ခေါက်က သူတို့ထဲမှတစ်၀က်လောက်သည် ကျန့်ယွင်ထံမှ သင်ခန်းစာတစ်ခုသင်ပေးခြင်းခံခဲ့ကြရသည်။ သူတို့သည် ဒေါသထွက်ခဲ့ကြသဖြင့် ကျန့်ယွင်နှင့် အဖွဲ့သည် အဝေးသို့ရောက်နေစဉ် အိမ်အားဖျက်ဆီးရန်လာခဲ့ကြ၏။ ကျန့်ယွင်သည် ၎င်းအားသူဖြေရှင်းကိုင်တွယ်ခဲ့ပြီးဖြစ်ကြောင်းသာ ရှင်းပြခဲ့ပြီး ဘာမှနောက်ထပ်ပိုပြီး မပြောခဲ့ချေ။ ထို့ကြောင့်သူတို့သည် အများကြီးထပ်မမေးခဲ့ကြတော့ဘဲ ကျန့်ယွင် မည်သို့ အမှန်တကယ်ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို ခန့်မှန်းကြည့်ခဲ့ကြလေသည်။ 


ထိုအချိန်၌ စုရွေ့ကျယ်သည် ညစာပြင်ဆင်ခဲ့လေသည်။ ချက်ပြုတ်ဖို့အတွက်သုံးသော မီးဖိုသည် စူပါမားကတ်မှ ၀ယ်ယူထားခဲ့သော ခရီးဆောင်မီးဖိုပင်ဖြစ်သည်။ ဂတ်စ်လောင်ကျွမ်းရန် ဂတ်စ်အိုးကိုအသုံးပြုခဲ့သည်။ သေတ္တာအများအပြားကို ၀ယ်ယူထားခဲ့၏။ နောက်ပိုင်း၌ သူသည် စူပါမားကတ်၏ အချို့သောသိုလှောင်ရုံများသို့သွားခဲ့သည်။ ရိက္ခာများမှာ အချိန်အတော်ကြာအောင်ခံနိုင်လိမ့်မည်။ 


သူသည် ခရမ်းချဉ်သီးကြက်ဥမွှေကြော်နှင့် ပါးပါးလှီးထားသော ငရုပ်သီးစိမ်းကြော်ကဲ့သို့ ရိုးရှင်းသော ဟင်းနှစ်ပွဲနှင့်ထမင်းနှစ်အိုးကို ချက်ပြုတ်ခဲ့၏။ လူခုနစ်ယောက်နှင့်ကြောင်တစ်ကောင်သည် ပူပူနွေးနွေးထမင်းတစ်နပ်ကို သက်တောင့်သက်သာစားသောက်ခဲ့ကြပြီး ကြောင်ငယ်လေးအတွက် ငါးသေတ္တာကိုပြင်ဆင်ပေးခဲ့သည်။ သင့်တော်သောကြောင်စာရှာမတွေ့ခင်အထိ သူတို့အဖို့ ‌ကြောင်ငယ်လေးအား ယာယီအပြစ်ပြုမိပြီး ငါးသေတ္တာကိုစား‌စေရန်သာရှိလေသည်။ 


ညစာစားပြီးနောက် ဝူကျင်းနှင့်ကျန်းရှို့လျန်သည် ပန်းကန်များကိုဆေးရန်သွားခဲ့ကြသည်။ ယနေ့ညတွင် အပြင်ထွက်ရန်အစီအစဉ်မရှိကြချေ။ အနားယူရန် သူတို့၏သက်ဆိုင်ရာအခန်းများသို့ ပြန်ခဲ့ကြလေသည်။ 


ညလည်ခေါင်တွင် စစ်သားများပြန်ရောက်လာသည့်အချိန်တွင် သူတို့သည် ရိက္ခာများကြွယ်၀နေခဲ့ကြပုံရသည်။ ကျောက်ပင်းသည် ခေါက်ဆွဲခြောက်များ၊ ဘီစကစ်များ၊ သောက်ရေများ၊ အ၀တ်အစားများနှင့် တခြားအရာများအပြင် ကြောင်စာနှစ်သေတ္တာကိုပါ ယူလာပေးခဲ့သည်။ သူအိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်တစ်ခုအားဖြတ်သွားချိန်တွင် သူတို့၌ကြောင်တစ်ကောင်ရှိကြောင်းသတိရပြီး အစာတစ်ချို့ကို ပြန်ယူလာခဲ့ခြင်းဖြစ်ကြောင်း ပြောလေ၏။ 


ကျောက်ပင်း၏ ပင်ပန်းနွမ်းနယ်နေသောမျက်နှာကို ကြည့်လိုက်သည်နှင့် သူ၏ရိုးရှင်းသောစကားလုံးများနောက်မှ စွန့်လွှတ်အနစ်နာခံမှုကို သူတို့တန်ဖိုးထားအသိအမှတ်ပြုခဲ့ကြသည်။ ကျန့်ယွင်သည် ငြင်းပယ်ခြင်းမပြုဘဲ သူ့ကျေးဇူးတင်မှုကိုဖော်ပြရန် သူ့ပုခုံးအား ခပ်ဖွဖွ ပုတ်လိုက်၏။ 


“စကားမစပ်၊ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ တောင်ပိုင်းစစ်တပ်ဖွဲ့က တပ်ဖွဲ့တွေစေလွှတ်ထားတယ်လို့ သတင်းရခဲ့တယ်။ အခု Nမို့ကိုရောက်နေပြီ၊ ပြီးတော့ ရက်အနည်းငယ်အတွင်းမှာ Sမြို့ကို ရောက်လာနိုင်တယ် ”


ကျောက်ပင်း၏ မျက်လုံးများ တောက်ပနေပြီး မေးလာ၏။ 


“မင်းတို့ကော ငါတို့နဲ့လိုက်မှာလား”


“မင်းတို့ သတင်းဘယ်လိုရခဲ့တာလဲ ”


ကျန့်ယွင် သံသယအပြည့်ဖြင့် မေးလိုက်၏။ 


“ရေဒီယိုကနေ၊ ငါတို့ပြန်လာတဲ့အချိန်က တစ်ယောက်က ရေဒီယိုခလုတ်ကို မတော်တဆဖွင့်လိုက်မိပြီး အစိုးရက အဓိကစစ်တပ်နယ်မြေတွေမှာ အခြေစိုက်စခန်းတွေတည်ထောင်ထားပြီး အသက်ရှင်ကျန်လွတ်‌မြောက်လာတဲ့သူတွေကို ခြွင်းချက်မရှိလက်ခံပေးနေတယ်ဆိုတဲ့ အသံလွှင့်ချက်တစ်ခုကြားခဲ့ရတာ။ တစ်ချိန်တည်းမှာပဲ မြို့ကြီးတွေက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဖို့ တပ်ဖွဲ့တွေစေလွှတ်ခဲ့တယ်။ ညနေ 8 p.m ၊ 12 p.m နဲ့ 4 a.m တိုင်းမှာ နောက်ဆုံးရသတင်းတွေ လွှင့်ပေးတယ်။ တောင်ပိုင်းစစ်တပ်ဌာနက တပ်ဖွဲ့တွေက Nမြို့ကိုရောက်နေပြီလို့ နောက်ဆုံးထုတ်လွှင့်မှုကပြောခဲ့ပြီး မကြာခင်မှာ S မြို့ကိုရောက်လိမ့်မယ် ”


ကျောက်ပင်းက ပြန်ဖြေပေးခဲ့၏။ 


“အဲ့ဒါကောင်းတယ်” 


သူတို့စောင့်နေခဲ့သောကယ်ဆယ်ရေးသည် နောက်ဆုံးတော့ လာနေခဲ့ပြီ။ 


“ဒါဆို ငါတို့ မင်းတို့နဲ့ လိုက်ခဲ့မယ်”


၎င်းသည် သူတို့၏ မူလအစီအစဉ်ပင် : လမ်းမကြီးတစ်လျှောက် စစ်တပ်နောက်ကိုလိုက်သွားပြီး Aမြို့ကိုဖြတ်ပြီး ချန်းချီနဲ့ ချန်းကျောင်းကို သူတို့နဲ့အတူခေါ်ပြီး အစိုးရတည်ထောင်ထားသော အခြေစိုက်စခန်းကို သွားမည်။ 


ကျောက်ပင်းထွက်သွားပြီးနောက် စုရွေ့ကျယ်သည် ချက်ချင်းပင် ရေဒီယိုတစ်ခုကိုယူထုတ်လိုက်ကာ ဖွင့်လိုက်၏။ ခလုတ်ကို ဖွင့်လိုက်ပြီးသည့်‌နောက် တစ်ခဏမှာပင် သတင်းဌာနမှ ငြိမ့်ညောင်းသောသီချင်းသံစဉ်တစ်ခုကို ကြားလိုက်ကြရ၏။ တစ်နေ့တာထုတ်လွှင့်မှုပြီးဆုံးသွားပြီဖြစ်သော်လည်း ရေဒီယိုမှ သီချင်အားဆက်လက်ဖွင့်ထားကာ အစိုးရသည် ထိုနေရာ၌ရှိနေဆဲဖြစ်ပြီး မျှော်လင့်ချက်လည်း ရှိနေဆဲဖြစ်ကြောင်းကို သူတို့အားပြောပြနေ၏။ 


စာရေးသူတွင်ပြောစရာရှိပါတယ်။ 


【လမ်းမပေါ်ကပြဇာတ်ငယ်လေး】


မီးစွမ်းအားရှင် : ငါတို့ရဲ့အ‌ခြေစိုက်စခန်းထဲကို ဖောက်ထွင်း၀င်ရောက်ရဲတယ်ပေါ့။ သေဖို့အတွက် ပြုမူနေတာပဲ။


ကျန့်ရှောင်ယွင် : ယုတ်မာတဲ့တစ်ယောက်ကိုကြည့်စမ်း၊ မသက်မသာဖြစ်ပြီး နှိပ်စက်နေသလိုပဲ။


ဝူကျင်း : ‌ထိပ်သီးစွမ်းအားမရှိတဲ့ စွမ်းအားရှင်ကိုကြည့်ပြီး ငါ့မျက်လုံးတွေ ညစ်ပတ်သွားစေတယ်။ တွန်းချလိုက်။


မီးစွမ်းအားရှင် : ဒီလိုပဲ ငါသေသွားပြီလား။ ငါ့မှာ နာမည်တစ်ခုတောင်မရှိခဲ့ဘူးလေ။


အမြန်နှုန်းစွမ်းအားရှင် : ငါ့မှာ မျက်နှာတစ်ခုတောင်မရှိခဲ့ဘူး၊ စကားတစ်ခွန်းတောင်မပြောခဲ့ရဘူး၊ မြေပေါ်ကို လေးလံတဲ့ပစ္စည်းတစ်ခုပြုတ်ကျတဲ့အသံလေးတစ်ခုပဲရှိတယ်။ 


ကျန့်ရှောင်ယွင် : မှန်တယ်


ကျန့်ကျားဟယ် : လောင်တ၊ မကောင်း‌တော့ဘူး။ ငါတို့ တခြားသူရဲ့အခြေစိုက်စခန်းမှာ အလုပ်လုပ်နေတုန်း တစ်စုံတစ်ယောက်က တစ်စုံတစ်ခုလုပ်ဖို့ ငါတို့အိမ်ကို ရောက်လာခဲ့တယ်။


ကျောက်ပင်း : ဒါက


ကျန့်ရှောင်ယွင် : ဟမ်၊ သူတို့မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ စိတ်ချထားလိုက်ပါ။


စုန့်ချန်ရှု : အမြှောက်စာဇာတ်ကောင် နဲ့ ဇာတ်ဆောင်ကြားက ကွာဟချက်ပဲလေ 


【သစ်သားပြဇာတ်ငယ်လေး】 


အမြှောက်စာဇာတ်‌ကောင် အမြန်နှုန်းစွမ်းအားရှင် : ဟားဟားဟားဟားဟားဟားဟား လောင်ဇီက အနိုင်ယူနိုင်စွမ်းမရှိဘူးကွ။


ကျန့်ယွင် : စစ်သားတွေကို တိုက်ခိုက်ဖို့ သတ္တိရှိတယ်ပေါ့။ ငါ့အတွက် လဲကျပေးလိုက်တော့။ 


ထို့နောက် ပါ၀င်သူ အမြှောက်စာဇာတ်ကောင်အမြန်နှုန်းစွမ်းအားရှင်လေးသည် ကြေမွသေဆုံးသွားခဲ့လေ၏။ 


အမြှောက်စာဇာတ်ကောင်မီးစွမ်းအားရှင် : ဟားဟားဟားဟားဟားဟား လောင်ဇီက ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်နိုင်သူမရှိဘူးကွ။


ဝူကျင်း : စစ်သားတွေကို သတ်ရဲတယ်ပေါ့လေ။ ငါ့အတွက်ပြုတ်ကျပေးလိုက်တော့။


ရလဒ်အနေဖြင့် ပါ၀င်သူ အမြှောက်စာဇာတ်ကောင်မီးစွမ်းအားရှင်လေးသည် အဆောက်အဦးပေါ်မှ တွန်းချခံလိုက်ရလေ၏။ 


စုရွေ့ကျယ်: ဇာတ်ဆောင်‌တွေရဲ့အဖွဲ့ကို ဆန့်ကျင်ရဲတယ်ပေါ့ ၊ လုံး၀ကို သေဆုံးကျရှုံးသွားပြီ။ 


ကျန့်ယွင် : ချောင်းဆိုး


စုရွေ့ကျယ် :......ချောင်းဆိုး၊ ငရဲကိုသွားလိုက်တော့။