အခန်း(၄၅)
Viewers 12k

အခန်း(၄၅)《 ထွက်ခွာရန် စုစည်းကြခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကုန်လွန်သွားခဲ့ပြီ။ 


အချိန်သုံးရက်တာသည် ကြာရှည်သည်လည်းမဟုတ် တိုတောင်းသည်လည်းမဟုတ်ပေ။ စစ်သားများသည် ညတိုင်းနီးပါး အပြင်သို့ ကားဖြင့်မောင်းထွက်သွားကြပြီး တတ်နိုင်သလောက် ရိက္ခာအမြောက်အများကို စုဆောင်းခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့၌ လူရှစ်ရာကျော်ရှိပြီး နေ့စဉ်စားသုံးမှုပမာဏသည် အတော်လေးကို ကြီးမား၏။ သူတို့သွားသည့်အကြိမ်တိုင်း စုရွေ့ကျယ်၏အဖွဲ့အတွက် တစ်ခုခုကို ပြန်ယူလာခဲ့ပေးလိမ့်မည်။ ထပ်ခါထပ်ခါ ငြင်းဆိုခဲ့သော်ငြား စစ်သားများသည် သူတို့ဆီသို့ ပစ္စည်းများကို ယူလာခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ သူတို့သည်အမှန်တကယ်ကို ထိုအရာများကို လက်ခံရန်ငြင်းဆန်ပါက စစ်သားများသည် ပစ္စည်းများကို သူတို့၏ တံခါးရှေ့တွင်ထားခဲ့လိမ့်မည်ပင်။ ၎င်းသည် စုရွေ့ကျယ်၏အဖွဲ့အား ရယ်ရမည်လား ငိုရမည်လားမသိတော့အောင်ဖြစ်သွားစေလေသည်။ ကျောက်ပင်းကဲ့သို့ စစ်သားအနည်းငယ်သည်လည်း စွမ်းရည်များနိုးထလာခဲ့ကြောင်း သူတို့ကြားခဲ့ကြရ၏။ သူတို့ရိက္ခာများစုဆောင်းရန် ထွက်သွားခဲ့ကြစဉ်က စစ်သားများသည် ဖုတ်ကောင်တစ်ကောင်ထံမှ အကုတ်ခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ 


တတိယမြောက်ည၌ ရေဒီယိုတွင် အမျိုးသမီးတစ်ဦးသည် ရှင်းလင်းပြီး သာယာငြိမ့်ညောင်းသောအသံဖြင့် နောက်ဆုံးရသတင်းများအား အသံလွှင့်လေ၏။ Nမြို့ရှိ ကယ်ဆယ်ရေးမစ်ရှင်သည် အောင်အောင်မြင်မြင်ဖြင့် ပြီးဆုံးသွားခဲ့ပြီး ကယ်ဆယ်ရေးတပ်ဖွဲ့များသည် Sမြို့သို့ရောက်တော့မည်ဖြစ်သည်။ သူတို့သည် Sမြို့တွင် သုံးရက်ခန့်နေကြလိမ့်မည်ဖြစ်ပြီး အသက်ရှင်ကျန်လွတ်မြောက်သူများအား အကယ်၍ ၎င်းတို့အနေဖြင့် တတ်နိုင်ပါက အမှတ် 718 အမျိုးသားလမ်းမကြီး၏ အနောက်တောင်ဘက်၀င်ပေါက်သို့သွားရန် တောင်းဆိုထား၏။ ထိုနေရာတွင် ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ယာယီမြို့စောင့်တစ်ခုအဖြစ် စခန်းချမည့် နယ်မြေတစ်ခုဖြစ်ပေလိမ့်မည်။ အကယ်၍ အသက်ရှင်ကျန်များများအနေဖြင့် ၎င်းတို့ကိုယ်တိုင် လွတ်မြောက်ရန်မတတ်နိုင်ပါက ကယ်ဆယ်ရေးတပ်ဖွဲ့များ ရှာဖွေ ကယ်ဆယ်နိုင်ရန် ပြတင်းပေါက်များ၏အပြင်ဘက်တွင် အနီရောင်အ၀တ်စအားချည်နှောင်ထားရန် ညွှန်ကြားထား၏။ 


Sမြို့သည် စီရင်စုအဆင့်မြို့တစ်မြို့သာဖြစ်သော်လည်း ၎င်း၏လူဦးရေသည် ရှစ်သန်းခန့်ရှိနေဆဲပင်ဖြစ်၏။ ထို့ကြောင့် လူဦးရေ၏တစ်၀က်လောက်ပင် ဗီဇပြောင်းလျှင်တောင် ကယ်ဆယ်ရေးတပ်ဖွဲ့များမကိုင်တွယ်နိုင်သည့် တစ်စုံတစ်ခုဖြစ်နေသည်။ မြို့ထဲသို့၀င်ရောက်သွားပြီး အသက်ရှင်ကျန်သူများအား တစ်အိမ်ဆင်းတစ်အိမ်တက်ရှာဖွေခြင်း လက်တွေ့မကျသလို သူတို့လုပ်ဆောင်ဖို့ရာအချိန်မရှိချေ။ ထို့ကြောင့် အစိုးရချမှတ်လိုက်သောနည်းလမ်းသည် အမှန်တကယ်ကို အထိရောက်ဆုံးပင်ဖြစ်၏။ အကယ်၍ အသက်ရှင်ကျန်ရစ်သူတစ်ယောက်သည် လုပ်ဆောင်နိုင်စွမ်းရှိပါက သူတို့သည်ရှာဖွေနိုင်ပြီး တပ်ဖွဲ့ကြီးများနှင့် ပူးပေါင်းနိုင်ပြီး ၊ အကယ်၍ ၎င်းတို့မတတ်နိုင်ပါက သူတို့အားကယ်ဆယ်ရန် တပ်ဖွဲ့များအားစောင့်နေရန်သာရှိလိမ့်မည်။ အကယ်၍ သူတို့အနေဖြင့် လိုအပ်သည့်အတိုင်း အနီရောင်အ၀တ်အားချည်နှောင်ထားပါက တပ်ဖွဲ့၀င်များသည် သူတို့အားကယ်တင်နိုင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေလိမ့်မည်ဖြစ်သည်။ 


သတင်းအားကြားသည့်အခါ ရက်ကွက်များသည် တက်ကြွလာကြလေပြီး လူတိုင်းနီးပါးသည် ထုပ်ပိုးရန် စတင်ကြတော့သည်။ ကျောက်ပင်းလည်း သူတို့အနေဖြင့် အတူတကွ အမှတ်718 အမျိုးသားလမ်းမကြီးဆီသို့သွားချင်သလားဟု မေးမြန်ရန် ရောက်လာလေ၏။ 


အဖြေကတော့ “ဟုတ်ပါတယ်” ဆိုသည့်တစ်ခွန်းထဲပင်။ 


သူတို့တွင် စုရွေ့ကျယ်ရှိသောကြောင့် ကျန့်ယွင်နှင့် ကျန်သည့်အဖွဲ့၀င်များသည် အမှန်တကယ်ကို ထုပ်ပိုးရန်အများအပြားမရှိချေ။ သို့သော်လည်း သံသယအ၀င်မခံရစေရန် သူတို့သည် အစားအစာများနှင့် ရေများအပြည့်ထည့်ထားသော တောင်တက်အိတ်ကြီးတစ်ခုကို သယ်သွားလေ၏။ အသက်ရှင်ကျန်သူများ၏အခြေစိုက်စခန်းသည် အတော်လေးဝေးပြီး ထိုနေရာသို့ရောက်ရန် အချိန်အတော်ကြာလိမ့်မည်ဟု ခန့်မှန်းရ၏။ 


သူတို့သည် အရင်က ကျောက်ပင်း၏တပ်ဖွဲ့များကိုကူညီခဲ့စဉ်က ရွာငယ်လေးဆီမှပြန်မောင်းလာခဲ့သည့်တစ်စီးနှင့် တူညီသည့် off-road ကားကိုပင် မောင်းသွားခဲ့၏။ မျက်နှာပြင်အား အနည်းငယ်ခြစ်မိထားသော်လည်း လုပ်ဆောင်ချက်ကတော့ အလွန်ကောင်းမွန်နေဆဲပင်ဖြစ်၏။ 


နေ့ဘက်တွင် လူတိုင်းသည် သူတို့၏အခန်းထဲတွင်အနားယူခဲ့ကြ၏။ စုရွေ့ကျယ်ပြုလုပ်ပေးခဲ့သော ထမင်းနှစ်နပ်သည် အတော်လေးကို များပြားကြွယ်၀လေ၏။ သူတို့အနေဖြင့် ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့်အတူ လမ်းတစ်လျှောက်လိုက်သွားသည်နှင့် နောက်တစ်ကြိမ်ပူပူနွေးနွေးအစားအစာများအတွက် အခွင့်အရေးရှိတော့မည်မဟုတ်ကြောင်း သူတို့ခန့်မှန်းကြည့်ခဲ့ကြသည်။ 


ညမိုးချုပ်သွားပြီးနောက် သူတို့သည် off-road ကားများကိုမောင်းနှင်ကာ ကျောက်ပင်းနှင့် သူ့စစ်သားများနှင့်အတူ ရက်ကွက်မှထွက်ခွာခဲ့ကြလေ၏။ 


သူတို့ထွက်ခွာလာပြီး မကြာမှီ အနောက်တောင်ဘက်သို့ဦးတည်နေသော ကားအများအပြားကို တွေ့ခဲ့ကြလေသည်။ သိသာစွာပင် သူတို့အားလုံးသည် သတင်းရရှိခဲ့သည့် အသက်ရှင်ကျန်ရစ်သူများဖြစ်ကာ ကယ်ဆယ်ရေးတပ်ဖွဲ့များကိုရှာရန် အမှတ်718 အမျိုးသားလမ်းမကြီးဆီသို့ ဦးတည်သွားနေကြလေသည်။ 


ကျောက်ပင်းနှင့် သူ့စစ်သားများကို မြင်ပြီးနောက် အသက်ရှင်ကျန်ရစ်သူများသည် သူတို့အားရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဟုထင်ခဲ့ကြသည်။ သူတို့သည် ကားများနောက်သို့ လိုက်သွားခဲ့ကြပြီး မကြာမှီမှာပင် ရှည်လျားသောနဂါးတစ်ကောင်ဖြစ် စုံစည်းသွားကြလေ၏။ 


သို့သော်လည်း ထိုအခြေအနေများအောက်တွင် သူတို့သည် ပိုပိုများသောဖုတ်ကောင်များကို ဆွဲဆောင်မိကြလေသည်။ အကယ်၍ဖုတ်ကောင်များအား ဖြတ်တိုက်ကြိတ်သွားနိုင်ပါက သူတို့ဖြတ်တိုက်သွားကြရလိမ့်မည်ဖြစ်သည်။ အလွန်များပြားလာပါက သေနတ်တစ်လက်ဖြင့် ပစ်ခတ်ကြရပေလိမ့်မည်။ တခြားကားများသည် လမ်းကြောင်းအတွင်းသို့ခုန်တိုး၀င်လာရန် ကြိုးစားခဲ့ကြပြီး တခြားကားများနှင့် တိုက်ခတ်မိကြပြီး ယာဉ်ကြောပိတ်ဆို့မှုဆိုးဆိုးရွားရွားဖြစ်ပေါ်စေလေသည်။ ကားများထဲရှိ လူအများအပြားသည် ဖုတ်ကောင်များဝိုင်းရံထားခြင်းခံရပြီး အော်ဟစ်သံများသည် အဆုံးမရှိတော့ချေ။ 


သို့သော် ကျောက်ပင်းနှင့်အဖွဲ့သည် မည်သို့တတ်နိုင်ပါမည်နည်း။ ကားများကိုရပ်ပြီး သူတို့အားကယ်တင်ရမည်လား။ ၎င်းသည် လက်တွေ့မကျသည်မှ ထင်ရှားသည်။ လမ်းသည် အလွန်ကျယ်ပြီး လမ်းတစ်ဖက်စီတွင် စည်းကမ်းမဲ့ရပ်ထားသောကားများရှိလေ၏။ ကျောက်ပင်းနှင့် သူတို့ကားများသည် အရှေ့ဆုံးတွင်ရောက်နေပြီး အကယ်၍ သူတို့သာရပ်လိုက်ပါက သူတို့အနောက်ရှိကားများလည်း ရပ်ရလိမ့်မည်ဖြစ်သည်။ ထိုမှသာ လွတ်မြောက်နိုင်သည့် တခြားသူများအား ဖုတ်ကောင်အလုံးအရင်းအောက်တွင် မြှုပ်နှံလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည် မဟုတ်ပေဘူးလား။ 


သူတို့သည် တချို့လူနေအဆောက်အအုံများကို ဖြတ်သွားချိန်တွင် နေထိုင်သူများသည် ပြတင်းပေါက်များကိုဖွင့်ပြီး အောက်ထပ်များသို့ အော်ခေါ်နေပြီး အမျိုးမျိုးသောအနီရောင်အ၀တ်စများနှင့် အ၀တ်များကိုဝှေ့ယမ်းနေကြသည်ကို မြင်ခဲ့ကြရ၏။ နေထိုင်သူများသည် ယာဉ်တန်းသည် သူတို့အားကယ်ရန်လာနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ကျောက်ပင်း၏အဖွဲ့သည် ကားအား မရပ်နိုင်ခဲ့ချေ။ 


ကျောက်ပင်းသည် သူ့စစ်သားအနည်းငယ်ကို ကား အပြင်ဘက်သို့ခေါင်းထုတ်စေပြီး လူတိုင်းအနေဖြင့် တကယ့်ကယ်ဆယ်ရေးတပ်ဖွဲ့အစစ်ကို စိတ်ရှည်ရှည်စောင့်ဆိုင်းသင့်ကြောင်း အော်ပြောစေရန်သာတတ်နိုင်လေ၏။ 


မြို့အထွက်လမ်းတွင် မြို့နှင့်ဝေးဝေးသို့၏ သူတို့ရောက်လာလေလေ လူစည်ကားလာလေလေပင်။ ကမ္ဘာပျက်ကပ်အတောအတွင်းတွင် မြို့မှလွတ်မြောက်လိုသူ အများအပြားရှိသော်လည်း အမြဲတမ်းတော့ ပျော်ပျော်ရွှင်ရွှင်ဖြင့် အဆုံးသတ်သွားခြင်းမရှိခဲ့ချေ။ သူတို့သည် လမ်းကောင်းများစွာကိုလှည့်ပတ်သွားခဲ့ကြသော်လည်း သူတို့မဖြတ်သန်းသွားနိုင်ကြဆဲဖြစ်သဖြင့် ကားများထဲမှ လူတချို့အားထွက်စေပြီး အရေးပေါ်အခြေအနေအား စစ်ဆေးမှုတစ်ခုပြုလုပ်ခဲ့ကြရသည်။ 


ထိုလမ်းတွင် မနက် နှစ်နာရီ သို့မဟုတ် သုံးနာရီမထိုးခင်အထိ အချိန်နှစ်နာရီမှ သုံးနာရီခန့်ကြာခဲ့ပြီး နောက်ဆုံး၌ အမှတ် 718 အမျိုးသားလမ်းမကြီး၏ အနောက်တောင်ဘက်၀င်ပေါက်ဆီသို့ ရောက်သွားကြလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အမှောင်ထဲတွင် တောက်ပနေသော ၀န်ဆောင်မှုနယ်မြေတစ်ခုကိုမြင်နိုင်ကြလေသည်။ ထိုနေရာတွင် စစ်တပ်ကားဒါဇင်ပေါင်းများစွာ ပါကင်ထိုးထားပြီး ထောင်ပေါင်းများစွာသော ယူနီဖောင်းနှင့် စစ်သားများကို လက်နက်ကိုင်အစောင့်အကြပ်များမှ ဝိုင်းရံထားလေသည်။ 


သူတို့သည် ထိုဦးတည်လာနေသည့်ယာဉ်တန်းတွင် စစ်ကားတစ်ဒါဇင်ထက်ပိုရှိနေသည်ကို မြင်လိုက်ရပြီး အံ့ဩသွားလေ၏။ ကျောက်ပင်း၏ကားနီးကပ်လာသည်နှင့် သူတို့သည် ချက်ချင်းပင် သူဆီသို့မေးခွန်းများမေးမြန်းရန်လာခဲ့ကြ၏။ ကျောက်ပင်းသည် Sမြို့ မြို့စောင့်တပ်မှဖြစ်ကြောင်းကြားသည်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ကျောက်ပင်းနှင့်ယာဉ်တန်းအား သူတို့၏ကားများကိုအထဲသို့တိုက်ရိုက်မောင်း၀င်သွားရန် ခွင့်ပြုလိုက်လေ၏။ 


၀န်ဆောင်မှုနယ်မြေ၏ အရှေ့ဘက်ကားပါကင်တွင် နေရာလွတ်အများအပြားမရှိသဖြင့် စစ်တပ်ကားများကိုသာလျှင် ထိုနေရာ၌ ပါကင်ထိုးခွင့်ပြုလေ၏။ တခြားရှင်သန်သူများ၏ ကိုယ်ပိုင်ကားများကို သူတို့အနောက်ရှိ အမျိုးသားလမ်းမကြီးပေါ်တွင်သာ တိုက်ရိုက်ရပ်ထားရန် စီစဉ်ခဲ့ကြလေသည်။ ကျန့်ယွင်နှင့်အဖွဲ့သည် ကျောက်ပင်း၏အဖွဲ့၏ ကံကြမ္မာကောင်းများ၏အထောက်အပံ့ဖြင့် အတွင်းပိုင်းပါကင်တွင် ရပ်ခွင့်ရခဲ့လေသည်။ ထို့အပြင် သူတို့တွင် ကားတစ်စီးသာလျှင်ရှိလေပြီး ပြဿနာကြီးတစ်ခုမဟုတ်ချေ။ 


၀န်ဆောင်မှုနယ်မြေရှိ အဆောက်အဦးအား နှစ်ပိုင်းခွဲထားလေ၏။ ဘယ်ဘက်အား စစ်ဆင်ရေးဌာနမှအသုံးပြုပြီး ညာဘက်အား အသက်ရှင်ကျန်ရစ်သူများအတွက် အထူးပြင်ဆင်ပေးထားလေ၏။ 


သို့သော်လည်း သူတို့၀န်ဆောင်မှုနယ်မြေသို့မ၀င်ရောက်မီ လူအားလုံးသည် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတစ်ခုကို ခံယူကြရမည်ဖြစ်သည်။ ဒဏ်ရာရထားသူများသည် သီးခြားနေကြရမည်ဖြစ်ပြီး တခြားအခန်းတွင် ခွဲခြားထားရန် စီစဉ်ထားပြီး သူတို့သည် ဗီဇပြောင်းနိုင်၍ဖြစ်သည်။ ကျောက်ပင်း၏အဖွဲ့သည် ဒဏ်ရာအနည်းငယ်ကျန်နေသေးသော်လည်း ၎င်းတို့သည် ဒဏ်ရာအသစ်များမဟုတ်ကြပေ။ ဒဏ်ရာရသူများသည် သက်သာနေကြပြီးဖြစ်သဖြင့် ဘေးကင်းသည်ဟုသတ်မှတ်လေသည်။ 


စစ်ဆေးမှုအောင်မြင်သည့် အသက်ရှင်ကျန်သူများအားလုံးကို ၀န်ဆောင်မှုခန်းမထဲသို့လမ်းညွှန်ပေးလိုက်၏။ မလိုအပ်သောပရိဘောဂများကို ဖယ်ထုတ်ရှင်းလင်းထားပြီး ၎င်းသည် ယခုမူ လုံး၀ကို လွတ်သောနေရာတစ်ခုဖြစ်လေသည်။ ကြမ်းပြင်အား သန့်ရှင်းသော ကော်ဇောဖြင့်ခင်းပေးထားပြီး လူများသည် ထိုင်ချပြီး အနားယူနိုင်လေသည်။ သန့်စင်ခန်းသည် အနောက်ဘက်တံခါးနောက်တွင်ရှိသဖြင့် ၎င်းတို့၏ တစ်ကိုယ်ရေလိုအပ်ချက်များကိုဖြေရှင်းရန် လူတိုင်းအတွက် အဆင်ပြေလိမ့်မည်ဖြစ်သည်။ 


အပြင်ဘက်တွင် ရေကိုကြိုချက်ပြီး ဆန်ပြုတ်ပြုလုပ်နေနှင့်သည့်လူများရှိလေသည်။ လူအတော်များများသည် ရေနွေးနွေးနှင့် ထမင်းပူပူနွေးနွေးတစ်နပ်အားမစားနိုင်သည်မှာ ရက်ပိုင်းလောက်ပင်ကြာခဲ့ပြီဖြစ်သည်။ အချိန်တစ်ခဏကြာပြီးနောက် လူတိုင်းသည် အပြင်သို့ထွက်ပြီး ရေတစ်ခွက်နှင့် ဆန်ပြုတ်တစ်ပန်းကန်အတွက် တန်းစီနိုင်ကြလေသည်။ 


၀န်ဆောင်မှု နယ်မြေတစ်ခုလုံးသည် ဒီဇယ်ဂျင်နရေတာနှစ်ခုစွမ်းအားဖြင့် လေအေးပေးစက်နှင့် တောက်ပစွာထွန်းလင်းနေလေသည်။ သူတို့သည် ဤနေရာတွင် သုံးရက်ခန့်ဆက်နေပြီး အသက်ရှင်ကျန်သူများကို ထောက်ပံ့ပေးရန်လိုအပ်သဖြင့် မီးစက်များ လိုအပ်ပေသည်။ ၀န်ဆောင်မှုနယ်မြေအတွင်းတွင် ဓာတ်ငွေ့ဆိုင်တစ်ခုရှိပြီး ထိုနေရာတွင် ဒီဇယ်များသည် လိုအပ်သည်ထက်ပင် ပိုရှိလေ၏။ 


အသက်ရှင်ကျန်သူများကို ကောင်းမွန်စွာပြုစုပေးနေသည်ဟုပင်ပြောနိုင်လေ၏။ 


ကျန့်ယွင်နှင့်သူ့အဖွဲ့သည်လည်း အသက်ရှင်ကျန်သူများ၏နယ်မြေသို့၀င်ရောက်သွားခဲ့ကြပြီး နံရံနားရှိ နေရာတစ်ခုကိုရှာတွေ့ပြီး အနားယူရန် သူတို့မျက်လုံးများမှိတ်ထားခဲ့ကြလေသည်။ 


မကြာခင်မှာပင် ဆန်ပြုတ်သည် အဆင်သင့်ဖြစ်ကာ တချို့စစ်သားများသည် လူတိုင်းအား အစားအစာနှင့်ရေအတွက် အပြင်ထွက်ရန် လာပြောကြလေ၏။ 


လူတိုင်းသည် အပြေးအလွှားထွက်သွားကြပြီး ကျန့်ယွင်၏အဖွဲ့သာထိုင်ပြီးကျန်နေခဲ့ကာ သူတို့၏မျက်လုံးများကို ပိတ်ထားကြဆဲဖြစ်လေ၏။ သူတို့မရောက်ခင်ကပင် အစားအစာအပြည့်တစ်နပ်ကို စားခဲ့ကြပြီးဖြစ်လေသည်။ သူတို့သည် အလွန်ဗိုက်ဆာနေခြင်းမရှိသဖြင့် တခြားအသက်ရှင်ကျန်သူများနှင့် မယှဉ်ပြိုင်ခဲ့ကြချေ။ အသက်ရှင်ကျန်သူများစားသောက်ပြီးကြချိန်တွင် သူတို့သွားဖို့အချိန်ရှိနေဆဲဖြစ်သည်မို့ စိုးရိမ်စရာမဟုတ်ချေ။ 


တစ်နာရီ၏ လေးပုံတစ်ပုံခန့်ကြာပြီးနောက် တစ်စုံတစ်ယောက်သည် သူတို့အနားယူသည့်နေရာတွင် ထိုင်နေဆဲဖြစ်ကြောင်း ရှာတွေ့သွားလေ၏။ သူတို့သတိပေးချက်ကိုမကြားသောကြောင့်ဟု တွေးမိပြီး သူသည် နောက်လူတစ်စုထွက်သွားပြီးနောက် သူတို့အားလာသတိပေးခဲ့၏။ ထို့ကြောင့် သူတို့သည် ထပြီး အပြင်ထွက်လာကြလေ၏။ 


အပြင်ဘက်တွင် ကြီးမားသောအိုးကြီးရှစ်လုံးကို တည်ထားလေ၏။ သူတို့နီးလာသည်နှင့် ယာဂုအနံ့ကို ရနိုင်လေ၏။ လူများသည် အဖွဲ့ရှစ်ဖွဲ့ခွဲထားပြီး ယာဂုရနိုင်သည့် အရှိန်သည် အထူးသဖြင့် လျင်မြန်လေ၏။ 


ကျန့်ကျားဟယ်သည် ယာဂုရပြီးဖြစ်သည့်အသက်ရှင်ကျန်သူများ၏ ပန်းကန်လုံးများကို တစ်ချက်ကြည့်လိုက်၏။ ယာဂုသည် အရမ်းနည်းသည့်ပုံမရပေ။ သူသည် အဝါရောင်အသီးအရွက်များတချို့နှင့် ပါးပါးလှီးထားသောအသားအချို့ပါ၀င်ပြီး ပဲငံပြာရည်နှင့်ရောနယ်ထားခြင်းဖြစ်လေသည်။ 


သူတို့အားလုံးသည် ယာဂုနှင့် ရေသောက်ကြပြီးနောက် ပန်းကန်များကို စစ်သားများဆီသို့ ပြန်ပေးကာ အနားယူရန် ခန်းမထဲသို့ပြန်သွားခဲ့ကြလေသည်။ 


ညဘက်တွင် အသက်ရှင်ကျန်သူများသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြပြီး ခန်းမထဲတွင်လူများ ပိုပိုများလာလေ၏။ 


မိုးသောက်ချိန်ရောက်ပြီး အပူချိန်မြင့်တက်လာသည်နှင့် မည်သည့်ကားအသစ်မျှ မပေါ်လာတော့ပေ။စောင့်ကြပ်နေသည့်စစ်သားများသည် ၀န်ဆောင်မှာဧရိယာဆီသို့ ပြန်လာကြနိုင်လိမ့်မည်။ 


ကန့်သတ်ခန်းထဲတွင် လူသုံးဦးသည် ဗီဇပြောင်းသွားပြီး စစ်သားများထံမှ ပစ်ခတ်သတ်ဖြတ်ခံလိုက်ကြရသည်။ 


တတိယမြောက်ရက်၏ ညနေခင်းအထိ တစ်ဒါဇင်ထက်ပိုများသော စစ်တပ်သုံးကားများကို Sမြို့မှ စူးစမ်းရှာဖွေစေလေ၏။ မြို့ထဲသို့ ကယ်ဆယ်ရေးမစ်ရှင်များလုပ်ဆောင်ရန် အဖွဲ့ကိုစေလွှတ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူထောင်ပေါင်းများစွာကို ပြန်ခေါ်လာခဲ့ကြပြီး ၎င်းတို့အားလုံးသည် ၎င်းတို့နေအိမ်များတွင် အကူအညီအတွက် အနီရောင်အ၀တ်များချိတ်ဆွဲထားကြသူများဖြစ်လေသည်။ 


ထိုအသက်ရှင်ကျန်သူများသည် ကိုယ်တိုင်ကားမောင်းလာကြသည့်အသက်ရှင်ကျန်သူများလောက် ကောင်းမွန်သည့်ပုံမရချေ။ သူတို့အား ယာဂုပေးသည့်အချိန်တွင် သူတို့သည် ပန်းကန်လုံးများကိုပင် မြို့ချချင်လောက်သည်အထိ အလွန်ဆာလောင်နေကြလေသည်။ 


“ကျေးဇူးပြုပြီး အဆင်သင့်ပြင်ထားကြပါ။ ငါတို့ မနက် တစ်နာရီထိုးတဲ့အထိစောင့်ပြီးတာနဲ့ ငါတို့ စထွက်မယ် ”


စစ်သားတစ်ယောက်သည် အသက်ရှင်ကျန်သူများဆီသို့လာပြီး သတင်းအား ပြောပြခဲ့လေသည်။ 


လမ်းမပေါ်တွင် သွားလာရန် နေ့ဘက်တွင် အပူချိန်သည် အလွန်မြင့်မားသောကြောင့် သူတို့သည် 1 a.m တွင် စထွက်ပြီး၊..G5 အဝေးပြေးလမ်းမကြီးသို့သွားပြီး အာရုံတက်ချိန်မတိုင်ခင် နောက်ထပ်၀န်ဆောင်မှုနယ်မြေသို့ရောက်ရန် Aမြို့ဆီသို့ ဦးတည်ထွက်ခွာမည်ဖြစ်သည်။ 


လူတိုင်းသည် ချက်ချင်းပင် ထုပ်ပိုးကြပြီး သူတို့၏ ကားများဆီသို့ပြန်သွားကြလေပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေလေ၏။ 


စစ်သားများသည်လည်း ဘေးကင်းရာသို့ ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်နေကြလေသည်။ သူတို့သည် မီးစက်များကဲ့သို့ ၀န်များသည့်ပစ္စည်းများကို စစ်ကားများပေါ်သို့တင်ကြသည်။ ကားမရှိသည့် အသက်ရှင်ကျန်သူများသည်လည်း စစ်ကားများနှင့် ခရီးဆက်ကြရမည်ဖြစ်သည်။ ထပ်ပေါင်းပြီး ကိုယ်ပိုင်ကားတစ်စီးတိုင်းအား ခရီးအတွက်အထောက်အကူပြုရန် ဓာတ်ဆီ 50 လီတာ စီပေးခဲ့၏။ 


မနက် တစ်နာရီရောက်သည်နှင့် စစ်တပ်ကား ဒါဇင်ပေါင်းများစွာသည် ကားသေးလေးများ ရာပေါင်းများစွာ နောက်မှလိုက်ပါလျက် ကြောက်မက်ဖွယ်ထွက်ခွာမှုတစ်ခုပြုလုပ်ခဲ့လေသည်။