အခန်း(၄၆)
Viewers 12k

အခန်း(၄၆) 《 ဆင့်ကဲပြောင်းလဲနေသောဖုတ်ကောင်များ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


မထွက်ခွာခင်၌ စစ်သားများသည် ကြိုတင်သတိပေးတားမြစ်ချက်များအား ထုတ်ပြန်ခဲ့သည်။ လမ်းမပေါ်သို့တက်ပြီးနောက် စစ်တပ်သုံးယာဉ်များသည် လမ်းအားဦးဆောင်ရန် တာ၀န်ရှိကြ၏။ မည်သည့်အခြေအနေမျိုးတွင်မှ အသက်ရှင်ကျန်ရစ်သူများ၏ ယာဉ်များအား သူတို့၏ယာဥ်များကိုကျော်တက်ခွင့် မပြုချေ။ ထို့အပြင် ဟွန်းတီးခြင်းကိုလည်း ခွင့်မပြုချေ။ အကယ်၍ ဟွန်းသံသည် ဖုတ်ကောင်များအား ဆွဲဆောင်မိပါက အကျိုးဆက်အား ၎င်းတို့ကိုယ်တိုင် ခံယူရင်ဆိုင်ရမည်ဖြစ်သည်။ 


ရှည်လျားလှသောယာဉ်တန်းကြီးသည် အဝေးပြေးလမ်းမကြီးပေါ်သို့မရောက်မီ ကီလိုမီတာအနည်းငယ်မောင်းနှင်ခဲ့ကြရသော်လည်း သူတို့အနေဖြင့် ဖြည်းဖြည်းချင်းသာ သွားနိုင်လေသည်။ ကားများ မရွှေ့ဘဲ ယာဉ်များစွာဖြတ်သန်းသွားဖို့ နည်းလမ်းမရှိချေ။  


အရှေ့တန်းရှိ စစ်တပ်သည် လမ်းဖွင့်ရန်တာ၀န်ယူထားပြီး အသက်ရှင်ကျန်ရစ်သူများ၏ယာဉ်များသည် အနောက်မှ လိုက်ပါကြကာ နောက်ဆုံး၌ စစ်တပ်ယာဉ် 78 စီးသည် နောက်တန်းတွင် ခုခံကာကွယ်ရန် တာ၀န်ရှိလေသည်။ အရှိန်သည် နှေးကွေးနေသော်လည်း မည်သူကမှ စိတ်မရှည်ကြောင်းမပြဘဲ ယာဉ်များအားလုံးသည် ဖြေးဖြေးမှန်မှန်ရွေ့လျားနေကြလေသည်။ 


ခဏပြီးခဏ သေနတ်ပစ်ခတ်သံကို ကြားကြရလိမ့်မည်။ ၎င်းသည် စစ်သားများမှ ရုတ်တရက်ထွက်ပေါ်လာသော ဖုတ်ကောင်များအားရှင်းလင်းနေကြခြင်းဖြစ်လေသည်။ 


အနည်းငယ် နှေးကွေးသော်ငြား သူတို့သည် ရှေ့သို့ ဆက်ရွေ့နေဆဲဖြစ်သည်။ ကားများ၏အရှိန်သည် နည်းလျှင်တောင် ဤအတိုင်းဆက်လက်ရွေ့နေပါက သူတို့အနေဖြင့် အာရုံမတက်မှီမှာပင် နောက်ထပ်၀န်ဆောင်မှုနယ်မြေသို့ ရောက်နိုင်လိမ့်မည်။ 


လေးနာရီကြာပြီးနောက် သူတို့သည် 1.5 ကီလိုမီတာမှ ၀န်ဆောင်မှုနယ်မြေ၏ အချက်ပြသင်္ကေတကိုပင်မြင်ကြရပြီးဖြစ်သည်။ သို့သော် ၀န်ဆောင်မှုနယ်မြေသို့နီးကပ်လာသည်နှင့် သူတို့သွားနေသည်မှာ ပိုနှေးလာပြီး သေနတ်သံများစွာကို ကြားလိုက်ကြရသည်။ A မြို့သည် ခရီးသွားမြို့တော်ဖြစ်သဖြင့် ဘတ်စ်ကားများစွာသည် ရုံးဖွင့်ရက်များတွင် သွားလာလေ့ရှိကြပြီး ၎င်းတို့ထဲမှ အများစုသည် A မြို့အနားရှိ ၀န်ဆောင်မှုနယ်မြေနားတွင် ရပ်နားလေ့ရှိကြသည်။ ရလဒ်အနေဖြင့် ကမ္ဘာပျက်ကပ်ကြီး စတင်ပေါက်ကွဲလာသောအချိန်တွင် ၀န်ဆောင်မှုနယ်မြေရှိလူအများစုသည် ဖုတ်ကောင်များဖြစ်လာကြလေသည်။ 


ဖုတ်ကောင်ရာပေါင်းများစွာသည် လတ်ဆတ်သောအသွေးအသားနံ့ကို ရပြီး ယာဉ်တန်းဆီသို့ အရူးအမူး အပြေးအလွှားလာကြကုန်လေ၏။ ထိုဖုတ်ကောင်ပမာဏသည် လမ်းရှိအတားအဆီးများကိုရှင်းလင်းရန် တာ၀န်ယူထားသော အဖွဲ့များအတွက် ၎င်းတို့နှင့်ရင်ဆိုင်ရန် ခက်ခဲလှပေ၏။ 


“လူတိုင်း ကားထဲကနေထွက်ပြီး မင်းတို့ရဲ့ အရေအတွက်ကို တိုးမြှင့်ပါ ”


အင်တာကွန်မှ အရေးပေါ်အမိန့်ပေးသံ ထွက်လာလေသည်။ အသက်ရှင်ကျန်သူများကတော့ သေနတ်သံများကိုကြားပြီး စစ်သားများက ၎င်းတို့ကားများပေါ်မှ ခုန်ချပြီး ရှေ့သို့ အပြေးအလွှားသွားကြသည်ကိုသာ မြင်လိုက်ကြရသည်။ သူတို့အနေဖြင့် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို မရှင်းလင်းကြချေ။ 


ကျန့်ယွင်၏အဖွဲ့သည်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့၏ကားသည် ယာဉ်တန်း၏အလယ်တွင်ဖြစ်ပြီး မည်သည့်အရာအားလုံးကိုမျှ မမြင်ရချေ။ သို့သော် သူတို့၏နှာခေါင်းများသည် သွေးညှီနံ့ဖျော့ဖျော့ကို ရနှင့်နေပြီးဖြစ်လေသည်။ 


“ဖုတ်ကောင်တွေ၊ ဖုတ်ကောင်တွေ ရှိတယ် ”


အသက်ရှင်ကျန်သူအချို့သည် အော်ဟစ်ကာ ယာဉ်တန်းအရှေ့ဆီမှ ထွက်ပြေးကြကာ ထိုနေရာတွင် သေနတ်သံများ ပိုပိုပြီး ပြင်းထန်လာခဲ့လေသည်။ 


ကျန့်ယွင်သည် မျက်မှောင်အသာကြုတ်လိုက်၏။ ၀န်ဆောင်မှနယ်မြေအတွင်းတွင် ဖုတ်ကောင်များ ရှိမည်မှ မလွဲဧကန်ဖြစ်သော်လည်း တိုက်ပွဲ၏ပြင်းထန်မှုသည် တစ်စုံတစ်ရာမှားယွင်းနေပုံရ၏။ ထောင်ပေါင်းများစွာသောစစ်သားများသည် ၀န်ဆောင်မှုနယ်မြေထဲရှိ ဖုတ်ကောင်ရာဂဏန်းအနည်းငယ်ကို ရင်မဆိုင်နိုင်သည်လား။ မဟုတ်ရင်.....


စုရွေ့ကျယ်သည်လည်း တူညီသောအတွေးရှိနေသည်။ လူနှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကာ ကားထဲမှ အပြင်သို့ထွက်လိုက်ကြ၏။ 


“လောင်စုန့်၊ အားလျန်၊ ဝူကျင်း ဒီမှာနေပြီး သုန်သုန်ကိုကာကွယ်နေ။ ကျားဟယ် သွားကြစို့ ”


“ကောင်းပါပြီ ”


ကျန့်ကျားဟယ် သည် ဂေါဖ့်ရိုက်တံကိုကောက်ယူလိုက်ကာ ကားအပြင်ဘက်သို့ တွယ်ဆင်းလိုက်၏။ 


ယောက်ျားသုံးယောက်သည် အရှေ့သို့ရွေ့သွားကြလေ၏။ မူလဖျော့တော့သောသွေးရနံ့သည် ပိုပိုပြီး ပြင်းထန်လာလေ၏။ လူများသည် သူတို့၏ ယာဉ်များအားစွန့်ပစ်ကာ ယာဉ်တန်းအရှေ့မှ အနောက်ဘက်သို့ ထွက်ပြေးကြလေ၏။ 


ရုတ်တရက် ဖုတ်ကောင်တစ်ကောင်သည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး လူတစ်ယောက်ပေါ်သို့ကျလာကာ ၎င်း၏ပါးစပ်ကိုဟပြီး ထိုလူ၏လည်ပင်းအား ကိုက်လိုက်လေရာ အသားတစ်ကြီးတစ်ခုသည် ဆွဲထုတ်ခံလိုက်ရပြီး နီရဲသောသွေးများသည်လည်း ထိုဘေးနားရှိကားမှန်ပေါ်သို့ ဖြန်းပက်လိုက်လေတော့၏။ 


ကားထဲတွင် ပုန်းနေသောအမျိုးသမီးသည် ထိုသွေးချင်းချင်းတောက်နေသောမြင်ကွင်းကို အနီးကပ်မြင်လိုက်ရသောအခါ နားစည်များကွဲလောက်သည်အထိ စူးစူးဝါးဝါး အော်လေတော့သည်။ ဖုတ်ကောင်သည် အမျိုးသား၏သွေးများအား နှစ်လုပ်သောက်ပြီးနောက် ဘေးနားရှိကားထဲမှ အမျိုးသမီးအား ကြည့်လေ၏။ ထို့နောက် ၎င်းသည် ၎င်း၏ထက်မြသောလက်သည်းများနှင့် ကုတ်ခြစ်ကာ ကား၏မှန်များအား လွယ်ကူစွာ အပိုင်းပိုင်းဖြတ်ကာ အတွင်းတွင် အော်ဟစ်နေသောသားကောင်အား ဖမ်းယူရန် ကြိုးပမ်းလေ၏။ 


“အား၊ ကယ်ကြပါအုံး ”


အမျိုးသမီးသည် အသဲအသန်ရှောင်ကာ အော်ဟစ်အကူအညီတောင်းလေ၏။ 


ထိုမှသာ လူသုံးယောက်သားသည် ဖုတ်ကောင်၏ပုံစံအသွင်အပြင်ကို မြင်လိုက်ကြရ၏။ ၎င်းတွင် သွယ်လျထက်မြသော လက်သည်းများရှိပြီး ၎င်း၏အရေပြားသည် သာမာန်ဖုတ်ကောင်များကဲ့သို့ စိမ်းပြာရောင်မဟုတ်ဘဲ သာမာန်ထက် မဲပြာနေလေ၏။ ၎င်း၏ကိုယ်ရှိ အရေပြားသည် ဖော့ဖယောင်းကဲ့သို့ မလျော့ရဲမပျော့ပြောင်းဘဲ သိသိသာသာမာကျောလာပုံရလေ၏။ 


၎င်း၏သွေးချင်းချင်းနီနေသော မျက်လုံးများထဲတွင် မျက်ဆံနက်များရှိလေ၏။ ၎င်းသည် သားရဲကောင်၏ ဒေါ‌င်လိုက်ပုံစံမျက်စံများနှင့် တူလေပြီး ၎င်းသည် လူသားစားသော ဘီလူးတစ်ကောင်နှင့် ပိုတူလေ၏။ 


ထိုသို့သော သွေးချင်းချင်းနီနေပြီး ကြောက်မက်ဖွယ်မျက်လုံးများနှင့် စိုက်ကြည့်ခံရခြင်းသည် သားကောင်အား နှလုံးသားအောက်ခြေမှ ကြောက်ရွံ့ထိတ်လိန့်မှုကို ခံစားရစေ၏။ 


“အဲ့ဒါတွေက ဆင့်ကဲပြောင်းလဲလာတဲ့ ဖုတ်ကောင်တွေပဲ၊ မင်းတို့ ဂရုစိုက်ဖို့လိုတယ် ”


စုရွေ့ကျယ်သည် သူတို့အား သတိပေးလိုက်၏။ 


သူ့အသံထွက်လာသည်နှင့် ဆင့်ကဲပြောင်းလဲနေသောဖုတ်ကောင်သည် ပိုအရသာရှိသောတစ်စုံတစ်ခုအား ရှာတွေ့လိုက်ပုံ‌ရလေ၏။ ၎င်း၏ခေါင်းကိုလှည့်လာပြီး စုရွေ့ကျယ်တို့ သုံးယောက်အဖွဲ့အား နီညိုရောင် ဒေါင်လိုက်မျက်လုံးများ နှင့်ကြည့်လာလေ၏။ 


ကျန့်ကျားဟယ်သည် သူ့ဂေါဖ့်တုတ်အားမြှောက်ပြီး ဖုတ်ကောင်၏ခေါင်းအား အပြင်းအထန်ရိုက်ခွဲလိုက်လေ၏။ 


ထိုဖုတ်ကောင်သည် သတိပြုမိသွားပုံရလေ၏။ ၎င်းသည် ဘေးဘက်သို့စောင်းလိုက်ပြီး ကျန့်ကျားဟယ်၏တိုက်ခိုက်မှုအား အောင်အောင်မြင်မြင် ရှောင်ရှားလိုက်နိုင်လေ၏။ ဂေါဖ့်တုတ်၏ခေါင်းသည် ကားထိပ်ပိုင်းကို ရိုက်မိသွားပြီး ပဲ့သွားလေကာ ကျန့်ကျားဟယ်၏ ကြီးမားသောခွန်အားကို ပြသနေလေ၏။ 


ဖုတ်ကောင်၏ ဒေါင်လိုက်မျက်လုံးများသည် ကျန့်ကျားဟယ်ပေါ်တွင် စူးစိုက်နေပြီး ၎င်း၏လည်ချောင်းထဲမှ ဒေါသတကြီး အော်ဟောက်နေလေ၏။ ၎င်းသည် ခုန်ကာ ကျန့်ကျားဟယ်ဘက်သို့ ခုန်အုပ်လေ၏။ 


ထိုဖုတ်ကောင်၏ ခုန်ပေါက်နိုင်စွမ်း နှင့် အရှိန်သည် အလွန်အံ့ဩဖွယ်ပင်။ ၎င်း၏ ထက်မြသောလက်သည်းများရှိသည့်လက်များကို မြှောက်လာကာ ကျန့်ကျားဟယ်၏ခေါင်းဆီသို့ ခုတ်လိုက်လေ၏။  


“ငုံ့ရှောင်လိုက်”


စုရွေ့ကျယ် အော်လိုက်လေ၏။ 


ကျန့်ကျားဟယ်သည် အောက်သို့အမြန်ငုံရှောင်ချလိုက်ပြီး ကျန့်ယွင်သည် သူ့လက်များကို တွန်းရန် အခွင့်အရေးယူလိုက်လေ၏။ အမှန်တွင် သူသည် သူ့မြေဆွဲအားစွမ်းရည်နှင့် ဖုတ်ကောင်အား နှစ်မီတာ သုံးမီတာလောက်အထိ တွန်းထုတ်လိုက်ခြင်းပင်။ 


သို့သော်ငြား ဖုတ်ကောင်သည် ပြန်ရပ်နိုင်သည့်အချိန်မှာပင် အနီရောင် လုံး၀န်းသောဗုံးတစ်ခုသည် ၎င်း၏ခြေထောက်နားသို့ ကျသွားလေ၏။ 


“ ဘွန်း ”ဟူသည့် အသံတစ်ခုနှင့်အတူ ဖုတ်ကောင်သည် အပိုင်းပိုင်းပေါက်ကွဲသွားလေတော့၏။ 


စုရွေ့ကျယ်သည် သွားကာ ဖုတ်ကောင်၏ခေါင်းထဲမှ အနီရောင်ဖျော့‌ဖျော့အမြုတေကို စုဆောင်းလိုက်လေ၏။ 


ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင် အားအဆုံးသတ်ပြီးနောက် သုံးယောက်သားသည် ထွက်ပြေးလာသော လူအုပ်ကြီးအား တွန်းတိုက်ကာ အရှေ့သို့ဆက်သွားလေ၏။ 


နောက်ဆုံး၌ သူတို့အရှေ့ရှိအခြေအနေအား ရှင်းရှင်းလင်းလင်းမြင်လိုက်နိုင်လေ၏။ 


ထိုနေရာတွင် မရေမတွက်နိုင်သော ဖုတ်ကောင်များသည် မြေပေါ်တွင် လဲကျနေကြလေ၏။ စစ်သားများ၏ အလောင်းများသည် ဖုတ်ကောင်ခန္ဓာကိုယ်များဘေးတွင် လဲကျနေကြလေ၏။ သွေးထွက်သံယို ထိတ်လန့်စရာအခြေအနေသည် ငရဲမှမြင်ကွင်းတစ်ခုကဲ့သို့ပင်။ 


ထိုနေရာတွင် စစ်သားများ ရင်ဆိုင်ခဲ့ရသည့် တခြားဆင့်ကဲပြောင်းလဲနေသော ဖုတ်ကောင်လေးကောင်ရှိလေ၏။ 


ဆင့်ကဲပြောင်းလဲပြီးသော ဖုတ်ကောင်လေးကောင်သည် သာမန်ဖုတ်ကောင်များထက် ပိုသန်မာကြလေပြီး ၎င်းတို့သည် အမြန်ဆုံးရွေ့လျားနိုင်ကြကာ ပိုမြန်မြန်တုန့်ပြန်နိုင်စွမ်း ရှိကြလေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အား တိုက်ခိုက်ခြင်းသည် ၎င်းတို့၏ လှုပ်ရှားမှုများအား အဟန့်အတားမဖြစ် စေနိုင်ချေ။ ၎င်းတို့ခေါင်းအား တိကျစွာ ရိုက်ခွဲနိုင်မှ ၎င်းတို့အား သတ်နိုင်လိမ့်မည်။ 


သို့သော်ငြား ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်၏မျက်နှာနှင့် မည်သို့များ ခေါင်းရိုက်ခွဲမှုတစ်ခုကို လွယ်လွယ်ကူကူပြုလုပ်နိုင်ပါမည်နည်း။ 


ခေါင်းအား ချိန်ရွယ်ပြီး ပစ်ခတ်ခြင်းမပြုနိုင်သဖြင့် စစ်သားများသည် နေရာအနှံ့ပစ်ခတ်နေရပြီး သက်ရောက်မှုအနည်းငယ်သာရှိလေ၏။ 


ဆင့်ကဲဖုတ်ကောင်လေးကောင်သည် အန္တရာယ်ပြုမှုအများအပြားကို ပြုလုပ်နိုင်လေသည်။ တစ်ကောင်သည် ရှည်လျားပြီး ၎င်း၏ခန္ဓာကိုယ်အနှံ့တွင် သွေးနီရောင်အပေါက်များရှိလေ၏။ ၎င်းသည် ထိုဖုတ်ကောင်အား ဇကာအဖြစ်ပြောင်းလဲသွားလုနီးပါးအထိ စစ်သားများက ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်လေ၏။ ခေါင်းအားတိုက်ခိုက်မှုတစ်ခုမရှိသ၍ ၎င်းသည် ဘာမှ မဖြစ်သကဲ့သို့ပင် ။ ၎င်းသည် ၎င်း၏လက်သည်းများနှင့် နောက်ထပ်အသက်တစ်ခုအား ရိတ်သိမ်းနေခဲ့သည်။ 


ကျန့်ယွင်သည် အပြင်းအထန်အော်ဟစ်လိုက်ပြီး သူ့မြေဆွဲအားဖြင့် ဖုတ်ကောင်လေးကောင်အား အောက်သို့ ဖိနှိပ်ချလိုက်လေ၏။ သို့သော် ဖုတ်ကောင်များသည် လူများနှင့် ခြားနားလေ၏။ လူများသည် အရိုးကျိုးခြင်းနှင့် အသက်ရှူရကြပ်ခြင်းကြောင်း ပြင်းထန်သောနာကျင်ဝေဒနာကို ခံစားရနိုင်သော်ငြား ဖုတ်ကောင်များကတော့ ထိုသို့မခံစားရချေ။ ၎င်းတို့သည် တစ်စုံတစ်ခုမှ ၎င်းတို့အား ဖိချထားခြင်းသာ ခံစားရနိုင်ပုံရပြီး ၎င်းတို့၏အရိုးများ ကျိုးကြေကုန်ကြလျှင်တောင် ပိုပြီး ပြင်းထန်စွာ ရုန်းကန်လာကြဆဲပင်။ 


ကျန့်ယွင်၏စွမ်းရည်နှင့် ဆင့်ကဲ‌ဖုတ်ကောင်လေးကောင်အား တစ်ချိန်တည်း၌ ဖိနှိပ်လိုခြင်းမှာ အမှန်တကယ်ကို အလွန် ခက်ခဲလှပေသည်။ အထူးသဖြင့် ရှည်လျားသော ဆင့်ကဲဖုတ်ကောင်ပင်ဖြစ်၏။ ၎င်းသည် ကျန့်ယွင်၏ မြေဆွဲအားမှ ချိုးဖျက်နိုင်ရန် ပိုပြင်းထန်စွာ ရုန်းကန်နေလေ၏။ 


၎င်းသည် ကျန့်ယွင်အား အော်ဟောက်လာချိန်တွင် စုရွေ့ကျယ်သည် သူ့နေရာလွတ်ထဲမှ လေသေနတ်နှစ်လက်ကို ထုတ်ယူလိုက်ကာ ပဲစေ့ကျည်ဆန်များဖြင့်ဖြည့်လိုက်ပြီး ဖုတ်ကောင်အား ချိန်ရွယ်ကာ ပစ်ခတ်လေ၏။ 


အစိမ်းရောင်ကျည်ဆန်များသည် ဖုတ်ကောင်၏ရင်ဘက်အားတိကျစွာ ထိမှန်လေ၏။ ထူးဆန်းစွာပင် သာမန်ကျည်ဆန်များမှ မထိခိုက်နိုင်သောဖုတ်ကောင်သည် ရပ်တန့်သွားလေ၏။ 


၎င်း၏အရေပြားသည် သာမာန်မီခိုးရောင်သို့‌ပြန်ပြောင်းသွားလေကာ ခန္ဓာကိုယ်သည် ၎င်း၏ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကိုဆုံးရှုံးပြီးနောက် စစ်သားများထံမှ ပြားအုံတစ်ခုကဲ့ ပစ်ခတ်မှုကြောင့် မဟန်နိုင်တော့ပေ။ ၎င်းသည် လုံး၀လဲကျသွားပြီး ခေါင်းသည် ၎င်း၏လည်ပင်းမှပြုတ်ထွက်ကာ စုရွေ့ကျယ်အရှေ့သို့ လိမ့်လာလေ၏။ ထို့နောက် ကျန့်ကျားဟယ်ထံမှ သူ၏ဂေါဖ့်တုတ်ဖြင့် ရိုက်ခွဲခံလိုက်ရလေတော့၏။ 


ကျန့်ကျားဟယ်၏ ကာထားပေးမှုအောက်တွင် စုရွေ့ကျယ်သည် မြေပြင်ပေါ်ရှိ မသိသာမထင်ရှားသော အမြုတေအား အမြန်ကောက်ယူလိုက်လေပြီး မြေပြင်ပေါ်ရှိ ခန္ဓာကိုယ်အား ဆက်လက်ပစ်ခတ်လေ၏။ 


ခေါင်းအားပစ်ခတ်ခြင်းမပြုဘဲနှင့်တောင် ပဲစေ့ကျည်ဆန်များသည် ဖုတ်ကောင်များအား အားနည်းသွားစေပုံရပြီး ၎င်းတို့အား အလွယ်တကူဖယ်ရှားပစ်နိုင်သော သာမန်ဖုတ်ကောင်များအဖြစ်သို့ ပြောင်းသွားစေ၏။ 


ဖုတ်ကောင်အားလုံးအား အဆုံးသတ်ပြီးသည်နှင့် စုရွေ့ကျယ်သည် သူ့စွမ်းရည်အား အလွန်အကျူးအသုံးပြုခြင်းကြောင့် မောပန်းနေသော ကျန့်ယွင်အား ကူတွဲပေးလိုက်၏။ သူသည် ကြည်လင်သောအမြုတေနှစ်ခုအား သူ့ပါးစပ်ထဲသို့ထည့်ပေးလိုက်ပြီး အသုံးပြုလိုက်သောစွမ်းအားများ ပြန်ရစေရန်ကူညီပေးလေ၏။ 


အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးအား ဖြေရှင်းပြီးနောက် စစ်သားများသည် ကျန်သည့်ဖုတ်ကောင်များအား လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းသုတ်သင်လိုက်‌ကြလေ၏။ 


စစ်သားများသည် သူတို့အား ကျေးဇူးတင်စကားပြောရန် စုစည်းလာကြပြီးနောက် လမ်းရှင်းရန် ပြန်သွားကြလေ၏။ သူတို့သည် အာရုဏ်မတက်ခင်မှာပင် ၀န်ဆောင်မှု နယ်မြေသို့၀င်ကြရမည်ဖြစ်၏။ ယာဉ်ကြောပိတ်ဆို့နေသောယာဉ်များအား ဖယ်ရှားပြီး ယာဉ်တန်းအား အစဉ်အတိုင်းပြန်ထိန်းသိမ်းကာ ဆက်လက်ရွေ့လျားကြပြီး နောက်ဆုံး၌ နေမမြင့်ခင်မှာပင် ၀န်ဆောင်မှုနယ်မြေသို့ဆိုက်ရောက်ကြလေ၏။


ကျန့်ယွင်၏အဖွဲ့သည် သူတို့ကားအားရပ်လိုက်သည်နှင့် စစ်သားများသည် သူတို့၏ဌာနချုပ်သို့လာရောက်ရန် ဖိတ်ခေါ်ရန် ရောက်လာကြလေ၏။ သူတို့၏ ရည်ရွယ်ချက်မှာ သိသာထင်ရှားပေ၏။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သာ သွားရောက်ခဲ့ပြီး ကျန်သည့်အဖွဲ့သားများသည် ကားအားပါကင်ထိုးရန် သွားကြလေ၏။ အဆုံးမှာတော့ လူများခြင်းသည် မျက်လုံးများအား ဖမ်းစားလိမ့်မည်ဖြစ်ပြီး သူတို့၏ယာဉ်တွင် ကောင်းမွန်သောအချက်များ များစွာရှိနေပေ၏။ သူတို့အနေဖြင့် အမြဲဂရုတစိုက်ရှိရမည်ဖြစ်သည်။ 


“ငါတို့ကို ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ခုဏက မင်းတို့ဘာနည်းလမ်းတွေကို အသုံးပြုခဲ့တာလဲ။ ဘယ်လိုတောင် စွမ်းအားကြီးလိုက်သလဲ ”


လူနှစ်ယောက်သည် ဌာနချုပ်သို့၀င်ရောက်လာသောအခါ သူတို့အား တပြိုင်နက် စတင်မေးမြန်းစူးစမ်းကြသော စိတ်လှုပ်ရှားနေသည့် စစ်သားများဖြင့် ဝိုင်းရံခံလိုက်ရလေ၏။ 


【T/N : ချယ်ရီဗုံးများ ပွဲဦးထွက်လာပါပြီ။ ဘွန်း ဘွန်း ဘွန်း !!! 】