အခန်း(၄၇)
Viewers 12k

အခန်း(၄၇)《 အဖိုးတန်ပဲစေ့များ 》


Author: Drunken Light Song

Source: Callis & Jostena M

Translator: オタク


ထိုနေရာတွင် အထူးသဖြင့် ပွင့်လင်းရိုးသားသော အသားအနည်းငယ်မဲသည့် စစ်သားငယ်လေးတစ်ယောက်ရှိလေ၏။ သူသည် ကျန့်ယွင်အား ကြည့်ပြီး စိတ်လှုပ်ရှားလျက် 


“ခင်ဗျား စွမ်းအားတစ်ခုကို သုံးခဲ့တာနော် ဟုတ်တယ်မလား။ ခင်ဗျားရဲ့ စွမ်းအားရဲ့ အသုံး၀င်ပုံကဘာလဲဟင်။ အရမ်းစွမ်းအားကြီးတဲ့ဖုတ်ကောင်တွေအားလုံးကို တစ်ကြိမ်တည်းနဲ့ ဖိနှိပ်ထားနိုင်လောက်အောင် ဘယ်လိုတောင်စွမ်းအားကြီးလိုက်သလဲ ” 


“မှန်တယ် မှန်တယ်၊ ညီငယ်လေး မင်းမှာစွမ်းအားရှိလား ”


စုရွေ့ကျယ်အား မေးမြန်းကြသောလူများလည်းရှိ၏။ အရင်ကဆို ဘယ်လောက်ပဲ ကြီးကြီးမားမား ပစ်ခတ်ခဲ့သော်လည်း အသုံးမ၀င်ပေမယ့် စုရွေ့ကျယ် သူ့သေနတ်မှ အကြိမ်အနည်းငယ် ပစ်ခတ်ခဲ့ရုံသာ။ ဖုတ်ကောင်တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပစ်လဲကျသွားပြီး အလွန်ကို ထိတ်လန့်စရာပင်။ 


“အို့၊ ခုဏက လူချောလေးက ဘာလို့မလာတာလဲ။ သူကလည်း စွမ်းအားရှင်တစ်ယောက်ဖြစ်ရမယ် ”


သူတို့ပြောနေသော ထိုလူမှာ ကျန့်ကျားဟယ်ဖြစ်နိုင်၏။ 


【TN : ရွှိုက်ကောကော ကျန့်ကျားဟယ် : 😎】


ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် စစ်သားများဝိုင်းရံခံနေရပြီး မေးခွန်းများ မြောက်များစွာ အမေးခံနေရ၏။ သူတို့အနေဖြင့် မည်သည့်မေးခွန်းအားပြန်ဖြေရမည်ကိုမသိတော့ဘဲ အလွန် စိတ်ဖိစီးသွားကြရ၏။ 


ထိုအခိုက်မှာပင် ခေါင်းရိတ်ထားသော အရပ်ရှည်ရှည် အသက်လေးဆယ်အရွယ် အရာရှိတစ်ဦးရောက်လာပြီး “ဒါတွေက ကျိုးကြောင်းဆီလျော်တဲ့စကားတွေလား။ မင်းတို့ တာ၀န်ကျတဲ့နေရာတွေဆီ ပြန်သွားကြတော့ ”


“ တပ်ခွဲမှူးကျန်း ” 


စစ်သားငယ်လေးများသည် မတ်မတ်ရပ်ကာ ရောက်လာသောလူအား အလေးပြုကြလေ၏။ သူတို့သည် ပါးစပ်မပါသော လုံခြုံရေးအစောင့်တစ်ယောက်ကဲ့သို့ အသံတစ်သံမှ မထွက်ရဲကြချေ။ သူတို့သည် သူတို့တာ၀န်ကျရာနေရာများဆီသို့ အလျင်အမြန်ပြန်သွားကြလေ၏။ 


“မင်းတို့နှစ်ယောက်၊ ကျေးဇူးပြုပြီး ငါ့နောက်လိုက်ခဲ့ပါ”


တပ်ခွဲမှူးကျန်းသည် သူတို့အား အထဲသို့ခေါ်သွားလေ၏။ 


သူတို့သည် အပေါ်ထပ်သို့တက်သွားခဲ့ပြီး တံခါးတစ်ခုသို့ရောက်သွားလေ၏။ တပ်ခွဲမှူးကျန်းသည် တံခါးကိုခေါက်ပြီး သတင်းပို့လေ၏။ 


“သတင်းပို့ပါတယ် ” 


“၀င်ခဲ့ပါ”


အခန်းထဲမှ အသံဩဩတစ်ခုထွက်လာလေ၏။ 


တပ်ခွဲမှူးကျန်းသည် လူနှစ်ယောက်နှင့်အတူ အထဲသို့၀င်သွားလေ၏။ အခန်းသည် မကြီးလှဘဲ စားပွဲတစ်လုံးနှင့် ထိုင်ခုံသုံးလုံးသာရှိလေ၏။ အခန်းထောင့်နားတွင် အမျိုးမျိုးသောပစ္စည်းအချို့ ရှိနေပြီး သိသိသာသာကိုပင် ၎င်းတို့အား ဖယ်ထုတ်ထားခြင်းပင်ဖြစ်မည်။ ထိုနေရာတွင် အရပ်ရှည်ရှည် သက်လတ်ပိုင်း အရာရှိတစ်ဦးသည် သူတို့အားစောင့်နေလေ၏။ သူ့နဖူးတွင် အမာရွတ်တစ်ခုရှိကာ အလွန် ဆိုးရွားသည့်ပုံပေါ်နေ၏။ သူ့ပုခုံးရှိအရစ်များအရ သူသည် ရာထူးနိမ့်မည့်သူမဟုတ်ကြောင်း သူတို့သိရ၏။ 


“ဗိုလ်ချုပ်၊ ကျွန်တော် ဧည့်သည်နှစ်ယောက်ကို ခေါ်လာခဲ့ပါတယ်” 


တပ်ခွဲမှူးကျန်းသည် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့အား ဦးဆောင်မိတ်ဆက်ပေးလေ၏။ 


“ဒါက ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်ကျန်းပါ ”


【TN : ခေါင်းဆောင် ကျန်း(Zhang) နဲ့ ဗိုလ်ကြီး ကျန်း (Jiang) က စာလုံးပေါင်းမတူပါ။ 】


“တွေ့ရတာ ၀မ်းသာပါတယ် ဗိုလ်ချုပ်ကျန်း”


“မင်းတို့နဲ့တွေ့ရတာလည်း၀မ်းသာပါတယ်။ ဒီကို လာထိုင်ပါအုံး ”


ဗိုလ်ချုပ်ကျန်း သည် လူနှစ်ယောက်အား ပြုံးလျက်နှုတ်ဆက်လာပြီး သူတို့အား ထိုင်ရန်ပြောလေ၏။ 


“စတုတ္ထမြောက်တပ်မတော် လွတ်မြောက်ရေးတပ်မရဲ့ ဗိုလ်ချုပ်ကျန်းရွှီကျိုး၊ မင်းတို့ရဲ့နာမည်တွေကို အခုထိ မသိရသေးဘူးနော် ”


“ကျွန်တော်က ကျန့်ယွင်၊ ပြီးတော့ သူက စုရွေ့ကျယ်ပါ ”


သူသည် သူတို့နှစ်ယောက်ထိုင်ပြီးသည်အထိစောင့်ပြီးနောက် တပ်ခွဲမှူးကျန်းသည် ပြန်ထွက်သွားကာ တံခါးအားပိတ်ပေးသွားလေ၏။ 


“မင်းတို့နှစ်ယောက်ရဲ့ အကူအညီကြောင့် သူတို့ကျေးဇူးကြွေးတင်နေတယ်လို့ ငါကြားရတယ်၊ မဟုတ်ရင် ငါတို့အသေအပျောက်က အဆိုးဆုံးတောင် ဖြစ်လိမ့်မယ် ”


“ကျွန်တော်တို့က ဒီလို ချီးကျူးမှုမျိုးနဲ့ မထိုက်တန်ပါဘူးဗျာ” 


“ငါတို့မှာ အချိန်အများကြီးမရှိဘူး၊ ဒါကြောင့် အဓိကအချက်ကိုပဲ တည့်တည့်ပဲပြောရအောင်။ မင်းတို့နှစ်ယောက်မှာ စွမ်းအားတွေရှိရမယ် ဟုတ်တယ်မလား ”


အခန်းထဲတွင် သူတို့သုံးယောက်သာရှိသဖြင့် ဗိုလ်ချုပ်ကျန်းသည် မည်သည့်ဖုံးကွယ်ထားခြင်းမျိုးမရှိဘဲ မေးလာ၏။ 


“မှန်ပါတယ် ”


သူတို့နှစ်ယောက်စလုံးသည် ရှောင်တိမ်းနေခြင်းမရှိဘဲ တိုက်ရိုက်ပင် ၀န်ခံလိုက်ကြ၏။ 


“ကျွန်တော်က မြေဆွဲအားကိုထိန်းချုပ်နိုင်ပြီး သူကအပင်တွေကို ထိန်းချုပ်နိုင်တယ် ”


သူတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသခြင်းမပြုမီကပင် သူတို့သည် သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်လေ၏။ သို့သော် သူတို့၏ ဒုတိယမြောက်စွမ်းရည်များကိုတော့ ဖုံးကွယ်ထားခဲ့လေသည်။  


အနာဂါတ်တွင် အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားရှင်များ၏ အနေအထားသည် မြင့်တက်လာပေလိမ့်မည်။ ယခုမူ သူတို့သည် ဆိုးကျိုးထက် ကောင်းကျိုးပိုများလိမ့်မည့် အစိုးရနှင့် ပထမဆုံး စာရင်းသွင်းထားရလိမ့်မည်။ အစိုးရသည် စွမ်းရည်များအကြောင်း သိနှင့်ပြီးဖြစ်လိမ့်မည်ဟု သူတို့ယုံကြည်သည်။ 


“အသေအချာပဲ၊ မင်းတို့နှစ်ယောက် အမြုတေတွေအကြောင်း သိရမယ်၊ ဟုတ်တယ်မလား ”


“အမြုတေတွေလား ”


ကျန့်ယွင်သည် တည်ငြိမ်စွာပြန်မေးလိုက်၏။ 


“မှန်တယ် ”


ထိုသို့ပြောပြီး ဗိုလ်ချုပ်ကျန်းသည် သူ့အိတ်ကပ်ထဲမှ ကြည်လင်သောအမြုတေတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်၏။ 


“ဒါက အမြုတေတစ်ခုပဲ၊ ဖုတ်ကောင်တစ်ကောင်ရဲ့ ခေါင်းထဲက စွမ်းအားကျောက်တစ်ခု၊ ဒါပေမယ့် ငါတို့ ခုဏက သတ်ခဲ့တဲ့ ဖုတ်ကောင်တွေမှာ အမြုတေမရှိဘူး”


ကျန့်ယွင်၏ မျက်စံများ တွန့်ဆုတ်ကာ သူ့ကြွက်သားများ တင်းကြပ်လာလေ၏။ 


“ငါ့ကို တစ်မျိုးမထင်ပါနဲ့၊ ငါ့မှာ တခြားဆိုလိုတဲ့အဓိပ္ပာယ်မရှိပါဘူး။ မင်းတို့က အဲ့ဒီဖုတ်ကောင်တွေကိုသတ်လိုက်ပြီး အဲ့အမြုတေတွေကိုယူဖို့က မင်းတို့ရဲ့အခွင့်အရေးပါ။ ငါက ဒီအမြုတေအမျိုးအစားနှစ်ခုကြားက ခြားနားချက်ကို စစ်ဆေးကြည့်ချင်ရုံပါ။ မင်းတို့နှစ်ယောက် အဲ့ဖုတ်ကောင်အနည်းငယ်က တစ်ခုခုထူးခြားနေတာကို သတိထားမိတာ ငါသေချာသိပါတယ်။” 


ကျန်းရွှီကျိုး၏လေသံသည် ရိုးသားနေ၏။ 


“ငါမင်းကို အပြစ်တင်တာမျိုးမရှိဘူးဆိုတာကို စစ်မှုထမ်းတွေရဲ့ဂုဏ်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် ”


စုရွေ့ကျယ်သည် ကျန့်ယွင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကျန်းရွှီကျိုး၏မေးခွန်းအား တိုက်ရိုက်ပင်ဖြေလိုက်၏။ 


“ဟုတ်ပါတယ်၊ အဲ့ဒါတွေက ဆင့်ကဲပြောင်းလဲလာတဲ့ဖုတ်ကောင်တွေဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က အဆအများကြီးပိုမြန်ဆန်လာပြီး သာမန်ဖုတ်ကောင်တွေထက် ပိုပြီးစွမ်းအားကြီးတယ်၊ ပြီးတော့ ရင်ဆိုင်ဖို့ အရမ်းခက်ခဲတယ်”


စုရွေ့ကျယ်သည် စတုတ္ထမြောက်တပ်မတော်နှင့် မဖော်ပြနိုင်သော ရင်းနှီးကျွမ်း၀င်မှုရှိ၏။ သူ့အရင်ဘ၀၌ သုတေသနအဖွဲ့အစည်း၏ လျှို့ဝှက်စမ်းသပ်ခန်းထဲတွင် အကျဉ်းချခံထားရစဉ်အချိန်က စတုတ္ထမြောက်တပ်မတော်အကြောင်း ကြားဖူးခဲ့၏။ 


ထိုအချိန်က လင်းချန်အခြေစိုက်စခန်းသည် စတုတ္ထမြောက်တပ်မတော်၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင်ရှိပြီး သူတို့သည် အခြေစိုက်စခန်းအားစစ်ဆေးရန် လူများအား မကြာခဏစေလွှတ်ခဲ့လေ့ရှိ၏။ စတုတ္ထမြောက်တပ်မတော်သည် လူသားများအား စမ်းသပ်လေ့လာခြင်းကို တားမြစ်ထားခဲ့ပြီး ထို့ကြောင့်ပင် စစ်ဆေးရန် စတုတ္ထမြောက်တပ်မတော်လာရောက်သည့်အကြိမ်တိုင်း သုတေသနပညာရှင်များသည် အလွန်သတိထားခဲ့ကြရလိမ့်မည်ဖြစ်၏။ လျှို့ဝှက်ဓာတ်ခွဲခန်းများထဲတွင် သူတို့ သူ့အား ညဉ်းပမ်းစမ်းသပ်သည့်အကြိမ်ရေသည် လျော့ကျသွားလိမ့်မည်ဖြစ်သည်။ 


ထို့ကြောင့်ပင် စုရွေ့ကျယ်သည် ကျန်းရွှီကျိုးသည် သူတို့အား အန္တရာယ်ပြုမည့် ရည်ရွယ်ချက်ရှိမည်မဟုတ်သည်ကို ယုံကြည်ရန် ဆန္ဒရှိခဲ့၏။ 


“ဒါတွေက အဲ့ဖုတ်ကောင်အနည်းငယ်ရဲ့ အမြုတေတွေပါ ”


စုရွေ့ကျယ်သည် သူ့အိတ်ကပ်ထဲမှ အနီရောင်ဖျော့ဖျော့ အမြုတေတစ်ခုကိုထုတ်လိုက်ကာ စားပွဲပေါ်ရှိ ကြည်လင်သောအမြုတေ၏ ဘေးနားတွင် တင်ထားလိုက်၏။ 


အနီရောင်ဖျော့ဖျော့ အမြုတေသည် ကြည်လင်သောအမြုတေထက် ပိုကြီး၏။ ၎င်းတွင် ဆန်းကျယ်သောရောင်ဝါတစ်ခုရှိပြီး အနုပညာလက်ရာတစ်ခုကဲ့သို့ လှပသောအသွင်အပြင်ဖြစ်နေလေ၏။ ၎င်း ဘယ်ကလာခဲ့သည်ကိုတောင် စိတ်ကူးကြည့်ရန် မဖြစ်နိုင်ချေ။  


“ဆင့်ကဲပြောင်းလဲလာတဲ့ ဖုတ်ကောင်တွေရဲ့အမြုတေတွေက အရောင်တူတူပဲလား ”


ကျန်းရွှီကျိုးသည် အမြုတေကိုကောက်ယူကာ အသေအချာ ဂရုတစိုက်စစ်ဆေးကြည့်လေ၏။ အရောင်နှင့် အရွယ်အစားကလွဲ၍ အမြုတေနှစ်ခုသည် အလွန်ကွာခြားသည့်ပုံမရှိကြောင်း သူတွေ့လိုက်ရ၏။ 


“ဟုတ်ကဲ့၊ စုစုပေါင်း ငါးခုပါ။ အကုန်လုံးက အနီရောင်ဖျော့ဖျော့ပဲ ”


ကျန်းရွှီကျိုးသည် တစ်ခဏမျှ ငြီးတွားလိုက်ပြီး ခေါင်းညိတ်ကာ အနီရောင်အမြုတေအား စုရွေ့ကျယ်ထံသို့ပြန်ပေးလိုက်၏။ 


“ငါသိပြီ၊ ကျေးဇူးတင်ပါတယ်၊ ငါမေးချင်တာရှိသေးတယ်။ အရင်က မင်း ဖုတ်ကောင်တွေကိုသတ်တဲ့အချိန်တုန်းက သေနတ်တွေကို အသုံးပြုခဲ့တာလား။ ငါတို့ရဲ့ သေနတ်တွေ ဘာကွာလဲဆိုတာ ငါမသိဘူး ”


“ကွာခြားချက်က ကျည်ဆန်တွေပါ ”


စုရွေ့ကျယ်သည် သူ့အိတ်ကပ်ထဲမှ အ၀တ်အိတ်သေးသေးလေးတစ်ခုကိုထုတ်လိုက်ပြီး ပဲစေ့များစွာကို ထုတ်ယူလိုက်ပြီးနောက် သူ့ဘယ်ဘက်လက်ထဲတွင် ဆုပ်ကိုင်ဖုံးအုပ်ထားလိုက်၏။ သူပြန်ဖွင့်လိုက်သောအခါ ပဲစေ့များသည် အစိမ်းရောင်ကျည်ဆန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ 


ကျန်းရွှီကျိုးသည် အံ့အားသင့်စွာစိုက်ကြည့်လျက် ကျည်ဆန်တစ်ခုကို ယူလိုက်ပြီး သေသေချာခာစစ်ဆေးကြည့်လေ၏။ ပုံသဏ္ဍာန်နှင့် အရောင်မှလွဲ၍ ကျည်ဆန်၏ ခံစားချက်နှင့် ပုံသဏ္ဍာန်သည် သာမန်ကျည်ဆန်တစ်ခုကဲ့သို့ တိကျစွာတူညီနေလေ၏။ 


“ဒါက မင်းရဲ့စွမ်းအားလား ”


“ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ စွမ်းအားက အပင်တွေကို လက်နက်အဖြစ်ပြောင်းလဲနိုင်တဲ့ပုံ ရပါတယ် ”


“အဲ့ဒါတွေက သာမန်ပဲစေ့တွေလား ”


ကျန်းရွှီကျိုးသည် အလွန်လတ်ဆတ်နေပုံရသည့် ပဲစေ့များအား ဂရုတစိုက်ကြည့်ရှုနေလေ၏။ 


“မှန်ပါတယ်၊ သာမန်မြင်နေကျ ပဲစေ့ပါပဲ၊ အဲ့ဒါကို ထိန်းသိမ်းဖို့ ကျွန်တော့်စွမ်းအားကိုသုံးထားလို့ အရမ်းလတ်ဆတ်နေပုံရတာပါ။ ”


ကျန်းရွှီကျိုးသည် ခေါင်းညိတ်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာမေးလာ၏။ 


“မင်းလက်ထဲမှာ ပဲစေ့ဘယ်နှစေ့ကျန်သေးလဲ ငါမသိဘူး။ မင်းငါ့ကို ပဲစေ့အချို့နဲ့ ကျည်ဆန်အနည်းငယ်လောက် ပေးနိုင်မလား ”


ပဲစေ့များထဲရှိ အချို့ ဒြပ်စင်များသည် ဖုတ်ကောင်များ၏ ဆင့်ကဲပြောင်းလဲနေခြင်းအပေါ် တားဆီးနိုင်သည့် အကျိုးသက်ရောက်မှုရှိရမည်ဟု သူထင်၏။ သူပြန်ပြီး ၎င်းတို့အား သုတေသီများထံပေးလိုက်မည်ဆိုပါက သူတို့အနေဖြင့် အချို့သောအရေးပါသည့် စပ်းသပ်ရှာ‌ဖွေချက်များ လုပ်နိုင်ပေလိမ့်မည်။ 


“ဟုတ်ကဲ့၊ ဒါတွေက ကမ္ဘာပျက်ကပ်မတိုင်ခင်က ကျွန်တော်စိုက်ခဲ့တဲ့ဟာတွေပါ။ ကျွန်တော့်မှာ အများကြီးတော့ မကျန်တော့ဘူး။ ကျွန်တော် ခင်ဗျားကို တစ်၀က်တော့ ပေးနိုင်တယ်။ ခင်ဗျားလိုချင်ရင် အဲ့ကျည်ဆန်တွေအားလုံးကို ယူနိုင်ပါတယ်။ ”


မတိုင်ခင်က၊ သူတို့ကားထဲသို့ ပြန်ရောက်သည့်အချိန်က ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် ထိုအကြောင်းအား ဆွေးနွေးခဲ့ကြ၏။ စုရွေ့ကျယ်၏ ပဲစေ့ကျည်ဆန်များသည် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များအား ကြီးမားသောသက်ရောက်မှုဖြစ်စေကြောင်း မသိထားခဲ့ကြချေ။ အပင်များတွင်ပါ၀င်သော ကလိုရိုဖီးလ်နှင့် အချို့သောအာဟာရများနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု သူတို့တွေးခဲ့ကြ၏။  


သူတို့အနေဖြင့် ထိုလျှို့ဝှက်ချက်အား တကိုယ်ကောင်းဆန်စွာ ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။ ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များ၏ ထွက်ပေါ်လာမှုသည် ဖုတ်ကောင်များ အဆက်မပြတ်ဆင့်ကဲပြောင်းလဲလာနေကြောင်းကို သက်သေပြနေ၏။ ထို့အပြင် လူသားများ၏တိုးတက်မှုများသည် ဖုတ်ကောင်များနှင့် အမှီမလိုက်နိုင်ပါက လူသားများအနေဖြင့် စောင့်မျှော်နေနိုင်သည့် တစ်ခုတည်းသောအရာမှာ မျိုးသုန်းပျက်ဆီးခြင်းပင်ဖြစ်လေ၏။ ထို့ကြောင့် အပင်များနှင့် အသီးအနှံမှ ကလိုရိုဖီးလ်နှင့် အခြားအာဟာရများသည် ဖုတ်ကောင်ရောဂါပိုးအား အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ကြောင်း သူတို့ယုံကြည်၏။ သိပ်မကြာခင်မှာပင် တစ်စုံတစ်စုံတစ်ယောက်သည် ထိုအကြောင်းအားရှာဖွေ တွေ့ရှိပြီး အစိုးရထံ ထုတ်ဖော်ပြောဆိုပြီးနောက် အစိုးရမှ အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်သည်။ 


ယခုမူ ကမ္ဘာပျက်ကပ်၏ အစောပိုင်းနေ့ရက်များဖြစ်ပြီး သူတို့ အသီးအရွက်များနှင့် အသီးအနှံအစေ့များကို ရှာဖွေပါက ၎င်းတို့အား အမြဲတမ်း တွေ့ရှိနိုင်လိမ့်မည်။ မြေဆီလွှာမရှိသည့် အခြေအနေ၌ဖြစ်စေ စွမ်းအားတစ်ခု၏ လှုံ့ဆော်မှုအောက်၌ဖြစ်စေ စုရွေ့ကျယ်သည် တစ်ခုတည်းသော အထောက်အပံ့အရင်းအမြစ်တစ်ခု ဖြစ်လာလိမ့်မည်မဟုတ်ချေ။ 


“စွမ်းအားတစ်ခု နိုးထလာတဲ့အချိန်မှာ အသီးအနှံတွေ ဒါမှမဟုတ် အသီးအရွက်တွေ စားတာက အကူအညီ ဖြစ်နိုင်လိမ့်မယ် ”


ကျန့်ယွင်သည် အချိန်ကိုက် ထပ်ပြောလိုက်၏။ အစိုးရနှင့် စစ်တပ်အား သူ၏ကောင်းမွန်သော ရည်ရွယ်ချက်များအား ပြသရန်ဆုံးဖြတ်ထားသည့်အတိုင်း စေ့စေ့စပ်စပ် သေသေချာချာ လုပ်သည်က ပိုကောင်းပေလိမ့်မည်။ ဘာဖြစ်ဖြစ် ထိုအရာက သတိပေးချက်တစ်ခုသာဖြစ်၏။ 


ကျန်းရွှီကျိုးသည် သူတို့၏စကားများအား အလွန် အလေးထားခဲ့၏။ သူတို့အား ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုပြီးနောက် အသက်ရှင်ကျန်သူများ၏ အခြေစိုက်စခန်းတချို့၏ အခြေအနေအားလည်း ထုတ်ဖော်ပြောဆိုခဲ့၏။ ရှင်ကျန်သူများ အခြေစိုက်စခန်းများအား တည်ထောင်ခါစဖြစ်ပြီး သူတို့၏ စစ်ဆင်ရေးသည် စမ်းသပ်ဆဲကာလဖြစ်နေသေး၏။ 


ရှင်ကျန်ရစ်သူများအားလုံးအား ချွင်းချက်မရှိ လက်ခံထားလိုသော်လည်း တစ်‌စုံတစ်ယောက်အနေဖြင့် အသက်ရှင်သန်လိုပါက သူတို့ကိုယ်သူတို့ အားကိုးရမည်ဖြစ်၏။ အခြေစိုက်စခန်းမှ သူတို့အား ကျွေးမွေးလိမ့်မည်မဟုတ်ချေ။ သူတို့အနေဖြင့် အခြေစိုက်စခန်းများတွင် ပိုမိုကောင်းမွန်သောအခြေအနေများ ခံစားလိုပါက သူတို့သည် ရိက္ခာပမာဏတစ်ခုကို ပေးရလိမ့်မည်ဖြစ်ကြောင်း ကျန်းရွှီကျိုးမှ ပြောခဲ့၏။ 


ကျန့်ယွင်သည် A မြို့ထဲတွင် သူ့သူငယ်ချင်းများရှိပြီး ထို့ကြောင့် ညနေပိုင်းတွင် စစ်တပ်နှင့်အတူသွားရန် အလွန်ဆန္ဒရှိကြောင်း ချက်ချင်းပြောလိုက်၏။ နောက်ထပ်စကားအချို့ ပြောဆိုကြပြီးနောက် ကျန်းရွှီကျိုးသည် သူ့လူနှစ်ယောက်အား ပို့လိုက်ပြီး ကျန့်ယွင်၏အဖွဲအနားယူရန် လွတ်လပ်သောအခန်းတစ်ခု စီစဉ်ပေးရန် အမိန့်ပေးလိုက်၏။ နောက်ဆုံး၌ သူသည် အရေးကြီးသောသတင်းစကားအား တောင်ပိုင်းစစ်ဌာနချုပ်ရေဒီယို ထုတ်လွှင့်ခြင်းမှတဆင့် ပေးပို့လိုက်၏။ 


သူတို့သည် အခန်းထဲသို့ ၀င်လာပြီး မကြာမီမှာပင် စုန့်ချန်ရှုသည် စစ်သားအများအပြားနှင့်အတူ အိတ်ကြီး အိတ်ငယ်များစွာကို သယ်လာလေ၏။ 


နေ့ဘက်အချိန်အတောအတွင်း၌ အလွန်ပူပြင်းလှသဖြင့် လူအများစုသည် အိပ်နေကြ၏။ နေ့လည်ခင်း၌ စစ်တပ်သည် အသက်ရှင်ကျန်သူများအား ရေနှင့် ဘီစကစ်များကဲ့သို့ အစားအစာများ ထောက်ပံ့ပေးပြီး ညဘက်၌ ယာဂုအချို့ချက်ပြုတ်ပေးလေသည်။