အခန်း(၄၈)
Viewers 12k

အခန်း(၄၈)《 ကယ်ဆယ်ရေးစတင် 》


Author: Drunken Light Song

Source: Callis & Jostena M

Editor : vvreath

Translator: オタク


ဤတစ်ကြိမ်တွင် ကျန့်ယွင်၏အဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါ၀င်သွားမည်ဖြစ်သည်။ သို့သော် ၎င်းသည် စစ်တပ်နှင့်ဖြစ်သဖြင့် စွမ်းအားမရှိသောသုန်သုန်နှင့် အိမ်မွေးကြောင်လေးတစ်ကောင်အား အတူခေါ်ဆောင်သွားရန် မသင့်လျော်ပေ။ 


ကျောက်ပင်း၏တပ်ဖွဲ့၏ အစိတ်အပိုင်းကြီးတစ်ခုသည် ဒဏ်ရာရနေကြသဖြင့် ကျန်းရွှီကျိုးသည် သူတို့အား Aမြို့တွင်မဟုတ်ဘဲ ၀န်ဆောင်မှုနယ်မြေတွင်သာ ကာကွယ်ရေးတာ၀န်များလုပ်ဆောင်ရန် ခွင့်ပြုပေးထားခဲ့သည်။ 


ထို့ကြောင့် မထွက်ခွာကြခင် ကျန့်ယွင်သည် ကျောက်ပင်းအားရှာ‌ပြီး သုန်သုန်နှင့် ကြောက်နက်လေးတို့အား နှစ်ရက်လောက် စောင့်ရှောက်ပေးစေခဲ့သည်။ သူသည် သူတို့နှစ်ယောက်အတွက် အစားအစာအိတ်နှစ်လုံးကိုလည်း ထားပေးခဲ့သည်။ 


သူ့အစ်ကိုကြီးများ ထွက်ခွာသွားမည်ကို သိ၍ဖြစ်နိုင်သည်။ သုန်သုန်သည် စူပုပ်နေကာ လက်ဆန့်ပြီး စုရွေ့ကျယ်၏ အင်္ကျီစအားဆုပ်ကိုင်ထားလေ၏။ ကြီးမားပြီး နက်မှောင်နေသော သူ့မျက်လုံးလေးများသည် ငိုချင်နေသကဲ့သို့ပင်။ 


စုရွေ့ကျယ်၏ နှလုံးသား ပျော့ပြောင်းသွားလေ၏။ သူသည် လက်ဆန့်ကာ သုန်သုန်၏ဆံပင်လေးအား ပွတ်သပ်လိုက်လေ၏။ သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နူးညံ့စွာပြောလာလေသည်။ 


“လိမ္မာနော်၊ အစ်ကိုကြီးတို့က မကြာခင်မှာ ပြန်လာခဲ့မယ်။ နားလည်ရဲ့လား ”


သုန်သုန်သည် နာခံစွာခေါင်းညိတ်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် သွားခွင့်ပြုလိုက်လေ၏။ 


စစ်ယာဉ်တန်းသည် အလျင်အမြန်ပင်စတင်ထွက်ခွာလာကြလေ၏။ ဤတစ်ကြိမ်တွင် စစ်ကားကြီး အစီးနှစ်ဆယ်နှင့် လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သားအယောက်ရှစ်ရာသည် ကယ်ဆယ်ရေးအတွက် Aမြို့ဆီသို့ လိုက်ပါလာကြလေသည်။ မနက်ခင်းက ကျန့်ယွင်၊ စုရွေ့ကျယ်နှင့် ကျန်းရွှီကျိုးတို့ စကားစမြည်ပြောဆိုပြီးနောက် သူတို့သည် အသီးအရွက်များ၊ အသီးအနှံများနှင့် အပင်အစေ့များ စုဆောင်းရန်တာ၀န်တစ်ခုကို ထပ်ပေါင်းထည့်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့အဖွဲ့သည်လည်း စစ်တပ်မှ ထောက်ပံ့ပေးထားသော စက်သေနတ်များတပ်ဆင်ထားသည့် စစ်ကားတစ်စီးကိုယူဆောင်လာခဲ့ပြီး သူတို့ကိုယ်များတွင် ခဲယမ်းများကိုသယ်ဆောင်လာခဲ့ကြသည်။ ကျန့်ယွင်မှ လွဲ၍ အဖွဲ့ထဲရှိ ကျန်သည့် လူအများစုသည် သေနတ်တစ်လက်အားကိုင်ဆောင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ၎င်းသည် အတော်လေးထူးဆန်းသော ခံစားချက်ပင်။ 


ကျန့်ကျားဟယ်တစ်ယောက်သာလျှင် ပတွတ်ပတွတ်နှင့် အထွန့်တက်လာခဲ့လေ၏။ 


“ကျွန်တော်က ဘယ်လိုပစ်ရမယ်တောင်သိတာမဟုတ်ဘူး။ လေးလံလွန်းတဲ့ သံတုတ်ချောင်းတစ်ခုပေးလာတာက ကျွန်တော့်အတွက် ပိုကောင်းလိမ့်အုံးမယ်....”


ကျန်းရှို့လျန်သည် ဘာတစ်ခုမှ ပြောမလာသော်လည်း သူ့အမူအရာမှ သူလည်းပဲ ကျန့်ကျားဟယ်၏စကားကို အမှန်တကယ် ထောက်ခံနေလေသည်။ 


ဝူကျင်းသည် စိတ်အခြေမကောင်းဖြစ်နေပြီး သူမ၏ဘေးနားရှိလူအား ဆွဲလိုက်ပြီး ကျန့်ကျားဟယ်အား စူးစူးရဲရဲစိုက်ကြည့်ကာ “လူတိုင်းက သူတို့မကြိုက်တာကို ထိန်းထားနိုင်သေးတယ်။ နင်တစ်ယောက်ပဲ မထိန်းနိုင်တာ” 


စိတ်လှုပ်ရှားမှုများ သေဆုံးသွား‌‌လေသော အိုတာကုလေးသည် အမျိုးသမီးတစ်ဦးနှင့် ငြင်းခုန်ရန် အခွင့်အရေးမရှိသဖြင့် ဒေါသတကြီးနှုတ်ပိတ်လိုက်ရလေတော့သည်။ 


စစ်ယာဉ်တန်းသည် မြို့ထဲသို့ဖြေးညှင်းစွာ၀င်လာသည်နှင့် ဆူညံသံသည် ဖုတ်ကောင်များစွာကိုဆွဲဆောင်လိုက်မိသော်လည်း ဘီးများဖြင့် မညှာမတာ အကြိတ်ခံလိုက်ရလေသည်။ သေနတ်သံများဖြင့် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး မြို့ထဲရှိ အသက်ရှင်ကျန်သူများအား စစ်တပ်ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာပေးနေလေ၏။ 


အစိုးရသည် ကယ်ဆယ်ရေးသတင်းအား ရေဒီယိုမှ ထပ်ခါ ထပ်ခါ ထုတ်လွှင့်ပေးထားခဲ့လေသည်။ မြို့ထဲရှိလူများသည် သူတို့ထံ၌ ရေဒီယိုတစ်လုံးရှိပါက သတင်းအားရရှိပြီးဖြစ်ရမည်။ 


သို့သော်လည်း စစ်ယာဉ်တန်း မြို့ထဲသို့၀င်လာသည့်အချိန်တွင် နေရာတိုင်းတွင် စွန့်ပစ်ထားသောယာဉ်များ ရှုပ်ပွနေလေ၏။ နေသည် အလောင်းကောင်များအား ပုပ်ပွ ခြောက်သွေ့သွားစေပြီး သူတို့ဦးတည်နေရာသို့ လျှောက်သွားနေပြီး အသံနိမ့်ဟောက်နေကြသော ဖုတ်ကောင်များကိုသာ ချန်ထားရစ်ခဲ့လေသည်။ 


“ဘာတွေဖြစ်နေတာလဲ ”


အခြေအနေသည် အလွန်ထူးဆန်းနေပြီး စစ်သားများကိုပင် အံ့ဩသွားစေ၏။ 


Sမြို့ သို့ ရှာဖွေရေးနှင့် ကယ်‌ဆယ်ရေးအတွက် ၀င်ရောက်ခဲ့သည့် အချိန်က လူနေထိုင်ရာအဆောက်အအုံများရှိ မရေတွက်နိုင်သောပြတင်းပေါက်များတွင် အနီရောင်အ၀တ်၊ လိုက်ကာများ၊ ပုဝါများနှင့် အတွင်းခံများကို ပင်ချိတ်ဆွဲထားကြလေသည်။ အကယ်၍ အနီရောင်ဖြစ်နေပါက ချိတ်ဆွဲထားမည်ဖြစ်သည်။ အမှန်တကယ်ကို တစ်ခုမျှ မရှိပါက အရောင်တောက်ပသောအ၀တ်စများကို ချိတ်ဆွဲထားကြမည်ဖြစ်ပြီး စစ်သားများသည် ရှာဖွေစစ်‌ဆေးရန် သွားကြလိမ့်မည်ဖြစ်သည်။ 


သို့သော်လည်း ဤနေရာတွင် မြို့တစ်ခုလုံးသည် တစ္ဆေမြို့တစ်ခုကဲ့သို့ပင် အသက်ကင်းမဲ့နေလေ၏။ 


လူတွေ ဘယ်ကို သွားကုန်ကြတာလဲ။ ဤလောက်ကြီးမားသောမြို့ကြီးတစ်မြို့တွင် အသက်ရှင်ကျန်သူတကယ်ကိုတစ်ယောက်မှ မရှိဘူးလား။ ဒါမှမဟုတ် သူတို့ ရေဒီယိုသတင်းကို မကြားခဲ့ကြရလို့လား။


“အဖွဲ့ 1 ကနေ 10 ထိက ကာကွယ်ပေးဖို့တာ၀န်ရှိတယ်၊ တခြားအဖွဲ့တွေက အနီအနားနယ်မြေမှာ ရှာဖွေပြီး ကယ်ဆယ်မယ်။ အဖွဲ့အားလုံး သက်ရှိထောက်လှမ်းရေးကိရိယာကို ဖွင့်လိုက်ကြ”


အင်တာကွန်မှ ညွှန်ကြားချက်များထွက်ပေါ်လာလေ၏။ 


စစ်တပ်တွင် ကမ္ဘာ့အကောင်းဆုံးရှာဖွေရေးနှင့်ကယ်ဆယ်ရေး ကိရိယာဖြစ်သည့် DLK သက်ရှိထောက်လှမ်းရေးကရိယာကို တပ်ဆင်ထားလေသည်။ ၎င်းသည် လူ့နှလုံးခုန်သံမှ ထွက်ပေါ်လာသည် အလွန်နိမ့်သော ကြိမ်နှုန်းလှိုင်းများမှ ထုတ်ပေးသည့် လျှပ်စစ်စက်ကွင်းကို အာရုံခံပြီး အသက်ရှင်နေသည့် လူတစ်ဦး၏တည်နေရာကို တွေ့ရှိနိုင်လေသည်။ 


လူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အလွန်နိမ့်သောလျှပ်စစ်လှိုင်းသည် ကွန်ကရစ်နံရံများ၊ စတီးပြားများ၊ သစ်သားပြားများ၊ ရေ နှင့် တခြား သတ္တုပစ္စည်းများကို ဖောက်ပြီး ၀င်ရောက်နိုင်လေသည်။ လူများအသက်ရှင်နေသ၍ သူတို့သတိရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ သက်ရှိထောက်လှမ်းရေးကိရိယာမှ အချိန်အနည်းဆုံးမှာပင် ရှာတွေ့နိုင်လေသည်။ 


၎င်းသည် သေးငယ်ပြီး တစ်ကီလို‌ခန့်သာအလေးချိန်ရှိကာ အလွယ်တကူသယ်ဆောင်နိုင်လေသည်။ အဖွဲ့တစ်ဖွဲ့တွင် တစ်ခုစီရှိသော်လည်း ၎င်း၏အကွာအဝေးမှာ မီတာ ငါးရာဖြစ်လေသည်။ ကြီးမားသောပမာဏအတိုင်းအတာ ရှာဖွေကယ်ဆယ်ရေးကို လုပ်ဆောင်ရန် သဘာ၀မကျသဖြင့် အဖွဲ့များကို ဖြန့်ကျက်ကာ ရှာဖွေဖို့သာ ခွင့်ပြုနိုင်လေသည်။ 


ပထဆုံး အဖွဲ့ဆယ်ဖွဲ့သည် တခြားအဖွဲ့ဆယ်ဖွဲ့က ရှာဖွေ ကယ်ဆယ်ရေးအတွက် အဆောက်အဦးများထဲသို့ဝင်နေစဉ်၌ စစ်ကားများကို အသုံးပြုကာ ဆွဲဆောင်ခံထားရသောဖုတ်ကောင်များကို ရှင်းလင်းရန် အဓိကလမ်းမကြီးပေါ်တွင် ခုခံကာကွယ်ရေးခံတပ်များ တည်ဆောက်ကြသည်။ 


ကျန့်ယွင်၏အဖွဲ့သည် ဆယ့်နှစ်စီးမြောက်စစ်ကားထဲတွင်ဖြစ်ကာ ဆယ်နှစ်ဖွဲ့မြောက် တပ်ဖွဲ့ပင်ဖြစ်လေ၏။ တပ်ဖွဲ့ခေါင်းဆောင် လီမင်းသည် သူ့အထက်အရာရှိထံမှ ညွှန်ကြားချက်ကို ရရှိခဲ့၍ဖြစ်နိုင်သည်။ သူသည် ကျန့်ယွင်၏အဖွဲ့ကိုကြည့်လာပြီး သူတို့အားကားပေါ်မှ ဆင်းရန် မျက်လုံးဖြင့် အချက်ပေးလာ၏။ ကျန့်ယွင်သည် ခေါင်းညိတ်ပြလိုက်ပြီး ခိုင်လုံသောတုန့်ပြန်မှုတစ်ခု ပေးလိုက်၏။ 


သို့သော်လည်း ဘေးကင်း လုံခြုံရေးအတွက် လီမင်းသည် ကျန့်ယွင်၏အဖွဲ့အားအနောက်တွင် ကာကွယ်ရန် ခွင့်ပြုထားပြီး သူ့တပ်ဖွဲ့၀င်များနှင့်အတူ အရှေ့သို့ ချီတက်သွားလေ၏။ 


သက်ရှိထောက်လှမ်းရေး ကိရိယာသည် ဆယ့်ငါးထပ်လူနေအဆောက်အဦးမှ တုန့်ပြန်မှုရှိနေခဲ့၏။ လီမင်းသည် ချက်ချင်းပင် ရှာဖွေကယ်ဆယ်ဖို့ အမိန့်တစ်ခုပေးလိုက်၏။ အဆောက်အဦးထဲသို့ ၀င်သွားလိုက်သည်နှင့် အပုပ်နံ့တစ်ခုက လာရိုက်ခတ်လေ၏။ စင်္ကြံသည် အနီရောင် အနက်ရောင်သွေးများလွှမ်းနေပြီး ခြေလက်အကျိုးအပဲ့များ နေရာတိုင်းတွင် ပြန့်ကျဲနေလေ၏။ 


ဓာတ်လှေကားသည် ထပ်မံအသုံးပြု၍မရနိုင်တော့သဖြင့် သူတို့သည် လှေကားများမှသာ တက်ကြရလိမ့်မည်ဖြစ်၏။ 


လီမင်းသည် ရုတ်တရက် ကျန့်ယွင်ဘက်သို့လှည့်၍ပြောလာလေ၏။ 


“မင်းက အရမ်းစွမ်းအားကြီးတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ခွဲသွားကြစို့။ ငါတို့က အပေါ်ကနေ ရှာဖွေရေး စမယ်၊ ပြီးတော့ မင်းတို့က အောက်ခြေကနေစ။ တပ်ရင်းမှူးက မင်းတို့ရှာလို့ရသမျှပစ္စည်းအားလုံး မင်းတို့ပိုင်တယ်လို့ပြောလိုက်တယ်။ ”


“နားလည်ပြီ၊ ပြဿနာမရှိဘူး ”


ကျန့်ယွင် ခေါင်းညိတ်ပြလိုက်၏။ ကျန်းရွှီကျိုးသည် သူတို့၏အရေးကိစွများကို စိတ်ထဲတွင် မှတ်ယူထားပုံရပြီး အနာဂါတ်တွင် အသက်ရှင်ကျန်သူအခြေစိုက်စခန်းသို့ ၀င်ရောက်ရန် အလျှော့အတင်းပြုလုပ်နိုင်ဖို့ ပစ္စည်းအချို့ကို သူတို့ လိုအပ်၍ဖြစ်သည်။ 


“အန္တရာယ်ကင်းဖို့ အာရုံစိုက်ထားကြပါ။ ”


လီမင်းသည် သတိပေးပြီး သူ့အဖွဲ့ကို အပေါ်ထပ်များဆီသို့ ခေါ်သွားလေသည်။ 


ဤအဆောက်အဦး၏ အလွှာတိုင်းသည် အိမ်ထောင်စုနှစ်ခု နေထိုင်ခဲ့ကြသည်။ ကျန့်ယွင်၏အဖွဲ့သည် ပထမထပ်မှစ၍ သူတို့၏ရှာဖွေရေးကို စတင်လိုက်ကြ၏။ သူတို့တွင် ကျန့်ကျားဟယ်ရှိသဖြင့် တံခါးသော့သည် အခြေခံအားဖြင့် အသုံးမ၀င်ပါချေ။ သူမဖွင့်နိုင်သည့် တံခါးဟူ၍မရှိ။ အကယ်၍ တစ်ခုရှိပါကလည်း သူနောက်တစ်ကြိမ် ထပ်ကန်လိုက်လိမ့်မည်ပင်။ 


ပထမအိမ်ထောင်စုတွင် လူသားကော ဖုတ်ကောင်များပါမရှိချေ။ အရာတိုင်းအား မရိုမသေဖြင့် ကြမ်းပေါ်သို့ ပစ်ချထားသော်လည်း အိပ်ခန်းထဲရှိ အိပ်ယာနံဘေးတွင် အားအပြည့်သွင်းထား‌သော ပြည်တွင်းထုတ် အားအပြည့် touchscreen မိုလ်ဘိုင်းဖုန်းတစ်လုံးကိုရှာတွေ့ခဲ့ကြလေ၏။ 


“ဟေး၊ ဒါက အကောင်းကြီး ”


ကျန့်ကျားဟယ်သည် အရာ၀တ္ထုအားကောက်ယူလိုက်၏။ သူသည် သူ့အသက်အတွက် ပြေးလွှားခဲ့ရသည့်အချိန်က အလွန်အလျင်စလိုဖြစ်နေခဲ့ပြီး သူ့ဖုန်းအားမည်သည့်နေရာတွင် ပျောက်ခဲ့မှန်း မမှတ်မိတော့ချေ။ 


“အဲ့ဒါက ဘာအသုံး၀င်တော့မှာလဲ။ မင်းဖုန်းခေါ်လို့လဲမရ၊ အွန်လိုင်းတက်လို့လည်းမရ ”


စုန့်ချန်ရှုက ညီးညူလေ၏။ 


“ငါ ဂိမ်းတွေဆော့လို့ရတယ်လေ။ ဒီမှာ ဂိမ်းတွေရှိမရှိ ကြည့်ရအောင်”


ကျန့်ကျားဟယ်သည် မိုလ်ဘိုင်းဖုန်းအားဖွင့်လိုက်ပြီး password ခံထားခြင်းမရှိဘဲ menu page သို့ချောချောမွေ့မွေ့၀င်ရောက်သွားလေ၏။ 


“ဟားဟားဟား ကြည့်စမ်း၊ ဒီမှာ Plants vs Zombies ဂိမ်းရှိနေတယ် ”


ကျန့်ကျားဟယ်သည် မိုလ်ဘိုင်းဖုန်းအားပျော်ရွှင်စွာ မြှောက်ပြလာလေ၏။ 


“ဒါက ကျွန်တော့်အတွက် ပြင်ဆင်ထားပေးတာ အသေအချာပဲ ”


စုန့်ချန်ရှုသည် သူ့အားချန်ထားခဲ့ရန်အလွန် ငြီးငွေ့နေလေပြီ။ သူသည် လှည့်ထွက်လာလိုက်ပြီး မီးဖိုချောင်ထဲသို့၀င်လာလေ၏။ ကျန့်ယွင်သည် ဆန်အိတ်သေးနှစ်အိတ်နှင့် ပြောင်းဆီ စည်နှစ်စည်ကို မီးဖိုခန်းထဲမှ ဆွဲထုတ်လိုက်ပြီး ကြမ်းပေါ်တွင်ခင်းထားသော အခင်းပေါ်သို့ ပစ်တင်လိုက်၏။ ထို့နောက် သူတို့အားကြည့်လိုက်ပြီး မေးလာ၏။ 


“ကျန့်ကျားဟယ် ဘယ်မှာလဲ ”


“အိပ်ခန်းထဲမှာ ”


“အာယာ၊ လောင်တ ကျွန်တော့်ကိုခေါ်သေးလား ”


ကျန့်ကျားဟယ်သည် မိုလ်ဘိုင်းဖုန်းနှင့် အားသွင်းကြိုးအားသိမ်းလိုက်ပြီး အိပ်ခန်းထဲမှ ပြေးထွက်လာလေ၏။ 


“အဲ့ဒါတွေအကုန် ယူသွား၊ ငါတို့ နောက်မှ ပိုပြီးရှာကြည့်မယ်။ မင်းအဲ့ဒါ‌တွေ အကုန် သယ်နိုင်ပြီ။” 


“အာ....”


ကျန့်ကျားဟယ်သည် ကြမ်းပေါ်တွင် ခင်းထားသောအနီရောင် ပျိုနီပန်းပွင့်ကြီးများ ရိုက်နှိပ်ထားသည့် အိပ်ယာခင်းများကို ကြည့်လိုက်ပြီး အတော်လေး သဘောမကျတော့ပေ။ 


ကျန့်ယွင် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်နှင့် ကျန့်ကျားဟယ်လည်း အိပ်ယာခင်းနှင့် ပစ္စည်းများကို နာနာခံခံထုပ်ပိုးလိုက်လေတော့၏။ 


“အချိန်အများကြီးမရှိဘူး၊ လူတိုင်း မြန်မြန်လှုပ်ရှားကြ ” 


ဒုတိယအိမ်ထောင်စုတွင်တော့ အိပ်ခန်းထဲတွင် ချုပ်နှောင်ထားသော ဖုတ်ကောင်အိုကြီးတစ်ကောင်ရှိလေ၏။ လူတိုင်းသည် ဖုတ်ကောင်အား သတ်လိုက်ကြပြီးနောက် ခေါက်ဆွဲခြောက်နှစ်ထုပ်သာလျှင် ရှာတွေ့ခဲ့ကြလေ၏။ 


လီမင်း၏အဖွဲ့ ဦးဆောင်မှုနှင့်အတူ ကျန့်ယွင်တို့အဖွဲ့ အပေါ်ထပ်သို့တက်သွားချိန်တွင် ဖုတ်ကောင်တစ်ကောင်မှ မတွေ့ခဲ့ကြချေ။ သူတို့သည် ခုနစ်လွှာသို့ ချောချောမွေ့မွေ့ ဖြင့် ဆက်တိုက်ရှာဖွေခဲ့ကြလေသည်။ 


ကျန့်ကျားဟယ်၏ကျောပါ်ရှိ အထုပ်သည် အသေးတစ်ခုမှ အလွန်ကြီးမားသောတစ်ခုအဖြစ်ပြောင်းသွားလေ၏။ ကျန့်ကျားဟယ်သာ မသန်မာပါက သူဖိကြိတ်ခံနေရလောက်ပြီဖြစ်၏။ လေးလွှာမြောက်သည် အရာရှိတစ်ဦး၏မိသားစု နေထိုင်ခဲ့ပုံရကာ မဖြည်ရသေးသောအထုပ်များ၊ လက်ရာမြောက်ဈေးကြီးသောဆေးပေါ့လိပ်များ၊ လက်ဆောင်ရထားသည့် ဝိုင်သေတ္တာများရှိကာ ၎င်းတို့ထဲမှ အများစုသည် စုရွေ့ကျယ်၏ သူ့နေရာလွတ်ထဲသို့ အသိမ်းခံလိုက်ရလေ၏။ အစိတ်အပိုင်းအနည်းငယ်ကိုသာ ကျန့်ကျားဟယ်သယ်ဆောင်လာသောအထုပ်ထဲသို့ ထည့်လိုက်လေ၏။ 


သူတို့ ရှစ်လွှာသို့ရောက်လာချိန်တွင် ကြမ်းပေါ်တွင် ခေါင်းများအားလုံး ရိုက်ခွဲခံထားရပြီး လဲကျနေသော ဖုတ်ကောင်အများအပြားကို မြင်လိုက်ကြရသည်။ ကြမ်းပေါ်တွင် သွေးအစွန်းအထင်းများ သိသိသာသာပင်ရှိနေလေ၏။ သွေးများသည် လုံး၀ခြောက်သွေ့သွားလေပြီးဖြစ်ကာ စင်္ကြံလမ်းတလျှောက်စီးကျသွားပြီး အခန်း 02 တံခါးဆီသို့တိုင်အောင်ပင်။ 


အခန်း 02 ၏ သော့သည် ဖျက်ဆီးခံရပြီးဖြစ်သော်လည်း တွန်းဖွင့်၍မရချေ။ လေးလံသောအရာတစ်ခုခုနှင့် ပိတ်ဆို့ထားခြင်းဖြစ်ရမည်။ 


ကျန့်ယွင်သည် ကျန့်ကျားဟယ်အား ကြည့်လိုက်ပြီး သူသည် ချက်ချင်းပင် တံခါးအား ခြေထောက်ဖြင့် ကန်ဖွင့်လိုက်လေ၏။ စားပွဲတစ်လုံးနှင့် ဆိုဖာတစ်ခုသည် တံခါးနောက်တွင် တွဲထားလေ၏။ တံခါးအားပိတ်ဆို့ထားသည်မှာ ထိုအရာနှစ်ခုပင် ဖြစ်နိုင်လေသည်။ 


လူအနည်းငယ်သည် အခန်းထဲသို့၀င်လာပြီးနောက် ကြမ်းပေါ်တွင် သတိမေ့လဲကျနေသောလူတစ်ယောက်အား မြင်လိုက်ကြရ၏။ ထိုလူသည် တစ်ကိုယ်လုံးသွေးများဖုံးလွှမ်းနေပြီး ဘာအရောင်မှန်းခွဲခြားရပင်ခက်နေသည့် vest နှင့် အနက်ရောင်ဘောင်းဘီတစ်စုံ၊ သွေးစက်များစွန်းထင်းနေသည့် အားကစားဖိနပ်တစ်ရံကို ၀တ်ဆင်ထားလေသည်။ သူ့တွင် သွေးပေနေသော ဓားတစ်ချောင်းနှင့် ဘီစကစ်တစ်၀က်သာရှိသော အထုပ်တစ်ထုပ်နှင့် ရေနှစ်ငုံခန့်သာပါသည့် ခြောက်သွေ့နေသော ကျောပိုးအိတ်တစ်လုံးရှိလေ၏။ 


“လောင်စုန့် သွားပြီး တစ်ချက်ကြည့်ပေး ”


စုန့်ချန်ရှုသည် သူ့အားစစ်ဆေးပေးရန် ချက်ချင်းသွားလိုက်လေ၏။ ထိုလူသည် အသက်ရှိနေဆဲဖြစ်၏။ သူ့တစ်ကိုယ်လုံးတွင် ကုတ်ခြစ်ရာအများအပြားရှိနေသော်လည်း ၎င်းတို့သည် အသက်မသေစေနိုင်ပေ။ ဒဏ်ရာအများစုသည် သွေးမထွက်တော့ချေ။ သူသည် အချိန်အတော်ကြာအောင် လဲနေခြင်းဖြစ်ရမည်။ 


ထိုလူသည် စစ်သားတစ်ယောက်ကဲ့သို့ ပုံပန်းရှိပြီး ဖြစ်နိုင်သည်မှာ အငြိမ်းစား သို့မဟုတ် တစ်ခုခုဖြစ်ပုံရ၏။ သွေးဆုံးရှုံးမှုနှင့် အဖျားကြောင့် သူ့အသက်ရှုနှုန်းသည် အလွန်‌ဖျော့တော့နေပြီး သူ့ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ယင်နေလေ၏။ စုန့်ချန်ရှုသည် သူ့မျက်စံများကို နောက်တစ်ကြိမ်စစ်ဆေးလိုက်၏။ ၎င်းတို့သည် ကျယ်ခြင်း ချဲ့ခြင်းမရှိကြသေးချေ။ သို့သော်လည်း မျက်စံများသည် အပြင်းအထန်လှုပ်နေ၍ သူ့ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးအား ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေခြင်းဖြစ်ရမည်။ 


“ရှောင်ကျယ် မင်းမှာ အသီးဖျော်ရည်တစ်ချို့ရှိသေးလား ”


စုန့်ချန်ရှုသည် ထိုသူ အသက်ရှင်ရန် ဒဏ်ရာများလွန်းနေမည်ကို စိုးရိမ်နေခဲ့၏။ 


စုရွေ့ကျယ်သည် ပန်းကန်တစ်လုံး၊ သံပုရာသီးတစ်လုံးနှင့် သခွားသီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကျန့်ကျားဟယ်အား သူ့လက်ဗလာဖြင့်ပင် ရိုးရိုးရှင်းရှင်း အသီးဖျော်ရည် ညစ်ခိုင်းလိုက်လေ၏။ 


အသီးအရွက်ဖျော်ရည်ကို စောင့်နေချိန်တွင် စုန့်ချန်ရှုသည် စုရွေ့ကျယ်၏ နေရာလွတ်မှ ဆေးသေတ္တာကို ထုတ်လိုက်စေ၏။ ပထမဆုံး သူသည် သူ့ရေစွမ်းအားဖြင့် ဒဏ်ရာများကို သန့်စင်စေပြီး သူ့ခန္ဓာကိုယ်ရှိ သွေးများကို ပွတ်တိုက်ဆေးပေးလိုက်၏။ ထို့နောက် သူ့အားကုသပေးရန် အိုင်အိုဒင်းနှင့် ပိတ်ကျဲစကိုယူထုတ်လိုက်၏။ 


“ငါတို့နောက်ထပ် ဘာလုပ်သင့်လဲ ”


သူတို့တွင် အချိန်အကန့်အသတ်ရှိသဖြင့် သူ့ဘာသာသူနိုးလာဖို့စောင့်ရန် ဖြစ်နိုင်ပေ။ ထို့အပြင် အပေါ်ထပ်သို့ သူ့အားခေါ်သွားရန် သဘာ၀မကျချေ။ 


“အားလျန် သူ့ကို အောက်ကိုသယ်သွားလိုက်။ ဝူကျင်း၊ မင်းက အဖော်ပြုပေးလိုက်။ မင်းတို့ အန္တရာယ်ကင်းဖို့ ဂရုစိုက်။ ”


“ကောင်းပါပြီ လောင်တ ”


ကျန်းရှို့လျန်သည် ထိုလူအား သူ့ကျောပေါ်တွင် သယ်လိုက်၏။ သေနတ်တစ်လက်နှင့်အတူ ဝူကျင်းသည် သူ့နောက်မှ ဂရုတစိုက် လိုက်သွားလေ၏။ 


သူတို့သည် ရှစ်လွှာသို့ဖြတ်ကျော်သွားပြီးနောက် အောက်ထပ်သို့ ဦး‌ဆောင်ဆင်းလာနေသော လီမင်းကို တွေ့လိုက်ကြရ၏။ သူတို့လည်းပဲ အတော်လေးအခြေအနေဆိုးဝါးနေသော အသားအ‌ရေ နှင့် အသက်ရှင်ကျန်သူနှစ်ဦးကို ရှာတွေ့ခဲ့ကြ၏။ သူတို့သည် အလွန်ဆာလောင်ပြီး ရေငတ်နေကြသဖြင့် သူတို့၏နှုတ်ခမ်းများသည် ခြောက်သွေ့အက်ကွဲနေကြလေပြီး သူတို့မျက်လုံးများသည် ချောင်ကျနေကြလေ၏။ ၎င်းသည် အလွန်ကိုစိတ်မကောင်းစရာကောင်းပြီး သူတို့ကိုလည်း စစ်သားများ၏ ကျောပေါ်တွင်သယ်ကာ အောက်ထပ်သို့ ဆင်းလာကြလေ၏။ 


ထိုစုံတွဲသည် ဆယ့်သုံးလွှာတွင် ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး တံခါး၀အနီးအနားတွင် ဖုတ်ကောင်များလှည့်ပတ်သွားလာနေကြသေးသည်။ နှစ်ယောက်သားသည် အငှားအိမ်တွင် စုပေါင်းနေထိုင်ခဲ့ကြခြင်းဖြစ်ပြီး အခန်းများထဲမှ တစ်ခန်းထဲတွင် ဖုတ်ကောင်တစ်ကောင်ရှိခဲ့လေသည်။ သူတို့သည် မီးဖိုခန်းထဲတွင် ပုန်းအောင်းနေခဲ့ရပြီး မတောင့်ခံနိုင်လုနီးပါပင်။ 


နှစ်ယောက်သားသည် ရုံး၀န်ထမ်းများဖြစ်ကြကာ ရေဒီယိုတစ်လုံးကို မ၀ယ်ခဲ့ကြပေ။ အကယ်၍ သူတို့အနေဖြင့် ထုတ်လွှင့်မှုတစ်ခုကို နားထောင်လိုပါက သူတို့သည် သူတို့၏မိုဘိုင်းဖုန်းများကိုအသုံးပြုကြလိမ့်မည်ပင်။ သို့သော်လည်း နောက်ဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီးနောက် မိုဘိုင်းဖုန်းများသည် ဖွင့်မရတော့သည်ဖြစ်ပြီး ထုတ်လွှင့်မှုကိုနားထောင်ရန် နည်းလမ်းမရှိကြတော့ချေ။ သူတို့တွင် စီးပွားရေးအခက်အခဲများကြောင့်ကားတစ်စီးလည်းမရှိကြသည်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့များရောက်လာမည်ကိုလည်း အမှန်တကယ် မသိခဲ့ကြချေ။ 


“ကောင်းလိုက်တဲ့ ရိတ်သိမ်းမှု ”


လီမင်းသည် ကျန့်ကျားဟယ်၏ကျောပေါ်ရှိ ကြီးမားသောအထုပ်ကြီးအား မြင်သောအခါ သူ့ပါးစပ်တွန့်သွားသလိုပင် ခံစားလိုက်ရ၏။ 


“ကောင်းတယ်၊ ငါတို့ အသက်ရှင်ကျန်သူတစ်ဦးကိုရှာတွေ့ခဲ့ပြီး သူ့ကိုအောက်ကိုရောက်ဖို့ ကူညီပြီးပြီ ”


ကျန့်ယွင်က အလွန်တည်ငြိမ်နေလေ၏။ 


“ကောင်းပါပြီ ၊ ဒါဖြင့် ငါတို့ ချက်ချင်း ဘေးကင်းတဲ့ဆီကို ပြောင်းနိုင်ပြီ ”


အဆောက်အဦးထဲတွင် အသက်ရှင်ကျန်သူထပ်မရှိတော့သည်ကို အတည်ပြုပြီးနောက် လီမင်းသည် ဘေးကင်းရာသို့ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်၏။ 


ငါးမိနစ်ကြာပြီးနောက် ဆယ့်နှစ်ခုမြောက်တပ်ဖွဲ့သည် သူတို့၏စစ်ကားဆီသို့ ပြန်ရောက်လာကြလေ၏။ မည်သူတစ်ဦးတစ်ယောက်ကမှ ဒဏ်ရာရရှိခြင်းမရှိဘဲ အသက်ရှင်ကျန်သူသုံးဦးကို ကယ်ဆယ်ခဲ့ကြလေ၏။ 


အသက်ရှင်ကျန်သူများကို ကူညီနေရာချပေးပြီးနောက် ပစ္စည်းရိက္ခာများကို ချထားလိုက်ကြကာ ဆယ့်နှစ်ခုမြောက်တပ်ဖွဲ့သည် ရှာဖွေကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်ရန် ကားပေါ်မှ ပြန်ဆင်းခဲ့ကြလေသည်။