အခန်း(၅၀)
Viewers 12k

အခန်း(၅၀)《 အကျပ်ရိုက်ခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: playerprophet & Callis

Translator: オタク


အလောင်းကောင်ကြီး မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် လီမင်းသည် ပေါက်ချွန်းတစ်လက်ကိုယူပြီး အလောင်းကောင်၏ခေါင်းထဲသို့ တူးထုတ်လေ၏။ သူသည် အနီဖျော့ဖျော့ အမြုတေခဲကိုတွေ့လိုက်ရပြီး ၎င်းသည် ဖုတ်ကောင်များ ဆင့်ကဲပြောင်းလဲလာနေခြင်းကို ကိုယ်စားပြုနေလေ၏။ 


ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များ၏ ခြိမ်းခြောက်မှုမရှိဘဲ သာမာန်ဖုတ်ကောင်များကို ရှင်းလင်းရန် ပိုလွယ်ကူလာခဲ့သည်။ စစ်သားများသည် လျင်မြန်စွာ ပြေးသွားကြကာ သူတို့၏သေနတ်များကို ပစ်ခတ်လိုက်ကြပြီး ဖုတ်ကောင်များသည် တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြလေကုန်၏။ ကျန့်ယွင်သည် အစပြုလိုက်ပြီး ဖုတ်ကောင်တစ်ကောင် ခေါင်းသို့ပစ်လိုက်၏။ သူသည် သေနတ်အားလွယ်လွယ်ကူကူပစ်လိုက်ခြင်းသည် လီမင်း၏အာရုံအားဆွဲဆောင်မိနေလေ၏။ 


“ငါက ရဲ၀န်ထမ်းတစ်ယောက်ပါ”


ကျန့်ယွင် ခပ်ပြတ်ပြတ်ပြောလာ၏။ 


လီမင်းသည် ခေါင်းညိတ်လိုက်ပြီး ပြည့်သူ့၀န်ထမ်းတစ်ယောက်ဖြစ်သည့် ကျန့်ယွင်အား နားလည်ပေးခဲ့သည်။ 


သူသည် အဖွဲ့ထဲရှိ တခြားသူများထက် ပိုပြီးများစွာ အရည်အချင်းရှိလေ၏။ သူတို့ထဲမှ အများစုသည် ရွေ့လျားနေသော ပစ်မှတ်အားပစ်ခတ်ရန် ကြိုးစားနေခဲ့ခြင်းတစ်ခုကိုအသာထား ကမ္ဘာပျက်ကပ်မတိုင်ခင်က သေနတ်တစ်လက်အား မထိခဲ့ဖူးကြချေ။ သူတို့၏ နိမ့်ပါးသောအရှိန်နှုန်းသည် မမြင်ရသလောက်ပင်။ စုရွေ့ကျယ်ပင်လျှင် လွန်စွာတိကျမှုမရှိသော်လည်း အကယ်၍ သူတို့ကိုသာ ပဲစေ့ကျည်ဆန်များဖြင့်အစားထိုးလိုက်ပါက သူတို့အနေဖြင့် ခေါင်းကိုမထိဘဲနှင့်တောင် ဖုတ်ကောင်များအား ချေမှုန်းနိုင်လေမည်။ 


ဖုတ်ကောင်အလောင်းကောင်အားလုံးအား ပစ်ခတ်ရန် ခုနစ်မိနစ် ရှစ်မိနစ်ခန့်ကြာခဲ့၏။ လီမင်းသည် စစ်သားများအား အမြုတေကို စုဆောင်းကောက်ယူရန်ပြောလိုက်၏။ သူသည် တံခါးအားခေါက်ရန် တခြားသူများကို ခေါ်သွားလိုက်၏။ 


“တံခါးဖွင့်ပါ၊ ကျေးဇူးပြုပြီး။ ငါတို့က နိုင်ငံတော်ရဲ့ကယ်ရေးအဖွဲ့ပါ။ ဖုတ်ကောင်တွေအားလုံးကို သတ်လိုက်ပြီးပြီ။ ကျေးဇူးပြုပြီး တံခါးဖွင့်ပြီး၊ ဒီကနေထွက်ပြီး ငါတို့နဲ့အတူ လိုက်ခဲ့ပါ။ ”


သူ့အသံထွက်လာသည်နှင့် အပေါ်ထပ်ပြတင်းပေါက်မှ ခေါင်းအတန်းများထွက်ပေါ်လာလေ၏။ သူတို့အားလုံးသည် ဆယ်ကျော်သက်လေးများဖြစ်ကာ သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်များရှိနေလေ၏။ 


“အဲ့ဒါက စစ်တပ်ပဲ၊ ငါတို့ကိုကယ်ဖို့လာတဲ့ ဦးလေးက စစ်သားတစ်ယောက်ပဲ ”


သူတို့သည် အော်ဟစ်အားပေးပြီး ပြေးလွှားကုန်ကြ၏။ ထို့နောက် တစ်စုံတစ်ယောက်သည် တံခါးအားပိတ်ဆို့ထားသည့် အရာအားလုံးကို ရွှေ့ရန် စတင်နေလေ၏။ 


သို့သော် တံခါးနောက်တွင် ပစ္စည်းများမည်မျှအသုံးပြုပိတ်ဆို့ထားသည်ကို မသိရဘဲ မိနစ်အနည်းငယ်ကြာသည့်တိုင်အောင် သူတို့မပြီးကြသေးချေ။ စိတ်ပျက်အားငယ်စွာဖြင့် လီမင်းသည် စစ်သားအချို့အား ပြတင်းပေါက်မှ ၀င်စေပြီး သူတို့အား ကူညီစေ၏။ 


အဆောက်အဦးထဲသို့ ၀င်ရောက်လာပြီးနောက် စစ်သားများသည် ကြက်သေ သေသွားကြလေ၏။ အထဲတွင် သူတို့၏ ကျောင်း၀တ်စုံ၀တ်ထားကြသော ကျောင်းသားရာပေါင်းများစွာရှိနေလေ၏။ သူတို့ဆံပင်များသည် ရှုပ်ပွနေပြီး သူတို့သည် ပိန်ပါးနေကြပုံရသော်လည်း သူတို့တွင် စိတ်ခွန်အားရှိနေကြဆဲပင်။ တံခါးနားတွင် ပစ္စည်းများကို ရွှေ့နေသော လူကြီးဆယ်ယောက်ကျော်လည်းရှိနေပြီး သူတို့ထဲမှ အများစုသည် ဆရာများဖြစ်ပုံရကာ အချို့သည် စားဖိုမှုး၀တ်စုံ၀တ်ဆင်ထားကြလေ၏။ သူတို့သည် ကျောင်းမီးဖိုချောင်မှ ၀န်ထမ်းများဖြစ်ခဲ့ကြရမည်ဖြစ်သည်။ 


ကျောင်းသားများ၏ စားပွဲခုံများကို ဂိတ်အားပိတ်ဆို့ထားရန် အသုံးပြုထားလေ၏။ ၎င်းတို့ကို ပိရမစ်ကဲ့သို့စုပုံထားပြီး အလွှာများစွာ ထပ်ထားလေသည်။ ၎င်းတို့အားရွှေ့ရန် အချိန်အတော်လေးကြာခဲ့လေ၏။ 


ကံကောင်းစွာဖြင့် သူတို့သည် အတူတကွ အလုပ်လုပ်ခဲ့ကြပြီး နောက်ဆုံး၌ စားပွဲခုံများကို အဝေးသို့ရွှေ့ပစ်လိုက်ကြ၏။ 


အကျဉ်းချုပ် စုံစမ်းစစ်ဆေးကြပြီးနောက် ကမ္ဘာ့အဆုံးသတ်နေ့ကြီး၌ ချန်းယန်အလယ်တန်းကျောင်း၏ ကျောင်းသားအများစုသည် ညဘက်၌ စာသင်ခန်းများထဲတွင် ကိုယ်တိုင် စာလေ့လာနေခဲ့ကြကြောင်း သိလိုက်ကြရ၏။ ထမင်းချက်အချို့နှင့် လက်ထောက်များသည် သူတို့မပြန်ခင် သူတို့၏ပစ္စည်း ပစ္စယများကို သိမ်းဆည်းရှင်းလင်းနေခဲ့ကြလေ၏။ တစ်စုံတစ်ခုမှားနေကြောင်း သူတို့စတသိထားမိသွားကြသောအခါ သူတို့သည် မီးဖိုချောင်သုံးဓားများနှင့်အတူ အဆောက်အဦးဆီသို့ ပြေးထွက်လာခဲ့ကြလေ၏။ 


သူတို့၏တိုက်ခိုက်နိုင်စွမ်းသည် လျှော့တွက်၍မရပေ။ တာ၀န်ကျနေသော ဆရာအချို့သည် ကျောင်းသားများကို ကာကွယ်ရန် သူတို့ကိုယ်သူတို့စတေးခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့လုံခြုံခဲ့ကြ၏။ ကျောင်းသားအများစုသည် ဘေးကင်းခဲ့ကြ၏။ ကျောင်းကန်တင်းရှိ အစားအစာများသည် တစ်ပါတ်ခန့်အသက်ရှင်နေထိုင်ရန် လုံလောက်ခဲ့၏။ သူတို့ရှိတာလေးနှင့် အားကိုးပြီး သူတို့ကိုယ်သူတို့ ယခုချိန်ထိထောက်ပံ့ထားခဲ့ကြရ၏။ သူတို့၏ ရိက္ခာထောက်ပံ့မှုသည် ကုန်ခမ်းသွားပြီး အချိန်ကိုက်ပင် ကယ်ဆယ်ရေးရောက်ရှိလာခဲ့လေ၏။ 


တစ်ကြိမ်တည်းနှင့် ဖြေရှင်းရန် အသက်ရှင်ကျန်သူ အလွန်များနေခဲ့၏။ သူတို့သည် စစ်ကားများကို မောင်းလာခဲ့ကြသော်လည်း လူများစွာ ထိုင်လို့မရနိုင်ချေ။ လီမင်းသည် အခြားအဖွဲ့အား အကယ်၍သူတို့အနီးအနားတွင်ရှိနေပါက ကူညီရန်အတွက် မေးမြန်းရန် ရေဒီယိုကိုသုံးလိုက်၏။ 


သို့သော်ငြားလည်း တခြားအဖွဲ့သည်လည်း အကူအညီတောင်းရန်အတွက် လှမ်းခေါ်လာခဲ့ပြီး ရဲစခန်းတစ်ခု၌ တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်သည့် ခိုင်ခံ့သောနေရာလေးတစ်ခုကို ရှာတွေ့ခဲ့ကြ၏။ အနီးအနားရှိ ဖုတ်ကောင်များသည် အသက်ရှင်နေသည့်လူများ၏ လတ်ဆတ်သော အသွေးအသားအနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပုံရကာ ရဲစခန်း ပတ်လည်တွင် ဝိုင်းရံနေကြလေ၏။ 


အမြင်အားဖြင့် ထိုနေရာတွင် ဖုတ်ကောင် အနည်းဆုံးလေးရာမှ ငါးရာအထိရှိမည်ဟု ခန့်မှန်းနိုင်လေ၏။ ဤမျှလောက်သောဖုတ်ကောင်ပမာဏများစွာ၏ ဝိုင်းရံနေမှုကြောင့် အသက်ရှင်ကျန်နေသူများလည်း ပမာဏနည်းလောက်မည်မဟုတ်ချေ။ 


ကယ်ဆယ်ရေးအဖွဲ့များသည် ဖုတ်ကောင်များကို အဆောက်အဦးဆီမှ ဆွဲခေါ်သွားရန် ကြိုးစားခဲ့ကြသော်လည်း ထိုဖုတ်ကောင်များထဲတွင် ဆင့်ကဲပြောင်းလဲနေသော ဖုတ်ကောင်များ ပါ၀င်နေသည်ကိုတွေ့လိုက်ရပြီး ဖုတ်ကောင်ခွေးနှစ်ကောင်လည်းရှိနေပြီး ယခုတော့ ကယ်ရေးအဖွဲ့များသည် ပိတ်မိနေခဲ့လေ၏။  


လီမင်းသည် မြေပုံအားထုတ်ယူလိုက်ပြီး ရဲစခန်းသည် ကျောင်းနှင့် သိပ်မဝေးကြောင်းတွေ့လိုက်ရ၏။ သူတို့ချန်းယန်အလယ်တန်းကျောင်းမှ ဖြတ်မောင်းသွားပါက ထိုနေရာသို့ ဆယ်မိနစ်ခန့်အတွင်း ရောက်နိုင်လိမ့်မည်။ 


ပြဿနာကတော့ ကျောင်းသားများပင်ဖြစ်ကာ သူတို့အနေဖြင့် ကျောင်းသားများကို ဤနေရာတွင် ချန်မထားခဲ့နိုင်ချေ။ သူတို့ကိုယ်သူတို့ကယ်တင်ဖို့အတွက် သူတို့အားချန်ထားဖို့ သင့်ပါ့မလား။ သို့သော်လည်း ကျောင်းသားများကို ပြန်မခေါ်နိုင်ဘဲ သူတို့၏ ရဲဘော်ရဲဘက်များ၏လက်များကို အသက်နှင့် သေခြင်းအခိုက်အတန့်၌ ချန်ရစ်ခဲ့ရလိမ့်မည်။ 


လီမင်းသည် အကျပ်ရိုက်သည့် အခြေအနေသို့ ရောက်နေလေတော့၏။ 


“ငါတို့လူအရေအတွက်ကို ခွဲနိုင်ပြီးတော့ ရဲစခန်းကိုသွားဖို့ တခြားကားအချို့ကို ရှာနိုင်တယ်”


ကျန့်ယွင်သည် ရုတ်တရက်စကားစလာ၏။


“ငါတို့လာခဲ့တဲ့လမ်းက ရှင်းလင်းပြီးနေပြီ ဒါကြောင့် ငါတို့ပြန်တဲ့အချိန်မှာ ပြဿနာအများကြီးကြုံရမှာမဟုတ်ဘူး။ အကယ်၍ ငါတို့ မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် အားကစားရုံကအဖွဲ့ကိုလည်း အရံအင်အားအနေနဲ့ ခေါ်နိုင်တယ်။ ”


ယခုနေ့ရက်များတွင် လမ်းမပေါ်၌ ကားများစွာ ရှိနေလေ၏။ ကားပိုင်ရှင်မရှိသည့် ကားဟောင်းတစ်စီးကိုရှာပြီး TV ထဲကလို ဝိုင်ယာကြိုးနှစ်ခုကိုဆွဲထုတ်ပြီး စမောင်းလို့ရပြီ။ 


လီမင်းသည် သူ့အကြံပြုချက်ကို လက်ခံလိုက်ပြီး သူ့တပ်များကို ကားတစ်စီးရှာရန်အတွက် အမိန့်ပေးလိုက်၏။ 


စစ်သားများသည် ယခင်က လေ့ကျင့်ဖူးခဲ့ကြသလားဆိုသည်ကို မသိနိုင်ခဲ့ကြချေ။ သို့သော်သူတို့သည် အလျင်အမြန်ပင် ပစ်ကပ်ထရပ်ကားနှစ်စီး၊ နောက်ပြားထရပ်ကားတစ်စီးနှင့် ဗင်ကားသုံးစီးကို ရှာတွေ့ခဲ့ကြ၏။ ၎င်းတို့သည် လူအယောက်သုံးဆယ်နီးပါးကို ရဲစခန်းသို့ ပို့ဆောင်ပေးနိုင်သည်။ 


“သွားကြရအောင်။ ငါတို့ကို ဗင်ကားပေး” 


လိုင်းပေါ်တွင် အသက်ပေါင်းများစွာရှိနေသဖြင့် ကူညီနိုင်စွမ်းရှိသည့် မည်သူကမှ လျစ်လျူမရှုနိုင်ချေ။ သူတို့လည်းပဲ ထိုသို့မလုပ်နိုင်။ 


“ကောင်းပြီ။ ကျေးဇူးတင်ပါတယ်”


လီမင်းသည် တခြားမည်သည့် အရေးမပါသည့်အကြောင်းမှ မပြောခဲ့ချေ။ သူသည် ပုဂ္ဂိုလ်ရေးအရ အသိအမှတ်ပြုပြီး သူတို့အား ကျေးဇူးတင်ခဲ့သည်။ 


သူသည် ကျန့်ယွင်၏အဖွဲ့အကြောင်း ကြားသိခဲ့၏။ သူတို့အဖွဲ့တွင် စွမ်းအားရှင်သုံးယောက်ရှိပြီး သူတို့ထဲမှ တစ်ယောက်သည် အလွန်ထူးခြားသောစွမ်းအားရှိ၏။ သူသည် ဖုတ်ကောင်များကို သတ်ရန်အတွက် ထူးခြားသော စွမ်းအားဖြင့် အပင်များကို လက်နက်များအဖြစ်သို့ လုပ်နိုင်လေသည်။ 


သူတို့သည် လီမင်းချရေးထားသော အစီအစဉ်ကဲ့သို့ ဆင့်ကဲပြောင်းလဲနေသော ဖုတ်ကောင်များနှင့် တခြားဖုတ်ကောင်များနှစ်မျိုးစလုံးနှင့် ရင်ဆိုင်ရာတွင် ကူညီရန် ဆန္ဒရှိကြသည်။ 


လီမင်းသည် အဖွဲ့အား အပိုင်းနှစ်ပိုင်း ခွဲလိုက်၏။ သူတို့ထဲမှ တစ်၀က်သည် ချန်းယန်အလယ်တန်းကျောင်းမှ ကျောင်းသားများနှင့် ဆရာများကို အားကစားရုံသို့ပြန်ပို့ရန် တာ၀န်ရှိသည်။ တခြားတစ်၀က်မှာတော့ ရဲစခန်းသို့ မောင်းသွားကြမည်ဖြစ်သည်။ 


ကားသည် ရဲစခန်းဆီသို့ လမ်းတစ်လျှောက် မောင်းနှင်သွားခဲ့၏။ လမ်းတွင် စုရွေ့ကျယ်သည် အဖွဲ့ရှိ လူတိုင်းအား ပဲစေ့ကျည်ဆန်များကို ပေးခဲ့၏။ သူ့အနေဖြင့် ၎င်းတို့အား လီမင်းနှင့် မမျှဝေချင်ခဲ့သော်လည်း သူတို့ဘယ်ကနေရောက်လာသည်နှင့် ဘာလို့အရမ်းများပြားနေသည်ကို ရှင်းမပြနိုင်ခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သူတို့၏ဖုံးကွယ်မှုကို လီမင်းက အသင့်လိုက်လာပေးလိမ့်မည်ပင်။ 


သူတို့သည် ရဲစခန်းသို့ ချဉ်းကပ်လာပြီး ဆူညံနေသော သေနတ်သံကို ကြားလိုက်ရ၏။ 


သေနတ်ပစ်သံသည် လမ်း၏တစ်ဖက်ရှိ ဆိုင်တစ်ခု၏ ခေါင်မိုးမှလာသည်ဖြစ်၏။ ရဲစခန်းရ ဆန့်ကျင်ဘက်တွင် တစ်ထပ်ဆိုင်တန်းလေးတစ်ခုဖြစ်၏။ စစ်သားများသည် ချီတက်၊ ပြန်ဆုတ်ပြီး နောက်ဆုံး၌ ဆိုင်၏ခေါင်မိုးဆီသို့ ပြန်ဆုတ်သွားခဲ့ကြသည်။ 


အဆောက်အအုံ၏ ထိပ်သည် သုံးမီတာအမြင့်ခန့်သာရှိ၏။ ဖုတ်ကောင်များသည် တွယ်တက်ခြင်းတွင် မကျွမ်းကျင်ကြသေးချေ။ ၎င်းတို့သည် မြေပြင်တွင် စုစည်းပြီး ၎င်းတို့လက်များကို ဆန့်တန်းပြီး အဆောက်အအုံထိပ်သို့ ကျယ်လောင်စွာ အော်ဟစ်နေရုံသာတတ်နိုင်လေ၏။ 


၎င်းသည် လုံခြုံသော စီစဉ်နေရာချမှုပင်။ စစ်သားများအမြောက်အများရှိနေသော်လည်း သူတို့သည်အမြင့်၌ရှိနေကြ၏။ သူတို့သည် ဖုတ်ကောင်များအားလုံးကို အချိန်တိုအတွင်း သတ်နိုင်လေ၏။ 


သို့သော်လည်း ထိုနေရာခြံ၀င်းနားတွင် ဖုတ်ကောင်ခွေးနှစ်ကောင်ရှိနေခဲ့ပြီး ၎င်းတို့သည် ခေါင်မိုးဆီသို့ အသည်းအသန်ခုန်တက်နေကြလေ၏။ ခွေးသည် ခုန်တက်ရာတွင် အလွန်တော်ပြီး ၎င်းတို့၏ ရှေ့ခြေများသည် ခေါင်မိုးအစွန်းသို့ပင် အကြိမ်အများစုရောက်နေလေ၏။ အခြေအနေသည် စိုးရိမ်ရချေ၏။ 


ဖုတ်ကောင်ခွေးတစ်ကောင်သည် အလွန်ကြီးမားကြီး အနက်ရောင်ဖြစ်၏။ ၎င်း၏ ၀မ်းဗိုက်ဘေးဘက်တွင် အပေါက်တစ်ခုရှိနေ၏။ ၎င်းခုန်သည့်အချိန်တွင် ၎င်း၏ ကလီစာအချို့နှင့် အူများသည် မြေပေါ်သို့ကျကာ မနှစ်မြို့ဖွယ် အနံ့အသက်ကိုပေးနေလေ၏။ 


တခြားဖုတ်ကောင်ခွေးသည် Bordeaux bulldog အမျိုးအစားဖြစ်၏။ ၎င်း၏ဘေးရှိ တစ်ကောင်လောက် မကြီးသော်လည်း ၎င်းသည် တခြားအကောင်ထက် ပိုကြံ့ခိုင်ပြီး သန်မာ၏။ ၎င်း၏ ခြေသည်းများသည် နံရံပေါ်တွင် နက်သောအပေါက်များကို ချန်ထားခဲ့စေပြီး လူများကို ကုပ်ဆွဲမိပါက မည်သို့ဖြစ်နိုင်ကြောင်းပြနေလေ၏။ 


ခေါင်မိုးပေါ်ရှိ စစ်သားများသည် ဖြတ်ကောင်ခွေးနှစ်ကောင်အား ပစ်နေပြီး ကျည်ဆန်များသည် ၎င်းတို့ခေါင်းများကို ထိမှန်နေခဲ့လေ၏။ သို့သော် ၎င်းတို့ ဦးခေါင်းခွံသည် အလွန်မာကျောသဖြင့် သာမာန်ကျည်ဆန်များနှင့် မရနိုင်ချေ။ 


အဲ့ဒါတွေက ဆင့်ကဲပြောင်းလဲလာတဲ့ ဖုတ်ကောင်ခွေးဖြစ်နိုင်မလား။


တိရိစ္ဆာန်များသည် လူသားများထက် တိုက်ခိုက်ရာတွင် ပိုကောင်းပြီး ပိုလျှင်မြန်စွာ ဆင့်ကဲပြောင်းလဲလာကြ၏။ ကမ္ဘာပျက်ကပ်အစပိုင်းတုန်းက စုရွေ့ကျယ်သည် ဖုတ်ကောင်ခွေးတစ်ကောင်၏ နှောက်ထဲမှ အမြုတေတစ်ခုကို ရရှိခဲ့ဖူး၏။ 


ဖုတ်ကောင်ခွေး နောက်တစ်ကြိမ်ခုန်နေသည်ကိုစောင့်ကြည့်နေကြပြီး ၎င်း၏ရှေ့ခြေများသည် ခေါင်မိုး၏အစွန်းသို့ရောက်နေပြီး အချိန်တစ်ခုသာလိုတော့သည့်ပုံရလေသည်။ ကျန့်ယွင်သည် ဘရိတ်အုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်အပိုင်း၏အများစုကို ကားပြတင်းပေါက်မှ မှီကာထွက်လိုက်၏။ သူသည် ဖုတ်ကောင်ခွေး၏ခေါင်းကို ချိန်ရွယ်လိုက်ပြီး မောင်းအားဆွဲလိုက်လေ၏။ 


စိမ်းပြာရောင်ပဲစေ့ကျည်ဆန်သည် ဖုတ်ကောင်ခွေး၏ခေါင်းကို တိကျစွာ ထိမှန်သွားလေ၏။ 


ဖုတ်ကောင်ခွေးသည် အူလိုက်ပြီး ၎င်း၏ခေါင်းတွင် အပေါက်ကြီးတစ်ခုပေါ်လာလေ၏။ ၎င်း၏ခန္ဓာကိုယ်သည် လေထဲမှ ပြုတ်ကျလာလေ၏။ 


လီမင်းသည် ထိတ်လန့်အံ့အားသင့်သွားလေ၏။ အဆက်မပြတ် တိတိကျကျပစ်ခတ်ခြင်းဖြင့် မထိုးဖောက်နိုင်သော ဖုတ်ကောင်ခွေး၏ခေါင်းသည် ကျန့်ယွင် ထံမှ တစ်ချက်ဆည်းနှင့် လွယ်လွယ်ကူကူ အဖောက်ခံလိုက်ရလေ၏။ တပ်ရင်းခေါင်းဆောင်မှန်၏။ ဤလူများသည် အမှန်တကယ်ကို အလွန် စွမ်းအားကြီးကြချေ၏။ 


၎င်း၏ အဖော်လဲကျသွားချိန်တွင် ဒုတိယခွေး၏ နှာခေါင်းသည် နှစ်ကြိမ်ခန့် တွန့်သွားပြီး ၎င်း၏အဖော်၏ ခန္ဓာကိုယ်အား နမ်းရှုံ့ကြည့်ကာ ထို့နောက် ၎င်း၏ခေါင်းအား ကိုက်ခွဲလေ၏။ 


လူတိုင်းသည် သူတို့မြင်နေရသည့် အရာကြောင့် ထိတ်လန့်ကုန်ကြ၏။ ဖုတ်ကောင်ခွေးသည် ၎င်း၏အမျိုးတူတစ်ကောင်ကို စားလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြချေ။ ဖုတ်ကောင်ခွေးသည် ဖုတ်ကောင်ခွေး၏ ဦးခေါင်းခွံအားဝါးစားနေစဉ် ကျိုးကြေသွားသည့် အသံထွက်နေလေ၏။ ကြည့်ရှုနေသူများ၏ ဦးရေပြားများ ထုံကျင်သွားကြလေ၏။ 


စုရွေ့ကျယ်သည် ထိုအရာများက ကောင်းသောအခြေအနေမျိုးမဟုတ်သည်ကို သိနေခဲ့၏။ ကမ္ဘာပျက်ကပ်ကြီး၏ နောက်ပိုင်းအဆင့်များတွင် ဖုတ်ကောင်များသည် တစ်နှင့်တစ်ဦး စားသောက်ကြလေ၏။ ဖုတ်ကောင်များသည် နောက်တစ်ကြိမ် အဆင့်မြင့်လာစေရန် တူညီသော အမြုတေကို အသုံးပြုနိုင်လိမ့်မည်။ 


ထိုဖုတ်ကောင်ခွေးနှစ်ကောင်၏ ပုံသဏ္ဍာန်ကိုကြည့်ခြင်းအားဖြင့် ၎င်းတို့သည် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်၏ အခြေခံအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်းကို မြင်နိုင်သည်။ အကယ်၍ ဖုတ်ကောင်ခွေးသာ တခြားဖုတ်ကောင်ခွေး၏အမြုတေကို မြိုချလိုက်ပါက သူ့ပဲစေ့ကျည်ဆန်များဖြင့် လုံလောက်တော့မည်မဟုတ်ချေ။ သူသည် ပြင်းထန်သော ခြိမ်းခြောက်နေမှုကြီးကို ကြည့်နေလေ၏။ 


စုရွေ့ကျယ်သည် သူ့သေနတ်ကိုမြှောက်လိုက်ပြီး ဖုတ်ကောင်ခွေးကို ချိန်ရွယ်ကာ သုံးချက်ဆက်တိုက်ပစ်လိုက်၏။ သူသည် ကျန့်ယွင်လောက် မတိကျပေ။ သူသည် ခန္ဓာကိုယ်ကိုသာ ချိန်နိုင်ပြီး သူပဲစေ့ကျည်ဆန်များ၏ သေစေနိုင်မှုဖြင့် ၎င်းအား သတ်လိုက်၏။ 


ထိမှန်ပြီး ဖုတ်ကောင်ခွေး ဘေးနားသို့လဲကျသွားပြီး မြေပြင်ပေါ်သို့ နောက်ဆုံးလဲကျသွားချိန်အထိ ခေါင်မိုးပေါ်ရှိ အခြားသူများ၏ ကျည်ဆန်များဖြင့် ခေါင်းအား အပစ်ခံလိုက်ရချေ၏။