အခန်း(၅၃)《 LED နေကြာပန်းမီးအိမ် 》
Author: Drunken Light Song
Source: Jostena M
Editors: playerprophet & Callis
Translator: オタク
ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ အနားယူသည့်နေရာသို့ ပြန်ရောက်လာကြချိန်တွင် ကျန့်ကျားဟယ်သည် သူ့ဖုန်းနှင့် Plants vs Zombies ဂိမ်းကိုကစားနေလေ၏။ ချန်းချီသည် သူ့နားတွင်ထိုင်ကာ သူကစားနေသည်ကိုစောင့်ကြည့်နေလေ၏။ တချို့အချိန်များတွင် ကောင်းမွန်သောအပြုအမူဖြင့် စကားအနည်းငယ်ပြောနေခဲ့၏။
"ရှောင်ကျယ်၊ မင်းပြန်လာပြီလား။ ငါမင်းကို ပြောစရာတချို့ရှိတယ် "
ကျန့်ကျားဟယ်သည် စုရွေ့ကျယ်ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းထပြီး အပြင်ဘက်သို့ ဦးဆောင်သွားလေ၏။
စုရွေ့ကျယ်သည် ကူရာမဲ့စွာ လမ်းတလျှောက်ဆွဲခေါ်ခံလာရပြီး သိလိုစွာမေးလိုက်၏။
"ဘာမှားနေလို့လဲ။ မင်းက ဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲ "
ကျန့်ကျားဟယ်သည် စုရွေ့ကျယ်အား လူမရှိသည့် လျှောက်လမ်းတစ်ခုဆီသို့ ဆွဲခေါ်သွားလေ၏။ သူသည် သူ့ဖုန်းအားထုတ်ယူလိုက်ပြီး ရရှိထားသောရတနာတစ်ခုကဲ့သို့ သူရှေ့တွင်ကိုင်ထားပြီး ဂိမ်းစာမျက်နှာကိုဖွင့်လိုက်ပြီးနောက် အပင်ဇယားကိုဖွင့်လိုက်လေ၏။
"ကြည့်၊ ငါဒီဂိမ်းကိုအခုလေးတင်ကစားနေပြီးတော့ အဲ့အထဲမှာ ရန်လိုတဲ့အပင်အမျိုးအစားအများရှိရှိနေတာကိုတွေ့လိုက်တယ်။ မင်းဒီဂိမ်းကို ကစားဖူးလား "
စုရွေ့ကျယ်သည် ရင်းနှီးနေသည့် ဂိမ်းစာမျက်နှာကိုမြင်သောအခါ ခေါင်းညိတ်လိုက်၏။
"အင်း၊ အဲ့ဒါက အရင်ကကျွန်တော်ကစားဖူးတဲ့ တစ်ခုတည်းသောဂိမ်းပဲ "
စုရွေ့ကျယ်သည် ထိုတုနှိုင်းမရသည့်ဂိမ်း၏ ကောင်းမွန်သောအမှတ်တရရှိခဲ့လေသည်။ ၎င်းသည် သူ့စွမ်းအားများ၏ ထူးခြားသောသဘောသဘာ၀သည် ထိုဂိမ်းနှင့် တစ်စုံတစ်ခု ပတ်သတ်မှုရှိကောင်းရှိနိုင်သည်။
"ငါမင်းကို လုပ်ခိုင်းချင်တယ်ဆိုတဲ့ အကြံတစ်ခုရှိတယ်"
"ဘာအကြံလဲ "
စုရွေ့ကျယ်သည် စိတ်၀င်စားလာလေ၏။ သူသည် အိုတာကုတစ်ယောက်ဖြစ်သည့် ကျန့်ကျားဟယ်၏ ကောင်းကင်သို့ အချိန်မရွေးထိုးဖောက်နိုင်သော ဦးနှောက်အပေါက်ကြီးကို အမှန်တကယ် သဘောကျနေခဲ့၏။
"အဲ့အထဲမှာရှိတဲ့အပင်တွေအားလုံးကို မင်းအသုံးပြုနိုင်မလားလို့ စမ်းကြည့်ကြရအောင် "
"ကောင်းပြီ"
စုရွေ့ကျယ်သည် ပျော်ရွှင်စွာ သဘောတူလိုက်၏။ ထို့အပြင် သူ့စွမ်းအားများကိုလည်း ကျွမ်းကျင် အောင်လုပ်ချင်ခဲ့သည်။
"အရင်ဆုံး ငှက်ပျောသီးကို ကြိုးစားကြည့်ရအောင်"
ကျန့်ကျားဟယ်သည် အပင်ဇယားမှ ငှက်ပျောသီးဒုံးပစ်လောင်ချာကို လက်ညှိုးထိုးပြုလိုက်၏။
စုရွေ့ကျယ်သည် သူ့နေရာလွတ်ထဲမှ ငှက်ပျောသီးတစ်လုံးကိုထုတ်လိုက်ပြီး သူ့ဘယ်ဘက်လက်ထဲတွင် ဆုပ်ကိုင်ထားကာ သူ့စွမ်းရည်ကို နှိုးဆွရန်ကြိုးစားလိုက်၏။ သို့သော် လုံး၀တုန့်ပြန်မလာခဲ့ချေ။ သူ ကြိုးစားပြီးရင်း ကြိုးစားခဲ့သော်လည်း တုန့်ပြန်မှုမရှိဆဲပင်ဖြစ်၏။
ကျန့်ကျားဟယ်သည် သူ့စိတ်ပျက်မှုကို မပြသခဲ့ချေ။ သို့သော် အပင်ဇယားမှ လျှပ်စစ်ရှော့တိုက် ဘလူးဘယ်ရီကို ပြလိုက်ပြီး ပြောလာ၏။
"နောက်တစ်ခုအနေနဲ့ ဒီ ဘလူးဘယ်ရီကို ကြိုးစားကြည့်"
သူ့နေရာလွတ်ထဲသို့ ငှက်ပျောသီးကိုပြန်ထည့်လိုက်ပြီးနောက် စုရွေ့ကျယ်သည် ဘလူးဘယ်ရီအများအပြားကိုထုတ်ယူလိုက်ကာ သူ့ဘယ်ဘက်လက်ထဲတွင်ကိုင်ထားလိုက်၏။ သို့သော် ၎င်းတို့အပေါ်၌ သူ့စွမ်းရည်ကို အသုံးပြုခဲ့သော်လည်း ၎င်းတို့သည် လှုပ်ရှားမှုကင်းမဲ့နေကြ၏။
"နာနတ်သီးတွေကို ကြိုးစားကြည့်မလား "
အပင်ဇယားသည် ဖုတ်ကောင်များ ရှေ့သို့ရွေ့လျားလာမှုကိုရပ်တန့်ပေးနိုင်ပြီး ကျည်ဆန်များကိုပြန်ကန်နိုင်လောက်သည့် မြင့်မားသောအရှိန်ဖြင့်လည်နေသည့် လည်နေသောနာနတ်သီးများကို ပြထားလေ၏။ နာနတ်သီးများကို လက်နက်အဖြစ်ပြောင်းလဲနိုင်ပါက မည်သို့ဖြစ်လာမလဲဆိုသည်ကို သူသိချင်နေမိ၏။
သို့သော် ရလဒ်သည် စိတ်ပျက်စရာပင်...စုရွေ့ကျယ်၏ ပြောင်းလဲနိုင်သည့်စွမ်းရည်သည် နောက်တစ်ကြိမ် ကျရှုံးသွားပြန်လေ၏။
အကယ်၍ စုရွေ့ကျယ်သည်ယခုလေးတင် တပ်မမှုးကျန်းအတွက် ငရုပ်ပွသီးများကို လက်ပစ်ဗုံးများအဖြစ်နှင့် ပဲစေ့များကို ကျည်ဆန်များအဖြစ်ပြောင်းလဲရန် သူ့စွမ်းအားကိုအသုံးပြုခဲ့ခြင်းမဟုတ်ပါက သူ့စွမ်းရည်သည် တကယ့်ကို ပြတ်လပ်သွားမည်ကို နောက်ရွံ့နေမိ၏။
"ကောင်းပါပြီ၊ နောက်တစ်ခု ပြောင်းဖူးကို ကြိုးစားကြည့်ကြစို့ "
ကျန့်ကျားဟယ်သည် မည်သို့သောစိတ်ပျက်မှုအရိပ်အယောင်ကိုမှ မပြခဲ့ချေ။ ထိုအစား သူသည် စိတ်လှုပ်ရှားမှုများတိုးလာရင်း အပင်ဇယားမှ ပြောင်းဖူးကို ညွှန်ပြလာလေ၏။
သုံးကြိမ်ဆက်တိုက် ကျရှုံးပြီးနောက် စုရွေ့ကျယ်သည် လေးကြိမ်မြောက်အတွက် ယုံကြည်မှုမရှိတော့ချေ။ သို့သော်လည်း သူ့အားအံ့ဩသွားစေရန် ထိုပြောင်းလဲမှုသည် ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့လေ၏။ သူ့လက်ထဲရှိ ပြောင်းဖူးအနှံသည် သူ့စွမ်းရည်အောက်တွင် ကြီးမားသော ကျည်ဆန်ကြီးနှင့် ကြီးမားသော အဝါရောင်လက်ပစ်ဗုံးတစ်ခုအဖြစါသို့ ပြောင်းလဲသွားခဲ့လေ၏။
"ဝေါင်း၊ ဒါမှ ငါ့ရဲ့အမိုက်စားရှောင်ကျယ်လေး "
ကျန့်ကျားဟယ်သည် စုရွေ့ကျယ်၏ ပုခုံးအား စိတ်လှုပ်ရှားစွာ တဖက်ဖက်ရိုက်ပုတ်လေ၏။ သို့သော် သူအလွတ်စိတ်လှုပ်ရှားလွန်းနေခဲ့သောကြောင့် သူ့ခွန်အားကိုမထိန်းချုပ်နိုင်ဘဲ မတော်တဆ သူ့အား ကြမ်းပေါ်သို့ တွန်းချမိသွားလေတော့၏။
စုရွေ့ကျယ် : ......
【TN: ဖြေးဖြေးလုပ်ပါ ကျိုးကြေကုန်ရန် ကိုကြီးကျန့်ယွင် ရင်ကျိုးနေရပါအုံးမယ် 🥲】
ကျေးဇူးတင်စရာကောင်းစွာဖြင့် စုရွေ့ကျယ်သည် လက်ပစ်ဗုံးအား သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ်ကိုင်ထားခဲ့လေ၏။ သို့မဟုတ်လျှင် ၎င်း မြေပေါ်သို့ပြုတ်ကျပြီး ပေါက်ကွဲသွားခါမှ မကောင်းတော့ဘူးဖြစ်ကုန်လိမ့်မည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်....ငါအရမ်းစိတ်လှုပ်ရှားသွားလို့ပါကွာ..."
ကျန့်ကျားဟယ်သည် သူ့အား ကြမ်းပေါ်မှ ပြန်ဆွဲထူပေးလေပြီး
"ဘာလို့တချို့အပင်တွေကျ လက်နက်တွေအဖြစ်ပြောင်းနိုင်ပြီး တခြားအပင်တွေကျ ပြောင်းလို့မရတာလဲဆိုတာ ငါနားလည်သွားပြီ "
"ဘာလို့လဲ "
"ဒီအပင်ဇယားကိုကြည့်လိုက်၊ အပင်တွေကို သူတို့ရဲ့ရှားပါးမှုအရ မတူညီတဲ့အဆင့်တွေခွဲခြားထားတယ်။ အာလူးတွေ၊ ပဲစေ့တွေ၊ သံမဏိစားနွယ်ပင်တွေနဲ့ စသဖြင့်အဲ့ဒါတွေက အဆင့်တစ်အပင်တွေ။ ပြောင်းဖူး၊ ချယ်ရီ နဲ့ ငရုပ်သီးတွေက အဆင့်နှစ်အပင်တွေ။ နာနတ်သီးက အဆင့်သုံးအဆင့်အပင်တစ်မျိုး၊ ဘလူးဘယ်ရီက အဆင့်လေးအပင်တစ်မျိုးနဲ့ ငှက်ပျောသီးက အဆင့်ငါးအပင်တစ်မျိုးပဲ။ မင်းရဲ့စွမ်းရည်အဆင့်က အရမ်းနိမ့်နေပြီး အဆင့်ပိုမြင့်တဲ့အပင်တွေကို မပြောင်းလဲနိုင်တာလို့ ငါထင်တယ် "
စုရွေ့ကျယ်သည် နားထောင်နေပြီး ခေါင်းညိတ်လိုက်၏။ ကျန့်ကျားဟယ်ပြောသည်မှာ အဓိပ္ပါယ်ရှိသည်ဟု သူထင်၏။
စုရွေ့ကျယ်ပြန်မွေးဖွားလာသည်ကို ကျန့်ကျားဟယ်မသိခဲ့ပေ။ ထို့ကြောင့် သူ့စွမ်းရည်သည် အဆင့်တစ်တွင်မဟုတ်ဘဲ အဆင့်သုံးတွင်ဖြစ်၏။ သူ့စွမ်းရည် အဆင့်တစ်တုန်းက သူသည် အပင်များပိုပြီးမြန်မြန်ကြီးထွားလာစေအောင်သာ လုပ်နိုင်၏။ သူ လင်းချန်အခြေစိုက်စခန်းသို့ သွားပြီးနောက် သုတေသနအဖွဲ့၏အကူအညီဖြင့် သူ့စွမ်းရည်သည် တတိယအဆင့်သို့ရောက်ရှိခဲ့ခြင်းသာ။ သူရှာဖွေတွေ့ရှိသည့် အချိန်တွင်လည်း သူအပင်များကို လက်နက်အဖြစ်ပြောင်းနိုင်ခဲ့လေသည်။
၎င်းသည် ကျန့်ကျားဟယ်၏ သီအိုရီနှင့် တိုက်ဆိုင်နေခဲ့၏။ သူ့စွမ်းရည်သည့် အဆင့်တစ် ဖြစ်သည့်အချိန်က သူသည် မည်သည့်အပင်ကိုမျှ လက်နက်အဖြစ်မလုပ်နိုင်ခဲ့ချေ။ သူ့စွမ်းရည် အဆင့်နှစ်သို့ရောက်သည့်အချိန်မှသာ သူသည် အဆင့်တစ်အပင်များကို ပြောင်းလဲနိုင်ခဲ့လေသည်။ သူ့စွမ်းရည်သည် အဆင့်သုံးသို့ရောက်သောအခါ အဆင့်နှစ်အပင်များကို ပြောင်းလဲနိုင်ခဲ့လေ၏။ ထို့ကြောင့် သူသည် အဆင့်ပိုမြင့်သောအပင်များကို မဝေးတော့သောအနာဂါတ်တွင် လက်နက်အဖြစ်ပြောင်းလဲနိုင်သင့်သည်။
ဇယားထဲရှိ အဆင့်မြင့်အပင်များကို လုပ်ဆောင်ချက်များနှင့် ကျွမ်းကျင်မှုများအကြောင်း တွေးလိုက်ချိန်တွင် စိတ်လှုပ်ရှားမှုနှင့်အတူ သူ့နှလုံး ခုန်လာလေတော့၏။
ထိုအချိန်တွင် ချဉ်းကပ်လာသော ခြေသံများကို ကြေားလိုက်ရသဖြင့် စုရွေ့ကျယ်သည် ပြောင်းဖူးကျည်ဆန်များနှင့် ဘက်ပစ်ဗုံးအား နေရာလွတ်ထဲသို့ပြန်ပစ်ထည့်လိုက်၏။ ထို့နောက် ဘာမှ မဖြစ်သလိုပင် ကျန့်ကျားဟယ်နှင့် စကားစမြည်ပြောနေခဲ့လေ၏။
အသက်ရှင်ကျန်သူအများအပြားသည် သူတို့အားဖြတ်၍ သန့်စင်ခန်းထဲသို့သွားကြလေ၏။ သူတို့သည် ထောင့်နားတွင်ရပ်နေသော လူနှစ်ယောက်အား သတိမထားမိခဲ့ကြချေ။
သူတို့ထွက်သွားကြပြီးနောက် ကျန့်ကျားဟယ်သည် စုရွေ့ကျယ်အား မေးလာ၏။
"မင်းရဲ့နေရာလွတ်ထဲမှာ နေကြာပန်းတွေရှိလား "
စုရွေ့ကျယ် အံ့အားသင့်သွားလေ၏။ သူ့နေရာလွတ်ထဲတွင် အပင်များစွာရှိသော်လည်း နေကြာပန်းများကို မည်သည့်ပြန်စုထားခြင်းမျိုးမှမရှိခဲ့ချေ။ အဲ့မှာ တစ်ခုလောက်ရှိလေမလားဆိုသည်ကို မသေချာချေ။
"ကျွန်တော် နေရာလွတ်ထဲသို့သွားပြီး တစ်ချက်လောက်ကြည့်လိုက်မယ်။ မင်း ငါ့ကို ကာထားပေး "
"ကောင်းပြီ "
သူတို့သည် အမျိုးသားသန့်စင်ခန်းသို့ရောက်သောအခါ စုရွေ့ကျယ်သည် အခန်းတစ်ခုထဲသို့၀င်ပြီး တံခါးကို ပိတ်လိုက်၏။ ကျန့်ကျားဟယ်သည် တံခါး၌ ရပ်၍စောင့်ကြပ်နေလေ၏။ တစ်ခါတရံ အခန်းထဲရှိ လူနှင့် စကားစမြည်ပြောနေဟန်ပြုလေပြီး " မြန်မြန်လုပ် " စသဖြင့် လောဆော်သောစကားများကို ပြောလေ၏။
စုရွေ့ကျယ်သည် သူ့နေရာလွတ်ထဲတွင် အချိန်အများကြီး မသုံးခဲ့ဘဲ အခန်းထဲတွင် ပြန်ပေါ်လာသော်လည်း သူ့အမူအရာသည် ထူးဆန်းနေလေ၏။
"ဘာဖြစ်လို့လဲ "
ကျန့်ကျားဟယ်မေးလိုက်ပြီး စုရွေ့ကျယ်၏လက်ထဲတွင် ဘာတစ်ခုမှ မရှိသည်ကို မြင်လိုက်ရသောအခါ အံ့ဩသွားလေ၏။
စုရွေ့ကျယ်သည် ခေါင်းခါလိုက်ပြီး
"အပြင်ကိုသွားပြီးမှ ပြောကြစို့ "
သူတို့သည် လူမရှိသော လျှောက်လမ်းထောင့်သို့ပြန်ရောက်လာကြပြီး စုရွေ့ကျယ်၏လက်များထဲတွင် အဝါရောင် လက်ကိုင် LED မီးအိမ်တစ်ခု ပေါ်လာလေ၏။
"အာ၊ အဲ့ဒါကဘာလဲ "
"နေကြာပန်းရဲ့ ပြောင်းလဲမှု ရလဒ်လေ..."
စုရွေ့ကျယ်လည်း ပြောစရာစကားမဲ့နေလေ၏။ သူသည် တောင်ကြားထဲတွင် နေကြာပန်းအများအပြားရှာတွေ့ခဲ့ပြီး ၎င်းတို့အား ပြောင်းလဲရန် ကြိုးစားခဲ့လေ၏။ ဒီလိုဖြင့် ဂိမ်းထဲတွင် နေရောင်ခြည်ကိုထောက်ပံ့ပေးသောနေကြာပန်းသည် မီးအိမ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားလေ၏။
ကျန့်ကျားဟယ်၏ နှုတ်ခမ်းသည် နှစ်ချက်လောက်တွန့်သွားလေ၏။ လက်နက်ကောင်းတစ်ခုကကော။
လူနှစ်ယောက်သည် တစ်ချိန်တည်း၌ ဆွံ့အသွားကြလေ၏။ ထို့နောက် ကျန့်ကျားဟယ်သည် ပျော်ရွှင်စွာဖြင့် နာကျင်နေသောမျက်နှာဖြင့်ပြောလာလေ၏။
"အဲ့ဒါက အရမ်းကောင်းတယ်။ တကယ်၊ ငါတို့အနည်းဆုံး လျှပ်စစ်မီးချွေတာနိုင်တာပေါ့ "
စုရွေ့ကျယ်သည် နှုတ်ခမ်းစူကာ မီးအိမ်ကို ဖွင့်လိုက်၏။ ၎င်းသည် နူးညံ့နွေးထွေးသောအလင်းကို ထုတ်လွှတ်ပေးနေလေ၏။ ၎င်းသည် အထူးတလည် တောက်ပနေခြင်းမျိုးမရှိသော်လည်း ၎င်းသည် နူးညံ့ပြီး သက်တောက်သက်သာရှိသောအပူကို ပေးနေလေ၏။
နှစ်ယောက်သားသည် သူတို့၏မျက်လုံးများကို ဖြေးညှင်းစွာမှိတ်လိုက်ပြီး သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ကြ၏။
"ဟမ် "
ကျန့်ကျားဟယ်သည် ရုတ်တရက် လန့်ဖြန့်သွားလေ၏။
"ဘာမှားလို့လဲ "
စုရွေ့ကျယ်သည် သူ့အား စူးစမ်းစွာ ကြည့်လေ၏။
"ငါ့ခြေထောက်တွေကိုကြည့်လိုက်"
ကျန့်ကျားဟယ်သည် ငုံ့ကာ သူ့ဘောင်းဘီအား လိပ်တင်လိုက်၏။
"မင်းခြေထောက်တွေ ဘာဖြစ်လို့လဲ ""
စုရွေ့ကျယ်သည် နေ့တစ်၀က်လောက် စိုက်ကြည့်နေသော်လည်း သူတို့သည် ဘာမှားနေသည်ကို မတွေ့နိုင်ခဲ့ချေ။
"မင်းမေ့သွားပြီလား၊ ငါ့ခြေထောက်တွေက အရင်က ဖုတ်ကောင်အကိုက်ခံခဲ့ရတာလေ။ စွမ်းရည်တစ်မျိုးကို နိုးထလာအောင်လုပ်နိုင်ခဲ့လို့ဖြစ်မယ် ငါခံနိုင်ရည်ရှိခဲ့တာ။ ဒဏ်ရာက အများစုက သက်သာနေပြီ ဒါပေမယ့် ကိုယ့်ဘာသာ အားစိုက်လိုက်ရင်နာနေတုန်းပဲ.. အခု ပျောက်သွားပြီ "
ကျန့်ကျားဟယ် ထအော်လေ၏။
"ကြည့်၊ ဒဏ်ရာတွေအကုန် အနာဖေးကျက်ကုန်ပြီ "
" မင်းဆိုလိုတာ... "
စုရွေ့ကျယ် ကြက်သေ,သေသွားလေ၏။
"အဲ့ဒါအရမ်းကောင်းတယ်၊ ငါ့အမိုက်စား ရှောင်ကျယ်ရေ၊ မင်းရဲ့မီးအိမ်က သာမန်မီးအိမ်မဟုတ်ဘူးကွ "
သူသည် ပတ်ပတ်လည်သို့ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလာ၏။
"မင်းရဲ့နေကြာပန်းမီးအိမ်က ကုသနိုင်စွမ်း ရှိတယ်"
"ဟားဟားဟား၊ သွားကြစို့၊ ငါတို့ သတင်းကောင်းကို ကျန့်ကောကို ပြောပြရမယ် "
စကားပြောရင်း ကျန့်ကျားဟယ်သည် စုရွေ့ကျယ်အား ပြန်ဆွဲခေါ်သွားလေ၏။
စုရွေ့ကျယ်နှင့် ကျန့်ကျားဟယ်တို့သည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားသောအမူအရာဖြင့် ပြန်ပြေးလာသည်ကို မြင်လိုက်ရပြီး ကျန့်ယွင် မျက်ခုံးများ ပင့်သွားလေ၏။
"ဘာဖြစ်လို့လဲ "
လူနှစ်ယောက်သည် အသံလျှော့ကာ သူတို့အခုလုပ်ခဲ့သည်ကို ကျန့်ယွင်အားပြောပြလိုက်၏။ စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ပြောင်းဖူးကျည်ဆန်၊ လက်ပစ်ဗုံးနှင့် LED နေကြာပန်းမီးအိမ်တို့ကို ဖုံးကွယ်ပြီး ထုတ်ယူလိုက်၏။
"တကယ်လား"
သူတို့၏ သတင်းကိုနားထောင်ပြီးနောက် ကျန့်ယွင်ပင် အနည်းငယ် စိတ်လှုပ်ရှားသွားလေ၏။
ချန်းချီ သည် တုန်လှုပ်သောမျက်နှာဖြင့် သူ့ဘေးနားတွင်ရှိနေလေ၏။ သူနှင့် ကျန့်ယွင်သည် သူတို့ဆယ်ရက်ကျော်နေထိုင်ခဲ့သော Aမြို့မှ အတွေ့အကြုံများကို ပြောနေကြခြင်းဖြစ်၏။ သူသည် စုရွေ့ကျယ်၏ ထူးဆန်းသောစွမ်းရည်များကို နားလည်ရန် အချိန်မရှိခဲ့ချေ။ စုရွေ့ကျယ်သည် ပါးလွှာသောလေထုထဲမှ ပစ္စည်းများထုတ်ယူလိုက်သည်ကို မြင်ရသည်မှာ ချန်းချီအတွက် အံ့ဩစရာပင်။ ထို့အပြင် ၎င်းတို့သည် ထူးဆန်းသော အသွင်အပြင်များလည်း ဖြစ်နေလေ၏။
ကျန့်ယွင်သည် သူ့ငယ်သူငယ်ချင်းနှင့် သဘာ၀ကျစွာ အလွန်အဆင်ပြေသဖြင့် မည်သည့်အရာမှ ဖုံးကွယ်ထားခြင်းမရှိချေ။ မတိုင်ခင်က သူတို့သည် အလျင်စလို ဆုံခဲ့ကြရပြီး သူတို့ကြား သာမာန်မိတ်ဆက်ခြင်းမျိုးအတွက် အချိန်မရှိခဲ့ကြချေ။ ကျန့်ယွင်ူည် သူ့အဖွဲ့သားများကို အကျဉ်းချုပ် မိတ်ဆက်ပေးထားခဲ့၏။ စုရွေ့ကျယ်အား မိတ်ဆက်ပေးသည့်အချိန်တွင် သူ့ချစ်သူဖြစ်ကြောင်းအလေးပေးမိတ်ဆက်ပေးခဲ့ကာ နစ်မြုပ်သွားစေလေ၏။
"လက်ခုပ်တီး၊ နွားအို မြက်နုကြိုက်ကြီးကွာ "
ချန်းချီသည် ပုံကြီးချဲ့ကာ သူ့ခေါင်းအားခါယမ်းလေ၏။
ကျန့်ယွင်သည် သူ့အားဂရုစိုက်ရန် အလွန်ပျင်းရိနေပေသည်။ သူသည် LED နေကြာပန်းမီးအိမ်ကိုယူပြီး ချန်းကျောင်းပေါ်သို့တင်ကာ ကိုင်ထားလိုက်၏။ နွေးထွေးသော အလင်းရောင်၏ သက်ရောက်မှုအောက်တွင် ချန်းကျောင်း၏အမူအရာသည် တိုးတက်လာခဲ့လေ၏။ သူမ၏ ရှုံ့မဲ့နေမှုသည် နောက်ဆုံး၌ ပြေလျော့သွားခဲ့လေပြီး သူမ၏ဒဏ်ရာများသည် သွေးထွက်နေခြင်း ရပ်သွားလေ၏။
မီးအိမ်သည် တကယ်အသုံး၀င်၏။
ကျန်းရှို့လျန်၏ နံရိုးများနှင့် ဝူကျင်း၏ လက်မောင်းတို့သည် စုန့်ချန်ရှု၏ ကုသပေးမှုခံခဲ့ရသော်လည်း သူတို့သည် နာကျင်ကိုက်ခဲနေကြဆဲပင်။ LED နေကြာပန်းမီးအိမ်အောက်တွင် သူတို့နှစ်ယောက်စလုံး နာကျင်မှု ပျောက်ကွယ်သွားကြောင်း ခံစားခဲ့ကြရလေ၏။ သူတို့အား ကုသနေစဉ် နွေးထွေးသောအလင်းရောင်သည် မှိန်ကျသွားကာ လုံး၀ပိတ်သွားလေ၏။ မီးအိမ်သည်လည်း အကန့်အသတ်များရှိ၏။
အပင်၏စွမ်းအင်ကို ကျယ်ပြန်အောင်လုပ်ပြီး အသုံးပြုခဲ့သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုသည် အံ့ဩစရာပင်ဖြစ်နေသေး၏။ အနာဂါတ်တွင် တစ်ယောက်ယောက်သာ ဒဏ်ရာရခဲ့ပါက ထိုအရာနှင့် သူတို့အား ကုသပေးနိုင်ပြီဖြစ်၏။
စာရေးသူတွင်ပြောစရာရှိပါတယ်။
【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】
တပ်မှူး : အာလူးတွေ သူတို့ကိုဘာအတွက်သုံးလဲ။
စုရှောင်ကျယ် : ကျွန်တော် အဲ့ဒါကို မိုင်းတစ်ခုအဖြစ်ပြောင်းနိုင်တယ်။ အလျင်အမြန်ပြောင်း။
တပ်မှူး : ကောင်းပြီ...မြေမြှုပ်မိုင်းတွေရဲ့ တကယ့်သက်ရောက်မှုက အရမ်းကောင်းတာမျိုးမဟုတ်ဘူးထင်တယ်။
ကျန့်ကျားဟယ် : ကျွန်တော်သိပြီ။ ကျွန်တော်တို့ အခြေစိုက်စခန်းပတ်လည်း မိုင်အနည်းငယ်မှာ အားလူးတွေ စိုက်နိုင်တယ်။ ကျွန်တော်တို့ အဲ့ဒါတွေကိုစားနိုင်ပြီး အဲ့ဒါတွေက ဖုတ်ကောင်တွေကို သတ်နိုင်တယ်။
တပ်မှူး : ကြားရတာ အကြံကောင်းတစ်ခုလိုပဲလား။
ကျန့်ရှောင်ယွင် : အရူး၊ ငါတို့ အာလူးအများကြီးကို ဘယ်ကနေရမှာလဲ။
တပ်မှူး : ......
ကျန့်ကျားဟယ် : ကျွန်တော်တို့ စိုက်နိုင်တယ်လေ..ပြီးတော့ အားလူးတွေကို အာလူးတွေအဖြစ်ပြန်စိုက်မှာပေါ့။
တပ်မှူး : ဟုတ်တယ်။
စုရှောင်ကျယ် : မြေဆီလွှာက ဆိုးဆိုးရွားရွားညစ်ညမ်းနေပြီး ဘယ်အရာမဆို ကြီးထွားဖို့ ခက်တယ်။
တပ်မှူး : .....
ကျန့်ကျားဟယ် : ငါတို့ နည်းပညာနဲ့ သန့်စင်ဖို့လေ့လာနိုင်တယ်လေ၊ ဒါ့အပြင် သိပ္ပံပညာရှင်တွေက ဘာလုပ်ဖို့လဲ။
တပ်မှူး : အဲ့ဒါမှန်တယ်။
စုန့်ချန်ရှု : ပြောတာတော့ကောင်းတယ်။ ဒါဖြင့် သိပ္ပံပညာရှင်တွေက ဘယ်မှာလဲ။
တပ်မှူး : ......
ကျန့်ကျားဟယ် : နောက်တစ်ခါဆို အာလူးတွေယူတာပဲပိုကောင်းတယ်။
တပ်မှူး : ဒီတစ်ကြိမ်တော့ ဘာမှတ်ချက်မှမပေးတော့!