အပိုင်း(၂၂)
ကျီရှောင်အုံး နောက်ဆုံးတော့ အဖြေတစ်ခုကို တွေးတောလိုက်မိတယ်။
ရမ် သူမ ဘက်ကနေ နောက်ကိုလှည့်သွားတဲ့အချိန် သူမဗိုက်က နာကျင်မှုကို အောင့်ထားလိုက်ပြီး သူ့အမြီးအား လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ကာ သူမမျက်လုံးများကိုမှိတ်လိုက်ကာ သူမနေရာလွတ်ရှိ ထောင့်တစ်ထောင့်ကို ရှာဖွေလိုက်ပြီး အဲဒီနေရာမှာ သူ့ကို ထားထားလိုက်တော့တယ်။
ဒီလုပ်ဆောင်ချက် တစ်ခုလုံးက ချောချောမွေ့မွေ့ ပြီးမြောက်သွားခဲ့လိုက်ပါတယ်။
သူမ လစဉ်သုံးဂွမ်းကပ်အား စိတ်သက်သာရာရစွာ လဲရလိုက်ပေမဲ့လည်း သူမဝမ်းဗိုက်က နာကျင်မှုက မခံမရပ်နိုင်အောင် နာကျင်နေဆဲပင်။
မမြင်နိုင်သောလက်တစ်ဖက်က သူမ၏ တင်ပါးဆုံရိုးကို ဆုတ်ဖြဲကာ သူမတစ်ကိုယ်လုံးကို ဖိနင်းထားသလို ခံစားနေရပါတယ်။
ကျီရှောင်အုံး ရေနွေးအိုး တည် လိုက်ချင်ခဲ့တယ်။ ရေနွေးနွေးလေး သောက်လိုက်ရရင်တော့ သူမဗိုက်က ပူနွေးသွားပြီးတော့ အခုထက် ပိုပြီးသက်တောင့်သက်သာ ဖြစ်နေမှာပဲမလား။
သူမရဲ့ကျားသစ်လေး ရောက်လာနိုင်တဲ့ပြဿနာကိုရှောင်ရှားဖို့ ကျီရှောင်အုံး သူ့ကို သူမနေရာလွတ်ထဲမှ မလွှတ်ပေးလိုက်ခဲ့ပေ။
အပြင်ဘက်တွင်တော့ နှင်းတွေကျနေသေးပြီး သူမခန္ဓာကိုယ်က နေလို့ထိုင်လို့မကောင်းပေ။ နှင်းတွေကို အရည်ကျိုဖို့ အပြင်ထွက်သွားယူမယ့်အစား ကျီရှောင်အုံးက သူမနေရာလွတ်ထဲက ဓာတ်ဆားရေဘူးကြီးတစ်ဘူးကို ယူလိုက်ပြီး အလူမီနီယံအိုးထဲကို တစ်ဝက်လောင်းထည့်လိုက်တယ်။ ရေပွက်ပွက်ဆူလာစေဖို့ မီးဖိုပေါ်တွင် သူမ တည်လိုက်ခဲ့ပါတယ်။
မီးဖိုကို အချိန်အကြာကြီးအသုံးပြုနိုင်ပေမဲ့ ဂတ်စ်ဘူးကတော့ အကန့်အသတ်ရှိပြီး ဂတ်စ်ကုန်သွားတာနဲ့ သူမ မီးသုံးလို့ရတော့မည်မဟုတ်ပေ။
ကျီရှောင်အုံး ဂတ်စ်ဘူးက ဘယ်လောက်ကြာကြာအသုံးပြုနိုင်မလဲ မသိပေမဲ့ သူမရဲ့နေရာလွတ်ထဲမှာ တော့ ဂက်စ်ဘူး ၁၀ ဘူးလောက်တော့ ရှိနေသေးသည်။
ရေဆူလာတဲ့အခါမှာတော့ ကျီရှောင်အုံး ရေနွေးတွေကို အနွေးဓာတ်ဘူးထဲ လောင်းထည့်လိုက်သည်။ သူမကိုယ်တိုင် တစ်ငုံနှစ်ငုံလောက် သောက်လိုက်ပြီးနောက် အဖုံးကိုတင်းကြပ်စွာပိတ်လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းတွင် အနွေးဓာတ်ဗူးကို ကိုင်ကာ ထားထားလိုက်ခဲ့တယ်။
အပူဓာတ်က သူမအရေပြားထဲသို့ စိမ့်ဝင်သွားပြီး သူမရဲ့တင်ပါးတစ်လျှောက် ပျံ့နှံ့သွားကာ အဆက်မပြတ် နာကျင်နေမှုအား အနည်းငယ် သက်သာသွားစေလိုက်တယ်။
ကံမကောင်းတာက သူမနေရာလွတ်ထဲမှာ သကြားညိုလည်းမရှိ ဂျင်းလည်းမရှိတာကြောင့် ဓမ္မတာလာတဲ့အချိန် နာကျင်မှုကို လျော့ပါးအောင်လို့ သူမ ကျိုသောက်လို့မရနိုင်တော့ပေ။ သကြားအညိုနဲ့ ဂျင်းပြုတ်ရေက ပုံမှန်ရေတွေထက် အများကြီးပိုထိရောက်တာပဲဖြစ်တယ်။
ကျီရှောင်အုံး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်မိတယ်။
အရင်တုန်းက သူတို့ရဲ့ရာသီလာချိန် အရမ်းနာလွန်းလို့ သည်းမခံနိုင်ဘူးလို့ တစ်စုံတစ်ယောက်က ပြောတာ သူမကြားဖူးခဲ့တယ်။
အဲဒီအချိန်တုန်းကတော့ သဘောထားအမြင်က ယောင်တိယောင်ဝါးဖြစ်ပေမဲ့လည်း အခုချိန်မှာတော့ အဲဒါက တကယ်ပင် သူမ ခံစားရမဲ့အလှည့်ကျလာတော့ နာကျင်မှုက ဘယ်လောက်တောင်မှ မခံမရပ်နိုင်ဖြစ်လဲဆိုတာ သူမ အခုမှပဲ နားလည်သွားလိုက်တယ်။ ( T/N - မိန်းကလေးတိုင်းသိ***)
'ဒီနေရာက ဆောင်းဥတုက အရမ်းအေးတာပဲ။ သကြားညိုနဲ့ရေနွေးမရှိရင် သူမရဲ့နောက်ပိုင်းရာသီလာချိန်တွေမှာ ဒီလိုပဲ အရမ်းနာတော့မှာပဲလား။'
ကျီရှောင်အုံး စိတ်ကူးလို့တောင် မရနိုင်ချေ။
ဒီဆောင်းရာသီပြီးသွားရင်တော့ သူမ အရှေ့အရပ်က ပက် လို့ခေါ် တဲ့ပင်လယ်လိပ်ကြီးကို တတ်နိုင်သမျှ စောစောထွက်နိုင်ဖို့ စီစဉ်ရတော့မှာပဲ။
အိမ်ပြန်လမ်းကို ရှာဖို့အတွက်ပေါ့......
ကျီရှောင်အုံး ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်အား စိတ်ရှုပ်ထွေး အကြံအိုက်စွာနဲ့ စိုက်ကြည့်နေလိုက်သည်။
သူမ သတိပြန်ဝင်လာချိန်မှာတော့ သူမဗိုက်ပေါ်က ရေနွေးတွေက အေးသွားတာ ကြာလှပြီဖြစ်တယ်၊ ထောင်ထောင်က သူမရဲ့နေရာလွတ်ထဲမှာပဲ ရှိသေးတာကို သတိရသွားလိုက်ပြီး သူမ ရုတ်တရက် ထထိုင်လိုက်ခဲ့တယ်။
ကျီရှောင်အုံး အနွေးဓာတ်ဘူးခွက်ကို ဖယ်လိုက်ပြီး ကျားသစ်လေးကို သူမရဲ့နေရာလွတ်ထဲကနေ အမြန် လွှတ်ပေးဖို့ သွားလိုက်ခဲ့တယ်။
သို့ပေမဲ့လည်း သူမ ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်ပေမဲ့ ကျားသစ်လေးကို သူမ ထားခဲ့တဲ့နေရာက ဗလာဖြစ်နေခဲ့တယ်။
'သူ ဘယ်ကိုသွားလိုက်တာလဲ။' ကျီရှောင်အုံး ပတ်ဝန်းကျင်ကို အလောသုံးဆယ် ရှာကြည့်လိုက်တယ်။ သူမ သေသေချာချာ မှတ်မိနေတာက သူ့ကို အဝတ်အစားပုံထဲ မ၀င်မိစေဖို့ နို့နဲ့ဓာတ်ဆားရေဘူးတွေ ဘေးနားမှာ သေသေချာချာ ချထားခဲ့တာပါ။'
'ဒါပေမဲ့ အခုက ရေဘူးတွေရှေ့က နေရာမှာ သူ့ရဲ့အရိပ်အယောင် တစ်စွန်းတစ်စလေးမှတောင် မရှိပါလား။'
ကျီရှောင်အုံး အနည်းငယ်လေး အထိတ်တလန့်ဖြစ်သွားလိုက်တယ်။ 'သူ နေရာလွတ်ထဲမှာတော့ မပျောက်သွားနိုင်ဘူးလေ ဟုတ်တယ်မလား။'
ဒီ "နေရာလွတ်" က အရမ်းပဲကြီးမားပြီး၊ အကန့်အသတ်လည်းမရှိ၊ တိုင်းတာလို့လည်း မရနိုင်ဘူး၊ ကျီရှောင်အုံးတောင် ဘယ်နေရာမှာ အဆုံးသတ်လို့ အဆုံးသတ်သည်ကို မသိခဲ့တာပဲဖြစ်တယ်။
အကယ်၍ သူသာ ဒီနေရာမှာ တကယ် ပျောက်သွားတာဆိုရင် ကျီရှောင်အုံး သူ့ကို ဘယ်လိုလိုက်ရှာရမှန်း တကယ်မသိတော့ပေ။
ကျီရှောင်အုံး သူမမျက်လုံးများကို မှေးစင်းလိုက်ပြီး အပေါ်စီးကနေ နေရာလွတ်တစ်ခုလုံးကို ခြုံငုံကြည့်လိုက်ခဲ့တယ်၊ ကံကောင်းစွာပဲ သူမရဲ့ကျားသစ်လေးကို အသားကင်မီးဖိုဘေးတွင် ရှာတွေ့သွားခဲ့တယ်။
ရမ်က အဲဒီနေရာမှာ တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့တာပင်။
သူ့မျက်လုံးတွေကို မှိတ်ထားပြီး သူ့ရဲ့အမူအရာက အချိန်အတော်ကြီး အိပ်ပျော်နေသည့်အတိုင်းပင်။
ကျီရှောင်အုံး က သူ့ကိုနေရာလွတ်ထဲက အမြန်ဆွဲထုတ်လိုက်ပြီး ဘာလုပ်ရမှန်းမသိဘဲ ကုတင်ပေါ်တွင် တင်လိုက်ခဲ့တယ်။
"ဟေး..." ကျီရှောင်အုံးက သူ့ဗိုက်ကို ဖွဖွထိဖို့ သူမလက်တွေကို မြှောက်လိုက်ပြီး ညင်သာစွာဖြင့် "ထောင်ထောင် နင် အဆင်ပြေရဲ့လား"
ရမ် က ဘာမှ တုံ့ပြန်မှုမှ မပေးခဲ့ပေ။
နေရာလွတ်က သူ့အပေါ် ဘာသက်ရောက်မှုတွေ ရှိစေနိုင်တာကို ကျီရှောင်အုံး မသိပေ။
အချိန်က သူမရဲ့နေရာလွတ်ထဲတွင် ဖြည်းညှင်းစွာ စီးဆင်းတာဖြစ်တယ်၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ ပုံမှန်အချိန်အတိုင်း စီးဆင်းနေခဲ့တယ်။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တွေ့မိအချိန်မှပဲ ပြဿနာဖြစ်မှာများလား။ ဒါမှမဟုတ် ငြင်းပယ်လိမ့် မလားပဲ။
ကျီရှောင်အုံး ကောင်း မကောင်း ပြောဖို့ အတွေ့အကြုံမရှိခဲ့ပေ။
ခဏလောက်ကြာပြီးနောက်တောင် ကျားသစ်လေး မနိုးသေးတာကို မြင်လိုက်တော့ ကြောင်လေးတွေက တောနှံပင်ကို ကြိုက်တဲ့အကြောင်းအား သူမ တွေးတောလိုက်ခဲ့တယ်။ သူမရဲ့ လှပတဲ့အမွေးတိုကြောင်လေးက အဲဒါကို မြင်တဲ့အချိန်တိုင်းပဲ သူမက သူ့ကို မူးယစ်ဆေးကျွေးထားသလို ပြုမူနေခဲ့တယ်။ နှစ်ပေါင်းများစွာတိုင် ဆင့်ကဲပြောင်းလဲလာပြီးနောက်မှာ တောနှံပင်က သူတို့အပေါ် သက်ရောက်မှုမရှိတော့ဘူးလို့ ကျားသစ်တွေက ပြောနေပေမဲ့လည်း ဒါပေမဲ့လဲ... . .
တကယ်လို့များ သက်ရောက်တယ်ဆိုရင်ရော..
ကျီရှောင်အုံး သူမရဲ့ အကောင်းမြင်တတ်တဲ့ သဘောထားကို ကြိုးစား ဆုပ်ကိုင်ထားပြီး သူမရဲ့အမွေးအိတ်လေးထဲက တောနှံပင်လေးကို ထုတ်လိုက်ပြီး သူ့နှာခေါင်းအောက်မှာ သွားထားလိုက်ခဲ့တယ်.... . .
"ဒေါက်.. ဒေါက်... ဒေါက်..!"
ရုတ်တရက် တံခါးကနေ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ရင်းနှီးသောအသံက နောက်ကလိုက်ပါလာခဲ့တယ်- "အုံး.. နင် ဒီထဲမှာလား"
*******
"အီရစ် နင် ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့လိုက်တာလဲ" ကျီရှောင်အုံး အီရစ်ကို အခန်းထဲသို့ သွင်းလိုက်ပြီး အံ့ဩဘနန်းကြီးစွာ မေးလိုက်တယ်။
သူမ တံခါးဖွင့်လိုက်တာနဲ့ အီရစ်က နှင်းတွေဖုံးလွှမ်းနေတဲ့ တံခါးအပြင်ဘက်မှာ မတ်တပ်ရပ်နေပြီး တောက်ပစွာ ပြုံးနေတာကို သူမ မြင်လိုက်ခဲ့တယ် ။
သူမ ဒီနေရာကို ခက်ခက်ခဲခဲနဲ့ ရှာထားရလိုက်တာ၊ ဒီနေရာမှာ လူနေထိုင်နေတဲ့သူ တစ်ယောက်မှလည်း မရှိပါဘူး။
'အီရစ်က သူမ ဒီမှာရှိနေတာကို ဘယ်လိုလုပ် သိတာများလဲ။'
အီရစ်က သူ့ခေါင်းပေါ်က နှင်းပွင့်တွေကို ပုတ်ထုတ်လိုက်ပြီး ရှင်းပြလိုက်ခဲ့တယ်၊ "မနက်က ငါ မျိုးနွယ်အကြီးအကဲအိမ်ကို သွားတော့ သူ့အိမ်နားမှာ ထင်းချောင်းကို မြင်ခဲ့တာ...။" ဒီနေရာရောက်တော့ အီရစ်က ခဏရပ်လိုက်ပြီး အနည်းငယ်လေး စိတ်အိုက်စွာနဲ့ မော့ကြည့်လိုက်တယ် ။
အိပ်ယာပေါ်တွင် ကျားသစ်လေး အိပ်ပျော်နေတာကို သူ မြင်ပြီးနောက်မှသာ သူ ဆက်ပြောရဲလိုက်တယ် "သူ့ထင်းတွေကို ကျားသစ်တစ်ကောင် ခိုးသွားခဲ့တာတဲ့၊ မျိုးနွယ်အကြီးအကဲဂျော့က အဲဒါ နင့်ကျားသစ်လေးလို့ ပြောခဲ့တယ်။ နင် အနီးနားမှာ ရှိနေလောက်မယ်လို့ ငါ ခန့်မှန်းမိလိုက်တာနဲ့ ဒီလမ်းကြောင်းအတိုင်း အချိန်နည်းနည်းလောက် ခြေရာခံ လိုက်လာလိုက်တာပဲ။ နင့်ကို တကယ် တွေ့လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။"
သူ့အပြုံးက ရိုးသားပေမယ့် ကျီရှောင်အုံးက နည်းနည်းတော့ အံသြသွားလိုက်တယ်။
'ထင်း ခိုးတာတဲ့လား။' သူမ မီးလင်းဖိုဆီသို့ သူ့အလိုလို လှမ်းကြည့်မိလိုက်တယ်။
'မနေ့ညက ကောက်ထားခဲ့တဲ့ ထင်းတွေက မီးထိုးလို့ကုန်သွားလိုက်ပြီး ဒီမနက်ကျ သူမ အိပ်ရာက မထနိုင်လောက်အောင် ဆိုးဆိုးရွားရွားဗိုက်အောင့်နေခဲ့တာပဲ။'
'—--ဒီကျားသစ်လေးက ဒီမနက် အစောကြီးက အရမ်းအလုပ်များနေခဲ့တာက ထင်းခိုးဖို့ တောင်ဆတ် ရွာကို ပြန်သွားလိုက်တာလား။'
"အုံး... ငါ နင့်အတွက် ပစ္စည်းတစ်ခု ယူလာပေးတယ်။"
အီရစ်ရဲ့ စကားက ကျီရှောင်အုံးရဲ့ အတွေးတွေကို နှောက်ယှက်လိုက်တယ်၊ သူ သူ့ပခုံးပေါ်က ဝါးခြင်းတောင်းကို ချလိုက်ခဲ့တယ်။
"ဒါက ငါ မနေ့ က တူးထားတဲ့ ကန်စွန်းဥတွေပဲ။ နင် ဒီနေရာမှာ တကယ်ရှိလား မရှိလား မသေချာတာနဲ့ ငါ အများကြီး မယူလာမိဘူး။ နင် ဒီနေရာမှာ ရှိနေတော့ ငါ အရမ်းပျော်သွားတာပဲ။ နင် ဒါတွေပဲ ယူထားလိုက်ဦး၊ ငါ မနက်ဖြန်ကျမှ နင့်ကို နောက်ထပ်လာပို့ဦးမယ်"
ကျီရှောင်အုံး ကန်စွန်းဥများနဲ့ပြည့်နှက်နေတဲ့ ခြင်းတောင်းကိုကြည့်ကာ အီရစ်မှာ စားစရာအများကြီးမရှိတာကို သတိရသွားလိုက်တယ်။ သူ ကန်စွန်းဥသွားတူးတုန်းကတောင် သူ့ရဲ့ဆောင်းတွင်းမှာ စားစရာ မလုံလောက်တော့မှာကို သူ စိုးရိမ်နေတုန်းပဲမလား။
"နင် ငါ့ကို ဒါတွေ အကုန်ပေး ပြီး နင်က ဘာသွားစားမှာလဲ" ကျီရှောင်အုံး လက်ခံဖို့ ငြင်းဆန်လိုက်တယ်၊ သူမနေရာလွတ် မှာ စားစရာတွေ အများကြီး ကျန်သေးတာပဲမလား။
အီရစ်က သူမကို ပြုံးပြလိုက်ပြီး သူ့သမင်ချိုတွေနှိမ့်ကာ ရယ်မောလိုက်ရင်း "ငါက ယောက်ျားပါ၊ ငါ အသက်ရှင်ဖို့ နည်းလမ်းတစ်ခု အမြဲတမ်းရှာနိုင်ပါတယ်ဟ"
"ဒါပေမယ့်..." ကျီရှောင်အုံးက ယူလိုက်ဖို့ ငြင်းဆန်ချင်နေသေးတယ်။
အီရစ်က အိမ်အနားတဝိုက်ကို လှည့်ပတ်ပြီး ခေါင်းစဉ်ပြောင်းလိုက်ကာ မေးမြန်းလိုက်တယ်၊ "အုံး.... ဒီအိမ်လေးကို နင် ဘယ်လိုရှာတွေ့တာလဲ"
ကျီရှောင်အုံး က ပြန်ဖြေလိုက်တယ် "ငါလည်း မသိဘူး၊ ငါ ဒီနားကို လမ်းလျှောက်လာရင်းနဲ့ ဒီတဲလေးကို မြင်လိုက်ရတာ..." သူမ ရှေ့ကို လှမ်းလိုက်ပြီး "အီရစ် ဒီကန်စွန်းဥတွေက........"
"စားပွဲခုံက ယိုင်နဲ့နေတာပဲ အခင်းတွေလွတ်နေတော့ နင် ဒါကို သုံးလို့မရတော့ဘူးပဲ" အီရစ်က စားပွဲခုံနားမှာရပ်ပြီး အလေးအနက်ထား ငုံ့ကြည့်လိုက်တယ်။
ထို့နောက် သူ အခန်းရဲ့ ကြမ်းပြင်၊ တံခါးနှင့် ဗီရိုကို ငုံကြည့်လိုက်ခဲ့တယ် ။
—— ကုတင်ကတော့ သူ သွားမကြည့်ရဲပေ ဘာလို့ဆို ရမ်က ထိုနေရာတွင် လဲလျောင်းနေတာကြောင့်ပင်။
အီရစ်က ပြောလိုက်၏။ "ဒီပရိဘောဂတွေက အကုန်ပျက်စီးနေတယ်။ ပြန်ပြင်ဖို့ မနက်ဖြန်ကျရင် ငါ ကိရိယာတချို့ ယူလာလိုက်မယ်။"
ကျီရှောင်အုံး က အံ့သြစွာနဲ့ ပြောလိုက်တယ်၊ "နင်က ဒါတွေကို ပြင်တတ်တာလား"
"...နည်းနည်းပါးပါးပါ" အဲရစ်က ဟိတ်ဟန်မထုတ်ဘဲ ရိုးကုပ်စွာပြောလိုက်တယ်။
တခြားအရာတွေကတော့ ဘာမှ အရေးမကြီးပေ၊ ကျီရှောင်အုံးက အဲဒါတွေကို အလိုက်အထိုက် လုပ်လို့ရတာပဲမလား။
ဒါပေမယ့် တံခါးနဲ့ ကြမ်းပြင်ကိုကျ သူမ မပြင်နိုင်ဘူး။ ညဘက်ဆိုရင် အအေးဓာတ်က တံခါးနဲ့ ကြမ်းပြင်ကိုဖြတ်ပြီး အမြဲတမ်း စိမ့်ဝင်လာတာဖြစ်တယ်။ သူမ ရာသီ မလာတဲ့အချိန်ဆို အအေးဒဏ်ကို သူမ ခံနိုင်ရည်ရှိပေမဲ့လည်း ခုကတော့ အအေးဓာတ်လေးနည်းနည်းကတောင် နာရတာ မခံမရပ်နိုင်လောက်အောင်ပင်။
ကျီရှောင်အုံး အီရစ်အား ဆက်လက် ကျေးဇူးတင်လိုက်ခဲ့တယ် ဒါပေမဲ့ အီရစ်က သဘောထားကြီးစွာဖြင့် ပြုံးပြုလိုက်ကာ "အုံး..... မင်း ငါ့ကို ဒီလောက်ကြီး အားနာဖို့ မလိုပါဘူး"
အီရစ်က ကြာကြာမနေဘဲ မနက်ဖြန်ကျရင် သူလိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ စောစော ပြန်လာခဲ့မယ်လို့ အခိုင်အမာ ပြောလိုက်ခဲ့တယ်။
အီရစ်ကို ပြန်ပို့လိုက်ပြီး ကျီရှောင်အုံး ကုတင်ပေါ်ပြန်တက်သွားလိုက်တယ်။ ကျားသစ်လေးက ခုထိ မနိုးသေးပေ။
သူ့ဘက်လှည့်ပြီး လှဲနေကာ မျက်တောင်များက မှိတ်ထားလျက်ရှိနေခဲ့တယ် ။ ဒါက ရိုးရိုးသားသားပြောရရင် အနည်းငယ်လေး ပုံမှန်ဖြစ်မနေသလိုပဲ။
ကျီရှောင်အုံး စိတ်မသက်မသာ ဖြစ်သွားလိုက်ပြီး သူမ လက်တစ်ဖက်ကို ဆန့်လိုက်ကာ လက်နှစ်ချောင်းကြားမှ အမွေးထူ နားရွက်ဝိုင်းလေးကို ညင်သာစွာ လိမ်လိုက်ခဲ့တယ်။ သူမ အပြန်ပြန်အလှန်လှန် ပွတ်သပ်လိုက်ခဲ့တယ်။
"ထောင်ထောင်.."
သူ မတုံ့ပြန်လိုက်ခဲ့ပေ။
ကျီရှောင်အုံး သူမလက်ချောင်းကို အောက်သို့ရွှေ့လိုက်ကာ သူ့မေးစေ့အောက်သို့ လျှောချလိုက်ပြီး သူ့မေးစေ့အောက်မှာ ကုတ်ခြစ်ဖို့ သူမ လက်ခလယ်နှင့် လက်ညိုးကို သုံးလိုက်ခဲ့တယ်။
တုံ့ပြန်မှု မရှိတုန်းပင်။
ထူးဆန်းတယ်. . သူ့မေးစေ့ကို ကုတ်ခြစ်ရင် သူ တစ်ခါမှ မကြိုက်ခဲ့ဘူး မလား။
သူ့ကို သူမ ဒီလိုလုပ်တဲ့အချိန်တိုင်း သူမကို မကျေနပ်တဲ့ မျက်လုံးတွေနဲ့ သူ ပြန်လှန်ကြည့်ပြီး သူမလက်ကို သူ့လက်ဖဝါးနဲ့ ခါထုတ်လေ့ရှိတာပဲမလား။
ကျီရှောင်အုံး အရှုံးမပေးဘဲ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို နှစ်ဆတိုးလိုက်တယ်။ သူမ အပေါ်အောက် အထပ်ထပ် ထပ်ကုတ်ခြစ်ပေးလိုက်တယ်၊ သူ့ခြေဖဝါးလေးခုကိုတောင်မှ ချန်မထားလိုက်ပေ။
ဒါပေမယ့် သူကတော့ မနိုးသေးတုန်းပဲ။
ကျီရှောင်အုံး အနည်းငယ်လေး စိတ်ဓာတ်ကျသွားလိုက်တယ်။ တကယ်လို့ သူ့နှာခေါင်းကို စူးစမ်းပြီးလိုက်တာသာ မဟုတ်ရင် သူ အသက်မရှူတော့ဘူးလို့ သူမတွေးထင်နေလိမ့်မှာပင်။
ဒီညနေခင်းမှာတော့ ကျီရှောင်အုံး ခန္ဓာကိုယ်ကို နာကျင်နေပြီး သူမ စားချင်စိတ်လည်းမရှိပေ၊ ဒါပေမဲ့ သူမနေရာလွတ်ထဲက ဆန်ကိုသုံးပြီးတော့ ကန်စွန်းဥ ဆန်ပြုတ်တစ်အိုး ချက်လိုက်ခဲ့တယ်။
ကျီရှောင်အုံး ကန်စွန်းဥဆန်ပြုတ်သောက်လိုက်ပြီးနောက် သူမ ကြည့်ရှုလိုက်ပြီး အိပ်ဖို့ လဲလျောင်းလိုက်ပေမဲ့လည်း ရမ် ကတော့ မနိုးသေးပေ။
******
မနက်စောစောတွင် ကောင်းကင်ယံတွင် အလင်းရောင် ပွင့်ထွက်လာလိုက်ပြီး တောင်တန်းများပေါ်သို့ ပြန့်ခွဲထွက်သွားခဲ့လိုက်တယ်။
အိမ်အပြင်ဘက်တွင် ဆီးနှင်းများ ရပ်စဲသွားလိုက်ပြီး နှင်းလွှာပြင်များပေါ်တွင် နေရောင်က တောက်ပလင်းလက်နေခဲ့ကာ ငွေရောင် ထုပ်ပိုးထားတဲ့ ဖန်သားပြင်ကမ္ဘာကြီးကို ရောင်ပြန်ဟပ်နေခဲ့တယ်။
ကျီရှောင်အုံး သူမမျက်လုံးများကို ဖွင့်လိုက်တယ်။ မနေ့ကနဲ့ ယှဉ်ရင် သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်း နာကျင်မှုက နည်းနည်း သက်သာသွားလိုက်တယ်။
သူမ ကိုယ်ကိုအပျင်းဆန့်ပြီး ဟိုဘက်လှည့်ကြည့်လိုက်တော့ အပြာရောင် မျက်လုံးဝိုင်းဝိုင်းလေး တစ်စုံ စိုက်ကြည့်နေတာက သူမကို အံ့အားသင့်သွားစေခဲ့တယ်။
ရမ် သူ နိုးလာချိန်မှာ ဘာလို့မှန်းမသိပေမယ့် ကျီရှောင်အုံးရဲ့ ခေါင်းဘေးမှာ သူ လှဲလျောင်းရင်း သူမအား အာရုံစူးစိုက်စွာနဲ့ နင့်နင့်နဲနဲ ကြည့်လိုက်ခဲ့သည်။
သူ့နောက်ခြေထောက်မှာ ရစ်ပတ်ထားတဲ့ ပတ်တီးစက ဖရိုဖရဲ ပြေကျသွားပြီး သူ အရင်က ရခဲ့တဲ့ဒဏ်ရာနေရာကို ထုတ်ဖော်ပြနေခဲ့သည်။
မူလက ဒဏ်ရာရထားတဲ့ အသားနေရာက ဒဏ်ရာအရမ်းနက်လို့ အရိုးကိုပင် မြင်နိုင်နေပြီး ထိုဒဏ်ရာက အရှင်းတော့မပျောက်သေးပေ၊ အခုတော့ ပန်းနုရောင်အသားသစ်ကို ထုတ်ဖော်ပြနေခဲ့တယ်။
"နင် နိုးလာပြီလား..." ကျီရှောင်အုံး က သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ထထိုင်လိုက်ရင်း သူမမျက်လုံးတွေက အမူမဲ့အမှတ်မဲ့နဲ့ မှိန်ဖျော့သွားကာ "မနေ့က ဘာလို့ နင် ဒီလောက်ကြာအောင် အိပ်နေတာလဲ ငါထင်တာ......။"
ဒဏ်ရာက သက်သာသွားတာကို သူမ တွေ့လိုက်ရတော့ ရုတ်တရက် စကားရပ်သွားလိုက်တယ်။
အဲဒီနောက် အံအားသင့်စွာနဲ့ သူမ ပြောလိုက်တယ် "နင့်ဒဏ်ရာက .......ဘယ်လိုလုပ်ပြီးတော့"
သူမ မနေ့တုန်းက ဒဏ်ရာကို ပတ်တီးစီးခဲ့တာကို သတိရမိလိုက်တယ်၊ ဒဏ်ရာက အရမ်းနက်နေသေးတယ်မလား!
ကျီရှောင်အုံး မယုံနိုင်လောက်အောင် ဖြစ်နေခဲ့လိုက်တယ်၊ ဒါပေမဲ့ သူမ နောက်တစ်ကြိမ် ထပ်ကြည့်သောအခါတွင်လည်း ဒဏ်ရာက ဒီအတိုင်းပဲရှိနေတုန်းပင်။ သူမ လက်ချောင်းများကို ဆန့်လိုက်ပြီးတော့ ဂရုတစိုက် ထိတွေ့ကြည့်လိုက်တယ် ။ အသားအသစ်က ပန်းရောင်သန်းနေပြီး ဒဏ်ရာရခဲ့ တဲ့ နေရာက အမာရွတ်အရှည်ကြီးတစ်ခုဖြစ်နေခဲ့တယ်။
'သားရဲလူသားတွေက လူသားတွေထက် ကုသနိုင်စွမ်းအား ပိုကောင်းတာလား။'
'ဒါက မဖြစ်နိုင်တာပဲ။'
'ဒါပေမယ့်.. . . တကယ်လို့ အဲဒါက အမှန်ဆိုရင် ဒီလောကရဲ့သားရဲလူတွေက အရမ်းစွမ်းအားကြီးတာပါပဲလား။'
လူသားတွေရဲ့ဖွဲ့စည်းတည်ဆောက်ပုံက သူတို့တွေနဲ့တော့ လုံးလုံး နှိုင်းယှဉ်လို့မရနိုင်ဘူးပဲ။
သူမ တွေးတောလိုက်တုန်းမှာပဲ တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။
"ဒေါက် ဒေါက် ဒေါက်...--"
သုံးကြိမ်တိုင်တိုင် အသံက ရှင်းရှင်းလင်းလင်းကြားရခဲ့တယ်။
မနေ့ကပဲ ဒီမနက်ကျရင် သူလာခဲ့မယ်လို့ ကြိုပြောထားတာဆိုတော့ ကျီရှောင်အုံး က အီရစ်နေမှာပဲ လို့ထင်လိုက်ခဲ့တယ်။
အချိန်ကိုကြည့်လိုက်တော့ မနက် 7:30 ပဲရှိသေးတယ်။
ကျီရှောင်အုံးက အိပ်ရာထဲက ထလိုက်ပြီး တံခါးပေါက်ဆီ သွားလိုက်ကာ တွန်းဖယ်လိုက်ပြီး "အီရစ် နင် ဘာလို့ ဒီလောက်အစောကြီး........."
တစ်ဝက်တစ်ပျက်နဲ့ စကားတွေက အဆုံးသတ်သွားလိုက်တယ်။
တံခါးအပြင်ဘက်ကလူက အီရစ်မဟုတ်ဘဲ ထူးဆန်းတဲ့ သားရဲလူ 'အထီး'တစ်ကောင်ပင်။
သူ့အသားက မည်းနက်ပြောင်နေပြီး သူ့ကိုကြည့်ရတာ အမှောင်ထုထဲမှ တိုးထွက်လာလိုက်သလိုပင်၊ သူ့ ပင်ကိုစရိုက်ကိုက အေးစက်စက်နဲ့ ခြိမ်းခြောက်နေခဲ့တယ်။
အသားမည်းနက်တယ်၊ မျက်လုံးသူငယ်အိမ်များက အဝါရောင်ဖြစ်ပြီး၊ ချောမွေ့ပြီး ကျစ်လျစ်သော ခန္ဓာကိုယ်ကောက်ကြောင်းများ ရှိနေပေမဲ့ ပေါက်ကွဲနိုင်တဲ့ စွမ်းအားများ ပါဝင်နေလေတယ်။
— -- ပေါ့ပါးဖျတ်လတ်တဲ့ ကျားသစ်နက်တစ်ကောင်လိုပင်။
End