Chapter 24
Viewers 9k

 


အပိုင်း(၂၄)


လောရန့်က သူ့မျက်စိမြင်ကွင်း‌တန်းတန်းတွင် စေ့စေ့ကြည့်ရဖို့ ရမ်အား မြှောက်ပင့်လိုက်ပြီး တည်ငြိမ်နေတဲ့ အဝါရောင် မျက်လုံးသူငယ်အိမ်များနှင့် ရှုပ်ထွေးနေတဲ့ မျက်နှာထား‌တွင် မတုန်မလှုပ်စွာ ရှိနေလိုက်ရင်း အကောင်ပေါက်လေးအား စိမ်ပြေနပြေ စိုက်ကြည့်နေခဲ့တယ်။


ရမ် ကျားသစ်‌မျိုးနွယ်အကြီးအကဲရာထူးကို ရယူလိုက်တဲ့အချိန်တွင် သူ့ မျက်လုံးပြာပြာများအား အထူးပြုစရာအဖြစ် သတ်မှတ်လို့ရခဲ့တာပင်။


မျိုးနွယ်စုတစ်ခုလုံးတွင် သူ့မျက်လုံး‌တွေသာ ဒီအရောင်ရှိတာဖြစ်၏။


အခု ဒီအ‌ကောင်ပေါက်ကလေးတွင် အဲဒီလို တူညီတဲ့မျက်လုံးအရောင် ရှိနေခဲ့တာပဲ။ သူ့ရဲ့‌နေပုံထိုင်ပုံ ဟန်ပန်အမူအရာ တစ်ခုလုံးက ရမ် နဲ့ အတိအကျကိုသွားတူ‌နေခဲ့တာဖြစ်သည်။


တည်ငြိမ်အေးဆေးတယ်၊ ပျင်းရိပြီး၊ စိတ်ကြီးဝင်တယ်။


သို့သော် နဂို ရမ်က သန်မာပြီး ပြီးပြည့်စုံသော ကိုယ်ခန္တာအချိုးအစားရှိတယ်။ သူ့လက်သည်းတွေက အရေအတွက်မသိရနိုင်တဲ့ လူ‌တွေရဲ့လည်မြိုတွေကို ထိုးဖောက်နိုင်‌၏။


အထက်စီးဆန်ပြီး ဘာမထင်သော၊ အထင်အမြင်သေးတဲ့နေရာမှာ ထိပ်တန်းတစ်ယောက်။


အခုတော့ သူက ဒီလိုရယ်စရာကောင်းတဲ့ ကြောင်ပေါက်လေးလို ခန္ဓာကိုယ်အဖြစ်သို့ လျော့ကျသွားခဲ့ကာ ငယ်လွန်းလို့ နို့တောင် မပြတ်သေးပေ။


အားနည်းတယ်၊ စွမ်းအားမရှိ၊ ခြိမ်းခြောက်နိုင်စွမ်းလည်း ရှိမနေ။


လောရန့်သည် ဖြည်းညှင်းစွာဖြင့် သွားပေါ်တဲ့အထိ ပြုံးရယ်လိုက်ကာ အသံပင်ထွက်၍ လှောင်ရယ်လိုက်ခဲ့တယ်။


သူ သူ့ရဲ့အခြားလက်တစ်ဖက်ကို ပင့်ကာ အကောင်ပေါက်လေး၏ မေးရိုးကို မသိမသာ ဖိညစ်ထားလိုက်၍ ကလော်ဖွင့်လိုက်ပြီး သူ့လက်မနှင့် လက်ညှိုးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကာ ရန်စမှုအပြည့်ဖြင့် "ငါ ကြည့်ပါဦးမယ်။ မင်း သွားတွေရော ပေါက်သေးရဲ့လား"


အဲဒီနောက် သွားဖုံးမှ သွားများကိုဆုတ်ဖြဲဖို့ ကြိုးစားရင်းနဲ့ သူ ကျားသစ်လေး၏ သွားများကို သူ့လက်ချောင်းများဖြင့် ကိုင်တွယ်လိုက်ခဲ့၏။


ရမ်ရဲ့မျက်လုံးများက အေးစက်ပြီး မှောင်မိုက်နေခဲ့ကာ ဖျက်ခနဲ လင်းလက်သွားခဲ့လိုက်သည်။


လောရန့် မတုံ့ပြန်နိုင်သေးခင်မှာပဲ ရမ် က သူ့နောက်ခြေထောက်တွေနဲ့ ကန်ထုတ်လိုက်ပြီး သူ့ခါးကို လိမ်လိုက်ပြီး လောရန့် ရဲ့ မျက်နှာပေါ်အား သူ့ခြေသည်းတွေနဲ့ ကုတ်ဆွဲချလိုက်ပြီး သူ့အရေပြားတွင် အမှတ်ရာမျဉ်းကြောင်းတွေကို ရေးဆွဲခဲ့လိုက်သည်။


လော်ရန့်စ် သူ့လည်ပင်းကနေ အနောက်သို့ အမြန်ပြန်ဆွဲကာ သူ့လည်ချောင်းပတ်လည်တွင် လက်ကို တင်းတင်းဆုပ်ထားလိုက်ခဲ့တယ်။


"မင်း ငရဲကိုသွားလို့ရပြီ ရမ်..."


ကျားသစ်နက်ပြောလို့ မပြီးသေးခင်မှပဲ ရမ် က သူ့ရှေ့ခြေသည်းနဲ့ သူ့လက်နှစ်ဖက်အား လှမ်းဆွဲလိုက်ခဲ့ပြီး သူ့ပါးစပ်သေးသေးလေးကို ဖွင့်ကာ အငြိုးတကြီးနဲ့ ကိုက်ချလိုက်တော့၏။


သူ့ခန္ဓာကိုယ်က အားနည်းနေပေမယ့်လည်း သူ့သွားတွေက အလွန်ချွန်ထက်ပြီး ရှည်နေသေးတာပင်၊ သူတို့က လောရန့်ရဲ့ အသွေးအသားကို အလွယ်တကူ ထိုးဖောက်လိုက်ခဲ့တယ်။ ရမ် အလျော့မပေးခဲ့ဘဲ လက်မတစ်ချောင်းလုံးကို ပြတ်ထွက်အောင် ကိုက်ချင်နေတဲ့အတိုင်း သူ့ကိုက်တဲ့ ခွန်အားကို တိုးမြင့်လိုက်ခဲ့တယ်။


လောရန့် သူ့အသက်ရှုသံအောက်တွင် စိတ်ဆိုးစွာ ရှူးခနဲအသံထွက်သွားခဲ့ကာ သူ့မျက်နှာအမူအရာက အေးစက်သွားလိုက်ပြီး ရမ် ၏လည်ချောင်းကို ဆုပ်ကိုင်နေတဲ့ လက်အား တင်းကြပ်လိုက်ခဲ့တော့တယ်။


သူ ပိုပြီးပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားလေလေ ရမ်၏ အစွယ်များက ရက်စက်လေလေ စိုက်ဝင်လေလေ ဖြစ်နေခဲ့လိုက်၏။


နောက်ဆုံးတွင်တော့ လောရန့် သူ၏လက်တံရှည်နဲ့ ဝှေ့ယမ်းလိုက်ခဲ့ကာ ရမ် အား သစ်ပင်တစ်ပင်ရဲ့ ပင်စည်လုံး သို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်ခဲ့တော့သည်။


"ဒုန်း--"


ရမ်ရဲ့ ခန္ဓာကိုယ်သေးသေးလေးဟာ ငွေရောင်အခွံထည်ရှိတဲ့ ပင်စည်တစ်ခုသို့ အရှိန်ပြင်းစွာ တိုက်မိသွားလိုက်ပြီး သစ်ပင်တစ်ပင်လုံး လှုပ်ရမ်းသွားလိုက်တော့တယ်။


သစ်ကိုင်းတွေပေါ်မှာရှိတဲ့ နှင်းတွေက ပြုတ်ကျလာလိုက်ပြီး သူ့ခေါင်းပေါ်တည့်တည့်သို့ ကျဆင်းသွားလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့အား ဖြူဆွတ်တဲ့ တောင်ကုန်းငယ်လေးတစ်ခုအဖြစ် နစ်မြုပ် သွားစေလိုက်ခဲ့တယ်။


လောရန့်က သူ့လက်အား သူ့မျက်နှာရှေ့တွင် ထားလိုက်ပြီး ရမ် ကိုက်ခဲ့တဲ့ သူ့အသားထဲက သွေးကွက်နေရာကို ကြည့်လိုက်ခဲ့တယ်။ တစ်ဝက် ပြတ်တဲ့အထိ ကိုက်ခံလိုက်ရတာပဲ။


သူ သူ့သွားတွေကို ဖြဲလိုက်ခဲ့ပြီး သူ့အမူအရာက ပိုလို့တောင် အေးခဲသွားတော့တယ် ။


အဲဒီနောက် သူ့အကြည့်ကို ပင့်လိုက်ပြီး သူ့တစ်ကိုယ်လုံးက နှင်းခဲများ ဖုံးလွှမ်းနေပုံထင်လိုက်ရသွားခဲ့သည်။


ရမ် ပျောက်ကွယ်သွားပြီးနောက်တွင် မျိုးနွယ်စုအား အုပ်ချုပ်မဲ့သူတစ်ယောက်မှ မရှိခဲ့ဘဲ ပရမ်းပတာဖြစ်သွားလိုက်ခဲ့သည်။


သူ့စွမ်းရည်တွေက ရမ် ထက်တော့ မနည်းခဲ့။ သို့ပေမယ့် သူ့အမိန့်ကို လိုက်နာတဲ့ အမျိုးသားအားလုံးက သူ့အား ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်လိုက်တဲ့အချိန်မှာတောင် အကြီးအကဲတွေက ရမ် မသေသေးပဲနဲ့ သူတို့တွေ အသစ်တစ်ယောက်ယောက်ကို မရွေးချယ်နိုင်ပါဘူးလို့ မလျှော့တမ်း ပြောလာခဲ့သည်။


လောရန့်ရဲ့ပါးစပ်က အေးစက်တဲ့ အပြုံးတစ်ခု စွဲထင်ရှိလိုက်၏ ။


'ဟုတ်ပါတယ်... ရမ် မသေသေးပါဘူး၊ သူက အသုံးမဝင်တဲ့ သားပေါက်လေး ဖြစ်လာရုံပါပဲ။'


'ဒါကိုသာ အကြီးအကဲတွေ မြင်လိုက်ရင် သူတို့ ဘယ်လိုများ တုံ့ပြန်လိမ့်မလဲ။'


လောရန့် တွေးတောလိုက်တယ်၊ မျိုးနွယ်စုဆီ သူ့(ရမ်)ကို ပြန်ခေါ်သွားဖို့ သူ စိတ်မရှိပါဘူးလေ။


ဒါပေမယ့် အဲဒီမတိုင်ခင်တော့ သူ သူ(ရမ်)နဲ့ ကောင်းကောင်းကြီး ကစားရဦးမှာပဲ။


လောရန့်က သူ့ခြေထောက်ကို မြှောက်ကာ နှင်းပုံကြီးဆီသို့ လှမ်းတက် သွားလိုက်ပြီး ရမ်ကို ပြန်ထုတ်ဖို့ သူ့ကိုယ်ကို ကိုင်းလိုက်တယ်၊ သူ့လည်မြိုကို ညှစ်လိုက်ပြီး သစ်ပင်ပင်စည်နဲ့ကပ်ကာ သူ့အား မလှုပ်နိုင်အောင် ချုပ်ထားလိုက်ခဲ့တယ်။


သူ့ရဲ့နောက်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း လက်သည်းတွေကို ထုတ်ဖော်လိုက်ခဲ့ကာ ရမ် ၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်လိုက်ခဲ့တော့တယ်.... . .


"--မလုပ်နဲ့!"


ငိုသံပါတဲ့ ထိတ်လန့်တကြားအော်ဟစ်သံတစ်ခုက ထွက်ရှိလာလိုက်တယ် ။


*


ကျီရှောင်အုံး အချိန်အတော်ကြာသည်အထိ ဘေးနားတွင် ရှိနေခဲ့ပြီး ရှုးကြောင်ကြောင် ငေးကြည့်နေခဲ့လိုက်တယ်၊ ဒါပေမဲ့လည်း လွတ်မြောက်အောင် မလုပ်နိုင်သေးပေ။


'ဒီကျားသစ်နက်က သူမရဲ့ကျားသစ်လေးဆီကို အငြိုးနဲ့ ကြိုတင်ကြံစည်ပြီး ရောက်လာတာပဲ။ ပထမတော့ သူ့သွားတွေကို ဆွဲဖြဲလိုက်ပြီး အဲဒီနောက် သူ့လည်ပင်းကို ညှစ်လိုက်လုပ်နေခဲ့ပြီး၊ အခု သူ့ဝမ်းဗိုက်ကို ဖောက်ထုတ်ပစ်ချင်နေလေပြီ — သူက ဘယ်သူများလဲ။ ထောင်ထောင် နဲ့ ဘာပြဿနာရှိနေတာများလဲ။'


ဒီနေ့မနက် တဲအိမ်ငယ်လေးထဲကို သူ တစ်ခုခုရှာဖို့ ရောက်လာခဲ့တာပဲ၊ သူ့အပြုအမူက မယဉ်ကျေးပေမယ့် သူ ဒီလောက်တော့ မဆိုးရွားလိုက်သေးပေ။


ပြီးတော့ သူမတို့မှ သူ့ကို ရန်မစခဲ့တာပဲ..


တဲအိမ်ငယ်လေးထဲကို ပြန်သွားပြီး သူမတို့ကို အဲ့ဒီမှာ မနေစေချင်ဖို့ သူ့အတွက် အရမ်းခက်ခဲနေတာလား။ ဒီတော့ ဒီလိုမျိုးနဲ့ သူမတို့ကို သူ သတိပေးနေတာလား။


ဒါတွေ စဉ်းစားနေဖို့ အချိန်အရမ်းနည်းသွားပြီ၊ ကျီရှောင်အုံး လောရန့်၏ လက်သည်းတွေက ထောင်ထောင်ရဲ့ ရင်ဘတ်တွင် လှမ်းလိုက်တာကို မြင်လိုက်ခဲ့ချိန်မှာတော့ သူမ ကြောက်လန့်တကြားအော်ဟစ်ခဲ့တော့တယ်။


သို့သော်လည်း လောရန့် က မရပ်တန့်လိုက်ခဲ့ပေ။


ကျီရှောင်အုံး သူမရဲ့သတ္တိတွေ ဘယ်ကနေဘယ်လိုရလာလိုက်လဲ မသိလိုက်ပေမဲ့ သူမ သူမရဲ့နေရာလွတ်ထဲမှ ကျဉ်စက်ကို ထုတ်ယူလိုက်ကာ အမြင့်ဆုံးအထိ အားကိုတိုးမြှင့်လိုက်ပြီးတော့ ရှေ့သို့ အလောတကြီး ပြေးလွှားသွားလိုက်ကာ လောရန့်၏လက်မောင်းအား မညှာမတာ ဖိနှိပ်ချလိုက်တော့တယ်—


"ဇီ... ဇိ--"


အားပြင်းသော လျှပ်စီးကြောင်းသံကို ကြားလိုက်ရပြီး အပြာရောင်အလင်းတန်းတွေက ကျဉ်စက်ရဲ့အဆုံးများကြားမှ လင်းလက်သွားလိုက်သည်။


လောရန့် ရုတ်တရက်ဖြစ်တည်လာတဲ့အားကနေ သူ့လက်မောင်းများ ထုံကျင်သွားလိုက်တာကို ခံစားလိုက်နိုင်လိုက်တယ်၊ ဒါပေမဲ့ တုံ့ပြန်ဖို့ အရမ်းနောက်ကျသွားလိုက်ပြီး ရမ်က သူ့လက်ထဲမှ ပြုတ်ကျသွားလိုက်သည်။


ကျီရှောင်အုံးရဲ့စူးရှတဲ့ အကြည့်က ရမ် ပြုတ်ကျလာတာကို မြင်လိုက်ရပြီး ထိတ်လန့်တကြားဖြင့် သူမ ရှေ့သို့ ပြေးသွားလိုက်ခဲ့တယ်။


ရမ်က သစ်ပင် ပင်စည်နဲ့ ပြင်းပြင်းထန်ထန် ရိုက်မိလိုက်တာက အရေပြား အနည်းငယ်အား စုတ်ပြတ်သတ်သွား‌စေဖို့ လုံလောက်တာပဲဖြစ်၏။


ဒဏ်ရာဒဏ်ချက်တွေက အရမ်းပြင်းထန်ပုံမပေါ်ပေမယ့် သူ့မျက်လုံးတွေက မှိတ်ချထားပြီး သူ့ပါးစပ်ထောင့်ကနေ သွေးတွေယိုစီးကျနေခဲ့ကာ သူ့အတွင်းဒဏ်ရာတွေက ပိုပြင်းထန်သွားလိုက်တယ်။


ကျီရှောင်အုံး စိတ်သောကရောက်သွားတော့တယ်။ သူမ ပြုစုပျိုးထောင်နေတဲ့ သားပေါက်လေးအတွက် သူမမှာ ခံစားချက်တစ်ချို့တောင် ရှိနေခဲ့တာပဲဖြစ်တယ်။ သူ့နားရွက်လေးတွေကို ပွတ်သပ်ပေးရင်း သူ့မျက်လုံးပြာတွေကို ကြည့်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်ခဲ့တယ်။"မကြောက်နဲ့နော်၊ ငါ နင့်ကို ကာကွယ်ပေးမယ်" 


ကောင်မလေးက သူ့အား တည်ငြိမ်စွာ စိုက်ကြည့်ရင်း အနည်းငယ်တုန်ရင်နေသော လက်တွေနဲ့ သူ့အား ဆုပ်ကိုင်ထားပေမဲ့ သူမ မျက်လုံးများက တင်းမာနေခဲ့တယ်။


ကြောက်ရွံ့နေပေမဲ့ သတိထားတတ်တဲ့ သိုးငယ်လေးတစ်ကောင်လိုပင်။


သူမရဲ့ သွားတန်းဖြူဖြူလေးတွေက သူမရဲ့ပန်းနုရောင်နှုတ်ခမ်းသားကို ကိုက်လိုက်ခဲ့ပြီး သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ခဲ့၏။


နောက် အခိုက်အတန့်အတွင်းမှာပဲ ကျီရှောင်အုံးရဲ့လက်မောင်းတွေထဲတွင် ဗလာဖြစ်သွားလိုက်တော့တယ်။


ငြိမ်သက်စွာ လဲလျောင်းနေတဲ့ ကျားသစ်‌ေလးက ပျောက်ကွယ်သွားလိုက်ပြီဖြစ်၏။


——ကျီရှောင်အုံးက သူ့ကို သူမနေရာလွတ်ထဲမှာ ဝှက်ထားလိုက်တာပင်။


နေရာလွတ်က သူ့ခန္ဓာကိုယ်အပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုအချို့ရှိနိုင်တာကို သူမ သိပေမဲ့ လည်း ဒီတစ်ခါမှာတော့ ကျီရှောင်အုံး သူ့ကိုကယ်တင်ဖို့အတွက် နောက်ထပ် စိတ်ချရတဲ့နည်းလမ်းကို မစဉ်းစားနိုင်တော့ပေ။


ထောင်ထောင့်ကို နေရာချလိုက်ပြီးတော့ ကျီရှောင်အုံး သူမနှုတ်ခမ်းသားများကို သပ်လိုက်ပြီး သူမနောက်မှ အေးခဲနေတဲ့မျက်နှာထားနဲ့ သားရဲလူအား မျက်နှာချင်းဆိုင်ဖို့ နောက်ပြန်လှည့်ကြည့်ဖို့ရာ တုံ့ဆိုင်းသွားခဲ့လိုက်တယ်။


သူမလက်ထဲတွင် ကျဉ်စက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပေမဲ့လည်း သူမ၏အရှိန်နှုန်းက ကျားသစ်တစ်ကောင်ထက် မကျော်လွန်နိုင်တာကို သိတာမို့ သူမ မလိုအပ်ဘဲ ရုန်းကန်မနေလိုက်တော့ဘဲ အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူမအသံကို အနည်းငယ်ပိုပြီး တည်ငြိမ်သွားစေဖို့ ကြိုးပမ်းလိုက်ရင်း ပြောလိုက်၏။ 


"... တကယ်လို့ ငါတို့ နင့် သူငယ်ချင်းအိမ်မှာနေမိတာအတွက်ကြောင့်ဆိုရင် ငါ တောင်းပန်ပေးပြီး ချက်ချင်းပြောင်းပေးနိုင်ပါတယ်"


လောရန့်က ကျီရှောင်အုံး၏လက်များကို သတိထား စိုက်ကြည့်ရင်း အတွေးထဲတွင် မျက်လုံးများ နစ်မြုပ်နေလိုက်ကာ သူ့အာရုံက သိသာစွာပင် သူမစကားလုံးများအပေါ်မှာ လုံးလုံးရှိမနေခဲ့ပေ။


"မိန်းမပျို မင်း သူ့ကို ဘယ်မှာ သွားဝှက်ထားလိုက်တာလဲ။" လောရန့်က ထိတ်လန့်စွာ မေးလိုက်၏။


ကျီရှောင်အုံး သူမအသက်ကိုအောင့်ထားလိုက်ပြီး ကျဉ်စက် ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်ကာ သူမခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်တယ်၊ "ငါ နင့်ကို မပြောနိုင်ဘူး"


နောက်အခိုက်အတန့်တွင်တော့ လောရန့်က သူမရှေ့မှာ လာရှိနေခဲ့လိုက်ပြီး သူ လှုပ်ရှားလိုက်တာကိုတောင် သူမ မတွေ့လိုက်ခဲ့ပေ။


သူ သူ့လက်သည်းတွေကို သူမလည်ပင်းဆီ ချိန်ရွယ်မြှောက်လိုက်ပြီး သူ့ကိုယ်ကို ကိုင်းလိုက်ကာ သူ့ရဲ့ရက်စက်တော့မဲ့ မျက်နှာထားက အပူတပြင်းနဲ့ သူမနား တိုးကပ်သွားလိုက်ရင်း သူ မာန်ဖီလိုက်ခဲ့တယ်၊ "ငါ အခု မင်းကို ရိုးရိုးသားသား အကြံပေးလိုက်မယ်။ ငါက စိတ်သိပ်ရှည်တဲ့သူ မဟုတ်ဘူး မိန်းမပျို"


ကျီရှောင်အုံး က အံကို တင်းတင်းကြိတ်လိုက်ပြီး "တကယ်လို့ နင် သူ့ကို ရှာတွေ့ရင် ငါ သူ့ကို နင့်ဆီ ပေးလိုက်မယ်..."


ဒီနေရာရှိ သားရဲလူ‌တွေက ယေဘူယျအားဖြင့် သူတို့၏ ကာယခွန်အားကို သူတို့အတွက် စကားပြောဆိုရန် အသုံးပြုကြပြီး သူတို့၏ ဉာဏ်ရည်မှာ အရမ်းမြင့်မားခြင်းမရှိပေ။ သူမ အချိန်တစ်ခုကြာအောင် အချိန်ဆွဲထားနိုင်လိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့လိုက်တယ်။


မမျှော်လင့်စွာပဲ လောရန့်က သူမ ဆိုလိုတာကို နားလည်မှုလွဲသွားခဲ့ပြီး ပိုမိုရိုးရှင်းပြီး ပိုကြမ်းတမ်းတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက စစ်မိုးကာအင်္ကျီရှည်တစ်ထည်ကိုဝတ်ထားပြီး လေတိုက်သဖြင့် အတွင်းထဲတွင် တစ်ခုခုဝှက်ထားသလိုမျိုး ကျယ်သွားစေလိုက်၏။


လော်ရန့် မျက်မှောင်ကြုတ်ကာ အဝတ်များကို သူ့လက်သည်းများဖြင့် ဆုတ်ဖြဲခဲ့သော်လည်း ရမ်၏ အရိပ်အယောင်ကို မတွေ့ရှိရသေးပေ။


လောရန့်၏ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားလိုက်တယ်။ သူ သူမ လည်ပင်းအား ဖမ်းကိုင်လိုက်ပြီး မြေပြင်ကနေ မြှောက်ပင့်လိုက်ကာ စကားလုံးတစ်လုံးချင်းစီကို ဥပေက္ခာပြုစွာနဲ့ ဖိကြိတ်ထုတ်လိုက်ခဲ့၏။


"ငါ့ကို ပြောစမ်း"


ရုတ်ခြည်းပင် လေထဲတွင် လည်မျိုကို ညှစ်လိုက်ခဲ့မှုနဲ့အတူ ကျားသစ်နက်၏ ခွန်အားက ကျီရှောင်အုံးရဲ့ မျက်နှာအား ခဏချင်းပင် နီမြန်းသွား‌စေလိုက်တယ်။


သူမ လောရန့်၏လက်မောင်းကို ကုတ်ခြစ်လိုက်ပြီး အောက်ဆီဂျင်ကို ရှူသွင်းရန် ကြိုးစားလိုက်‌ပေမဲ့ သူမရဲ့လည်ပင်းက သူ့လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး နုနယ်ဆဲဖြစ်တယ်။


ကျီရှောင်အုံး သူမ အံကိုတင်းတင်းကြိတ်လိုက် တိတ်ဆိတ်သွားလိုက်‌တော့၏။


လော်ရန့်စ်၏မျက်လုံးများ မှိုင်‌တွေသွားကာ သူ သူ့ခွန်အား တိုးမြှင့်လိုက်တယ်။


ကေင်မလေး၏ နူးညံ့သွယ်လျတဲ့ လည်ပင်းက သူ့လက်ထဲတွင်ရှိ‌နေပြီး နူးညံ့ကျိုးပဲ့လွယ်တဲ့ ပန်းပွင့်ရဲ့ အရိုးတံလိုပင်၊ တစ်ချက် လိမ်ချိုးလိုက်ရုံဖြင့် ကျိုးထွက်သွားမည်ဖြစ်၏။


"ငါ့ကိုပြောစမ်း" လောရန့် ထပ်ခါတလဲလဲလဲ‌ပြောလိုက်တယ်။


ကျီရှောင်အုံးက စကားကို အထစ်ထစ် အငေါ့ငေါ့ ပြောဖို့ ဘယ်က‌ရောက်လာမှန်းမသိတဲ့ လေဖြင့် သူမ ပါးစပ်ကိုဖွင့်လိုက်ပြီး "ဟင့်အင်း ငါ မပြောဘူး..."


လောရန့် စိတ်ရှည်မှုတွေ လုံးလုံးလွတ်ထွက်သွားလိုက်ပြီး သူ ရမ်အား ခုနက လုပ်လိုက်ခဲ့သလို သူမကို မြေပြင်ပေါ်သို့ ကိုင်‌ပေါက်လိုက်ခဲ့‌တော့တယ်။


သူ သူ့လက်သည်း‌တွေကို မြှောက်ကာ သူမအား ရက်စက်စွာ ငုံ့ကြည့်လိုက်ပြီး သူမရဲ့ ရင်ဘတ်ဆီသို့ ထိုးစိုက်လိုက်တော့တယ်-----


ကျီရှောင်အုံး သူမ မျက်လုံးတွေကို စုံလုံးမှိတ်ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အနည်းငယ်လေး အပြစ်တင်လိုက် ရင်းနဲ့ သူမတွေးတောလိုက်ခဲ့တယ် ။ တကယ်​လို့သာ သူမ တကယ် အသတ်​ခံလိုက်ရရင်​ သူမ သူမကမ္ဘာကို ပြန်​သွားနိုင်မှာများလား။


'..... ပြန်သွားနိုင်ရင် အရမ်းကောင်းမှာပဲ။'


'သူမ ' မိုရီ သစ်တောကို လုံးဝသွားချင်တော့မှာမဟုတ်ဘူးပဲ။'


ပြီးတော့ သူမ သမင်သားလည်း လုံးဝ ထပ်စားမှာ မဟုတ်တော့ဘူးပဲ။ သူမ အမဲသားကိုပဲ စားပြီး အသီးအရွက်စားတဲ့တိရစ္ဆာန်လေးတွေကိုပဲ ကောင်းကောင်းဆက်ဆံပေးလိုက်တော့မယ်။


. . .


သူမရဲ့ သေဆုံးခြင်းအခိုက်အတန့်က အရမ်းနာကျင်နေလိမ့်မလားဆိုတာ သူမ မသိတော့ဘူး...အား. .


ကျယ်ပြောလှတဲ့ နှင်းထုကြီးထဲတွင် ကောင်မလေးရဲ့ ပါးလွှာတဲ့အဝတ်အစားတွေက မြက်ခင်းပြင်ပေါ်တွင် အထီးကျန်စွာ တည်ရှိနေခဲ့တယ်။


ပက်လက်လှဲလျောင်းလျက်ရှိပြီး သူမရဲ့လှပတဲ့ မျက်နှာလေးနှင့် မျက်တောင်ရှည်ရှည်များရှိနေတဲ့ သူမကိုကြည့်ရသည်မှာ အသက်မဲ့နေတဲ့ အဝတ်ရုပ်လေးတစ်ရုပ်လိုပင်။


လောရန့် ကောင်မလေးရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်း၍ ချွန်ထက်နေတဲ့ သူ့လက်သည်းများဖြင့် ထိုးသွင်းလိုက်ခဲ့တယ်။


. . .


လောရန့် နေရာတွင်ပင် မတ်တပ်ရပ်၍ သူ့လက်သည်းများက လေထဲတွင် ရပ်တန့်သွားလိုက်ပြီး မြေပြင်ကို မျက်မှောင်ကြုတ်စွာ ကြည့်လိုက်ခဲ့တယ်။


ကောင်မလေး ရှိနေတဲ့ နေရာက ဗလာသက်သက်ဖြစ်နေပြီး နှင်းထဲတွင် အနည်းငယ် ချိုင့်ခွက်နေတဲ့ ပုံသဏ္ဍာန်သာ ကျန်ရစ်ခဲ့လိုက်တယ်။


--- မိန်းမပျိုလေးက လေထုထဲတွင် ပျောက်ကွယ်သွားလိုက်ခဲ့၏။


End