အပိုင်း ၇၃
Viewers 12k

အန်းရှန်းက သူမစကားကျွံမိသွားပြီဖြစ်ကြောင်း သိလိုက်၍ ချက်ချင်းခေါင်းငုံ့လိုက်သည်။ သူမက ဘာမှဆက်မပြောချင်တော့သယောင် ခေါင်းသာငုံ့ထားလိုက်တော့သည်။
သို့သော် လင်းရှောင်က သူမကိုအလွှတ်မပေးပဲ ဆက်မေးလေသည်။
"အန်းရှန်း... အမှန်အတိုင်းပြောစမ်းပါ...ကျွန်တော်တို့ အရင်က ဆုံဖူးကြတယ်မလား...."
ခဏမျှတောင့်ခဲသွားပြီးနောက်တွင် ၎င်းကိုဖုံးကွယ်ရန် ကြိုးစားနေဟန် သူမ ချက်ချင်းခေါင်းခါလိုက်သည်။
လင်းရှောင်က ဆက်ပြောလိုက်သည်။
"ဧကရာဇ်ရဲ့ အစေခံတွေထဲမှာမင်းတစ်ယောက်တည်းကပဲ ငါ့ကို ကြင်ယာတော်လို့မခေါ်ပဲ သခင်လေးလို့ခေါ်တာ... ပြီးတော့ အခြားလူတွေကို ကျွန်တော့်ရှေ့မှာစကားအများကြီး မပြောဖို့ သတိပေးခံထားရတယ်ဆိုတာ သိသာတယ်... ဒါပေမဲ့ မင်းကတော့ မတူဘူး...တစ်ခါတစ်လေကျရင် မင်းက စကားတွေအများကြီးတောင် ပြောနေသေးတာ... ငါတို့ဆုံခဲ့ဖူးတယ်ဆိုတာ သေချာတယ်.."
အန်းရှန်း တုန်ယင်သွားသည်။ သူ့ကို မျက်နှာချင်းမဆိုင်ရဲသည့်အလား အကြည့်လွှဲနေလေသည်။
သူမ ယခင်ကပြုမူနေသည့်ပုံနှင့် မတူပဲ ဤအမျိုးသမီးက သေချာပေါက်ကို တစ်ခုခုသိနေသည့်ပုံပင်။
လင်းရှောင်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး လက်နောက်ပစ်ကာ အေးစက်စက်မေးလိုက်သည်။
"မင်းက ဘယ်သူလဲ... ပြောစမ်းပါ... အန်းရှန်း ငါအမိန့်ပေးနေတာလေ..."
"သ... သခင်လေး..."
အန်းရှန်း မျက်မှောင်ကြုတ်လိုက်ပြီး သူမမျက်နှာက စိတ်ရှုပ်ထွေးနေဟန် ပေါ်နေသည်။
လင်းရှောင်က သူမကိုဆက်လက်၍ဖိအားပေးနေသည်။
"မင်းမပြောပြရင် ငါကိုယ်တိုင် ဧကရာဇ်ကိုသွားမေးမယ်... ကျွန်တော်တို့တွေ အရမ်းရင်းနှီးတယ်လို့လည်း ထည့်ပြောရမှာပေါ့..."
အန်းရှန်း၏ မျက်နှာက ဖြူဖျော့သွားသည်။
လင်းရှောင် ထပ်ပြောလိုက်သည်။
"ဧကရာဇ်က ကျွန်တော့်စိတ်ကူးပေါက်ရာ လုပ်လည်း ခွင့်ပြုပေးထားတယ်... မင်းသာ ကျွန်တော့်ရဲ့ အမိန့်ကိုမနာခံရင် မင်းကို သည်းခံပေးပါ့မလားဆိုတာတော့ ကျွန်တော်လည်း မသေချာဘူးနော်..."
"သခင်လေး..."
အန်းရှန်းက မခံချိမခံသာဖြစ်လာသည်။
"ဒီငယ်သားမှာ သခင်လေးကို ထိခိုက်လိုစိတ်လုံးဝမရှိပါဘူး... ဘာလို့များ ခက်ခဲအောင်လုပ်နေရတာပါလဲ.."
လင်းရှောင် သက်ပြင်းဖွဖွချလိုက်သည်။ သူမ၏ မျက်နှာကိုမြင်ရရန် သူကိုယ်တိုင်လည်း ဆောင့်ကြောင့်ထိုင်လိုက်ကာ အန်းရှန်းရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
"ဒါဆို မင်းကရော ဘာလို့ ကိစ္စတွေကို ခက်ခဲအောင် လုပ်ချင်နေရတာလဲ... "
ဘာမှမသိပဲနေရတာ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလဲဆိုတာရော မင်းသိရဲ့လား...
"လူတိုင်းက သူတို့ကိုသိပေမဲ့ ကျွန်တော်ပဲမသိတာ... ဒီလောက်စိတ်ညစ်ညူးဖို့ကောင်းတာမျိုး မြင်ဖူးရဲ့လား..."
"....."
အန်းရှန်းက ခဏမျှပြောစရာစကား ပျောက်ရှသွားသလို တိတ်ကျသွားသည်။ သို့သော် အရှုံးသာပေးလိုက်ပြီး တည်ငြိမ်နေသည့်ပုံပေါက်အောင် ကြိုးစားရုန်းကန်ကာ ပြောလေသည်။
"သခင်လေး... ဒီငယ်သားက သခင်လေးကိုသိပါတယ်... ဒါပေမဲ့ သခင်လေးကတော့ အန်းရှန်းကို မသိပါဘူး..."
"မင်းဘာပြောချင်တာလဲ..."
လင်းရှောင် နှုတ်ခမ်းစေ့လိုက်သည်။
"ဧကရာဇ်က တစ်ခါက သခင်လေးကို ကျိရှန်းနဲ့ ဖုကန်းလို့ခေါ်တဲ့ အစေခံနှစ်ယောက်ချီးမြှင့်ဖူးပါတယ်.... မှတ်မိပါရဲ့လား..."
ဤတစ်ကြိမ်တွင် စိတ်လွင့်သွားရသူမှာ လင်းရှောင်အလှည့်ရောက်သွားသည်။ သူက ထိုအစေခံနှစ်ယောက်က အန်းရှန်းနှင့် ဘာဆိုင်လဲ မသိပေ။
ဖြစ်နိုင်မလား..
သူ့စိတ်ထဲတွင် အတွေးအချို့ပေါ်လာ၍ သူမကို အံ့အားတကြီးကြည့်လိုက်သည်။
အန်းရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ကျိရှန်းက အန်းရှန်းပါ..."
“……”
သူ၏ အံ့ဩနေသောမျက်နှာကိုကြည့်ပြီး အန်းရှန်းက ခေါင်းသာဆက်ငုံ့နေလိုက်သည်။
လင်းရှောင်က သူ့နှဖူးသူပွတ်၍ ထရပ်လိုက်သည်။ ဧကရာဇ်က ဟိုအရင်ကတည်းက သူ့ဘေးတွင် လူများထားပြီးသားဖြစ်လေသည်။
"ဒါဆို အခြားတစ်ယောက်ကရော..."
လင်းရှောင် မေးလိုက်သည်။
အန်းရှန်းက ဖြေလေသည်။
"အခြားတစ်ယောက်က အန်းယုံပါ.. သခင်လေး သူမနဲ့ မတွေ့ရသေးပါဘူး..."
"ငါသိပြီ..."
လင်းရှောင် နှုတ်ခမ်းစေ့လိုက်မိသည်။
"ငါ မိန်းမစိုးမဟုတ်တော့တာတောင် မင်းငါ့ကို သခင်လေးလို့ ဆက်ခေါ်နေသေးတာ မဆန်းတော့ပါဘူးလေ... ငါက မင်းတို့နှစ်ယောက်ကို ရှောက်နိုင်ငံက မင်းသားရဲ့နန်းတော်ကိုရောက်ရင် သခင်လေးလို့ခေါ်ဆိုပြီး ပြောထားခဲ့တာကိုး...."
အန်းရှန်း ခေါင်းငြိမ့်ပြလိုက်သည်။
လင်းရှောင် သူ့နားထင်သူပွတ်လိုက်သည်။
"ဒါဆိုရင် ဧကရာဇ်က ငါ့ရဲ့လျှို့ဝှက်ချက်ကို အရင်ကတည်းက သိပြီးလို့ ဆိုလိုတာပေါ့..."
သဘာဝကျစွာဖြင့် သူ၏လျှို့ဝှက်ချက်က သူက ယောက်ျားတစ်ယောက် ဖြစ်နေသေးသည် ဟူသောအရာပင်ဖြစ်သည်။
အန်းရှန်း၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။
"ဒီငယ်သား... အရှင့်ကို မတင်ပြရသေးလို့ မသိလောက်သေးပါဘူး..."
ဒီတော် ဧကရာဇ်က သူဖော်ထုတ်မခံရသေးလို့ မသိသေးဘူးပေါ့လေ...
လင်းရှောင်က ထိုအကြောင်းကို သေချာသိပေသည်။ ဧကရာဇ်ကိုယ်တိုင်က ၎င်းက သူ အောင်အောင်မြင်မြင်ဖုံးကွယ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာဟု ပြောခဲ့သည်။
သို့သော်
လင်းရှောင် သူ့မျက်ခုံးနှစ်ခုကြားနေရာကိုသာပွတ်လိုက်မိသည်။
"ဧကရာဇ်က လူဘယ်နှယောက်ကိုတောင် ဖုံးကွယ်ပြီး ပို့ပေးခဲ့တာလဲ..."
အန်းရှန်းက ခဏမျှငြိမ်သွားပြီးမှ ဖြေလာသည်။
"သခင်လေး... အရှင့်ရဲ့ အတွေးတွေကို မစုံစမ်းသင့်ပါဘူး... ဒါမျိုးက သခင်လေးလွယ်လွယ်ကူကူ လက်ခံနိုင်တာမျိုးမဟုတ်လို့ပါ... အရှင်က သူဆယ်နှစ်သားအရွယ်ကတည်းက လျှို့ဝှက်သက်တော်စောင့်တွေနဲ့ သူလျှိုတွေကို စတင်မွေးမြူခဲ့တာပါ... အရေအတွက်ကတော့ မရေတွက်နိုင်လုနီးနီးပါပဲ..."
လင်းရှောင်ကြက်သီးမွေးညင်းတို့ထကာ တုန်ယင်သွားလေသည်။ ယခုမှသာ သူက ဤမျှအင်အားကြီးသောလူကို လိမ်ညာရန်ကြိုးစားခဲ့ပြီး စွန့်စားခဲ့ကြောင်း သိလိုက်လေသည်။
သို့သော် ကံကောင်းစွာဖြင့် ယခုလက်ရှိတွင် သူ ဧကရာဇ်ကို လိမ်ညာထားသည်များ မရှိတော့ပေ။
……
အဆုံးတွင် လင်းရှောင်က ဧကရာဇ်ကို အမီမလိုက်နိုင်ခဲ့ပေ။
ဧကရာဇ်က သူ၏မြင်းကို ဒုန်းစိုင်းစီးကာ မူတိုင်းပြည်ကို လင်းရှောင်ထက် သုံးရက်စောပြီး ရောက်သွားခဲ့သည်။
လင်းရှောင် မူတိုင်းပြည်ကို ရောက်သောအခါ သူ့ကို လာကြိုရန် စီစဉ်ထားသော ဧကရာဇ်က လူများစွာကို ခေါ်လာပြီး နန်းတော်နှင့် ခပ်လှမ်းလှမ်းတွင် စောင့်နေခဲ့သည်။
ဧကရာဇ်၏နောက်တွင် သူ၏ အစေခံများအပါအဝင် လူတစ်အုပ်ကြီး ရပ်နေခဲ့သည်။
လင်းရှောင် ရထားလုံးပေါ်မှ ဆင်းလာသည်နှင့် ထိုလူအုပ်က ကျယ်လောင်စွာ နှုတ်ဆက်လေသည်။
"ကြင်ယာတော် ကျန်းမာစေဖို့ ကျွန်တော်မျိုးတို့ ဆုတောင်းပေးပါတယ်..."
သူ့ကို တရားဝင်ရာထူးမပေးရသေးသော်လည်း လူတိုင်းက သူ့ကို ကြင်ယာတော်အဖြစ် ရှုမြင်နေကြပြီဖြစ်သည်။
လင်းရှောင်က ဘာတွေဖြစ်နေလဲ မပြောနိုင်သေးခင် ဧကရာဇ်ကိုယ်တိုင် သူ့ဝေါယာဉ်ပေါ်မှ ဆင်းလာခဲ့ပြီး လင်းရှောင်နားလာကာ သူ့ကိုအထဲဆွဲခေါ်ပြီး သူနှင့်အတူ ထိုင်စေသည်။ လင်းရှောင်က နန်းတော်ပြန်ရာလမ်းတစ်လျှောက်ကို ငေးကြောင်ကြောင်သာ လိုက်ပါခဲ့သည်။
နန်းတော်ထဲရောက်သည်နှင့် ဧကရာဇ်က သူ့ကို တော်ဝင်စာကြည့်ဆောင်၏ ခြံဝန်းအနီးသို့ ခေါ်သွားသည်။ ထိုနေရာတွင် များစွာသော အစေခံများနှင့် မိန်းမစိုးများက စောင့်နေလေသည်။
"အခုကစပြီး မောင်မင်းက ဒီခြံဝန်းမှာ နေရတော့မယ်... တစ်ချက်လောက် ကြည့်လိုက်ပါဦး ကြိုက်ရဲ့လား..."
ဧကရာဇ်က သူ့ကိုပြောလာသည်။
လင်းရှောင် သူ့ရှေ့မှ ခြံဝန်းကို ရှုစားလိုက်သည်။
နေရာတစ်ခုလုံးကကြီးမားလှပြီး ပွဲကြည့်စင်များစွာနှင့် အခန်းပေါင်း များစွာဖြင့် ပြည့်နေလေသည်။ မက်မွန်ပန်းနှင့် ဇီးပန်းတို့အပြင် သစ်ပင်ခြုံနွယ်တို့ကပါ ပြည့်နေပြီး ရေကန်ငယ်လေးတစ်ခုလည်းရှိကာ လူးလာခေါက်တုန့်ကူးခတ်နေသော ငါးငယ်လေးများဖြင့် တန်ဆာဆင်နေသည်။
တစ်ယောက်ယောက်လမ်းလျှောက်ဝင်လာသည်နှင့် ရေမျက်နှာပြင်ကို ဖြတ်သန်းကာ ခုန်ထွက်လာကြသည်ကိုပင် မြင်နိုင်သေးသည်။
ဤနေရာတွင် မီးဖိုဆောင်ငယ်လေးတစ်ခုလည်းရှိသည်။ မီးဖိုဆောင်ငယ်လေး၏နောက်တွင် တံခါးပေါက်လေးရှိပြီး ထိုတံခါးပေါက်က သိုလှောင်ရုံကို တိုက်ရိုက်ရောက်စေသည်။ ၎င်းက တစ်စုံတစ်ယောက်က ထိုအထဲဝင်ပြီး အပြင်မှလူကို ပစ္စည်းများ ကမ်းပေးနိုင်သည့်ပုံ ဖြစ်သည်။
ဤခြံဝန်းလေးက လွတ်လပ်သော ကမ္ဘာငယ်လေးတစ်ခုနှင့် တူနေသည်။
ဧကရာဇ်က ဤခြံဝန်းလေးကို ပြုလုပ်ရန် အတော်လေးအင်အားစိုက်ထုတ်ခဲ့ရကြောင်း သိသာလှပေသည်။
လင်းရှောင်၏ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။
သူက ဧကရာဇ်ကိုလှည့်စားခဲ့သော်လည်း သူ့ကို အပြစ်မတင်ရုံမျှမက သူ့အတွက် ဤမျှကောင်းသည့် ခြံဝန်းကိုပင် ပြင်ဆင်ပေးခဲ့သေးသည်။ ဧကရာဇ်က သူ့အကြောင်း ရိုးရိုးသားသား သူ့အကြောင်း တွေးနေခဲ့ပုံပင်။
လင်းရှောင်က 'သူသာ မိန်းမတစ်ယောက်ဖြစ်ခဲ့လျှင်..'ဟု မတွေးပဲ မနေနိုင်တော့ချေ။
သူ့စိတ်ထဲတွင် ဧကရာဇ်၏ မိန်းမပုံစံကို အလိုအလျောက်တွေးလိုက်မိသည်။ အရပ်ရှည်ကာ ခမ်းနားသော သွင်ပြင်နှင့်အတူ... သူ့ရင်ဘတ်သည်ကား...
ရုတ်တရက် သူ့အတွေးနှင့်သူ ကြက်သီးထလာကာ တသိမ့်သိမ့်တုန်ယင်လာမိသည်။ သူဤကဲ့သို့သော လိုသမျှတောင်းဆိုရုံဖြင့်ရသော အချစ်မျိုးကို မတွေးရဲတော့ပေ။ ထို့အပြင် ထိုကဲ့သို့သော အတွေ့အကြုံကို မမုန်းပေ။ ဖီလာအားဖြင့် သူက ဤကဲ့သို့သော ခံစားချက်မျိုးကို သဘောကျနေသည်။