အပိုင်း ၇၄
Viewers 12k

လင်းရှောင် သူ၏ဘွဲ့နာမည်ကိုရသောနေ့က ခပ်မြန်မြန်ရောက်ရှိလာခဲ့သည်။
ဧကရာဇ်က လင်းရှောင်အတွက် အခမ်းအနားသုံး ဝတ်ရုံနှင့်အတူ ရှားပါးလှသော ရတနာများစွာကိုလည်း ပေးခဲ့သည်။ လူပေါင်းများစွာက ဧကရာဇ်သူ့အတွက် ထိုသို့ပို့ပေးလိုက်သည့် လုပ်ရက်ကို ဆွေးနွေးနေကြသည်။
လင်းရှောင်ကို ထိုကိစ္စကြောင့် ဖော်လံဖားလုပ်သူများစွာရှိနေပြီး သူ့အလိုလိုက်ကာ အကြိုက်ဆောင်၍ ပြောဆိုနေကြသည်။ ဧကရာဇ်၏ လင်းရှောင်အပေါ် အလွန်အမင်းချစ်ခင်နှစ်သက်မှုကလည်း အမှန်သာဖြစ်နေသည်။
လင်းရှောင်ကလည်း ဧကရာဇ်သူ့ဆီလာလည်ရသည်ကို မည်မျှကြိုက်ကြောင်း ပြောနိုင်လေသည်။
လင်းရှောင် နန်းတော်ထဲပြန်ရောက်ကတည်းက ဧကရာဇ်က တိုင်းပြည်ရေးရာကိစ္စများ ကိုင်တွယ်ဖြေရှင်းရာမှလွဲပြီး လင်းရှောင်၏ ခြံဝန်းထဲတွင် အချိန်ဖြုန်းလေ့ရှိသည်။
ဧကရာဇ်က အလုပ်သုံးပစ္စည်းများနှင့် သူပိုင်ဆိုင်သောအရာများကို တစ်ခုပြီးတစ်ခု ‌ဖြေးဖြေးချင်းရွှေ့ယူလာသည်မှာ သူကိုယ်တိုင်ပင် လင်းရှောင်၏ နန်းဆောင်တွင် နေတော့မည်ဟု ကြံရွယ်နေသည့်အလားပင်။
ယနေ့က သူ့ကို ဘုရင်ကြင်ယာတော်အဖြစ် တရားဝင်ဘွဲ့ပေးသော နေ့ရက်ဖြစ်သည်။ သူက ယနေ့ပွဲ၏ အဓိကဇာတ်ကောင်ဖြစ်ရာ မိုးမလင်းခင်ကတည်းက အစေခံများထံမှ အနှိုးခံထားရသည်။
အိပ်ချင်မူးတူးဖြစ်နေဆဲပုံဖြင့် မျက်နှာသစ်ကာ ပါးစပ်ဆေးခဲ့ရသည်။ ဆန်ပြုတ်အနည်းငယ်သောက်ပြီးနောက်ကတည်းက လေးလံထူထဲလှသည့် ပွဲတော်သုံးဝတ်ရုံရှည်ကြီးဖြင့် အပတ်ခံထားရကာ ဝေါယာဉ်ပေါ် တွန်းတင်ခံလိုက်ရသည်။
ဤကမ္ဘာတွင် ယောက်ျားများက မိန်းမများထက် သာလွန်မြင့်မြတ်သည်ဟု သတ်မှတ်ခံထားရသည်။
ထို့ကြောင့် အမျိုးသားကြင်ယာတော် ခန့်အပ်ပွဲက အမျိုးသမီးကြင်ယာတော်ခန့်အပ်ပွဲထက် ပိုမို၍ ခမ်းနားကြီးကျယ်လေသည်။
ယောက်ျားတစ်ယောက်က ဧကရာဇ်ထံမှ တော်ကောက်ခံရပြီး ဧကရာဇ်က သူ့ကိုဘွဲ့တစ်ခု အပ်နှင်းမည်ဆိုပါက ယခင်က ထိုယောက်ျား၏ အဆင့်အတန်းက မည်သည်ဖြစ်စေ သူ့အတွက် ပွဲတော်တစ်ခုကို ကျင်းပပေးရမည်သာဖြစ်သည်။
၎င်းက တရားရုံးတော်မှလူဖြစ်စေ စစ်တပ်မှဘအရာရှိဖြစ်စေ ဘွဲ့တစ်ခုချီးမြင့်ခံရတိုင်း မရှိမဖြစ်ကြုံတွေ့ရသော ပွဲတော်တစ်ခုဖြစ်သည်။ အဆုံးတွင် ဧကရာဇ်က ပွဲတော်ထဲတွင် အမျိုးသားကြင်ယာတော်ကို နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ချီးမြှင့်လေ့ရှိသည်။
လုပ်ပိုင်ခွင့်က ကြီးမားသည်၊ သေးသိမ်သည်ဖြစ်စေ လုံးဝပေးအပ်ခြင်းမရှိသည်ဖြစ်စေ ဧကရာဇ်၏ ဆန္ဒအပေါ်တွင်သာ မူတည်လေသည်။
တစ်နည်းပြောရလျှင် အမျိုးသမီးတစ်ယောက်ဆိုပါက နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ရရှိမည်အဟုတ်ပေ။ အလွန်ဆုံးမှ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ခွင့်မရသော အနောက်ဆောင်ကို စီမံရသည့် ဧကရီတစ်ဦးသာဖြစ်လာပေလိမ့်မည်။
အမျိုးသားကြင်ယာတော်တစ်ယောက်က ထူးခြားကာ မတူကွဲပြားပြီး ဘွဲ့ကို အပ်နှင်းခံရာတွင် မူတိုင်းပြည်၏ ဘုရင်ကို လွန်ကဲစွာသတိပေးခဲ့သည်။
ဧကရာဇ်ဆီမှ တော်ကောက်ခံရသော ယောက်ျားများစွာက သူတို့တစ်ဘဝလုံး အလွန်အမင်းကြိုးစားပြီးခါမှ ကြင်ယာတော်တစ်ပါးဖြစ်လာရသည်။ အမျိုးသားသမီးရည်းစားအများစုမှာ ဧကရာဇ်ကို ဖက်တွယ်ရန်ကြိုးစားရာတွင် ကျရှုံးလေ့ရှိသည်။ သူတို့ကို 'ရှန်းလူကြီးမင်းများ'ဟု သိကြသည်
လင်းရှောင်၏ အခုလက်ရှိ ကြင်ယာတော်ဟူသော ဂုဏ်ပုဒ်မှာ ကိုယ်လုပ်တော်နှင့်အတူတူပင်ဖြစ်သည်။
ဤဧကရီမရှိသော နန်းတော်ထဲတွင် သူ့ကို အဆင့်အတန်းအမြင့်ဆုံးလူတစ်ယောက်ဟုလည်း သတ်မှတ်၍ရပေသည်။
သို့သော် သူ၏အဆင့်အတန်းက အမြင့်ဆုံးဖြစ်သော်လည်း အနောက်ဆောင်ကို စီမံရသည့် လုပ်ပိုင်ခွင့်မှာ ကိုယ်လုပ်တော်ရှန်း၏ လက်တွင်းတွင်သာရှိ၍ သူမကို ဖိနှိပ်၍မရပေ။
ထိုသို့ဆိုသော်လည်း သူက ဧကရာဇ်၏ အနှစ်သက်ဆုံးလူဖြစ်၍ ၎င်းက အရေးမပါကြောင်း လူတိုင်းက သိနေပြီသားဖြစ်သည်။
လင်းရှောင်က မိန်းမစိုးခေါင်းဆောင်တစ်ယောက်အဖြစ်ရှိသောစဉ်ကလည်း ဧကရာဇ်က သူ့ကို ကြင်ယာတော်အဖြစ် တော်ကောက်ရန် ကြံရွယ်နေကြောင်း ကြားသောအခါတွင် အံ့အားသင့်ခဲ့ရသေးသည်။
ဧကရာဇ်ကသူ့ကို ကြင်ယာတော်အဖြစ် တော်ကောက်မယ်ဆိုတာကြီးက မယုံနိုင်စရာကြီးလေနော်...
နောက်ပိုင်းတွင်မှ လင်းရှောင်က နားလည်သွားရသည်။
ဧကရာဇ်က သူ့ကို ကြင်ယာတော်အဖြစ် တော်ကောက်သော်လည်း သူ့ကို မည်သည့် နိုင်ငံရေးလုပ်ပိုင်ခွင့်တို့ကို ပေးမည်မဟုတ်ပေ။
ဧကရာဇ်က သူ့ကို သူ၏လက်ခုပ်ထဲတွင်ထည့်ထားသလို သူ့ကို ချစ်ခင်နှစ်သက်ကြောင်းပြသပြီး သူ့ဘေးမှ ထွက်သွားရန် လုပ်ခွင့်ပြုမည်မဟုတ်ပေ။
သူ ထိုသို့ကောက်ချက်ချပြီးနောက်တွင် လင်းရှောင်က ကြိုသိပြီးသားဖြစ်သည်။
သူ့ကို မည်မျှကြီးကျယ်ခမ်းနားသော ဘွဲ့ထူးအပ်နှင်းပွဲပြုလုပ်ပေးသော်လည်း မည်သည့် နိုင်ငံရေးလုပ်ပိုင်ခွင့်များကို ပေးမည်မဟုတ်ပေ။
လင်းရှောင်က ၎င်းကိုသိပြီးသားဖြစ်၍ ပွဲတစ်ခုလုံးတွင် တည်ငြိမ်နေခဲ့သည်။
သူက လူများကိုဖျော်ဖြေရန် အသုံးချခံရသည့် ရုပ်သေးတစ်ရုပ်ထက် မပိုပေ။
သူရောက်လာစဉ်တွင် အရာရှိအရာခံအားလုံးက ရောက်နေပြီဖြစ်သည်။
ခန်းမကျယ်ကြီးထဲတွင် ဧကရာဇ်ကရွှေရောင်နဂါးဝတ်ရုံကို ဆင်မြန်း၍ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏တစ်ကိုယ်လုံးမှ လွှမ်းမိုးချယ်လှယ်နိုင်သော စွမ်းအင်တို့ကို ထုတ်လွှတ်နေသည်။ ရုံးတော်နှင့် စစ်တပ်မှ အရာရှိတို့က ဧကရာဇ်၏ ဘယ်ဘက်နှင့် ညာဘက်တို့တွင် ခြံရံလျက် အလယ်တွင် အနီရောင်ကော်ဇောကြီးခြင်းထားသော လမ်းတစ်သွယ်ကို ဖယ်ထားပေးသည်။
လင်းရှောင်က သူ၏ လက်နှစ်ဖက်ကို တွဲမခံရပြီး အထဲသို့ခေါ်သွားခံရသည်။ လူတိုင်းက ဒူးထောက်ချကာ လေးလေးစားစားနှင့် သစ္စာရှိရှိ အော်ဟစ်ကြလေသည်။
"ကြင်ယာတော် သက်တော်ရာကျော်ရှည်ပါစေ..."
ထိုအသံကြောင့် ယခုအထိ စိတ်ဝိဉာဉ်က အိပ်ယာပေါ်ကျန်ခဲ့သော လင်းရှောင်က အပြည့်အဝနိုးလာလေသည်။
သူ၏ မျက်လုံးများက အံ့အားတကြီး ပြူးကျယ်လာပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ ခန်းမထဲမှ အရာရှိများကိုသူမသိပေ။ သူသိသည့်တစ်ဦးတည်းသောလူမှာ လန်ဝေ့သာဖြစ်သည်။
သူ ထိုမြင်ကွင်းကို ရှုစားရင်း တိတ်တဆိတ်ဖြင့် လှပသော ကော်ဇောပေါ် နင်းလျှောက်ကာ ဧကရာဇ်ဆီသို့ တစ်လှမ်းချင်းလှမ်းကာ ဂရုတစိုက်လျှောက်သွားလေသည်။
သူက ယနေ့တွင် နီဆွေးနေသော အခမ်းအနားသုံးဝတ်ရုံကို ဝတ်ဆင်ထားသည်။ ၎င်းက သူ့ကို သုံးလေးလွှာမျှ ကျပ်ထုပ်နေအောင် စီးနှောင်ထားသည်။
ဝတ်ရုံ၏ အပေါ်ယံလွှာတွင် ပန်းပုံများစွာဖြင့် ပန်းထိုးထားပြီး နှစ်မီတာမျှရှည်လျားသည့် နီရဲနေသော ရှောစောင်ငယ်လေးတစ်ခုရှိသည်။ ၎င်း၏ အဖျားပိုင်းများကို ရွှေဖြင့် အနားကွပ်ထားလေသည်။
အထဲတွင် ကျက်သရေရှိလှသည့် ကြက်သွေးနီရောင် အမျိုးသားဝတ်စကတ်ကိုဝတ်ထားပြီး အပေါ်ယံလွှာက တိုပြီး အတွင်းလွှာက ရှည်နေသည်။
စကတ်ကို အလွှာအထပ်ထပ်ပုံစံပေါ်အောင် စီစဉ်ထားပြီး လင်းရှောင်၏ ခန္ဓာကိုယ်လေးကို ပိုမိုသွယ်လျသွားစေသည်။
နဂါးပလ္လင်ပေါ်တွင်ထိုင်ရင်း လင်းရှောင်ချဉ်းကပ်လာနေသည်ကို ကြည့်နေသော ဧကရာဇ်က မျက်စိပင်မလွှဲနိုင်ဖြစ်နေသည်။ မူလက သူက လင်းရှောင် အဖြူရောင်ပြောင်ဝတ်ရုံကို ဝတ်သောအခါက ချစ်စဖွယ်ကောင်းသည်ဟု ထင်ပြီး ယခုတွင် တစ်ကိုယ်လုံး ရဲရဲနီအောင် ဝတ်ထားသောအခါတွင် ဆွဲဆောင်မှုရှိလှသည်ဟု ထင်နေသည်။
ခန့်ညားတောက်ပသော အနီရောင်က သူ၏အသွင်အပြင်၊ သူ၏နူးညံ့သောမျက်လုံးအစုံတို့ကို ပိုမိုလှပကာ ပေါ်လွင်သွားစေသည်။
ဧကရာဇ်က လင်းရှောင်သူ့ရှေ့တွင် ဒူးထောက်လိုက်သည်ကိုကြည့်ရင်း အကြည့်များလေးနက်လာသည်။ လင်းရှောင်က ကျယ်လောင်စွာအော်ပြောလိုက်သည်။
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ..."
သူ၏အသံက အနည်းငယ်မျှ အက်ကွဲနေပြီး တစ်ဖက်လူကို ဆွဲဆောင်နိုင်သည့် အရိပ်တို့ ပါဝင်နေပြီး ဧကရာဇ်၏ မျက်လုံးများကို နက်မှောင်သွားစေသည်။ အကြည့်လွှဲလိုက်ပြီးနောက် သူ့ဘေးမှ မိန်းမစိုးကို လက်ခါပြပြီး ဟိုးအရင်ကတည်းက ရေးသားပြီးသားဖြစ်သော အမိန့်တော်ကို ပြန်ကြားစေလိုက်သည်။
"အရှင်မင်းမြတ်၏ အမိန့်တော်ကို နာခံစေ... မျိုးရိုးနာမည်လင်း မွေးနာမည်ရှောင်း... တက်ကြွထက်မြက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပါရမီရင့်သန်သူ.. သူ့ရဲ့ ရိုးသားဖြောင့်မတ်ခြင်းနဲ့ စွမ်းဆောင်နိုင်စွမ်းတို့က ကျန်းရဲ့နှလုံးသားကို အောင်တော်မူခဲ့တယ်... ယနေ့လိုပျော်ရွှင်စရာ အခါသမယမှာ သူ့ကို ကြင်ယာတော်အဖြစ် အပ်နှင်းပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဝန်ကြီးဌာနမှာ အဆင့်မြင့်အရာရှိအပြင် ထိုရာထူးနဲ့ကိုက်ညီသည့် လုပ်ပိုင်ခွင့် အာဏာကိုလည်း ပေးသနားလိုက်သည်...ယနေ့ကစပြီး ယခင်ဝန်ကြီး လျှိုချင်းက သူ့ရဲ့လက်ထောက်လုပ်ပြီး အမိန့်ကိုနာခံစေ...ကျန်း လောကတစ်ခွင်ကိုကြေငြာတယ်... လူတိုင်းသိကြစေ..."
ဝန်ကြီးဌာနမှာ အဆင့်မြင့်အရာရှိတဲ့လား...
လင်းရှောင် ထိုကြေငြာချက်ကြောင့် အတော်လေး ထိတ်လန့်ပြီး ခေါင်းပင်မော့ကြည့်မိလိုက်သည်။ သူ၏မျက်လုံးများက ဧကရာဇ်၏ ဒွိသူငယ်အိမ်တို့ရှိသော မျက်လုံးအစုံတို့ဖြင့် ဆုံသွားသောအခါ နှလုံးခုန်နှုန်းမြန်လာရသည်။ သူ ချက်ချင်းခေါင်းပြန်ငုံ့လိုက်ကာ မြေပြင်ပေါ်တွင် ရိုရိုသေသေဒူးထောက်လိုက်ပြီး လက်ကိုမြှောက်၍ တော်ဝင်အမိန့်စာကို လက်ခံလိုက်သည်။
"လင်းရှောင် အရှင်မင်းကြီးရဲ့ ပေးသနားတော်မှုအတွက် ကျေးဇူးတင်ပါတယ်... အရှင်မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ..."
ဘာကြောင့်လဲမသိသော်လည်း အမိန့်စာက သူ့လက်ထဲကျလာစဉ်တွင် သူ့လက်ထဲကို အာလူးပူပူတစ်လုံး ထည့်လိုက်သလို ခံစားလိုက်ရ၍ ထပင်ခုန်သွားချင်မိသည်။
"မတ်တတ်ရပ်လို့ရပြီ...."
ဧကရာဇ်က ပြောလိုက်သည်။
လင်းရှောင်းက မတ်တတ်ရပ်လိုက်ပြီး သူ့ရှေ့တွင်ရှိသော ပလ္လင်ထက်တွင် ထိုင်နေသည့်လူကို ကြည့်လိုက်သည်။
"ဒီကိုလာခဲ့..."
"...."
လင်းရှောင်က အမိန့်ပြန်တမ်းကို ကိုင်ကာ ဧကရာဇ်ရှေ့သို့ နာနာခံခံလေးသွားလိုက်သည်။
ဧကရာဇ်က လက်ဆန့်တန်းလိုက်ပြီး လင်းရှောင်ကို သူ၏ရင်ခွင်ထဲ ထည့်လိုက်သည်။ သူ၏ အကြည့်များက ဝန်ကြီးများထံတွင် ဝေ့ဝဲသွားပြီး လေးနက်စွာပြောလိုက်သည်။
"ဒီနေ့ကစပြီး ကျန်းမှာ အခြားကြင်ယာတော်တွေရှိတော့မှာမဟုတ်ဘူး... သူကလည်း ကျန်းရဲ့ဝန်ကြီးဌာနမှာ အမြင့်ဆုံးအာဏာရှိတဲ့ အဆင့်မြင့် ဝန်ကြီးတစ်ယောက်ဖြစ်သွားပြီ... မောင်မင်းတို့အားလုံး ကြင်ယာတော်ကို ကျန်းကိုဆက်ဆံသလို ဆက်ဆံကြ..နားလည်ကြလား..."
"ဒါက....."
ထိုစကားများထွက်လာသည်နှင့် ခုံရုံးတစ်ခုလုံး အံ့အားတကြီးဖြစ်သွားကြသည်။
ကြင်ယာတော်ကို ဧကရာဇ်အရှင်လို ဆက်ဆံရမယ်တဲ့လား... ဒီလိုကိစ္စမျိုးက မူတိုင်းပြည်မှာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး... ဧကရာဇ်အရှင်က အခုမှခန့်အပ်ထားတဲ့ ကြင်ယာတော်ကို အတော်လေး အလေးထားတာပဲ...
အချို့သော အရာရှိအိုကြီးများက ပါးစပ်တပြင်ပြင်နှင့် ပြန်ပြောရန် ပြင်လိုက်သည်။
သို့သော် ဧကရာဇ်က သူတို့ပြောဖို့ အခွင့်အရေးပင်မပေးပဲ နောက်တစ်ကြိမ် ထပ်မတွေးနိုင်အောင်ပါ ပြောလိုက်သည်။