အပိုင်း ၇၅
Viewers 12k

လင်းရှောင်က အနည်းငယ် အံ့ဩသွားသည်။ သူ၏အရင်ဘဝတွင် မူရှို့နင်က သူ့အပေါ်တွင် အမြဲတမ်း မလိုမုန်းတီးသော ပုံစံဖြင့် ပြောလေ့ရှိသည်။ ထိုလူ၏ နူးညံ့သောစိတ်အခြေအနေက သူ့အတွက် ဘယ်သောအခါမှမဟုတ်ခဲ့၍ လင်းရှောင်က သူ့ကို မျက်လုံးချင်ဆုံ၍ပင် မကြည့်ခဲ့ချေ။
ယခုဘဝတွင် လင်းရှောင်က ထိုလူ၏ငြိမ်းချမ်း အေးဆေးသည့် တစ်ဖက်ခြမ်းကို တွေ့ခဲ့ရသည်။
လင်းရှောင်က ခပ်ဖွဖွလေးပြုံးပြီး သူ့ရှေ့မှ လူကိုခေါ်လိုက်သည်။
"ဦးရီးတော်..."
"ဦးရီးတော်တဲ့လား..."
မူရှို့နင်က လုံးဝအံ့အားသင့်သွားသည်။ သူက သူ့ရှေ့ကို လမ်းလျှောက်လာပြီး သူ့ကို စိုက်ကြည့်လေသည်။
တစ်ခုခုပြောချင်သလို စိုက်ကြည့်နေသဖြင့် လင်းရှောင်က မသက်မသာခံစားလိုက်ရပြီး တောင့်ခဲသွားရသည်။
မူရှို့နင်က လင်းရှောင် မသက်မသာဖြစ်နေသည်ကိုကြည့်ပြီး အကြည့်လွှဲလိုက်သည်။
"ကိုယ်က ဘယ်လိုလုပ်ပြီး ဦးရီးတော်ဖြစ်ရမှာလဲ... တွေ့တဲ့လူကို အဲ့လိုခေါ်လို့ မရဘူးနော်...."
လင်းရှောင်က ရပ်တန့်သွားပြီး မူရှို့နင်ကို မော့ကြည့်လေသည်။ သူက တစ်ဖက်လူကို ပွင့်ပွင့်လင်းလင်းခေါ်ထုတ်လိုက်၍ အနည်းငယ် စိတ်မကျေနပ်နေသည့်ပုံပင်။
လင်းရှောင်က ထိုခဏတွင် နားလည်သွားခဲ့ပေသည်။
ဧကရာဇ်ငယ်ရွယ်စဉ်က မူရှို့နင်က ခဏမျှစောင့်ရှောင့်ပေးခဲ့ဖူးသည်။ ထို့ကြောင့် သူက ဧကရာဇ်အပေါ် အတော်လေး ချစ်ခင်နှစ်သက်ပေသည်။
မူရှို့နင်က မိုရွှီနှင့် မတွေ့ခင်ကတည်းက နန်းတော်ထဲတွင် ခဏခဏပေါ်လာတတ်၍ ထိုလူက ဧကရာဇ်ကို လာတွေ့သည်ဖြစ်ကြောင်း လင်းရှောင် ခန့်မှန်းနိုင်ပေသည်။
မူရှို့နင်က ဧကရာဇ်အရှင် ရွေးချယ်ထားသော အမျိုးသားကြင်ယာတော်ဖြစ်သည့် သူ့ကို လာကြည့်ခြင်းဖြစ်ရပေမည်။
သူ့ကိုယ်သူလည်း အမျိုးသားကြင်ယာတော်ဖြစ်ရန် အရည်အချင်း ပြည့်မီခြင်းမရှိကြောင်း သိပေသည်။
လင်းရှောင်က စိတ်ထဲတွင် အေးစက်စက်ပြုံးလိုက်မိသည်။ သူ့ဘာသာသူ အရည်အချင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မူရှို့နင်နှင့် ဘာမှမဆိုင်ပေ။
ခဏမျှတွေးပြီးနောက်တွင် လင်းရှောင်က သူ၏ ရာထူးကို တိုက်ရိုက်အသုံးချလိုက်သည်။
"ဦးရီးတော်က ဧကရာဇ်ရဲ့ ဦးရီးတော်ဆိုမှတော့... အခုကစပြီး လင်းရှောင်ရဲ့ ဦးရီးတော်ပဲပေါ့..."
"ဧကရာဇ်ရဲ့ ဦးရီးတော်တဲ့လား..."
မူရှို့နင်က ခဏမျှ မိန်းမောသွားပြီးနောက်တွင် အနည်းငယ်အပြစ်တင်သော လေသံဖြင့် ပြန်ပြောလာသည်။
"ဧကရာဇ်ကဖြင့် ကိုယ့်ကို ဦးရီးတော်လို့မခေါ်တာ ကြာခဲ့ပြီ... သူက ကိုယ့်ကို သူ့ရဲ့မိသားစုအဖြစ်တောင် မသတ်မှတ်တော့ဘူး..."
လင်းရှောင်က အနည်းငယ်မျှအံ့ဩသွားသည်။ ဧကရာဇ်တွင် ဦးရီးတော်ရှိမှန်းသိသော်လည်း ယခုဘဝတွင်ရော အရင်ဘဝတွင်ပါ ဧကရာဇ်က မူရှို့နင်ကို ဦးရီးတော်ဟု မခေါ်ဖူးကြောင်း သတိရသွားသည်။
အမှန်အတိုင်းပြောရလျှင် ထိုနှစ်ဦး တွေ့ဆုံကြသည်ကို မမြင်ဖူးပေ။
ဧကရာဇ်က သူ၏ဦးရီးတော်ကို စွန့်ပစ်လိုက်ပြီဟူသော ကောလဟာလများပင် ထွက်လာသေးသည်။
မူရှို့နင်၏ ယခုလက်ရှိ အမူအယာအရ ကောလဟာလများက မှန်ကန်နေပုံပင်။
မူရှို့နင်၏ ဧကရာဇ်အပေါ် အပြစ်တင်လိုသော လေသံကို ကြားပြီးနောက်တွင် လင်းရှောင်ရင်ထဲ၌ ဒေါသတို့ တောက်လောင်လာသည်။
သူ့ဒေါသသူ ထိန်းမရတော့၍ မူရှို့နင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
"ဧကရာဇ်က ခင်ဗျားကို အသိအမှတ်မပြုဘူးဆိုရင် ခင်ဗျားက ဘာလို့ အသက်ရှင်နေရဦးမလဲ... အခု တော်ဝင်မိသားစုထဲမှာ အသက်ရှင်ကျန်ရစ်သူဆိုလို့ ခင်ဗျားနဲ့ ဧကရာဇ်ပဲကျန်တော့တာ... ကျန်တဲ့လူတွေအကုန်လုံး ဧကရာဇ်က ကွပ်မျက်ပြီးသား..."
လင်းရှောင်၏ မျက်လုံးများက မူရှို့နင်၏ သတိပေးလိုသောအကြည့်တို့ဖြင့် ဆုံသွားသောအခါ သူ့ကိုယ်သူ မည်မျှ ဂုဏ်သိက္ခာကင်းမဲ့စွာ ပြောခဲ့ကြောင်း သတိထားမိသွားခဲ့သည်။
မူတိုင်းပြည်၏ တော်ဝင်မိသားစုတွင် လူပေါင်းများစွာ ရှိခဲ့ဖူးသည်။ မူလက ဧကရာဇ်ဟူသော ဘွဲ့ထူးက ယခုလက်ရှိ ဘုရင်ထံသို့ ရောက်လာရမည်မဟုတ်ပေ။ သို့သော် လက်တွေ့က အခြားအရာကိုသာ ပြသလေသည်ဟ ဧကရာဇ်က သူ၏ရာထူးကို တည်မြဲဖို့အရေး သူဘာတွေကြုံတွေ့ခဲ့ရသလဲ ဆိုသည်က ပြောပြရန် မဖြစ်နိုင်ပေ။
မျက်လုံးမြင်နိုင်သည့် မည်သူမဆို ကိစ္စများက သူတို့ ထင်သလို ဖြစ်မလာကြောင်း သိနိုင်သည်။ တော်ဝင်မိသားစုမှ ကလေးများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားလေပြီး ဧကရာဇ်နှင့် သူ၏ဦးရီးတော်သာ ကျန်ခဲ့လေသည်။ ဦးရီးတော်က သူ၏နန်းမွေဆက်ခံပိုင်ခွင့်ကို ငြင်းခဲ့သဖြင့် ဧကရာဇ်ကသာ အမွေဆက်ခံနိုင်သည့် တစ်ဦးတည်းသောလူဖြစ်လာခဲ့ပြီး နန်းပလ္လင်မှာဧကရာဇ်လက်ထဲသို့ ချောချောမွေ့ကျရောက်လာသည်။
ဘာတွေဖြစ်ခဲ့သလဲကို သာမန်လူများကို လှည့်စား၍ရသော်လည်း ခုံရုံးမှလူများကို လှည့်စားရန်မှာ မဖြစ်နိုင်ပေ။
သို့သော် နန်းတော်ထဲတွင် ထိုအကြောင်းကို မပြောရန် တင်းတင်းကျပ်ကျပ်တားမြစ်ထားသည်။
ကောင်းကင်ဘုံ၏မျက်ရှုသားရတနာ၏ မျက်စိအောက်တွင် ထိုအကြောင်းကို မည်သူမှ မဆွေးနွေးရဲကြပေ။
သို့သော် လင်းရှောင်က တဲ့တိုးပြောတတ်သူဖြစ်လေရာ ထိုတားမြစ်ထားသော စကားကို လွယ်ကူစွာ ချိုးဖောက်မိသွားသည်။
သူ ထိုအကြောင်းကို ဆက်လက်၍မေးခွန်းထုတ်လိုပါက သူ၏ ဝန်ကြီးဟူသော ရာထူးပင် ရုတ်သိမ်းခံရကာ ထောင်သွင်း အကျဉ်းချခံရနိုင်သည်။
ခေါင်းပင် အဖြတ်ခံရနိုင်သေးသည်။
လင်းရှောင်တစ်ကိုယ်လုံး ချွေးအေးတို့ ဖုံးလွှမ်းသွားသည်။ သို့သော် သူ့တွင် သေမိန့်ကင်းလွတ်ခွင့် တံဆိပ်ပြားရှိကြောင်း မှတ်မိသွား၍ စိတ်သက်သာရာရသွားသည်။
သူ့ကိုယ်သူ တည်ငြိမ်နေဟန် ပြုမူကာ မူရှို့နင်ကို ကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်ချိန်တွင် တစ်ဖက်လူကလည်း သူ့ကိုကြည့်နေကြောင်း သတိပြုမိသွားသည်။
"ဒီလောက်ကြောက်လန့်နေတာတောင်မှ.. ဒီကိစ္စကို ဆက်ပြောရဲသေးတယ်လား..."
မူရှို့နင် ထိုသို့ပြောသည်ကိုကြားပြီး လင်းရှောင်၏နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
လင်းရှောင်က သူ့ကိုမျက်စောင်းထိုးလိုက်သည်။
"ဦးရီးတော်က ဧကရာဇ်ကို အပြစ်စကားဆိုနေမှတော့ လင်းရှောင်က စကားအချို့ထပ်ပေါင်းပြောတာ မှားသွားတာလား..."
"စကားအချို့ထပ်ပေါင်းပြောတယ်ဆိုပေမဲ့ မင်းရဲ့စကားတွေက အတော်လေးတော့ ဘောင်ကျော်တယ်လေနော်..."
မူရှို့နင်၏ မုန်းတီးမှုမရှိပဲ ရယ်ချင်ပက်ကျိအသံက လင်းရှောင်ကို ပိုမို သက်သာရာရစေသည်။
လင်းရှောင်၏ မျက်နှာတွင် သွေးရောင်ပြန်လွှမ်းလာသည်ကိုကြည့်ပြီး မူရှို့နင်က တခစ်ခစ်ရယ်ပြန်သည်။
"မင်းရဲ့ လူတစ်ယောက်ကို ခန္ဓာဗေဒဘာသာစကားအရ ထိုးဖောက်မြင်နိုင်စွမ်းက အရမ်းကောင်တာပဲ..."
ထိုစကားလုံးများကို ဒုက္ခရောက်စေသော ဆန္ဒနည်းနည်းမျှမပါသော လေသံဖြင့်ပြောသော်လည်း လင်းရှောင်ကြားသောအခါတွင် မလွယ်ကူသလို ခံစားလိုက်ရသည်။ ထိုလူနှင့် ဆက်ဆံချင်စိတ်ပင်မရှိတော့၍ လင်းရှောင်၏ အပြုအမူများမှာ မယဉ်မကျေးဖြစ်လာသည်။
"ဦးရီးတော်မှာ ကျွန်တော်နဲ့ ထပ်ဆွေးနွေးစရာမရှိတော့ရင် ပြန်လိုက်ပါဦးမယ်... ဧကရာဇ်က ကျွန်တော် ပြန်အလာကို စောင့်နေပါတယ်..."
လင်းရှောင်က မူရှို့နင် သူ့ကိုဆက်မဆွဲထားနိုင်အောင် ဧကရာဇ်၏ နာမည်ကိုပင် ထည့်ပြောလိုက်သေးသည်။
ဧကရာဇ်၏နာမည်ဖြင့် ဖိအားပေးသော်လည်း မူရှို့နင်မှာ လုံးဝမကွာခြားသွားပေ။ လင်းရှောင်က ထိုလူ့ကို အနည်းငယ်ဒေါသထွက်လာမည် သို့မဟုတ် အနည်းငယ်မျှတုန့်ပြန်လာမည်ဟု ထင်နေသော်လည်း မူရှို့နင်က အံ့ဩစရာမရှိသည့်အလား ပုံမှန်လိုသာဖြစ်နေသည်။ လင်းရှောင်က အံ့ဩလွန်း၍ ထွက်သွားရန်ပင် မေ့သွားသည်။
မူရှို့နငိက လက်ဦးမှုရယူ၍ လင်းရှောင်ကိုလမ်းဖယ်ပေးလိုက်သည်။ ခါးတစ်ဝက်ကိုပင် ငုံ့ကိုင်း၍ 'ကျေးဇူးပြုပြီး'ဟူသော ပုံစံကိုပင် လုပ်ပြလိုက်သေးသည်။
၎င်းက လင်းရှောင်ကို အနည်းငယ် ရှက်ရွံ့သွားစေသည်။ မူရှို့နင်လုပ်နေသည့်ပုံစံမှာ သူက ထွက်မသွားချင်၍ နှင်နေရသည့်ပုံနှင့် တူနေသည်။
လင်းရှောင်က ခေါင်းမော့ရင်ကော့ကာ သူ၏ဝတ်ရုံလက်ဖျားကို ရမ်းခါလိုက်ပြီး ရှေ့သို့ဆက်လျှောက်သွားလေသည်။
မူရှို့နင်က သူ၏ပုံမှန်ပုံစံလိုမဟုတ်ပဲ သူ့နှုတ်ခမ်းပါးမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ လင်းရှောင်ကြားသွားမည်ကိုပင် မစိုးရိမ်ပဲ ရယ်မောလိုက်၍ လင်းရှောင်၏ မျက်နှာကြီးတစ်ခုလုံး ရဲရဲနီသွားသည်။
လင်းရှောင်က ဤနေရာတွင် ထပ်မနေချင်တော့ချေ။ ထို့ကြောင့် ခပ်မြန်မြန်သွားလိုက်ပြီး ထောင့်ချိုးဘက်သို့ လှည့်ဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
မူရှို့နင်က လင်းရှောင်ထွက်သွားသည့်ဘက်ကိုကြည့်ပြီး နံရံပေါ်တွင် ပျင်းတိပျင်းရွဲမှီလိုက်ပြီး သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ... ရွှမ်အာက လူကောင်းလေးကို ရှာတွေ့ထားပုံပဲ..."
ထိုစကားများကို ပြောပြီးနောက်တွင် သူ့ပတ်ပတ်လည်မှ လေထုက ပြောင်းလဲသွားပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။
"အခုတော့ ငါဆက်ပြီး စိတ်မပူပေးတော့လည်း ရသွားပါပြီလေ..."
ထိုစကားများကို သူသာ ကြားနိုင်သော ဝမ်းနည်းမှုတို့ဆွက်နေသည့် လေသံဖြင့်သာ ပြောလိုက်သည်။ အကယ်၍ အခြားလူများသာ သူ၏ ပူဆွေးနေသော ပုံစံကိုမြင်လျှင် သေချာပေါက် ဝမ်းနည်းပေလိမ့်မည်ဖြစ်သည်။
မူရှို့နင်ကို နှုတ်ဆက်ပြီးနောက်တွင် လင်းရှောင်က နန်းတော်ထဲကို ပြန်လိုက်သည်။
သူ အခန်းထဲကိုဝင်လိုက်သည်နှင့် ဧကရာဇ်က သူ့ထက် စောပြီးရောက်နေပြီဖြစ်ကြောင်း မြင်လိုက်လေသည်။
သူ့ရှေ့တွင် ရှောင်လိဇီက ဖြူဖျော့နေသော မျက်နှာနှင့် ဒူးထောက်နေသည်။
ဧကရာဇ်၏ ပုံစံနှင့် ရှောင်လိဇီ၏ တည်ငြိမ်မနေသော ပုံကိုကြည့်ပြီး ရှောင်လိဇီက အရာရာတိုင်းပြောပြလိုက်ပြီဖြစ်ကြောင်း ခန့်မှန်းလိုက်နိုင်သည်။
လင်းရှောင်က နှုတ်ခမ်းများ ကွေးညွတ်သွားကာ ဧကရာဇ်ရှေ့သို့ လျှောက်လာလိုက်ပြီး ရှောင်လီဇီကို အမိန့်ပေးလိုက်သည်။
"ထွက်သွားလို့ရပြီ..."
ရှောင်လိဇီက ခဏမျှ တုန့်ဆိုင်းသွားပြီး ဧကရာဇ်ကို မော့ကြည့်လိုက်သည်။ ဧကရာဇ်က သူ့ကို ထွက်သွားလို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်၍ ရှောင်လိဇီက ချက်ချင်း ထွက်ပြေးသွားသည်။
လင်းရှောင်က ရှောင်လိဇီ ထွက်သွားသည်အထိ စောင့်လိုက်ပြီး ဧကရာဇ်ဘေးနားတွင် ထိုင်လိုက်သည်။ ဧကရာဇ်ကအနည်းငယ် အံ့အားသင့်သွားသည်။
လင်းရှောင်က အနည်းငယ် မပျော်မရွှင်ဟန်ဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး... သိချင်တာရှိရင် ကျွန်တော်မျိုးကိုပဲ တိုက်ရိုက်မေးမယ်လို့ ကတိမပေးထားခဲ့ဘူးလား....ဘာလို့ ရှောင်လိဇီကို ထပ်မေးရပြန်တာလဲ..."
ဧကရာဇ်က မျက်ခုံးလေးတစ်ဖက်ပင့်ပြီး ကြည့်ကာပြောလိုက်သည်။
"ကျန်းက ဘယ်တုန်းကများ ကတိပေးခဲ့ဖူးလို့လဲ..."
"...."
လင်းရှောင် အနည်းငယ်မျှသီးသွားရကာ မကျေမချမ်းပြောလာသည်။
"နောက်ဆုံးတစ်ခေါက်ကပဲ အရှင်မင်းကြီးက...."
"နောက်ဆုံးတစ်ခေါက်က ကျန်းကမေးကြည့်ရုံမေးကြည့်တာလေ...."
ဧကရာဇ်က ဖြတ်ပြောလိုက်သည်။
"အာ...."
လင်းရှောင်က ဆွံ့အသွားရကာ သူ့မျက်နှာပေါ်တွင်လည်း မကျေနပ်ပါဟူသော စာသားကြီးရေးထားသလိုဖြစ်နေသည်။