အခန်း ၂
Viewers 8k

Chapter 2


လင်းရွှမ် သည် မစ်ရှင်တစ်ခုရှိသောကြောင့် အင်ပါယာမြို့တော်သို့ ပြန်လာခဲ့သော်လည်း ယခုတော့ မစ်ရှင်မှာ ပြီးမြောက်ခဲ့ပြီဖြစ်သည်။ သူသည် သုံးလေးရက်ကြာ မျက်လုံးမှိတ်ဖို့ တောင် အချိန်မရခဲ့ဘဲ အာဟာရဖျော်ရည်များနှင့် အစာခြောက်များကိုသာ စားခဲ့ရသည်။ထို့ကြောင့် အိမ်ပြန်ရောက်သည်နှင့် ကောင်းကောင်းရေချိုးပြီး အိပ်မည်ဟု တွေးထားခဲ့သည်။


သို့သော်၊ သူ အိမ်ထဲ ဝင်သွားလိုက်လျှင် ကြွပ်ကြွပ်ကြော်ထားသည့် ရွှေဖရုံသီးကြော်နှင့် စိတ်ကို လန်းဆန်းစေမည့် ပဲတီစိမ်း စွပ်ပြုတ်က ဆီးကြိုနေလေသည်။ မီးဖိုချောင်ထဲမှာလည်း အစားအသောက်ရနံ့များက မွှေးကြိုင်လျက်။ထို့နောက် ဟင်း‌ချက်နေသူမှာ ဖက်ရှင်ဇိမ်ခံပစ္စည်းတွေကိုသာ အာရုံစိုက်ပြီး မာနကြီး၍ ကိုယ်ကျိုးကိုသာကြည့်တတ်သည့် သူ့ညီမငယ်မှန်း သူ့မျက်စိနှင့်တပ်အပ်မမြင်ရလျှင် သူ ယုံတောင်ယုံမိမှာမဟုတ်ပေ။ ထို့အပြင်၊ ဤကလေးမသည် အလွန်ရက်စက်ပြီး ကြောက်စရာကောင်းသည့် သူ့ကို တစ်စက်မှ မကြောက်ပေ။ထို့မျှမကသေး၊ သူ့ကို "ချစ်စရာကောင်းတယ်" ဟုချီးကျူးလိုက်၏။ ထိုစကားလုံးက သူ့ပုံစံနှင့် မလိုက်ဖက်သော်လည်း သူ့ကိုမြင်လိုက်ချိန်မှာ ဖြစ်သွားသော ကလေးမလေး၏ ပျော်ရွှင်မှုသည် သူအိမ်ပြန်ရောက်ရောက်ချင်း ရင်ကိုအေးမြစေလေ၏။ 


ထို့ကြောင့် အိမ်အကူ စက်ရုပ်က မီးဖိုချောင်သို့ ဗန်းကို ပြန်ယူလာသောအခါ ရွှေဖရုံသီးကြော်က တစ်ဝက်သာ ကျန်တော့ပြီး ပဲတီစိမ်း ဟင်းချိုကလည်း အကုန်ကုန်နေပြီဖြစ်သည်။လင်းယောင်ယောင် ပါးစပ်ကိုအုပ်ထားပြီး ပြုံးလိုက်သည်။ စစ်နတ်ဘုရားအစ်ကိုက သူမ၏ ဟင်းချက် လက်ရာကို အသိအမှတ်ပြုပုံရ၏။


ထို့နောက် မွန်းတည့်ချိန်နီးနေပြီဖြစ်သဖြင့် ပူပူစပ်စပ် အာလူးအလွှာပါးများကို အချဉ်အရသာလေး ကဲထားကာ ကြော်ပြီး ပဲပင်ပေါက်ဟင်းချိုကို အမြန်ပြင်ဆင်လိုက်သည်။ပြီးလျှင်၊စားလျှင် မအေးစက်အောင် မိုက်ခရိုဝေ့ထဲကို အပူရှိန်နည်းနည်းဖြင့် ထည့်ထားလိုက်၏။ ထို့နောက် အခန်းထဲပြန်ဝင်ကာ အစားအသောက်အနံ့များထွက်နေ၍ ရေချိုးရန် စီစဉ်လိုက်သည်။ထို့ကြောင့်လည်း အစ်ကိုဖြစ်သူကို လက်ဆွဲလိုက်စဥ်က သူမကိုယ်နံ့ကို ရွံရှာသလိုမျိုး အထိတ်တလန့်ဖြစ်သွားခြင်းဖြစ်ရမည်။ ချက်ပြုတ်ချိန်မှလွဲ၍ တခြားအချိန်များတွင် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး တခြားသူများ အာရုံစိုက်ဖို့ဆိုလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးကလည်း အရေးကြီးပေသည်။သူမ ဧည့်ခန်းက ဖြတ်သွားသည့်အခါ လင်းရွှမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း မရှိနေတာကြောင့် သူ့အခန်းထဲကို ပြန်သွားခြင်း ဖြစ်နိုင်သည်။ 


ထို့နောက် သူမသည် မိဘများ ပြန်လာသောအခါ အမောပြေစားရန် အိမ်အကူစက်ရုပ် အမ်ဘာ ကို အဆာပြေမုန့်များနှင့် အချိုရည်နှစ်ခွက် ဧည့်ခန်းထဲသို့ယူလာရန် အမိန့်ပေးထားလိုက်သည်။ပြီးလျှင်၊ အမြန်ရေချိုးပြီး စိမ်းပြာရောင် လက်ပြတ်ဝတ်စုံကို ပြန်လဲ၍ ဆံပင်ကိုလည်း ကျစ်ဆံမြီးနှစ်ချောင်းကျစ်ကာ ရင်ဘတ်ပေါ်မှာ ချထားလိုက်သည်။အသက် ၁၈နှစ် ဆိုသည့် အသက်အရွယ်သည် မိန်းကလေးတစ်ယောက်အတွက် အလှဆုံးအချိန်ဖြစ်ပြီး သူမ နဂိုရုပ်ရည်ကလည်း အတော်ပင် ချောမောသည်။ မိတ်ကပ်မလိမ်းထားလျှင်တောင် အလွန်လှပပြီး ဆွဲဆောင်မှုရှိလှသည်။ 


လင်းယောင်ယောင် မှန်ထဲမှာ စိတ်တိုင်းကျအောင် ကြည့်နေစဉ် လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း ပြန်လာပြီဖြစ်ကြောင်း အခန်းတွင်းရှိ စက်ရုပ်အသံသတိပေးစနစ်က မြည်ဟည်းလာသည်။ထို့နောက် သူမ ချက်ချင်းပင် တံခါးကိုဖွင့်ပြီး လေပြင်းတိုက်သလို အတင်း အောက်ထပ်ကို ပြေးဆင်းသွားလိုက်လျှင် မထင်မှတ်ပဲ လှေကားထိပ်မှာ စတုတ္ထထပ်မှ ဆင်းလာသည့် လင်းရွှမ်နှင့် ဆုံမိသွားရသည်။ သူမ အရှိန်မထိန်းနိုင်တော့၍ ထိတ်လန့်သွားကာ သူ့ အပေါ်ကို ပစ်လဲကျတော့မလို ဖြစ်သွားရသည်။


 "အစ်ကိုကြီး....ဖမ်းဖမ်း" 


ထိုအခါ လန့်သွားသော လင်းရွှမ် ကလည်း နောက်ကိုခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ မိန်းကလေး၏ ပါးလွှာကျစ်လျစ်သော ပခုံးကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။ အခြားလက်တစ်ဖက်က သူမ လှေကားမှ မပြုတ်ကျအောင် ခါးကို ဖက်ထားလိုက်၏။ သူမ ပြုတ်မကျတော့တာသေချာခါမှ လင်းရွှမ် သူ့လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး သူ့မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးနေကာ မှုန်ကုပ်ကုပ်ဖြစ်သွားသည်။


“မင်းဘာလို့ ပြေးလာတာလဲ"


သူက အသံနက်ကြီးဖြင့် ပြောလာသည်။လင်းယောင်ယောင် သည် ရုတ်တရက် အရှိန်မထိန်းနိုင်ဖြစ်သွားသောကြောင့် ထိတ်လန့်သွားမိသော်လည်း စစ်သားထောင်ပေါင်းများစွာတောင် ထိတ်လန့်သွားစေနိုင်သည့် သူ့မျက်နှာထားကို တစ်စက်မှ မကြောက်မိပေ။သူမ လင်းရွှမ် ကို မော့ကြည့်လိုက်ပြီး


 "အစ်ကိုကြီးက...အရမ်းတော်တာပဲ"


 


စောစောက အစားအသောက်နံ့ထွက်နေသည့် သူမကို လင်းရွှမ်က မကြိုက်ဘူးထင်နေသဖြင့် ယခု ရေချိုးလာတာကြောင့် အမွှေးနံ့များထွက်လာအောင် သူမ တစ်ကိုယ်လုံးကို ပွတ်သပ််ပြလိုက်သည်။ သူမတွင် D-အတန်းစား ကိုယ်လုံးကိုယ်ပေါက်သာ ရှိနေသဖြင့် ပိန်ပါးကျစ်လျစ်ပြီး ငါးရံ့လေးတစ်ကောင်လို ချော်နေတာကြောင့် အစ်ကိုကြီး၏ လက်မောင်းကို အတင်းဖမ်းဆုပ်ထားရသည်။


လင်းရွှမ် သည်လည်း ရေချိုးဖို့ သူ့အခန်းထဲ ပြန်ဝင်သွားပြီး ခဏလောက် အိပ်ပျော်သွားခဲ့၍ စနစ်၏ သတိပေးချက်ကိုကြားသောအခါမှ သူနိုးလာခဲ့သည်။ အဆာပြေစားပြီးဖြစ်၍ ဗိုက်မဆာသော်လည်း စိတ်ပါလက်ပါ ချက်ပြုတ်နေသော ကလေးမလေး၏ စေတနာကို လက်လွှတ်မခံချင်ပေ။ ကလေးမလေးသည် အကျင့်စာရိတ္တကောင်းမွန်သလို၊ မိဘများကို တောင်းဆိုစရာတစ်ခုရှိကြောင်း ဖုံးကွယ်မထားဘဲ ပြောပြခဲ့သည်။ အစ်ကိုကြီးတစ်ယောက်အနေနှင့် ဖြစ်ပျက်နေတာတွေကို သူကလည်း နားထောင်သင့်သည်။အလွန်အမင်းကြီး မကူညီနိုင်လျှင်တောင် စကားနည်းနည်းပြောပေးလျှင်လည်း ရသည်။ 


ဒါက တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့အတိုင်း သူမကို ကျေးဇူးတင်နေမိတာလား...


အင်ပါယာမြို့တော်၏ ရာသီဥတုသည် ကမ္ဘာကြီးနှင့် အလွန်ဆင်တူသည်။ နွေရာသီမှာ အတော်လေးပူလှသည်။ အိမ်မှာ အပူချိန်ထိန်းညှိမှုစနစ်ရှိလျှင်ပင် ပေါ့ပါးသော အဝတ်အစားများကို ဝတ်ဆင်မှသာ နေလို့ထိုင်လို့ရသည်။လင်းရွှမ်သည် အိမ်ပြန်ရောက်ပြီဖြစ်၍ သူ၏ စစ်ဝတ်စုံကို လဲကာ ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီကိုယ်ကျပ်ကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။ သူသည် တစ်နှစ်ပတ်လုံး စစ်မြေပြင် ရှေ့တန်းတွင် ရှိနေရသောကြောင့် သူ၏ ကြွက်သားများသည် အလွန်ယောက်ျားပီသပြီး သန်မာလှသည်။ သူ့အသားရောင်ကလည်း ကျန်းမာရေးနှင့် ညီညွတ်သည့် ဂျုံမှုန့်ရောင်ပင်။ထို့အပြင် ယောက်ျားပီသပြီး ဆွဲဆောင်မှုအပြည့်ရှိသူလည်း ဖြစ်သည်။ Gym မှာ လေ့ကျင့်ထားသည့် ကြွက်သားတွေနှင့် ပြီးပြည့်စုံသော သူ့ခန္ဓာကိုယ်မှာ ဆီနှင့်ရေလိုတစ်ခြားစီပင်။ 


ခဏကြာသော် လင်းယောင်ယောင် က သူ့လက်မောင်းကို ပွေ့ဖက်ရုံတင်မကဘဲ စူးစူးဝါးဝါးပွတ်သပ်ကာ ပြောလိုက်၏။


"မာလိုက်တာ...ညီမလေးရဲ့ ခြေသလုံးလောက်တောင် ရှိတယ်နော်"


သူမ ဆက်ပြီး တစ်လက်မပြီးတစ်လက်မ ထိကြည့်လိုက်လျှင် လင်းရွှမ် မျက်နှာကြီး နီရဲလာပြီး သက်ပြင်းတစ်ချက်ချလိုက်တော့သည်။


 "..." 


ထို့နောက် ကောင်မလေး၏ ဒူးဖုံးအထိ ရှည်သော ဝတ်စုံရှည်အောက်မှ နူးညံ့ဖြူနုသော ခြေသလုံးသားကို အမှတ်တမဲ့ ငုံ့ကြည့်လိုက်မိသည်။ ထို့နောက်တွင် အနက်ရောင် ခပ်ပါးပါး ခြေညှပ် ဖိနပ်ကို ဝတ်ဆင်ထားသော၊ ဖြူနုနု ခြေဖဝါးလေးများကိုပါ တစ်ဆက်တည်းကြည့်မိပြန်သည်။ကလေးမလေးသည် သူ့ပုခုံးလောက်သာ အရပ်မြင့်ပြီး ပုပုသေးသေးလေးဖြစ်ကာ တစ်ကိုယ်လုံးကလည်း မွှေးပျံ့နေ၏။သူမ၏ အသားအရေသည် အလွန်နူးညံ့သိမ်မွေ့နေသလို သူ့စိတ်ထဲမှာ ခံစားရသည်။သူ စိတ်အာရုံများ ထွေပြားလာရသောကြောင့် အဝေးကို လှည့်ကြည့်ဖို့ ဟန်ပြင်လိုက်သည်။ထို့နောက် ကလေးမလေး၏ ကျောက်စိမ်းနှင့်တူသော နုနုအိအိ လက်များထံမှ သူ့လက်များကို အေးဆေးတည်ငြိမ်စွာ ရုတ်သိမ်းလိုက်၏။


"မင်းက လူကြီးဖြစ်နေပြီ.. သတိထားစမ်း" 


ထို့နောက် လှည့်ထွက်ကာ လှေကားထစ်မှ အပြေးကလေး ဆင်းသွားလိုက်သည်။ 


လင်းယောင်ယောင် သည် နှစ်စက္ကန့်လောက် ငြိမ်နေပြီးနောက် သူမ စိတ်ထဲမှ ရယ်လိုက်မိတော့သည်။စစ်နတ်ဘုရားအစ်ကိုက အပြစ်ကင်းလွန်းပြီး မိန်းကလေးများနှင့် သိပ်ရောရောဝင်ဝင် နေဖူးပုံမရပေ။ 


 အိုး.. စိတ်မကောင်းပါဘူး...


လင်းယောင်ယောင် ကို လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့မှ မွေးစားခဲ့ပြီး သူမ၏ အစ်ကိုဖြစ်သူ လင်းရွှမ် နှင့် သွေးသားအရ တော်စပ်ခြင်း မရှိပေ။ လင်းယောင်ယောင် သည် Green Star လူမျိုးများ၏ သိသာထင်ရှားသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများရှိသည်။ သို့သော်လည်း လင်း မိသားစု၏ ဘိုးဘေးများသည် Green Star ဗီဇသွေး မပါခဲ့သဖြင့် သူမကို မွေးစားထားကြောင်းကို လူတိုင်း သိထားကြသည်။


တစ်ချိန်က ရှန်းယွင်ကျင်း သည် သမီးတစ်ယောက် ကိုယ်ဝန်ရှိခဲ့သော်လည်း မထင်မှတ်ပဲ ကိုယ်ဝန်ပျက်ကျသွားခဲ့သည်။ထို့ကြောင့် သူတို့စိတ်ထဲမှာ နူးညံ့သိမ်မွေ့သည့် သမီးလေးတစ်ယောက်ရဖို့ အမြဲမျှော်လင့်ထားကြသည်။သားဖြစ်သူ၏ ပင်ကိုယ်စရိုက်က လင်းထျန်းယွဲ့ နှင့် တူနေပြီး အသက်ငယ်ငယ်လေးနှင့် အဘိုးကြီးတစ်ယောက်လို ခေတ်နောက်ပြန်ဆွဲတတ်သူပင်။ ရှန်းယွင်ကျင်းက ၅နှစ်အရွယ်သားဖြစ်သူကို ချစ်လွန်းလှသဖြင့် သူ့ပါးဖောင်းဖောင်းလေးကို အနမ်းတွေ အများကြီးပေးချင်သော်လည်း လင်းရွှမ်က အမြဲရွံရှာနေတတ်သည်။


"အမေကလည်း အဲ့လို မနမ်းပါနဲ့...ကျွန်တော် အသက်ကြီးနေပါပြီ"


ရှန်းယွင်ကျင်းသည် ကိုယ်ဝန်ပျက်ကျခဲ့သည့်အကြောင်းကို များများစားစား မပြောခဲ့သော်လည်း စိတ်ထိခိုက်ခဲ့ရသည်။ ရေတပ်ဗိုလ်ချုပ် လင်း သည် မယားကို အလွန်ချစ်သူဖြစ်သောကြောင့် မိဘမဲ့ဂေဟာမှ ကလေးမလေးကို မွေးစားပေးခဲ့သည်။ ကလေးမလေးက ဖြူအုနုဖတ်နေကာ အတော်ပင် ချစ်စဖွယ်ကောင်းလှသည်။ ကလေးမလေး၏ မိဘများနှင့် ပတ်သတ်သည့် တစ်ခုတည်းသော အထောက်အထား သဲလွန်စမှာ "လင်း&ယောင်" ဆိုသည့် စာလုံးများ ရေးထွင်းထားသော သူမ အမြဲဝတ်ဆင်ထားသည့် နီလာလည်ဆွဲဖြစ်သည်။လင်း ဆိုသည့် စားလုံးကြောင့် သူမက လင်း မိသားစုနှင့် ရေစက်ရှိနေသည်ဟု ယူဆလိုက်ကြပြီး လင်းယောင်ယောင် ဆိုသည့်အမည်ကို ပေးဖြစ်ခဲ့လေသည်။


နောက်ဆုံး ရှန်းယွင်ကျင်းသည် သမီးကလေးရလာတာကြောင့် ဝတ်ချင်စားချင်ပြီး ဖက်ရှင်ကျချင်သည့် အိမ်မက်တို့ကလည်း ပြီးပြည့်စုံသွားခဲ့သည်။ထို့ကြောင့် သမီးငယ်လေးကို မင်းသမီးလေးတစ်ပါးလိုထားပြီး မင်းသမီးလို ဝတ်ဆင်ပေးထားခဲ့၏။


ဤသို့ဖြင့်၊ချမ်းသာပြီး ချစ်စရာကောင်းသော အမေနှင့် လိုက်လျောညီထွေရှိသော ဗိုလ်ချုပ်ဖခင်တို့အပြင် လူချမ်းသာ အငြိမ်းစားဗိုလ်ချုပ်အဖိုးတစ်ယောက်လည်းရှိသဖြင့် မူလ လင်းယောင်ယောင်သည် မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်လာခဲ့သည်။သူ့အစ်ကိုရှေ့တွင် အနည်းငယ်ကြောက်လန့်နေတတ်သည်မှ လွဲ၍ သိကြားမင်းကိုတောင် မကြောက်တတ်ဘဲ သူမ လိုချင်တာကို မရရအောင် ယူတတ်သည်။


လင်းယောင်ယောင် သည် မူလကိုယ်ခန္ဓာ၏ ပြောင်ပြောင်တင်းတင်းနှင့် ရိုင်းစိုင်းသော နည်းလမ်းများကို သိရသောအခါ မနှစ်သက်ပေ။ သူမသည် ငယ်ငယ်လေးကတည်းက အဖေနှင့်အမေ မရှိခဲ့သလို အဖွားနှင့်သာ အတူနေခဲ့ရသည်။ အဖွားကို ပျော်ရွှင်စေရန်အတွက် သူမသည် အမြဲတမ်း တက်ကြွရွှင်လန်းစွာ ပြုမူတတ်သော်လည်း သိမ်သိမ်မွေ့မွေ့နှင့် အသိဉာဏ်ရှိရန်လည်း ကြိုးစားသည်။ထို့အပြင် ဤကမ္ဘာရှိ လူသားများ၏ အသုံးအနှုန်းကို သိရှိရန်လည်း သင်ယူထားခဲ့သည်။မသက်ဆိုင်သော အပြင်လူများအတွက်၊ သူမသည် မာနကြီးသော မိန်းမတစ်ယောက်အနေဖြင့် မူလကိုယ်ခန္ဓာ၏ စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။


သို့သော် သူမကိုချစ်သော လင်းမိသားစုကို ဒုက္ခမဖြစ်စေရန်အတွက်လည်း ကောင်းစွာထိန်းချုပ်ထားရပေမည်။လင်းမိသားစုကိုတော့ သူမ၏ စစ်မှန်သော မိသားစုဝင်များအဖြစ် ဆက်ဆံမည်ဖြစ်သည်။လင်းရွှမ် သည် သူ့ညီမလေးကို အေးစက်စက်ဆက်ဆံတတ်ပြီး အနေမနီးစပ်ကြောင်း သူမ,သိထားသည်။ သို့သော် သွေးသားမဆိုင်သော ညီမလေးတစ်ယောက်ပင်ဖြစ်သော်ငြား သူမ၏ ချို့ယွင်းချက်များကို ကာကွယ်ပေးခဲ့သည်။ထို့ကြောင့် လင်းရွှမ် ၏ အေးစက်သောမျက်နှာထားနှင့် အပြုအမူတို့ကို လုံးဝ ဂရုမစိုက်ပေ။ 


ထို့ကြောင့် သူမ အောက်ထပ်သို့ ပြေးဆင်းချိန်မှာ မတော်တဆ ဖြစ်သော်ငြား လင်းရွှမ်ကို ဖမ်းခိုင်းရဲတာဖြစ်သည်။ သူမ အစ်ကိုဖြစ်သူ၏ ကျယ်ဝန်းသော လက်ဖဝါးကြီးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏။


 "အစ်ကိုကြီးကလည်း ညီမလေးက ငယ်ပါသေးတယ်"


ရှန်းယွင်ကျင်း သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် စမတ်ကျကျထိုင်ကာ ခင်ပွန်းဖြစ်သူကျွေးသော ရွှေဖရုံသီးကြော်ကို စားရင်း သစ်သီးလက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ နီးနီးကပ်ကပ်ရှိနေသည့် သူ့သားနှင့်သမီးကိုမြင်လိုက်လျှင် သူမ စပ်စုသောအမူအရာဖြင့် အော်ပြောလိုက်၏။


 "အမလေး.... ငါတို့ကလေး ယောင်ယောင်က ရေခဲရိုက်ထားတဲ့ ရွှမ်လေးရဲ့ မျက်နှာကို မကြောက်ပါလား" 


သူမ ပြောလည်း ပြောချင်စရာပင်၊ လင်းရွှမ် မျက်နှာက အမေဖြစ်သူ ရှေ့မှာတောင် အေးစက် တောင့်တင်းဆဲ။ လင်းရွှမ် မျက်နှာမလွှဲဘဲ အေးစက်စက် လင်းယောင် လက်ကို သူ့ထံမှ ဖယ်ထုတ်လိုက်သည်။ 


"မင်း နေ့လည်စာ မချက်သေးဘူးလား… မင်းရဲ့ ဟင်းချက်စွမ်းရည်ကို ကြည့်ဖို့ အချိန်ရောက်ပြီလေ"


 


"ပြီးတော့ အမေ ကျွန်တော့်ကို ရွှမ်လေးလို့ မခေါ်ဖို့ ‌ပြောထားရဲ့သားနဲ့ " 


သူပြောလည်း အသုံးမဝင်သော်လည်း ပြောမြဲပြောနေဆဲပင်။


ရှန်းယွင်ကျင်း သည် စမတ်ကျသော အိမ်ထိန်း အမ်ဘာ က လင်းယောင်ယောင် ကိုယ်တိုင် ဤအဆာပြေမုန့်များနှင့် သောက်စရာများကို သူမကိုယ်တိုင် ပြုလုပ်သည်ဟု ပြောလိုက်လျှင် သူမ အတော်အံ့သြသွားရ၏။ ရွှေဖရုံသီးကြော်၊ ပဲတီစိမ်း ဟင်းချိုနှင့် သစ်သီး လက်ဖက်ရည်တွေက အတော်ကို ထူးခြားပြီး ပြီးပြည့်စုံလှသည်။သို့သော်လည်း၊ မီးဖိုချောင်မှာ တစ်ခါမှ ဟင်းဝင်မချက်ဖူးသည့် သမီးငယ်လေးက ထိုအရာမျိုးတစ်ခါမှ လုပ်မှာမဟုတ်ပါချေ။အစက ဈေးကြီးသည့် စားသောက်ဆိုင်မှ ဝယ်ထားခဲ့သည်ဟု ထင်ခဲ့သော်လည်း လင်းယောင်ယောင် က တောင်းဆိုစရာတစ်ခုရှိသဖြင့် သူမကိုယ်တိုင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့်ပင်၊ မမျှော်လင့်ဘဲ လင်းရွှမ် ကတောင် စကားစပြောလာခဲ့၏။တစ်ဆက်တည်းပင် ဟင်းအများကြီးချက်ထားသော သမီးဖြစ်သူကို စိုးရိမ်သွားကာ ရှန်းယွင်ကျင်း ကမန်းကတန်း လမ်းလျှောက်လာပြီး လင်းယောင်ယောင် လက်ကို အနီးကပ်ကြည့်လိုက်သည်။


 "ဟင်းချက်ရတာ အရမ်းခက်တယ် သမီးရဲ့.. စက်ရုပ်ကို လုပ်ခိုင်းစမ်းပါ... ပြီးတော့ မီးဖိုချောင်ကိုလည်း မဖျက်စီးစမ်းပါနဲ့..."


လင်းယောင်ယောင် နှလုံးသားသည် နွေးထွေးသွားသော်လည်း ဆွံ့အသွားရသည်။မူလမှတ်ဥာဏ်များကို ပြန်သတိရအောင် စဉ်းစားကြည့်သောအခါ ရှန်းယွင်ကျင်း သည် အိမ်ပြန်ရောက်လာတိုင်း တစ်ခါတစ်လေကျလျှင် ဟင်းချက်ဖို့ စိတ်ကူးပေါက်တတ်၏။ သို့သော် သူမ မီးဖိုချောင်သို့တစ်ခါဝင်ပြီးလိုက်တိုင်း မီးဖိုချောင်သုံး ကိရိယာအစုံအလင်ကို ပြန်ပြီး အသစ်ဝယ်ရတတ်သည်။ထို့အပြင် သူမ ချက်ပြုတ်သော အစားအသောက်များမှာ တရုတ်ရိုးရာဆေးခါးတစ်ခွက်သဖွယ်ဖြစ်နေကာ အရသာကလည်း ဘယ်လိုပြောရမှန်း မသိပေ။ ထိုင်နေသည့် လင်းထျန်းယွဲ့ က သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး...


" သမီးမှာ ဘာကိစ္စရှိလို့လဲ... ဈေးကြီးပြီး အသုံးမကျတဲ့ ပစ္စည်းတွေ ထပ်လိုချင်ပြန်ပြီလား"


 


လင်း မိသားစု၏ဖခင်သည် သမီးဖြစ်သူကို ကောင်းစွာသိထားသောကြောင့် တစ်ပုံစံတည်းပင် တုံ့ပြန်ခဲ့သည်။ စကားဆုံးသွားသောအခါ ရေတပ်ဗိုလ်ချုပ်ကြီး လင်း သည် စိုးရိမ်တကြီးဖြင့် စမတ်ကျသော အိမ်ထိန်းထံသို့ ခေါင်းလှည့်ကာ ပြောလိုက်၏။


 "အမ်ဘာ...မင်း ငါတို့ကို အစာအိမ်ဆေး ယူလာပေးရတော့မယ်ဟေ့"


ထို့‌နောက် စမတ်ကျသော အိမ်အကူစက်ရုပ်သည် ပန်းကန်များကို စားပွဲပေါ်တင်ပြီး အဖုံးဖွင့်လိုက်သောအခါ ဟင်းနံ့များသည် တစ်ခန်းလုံးကို လွှမ်းသွားရသည်။ ထိုအခါ ဧည့်ခန်းထဲမှ လင်းမိသားစုသည် စကားတစ်ခွန်းမှ မဆိုဘဲ ထမင်းစားခန်းဆီသို့ လျှောက်သွားကြသည်။ ထို့နောက် စားပွဲပေါ်ရှိ အရသာရှိသော ဟင်းလျာများအပြင် ထမင်းဖြူဖြူများကို တွေ့လိုက်ရာ ရှန်းယွင်ကျင်း နှင့် လင်းထျန်းယွဲ့ တို့ ပန်းကန်ခွက်ယောက်များကို အလိုလို ကောက်ကိုင်ကြည့်လိုက်ကြသည်။တစ်ဆက်တည်းပင်၊ရှန်းယွင်ကျင်း တူများကို ကောင်ကိုင်လိုက်သည်။


 "ဒါ ယောင်ယောင် လုပ်ထားတာမဟုတ်ဘူးဆိုတာာ သေချာတယ်" 


သူမသည် မွှေးရနံ့ကို အရင်ခံစားမိပြီး မဆိုးလောက်ဘူးဟုသာ မျှော်လင့်ထား‌သော်လည်း ဟင်းပွဲများကို မြင်ရလျှင် အလွန်ပင် အံ့အားသင့်သွားရ၏။ သူမ စားပွဲမှာမထိုင်ခင် လင်းယောင်ယောင် ကို စေ့စေ့ကြည့်လိုက်သည်။ အမဲသားနှင့် ခရမ်းချဉ်သီးကို ဘယ်လိုပင်၊ချက်ပြုတ်ထားပါစေ အရသာက သိပ်ဆိုးမှာမဟုတ်ပေ။ သို့သော် အရသာရှိစေရန် ချိုပြီး ချဉ်သော ခရမ်းချဉ်သီးများ ပျော့သွားသည်အထိ ဖြည်းဖြည်းချင်း ပြုတ်ထားရမည်ဖြစ်ပြီး အမဲသားကိုလည်း နူးညံ့ပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားမှသာ စားသုံးရန် အလွန်သင့်လျော်သည်။ 


ထို့အပြင်၊ လူလူဝက်သား၏အရသာသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး တောဝက်နှင့်တောင် ယှဉ်နိုင်သည်။ အရေပြားက ပါးလွှာပြီး နူးညံ့သောအသား၊ ရွှေနီရောင်အသားမျှင်များ၊ အရသာကြွယ်ဝကာ နူးညံ့ မွှေးကြိုင်ပြီး ခံတွင်းထဲတွင်ပါ အရည်ပျော်သွားနိုင်သည်။ အနည်းငယ် အဆီများသလိုရှိသော်လည်း မအီပေ။ နောက်တစ်ခုက မှိုနှင့် ကြော်ထားသည့် ရစ်ငှက်ကြော်ပင်။ရစ်ငှက်သားသည် နူးညံ့၊ လတ်ဆတ်ပြီး မှိုက အလွန်ချို၏။ မွှေးကြိုင်သော အသားဟင်း သုံးခု စားပြီးလျှင်၊ ငါးနှင့် တို့ဟူးစွပ်ပြုတ်က လန်းဆန်းပြီး ခံတွင်းရှင်းသွားစေမည်။ ထို့နောက် ကြွပ်ဆတ်ပြီး အရသာရှိသော ပူပူစပ်စပ် အာလူးအလွှားပါးများလည်း ရှိသည်။ ဟင်းချိုထဲတွင်လည်း ပဲပင်ပေါက်များကို ပါးပါးလှီးထားသော အသားအလွှာများ ဖြူးထား၍ ပေါ့ပါး၊ ရိုးရှင်းပြီး အရသာရှိသည်။ 


Xxx