အခန်း ၃
Viewers 8k

Chapter 3 (အစ်ကိုကြီးက သူမ စားပြီးသား ထမင်းကျန်တွေကို စားလိုက်ခြင်း..)


မူလက စားချင်စိတ်မရှိသော လင်းထျန်းယွဲ့ သည် ယခု‌တော့ အလွန်စားချင်စိတ်ဖြစ်လာရသည်။ ကျန်းမာရေးကို အမြဲဂရုတစိုက်နှင့် အစားနည်းနည်းစားတတ်သည့် ရှန်းယွင်ကျင်း မှာလည်း လက်တပြင်ပြင်နှင့် စားဖို့ပြင်နေလေပြီ။ ဗိုက်သိပ်မဆာသည့် လင်းရွှမ် ကတောင် တတိယမြောက်ထမင်းပန်းကန်လုံးကို သူတောင် မသိလိုက်ဘဲ ထပ်ထည့်လိုက်သည်။ ထို့နောက် အဖေကြီးလင်းထျန်းယွဲ့ က အမ်ဘာအား ထမင်းကိုလေးကြိမ်မြောက် ထပ်ထည့်ခိုင်းလိုက်သောအခါ စက်ရုပ်အိမ်ထိန်းက ပြောလာ၏။


 "ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်... ထမင်းမရှိတော့ပါဘူး…ထမင်းသုံးပန်းကန်စားပြီးပြီဆိုတော့ ထပ်မစားသင့်ပါဘူး... အလွန်အကျွံစားတာက ကျန်းမာရေးအတွက် မကောင်းပါဘူး" 


ထမင်းတစ်ပန်းကန်ထည့်တော့မည့် ရှန်းယွင်ကျင်း က ခင်ပွန်းနှင့်သားကို စိုက်ကြည့်နေ၏။


"ရှင်တို့ နှစ်ယောက်က ဘယ်လောက်တောင် ဒီလောက်စားနိုင်မှာမလို့လဲ...ကျွန်မကို ချန်ထားမပေးချင်လည်း ရပါတယ်...ဒါပေမယ့် ယောင်ယောင်အတွက် ချန်ထားကြဦးလေ"


ထိုအခါ လင်းယောင်ယောင် သည် သူမ ပန်းကန်လုံးထဲမှာ ကျန်နေသည့် ထမင်းတစ်ဝက်ကို ပြလိုက်သည်။ 


"အမေ…သမီးက သိပ်လည်း မစားချင်ဖြစ်နေတာ...အခု ဗိုက်တောင်ပြည့်နေပြီ...ကျန်တဲ့ထမင်းတွေကိုတောင် မစားနိုင်တော့ဘူး"


မိန်းကလေးတိုင်း အလှအပကို နှစ်သက်ကြသည်။ ကြယ်တာရာခေတ်တွင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် ကိုယ်အလေးချိန်ကျစေရန်အတွက် ဆေးဝါးများစွာရှိသော်လည်း၊အစား‌အသောက်လျှော့စားရမှ နေသာသလိုရှိကြသည်။


ရှန်းယွင်ကျင်း သမီးဖြစ်သူကို ကူစားပေးချင်သော်လည်း သူမ ဗိုက်ပြည့်လုနီးပါးဖြစ်နေပြီဆိုတာ သိလိုက်ရသည်။ထိုအခါ လင်းထျန်းယွဲ့က သူမကို မျက်စိတစ်ဖက်မှိတ်ပြကာ ငါးဟင်းရည်တစ်ပန်းကန်ကို သူ့အနား ဆွဲယူထားလိုက်၏။ ချက်ချင်းပင် ငါးဟင်းက ပန်းကန်အောက်ခြေကိုသာ မြင်ရသည်အထိ အမြန်ကုန်သွားတော့သည်။


ဗိုက်မပြည့်သေးဟု ခံစားရသဖြင့် လင်းရွှမ် သည် ညီမဖြစ်သူ၏ ပန်းကန်လုံးထဲတွင် ကျန်နေသည့် ထမင်းပန်းကန်တစ်ဝက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တင်းတင်းမာမာ ပြောလာသည်။


"မင်းထမင်းကို သန့်သန့်ရှင်းရှင်း စားရမယ်လေ...မဖြုန်းတီးစမ်းနဲ့" 


လင်းယောင်ယောင် တိတ်တဆိတ် ဝမ်းနည်းသွားပြီး ခက်ခက်ခဲခဲ ထမင်းကို တူနှင့်ပြန်ညှပ်ကာ တစ်စေ့ချင်း အချိန်ဆွဲစားနေလိုက်သည်။သူမကို ကြည့်နေသူ ရှန်းယွင်ကျင်း သည်းမခံနိုင်တော့။သမီး အငယ်ဆုံးမှာ အားနည်းသူဖြစ်တာကြောင့် စွမ်းအင်မြင့်သည့် အစားအစာတွေကို အများကြီး မစားနိုင်ပေ။ထို့ကြောင့် ဗိုက်ပြည့်နေသော်လည်း အစားကို အတင်းစားလျှင် ဗိုက်နာသွားနိုင်၏။ ထို့ကြောင့် သူမ သမီးဖြစ်သူ၏ ထမင်းပန်းကန်ကို ကောက်ကိုင်လိုက်ပြီး လင်းရွှမ် ရှေ့မှာ ချကာ ကြီးကျယ်ကျယ်လောင်လောင်နှင့် အော်ပြောလိုက်သည်။


"သမီးလေး ယောင်ယောင်ကို ဘာပြော‌နေတာလဲ…သားလည်း အစားအစာ မဖြုန်းတီးစမ်းနဲ့....ကိုယ့်ဘာကိုယ်စားလိုက်"


 


ထို့နောက် ရှန်းယွင်ကျင်း က ငါးဟင်းရည်ကို ဖြည်းဖြည်းချင်းသောက်ရင်းက


 "ယောင်ယောင် သမီး ဒီဟင်းကို တစ်ကယ်ချက်ခဲ့တာလား… ဘယ်ဆိုင်ကမှ မှာထားတာ မဟုတ်ဘူးလားဟင်"


ဤဟင်းပွဲများ၏ အဆင့်က စက်ရုပ်လုပ်နိုင်သည့် အဆင့်ထက် ပိုပြီး ကြယ်ငါးပွင့် စားသောက်ဆိုင်၏ စားဖိုမှူးတစ်ဦး ချက်ထားသလို ဖြစ်နေသည်။


ဟင်းလျာများသည် ထိုကြယ်ငါးပွင့် စားသောက်ဆိုင်များထက် ပိုမိုရှုပ်ထွေးပြီး အရသာရှိနေသော်လည်း၊လင်းရွှမ် သည် ညီမဖြစ်သူ၏ စားကြွင်းစားကျန်များကို စက္ကန့်အတော်ကြာ စိုက်ကြည့်နေသည်။နောက်ဆုံး အစာမဖြုန်းတီးရဆိုသည့် နိယာမကို လိုက်နာရင်း၊ထမင်းကိုယူပြီး သုံးလေးငါးလုပ်ဖြင့် အပြောင်စားပစ်လိုက်၏။


လင်းယောင်ယောင် စောဒကတက်လာသည့် ဖခင်ဖြစ်သူကို စူပုပ်ပုပ်လေးကြည့်လိုက်သည်။


 "သမီး ဟင်းချက်နေတုန်းက အစ်ကိုကြီးလည်း ရှိတယ်....သက်သေပြဆိုပြနိုင်တယ် ‌.... မယုံရင် ထပ်လုပ်ပြရမလားဟင်"


 "သူမ တစ်ကယ် ချက်ထားတာပါ.."


လင်းရွှမ် က သူ့ပါးစပ်ကို သုတ်လိုက်ပြီး မျက်မှောင်ကြုတ်ထားရင်း ဆက်ပြောလိုက်သည်။ 


"မင်းကဘာလို့ ဟင်းချက်ချင်နေတာလဲ…မင်း ဘယ်ကောင်ကို လိုက်ချင်နေတာလဲ" 


သူ၏ လက်ထောက်ဖြစ်သူက မိန်းကလေးတစ်ယောက်ကို လိုက်ဖို့အတွက် အလုပ်များသည့် အချိန်အတွင်းမှာတောင် ဟင်းချက်လေ့လာခဲ့သည့်ကိစ္စကို သူ မမေ့သေးပေ။အကြောင်းက မိန်းကလေးသည် ဟင်းချက်တတ်သည့် ယောက်ျားတွေကို သဘောကျကြောင်း ပြောထားဖူး၍ဟု သိရသည်။ နောက်ဆုံးတော့ ထိုလက်ထောက်မှာ စက်ရုပ်လောက်မတော်သော်လည်း အတန်အသင့် ချက်ပြုတ်တတ်သူပင်။ ထို့ကြောင့် အကျင့်ပျက်ပြီး မကောင်းကြံ ကြံတတ်သည့် ကလေးမလေးကို သူ သိပ်မယုံချင်ပေ။ ယောက်ျားလေး တစ်ယောက်ကို လိုက်ဖို့အတွက် သူမ တစ်ကယ် ဟင်းချက်သင်နေတာ ဖြစ်နိုင်သည်။


သူ့နောက်ကွယ်မှာ ဒီဟင်းချက်ပညာကို သူမတစ်ယောက်တည်း လေ့ကျင့်ခဲ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာ ဘယ်သူသိနိုင်မလဲ....


လင်းရွှမ် အလွန်စိတ်မကောင်းဖြစ်သွားမိသည်။ 


လှေကားထိပ်နားမှာ သူမကိုယ်တိုင် မိဘများကို ပြောစရာရှိသည်ဆိုသော "တစ်ခုခု" က ယောက်ျားတစ်ယောက်ကြောင့်လား....ငယ်ငယ်ရွယ်ရွယ်နဲ့....


သူမ တွေးနေသည့် အချစ်မျိုးကို သူသဘောမတူချင်ပေ။ရှန်းယွင်ကျင်း ရုတ်တရက် သဘောပေါက်သွားသည်။ 


"ဟုတ်တယ်…သမီးလေးက ပြီးခဲ့တဲ့ နွေရာသီကတည်းက ဆန်းကြယ်လာတယ်...ခဏခဏ အပြင်ထွက်ပြီး ၀တ်စားရတာ ကြိုက်လာတယ်...အမေ့ကို ပြောစမ်း...ဘယ်သူလဲ...အမေ သမီးကို အကြံဉာဏ်ပေးမယ်"


 ရေတပ်ဗိုလ်ချုပ် လင်း က ဝင်ပြောလာ၏။


"မဟုတ်ဘူး....သမီးရဲ့...နံစော်နေတဲ့ သူများသားသမီးတွေကို ဘာကိစ္စ သွားချက်ကျွေးမှာလဲ"


စကားများလာသော မိသားစု သုံးယောက်ကြောင့် လင်းယောင်ယောင် ပို၍ပင် အကြံအိုက်လာရ၏။ 


"အဖေ...အမေ...သမီး ဘယ်သူ့ကိုမှ မကြိုက်ဘူး...သမီး အစားအသောက် အရန်ကုထုံးဌာန မေဂျာကို လျှောက်ချင်တယ်...ဒါကြောင့် သမီးကြိုတင်လေ့ကျင့်ထားတာ"


ထိုအချိန်တွင် ရှန်းယွင်ကျင်း က ထင်မြင်ချက်တစ်ခု ပြောလာသည်။ 


"ယောင်ယောင် ကောင်လေး တစ်‌ယောက် ပြန်ကြိုက်အောင်လို့ ဟင်း တစ်ခါနှစ်ခါ ချက်တာက အဆင်ပြေပါတယ်… ဒါပေမယ့် နေ့တိုင်းကြီး ဖြည့်စွက်အစာချက်မှာကျတော့ မဟုတ်သေးဘူး...အမေသဘောမတူဘူး"


(ဖြည့်စွက်အစာဆိုတာက သူတို့ခေတ်မှာ တိုးတက်နေလို့ ဆေးသောက်သလိုမျိုး အားဖြစ်အောင် စက်ရုပ်တွေ update မြှင့်သလိုမျိုး အဆင့်မြင့်သွားအောင် စားသောက်တာကိုပြောတာပါနော်)


ရေတပ်ဗိုလ်ချုပ်ကြီး လင်းက ခေါင်းခါလိုက်သည်။ 


"တစ်ကယ်တမ်းကျတော့ ဖြည့်စွက်စာချက်တာနဲ့ ဟင်းချက်တာက ကောင်းပေမယ့် ပြဿနာက အများကြီးရှိတယ်..... ပင်ပန်းရုံတင်မကဘဲ ကျေးဇူးလည်း အတင်မခံရတဲ့ အလုပ်ပဲသမီးရဲ့"


 


လင်း မိသားစု အဖေနှင့် အမေက သမီးဖြစ်သူမှ သူတို့ကို ထမင်းချက်ကျွေးသည်ကို ကျေနပ်သော်လည်း တခြားသူများကို ချက်ပြုတ်ကျွေးမွေးမှာကို မကျေနပ်ကြချေ။သားသမီးကို တခြားသူလက်ထဲ ထည့်ရမှာ ကြောက်နေခြင်းလည်း ဖြစ်နိုင်သည်။ 


မကြာသေးမီက လင်းယောင်ယောင် သည် ခေတ်မီမီ ၀တ်စားဆင်ယင်ရတာကို နှစ်သက်ကြောင်း ရှန်းယွင်ကျင်း ပြောစကားကို လင်းရွှမ် သတိရသွားမိသည်။သူ အိမ်ပြန်ရောက်လာသည်က နှစ်နာရီသာ ရှိသေးသော်လည်း သူမသည် ဆံပင်ပုံစံအမျိုးမျိုးနှင့် အ၀တ်အစား နှစ်စုံပြောင်းလိုက်လေပြီ။သူမကိုယ်တိုင်က အလှကြိုက်သော်လည်း ယခုတော့ ဟင်းချက်ပြီး ကိုယ့်ကိုယ့်ကို ပင်ပန်းအောင် လုပ်နေပြန်လေ၏။ထို့ကြောင့် သူမသည် သေချာပေါက် ကောင်လေးတစ်ယောက်ကို သေချာပေါက် စိတ်ဝင်စားနေခြင်း ဖြစ်ရပေမည်။ထို့နောက် သူ့မျက်နှာနှင့် အသံသည် တင်းကျပ်ပြီး တင်းကျပ်သော ဆရာတစ်ယောက်လို အေးစက်စက် ပြောလိုက်သည်။ 


"မင်းက ငယ်သေးတယ်....ကောလိပ်မတက်ခင် မင်းကို ရည်းစားထားခွင့်မပေးဘူး" 


သူမ အစားအသောက် ကုထုံးကောလိပ်တက်ဖို့ ကိစ္စကို တစ်မိသားစုလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်မည်ဟု လင်းယောင်ယောင် မမျှော်လင့်ထားခဲ့ပေ။ထို့အပြင် ဤ စစ်နတ်ဘုရား ၏ ကန့်ကွက်မှုသည် လုံးဝကွဲပြားခြားနားသော ဦးတည်ရာသို့သွားနေခြင်းပင်။ဤအစ်ကိုကြီးက သူမ ထင်ထားသလောက် အစ်ကိုကောင်းတစ်ယောက်တော့ မဟုတ်ပေ။


သို့ရာတွင်၊ဤခေတ်တွင် ဆေးဝါးအရန်ကုထုံးများသည် ပင်မရေစီးကြောင်းဖြစ်ကြောင်း သူမ သိထားသည်။ ထို့အပြင် လူတွေက အစားအသောက် အရန်ကုထုံးပညာရပ်ကို ရွေးခဲလှသည်။ အများအားဖြင့် အခြားရွေးချယ်စရာမရှိသည့်အခါမှသာ အစားအသောက်ဖြည့်စွက်ဌာန မေဂျာကိုသာ ရွေးချယ်ကြသော်လည်း အခွင့်အလမ်းရလျှင် သူတို့၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းလဲခဲ့ကြသည်။


 "ဒဏ္ဍာရီထဲမှ အရှင်သခင်" တွင် မူလပိုင်ရှင်သည် သူမ၏ SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို အကောင်းဆုံး အသုံးချနိုင်သည့် ဆေးပညာအရန်ကုထုံး မေဂျာအား ရွေးချယ်ခဲ့သည်။ ထို့အပြင် သူမအား ဆေးပညာကုထုံးပညာရှင်(အရန်မဟုတ်)တစ်ဦးဖြစ်သည့် သူမ၏မိခင် ရှန်းယွင်ကျင်း မှ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်နိုင်မည်ဖြစ်သည်။ ဆေးဝါးဖြင့်၊ အားနည်းသော သူမ ကိုယ်ခန္ဓာကိုလည်း မြှင့်တင်ပေးနိုင်သဖြင့် သူမအတွက် အလွန်အသုံးဝင်ဟု ဆိုရပေမည်။ ထို့နောက်တွင်၊ ဆေးဝါးပညာအရန်ကုထုံးဌာနကို ရွေးချယ်ခဲ့သည့် မူလ ဇာတ်ဆောင်အမျိုးသမီးခေါင်းဆောင် စုချင်းဟယ် နှင့်လည်း တွေ့ဆုံနိုင်ခဲ့သည်။ ထို့နောက် သူမသည် ဇာတ်ဆောင်မင်းသမီး၏ စာမေးပွဲ အဆင့်များ နှိုင်းယှဥ်ခြင်း၊ ရည်းစားလုခြင်း...စသဖြင့် ပြဿနာမျိုးစုံရှာခဲ့၏။


ထို့ကြောင့် လင်းယောင်ယောင် ယခုလုပ်ရမည့်အရာမှာ ဆေးဝါးဖြည့်စွက်ကုထုံးဌာနတွင် ရေပန်းစားသော မေဂျာဆေးဝါးမှုကို စွန့်လွှတ်ပြီး လူကြိုက်မများသော အစားအသောက် ဖြည့်စွက်ကုထုံးဌာနသို့ ပြောင်းရန် သူမ၏ မိသားစုအား စည်းရုံးရန်ဖြစ်သည်။သို့ဆိုလျှင်၊ ဇာတ်ဆောင်မင်းသမီး စုချင်းဟယ် နှင့် ပဋိပက္ခဖြစ်နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပြီး မြောက်မြားလှစွာသော ဆိုးရွားသည့် ကံကြမ္မာကို လုံးလုံး ပြန်လည်ရေးထွင်းနိုင်မည်ဖြစ်သည်။ 


ဤခေတ်မှာ စစ်သည်များနှင့် အရန်ကုထုံးဆရာများသည် အပြန်အလှန်မှီခိုနေရသည်။ စစ်သည်များ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များသည် ထက်မြက်ပြီး စစ်တိုက်ရန် ကောင်းမွန်သော်လည်း ထိုစိတ်ဓာတ်က သူတို့ကို ဒေါသအိုးများဖြစ်သွားစေလေ၏။ထို့ကြောင့် စစ်သည်များသည် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် နှစ်သိမ့်မှုပုံမှန်ပြုလုပ်ရန် ဖြည့်စွက်ကုထုံးပညာရှင်တစ်ဦး လိုအပ်ပေသည်။ မဟုတ်ပါက သူတို့အားလုံး လုံးဝအရူးများဖြစ်သွားနိုင်သည်။ 


သို့သော်၊အရန်ကုထုံးပညာရှင်၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အရန်ကုသမှုအတွက် ကောင်းမွန်သော်လည်း သူတို့၏ ကိုယ်ခန္ဓာသည် ယေဘုယျအားဖြင့် အားနည်းနေပြီး စစ်သည်များ၏ အကာအကွယ်ကို လိုအပ်သည်။ထို့အပြင်၊ သူတို့ခန္ဓာကိုယ်ကို အာဟာရဖြစ်စေသော ဆေးဝါးအမျိုးမျိုးကိုလည်း မကြာခဏ လိုအပ်သည်။


စစ်သည်များသည် အဓိကအားဖြင့် မွေးရာပါအစွမ်းရှိသူများ (ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေကြီး၊ လေ၊ မိုးကြိုး) နှင့် လေ့လာဆည်းပူးထားသော မြှင့်တင်မှုအမျိုးအစားများ (အာရုံငါးပါးနှင့် ကာယအား စသည်တို့ကို အားကောင်းစေသော..အစွမ်းရှိသူ) ဟူ၍ ခွဲခြားထားသည်။


အရန်ကုထုံးပညာရှင်များကို အဓိကအားဖြင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်သည့် (စိတ်ပိုင်းဆိုင်ရာလက်ထောက်ကုထုံးပညာရှင်) နှင့် သွယ်ဝိုက်ကုထုံးများနှင့် ကုပေးသည့် (အဓိကအားဖြင့်- ဆေးပညာလက်ထောက်ကုထုံးပညာရှင်၊ ဂီတလက်ထောက်ကုထုံးပညာရှင်နှင့် အစားအသောက် လက်ထောက်ကုထုံးပညာရှင်) ဟူ၍ ပိုင်းခြားထားသည်။ 


စစ်သည်များနှင့် အရန်ကုထုံးပညာရှင်တို့ကြားက စိတ်ပိုင်းဆိုင်ရာ ယုံကြည်ကိုးစားမှုသည် 80% ထက်ပိုသွားသောအခါ အရန်ကုထုံးသည် တိုက်ရိုက်ဝိညာဉ်ရေးရာ လမ်းညွှန်မှုကို လုပ်ဆောင်နိုင်သည်။ သို့သော်လည်း ဤအချက်တွင် အရန်ကုထုံးပညာရှင်ကို စစ်သည်ကိုယ်တိုင်က လုံးဝယုံကြည်စိတ်ချရသူ ဖြစ်ရပါမည်။ မဟုတ်ပါက၊သူတို့ စိတ်ထဲတွင် ပြင်ပကျူးကျော်မှုများကို မထိန်းချုပ်နိုင်သောကြောင့် သူတို့အတွက် အလွန်အန္တရာယ်များလှသည်။ 


တိုက်ရိုက် ဆွေးနွေးပေးခြင်းကို အများအားဖြင့် လုပ်ဖော်ကိုင်ဖက်များ၊ ရင်းနှီးသောမိသားစုဝင်များ သို့မဟုတ် အလွန်ရင်းနှီးသော သူငယ်ချင်းများကြားတွင်သာ အသုံးပြုကြသည်။ သို့သော်၊ စစ်သည်များနှင့် အရန်ကုထုံးပညာရှင်များ၏ အချိုးမှာ 4:1 ရှိသဖြင့် စစ်သည်တိုင်းအတွက် သင့်လျော်သော စိတ်ပိုင်းဆိုင်ရာ အရန်ကုထုံးပညာရှင်ကို ရှာဖွေရန် မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် စစ်သည်များ၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ဖြေလျှော့ရန် သွယ်ဝိုက်နှစ်သိမ့်မှုအပေါ် ကိုသာ အဓိကအားကိုးကြသည်။ 


ထိုသွယ်ဝိုက်နှစ်သိမ့်မှုတို့အနက် ဆေးဝါးလက်ထောက်ကုထုံးပညာရှင်များသည် လူကြိုက်အများဆုံးဖြစ်သည်။ အရန်ဆေးဝါး အမျိုးအစားအားလုံးသည် အာနိသင်သက်ရောက်မှု လျင်မြန်ပြီး ဘေးထွက်ဆိုးကျိုးအနည်းငယ်သာ ရှိသလို၊ သယ်ဆောင်ရလည်း လွယ်ကူသည်။ 


ဂီတလက်ထောက်ပညာရှင်များသည်လည်း အလွန်ရေပန်းစားကြသည်။ အထူးသဖြင့် ရုပ်ရည်ချောမောပြီး စိတ်ဓာတ်ကြံ့ခိုင်သော ဂီတ လက်ထောက်ပညာရှင်များဆိုလျှင် အင်ပါယာတစ်ခုလုံး မသိသူမရှိကြပေ။ဂီတကုထုံးသည် နှေးကွေးပြီး အာနိသင် အားနည်းသော်လည်း ဘေးထွက်ဆိုးကျိုး လုံးဝမရှိပေ။ 


ဤခေတ်တွင် အိမ်များနှင့် စားသောက်ဆိုင်အများစုသည် ချက်ပြုတ်ရန်အတွက် စက်ရုပ်များကို အားကိုးကြပြီး အရသာမှာလည်း အလွန်ကောင်းမွန်သည်။ထို့ကြောင့် စားဖိုမှူးအလုပ်က အလွန်ရှားပါး၏။ မိသားစုကြီးများနှင့် စားသောက်ဆိုင်များတွင် လေ့ကျင့်သင်ကြားထားသော စားဖိုမှူးများအားလုံးကလည်း သူတို့ဆိုင်၊သူတို့မိသားစုအတွက်သာ အလုပ်လုပ်ပေးကြသည်။


အစားအသောက် အကူလက်ထောက်များကလည်း အင်ပါယာတစ်ခွင်မှာ နည်းပါးလှပြီး သူတို့ကို မသုံးကြပေ။အကြောင်းက၊သူတို့ စိတ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော အစားအစာများ၏ အရသာကို အာမခံရန်မှာ ခက်ခဲတာကြောင့်ပင်။ အများအားဖြင့် သူတို့ပြုလုပ်သော အစားအသောက်များက သာမန်အစားအစာများထက် ပိုဆိုးပြီး အာနိသင်ကလည်း တိတိကျကျ ထိရောက်မှုမရှိပေ။ ဂီတအကူကုထုံးနှင့်ပင် အာနိသင်ချင်း နှိုင်းယှဉ်၍မရပေ။ သူတို့၏ တစ်ခုတည်းသော အားသာချက်မှာ ဘေးထွက်ဆိုးကျိုးမရှိပဲ အချိန်တိုအတွင်း သိမ်းဆည်းထားနိုင်ခြင်းဖြစ်သည်။


အရှင်သခင် အင်ပါယာတွင်၊ ဆေးဝါးအရန်ကုထုံးပညာရှင်များသည် ယေဘုယျအားဖြင့် လူကြိုက်အများဆုံးဖြစ်သည်။ ဂီတအရန်ကုထုံးပညာရှင်များသည်လည်း အလွန်ရေပန်းစားသော်လည်း အစားအသောက် အရန်ကုထုံးပညာရှင်များမှာ အနည်းငယ်သာရှိသည်။ 


ထို့ကြောင့် လင်းယောင်ယောင် သည် သူမ ချက်ပြုတ်ထားသည့် သာမန်အစားအစာများကို မြည်းကြည့်ရုံဖြင့် မိဘများကို ဆွဲဆောင်ရန် မလုံလောက်ကြောင်း သိထားသည်။ လက်တွေ့တွင်လည်း သူမ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်နိုင်ခြင်းမရှိသေးသောကြောင့် မိဘများကို သက်သေပြရန်အတွက် အရသာကောင်းပြီး ကုသနိုင်သောအာနိသင်ရှိသည့် ဖြည့်စွက်အစားအစာများကို မပြုလုပ်နိုင်သေးချေ။လွန်ခဲ့သည့် တစ်ပတ်ခန့်က သူမသည် ကြယ်ပွင့်ကွန်ရက် တွင် အရန်ကုထုံးပညာရှင်များနှင့် သက်ဆိုင်သည့် ပစ္စည်းအများအပြားကို စစ်ဆေးကြည့်ခဲ့သည်။ ဆေးဝါး၊ ဂီတ၊ သို့မဟုတ် အစားအသောက် ဖြည့်စွက်ကုထုံးများကို ကုထုံးပညာရှင်၏ စိတ်စွမ်းအားနှင့် ဤမီဒီယာကို ချိတ်ဆက်ထားတာပင်။


အစားအသောက် အကူကုထုံးပညာရှင်များ၏ အလုပ်တာဝန်သည် အစားအစာအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားရန်၊ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းကို ကောင်းမွန်စွာထားရှိရန်နှင့် သူတို့၏ စိတ်စွမ်းအားကို အသုံးပြုကာ အစားအသောက်မှ စွမ်းအင်ကို နောက်တစ်ဆင့်မြှင့်တင်ပေးရန်ဖြစ်သည်။ အစားအစာပါဝင်ပစ္စည်းများ သည် ဆေးဖက်ဝင်ပစ္စည်းထက် များစွာပို၍ ပေါများပြီး ဖွဲ့စည်းတည်ဆောက်ပုံမှာလည်း ပိုမိုရှုပ်ထွေးသောကြောင့် အရန်အာနိသင်ကို ထိန်းချုပ်ရန် ခက်ခဲသည်။ အစားအသောက် မသန့်ရှင်းမှုကလည်း ကိုယ်ပိုင်အရသာကို ထိခိုက်သွားစေသည်။ ဥပမာ ကြက်ဟင်းခါးမှ အညစ်အကြေးများကို ဖယ်ထုတ်လိုက်လျှင် အခါးဆုံးအပိုင်းပဲ ကျန်တော့သည်။မျိိုချဖို့လည်း ခက်ခဲလှသဖြင့် ထိုအရာကို သာမန်အစားအစာဟု လုံးဝခေါ်လို့မရပေ။


လင်းယောင်ယောင် သည် ဟင်းချက်ကျွမ်းကျင်သည်သာမက ကြယ်ပွင့်ကွန်ရက် တွင် ပါဝင်ပစ္စည်းများကို စိတ်ပိုင်းဆိုင်ရာပါ ကျွမ်းကျင်သောကြောင့် သူမ၏ဘွဲ့ကို အစားအသောက်ဖြည့်စွက်ဌာနသို့ ပြောင်းလဲရန် အဆိုပြုဝံ့သည်။ ပါဝင်ပစ္စည်းများ အားလုံးကို ကောင်းစွာသိထားသောကြောင့် သိပ်ခက်ခဲမှာမဟုတ်ဟု သူမ ခံစားရသည်။ အနည်းဆုံးတော့ ဆေးဖက်ဝင်ပစ္စည်းများကို ကိုင်တွယ်တာထက် ပိုလွယ်မည်ထင်သည်။ 


အကယ်၍ လက်တွေ့ဘဝတွင် သူမတစ်ကယ်မလုပ်နိုင်ခဲ့ပါက၊ သူမ တစ်ခြား နည်းပညာတစ်ခုဖြစ်သည့် "ဆေးဝါးထည့်ထားသည့် အစားအစာ"ကဲ့သို့ ပညာရပ်တစ်ခုခုကို ထွင်၍ရပေသည်ဆေးဝါးများ၏ ပြုပြင်ထားသော အနှစ်သာရကို အစားအသောက်ထဲသို့ ပေါင်းထည့်ခြင်းသည် အစားအသောက် ဖြည့်စွက်ဆေးတစ်မျိုးလည်း ဖြစ်သည်။သို့သော်လည်း သူမ၏မိဘများကို စည်းရုံးလိုသောကြောင့် အဆိုပါ စိတ်ကူးများကို ထည့်သွင်း ပြောကြား၍မရပေ။ 


ထို့နောက် သူမ အမေဖြစ်သူကို လေးနက်စွာ မေးကြည့်လိုက်သည်။


 


"အမေက ကျွမ်းကျင်တဲ့ ဆေးဝါးပညာရှင်မလား... ဒီနှစ်ထဲ အမေ ဆေးတွေ ဘယ်နှစ်ခါလောက် ဖန်တီးခဲ့ပြီးပြီလဲ" 


ရှန်းယွင်ကျင်း သည် လင်း မိသားစုပိုင် မီးခိုးရောင်ဝံပုလွေစစ်တပ် တွင် ထောက်ပံ့ပို့ဆောင်ရေးယူနစ်၏ ဆေးဝါးဆိုင်ရာ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။သို့သ်ေလည်း၊သူမရာထူးက ဟန်ပြသက်သက်သာဖြစ်ပြီး အလုပ်မည်မည်ရမရှိပေ။ဖက်ရှင်ဇိမ်ခံပစ္စည်း မျိုးစုံကိုသာ အာရုံစိုက်ပြီး ဝယ်နေသည့် သူမကို ရုတ်တရက် ယခုလို မေးခွန်းထုတ်ခံရမည်ဟု မမျှော်လင့်ထားပေ။


 "အိုး..." 


သူမသည် ချမ်းသာသောမိသားစုတွင် မွေးဖွားခဲ့ပြီး အလွန်ကောင်းမွန်သော ဝိညာဉ်ရေးစွမ်းရည်ရှိသူဖြစ်သည်။ သူမနှင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်ကိုးစားမှု 95% ရှိသော ခင်ပွန်းတစ်ဦးနှင့် တွေ့ဆုံရခြင်းကြောင့်လည်း သူမ ကံကောင်းခဲ့သည်။သူမသည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်လင်း ၏ သီးသန့် ဝိညာဉ်ရေးကုထုံး ပညာရှင်အနေဖြင့်၊ ခင်ပွန်းဖြစ်သူ၏ ဝိညာဉ်ရေးနယ်ပယ်ကိုသာ ဂရုစိုက်ထားသည်။သူမသည် လင်းထျန်းယွဲ့ ၏ အမြဲတမ်းပြောင်းလဲနေသော လိုအပ်ချက်များကို လွယ်ကူချောမွေ့စေရန် ဆေးဝါးများကို ရံဖန်ရံခါ ပြုလုပ်ပေးရုံမှလွဲ၍ မာစတာအဆင့် ဆေးပညာလက်ထောက် ကုထုံးပညာရှင်တစ်ဦးအဖြစ် ကျော်ကြားသော်လည်း၊ ဆေးဝါးများ ထုတ်လုပ်ရန် ဓါတ်ခွဲခန်းတွင် နေ့တိုင်းနေဖို့ မလိုအပ်ပေ။မည်သို့ပင်ဖြစ်စေ၊သူမကလည်းဆေးဝါးထုတ်လုပ်ရာမှရသော ပိုက်ဆံနည်းနည်းလေးကို ဂရုမစိုက်ချေ။ဆေးဝါးများ ထုတ်ပေးရုံဖြင့် သူမ၏တန်ဖိုးကို သက်သေပြရန် မလိုအပ်‌ဟု ခံယူထားသည်။


Xxxxxx