အခန်း ၄
Viewers 8k

Chapter 4

 (အစ်ကိုကြီးက ရက်စက်ကြမ်းကြုတ်လိုက်တာ)


လင်းယောင်ယောင် သည် သူမ၏ မိဘများနှင့် အစ်ကိုကြီးကို တစ်လှည့်စီကြည့်လိုက်သည်။ထို့နောက် လေးနက်နေပြီး တည်ကြည်ပြတ်သားစွာဖြင့် ပြောလိုက်သည်။


"ပထမဆုံးအနေနဲ့ အစားအသောက်ကုထုံးပညာရှင်ဘွဲ့ကို သမီး ရွေးချယ်ခဲ့တာက ဘယ်ကောင်လေးကိုမှ ကြိုက်ချင်လို့မဟုတ်ပါဘူး....အမေပြောခဲ့သလိုပဲ ယောက်ျားတွေဆီက အာရုံစူးစိုက်ခံချင်ရင်၊ တစ်ခါတစ်လေ ထမင်းဟင်း တစ်နပ်၊နှစ်နပ် ချက်ကျွေးလည်း ရတာပါပဲ"


သူမ ဆက်လက်ပြီး…


"သမီးက ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ဓာတ်ခွဲခန်းမှာ တစ်နေကုန် မနေချင်ဘူး...ပြီးတော့ ဂီတကိုလည်း သိပ်စိတ်မဝင်စားပါဘူး…သမီးက အစားအသောက် ချက်ပြုတ်တာကို ကြိုက်တာကြောင့်ပဲ ရွေးချယ်ခဲ့တာပါ… အစားအသောက် ဖြည့်စွက်ဌာနကလည်း နေ့တိုင်းဖြည့်စွက်စာတွေ လုပ်ရမယ်လို့ မဆိုလိုပါဘူး…တန်ဖိုးနေရာက ပြောရင် အစားအသောက် ဖြည့်စွက်ဆေး ကုထုံးတွေက ပိုခက်ခဲမယ် ထင်ပါတယ်…တစ်ကယ်တော့ အစားအသောက် အာဟာရ ကုထုံးတွေက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ ဝေဒနာရှင်တွေမှာ ပြဿနာကို သက်သာရာရစေမယ့် တစ်ခုတည်းသော သူတွေပဲ...အဖိုးဆိုရင် နှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေခဲ့တာ...သူလည်း ဖြည့်စွက်စာ အမျိုးမျိုးကို တစ်နှစ်ပတ်လုံး စားတာပဲ…ဒါပေမယ့် သက်သာရုံပဲ သက်သာတယ်လေ.... လုံးဝပျောက်ကင်းအောင် မကုသနိုင်ဘူး...အစားအသောက် ကုထုံးပညာရှင်တွေလုပ်တဲ့ အစားအစာက ဘယ်လောက်ပဲ အရသာရှိရှိ၊ ကျန်းမာရေးအတွက်မလို့ စားနေရတာဆိုတဲ့ စိတ်ကလေးရှိကြတယ်.... ဒါပေမယ့် အဖိုးကိုသာ သူ့မြေးလေးက လာကျွေးမယ်ဆိုရင် သူ့အတွက် ပိုကောင်းလာမှာပဲ"


 


လင်းထျန်းယွဲ့ ၏ဖခင် လင်းကျန့်ဟိုင် ၏ ဝိညာဉ်ရေးနယ်ပယ်သည် လွန်ခဲ့သောနှစ်ပေါင်း 20 ကျော်ကတည်းက လုံးဝပြိုကျသွားခဲ့သည်။ သူ့မှာ စစ်ဗိုလ်ချုပ်ရာထူးတစ်ခု ရှိနေသေးသော်လည်း အာဏာကနည်းပါးလှသည်။သူသည် စစ်မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်နိုင်သောကြောင့် တဖြည်းဖြည်း ချောင်ထဲရောက်သွား၏။ထိုမျှမကဘဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူများသည် အမြဲတမ်း ခေါင်းကိုက်ဝေဒနာကို ခံစားရပြီး စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေကိုလည်း ဘယ်လိုမှ မခံယူနိုင်ကြပေ။ 


အဘယ်ကြောင့်ဆိုသော် အရန်ကုထုံးများသည် မည်မျှပင် ကောင်းမွန်စေကာမူ ကျန်းမာရေး ပြဿနာအတွက် ထိရောက်မှုမရှိသည့်အပြင် ပိုမိုဆိုးရွားစေမည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သောကြောင့်ဖြစ်သည်။ ဂီတအားဖြည့်ကုထုံးနှင့် အစားအသောက်ဖြည့်စွက်ကုထုံးကဲ့သို့သော အပျော့စားနည်းလမ်းများကသာ နာကျင်မှု ဝေဒနာကို အနည်းငယ် သက်သာစေနိုင်သည်။


ကြယ်တာရာခေတ် တွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော လူနာများ၏ အချိုးအစားသည် စစ်သည် စုစုပေါင်း၏ 5% အထိ မြင့်မားနေသည်။ စစ်မြေပြင်သို့ မကြာခဏသွားလေ့ရှိသော စစ်သည်များသည် အသက်ကြီးလေလေ၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ပို၍ ခံနိုင်ရည်ရှိရမည် ဖြစ်ပြီး နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာအရ ပြိုကွဲသွားကြသည်။ ထို့ကြောင့် ဆေးဝါးပညာရှင်များသည် ဤခေတ်၏ ပင်မရေစီးကြောင်း ဖြစ်သော်လည်း မဖြစ်မနေ ရွေးချယ်စရာမဟုတ်ပေ။ 


ရှန်းယွင်ကျင်း ကူကယ်ရာမဲ့စွာ ထပြောလိုက်၏။


 "အမေက သမီးစိတ်ကို ပြောင်းလို့ မရပါဘူး...သမီး လိုချင်တာကို ရွေးပါ... ဘာပဲဖြစ်ဖြစ် တို့ကလေးက အရမ်းလှတယ်...ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ....ဒါကြောင့် သမီးဘဝမှာ အရည်အချင်းဆိုတာ မလိုပါဘူး"


ရေတပ်ဗိုလ်ချုပ်ကြီး လင်း သည် မယားချစ်သူဖြစ်၍ ဇနီးသည်က သဘောတူလိုက်တာကြောင့် တွန်းပို့ပေးရတော့သည်။


 "ဒါဆို သမီး အပေါ်မှာပဲ မူတည်တယ်" 


သူ့အတွက်က ထိုကိစ္စမှာ ကြီးကြီးမားမား မဟုတ်ပေ။ သမီးဖြစ်သူ အိမ်ထောင်မပြုနိုင်လျှင် သားမက်တစ်ယောက်ကို တင်တောင်းခြင်း သို့မဟုတ် သမီးနှင့် လက်ထပ်ဖို့ သားမက် ငှားရမ်း၍ရသည်။


ယခုတော့ အကူအညီဖြစ်မည်ဟု ထင်ခဲ့သော လင်းရွှမ် ကသာ လင်းယောင်ယောင် အတွက် တစ်ခုတည်းသော အတားအဆီးဖြစ်လာခဲ့သည်။ 


"ကျောင်းမှာ မင်း ဘယ်သူ့ကိုမှ မချစ်မကြိုက်ဘူးလို့ ကတိပေး…ဒါဆို မင်းကို အစားအသောက် ဖြည့်စွက်ဌာနကို ရွေးချယ်ခွင့်ပေးမယ်… မဟုတ်ရင် ငါတို့လည်း သဘောမတူဘူး"


သူမ မျက်လုံးများ ပြူးကျယ်သွားသည်။


 "အစ်ကိုကြီးက ဘာလို့ဒီလို ပြောတာလဲ...စောစောကပဲ ညီမလေးက ကြီးနေပြီဆို...အခု တက္ကသိုလ်တောင် တက်တော့မှာကို ဘာလို့ မချစ်နိုင်ရတာလဲ"


မူလပိုင်ရှင်သည် အမျိုးသားဇာတ်ဆောင်ဖြစ်သော ဒုတိယမင်းသား ရှောင်မင် ကို သဘောကျသော်လည်း၊ ယခု သူမတွင် လုံးဝခံစားချက်မရှိပေ။ထို့အပြင် မူလပိုင်ရှင်ကို သဘောကျသော တတိယမင်းသား ရှောင်ကျန်း ကိုလည်း သူမ ထည့်မတွက်ပေ။


ဒါပေမယ့် ဘယ်မိန်းကလေးမဆို သူတို့ရဲ့ အကောင်းဆုံး အသက်အရွယ်မှာ ချိုမြိန်တဲ့အချစ်ကို မျှော်လင့်မထားဘဲ နေမှာလဲ....


သူမသည် ယခင်ဘဝက အလွန်ချစ်စရာကောင်းပြီး ဆက်ဆံရေးပြေပြစ်လှသဖြင့် ချစ်ခင်လိုသူသူများစွာရှိသည်။ သို့သော် သူမသည် မိဘမဲ့တစ်ဦးဖြစ်သောကြောင့် အမြဲတမ်း သိမ်ငယ်သလို ခံစားရသည်။ အပြင်ပန်းက ပျော်ရွှင်နေသော်လည်း သူမ၏ မိသားစုအခြေအနေကို မည်သူမှ မသိစေလိုပေ။ထို့ကြောင့်ကောလိပ်မှ ဘွဲ့ရပြီးသည့်တိုင် သူမ ဘယ်သူ့ကိုမှ မချစ်ခဲ့ပေ။


အကယ်၍ သူမသာ ချောက်ကမ်းပါးပြိုကျတုန်းက သေဆုံးသွားခဲ့လျှင် သူမ မချစ်လိုက်ရ၍ နောင်တ‌ရနေမည်ထင်သည်။ယခုလည်း ဧကရာဇ်မိသားစုက ညီအစ်ကိုသုံးယောက်နှင့် လုံးဝ ပတ်သတ်၍မရရန် ကျောင်းစတက်သည်နှင့် နူးညံ့သိမ်မွေ့ပြီး စာနာတတ်သည့် လူချောတစ်ယောက်ကို ရှာမည်ဟု စဉ်းစားထားခဲ့သည်။


လင်းရွှမ် သည် ညီမဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး သူပြောချင်သော စကားများသည် လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။


"မင်းကိုယ်တိုင်ပြောတာလေ...မင်း ငယ်သေးတယ် ဆိုတာ" 


နောက်ဆုံးတော့ ကိုယ့်သေတွင်းကိုယ်တူးရသည့်ခံစားချက်ကို သူမ သဘောပေါက်လာခဲ့၏။ ရှန်းယွင်ကျင်း သည် သားသမီးများကို ဆုံးမသွန်သင်ရာတွင် အလွန်ပွင့်လင်းသူဖြစ်သည်။ သမီးဖြစ်သူက စောစီးစွာ လက်ထပ်ဖို့ ဝန်လေးနေသော်လည်း ချစ်၍ရသည်ဟုတော့ သူမ ထင်မိသည်။ ထို့ကြောင့် သားဖြစ်သူက ရုတ်တရက် သမီးငယ်၏ ခံစားချက်ကို တင်းကြပ်စွာ ထိန်းချုပ်လာသောကြောင့် သူမ အနည်းငယ် အံ့အားသင့်သွားရသည်။ 


" သား လည်း အသက်သုံးဆယ်ရှိနေပြီ... ဒါပေမယ့် သားက ချစ်ဖို့နေနေသာသာ မိန်းကလေးတစ်ယောက်ရဲ့လက်ကိုတောင် မထိဖူးသေးဘူး...ဒါ ပေမယ့် သားက ဘာလို့ ယောင်ယောင် ကို ချစ်ခွင့်မပေးတာလဲ" 


လင်းရွှမ်: "..."


 ကျွန်တော်လည်း မိန်းကလေးတစ်ယောက်ရဲ့လက်ကို ကိုင်ဖူးပါတယ်... သိပ်မကြာသေးဘူး.... အဲဒီလူက အမေ့သမီးဆိုရင်ရော အမေ အဆင်ပြေရဲ့လား...


လင်းရွှမ် က တင်းမာသောမျက်နှာထားဖြင့် 


"မင်း အချစ်အကြောင်းပြောလို့ရတယ်..မင်း သူတို့ကို အိမ်ထိပါ ခေါ်လာလို့ရတယ်...ပြီးတော့ ငါနဲ့ နာရီဝက်ကြာအောင် တိုက်နိုင်ရင် မင်းလက်ကိုတောင် ပေးကိုင်ခိုင်းမယ်"


 


သူ့ညီမကို ပြန်ပေးဆွဲမည့် ကောင်စုတ်လေးတစ်ယောက်ကို အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူ ဘယ်လိုမှလက်သင့်ခံမပေးနိုင်ချေ။သို့သော်လည်း၊ အားနည်းလွန်းသူဆိုပါက သူ့ယောက်ဖဖြစ်ဖို့ အရည်အချင်းမရှိဟု သူတွေးမိသည်။ 


လင်းယောင်ယောင် ထိတ်လန့်သွားရသည်။ 


" ဘယ်သူက အစ်ကိုကြီးကို တိုက်နိုင်မှာလဲ" 


လင်းရွှမ် တွင် SSS အဆင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိပြီး SS အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အရှုံးမရှိသော စစ်နတ်ဘုရား ဖြစ်သည်။ သူသည် စစ်မြေပြင်တွင် ဆယ်နှစ်နီးပါး ကျင်လည်နေခဲ့ပြီး မရေမတွက်နိုင်သော အသက်နှင့် သေခြင်းတရားများကို နဖူးတွေ့ ဒူးတွေ့ဖြတ်သန်းခဲ့ဖူးသည်။ စစ်သင်တန်းကျောင်း တက်နေဆဲဖြစ်သော စွမ်းအားအရှိဆုံး ယောက်ျားလေးများပင်လျှင် သူ့လက်အောက်တွင် အသက်ပျောက်သွားနိုင်၏။


 


မကြာမီ၊မိသားစုတွေ့ဆုံပွဲ ပြီးသွားသောအခါလင်းရွှမ် ထပြီး သူ့အခန်းကို ပြန်သွားလေသည်။


ရှန်းယွင်ကျင်း က သမီးဖြစ်သူကို မျက်စိမှိတ်ပြလိုက်သည်။


"သမီး အစ်ကိုကြီးအတွက် စိတ်မပူပါနဲ့....သူက ဧကရာဇ်မြို့တော်မှာ ခဏလေးပဲ နေမှာပါ...အမေ့ကိုပြော ဘယ်သူ့ကိုကြိုက်လဲ"


ရေတပ်ဗိုလ်ချုပ်ကြီး လင်း သည် သားဖြစ်သူ၏ စိတ်နေစိတ်ထားကို အနည်းငယ် နားလည်သွားရသည်။ 


"ဟ...စစ်ကြီး ပြီးတော့မယ်... မင်းအစ်ကိုကြီးကလည်း ဧကရာဇ်မြို့တော်ကို တစ်လ နှစ်လလောက်နေမှ ပြန်လာမှာ...သမီး စာကိုသာ ကြိုးစား.. သမီး ဘွဲ့ရပြီး အလုပ်ရတဲ့အခါကျမှ အချစ်အကြောင်း ပြောလို့ရတယ်...အဖေ သမီး အမေနဲ့တွေ့တုန်းကဆို အသက် ခုနစ်ဆယ်ရှိပြီကွ" 


ကြယ်တာရာခေတ်က လူသားများ၏ သက်တမ်းသည် ယေဘူယျအားဖြင့် နှစ်၃၀၀မှ ၄၀၀ခန့်အထိဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မြင့်မားပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အားကောင်းလျှင် အသက် ၅၀၀အထိ နေသွားနိုင်သည်။ ထို့ကြောင့် အသက်၁၀၀လောက်မှာ ချစ်မိလျှင်လည်း အချိန်မနှောင်းသေးပေ။သို့သော် မွေးဖွားနှုန်း အလွန်နည်းလာသောကြောင့် လူတိုင်းကို တတ်နိုင်သမျှ စောစော လက်ထပ်ရန် ပြည်နယ်အစိုးရက တိုက်တွန်းထားသည်။


လင်းရွှမ် ၏ ခြေလှမ်းများသည် သိသိသာသာ နှေးကွေးသွားပြီး လှေကားထိပ်ကိုရောက်သည့်အခါ နောက်လှည့်ပြီးပြောလာ၏။


 "မင်း တိတ်တိတ်လေးရည်းစား ခိုးထားရင် မင်းသူ့ကို မမှတ်မိတော့အောင် အဲ့ဒီကောင့်ကိုရိုက်ပစ်မယ်... မင်းငါ့ကိုမယုံရင် စမ်းကြည့်လို့ရတယ်" 


လင်းယောင်ယောင်: ...


သို့သော် နေ့လည်စာ စားပြီးနောက်တွင် လူကြိုက်မများသော အစားအသောက် ဖြည့်စွက်ကုထုံးဌာနသို့ ဝင်ရောက်ရန် မိသားစု၏သဘောတူညီချက်ကို ရရှိခဲ့သည်။


သူ့လက်မောင်းကို ကိုင်လိုက်လို့များ စစ်နတ်ဘုရားက အလိုလိုက်ပေးတာများလား…


သို့သော်၊ သူမနှင့် အပေါင်းအသင်းဖြစ်လိုသော ယောက်ျားလေးတိုင်းသည် အစ်ကိုဖြစ်သူ၏ ရိုက်နှက်ခြင်းကို ခံရမည်ဖြစ်သည်။ ဤအခြေအနေကြောင့် ကောင်လေးတော်တော်များများက သူမ အနားကို သိပ်ကပ်ဝံ့မှာမဟုတ်ချေ။ အကယ်၍ တစ်ယောက်ယောက်က ဤမျှဆိုးရွားသော အဟန့်အတားအောက်တွင် သူမနှင့် အတူရှိနေနိုင်လျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာပင် ဖြစ်ရမည်။


လင်းယောင်ယောင် သည် သူမ၏ တက္ကသိုလ်ကျောင်းသားဘဝကို စောင့်မျှော်ရင်း မျက်နှာကို အုပ်ထားလိုက်သည်။ လင်းရွှမ်က ရက်စက်တတ်သည်မှလွဲ၍ သူမ အပေါ်ကိုတော့ စေတနာကောင်းရှာပါသည်။နောက်တစ်ခါ သူ၏ လက်မောင်း သို့မဟုတ်ပေါင်ကိုသာ အကြိမ်အနည်းငယ် ပွေ့ဖက်လိုက်လျှင် ပို၍စကားပြောကောင်းလာလိမ့်မည် ထင်သည်။


လင်းယောင်ယောင် သည် အခန်းထဲသို့ ပြန်လာပြီး ကြယ်တာရာခေတ်တွင် တခြားသူများလို အင်တာနက် စွဲလမ်းလာစေရန် virtual အိမ်လေးထဲတွင် ဆက်အိပ်နေမည်ပြင်လိုက်သည်။သို့သော် စားပွဲပေါ်ရှိ သူမ၏ လက်ပတ်နာရီအမျိုးအစား ဆက်သွယ်ရေးကိရိယာက အသံမြည်လာ၏။


"သခင့်ရဲ့သူငယ်ချင်း ယန်ယိဖေး က ဗီဒီယို ကောလ် ခေါ်နေပါတယ်.....သခင် ကိုင်မှာလား"


သူမ ထိုနာမည်ကို အလွန်သဘောကျသွားသည်။မူလ လင်းယောင်ယောင်သည် သူငယ်ချင်း ယန်ယိဖေး နှင့်အတူ စက်ရုပ်လေယာဉ်ပျံပေါ်မှာ ပြေးလွှားဆော့ကစားရင်း သေဆုံးသွားခဲ့၍ သူမရောက်လာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မူလခန္ဓာကိုယ်သည် နှလုံး ရှော့ခ်ရကာ မေ့မြောသွားခဲ့၏။ 


ဗီဒီယိုကောလ် အဆက်အသွယ်ကိုသာ အားကိုးတတ်ပြီး၊တစ်ခါတစ်ရံ ကြယ်ပွင့်ကွန်ရက် ထဲမှာသာ တွေ့ဆုံတတ်၍ အိမ်မှာသိပ်မကပ်တတ်သည့် သူမ၏ မိဘများ၊ သို့မဟုတ် အဆက်အသွယ်လုပ်တတ်သည်က အလွန်နည်းပါးပြီး နှစ်အနည်းငယ်အတွင်း တစ်ကြိမ်သာ အိမ်ပြန်လာသည့် သူမ၏ အကြီးဆုံးအစ်ကို တို့ကြောင့်၊ ယန်ယိဖေး သည် မူလပိုင်ရှင်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အရင်းနှီးဆုံးသူဖြစ်သည်။


ထို့ကြောင့် "ဒဏ္ဍာရီထဲမှ အရှင်သခင်" တွင် ဗီလိန်မလေး လင်းယောင်ယောင် ၏ သူငယ်ချင်းဖြစ်သူ ယန်ယိဖေး အား အမျိုးသမီး ဇာတ်ပို့ဇာတ်ကောင်အဖြစ်သာ မှတ်ယူနိုင်သည်။ ယန်ယိဖေး က သူမကို အပေါ်ယံမှာသာ ချစ်ခင်ဟန်ပြသော်လည်း တတိယမင်းသား ရှောင်ကျန်း ကို တိတ်တဆိတ် ချစ်နေခဲ့သူပင်။ သို့သော်၊သူမသည် ဤကိစ္စကိုကောင်းကောင်း ဖုံးကွယ်ထားပြီး ဘယ်သူ့ကိုမှ မပြောခဲ့ပေ။


မူလ လင်းယောင်ယောင်သည် ဒုတိယမင်းသားဖြစ်သည့် ရှောင်မင် ကို သဘောကျသော်လည်း နောက်ခံကောင်းကောင်းရှိသည့် အမျိုးသမီး ဇာတ်လိုက် စုချင်းဟယ် ကိုသာ ကြိုက်နှစ်သက်၏။လင်းယောင်ယောင် အတွက် ချစ်ခြင်းမရှိပေ။ သို့သော်၊သူမနောက်ကွယ်က လင်း မိသားစု၏ စွမ်းအားကို အသုံးချလိုတာကြောင့် ပြန်လည်းမချစ်သလို၊ငြင်းလည်းမငြင်းခဲ့ပေ။ 


တစ်ကိုယ်ကောင်းဆန်သည့် ယန်ယိဖေး သည် မူလပိုင်ရှင်နှင့် ရှောင်မင် တို့အဆင်ပြေဖို့ မျှော်လင့်နေရှာသည်။ထိုမှသာ သူမလည်း တတိယမင်းသား ရှောင်ကျန်း ကို ရနိုင်မည်ဟု ထင်ထားသည်။ ထို့ကြောင့် မူလပိုင်ရှင်က စုချင်းဟယ် ကို ဒုက္ခမျိုးစုံပေးအောင် မြှောက်ပင့်ပြီး ရှောင်မင် နှင့်လည်း ပြဿနာတက်အောင် မီးမွှေးပေးထား၏။နောက်ဆုံးတွင် ရှောင်မင် သည် မူလပိုင်ရှင်အား စက်ဆုပ်သွားပြီး သူမအား အေးစက်စွာ ဆက်ဆံလာသည့်တိုင်အောင် ဖြစ်သည်။


ထို့ကြောင့် သူမ စိတ်ဓာတ်ကျဆင်းသွားပြီး ကြံရာမရဖြစ်က သူမကို ချစ်ပေးခဲ့သော တတိယမင်းသား ရှောင်ကျန်းကို ပြန်ချစ်ပစ်လိုက်သည်။ထို့ကြောင်ပဲ ယန်ယိဖေး၏ အငြိုးအတေးများက သူမ အ‌ေပါ်ကို စုပြုံရောက်ရှိလာကြတော့သည်။ ဤသည်က လင်း မိသားစု၏ ကြေကွဲဖွယ်အဆုံးသတ်အတွက် မီးလောင်ရာလေပင့်ပေးလိုက်သည့် အချက်လည်း ဖြစ်သည်။ အကယ်၍ လင်းယောင်ယောင်နှင့် ရှောင်ကျန်းသာ လက်ထပ်ဖြစ်သွားပါက လင်းမိသားစု၏ အရှိန်အဝါဖြင့် ရှောင်ကျန်း ထီးနန်းရသွားနိုင်သည်။ထို့ကြောင့် ရှောင်မင်သည် ပထမမင်းသား ရှောင်လွေ့ နှင့် ပူးပေါင်းကာ လင်း မိသားစုကို အတူတကွ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ 


လင်းယောင်ယောင် သည် မူလပိုင်ရှင်နှင့် ယန်ယိဖေး တို့၏ ချစ်ခင်ရင်းနှီးမှုနှင့် ယောက်ျားတစ်ယောက်ကြောင့် လမ်းခွဲသွားခဲ့သည်ကို ပြန်သတိရပြီး သက်ပြင်းချလိုက်သည်။ 


ကောင်မလေး ရှောင်ကျန်း ကိုကြိုက်ရင် သူ့နောက်ကို လိုက်လေ...နင် လုပ်လိုက်လို့ နင့်သူငယ်ချင်းကောင်းရဲ့ မိသားစုကို သွယ်ဝိုက်ပြီး ပျက်စီးစေတယ်ဆိုတာ နင်သိရဲ့လား....


ဤဘဝတွင် သူမသည် လင်းယောင်ယောင် ဖြစ်လာခဲ့သည်။ သူမကိုချစ်သော မိဘများနှင့် အစ်ကိုကြီးတို့ကို ကာကွယ်ရန်အတွက် ရှောင်မင် နှင့် ရှောင်ကျန်း တို့လို ဘေးဆိုးကြီးနှစ်ယောက်ထံမှ ဝေးဝေးနေရမည်ဖြစ်သည်။


သူမ ချိတ်ဆက်ပါ ဆိုသည့် ခလုတ်ကိုနှိပ်လိုက်ရာ ဟောလိုဂရပ်ဖစ်ပြကွက်တွင်၊ ယန်ယိဖေး ၏ လက်ရှိအသွင်အပြင်က လျင်မြန်စွာပေါ်လာသည်။ သူမသည် တောက်ပြောင်သော ဆံပင်ရှည် ကောက်ကောက်နှင့် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေသည်။ သူမသည် အလွန် sexy ကျသော အားကစားအင်္ကျီ နှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး နေရောင်ခံထားသော သူမ၏ အသားတော်တော်များများကို ဖော်ပြထားသည်။ သူမသည် ဆိုဖာပေါ်မှာထိုင်ပြီး သစ်သီးစားနေခြင်းဖြစ်၏။ ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်ပြီးနောက်မှသာ၊ ဆက်သွယ်ရေးသည် နောက်ဆုံးတွင် ချိတ်ဆက်သွားခဲ့သည်။ 


ယန်ယိဖေး က လင်းယောင်ယောင်ကို မြင်မြင်ချင်း စက်သေနတ်ကဲ့သို့ မေးခွန်းထုတ်လာသည်။


"နင် ဘာဖြစ်နေတာလဲ....ဒီအန်တီက ဆက်သွယ်တာကို ဘယ်လိုဖြစ်လို့ မကိုင်ရတာလဲ"


သူမက လင်းယောင်ယောင် ၏ ကျစ်ဆံမြီးများနှင့် စိမ်းပြာရောင်ရိုးရိုးရှင်းရှင်းဝတ်စုံကို ကြည့်လိုက်ပြီး ဆက်ပြောလာပြန်၏။ 


"ယောက်ျားလေးထောင်ပေါင်းများစွာကို စွဲဆောင်ဖို့ ညုတုတုနဲ့ ပလီပလာ ပြောတတ်တဲ့ မိန်းကလေးမျိုး စတိုင်လ် လုပ်ရတာ အဆင်မပြေဘူးလား...အခုမှ ဘာလို့ ပုံစံပြောင်းလိုက်တာလဲ"


လင်းယောင်ယောင် ၏ မျက်နှာသွင်ပြင်သည် ကြည်လင်လှပပြီး အေးချမ်းလှသည်။သို့သော်၊ သူမသည် အများအားဖြင့် မိတ်ကပ်ထူထူနှင့် လှပသော ဆက်စီကျကျ ၀တ်စုံများကိုသာ ၀တ်ဆင်လေ့ရှိသည်။သူမ စိတ်ညစ်ညစ်နှင့် ဆင်ခြေပေးလိုက်ရ၏။


 "ငါ့အစ်ကိုကြီး ပြန်လာပြီလေ" 


သူမ သူငယ်ချင်းက အစ်ကိုကြီးကို ကြောက်မှန်း ယန်ယိဖေး သိထားသည်။ လင်းယောင်ယောင် လွန်ခဲ့သော သုံးနှစ်ခန့်က မိတ်ကပ်ပညာကို စတင်လေ့လာသောအခါက လင်းရွှမ်သည် သူမအား ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ငယ်ငယ်လေးနှင့် စာမလေ့လာဘဲ အ၀တ်အစားကိုသာ အာရုံစိုက် မနေသင့်ကြောင်း ပြောခဲ့သည်။ ထိုအချိန်မှစ၍ သူမသည် ဆွေမျိုးများနှင့် တွေ့သည့်အခါတိုင်း မိတ်ကပ်ပါးပါးနှင့် ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်ခဲ့ရသည်။ အစ်ကိုကြီးဖြစ်သူကိုတွေ့လျှင်လည်း ဘာမိတ်ကပ်မှ မလိမ်းခြယ်ရဲပေ။


 "နင့်အစ်ကိုကြီးကလည်း တစ်ကယ်ကို ကြောက်စရာကောင်းလိုက်တာ...နင် ထပ်ပြီး အဆူခံရပြန်ပြီလား"


ထိုမှသာ လင်းယောင်ယောင်က သူမ၏ ဆက်သွယ်ရေးစက်ကို ချက်ချင်းပြန်မဖြေဘဲ သိမ်သိမ်မွေ့မွေ့မိန်းကလေးတစ်ယောက်လို ၀တ်စားထားရသည်ကို သူမ ချက်ချင်းနားလည်သွားရ၏။ 


သို့သ်ောလည်း ယခုလို ဝတ်ထားမှသာ ချက်ပြုတ်ပြီး ရေချိုးရန် အဆင်ပြေကြောင်း သူမ ရှင်းပြမနေတော့‌ပေ။ဤခေတ်မှာ သူမနှင့် ဆက်သွယ်ရမည့်သူ မရှိလျှင်လည်း အဆင်ပြေပေသည်။


ယခု သူမသည် လတ်ဆတ်ပြီး ကြော့ရှင်းသည့် ၀တ်စားဆင်ယင်မှုပုံစံနှင့် ပေါ့ပါးသော မိတ်ကပ်စတိုင်တွေကိုသာ ကြိုက်နေမိတော့သည်။နောက်တစ်ချိန်မှာလည်း ယခုလိုသာဆက်ပြီး ဝတ်တော့မှာဖြစ်၍ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ကို ပြောလိုက်သည်။


 "ငါ့အစ်ကိုက မကောင်းဆိုးဝါးကြီးလို ၀တ်တာစားတာကို မကြိုက်ဘူးလေ.... သူလည်း မကြာခင် ဧကရာဇ်မြို့တော်ကို ပြန်ပြောင်းလာတော့မှာ...ငါလည်း ဒီပုံစံကိုပဲ နောက်ဆို ဝတ်ရတော့မှာ... စွဲမက်ဖွယ်ကောင်းပြီး ထောင်နဲ့ချီတဲ့ ယောက်ျားလေးတွေကို ဆွဲဆောင်ဖို့ အရေးကြီး တာဝန်က နင့်အပေါ်မှာ ရောက်သွားပြီနော်..."


"ဟား... မဟုတ်ဘူး...နင်ပဲ ကောလိပ်တက်တဲ့အခါ ရှောင်မင် ကို မရရအောင် ယူမယ်လို့ ပြောထားတယ်မလား...နင် ဒီလိုဝတ်ထားတာကြီးက ရင်ဆိုလည်း ရင်နေရာမရှိ...တင်ဆိုလည်း တင်နေရ မရှိနဲ့...အဆင်မ‌ပြေပါဘူး...ဒီအတိုင်းဆို နင့်ကို ဘယ်သူမှ ကြိုက်ကြမှာမဟုတ်ဘူး"


သူမ၏ ဝတ်စားဆင်ယင်ပုံအား တိုက်ခိုက်နေသည့် ယန်ယိဖေး ကို တိုက်ရိုက်လျစ်လျူရှုထားလိုက်သည်။ သူမကလည်း ယောက်ျားတွေကို ဆွဲဆောင်ချင်တာမဟုတ်ပေ။ ထို့အပြင် သူမသည် အသက် 18 နှစ်သာရှိသေး၍ ကိုယ်ခန္ဓာက ဆက်ပြီး ဖွံ့ထွားလာမှာဖြစ်သည်။


Xxxxx