အခန်း ၂၀
Viewers 8k

Chapter 20

(အသင်းတစ်သင်းရွေးချယ်ခြင်း)



လင်းရွှမ် သည် SS အဆင့် စိတ်စွမ်းအားဖြင့် မွေးဖွားလာသော ဉာဏ်ကြီးရှင် ရှောင်ချီ ကို အထင်ကြီးနေသေးသည်။ အကယ်၍ နောက်ပိုင်းတွင် မတော်တဆမှုတစ်ခု ဖြစ်လာပါက၊ ရှောင်ချီ သည် သူမှတစ်ပါး SSS အဆင့် ဝိညာဉ်ရေးရာ စွမ်းအားကို ရရှိနိုင်သည့် အင်ပါယာရှိ ဒုတိယလူ ဖြစ်လာမည်ဖြစ်သည်။ အတိအကျပြောရလျှင် ရှောင်ချီ ကို ရှောင် မိသားစုဝင် တစ်ယောက်အဖြစ် မယူဆနိုင်ပေ။ သူကသာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမနေလျှင် မိန်းကလေးတစ်ယောက်၏ အိမ်ထောင်ရေးအတွက် သင့်တော်သူတစ်ယောက်ဖြစ်နိုင်၏။


"စကားမစပ် ကျောင်းမတက်ခင်တုန်းက အမေက သူမ အခင်ဆုံးသူငယ်ချင်းရဲ့သားလို့ ပြောတဲ့ ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်... သူ့နာမည်က ဘာပါလိမ့်.. ‌ချောင်းမင်...တဲ့...ဒါပေမယ့် သူက ညီမလေးကို မကြိုက်ဘူး ဆိုတော့ အဆင်မပြေပါဘူး... ဒါပေမယ့် ညီမလေးလည်း သူ့ကို မကြိုက်ဘူး"


လင်းယောင်ယောင် က သူမသည် ဘယ်သူ့အပေါ်မှ စိတ်ညွတ်မနေကြောင်း သက်သေပြရန် ထိုသို့ပြောဆိုခဲ့သည်။ မူလပိုင်ရှင်ကို နှစ်သက်သော ရှောင်ကျန်း ကိုလည်း အရူးလားဟု သူမ တိတ်တဆိတ် တွေးနေမိသည်။ အမှန်တော့၊ ဤခေတ်မှာ သူမကလွဲပြီး အရွယ်ရောက်ပြီး သော်ငြား 165cm မပြည့်သေးသည့် ကောင်မလေးတွေ အများကြီးမရှိချေ။


လင်းရွှမ် အလွန်စိတ်မကောင်းဖြစ်နေမိသည်။ ညီမဖြစ်သူကို ညစ်ညမ်းသော လူတစ်စုက မက်မောနေပုံရသည်။ သူတို့တင်မကဘဲ အနာဂတ်မှာလည်း သူမကိုကြိုက်သူတွေ ပိုများလာနိုင်သည်။သူ့လို အစ်ကိုကြီးတစ်ယောက်အနေနှင့် သူမအား ရှောင် မိသားစုထဲက ကောင်လေးတွေနှင့် သဘောမတူနိုင်ချေ။ သို့သော် ချောင်းမိသားစုထဲက ကောင်လေးတစ်ဦးဖြစ်သူ ချောင်းမင်ယွမ် မှာ မက်ချာဌာနမှ ညီလေးတစ်ယောက်ရှိသည်ကို သူကြားလိုက်ရသည်။ သူ၏ ညီမဖြစ်သူမှာ အပြစ်ပြောစရာမရှိသော်လည်း ထိုကောင်လေးက ယောင်ယောင် ကို မကြိုက်ချေ။ထိုကောင်လေး တစ်ကယ်မျက်စိကန်းနေတာဖြစ်ရမည်။သို့သော်၊သူမျက်စိကန်းပုံက အကောင်းဘက်ကို ဦးတည်နေခြင်းဖြစ်သည်။ ဤကလေးမလေးက ယောက်ျားတွေကို မကြိုက်ဘူးဟု ပြောခဲ့သော်လည်း ရည်းစားရှာသည့် ရှုထောင့်မှကြည့်လျှင် သူမ မကြိုက်သည့်အထဲမှာလည်း သူပါဝင်သည်။


သူ လင်းယောင်ယောင် တစ်ချိန်က မေးခဲ့ဖူးသော မေးခွန်းအား မေးလိုက်သည်။


"ဒါဆို မင်းက ဘယ်လိုကောင်လေးမျိုးကို ကြိုက်တာလဲ"


သူမသည် တစ်ချက်သမ်းဝေပြီး ဤအကြောင်းအရာကို လေးလေးနက်နက် မဆွေးနွေးချင်သလိုမျိုးနှင့် လေးတိလေးကန်နှင့် ပြောလာသည်။


“မသိဘူး...သူနဲ့တွေ့တဲ့အခါ သိလိမ့်မယ်၊ဒီလိုမျိုးပြောဖို့ကျ ခက်တယ်... အစတုန်းကတော့ သူတို့ပုံစံကို ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တစ်နေ့မှာ ရုတ်တရက် ကြိုက်သွားချင် ကြိုက်သွားနိုင်တယ်လေ"

လင်းရွှမ် သူ့ဒူးမှာ မြှားတစ်စင်း လာစိုက်နေသလို ခံစားလိုက်ရသော်လည်း သူမ၏ အိပ်ငိုက်နေသည့် အကြည့်ကို မြင်လိုက်ရ၍ သူ ထပ်မမေးချင်တော့။


နောက်တစ်နေ့တွင် လင်းယောင်ယောင် သည် ကန်တင်းမှ ညစာကို သုံးရက်အတွင်း ပထမဆုံးအကြိမ် အချိန်မီစားနိုင်ခဲ့သည်။ အစာစားပြီးလျှင် အနားယူ၍ မရနိုင်သေးသော်လည်း ကိုယ်ကာယလေ့ကျင့်မှု နှောင့်နှေးထားသည့်အတွက် ပြင်ဆင်ရန် အိမ်တွင်းလေ့ကျင့်ရေးကွင်းသို့ ပြန်သွားရမည်ဖြစ်သည်။ သို့သော်၊ ယင်းမှာ ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။တိုက်ခိုက်ရေးဌာန၏ နေ့လယ်စာနှင့် အရန်ကုထုံးဌာန၏ နေ့လယ်စာသည် ကွဲပြားသောကြောင့် ဌာနအသီးသီးမှ လူများ တွေ့ဆုံရန် ခက်ခဲသော်လည်း ညစာစားချိန်သည် အတူတူပင်ဖြစ်သည်။ယခုလည်း ရှောင်ကျန်း သည် သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခြင်းပင်။


"ယောင်‌ယောင်၊ တိုက်ဆိုင်လိုက်တာ...ကိုယ်ဒီမှာထိုင်လို့ရမလား"


'ဟမ်...နင် အခုပဲ ထိုင်ပြီးပြီလေ'


နတ်ဘုရားအဆင့် မင်းသားတစ်ပါးသည် သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသဖြင့် သူမ ဆီကို ချက်ချင်းပင် အမုန်းတရားများစွာ ဆွဲဆောင်လာခဲ့သည်။ ကံကောင်းစွာနှင့်၊ သူမထမင်းစားပြီးလျှင် ပြန်ပြီး လေ့ကျင့်မှုဆက်လုပ်ရမည် ဖြစ်သည်။ ဤချောမောသော ကောင်ငယ်လေးသည် တတိယမင်းသား ရှောင်ကျန်း ဖြစ်သည်ကို ကျန်းရို့ သည် ဤအချိန်မှ တခြားသူများ တိုးတိုးပြောနေကာမှ သိလိုက်ရခြင်းဖြစ်သည်။


လင်းယောင်ယောင် ၏ စိတ်နေသဘောထားအရ သူ့ကို စိတ်မဝင်စားဟု ခံစားမိသောကြောင့် သူမ ထမင်းကို အမြန်ပင် စားလိုက်၏။ ရှောင်ကျန်း ကသာ စကားပြောနေပြီး မြင်ကွင်းက နည်းနည်းတော့ ရှက်စရာကောင်းသော်လည်း ရှောင်ကျန်း လုံးဝသတိမထားမိပုံမရပေ။ သူက သူမကို ဗိုက်ပြည့်ပြီလား ၊ နောက်ထပ် ဟင်းထပ်ယူဦးမလားဟုသာ စိတ်အားထက်သန်စွာ မေးနေတော့သည်။


"ယောင်‌ယောင် က အစားစားနေရင် အရမ်းချစ်စရာကောင်းတယ်…မင်းပါးစပ်လေးက ဟမ်းစတားလို ဖောင်းနေတာ…ဒါပေမယ့် ဖြည်းဖြည်းစားနော်...သီးလိမ့်မယ်"


လင်းယောင်ယောင် ကြံရာမရဖြစ်သွားသည်။


'ငါက နင့်ကိုရှောင်ချင်လို့ မြန်မြန်စားနေတာ'


ထိုစဉ် ဝူလီလီ သည် ညစာဗန်းကို ကိုင်ကာ သူမတို့ ထမင်းစားစားပွဲကို ဖြတ်လျှောက်သွားခဲ့သည်။ သူမသည် ဘေးနားက သူငယ်ချင်းကို ရယ်မောကာဖြင့် လူအချို့သည် တတိယမင်းသား ရှောင်ကျန်း ကို အမြန်ဖမ်းဆွဲထားတာကြောင့် တော်တော်စွမ်းကြသူတွေဟု ပြောနေလေသည်။ သို့သော် လူတိုင်းက သူမစကားကို အလေးအနက်မထားခဲ့ကြပေ။


ထိုစဉ် သူမနှင့်အတူတူ အိပ်ဆောင်မှာ နေသည့် သူငယ်ချင်း ကောင်မလေးက ချက်ချင်း လင်းယောင်ယောင်တို့ စားပွဲကိုငုံ့ကြည့်လိုက်သည်။ သူမသည် ဝူလီလီ ကို မလှန်ဝံ့သူဖြစ်တာကြောင့် သူမ စကားကို နားထောင်ပေးရပေမည်။သို့သော်လည်း ပိုင်းခြားသိမြင်နိုင်သည့် မျက်လုံးရှိသူတိုင်းသည် ရှောင်ကျန်း ကသာ လင်းယောင်ယောင် ကို လိုက်နေတာဖြစ်ပြီး တစ်ဖက်သတ်ကြိုက်နေမှန်း သိကြမည်သာ။


မနီးမဝေးတွင် ထိုမြင်ကွင်းကိုကြည့်ရင်း ယန်ယိဖေး အံကြိတ်ထားသည်။ထို့နောက် ကျန်းရို့ နှင့်မျက်နှာချင်းဆိုင် ထိုင်ခုံဖြစ်ပြီး ရှောင်ကျန်း အနားက လွတ်နေသည့် ထိုင်ခုံကို လျှောက်သွားလိုက်သည်။


"ဒီမှာ ဘယ်သူမှ မထိုင်ဘူး ဟုတ်လား ယောင်‌ယောင်... ငါတို့ အတူတူ မစားတာကြာပြီ"


လင်းယောင်ယောင် ကူကယ်ရမဲ့ ခံစားလိုက်ရသည်။ သူမ မျက်နှာက အေးစက်နေပြီး


"ငါဗိုက်ပြည့်ပြီ..နင် ဖြည်းဖြည်းစားပါ"


***

ညနေပိုင်းတွင် သူမ၏လူယုံအစ်ကိုအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားသော လင်းရွှမ် သည် သူမနှင့် မူလတန်းကျောင်းပြီးကတည်းက အတူကစားခဲ့သော ယန်ယိဖေး နှင့် မကြာသေးမီက ကွဲကွာသွားရသည့် အကြောင်းရင်းကို တွေ့ရှိသွားခဲ့သည်။


"မင်း ငါနဲ့ နောက်ဆို ညစာ သွားစားရမယ်"


လင်းယောင်ယောင် ခေါင်းခါလိုက်ပြီး


"မဟုတ်ဘူး…ညီမလေးတို့မိသားစုက အာဏာကို ထပ်ပြီး အလွဲသုံးစားလုပ်တယ်လို့ လူတွေပြောလာမှာ ကြောက်တယ်...နေ့တိုင်း နည်းနည်းအရသာရှိတဲ့ အာဟာရဖြည့်စွက်စာ နှစ်ထုပ်ကို ညီမလေးကို ယူလာပေးရင်ရပြီ...၊ နေ့လည်ခင်းလေ့ကျင့်ချိန်မှာ ညီမလေးကို ပေးလို့ရတယ်"


သူ့ညီမက မာနကြီးပြီး ရိုင်းစိုင်းတယ်လို့ ဘယ်သူပြောတာလဲ…


သူမသည် အလွန်ဥာဏ်ကောင်းပြီး တတ်သိနားလည်သူပင်။


စစ်ရေးလေ့ကျင့်မှု နေ့ရက်များ ကုန်ဆုံးပြီးနောက် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မကြာမီတွင် ကွင်းဆင်းအသက်ရှင်ရေး လေ့ကျင့်မှုသည် သုံးရက်နီးပါးရှိသွားပြီဖြစ်၍ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မည် ဖြစ်သည်။


ပြီးခဲ့သောလတွင်၊ လင်းယောင်ယောင် ၏ ကိုယ်လုံးကိုယ်ပေါက်သည် C-အဆင့် ကိုဖြတ်နိုင်ရန် ခြေလှမ်းအစအနေဖြင့် D+ သို့ တိုးတက်သွားခဲ့သည်။ ကျန်းရို့ ဆိုလျှင်လည်း D- မှ D+ အထိ ရောက်သွားသည်။ လင်းရွှမ် သည် သူမကို အဘယ်ကြောင့် ဤမျှ တင်းမာစွာ စိုက်ကြည့်ရသည်ကို မူလက အံ့ဩမိသော်လည်း၊ ယခုတော့ သူမအတွက်မှန်း သဘောပေါက်သွားလေတော့သည်။ အခြားသော အရန်ကုထုံး ကျောင်းသားများသည် လင်းရွှမ် သတ်မှတ်ထားသော စံနှုန်းများကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး ခိုးကြောင်ခိုးဝှက် မပျင်းရိသဖြင့် သူတို့ ကိုယ်လုံးကိုယ်ထည်မှာလည်း သိသိသာသာ တိုးတက်လာသည်။ အချို့က အနည်းငယ်သာ တိုးတက်သော်လည်း အများစုမှာ တိုးတက်မှု များစွာ ရရှိကြသည်။ ထိုမှသာ သူတို့အားလုံး လင်းရွှမ် ကိုယ်တိုင် တင်းကျပ်ထားမှု၏ အကျိုးကျေးဇူးများကို သိရှိနားလည်လာခဲ့သည်။ အစပိုင်းတွင် သူ၏ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုများအတွက် သူတို့ ကြေကွဲဝမ်းနည်းခဲ့ရသော်လည်း ယခုတော့ သူ့ကို ကျေးဇူးတင်မိသွားလေပြီ။


ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှု သုံးရက်ကြာပြီးနောက် ပိတ်ပွဲအခမ်းအနားကျင်းပမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှု လည်း ပြီးဆုံးမည်ဖြစ်သည်။ စိတ်ရောဂါသမား နည်းပြဆရာကို အစက ကြည့်မရခဲ့သူများသည် ယခုမှ ကျေးဇူးတင်မဆုံးဖြစ်နေကြရ၏။ မူလက သူ့ လေ့ကျင့်ရေးစခန်းထဲမှ ထွက်ချင်သူများသည် ယခုတော့ သူ့ကို စွန့်လွှတ်ရန် တွန့်ဆုတ်လာကြသည်။


မိန်းကလေးအများစု လင်းယောင်ယောင် ထံသို့ရောက်လာကာ လင်းရွှမ် အကြောင်း မေးမြန်းပြီး နောင်တစ်ချိန်ကျလျှင် သူဘယ်မှာအလုပ်လုပ်မလဲဟု မေးလာကြသည်။သူမလိုမျိုးတခြားသူတွေရှေ့မှာ ဟန်ဆောင်ထားသည့် ခပ်မာမာ မျက်နှာထားကို သူတို့ လုံးဝမကြောက်တော့‌ေပ။


ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှုကို တိုက်ခိုက်ရေးစနစ်နှင့် အရန်ကုထုံးစနစ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်ခဲ့သည်။ တိုက်ခိုက်ရေးဌာနခွဲသုံးခုရှိ အဖွဲ့တစ်ဖွဲ့စီသည် အရန်ကုထုံးပညာရှင်ဖြင့် လိုက်ပါရမည်ဖြစ်သည်။

ဆေးဝါးအကူ ကုထုံးပညာရှင်များသည် လူကြိုက်အများဆုံးဖြစ်ပြီး ဂီတအကူကုထုံးပညာရှင်များကလည်း အလွန်ကောင်းမွန်ကြသည်။ကျောင်းသားသစ်များဖြစ်၍၊ဆေးဝါးအကူကုထုံးပညာရှင်များသည် တောရိုင်းထဲတွင် အတွေ့များသော ဆေးဖက်ဝင်အပင်အချို့ကိုသာ မှတ်မိကြပြီး ဂီတလက်ထောက်ကုထုံးများသည်လည်း ဘေးမှ ရပ်ကြည့်‌ရရုံသာ ဖြစ်သည်။ သို့သော်လည်း၊ အစားအသောက်လက်ထောက်ကုထုံးပညာရှင်များ၏ အနေအထားက ရှက်စရာဖြစ်နေဆဲပင်။ဘယ်သူကမှ ဟင်းမချက်ချင်ကြဘဲ အသားကိုသာ အလွယ်တကူ မီးကင်၍သာ စားလိုကြသည်။


ကံကောင်းထောက်မစွာဖြင့်၊ ကျောင်းသားများသည် ကိုယ့်အုပ်စုကို ရှာမတွေ့ပါက ကျပန်းအုပ်စုရှာရန် အလိုအလျောက်စနစ်ကိုလည်း အားကိုး၍ရသည်။ ကျန်းရို့ သည် သူမ၏ မိသားစုမှ ဝမ်းကွဲ မောင်နှမများနှင့်အတူ အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ လင်းယောင်ယောင် သည် အဖွဲ့ခွဲခြင်းစနစ်ကို ကြေညာပြီးသည်နှင့် တစ်ယောက်တည်း ယောင်ချာချာဖြစ်နေစဉ် သူမထံသို့ ရှောင်ကျန်း က လာဖိတ်သည်။ သူမ ခေါင်းခါလိုက်ပြီး


"တောင်းပန်ပါတယ် ငါ့မှာ အဖွဲ့ရှိပြီးသားပါ....နင်တို့ အဖွဲ့ထဲမှာ ဆေးဝါးကုထုံးပညာရှင်တစ်ယောက် ထပ်လိုနေဦးမှာပါ"


သူမက အစားအသောက် ဖြည့်စွက်ဌာနကို အမှန်တကယ် ရွေးချယ်ခဲ့တာကို ရှောင်ကျန်း အံ့သြသွားခဲ့သော်လည်း သူကတော့ ဆက်လက်သဘောကျနေဆဲပင်။ တစ်လခန့်မျှ သူသည် လင်းယောင်ယောင် ၏ အေးစက်သော မျက်နှာကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ရင်ဆိုင်ခဲ့ရသည်။ ကြာလာတော့လည်း သူ့စိတ်ထဲမှာ စိတ်ပျက်အားငယ်ခြင်း‌တွေ ဖြစ်တည်လာခဲ့ရတော့သည်။


"ယောင်‌ယောင် မင်း ကိုယ့်ရဲ့ ဒုတိယအစ်ကိုကို ကြိုက်နေသေးလား"


လင်းယောင်ယောင် သည် သူ့မျက်လုံးများထဲက ချစ်ခြင်းမေတ္တာကို နားမလည်ဟန်ဆောင်ထားသော်လည်း ရှောင်မင် အကြောင်းပါလာသည့်အခါ အလိုလိုငြင်းချင်စိတ်များဖြစ်ခဲ့ရ၏။သူမ ခါတိုင်းလို အေးစက်နေသည့် မျက်နှာလေးနှင့် ပြန်ပြောလိုက်သည်။


“ဟင့်အင်း၊ လောလောဆယ်တော့ ငါ ကြိုက်တဲ့လူ မရှိဘူး၊ အစ်ကိုကြီးက တက္ကသိုလ်တက်နေတုန်း ဘယ်သူ့ကိုမှ မချစ်ဖို့ ပြောထားတယ်…သူနဲ့ နာရီဝက်လောက်တိုက်နိုင်တဲ့သူမှမဟုတ်ရင် သဘောမတူဘူးတဲ့....ငါ ရည်းစားခိုးထားရင် သူ့အမေက သူ့ကို မမှတ်မိလောက်တဲ့အထိ အဲဒီလူကို ရိုက်လိမ့်မယ်"


ရှောင်ကျန်း နှုတ်ဆိတ်သွားပြီးနောက် သူမကိုအကဲခတ်ကြည့်ရာ နောက်နေတာမဟုတ်မှန်း သတိပြုမိလိုက်၏။


"အင်း... ဗိုလ်ချုပ် လင်း က အရမ်းပဲ..."


သူမ သူ့ကို အေးစက်စွာ ကြည့်ပြီး ကတ်ကတ်လန်အောင် ပြန်ပြောလိုက်သည်။


"ငါ့အစ်ကိုကြီးက ဘာဖြစ်နေလို့လဲ…"


အကြိမ်များစွာ မတွေ့ခဲ့ဖူးသော်လည်း လင်းယောင်ယောင် သည် သူမ၏အစ်ကိုကြီးနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း မြင်လိုက်တာနှင့် သူ သိသွားရသည်။


"အရမ်းကောင်းတာပဲလို့ ပြောတာပါ...ကိုယ်လည်း ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးကြိုးစားစားလုပ်မယ်...ယောင်‌ယောင် မင်း ကိုယ့်ကို စောင့်နေပေးပါ... မင်းအစ်ကိုကြီးရဲ့ ခွင့်ပြုချက်ကို ကိုယ် သေချာပေါက်ရအောင် လုပ်ပါ့မယ်"


ထို့နောက် သူ လှည့်ထွက်သွားခဲ့သည်။ လင်းယောင်ယောင် အလွန် အံ့သြသွားရသည်။


"... ခဏနေဦး...ငါကလည်း နင့်ကို ဘာမှသဘာမတူရသေးဘူးလေ"


သူမ ရင်ထဲဆို့နင့်နင့်ခံစားလာရသောအခါတွင် အလွန်ကြည်လင်ပြီး နှစ်သက်ဖွယ်ကောင်းသော အမျိုးသားအသံတစ်ခု သူမအနောက်မှ ထွက်ပေါ်လာသည်။


"မင်း သူ့ကို အခုပဲ လိမ်နေတာ မဟုတ်လား ငါ သိပြီးပြီ...မင်းမှာ အဖွဲ့မရှိဘူးမလား မင်း ကိုယ့်အဖွဲ့နဲ့ လိုက်ချင်သလား စိတ်မပူပါနဲ့၊ကိုယ်က မင်းလို အဝေးပြေးလမ်းမကို စိတ်မဝင်စားပါဘူး... မင်းလို ဘာမှမဟုတ်တဲ့လူတစ်ယောက် ထည့်လဲ ကိုယ့်အသင်းက နိုင်မှာပါပဲ…"


လင်းယောင်ယောင် သည် ခေါင်းကို လှည့်လိုက်ရာ အနည်းငယ်ရင်းနှီးသော မျက်နှာကို တွေ့လိုက်ရသည်။ ဤသူသည် သူမနှင့် blind dateချိန်းတွေ့လုနီးနီးဖြစ်ခဲ့သော်လည်း သူမကို ငြင်းခဲ့သူပင်။ နီစွေးသော နှုတ်ခမ်းများနှင့် ဖြူသော သွားများ၊ လှပပြီး အနည်းငယ် မိန်းမဆန်သော အသွင်အပြင်တို့က သူ၏ ဟိုလိုဂရပ်ဖစ် ဓာတ်ပုံထက် ပိုလှပနေသည်။ တစ်လကြာ စစ်ရေးလေ့ကျင့်မှုအပြီးမှာတောင် သူ့တစ်ကိုယ်လုံး နေလောင်ထားဟန် မတူသေးပေ။ သူက သဘာဝအတိုင်း ချောမောနေသည့် ချောင်းလေးပင် ဖြစ်ပေတော့သည်။အမှန်က သူမ သူ့နာမည်ကို မမှတ်မိပေ။


သူမ စိတ်ထဲတွင် ထိုသို့သောလူနှင့် စကားတစ်ခွန်း၊နှစ်ခွန်းပြောလိုက်ရုံနှင့် ဘာမှမဖြစ်သွားနိုင်ဟု ထင်မိသည်။သူမကိုယ်တိုင်က ချောင်းလေး၏ ပျော့ညံ့သော ကိုယ်လုံးကိုယ်ပေါက်ကို မကြိုက်သည့်အတွက် လုံးဝ ဂရုမစိုက်ပေ။မည်သို့ပင်ဖြစ်စေ၊သူက အနည်းငယ်တော့ ချောမောသည်။


"အိုကေ... ရှင်တို့အသင်းရှုံးရင် ကျွန်မကို ခေါ်လို့ဆိုပြီး အပြစ်တော့ လာမပြောနဲ့"


ချောင်းမင်ယောင် က သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ ထူးဆန်းသည်က၊ သူသည် တစ်ခြားမိန်းကလေးများဆို စိတ်ထဲမှာ အထင်မကြီးသော်လည်း သူမကိုတော့ အနည်းငယ်လန့်မိလေ၏။အနည်းဆုံးတော့ သူမ၏ ရုပ်ရည်သည် အလွန်စိတ်ဝင်စားစရာကောင်းလှသည်။

လင်းယောင်ယောင် သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်နေသည် ။


"အရင်ဆုံးပြောထားတယ်...ရှင် ကျွန်မနဲ့အဖွဲ့တစ်ဖွဲ့ဖွဲ့နိုင်တယ်... ဒါပေမယ့် ကျွန်မကို လာမချစ်နဲ့... မဟုတ်ရင်အရမ်းဒုက္ခရောက်သွားလိမ့်မယ်"


"စိတ်ချပါ...ကိုယ်က ဗိုလ်ချုပ် လင်း ကို နာရီဝက်ကျော်ကြာအောင် တိုက်နိုင်ပေမယ့် မင်းက ငါ့အကြိုက်မဟုတ်ဘူး...ရင်သားကြီးပြီး ခြေတံရှည်တဲ့ မိန်းကလေးတွေကိုပဲ ကိုယ်က ကြိုက်တာ"


"ရှင်က လက်စသတ်တော့ အစ်ကိုကြီးလို လူမျိုးကို ကြိုက်တာကိုး...ကျွန်မကို ကြိုက်တာမဟုတ်ဘူးမလား... ဒါပေမယ့် အစ်ကိုကြီးက ယောက်ျားတွေကို မကြိုက်ဘူးဆိုတာ ရှင့်ကို သတိပေးထားမယ်နော်"

သူမကို လိမ္မာပါးနပ်စွာနှင့် နှိပ်ကွက်လိုက်ခြင်းပင်။ ချောင်းမင်ယောင် သူမဆိုလိုသည့်စကားကို တစ်ကယ်နားလည်သည်။


ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှုအတွက် မှတ်ပုံတင်စာရင်းကို လင်းရွှမ်ထံ မကြာမီ လွှဲပြောင်းပေးခဲ့သည်။ သူက ချောင်းမင်ယောင် နှင့် ရှေ့နောက် ရေးထားသည့် လင်းယောင်ယောင်၏ နာမည်ကို ကြည့်လိုက်သည်။ သူ စိတ်ထဲမှာ ချောင်းမင်ယောင်ကို ချက်ချင်းဆွဲခေါ်လာပြီး ထိုးချင်ကြိတ်ချင်စိတ်များဖြစ်လာတော့သည်။ သို့သော် အကြောင်းပြချက်ကို သူတွေးသောအခါ-


"မင်းရဲ့ညီက ငါ့ညီမလေးကို လုယူချင်နေတာလား"


သို့သော်၊သူတို့ ညီအစ်ကို နှစ်ယောက်စလုံးကို သူတို့မိဘများက မွေးခဲ့သည့်အတွက် သူ ဘာမှလုပ်လို့မရချေ။ဗိုလ်ချုပ် လင်း သည် စိတ်ပျက်လက်ပျက်နှင့် စိုးရိမ်နေခဲ့သည်။ Biying အသီး က သက်တမ်းကုန်ရန် တစ်လခွဲသာကျန်တော့သည်။သို့သော် လင်းယောင်ယောင် ၏ ကိုယ်လုံးကိုယ်ပေါက်သည် D+ သာ ရှိနေသေးသည်။စစ်ရေးလေ့ကျင့်မှုစည်းမျဉ်းအရ ခွင့်မပြုပါက သူမကို လင်းမိသားစုအိမ်သို့ ပြန်ခေါ်သွားပြီး ၂၄, နာရီပတ်လုံး ဆက်လက်လေ့ကျင့်ပေးစေလိုသည်။ ကံကောင်းထောက်မစွာ၊ တောထဲတွင် ရှင်သန်ခြင်းသင်တန်းကို သုံးရက်ကြာပြီးနောက်၊ အခြားအားလပ်ရက်ရှည်များလည်း ရှိလိမ့်မည် ဖြစ်သည်။ သို့သော်၊အရေးအကြီးဆုံးပြဿနာမှာ ညီမဖြစ်သူကို တခြားသူများက ပြန်ပေးဆွဲဖွယ်ရှိသည်။ သူမသည် ယခင်က ချောင်းမင်ယောင် လိုလူမျိုးကို မကြိုက်ဟုပြောခဲ့သော်ငြား တစ်နေ့နေ့မှာ ရုတ်တရက် ကြိုက်သွားနိုင်သည်။ ထို့ကြောင့်၊ ကလေးမလေး၏ ပုန်ကန်တတ်သော စိတ်ဓာတ်ကို သွားမဆွမိစေရန် ဖိအားပေး၍လည်းမရချေ။


လင်းယောင်ယောင် သည် ယနေ့ညနေပိုင်းတွင် နေအိမ်သို့ပြန်လာပြီး လင်းရွှမ် အား အားတက်သရော အစီရင်ခံခဲ့သည်


"အစ်ကိုကြီး... အဲဒီ ချောင်းလေးနဲ့ ညီမတို့ တွေ့ခဲ့တယ်...သိလား"


လင်းရွှမ်: "အိုး"


အစ်ကိုဖြစ်သူ၏ တုံ့ပြန်မှုက အနည်းငယ် အေးစက်နေပုံရသည်။သို့သော်၊ သူက မကြာခဏဆိုသလိုလေဖြတ်နေသည့် မျက်နှာထားသာ သူမကို တုံ့ပြန်တတ်တာကြောင့် သူမ အထူးအဆန်းလုပ်မနေတော့ပေ။


“ဒီနေ့ ချောင်းလေး နဲ့ စကားပြောဖြစ်တယ်...သူက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ”


လင်းရွှမ် : ......သူက အရမ်းပျင်းတယ်...ဒီကောင်က စိတ်ဝင်စားစရာတယ် လား...ရုပ်ကလည်း ဆိုးသေး...


သို့သော်၊သူက တည်ငြိမ်ဟန်ဆောင်ပြီး


"မင်းကြိုက်ရင် မင်းသူ့ကိုလိုက်နိုင်တယ်"


'ချောင်း မိသားစုထဲက ကောင်စုတ်လေးကို သဘောကျဖို့ သတ္တိရှိရင် မင်းသေပြီပဲ'


သူ စိတ်ထဲကတွေးလိုက်သည်။



Xxxx

Ei Thet Hmue