အခန်း ၂၁
Viewers 8k

Chapter 21

(နတ်သမီးလေး)


လင်းယောင်ယောင် သည် သူမ၏ အစ်ကိုကြီးမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသည်။


အရင်က သူမကို မချစ်ဖို့ တားမြစ်ခဲ့တာမလား..


မကြာသေးမီက အစ်ကိုကြီးဖြစ်သူအကြောင်းနှင့် အနာဂတ်အစီအစဉ်များကို တခြားမိန်းကလေးများက အမြဲမေးလေ့ရှိသည်ကို သူမ သတိရမိသည်။


ညီမတစ်ယောက်အနေနဲ့ သူမက အစ်ကိုကြီးကို သူများလက်ထဲထည့်ပေးဖို့ ဘယ်လိုဆန္ဒရှိနိုင်မှာလဲ...


ထို့ကြောင့်၊ သူတို့မှာ အရည်အချင်းရှိလျှင် လင်းရွှမ် ကို တိုက်ရိုက်သွားမေးလိုက်ဖို့နှင့် သူမသည် သတင်းစာမဟုတ်ကြောင်းပြောပြီး ပြဿနာကိုဖြေရှင်းလိုက်သည်။ ကံကောင်းစွာနှင့်၊ သူမသည် တခြားသူများနှင့် အလွန်နီးစပ်မှုမရှိဘဲ၊ မာနကြီးပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးအဖြစ် အရင်ကတည်းက ဟန်ဆောင်ခဲ့သည်။ ထို့ကြောင့်၊ဘာမေးမေး မပြောသဖြင့် တခြားသူများက သူမကို အနှောင့်အယှက်မပေးတော့ချေ။


သူ့ဆီကို တိုက်ရိုက်ချဉ်းကပ်တဲ့ မိန်းကလေးတစ်ယောက် တစ်ကယ်ရှိနေတာလား....


မကြာသေးမီက သူမ၏ အချစ်ရေးနှင့်ပတ်သက်၍ လင်းရွှမ် အထူးစိုးရိမ်ရသည့်အကြောင်းရင်းကို မျက်မြင်တွေ့သွားရသလို ခံစားလိုက်ရ၏။

"အစ်ကိုကြီး ကြိုက်တဲ့ ကောင်မလေးရှိလား....အစ်ကိုကြိီးက ရည်းစားထားချင်နေလို့ ချောင်းလေးကို ချစ်ခွင့်ပေးလိုက်တာလား...ညီမလေးက အစ်ကိုကြီးတို့ကို နှောင့်ယှက်မှာကို ကြောက်လို့ ညီမလေးကို တွန်းထုတ်လိုက်တာလား"


လင်းရွှမ် သည် ဤအဖြေမျိုးကို မမျှော်လင့်ထားခဲ့ပေ။ အဓိကကျသည်က သူမ စကား၏ပထမပိုင်းကသာ တိကျသော မှန်းဆချက်တစ်ခုပင်။ သူ အကြည့် လွှဲလိုက်ပြီး ပြောလိုက်သည်။


"ဘာတွေလျှောက်ပြောနေတာလဲ"


ဤအဖြေသည် အဓိကအားဖြင့် သူမ စကား၏ ဒုတိယတစ်ဝက်အတွက်ဖြစ်သည်။


ဘယ်လိုလုပ် သူမကို ဘယ်လိုတွန်းထုတ်ချင်ရတာလဲ....


သို့သော် သူစိတ်ထဲက သက်ပြင်းချမိသည်။ ကံကောင်းစွာနှင့်၊ မိန်းကလေး၏ ပထမဆုံးတုံ့ပြန်မှုမှာ ယခုလိုမဟုတ်တာကိုပင် ကျေးဇူးတင်နေရသည်။


"အခုတော့ ညီမလေး ရည်းစားထားလို့ရပြီဆိုတော့ အရမ်းဝမ်းသာတာပဲ"


လင်းရွှမ် ၏ ရှောင်တိမ်းနေသည့်အကြည့်သည် သံသယဖြစ်စရာကောင်းနေသည်ဟု လင်းယောင်ယောင် ခံစားမိသည်။ အမျိုးသမီးများသည် ဤပြဿနာမျိုးကို အမြဲတစေ အလွန်အကဲဆတ်ကြသည်။ သူမ အစိုးရိမ်ဆုံးအချက်ကို ဆုပ်ကိုင်ထားပြီး ပြန်ပြောလိုက်၏။


"အစ်ကိုကြီး တစ်ကယ်ကြိုက်တဲ့ မိန်းကလေးမရှိဘူးလို့ ကျိန်ရဲသလား"


လင်းရွှမ် နှုတ်ဆိတ်နေသည်။ သူဘယ်တော့မှ မလိမ်ချင်ပေ။


လင်းယောင်ယောင် မျက်လုံးထဲတွင် တိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဟု ဆိုလိုခြင်းဖြစ်သည်။ထို့ကြောင့် သူမ ခေါင်းအုံးကို ကိုင်ထားရင်း ဆိုဖာပေါ်မှာ အံ့အားသင့်စွာ မတ်တပ်ထရပ်လိုက်သည်။


"Fuck!အစ်ကိုကြီးလို အနှစ်တစ်ထောင် သံသစ်ပင်ကြီးက အခုတော့ တစ်ကယ်ပန်းတွေပွင့်လာတာပဲ....သူက ညီမတို့ အရန်ကုထုံးဌာနက မိန်းကလေးပဲလား"


လင်းရွှမ် သူမကို မော့ကြည့်လိုက်သည်။


မဟုတ်ဘူးလား...


ထိုမိန်းကလေးသည် သူမ မျက်စိရှေ့က အရန်ကုထုံးဌာနမှပင် ဖြစ်ရမည်။ သူက လေးနက်သည့် အကြောင်းအရာကို ရှောင်ပြီး လွှဲပြောလိုက်သည်။


"မိန်းကလေးတွေဆိုတာ အဆဲစကားတွေ မပြောသင့်ဘူး"


သို့သော်၊ ယခုအချိန်မှာတော့ လင်းယောင်ယောင် သည် သူ့အစ်ကိုကြီးကို အမည်မသိနတ်သမီးလေးက လုယူတော့မှာကို ပိုစိုးရိမ်နေမိသည်။ သူမစိတ်တွေ ပေါက်ကွဲတော့မှာ ဖြစ်ပြီး လုံးဝမတည်ငြိမ်နိုင်တော့။သူမသည် ခေါင်းအုံးကိုဆွဲကိုင်ကာ hot potထဲမှ ပုရွက်ဆိတ်ကဲ့သို့ ခြေဗလာဖြင့် အခန်းထဲသို့ အလျင်စလိုလျှောက်သွားလိုက်သည်။


လင်းရွှမ် သည် သူမ နားလည်မှုလွဲမှားနေသည်ကို မပြုပြင်ခဲ့ပေ။ သူ့ကို ဆုံးရှုံးရမှာကြောက်ပြီး တခြားကောင်မလေးတွေနှင့် အတူတွဲတွေ့နေရသည်ကို မကြိုက်တာတွေ့လိုက်ရတော့ သူ ထူးထူးခြားခြား ကျေနပ်သွားသည်။ဤခံစားချက်က သူမ၏ ကိုယ်ပိုင်အရုပ်များ လုယူခံရသည်ကို မကြိုက်သည့် ကလေးမလေး တစ်ယောက်နှင့် သိပ်မကွာခြားပေမယ့်လည်း ကလေးမလေး၏ ချစ်စဖွယ် မျက်နှာသည် နီမြန်းနေပြီး အထူးသိမ်မွေ့နေ၍ ချစ်စရာကောင်းနေသည်။ သူမသည် နီရဲသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေပြီး လေသံမှာလည်း စွပ်စွဲမှုများနှင့် ပြည့်နှက်နေသည်။


"ညီမလေး ရည်းစားမထားခင် အစ်ကိုကြီးလည်း ရည်းစားရှာမှာမဟုတ်ဘူးလို့ ကတိပေးခဲ့တယ်၊ ဒါပေမယ့် ရက်ပိုင်းလေးအတွင်းမှာပဲ ညီမရဲ့ အတန်းဖော်နဲ့ တစ်ကယ်ချစ်မိသွားခဲ့တယ်....အစ်ကိုကြီး ဘယ်လိုတောင် လုပ်ရက်တာလဲ"


လင်းရွှမ် သည် သူမ မျက်နှာလေးအား ဖျစ်ညှစ်ချင်စိတ်ကို အတင်းတောင့်ခံထားရသည်။ သူ၏နက်မှောင်ပြီး အေးစက်သောမျက်လုံးများက သူမအကြည့်ကို ရှောင်မသွားဘဲ တည့်တည့်ကြည့်နေသည်။


"ငါလည်း မမျှော်လင့်ထားဘူး... မင်းပြောတဲ့အတိုင်း ရုတ်တရက် ချစ်မိသွားခဲ့တာ"


လင်းယောင်ယောင် ချစ်သူတစ်ယောက်ရှာတွေ့ရန် သူ အစကတည်းက စောင့်မျှော်နေခဲ့ပြီး ရှာတွေ့သွားပါက၊ သူ ကိုယ်တိုင်လည်း အမှန်တစ်ကယ် လွတ်လပ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်၊ သူမနှင့် တစ်ခြားကောင်လေးများ စကားနည်းနည်းလေး ပြောနေတာကို သူမြင်လိုက်တိုင်း အမည်မဖော်လိုသည့် မီးတောက်တစ်ခု သူ့နှလုံးသားထဲမှာ တောက်လောင်နေရ၏။ သူ ထိုကောင်စုတ်လေးများကို ထိုးကြိတ်ပြီး အာကာသထဲကို ပစ်ချချင်မိသည်။


လင်းယောင်ယောင်သည် အစ်ကိုဖြစ်သူက တစ်နေ့နေ့မှာ ယခုလိုမျိုး ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အတော်လေးအံ့ဩနေမိသည်။ သူမ အံ့အားသင့်သွားချိန်မှာပင် လင်းရွှမ် လှည့်ထွက်သွားပြီး သူ့အခန်းကို လျှောက်သွားကာ တံခါးဝနားမှာရပ်လိုက်သည်။


" မင်းရဲ့အတန်းဖော်မဟုတ်ဘူး"


သူမ ချက်ချင်းပင် တံခါးဝတွင်ရပ်နေသော သူ့အနားကို အတင်းပြေးလာပြီး တံခါးရွက်ကို မပိတ်ရအောင် ခြေထောက်ခံထားလိုက်၏။


"သူမက ဘယ်နတ်သမီးလဲ...‌ပြော..ပြော...မသိရဘူးဆိုရင် စိတ်ထဲမှာ တနုံ့နုံ့နဲ့ တအား ခံပြင်းစရာကောင်းတယ်"


သူမ လေသံက အလွန် စိတ်မသက်မသာ ဖြစ်နေလေသည်။ လင်းရွှမ် သည် သူမ၏ ကျောက်စိမ်းဖြူရောင် ခြေဖဝါးလေးကို ငုံ့ကြည့်လိုက်သည်။ အလေးမအပြေးကိုလေ့ကျင့်ခဲ့ရပြီး ယခုလည်း ပြေးလာရ၍ ခြေချောင်းများနှင့်၊ခြေဖဝါးလေးများက နည်းနည်း နီမြန်းနေသည်။ကလေးမလေးမှာ လေ့ကျင့်မှု ပြင်းအားနှင့် လိုက်လျောညီထွေ ဖြစ်လာသည့်အတွက်ကြောင့် အရည်ကြည်ဖုလေးလောက်ကိုတော့ သူ ပြုစုပေးစရာမလိုအပ်ချေ။ သူ မျက်မှောင်ကြုတ်ပြီး


"မင်း ခြေဗလာနဲ့ မပြေးလာနဲ့လေ...သွားပြီးတော့ ဖိနပ်စီးလိုက်"


ထို့နောက် သူ ခေတ္တရပ်လိုက်ပြီး အေးစက်သောမျက်ခုံးများက ရုတ်တရက် အနည်းငယ်ပျော့သွားကာ သူမကိုကြည့်လိုက်၏။


"နတ်သမီးမဟုတ်ဘူး... အင်း ဟု‌တ်တော့ ဟုတ်တယ်... သူမက နတ်သမီးလေးလို့ ပြောလို့ရတယ်"


"ယောင်‌ယောင်" ဟူသော အမည်က လှပသော နတ်သမီးလေးအတွက် အထူး သင့်လျော်သည်။ ထို့ကြောင့်လားမသိ၊သူမ ဒေါသထွက်နေချိန်အထိ အလွန်ချစ်စရာကောင်းလှသည်။


ဖိနပ်စီးဖို့အထိ သူမ ဘယ်လိုဂရုစိုက်နိုင်မလဲ...


သူ့ကိုကြည့်ရသည်မှာ တော်တော်လေး ရောဂါကျွမ်းနေပုံရသည်။သူမ စိတ်ကိုတည်ငြိမ်အောင်ထားပီးနောက်မှ အတော်‌စိုးရိမ်လွန်နေကြောင်း ရိပ်မိလိုက်သည်။


"အစ်ကိုကြီး တစ်ကယ်လုပ်ချင်တယ်ဆို... ညီမတစ်ယောက်အနေနဲ့ တစ်ကယ်တားမှာမဟုတ်ဘူး....အစ်ကိုကြီး ညီမလေးကို ပြောပြရင် အကြံဥာဏ်တစ်ခုပေးနိုင်လောက်တယ် မလား"


ဤလှည့်ကွက်ကို ချီတက်နေစဉ် ဆုတ်ခွာခြင်းဟုခေါ်သည်။ အနည်းဆုံးတော့ ထိုကောင်မလေးကို ဖျက်ဆီးမပစ်ခင် သူမ ဘယ်သူလဲဆိုသည်ကို သိထားရပေမည်။သို့သော်လည်း လင်းယောင်ယောင် သည် ဘယ်နေရာမှစ၍ ဖျက်ဆီးရမည်ကို မသိပေ။ အစ်ကိုကြီးက အရပ်ရှည်၊ ရုပ်ချောချောနှင့်၊ ချမ်းလည်း ချမ်းသာသည်။ ပို၍ အရေးကြီးသည်မှာ သူသည် အလွန်သန့်ရှင်းသည့် စိတ်နေစိတ်ထားရှိပြီး အပြစ်ကင်းကာ စေတနာရှိသူဖြစ်သည်။


ဘယ်မိန်းမက သူ့ကို တားနိုင်မှာလဲ....


နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် သဘောကျသည် ဆိုလျှင်တောင်မှ ညီမလေးတစ်ယောက်အနေနှင့် သူတို့နှစ်ယောက် ဒုက္ခရောက်အောင် လုပ်မှာဖြစ်သည်။ သို့သော်၊လင်းရွှမ် သူမကို မုန်းသွားမှာ ကြောက်သည်။ ကောင်မလေး၏ ရိုင်းစိုင်းသော အတွေးများသည် လုံးဝမရပ်တန့်နိုင်တော့‌ေပ။


လင်းရွှမ် သည် မူလက အနည်းငယ် ကျေနပ်နေသော်လည်း ပျော်ရွှင်သော ခံစားချက်လေးများ ရုတ်တရက် ပြောင်းလဲသွားကာ...


"မင်း ငါ့ကို မတားဘဲ အကြံဥာဏ်တွေ ပေးချင်တယ်ဟုတ်လား"


လင်းယောင်ယောင် သည် မသိစိတ်က ခေါင်းညိတ်ပြမိသော်လည်း လင်းရွှမ် က သူမ၏ "အကြံ" ကြောင့် ထိုကောင်မလေးကို လိုက်ရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပါက... သူမ ဒုက္ခရောက်သွားပေလိမ့်မည်။ သူမ ခေါင်းကို အမြန်ယမ်းလိုက်ပြီး စကားပြောင်းလိုက်သည်။


"မေ့လိုက်ပါ အစ်ကိုကြီး...ကိုယ့်ဟာကိုယ်ပဲ လိုက်တော့... ငါ့အစ်ကိုက အရမ်းအစွမ်းထက်တယ် ဆိုတော့ ဘယ်မိန်းကလေးကိုမဆို ရမှာပါ... အဲဒါက ပြဿနာမဟုတ်ဘူး"


လင်းရွှမ် ဘယ်သူ့ကို ကြိုက်မှန်း သူမ မသိသေး။ မဟုတ်လျှင်၊ သူမက သူတို့ ဆက်ဆံရေးကို ဖျက်စီးလိုသည့် ဆန္ဒကို မထိန်းချုပ်နိုင်ဘဲ နောက်ဆုံးမှာ ရွံရှာဖွယ်ကောင်းသော ညီမတစ်ယောက် ဖြစ်လာမှာကို သူမ ကြောက်ရွံ့နေမိသည်။သူမ ဘာကြောင့် ဤမျှ ဆိုးရွားသော အကြံအစည်များ ရှိသည်ကို မသိတော့ပေ။ဤလတွင် သူမသည် လင်းရွှမ် ၏ ကြင်နာမှုကို ပြသရန် ကျင့်သားရလွန်းနေမိသည်။ လင်းရွှမ် သည် သူမထက် ပိုနှစ်သက်သော မိန်းကလေးကို ယခုလို ဆက်ဆံသွားမှာ သူမကြောက်မိသည်။ ထို့ကြောင့် သူမ ချက်ချင်းလှည့်ထွက်လိုက်ရာ လင်းရွှမ် က သူမ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး


"မင်း မကြိုက်တဲ့သူကို ငါကလည်း မရွေးပါဘူး...မင်းဆီက သဘောတူညီချက်ကို ရဖို့ ကြိုးစားဦးမှာပါ"


သူမရဲ့ သဘောတူချက်ကို လိုချင်တာလား...


သူ့အိမ်မက်ထဲမှာလည်း ညီမဖြစ်သူကို ချစ်မိသွားပြီး အစ်ကိုတစ်ယောက် မလုပ်သင့်သည့် အရာတွေကို ထပ်ခါတလဲလဲ လုပ်ခဲ့၏။ သို့သော်၊ လက်တွေ့မှာတော့ သူ ဘယ်တော့မှ အတင်းအကြပ်လုပ်မှာမဟုတ်ပေ။ကလေးမလေးက သူ့ကို ဘယ်လောက် ဂရုစိုက်မှန်း သူ မြင်လိုက်ရလျှင်... လင်းရွှမ် သူမ အပြုံးကြောင့် သူ့နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ သူသည် စည်းမျဉ်းကိုဖြတ်ပြီးလျှင် နောက်ပြန်ဆုတ်၍ မရတော့ပေ။ လုံခြုံသောအကွာအဝေးဟု ခေါ်သော နေရာအထိ ဆုတ်ခွာရန်လည်း သူ့ကိုယ်သူ အတင်းအကျပ် မလုပ်ချင်ပေ။သို့သော် ယခုအချိန်သည် မှန်ကန်သော အချိန်မဟုတ်ပေ။ သူ့ဘက်က မစလျှင် ထူးချွန်သော ယောက်ျားလေးများစွာ၏ အချစ်ကို ရရှိထားသော လင်းယောင်ယောင် ကို ကြည့်နေရမည်ဟုလင်းရွှမ် သိလိုက်သည်။


အချိန်မရွေး သူမသည် သူတို့ထဲက တစ်ယောက်ကို သဘောကျပြီး ချစ်မိသွားနိုင်သည်။ အချစ်ရေးတွင် သူမ စိတ်ထိခိုက်နိုင်ပြီး တစ်ဖက်သား၏ စိတ်ပြောင်းလဲခြင်းကို ကြုံတွေ့ရနိုင်သည်၊ သို့မဟုတ် တစ်နေ့တွင် သူမသည် ထိုကောင်လေးအပေါ် ငြီးငွေ့လာလိမ့်မည်၊ သို့မဟုတ် သေသည်အထိ ပျော်ရွှင်စွာ နေထိုင်သွားပေမည်။ သူမအတွက် အကောင်းဆုံးရလဒ်ဖြစ်သည့် သေသည့်တိုင်အောင် ပျော်ရွှင်စွာနေထိုင်မည် ဆိုလျှင်လည်း မဆီမဆိုင် သူ လက်ခံရန်ခက်ခဲနေဆဲဖြစ်သည်။ နေ့စဥ် စိတ်ဓာတ်ကျခြင်းနှင့် ဇွဲလုံ့လတို့၌ တစ်ခဏတာ မငြိမ်မသက် အတွေးတစ်ခုမျှသာ ဖြစ်သော်လည်း၊ သူမ၏ စိတ်မရှည်မှုတို့သည် ပို၍ပြင်းထန်လာသည်။


ထိုအချိန်တွင် လင်းယောင်ယောင် ၏ ရှုပ်ထွေးသောခံစားမှုများနှင့် နားမလည်နိုင်သော အတွေးများသည် လင်းရွှမ် စကားကြောင့် သက်သာရာရသွားသည်။သူ ဘယ်သူ့ကို ကြိုက်သည်ဖြစ်စေ၊ အနည်းဆုံးတော့ သူမ၏ ခံစားချက်တွေကို ဂရုစိုက်နေမှာပင်။ ဆိုလိုသည်မှာ သူမသည် ထိုအမည်မသိ "နတ်သမီးလေး" ထက် ပိုအရေးကြီးသည်။ ညီမတစ်ယောက်အနေနှင့် အစ်ကိုကြီး၏ ပျော်ရွှင်မှုကို တားမြစ်ပိတ်ပင်သည်က အတော်လေး မကောင်းပေ။ ထိုအစား၊အစ်ကိုကြီး၏ ကြင်ဖော်ကြင်ဖက်အတွက် သင့်တော်သူများကို မည်သူကပိုလှသည်၊မည်သူက ပို၍နူးညံ့သိမ်မွေ့သည်၊မည်သူက သဘောပိုကောင်းသည်၊မည်သူက တစ်ကယ့်မေတ္တာနှင့် ချစ်၊မချစ်ကို ခွဲခြမ်းစိတ်ဖြာ၍ ပေးသင့်သည်။ တစ်ယောက်နှင့် သဘောမတူဘူးဆိုသည့် သဘောမျိုးထား၍မရချေ။သူမ ခေါင်းကို လှည့်ကာ ပြောလိုက်သည်။


"တစ်ကယ်လား အစ်ကိုကြီး ကတိပေးရမယ်!"


ထိုသို့ပြောနေစဉ်တွင် သူမ၏ ညာဘက် လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်သည်။ လင်းရွှမ် သည် ကလေးမလေး၏ ဖြူဖွေးနူးညံ့သော လက်ချောင်းလေးများကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီး...


"ငါ မမေ့ပါဘူး"

သူမ လက်ချောင်းလေးကို ထပ်ခါယမ်းလိုက်ပြီး ပြောလိုက်သည်။


"ဒါဆို ညီမလေး လက်ချောင်းကို ချိတ်လိုက်...အဲ့ဒါ ကတိပေးတာပဲ"


လင်းရွှမ် နားမလည်။


အိုး! သူမနှင့် ကြယ်တာရာခေတ်မှ လူများကြားတွင် မျိုးဆက်ကွာဟချက်ကြီးကြီးမားမား ရှိနေပုံရသည်။ ထို့ကြောင့် သူ၏ လက်ချောင်းအကြီးကြီးကို ကိုင်ပြီး သူမ လက်ချောင်းနှင့် ချိတ်ထားကာ ဖျစ်ညှစ်လိုက်လေသည်။


"ရှေးရှေးတုန်းက ကမ္ဘာခေတ်မှာဆို တရုတ်ပြည်မှာ တစ်ယောက်နဲ့တစ်ယောက် သဘောတူရင် ဒီလို လုပ်ရတယ်...အဲ့ဒါ ကတိပေးတာ... ပျက်ကွက်တဲ့သူက လိပ်ပဲ!"


လင်းရွှမ် သည် သူမ၏ လက်သန်းကလေးကို သာသာယာယာ ဆုပ်ကိုင်ထားပြီး ပန်းရောင်သန်းနေသည့်လက်သည်းကလေးကိုလည်း သေသေချာချာကြည့်လိုက်၏။


"လိပ်ဆိုတာ ဘာလဲ...စားလို့ရလား"


တိရိစ္ဆာန်အများစုသည် ကြယ်တာရာခေတ်တွင် ရှားပါးသောပါဝင်ပစ္စည်းများအဖြစ် စာရင်းသွင်းထားပြီး မြင်ဖူးသူ သိပ်မရှိကြပေ။သူမ သူ့စကားကိူကြားကြားချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လင်းရွှမ် သည် အေးတိအေးစက် မျက်စိအမြင်မရှိသူဟု သူမ ထင်ခဲ့ဖူးသော်လည်း ယခုမူ အတော်လေးရယ်စရာပြောတတ်သူမှန်း နားလည်သွားသလိုပင်။ထို့နောက် စောစောက ပြောနေသည့် စကားများကို ပြန်အမှတ်ရသွားပြီး...


"အစ်ကိုကြီး...ညီမလေးက ချောင်းလေးကို မကြိုက်ပေမယ့် တခြားကောင်လေးတစ်ယောက်ကိုလည်း အမြန်ကြိုက်ချင်ကြိုက်သွားမှာပါ...အစ်ကိုကြီးကို အကြာကြီးအပိုင်မသိမ်းထားပါဘူး...ညီမလေးတစ်ကယ်ချစ်တဲ့သူက အစ်ကိုကြီးကို နာရီဝက်ကြအောင် မတိုက်နိုင်ရင်လည်း အစ်ကိုကြီး လက်ခံပေးရမယ်…အိုကေ"


လင်းရွှမ် သည် ညီမဖြစ်သူ၏ ဖြူဖွေးနူးညံ့သော လက်ကလေးကို ညှစ်ထားသည်။ သူ့နှလုံးသားမှာ ရင်ခုန်စိတ်လှုပ်ရှားနေသော်လည်း ရုတ်တရက် ရေခဲရေနှင့် ဖြန်းလိုက်သလို အေးခနဲ ဖြစ်သွားသည်။ ထို့နောက် သူမ လက်ကလေးကို လွှတ်လိုက်ပြီး တံခါးဘောင်မှ သူမ ကိုယ်လုံးကို တွန်းထုတ်လိုက်သည်။


"မရဘူး"


ထို့နောက် တံခါးကို ဘုန်းကနဲမြည်အောင် ပိတ်ပစ်လိုက်သည်။


'ခဏနေက အကောင်းကြီးကို...အခု ဘာလို့စိတ်ဆိုးနေပြန်ပြီလဲ'


သို့သော် မကြာမီတွင် မောင်နှမနှစ်ယောက်၏ ဤပြဿနာများကို ဆက်လက် အငြင်းပွားရန် အချိန်မရှိတော့ပေ။


နောက်တစ်နေ့သည် ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်ရေး စတင်သည့်နေ့ဖြစ်သည်။ သင်တန်းဆရာများသည် မော်နီတာဖြင့်သာ ကျောင်းသားတို့၏ စွမ်းဆောင်ရည်ကို ကြည့်ရှုနိုင်ပြီး အတူလိုက်ကြည့်၍ မရပေ။ ဆိုလိုသည်က တစ်လနီးပါး အတူတူနေခဲ့ကြသည့်မောင်နှမ နှစ်ယောက်မှာ သုံးရက်လောက် လမ်းခွဲကြရမှာ ဖြစ်သည်။


သို့သော် လင်းယောင်ယောင်သည် လုံးဝ ကြေကွဲဝမ်းနည်းမနေသည်ကို လင်းရွှမ် တွေ့ရှိခဲ့၏။ လှောင်အိမ်ထဲက ငှက်ကလေး တစ်ကောင် အပြင်ထွက်ရတော့မလိုပင် သူ့နှလုံးသားထဲမှာ စိတ်လှုပ်ရှားပြီး မျှော်လင့်ချက်အပြည့်နှင့်ပင်။


"အစ်ကိုကြီး...ဒီသုံးရက် လေ့ကျင့်နေတုန်း ညီမလေးကိုချည်း လိုက်ကြည့်နေစရာမလိုဘူးနော်....အနာဂါတ် ယောက်မလောင်းလေးကို ရအောင်လိုက်စမ်းပါ"


သူ စိတ်ပါညစ်သွားရ၏။


သူမက တခြားနေရာကို သွားနေတဲ့ဟာ...ငါက ဘယ်လိုလုပ် သူမကို လိုက်လို့ရတော့မှာလဲ…


အသိစိတ်မရှိသော ဤမိန်းမငယ်လေးသည် မနေ့ညကပင် သူ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိနေသည်ကို သိသိချင်းက သေတော့မလိုမျိုး ဖြစ်ခဲ့သည်။ သို့သော် ယနေ့တွင် သူမသည် ကောင်းကောင်းထိန်းချုပ်တတ်နေလေပြီ။


"ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး မင်းအဖွဲ့ထဲက ယောက်ျားလေးတွေနဲ့ ဝေးဝေးမှာနေ"


လင်းယောင်ယောင် က သူ့စကားကို ဘယ်ဘက်နားထဲဝင် ညာဘက်နားထဲက ထွက်သလိုမျိုး ယူဆကာ ဘာမှ ပြန်မပြောခဲ့ပေ။


"ဘာလို့ ဝေးဝေးမှာနေရမှာလဲ...ကျွတ်ကျွတ်...ချောင်းလေးလို ဟာမျိုးဆီကသာ ဝေးဝေးနေရရင် ဘယ်ကောင်လေးမှ ယုံစရာကောင်းမှာမဟုတ်တော့ဘူး…သူက ဒီလောက်ဖြူစင်နေတဲ့ပုံလေးကို"


မကြာမီ အစ်ကိုကြီးဖြစ်သူ၏ မျက်နှာက မည်းလာတော့မှာဖြစ်၍ လင်းယောင်ယောင် တံခါးဝနားကို အလျင်အမြန် ပြေးထွက်သွားသည်။


"အစ်ကိုကြီး...ညီမလေး သွားပြီ...ညီမ‌လေးကို သတိရနေနော်"


လင်းရွှမ် စိတ်ထဲမှာ 'ငါပြောချင်တာလည်း ဒါပဲ' တွေးလိုက်သည်။



Xxxxxx