အခန်း ၂၂
Viewers 8k

Chapter 22

(အသင်းဖော်များကို အနိုင်ယူခြင်း)



သူမ ငြိမ်ပြီး ဆက်မထိုင်နိုင်တော့၍ လက်ကို မြှောက်လိုက်သည်။


"ငါချက်လိုက်မယ်...စားချင်ရင် နင်တို့အားလုံး ငါ့အစီစဉ်ကို နားထောင်ရမယ်... ချောင်းမင်ယောင် က တောထဲသွားပြီးအသီးအနှံတွေ ခူးတာအပြင် ယုန်နှစ်ကောင် ဒါမှမဟုတ် တောဝက်နှစ်ကောင် ရှာလာ..ယဲ့ရှီက ငှက်ဥရော ရှာမယ်...ပြီးတော့ ငှက်နှစ်ကောင် ဖမ်းလာခဲ့...ဝေယွမ်က မြစ်ထဲမှာ ငါးဖမ်းမယ်…”


သူတို့ စားနိုင်ရန် သန့်ရှင်းပြီး သဘာဝအရသာရှိသော တောရိုင်းပါဝင်ပစ္စည်းများကို သူမမြင်ခဲ့သည်။ သူမ မစားရဘဲလွတ်သွားခဲ့လျှင် သူမနှလုံးသားတစ်ခုလုံး သွေးထွက်သွားမည်ဖြစ်သည်။


ထို့နောက် လင်းယောင်ယောင် သည် အာကာသခလုတ်မှ ရိုးရှင်းသော မီးဖိုချောင်သုံးပစ္စည်းများကို ထုတ်ယူလိုက်သောအခါ တိုက်ခိုက်ရေးသမားသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ဝေ့ယွမ် က ပထမဆုံး အပေးအယူလုပ်လာသည်။


"ကလေးမလေးကို အခွင့်အရေးပေးလိုက်စမ်းပါ...အချိန်အများကြီးကုန်မှာမဟုတ်ဘူး"


ယဲ့ရှီက ပြုံးပြီး


" အလှလေး ချက်တာက စုန်းဟင်းမျိုးဆိုရင်တောင် ငါကတော့ စားမှာပဲ"


ချောင်းမင်ယောင် က သူတို့နှစ်ယောက် ပူးပေါင်းဖို့ ကြံစည်နေတာကို မြင်လိုက်ရလျှင် သူ့လက်ကို ဖြန့်ပြီး ပြောလိုက်၏။


"မေ့လိုက်တော့... အဆိုးဆုံးဆိုရင်တောင် ငါကိုယ်တိုင် ခူးထားတဲ့ တောရိုင်းအသီးအနှံတွေကို စားကြရမှာပဲ…သူမကို ယုံနေရင် ငါတို့ငတ်လိမ့်မယ်"


ထိုစဉ် လင်းယောင်ယောင် သည် အနီးနားရှိ လိုအပ်သော ပါဝင်ပစ္စည်းများကို စတင်ရှာဖွေခဲ့သည်။ မကြာမီတွင် မှို၊ မျှစ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်မြိတ်၊ တရုတ်ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ဂျင်းရိုင်းနှင့် အခြားအဆင့်နိမ့် ဆေးဖက်ဝင်ပစ္စည်းများ အများအပြားကို တွေ့ရှိခဲ့သည်။ တောတွင်းသားအဖြစ် နေထိုင်ကြရမည့် ပထမနှစ်ကျောင်းသားများအတွက် အထောက်အကူဖြစ်စေရန် တပ်ရင်းမှူးသည် အနိမ့်ပိုင်းနှင့် အလယ်အလတ်တန်းစား အစားအစာနှင့် ဆေးဖက်ဝင်ပစ္စည်းများကို ပုံမှန် နေရာချပေးမည်ဟု ဆိုထားသည်။


သို့သော်၊ ဤပါဝင်ပစ္စည်းများအများစုကို ပေါင်းမြက်များအဖြစ် သဘောထားကြပြီး ကျောင်းသားသစ်အများစုက လျစ်လျူရှုထားသည်။ လူအနည်းငယ်ကသာ ဤပါဝင်ပစ္စည်းများကို မှတ်မိကြသော်လည်း ချက်ပြုတ်စားရကောင်းမှန်း မသိပေ။ သို့သော်၊တစ်ချို့ကမူ အရသာကို မြည်းကြည့်ပြီးနောက် တောရိုင်းအသီးအနှံများ စားခြင်းထက် အရသာပိုကောင်းကြောင်း တွေ့ရှိခဲ့ကြသည်။


ဝေ့ယွမ် သည် ငါးကြီးနှစ်ကောင်ကို အလျင်အမြန်ဖမ်းပြီး ကမ်းပေါ်ပစ်ချလိုက်သည်။ ထို့နောက် လင်းယောင်ယောင် သည် ပစ္စည်းများကို ရယူပြီး သန့်ရှင်းရေးလုပ်ခဲ့သည်။သူမ တွေ့ထားသည့် အစားအသောက်များက ရှုပ်ပွနေတာကို ကြည့်ပြီး သူက တုံ့ဆိုင်းသွားကာ


"မှိုနဲ့ မျှစ်ကို ရေနဲ့ပြုတ်ပြီးရင် အရသာရှိလာမှာလေ…တခြား ပါဝင်ပစ္စည်းတွေက အရသာတော့ မရှိလောက်ဘူး... ဒါ စားလို့ရရဲ့လား"


ဝေ့ယွမ်က သူမ တူးခိုင်းထားသည့် ရှည်လျားသော ဝဥများကို မြေကြီးပေါ် ချထားလိုက်ရင်း ပြောလိုက်သည်။


"ရှိတယ်… ဒီဟာက ကစီဓာတ်ကြွယ်ဝပြီး အဓိက အစားအစာအဖြစ်တောင်သုံးလို့ ရတယ်"

သို့သော်၊ဝေ့ယွမ် တစ်ယောက် ချီတုံချတုံဖြစ်နေဆဲပင်။သို့သော် လင်းယောင်သည် သူမ၏ လက်ထက်ကြီးသော ငါးတစ်ကောင်ကို ဖမ်းဆုပ်ကာ သေသေသပ်သပ် သတ်လိုက်ပြီး အတွင်းအင်္ဂါများကို ဖယ်ရှားလိုက်သောအခါ ဝေယွမ် အနည်းငယ်တုန်လှုပ်သွားသည်။ ကလေးမလေး လုပ်တတ်နေသည်မှာ အံ့ဩစရာပင်။ လူကြီးတစ်ယောက်အနေနှင့်တောင် အနံ့ပြင်းပြီး ချောနေသည့်ငါးကို လက်နှင့် ထိဝံ့ကြမည်မဟုတ်။


ခဏအကြာတွင် ချောင်းမင်ယောင်နှင့် ယဲ့ရှီတို့လည်း ပြန်လာခဲ့ကြသည်။ ယုန်နှစ်ကောင်၊ တောဝက်ငယ်တစ်ကောင်၊ ငှက်နှစ်ကောင်၊ တောရိုင်းအသီးအနှံတစ်ထုပ်နှင့် ဥအနည်းငယ်တို့ကို ပြန်ယူလာကြသည်။ ပါဝင်ပစ္စည်းများကိုကြည့်လိုက်ရာ လင်းယောင်ယောင် သည် ငါးနှစ်ကောင်တွင်၊တစ်ကောင်ကို ငါးကင်လုပ်ပြီး နောက်တစ်ကောင်ကို ဝဥနှင့် ရော၍ ငါးစွပ်ပြုတ်လုပ်ရန်အတွက် စိတ်ကူးတစ်ခုရှိနေသည်။


ငှက်ကောင်နှစ်ကောင်ရှိသဖြင့် တစ်ကောင်ကို မှိုဖြင့်ပြုတ်ပြီး တစ်ကောင်ကို ပုံမှန်အတိုင်း ပြုတ်လိုက်သည်။ယုန်များကို ကြော်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေကို ရွေးသည့်အခါ၊ ဇီရာကို ရွေးလိုက်၏။ တောဝက်များအတွက် အရိုးနုကို ကင်ရန်အတွက် အသုံးပြုရပြီး အဆီများသော အပိုင်းကို မျှစ်များ၊ ဟင်းသီးဟင်းရွက်များဖြင့် ကြော်ရသည်။ အဆီများကို ဆီအတွက် ပြန်ကြော်၍ရနိုင်ပြီး ပိန်သောအသားနှင့် နံရိုးအပိုများကို ညနေပိုင်းအတွက် သီးသန့်ထားရှိသည်။ ကြက်သွန်မြိတ်နှင့် မွှေကြော်ထားသည့် နောက်ထပ် ကြက်ဥကိုလည်း လုပ်ရ၏။


လင်းယောင်ယောင် ချက်ပြုတ်နေစဉ် ပါဝင်ပစ္စည်းများကို စိတ်ရှည်သည်းခံပြီး အနည်းငယ်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည့် ဝေ့ယွမ် သည် သူမနှင့်အတူနေကာ လုံခြုံရေးကို စောင့်ရှောက်ခဲ့သည်။ တောရိုင်း အသီးအနှံများကိုသာ ခူးယူပြီး ငှက်ဥများကို ကောက်နိုင်သူ အလှလေး ချောင်း နှင့် စစ်သည် ယဲ့ တို့သည် အနီးနားရှိ အမှတ်စာရင်းများကို ရှာဖွေရန် အရှိန်ပြင်းပြင်းဖြင့် စစ်ဘက်ဆိုင်ရာ အမြန်ကားကို မောင်းနှင်ခဲ့ကြသည်။ လင်းယောင်ယောင် က သူတို့ကို နာရီဝက်အတွင်း ပြန်လာခိုင်းထားသည်။


စောင့်ကြည့်ရေးကိရိယာများရှေ့တွင် လင်းရွှမ်သည် သူ့၏ စောင့်ကြည့်ဗီဒီယိုကို မလှုပ်မရှား ကြည့်နေသည်။ သူသည် အစားအစာပါဝင်ပစ္စည်းများကို ကျွမ်းကျင်စွာနှင့် လျင်မြန်စွာ ကိုင်တွယ်ကာ တည်ငြိမ်သောအမူအရာရှိနေသည့် သူမကို သေချာ ကြည့်နေသည်။ လွန်ခဲ့သော နှစ်လက သူစားခဲ့သော ယောင်‌ယောင် ၏ အရသာရှိသော နေ့လယ်စာကို ပြန်တွေးကြည့်လျှင် အသင်းဖော် သုံးယောက်သည် သူမ၏ လက်ရာကို လုံးလုံးလျားလျား စွဲလမ်းသွားတော့မည်မှာ သေချာသည်။ ကလေးမလေး၏ အရည်အချင်းက ဖုံးကွယ်လို့ မရပေ။လူတိုင်း သူမ အကြောင်းကို သိပြီးနောက်၊ သူ့အတွက် အချစ်ရေးပြိုင်ဖက်များသာ တိုးပွားလာလိမ့်မည်။ လင်းရွှမ် က သူမကို ဖုံးကွယ်ပြီး ဖွက်ထားချင်သော်ငြား၊ မဖြစ်နိုင်မှန်း သူသိသည်။ သူလုပ်နိုင်တာက သူမ၏ တံဆိပ်ကို တတ်နိုင်သမျှ မြန်မြန်ပေးလိုက်ဖို့ပင်။


သို့သော်၊ သူ့ကို အစ်ကိုလို ဆက်ဆံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ....


လင်းယောင်ယောင် က အလွန်ပါးလွှာသော ဆေးလက်အိတ်များကို ဝတ်ဆင်ကာ ငါးနှစ်ကောင်ကို လျင်မြန်စွာ ကိုင်တွယ်ခဲ့သည်။ ငါးက အတော်လေး ကြီးပြီး မပိုင်းဘဲ မကျက်နိုင်သောကြောင့် ပြုတ်ရမည့် တစ်ပိုင်းအား နှစ်ခြမ်းခွဲလိုက်သည်။


ကင်ရမည့် တစ်ပိုင်းကို ဂျင်း၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်တို့ဖြင့် နှပ်ထားလိုက်သည်။


၀ဥမှာ ကိုင်တွယ်ရ အလွန်လွယ်ကူသည်။ ဆေးလက်အိတ် ဝတ်ထားသောကြောင့် လက်ယားယံခြင်း ပြဿနာရှိမည်မဟုတ်‌ေပ။


ကံကောင်းစွာဖြင့် သူမ နောက်ထပ်အိုးနှစ်အိုးကို တောင်းဆိုလိုက်ပြီး တစ်အိုးမှာ ကျောက်စွမ်းအင်သုံး ပေါင်းအိုးဖြစ်၍ပြုတ်ချက်ရန်အထူးအသုံးပြုနိုင်ပြီး ဟင်းချိုချက်ရာတွင် အထူးကောင်းမွန်သည်။


လင်းယောင်ယောင် က ကြက်သွန်စိမ်းကို ရှာမတွေ့သောကြောင့် ဂျင်းအတုံးများကို လှီးပြီး ကြက်သွန်ဖြူနှင့်အတူ မီးအေးအေးတွင်နှပ်စေပြီး ဟင်းခတ်အနှစ်တွင် ငရုတ်ကောင်း အနည်းငယ် ထည့်လိုက်သည်။


ေ၀့ယွမ်က လင်းယောင်ယောင် ညွှန်ကြားချက်အတိုင်း ရေနွေးပူပူ၌ ပြုတ်ထားသော ရစ်သားကို ကိုးရိုးကားရား ဆယ်ယူနေသည်။


အကြောင်းမလှစွာဖြင့် တိုက်ခိုက်ရေးကွပ်ကဲမှုဌာနမှ ဂုဏ်သိက္ခာရှိသော ထိပ်တန်းကျောင်းသားက အရာရာကို သင့်တင့်လျောက်ပတ်စွာလုပ်ဆောင်နိုင်သူဖြစ်သော်လည်း ရစ်နှစ်ကောင်ကို မကိုင်တွယ်နိုင်ပေ။လင်းယောင်ယောင် ငါးကို ချက်ပြုတ်ပြီးသည်အထိ သူ ကြက်တောင်ပံတစ်ဖက်မှ အမွှေးများကိုသာ ဆွဲနှုတ်နိုင်သေးသည်။


လင်းယောင်ယောင် ဤတိုက်ပွဲကိုကိုယ်တိုင်တိုက်မှရ‌ေပမည်။အမှန်တကယ်တွင် သူမ ကြက်များကို သတ်ရာ၌ ကျွမ်းကျင်မှုရှိသူမဟုတ်။ ယခင်တုန်းက ဝယ်လာသော ကြက်အားလုံးမှာ စနစ်တကျကိုင်တွယ်ပြီးသားဖြစ်သည်။ သို့သော်ငြားလည်း ကြက်မြစ်မှလွဲ၍ အခြားကိုယ်တွင်းအင်္ဂါများ မလိုအပ်ကြောင်း သူမ သိသောကြောင့် ပိုမိုမြန်ဆန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။


သန့်ရှင်းရေးလုပ်ပြီးနောက် လင်းယောင်ယောင်က ကြက်ခြေထောက်အရိုးများကို ပုံသွင်းနိုင်စေရန် ဓား၏နောက်ကျောကို အသုံးပြုခဲ့သည်။ ထို့နောက် ဆား၊ ကမာဆီ၊ ဟင်းချက်ဝိုင်၊ ငရုတ်ကောင်း နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကို ကြက်သားထဲသို့ နှိပ်နယ်လိုက်သည်။ပြီးလျှင် သူမက တရုတ်ငရုတ်ကောင်း ၊ ကြက်သွန်ဖြူ နှင့် တောင်ရိုင်းငရုတ်ကောင်း တို့ကို မွှေးကြိုင်သောအနံ့ရရန် မွှေကြော်လိုက်သည်။ နောက်ဆုံးတွင် ကြက်ရင်သားကို နုပ်နုပ်စင်းထားသောမှိုနှင့်အတူ ထည့်လိုက်သည်။


လင်းယောင်ယောင် က ကြာရွက် အစား ထွမ်ထွမ်ရွက် ဟုခေါ်သော ဆေးဖက်ဝင်အရွက်အချို့ကို တွေ့ရှိခဲ့သည်။ အရွက်များကအလွန်ကြီးပြီး ကြာပန်းနှင့် ဆင်တူသော်လည်း ကုန်းပေါ်တွင် ပေါက်သောအပင်ဖြစ်သည်။လင်းယောင်ယောင် အရွက်ခြောက်များကို ရွေးယူပြီး ရေဆေးကာ ရစ်သားကို အလွှာသုံးလွှာ ထုပ်ပိုးထားလိုက်သည်။


ဂျုံမှုန့်မပါဘဲ လင်းယောင်ယောင် မြေဆီအစစ်ကို အစားထိုး၍သာ အသုံးပြုသည်။ ရွှံ့စေးနှင့်တူစေရန် မြေဆီလွှာထဲသို့ ဝိုင်ဖြူထည့်ထားသည်။ မီးညှိပြီးနောက် ကြက်သားတစ်ခုလုံးကို နေရောင်ခြည်စွမ်းအင်သုံး မီးဖိုငယ်တစ်ခုထဲတွင် ထည့်ကာ အပူချိန်နှင့် အချိန် သတ်မှတ်ပေးလိုက်သည်။လင်းယောင်ယောင်ကြက်ကို ရွှံ့စေးနှင့် ချေနေခြင်းကို မြင်လိုက်ရသောအခါ အခြေအနေကို အေးအေးဆေးဆေး စောင့်ကြည့်နေသော ေ၀့ယွမ်က သိပ်မကောင်းဘူးဟု ခံစားရသည်။

အစားအစာထုပ်ဖို့ အရွက်ခြောက်ကို သုံးတာ အဆင်ပြေပေမယ့် ရွှံ့ကို ဘာကြောင့်သုံးရတာလဲ...


ေ၀့ယွမ် အနည်းငယ်ရှုပ်ထွေးနေသောအမူအရာဖြင့်မေးလိုက်သည်။


"ယောင်ယောင် မင်းစစ်ရေးလေ့ကျင့်မှုမှာ ညစာခဏခဏမစားဘူးလို့ ကိုယ်ကြားတယ် လူတွေပြောတဲ့ မြေဆီစားရသလို အရသာမျိုးနဲ့ ကိုယ်တိုင်ဝန်ဆောင်မှုစတိုးဆိုင်က အာဟာရဖြေရှင်းချက်တွေကိုပဲ စားနေတယ်ဆို ဒါတွေပဲ များများစားရလို့ ခုလို အရသာကို ကြိုက်နေတာလား..."


လင်းယောင်ယောင်- '...ဒါက ကြီးကြီးမားမား လွဲမှားတဲ့နားလည်မှုပဲ'


သူမ တစ်ကြိမ်ပဲစားဖူးပြီး ထူးထူးဆန်းဆန်းထိတ်လန့်ဖွယ်အရသာကို လုံးဝမကြိုက်ပေ။


ယနေ့ သူမ၏စွမ်းရည်ကို ပြသလိုသောကြောင့် မတတ်သာသည့်အဆုံး အာဟာရဖြေရှင်းချက်များစွာကို ယူလိုက်ရုံသာဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ဝေ့ယွမ်က နောက်ဆုံးထုတ်ကုန်မထွက်မီထိ သူမ ပြောသမျှကို ယုံမည်မဟုတ်ပေ။


သူမက ရစ်သားကို နောက်ထပ်အပိုင်းပိုင်းလှီးလိုက်ပြီး ဒယ်အိုးပူထဲတွင် ဆီထည့်ကာ ကြက်သားအရောင်ပြောင်းသည်အထိ မွှေကြော်ပေးနေသည်။ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အစရှိသည်တို့ကို ထပ်ထည့်လိုက်သည်။ကြက်သားကို ဆီပူထိုးပြီးနောက် ရေနှင့် မှိုများကို ရောထည့်ပြီး အဖုံးပိတ်ပြီးနှပ်လိုက်သည်။အနည်းဆုံး နာရီဝက်လောက် ပြုတ်ထားရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာပင် လင်းယောင်ယောင် အလွန်အမြော်အမြင်ရှိမှုကြောင့် နောက်ထပ် အိုးနှစ်လုံးတောင်းလိုက်ရုံသာမက ဒယ်အိုးအလွတ်တစ်လုံးကိုလဲ ယူလိုက်သည်။


ကြက်ကြော်၏ မွှေးပျံ့ပျံ့အနံ့ကြောင့် မယုံတယုံဖြစ်နေသူ ဝေ့ယွမ်က ဤကောင်မလေး ကစားနေတာမဟုတ်ဘဲ ချက်ပြုတ်နည်းကို အမှန်တကယ်သိသည်ဟု ယုံကြည်လာသည်။


လင်းယောင်ယောင်က ကင်ဖို့ရည်ရွယ်ထားသောယုန်နှင့် ဝက်အရိုးနုတို့ကို အရသာရည်ထဲစိမ်လိုက်ပြီး ဝါးဒုတ်တံဖြင့် ကြိုးနှင့်တွဲရန် ေ၀့ယွမ်အား ညွှန်ကြားခဲ့သည်။အနည်းငယ် ကောက်ကွေ့ပြီး အမြင်မတော်သော်လည်း ကောင်းကောင်းမွန်မွန် ရှိဆဲပင်။


နှပ်ထားသောငါးများနှင့်အတူ ပါဝင်သောအရာများကို မီးဖိုပေါ်တွင်ကင်ရန်တင်လိုက်သည်။လင်းယောင်ယောင် က ေ၀့ယွမ် ကို ပြသလိုက်ပြီး သူ့အား စောင့်ကြည့်စေသည်။ ဆီ၊ ငံပြာရည်၊ ဇီယာ၊ ငရုတ်သီးမှုန့်စသည်တို့ ဖြူးပြီး မကြာခဏ လှန်ပေးရမည်ဟု ပြောပြထားသည်။


ဤအချိန်အတောအတွင်း သူမ အစိမ်းရောင် အသီးအရွက်ထိပ်တွေကို ခြွေ၍ သင်လိုက်ပြီး လှီးဖြတ်၊ ပြုတ်ပြီး ပါးပါးလှီးထားသော ဝက်သားဗိုက်နှင့် ကြော်လိုက်သည်။


မျှစ်နုများကိုလည်း အတွင်းမှ အချဥ်ဓာတ် ဖယ်ရှားရန်အတွက် မိနစ်အနည်းငယ်ကြာအောင် ပြုတ်ပြီးနောက် လှီးထားသော ဝက်သားဖြင့် ကြော်လိုက်သည်။ထို့နောက် ပို၍ လွယ်ကူသောကြက်သွန်မြိတ်နှင့်ရောထားသော ကြက်ဥ ၊ အချိန်ကြာအောင် အပူပေးချက်ထားသောငါးစွပ်ပြုတ်၊ သူတောင်းစားကြက်သားနှင့် ကြက်ပြုတ်မှိုတို့ကို ချက်ပြုတ်ပြီးပါက အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီဖြစ်သည်။


ငါးကင်၊ ယုန်ကင်၊ ဝက်သားကင်၊မှိုနှင့်ပြုတ်ထားသော ကြက်သားတို့၏ အနံ့များက တောအုပ်တစ်လျှောက်လုံး ပျံ့နှံ့သွားခဲ့သည်။


ချောင်းမင်ယောင် နှင့် ယဲ့ရှီတို့က လန်းဆန်းစေသော အစားအစာအနံ့ကို ရှူရှိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကားကိုမြန်ဆန်စေရန် အရှိန်ပြင်းစွာ ခြေနင်းကို ထိုးနှက်လိုက်သည်။


ဝေ့ယွမ်ပင်လျှင် ကိုယ်တိုင်ကင်ထားသော ဟင်းလျာကို မြည်းကြည့်ရန် မစောင့်နိုင်တော့ပေ။ဇီယာစေ့နှင့် အလယ်အလတ် ငရုတ်သီးမှုန့်တို့ဖြင့် ဖုံးအုပ်ထားသော ယုန်သားနှင့် ဝက်အရိုးနုတို့၏ အနံ့မှာမွှေးကြိုင်ပြီး အရသာရှိလှသည်။


သူကိုယ်တိုင်ချက်ထားသည်ကို မယုံနိုင်ပေ!


လင်းယောင်ယောင်ကလည်း တစ်ပိုင်းတစ်စ မြည်းကြည့်လိုက်ပြီး... "အသားက နည်းနည်းမာနေပေမယ့်လဲ အဆင်ပြေပါတယ်..." ဟုပြောလိုက်သည်။


အဝေးမှ ချောင်းမင်ယောင် က "ဖာခ့် အားယွမ်တစ်ယောက် ငါ့ကို မစောင့်ဘဲ စားနေပြီဟ!"


ယဲ့ရှီက ကားကို မောင်းနှင်နေသည်။ ကားမရပ်ခင် ကျွမ်းကျင်စွာဖြင့် လျင်မြန်သောအရှိန်နှင့်အပြေးအလွှား လှည့်လိုက်သည်။


လင်းယောင်ယောင်က လက်ဖြင့်ကာဆီးလိုက်ပြီး ထိုနှစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။


"နင်တို့နှစ်ယောက် လက်ဆေးဖို့ မြစ်ကိုသွားလိုက်ဦး..."ဟု အသက်ရှုသံအပြည့်ဖြင့် အော်လိုက်သည်။


၀ဥနှင့် ငါးဟင်း ပွက်ပွက်ဆူပြီးနောက် အလွန်နူးညံ့ပြီး အလွှာလိုက်ကွာနေသည်။ ဟင်းချို၏အရောင်ပင် နို့ဖြူရောင်ဖြစ်နေသည်။ ဆားအနည်းငယ်ထည့်လျှင်ပင် အရသာရှိနေပြီဖြစ်သည်။မှိုပါသော ကြက်စွပ်ပြုတ်က အနံ့မွှေးပြီး ခံတွင်းတွေ့စေသည်။


ေ၀့ယွမ် က ထူးဆန်းပြီး လက်မခံနိုင်သော သူတောင်းစားကြက်ပင်လျှင် မီးဖိုမှထုတ်၍ မြေဆီကိုခေါက်ကာ အရွက်အလွှာများကို လှန်လိုက်ရာ ရစ်သားနှင့် မှိုများက ကောင်းကင်ဘုံမှလာသောရနံ့များ ရုတ်တရက် ထွက်ပေါ်လာသည်။ လူများ၏ လက်ညိုးတွေကို လှုပ်ခတ်စေသည်။


ပစ္စည်းအကန့်အသတ်ကြောင့် လင်းယောင်ယောင်က အားလုံးကို မြည်းကြည့်ပြီး သူ့ကိုယ်သူ အကဲဖြတ်ကာ... "ကဲ ဒီတစ်ခါတော့ ကောင်းကောင်းမလုပ်ထားလိုက်ရဘူး မကြိုက်ဘူး မပြောနဲ့ စားကြ..."


သုံးယောက်သား စားသောက်ဖို့အလုပ်များနေ၍သူမအားပြန်ဖြေရန်အချိန်မရှိဖြစ်နေသည်မှာ ၀မ်းနည်းစရာပင်။


ချောင်းမင်ယောင် က သူ့ပါးစပ် အပူလောင်မှာကို မကြောက်ပေ။ယဲ့ရှီ နှင့်အတူ ထမင်းစားရန် အလျင်အမြန် အပြေးအလွှား သွားနေစဉ် သူ၏လှပသော ပုံရိပ်ကို ဂရုမစိုက်ဘဲ သူမကလင်းယောင်ယောင်အား လက်မထောင်ပြခဲ့သည်။


ယဲ့ရှီက လျင်မြန်စွာနှင့် ဣန္ဒြေမရစားနေသည်။ သူက အသားစားရတာ ပိုနှစ်သက်သည်။ သို့သော်လည်း သူက အလုပ်များနေသော ပါးစပ်မှ အချိန်ယူကာ လင်းယောင်ယောင် အားပြောသည်... "ယောင်ယောင် ငါစားပြီးမှပဲ နင့်ကို ချီးကျူးတော့မယ်..."


ေ၀့ယွမ် ၏ စားသောက်မှုပုံစံက တခြားနှစ်ယောက်ထက် ပိုညင်သာနေသော်လည်း သူ့တူများကတော့ အရှိန် မနှေးပေ။ လင်းယောင်ယောင် ကို ပြုံးပြပြီးစကားနှစ်လုံးထဲရိုးရှင်းစွာပြောလိုက်သည်။


"အရသာရှိတယ်..."


လင်းယောင်ယောင် က သူတို့ သုံးယောက်ကို ကြည့်နေသည်။သူတို့၏ အစာစားခြင်းအရှိန်က လူဝင်စားခြင်းအတွက် အပြေးအလွှား ငတ်မွတ်နေသော သရဲတစ္ဆေများကိုပင် လိုက်မီနိုင်သည် ။


ကံကောင်းထောက်မစွာ သူမက ဉာဏ်ရွှင်စွာဖြင့် ပန်းကန်တစ်ခုစီကို အနည်းငယ်စီထည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း စတင်စားသည်။


ပါဝင်ပစ္စည်း များပြားသောကြောင့် လင်းယောင်ယောင် အတွက် ပြင်ဆင်မှုများမှာလည်း လုံလောက်ပါသည်။ကုန်အောင်မစားနိုင်လျှင် ညစာစားဖို့ သိမ်းထားနိုင်သည်ဟု သူမက တွေးထားသော်လည်း တိုက်ခိုက်ရေးဌာနမှ ဤလူသုံးဦးက အစွမ်းထက်လွန်းပြီး စားစရာအားလုံး ကုန်သွားလိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။


လင်းယောင်ယောင် သူတို့၏ အကဲဖြတ်မှုအား တောင်းဆိုရန် မလိုအပ်တော့ကြောင်း ခံစားလိုက်ရသည်။


သို့သော် ချောင်းမင်ယောင် နှင့် ယဲ့ရှီတို့က သူတို့၏ နှစ်ထောင်းအားရမှုကို မဖော်ပြဘဲ ကျေနပ်ကြမည်မဟုတ်ပေ။




Xxxxxx

Ei Thet Hmue