အခန်း ၂၇
Viewers 8k

Chapter 27


တစ်ယောက်မှာ အနိမ့်ဆုံးနှင့် အလယ်အလတ်အဆင့်ရှိ ဂြိုလ်သားရဲကောင်များကို တားဆီးရန်အခက်တွေ့နေပြီး ကျန်နှစ်ယောက်ကတော့ ကင်ပြီးသားအစာကို အမြန်စားကာ အရှိန်တင်ကားပေါ်တက်ပြီး နောက်တစ်နေရာကို ဆက်တိုက်ရန် စီစဉ်နေသည်။


ဂြိုလ်သားရဲများ၏တိုက်ခိုက်မှုကိုတားဆီးရန် ကျန်ခဲ့သော ချောင်းမင်ယောင်က...

"ငါဘာလို့အရင်စားလို့မရတာလဲ ဗိုက်ဆာနေတာလေ အိုကေလား..."


ေ၀့ယွမ်:.. "ငါလဲဗိုက်ပြည့်နေမှ အမိန့်ပေးလို့ရမှာပေါ့..."


ယဲ့ရှီ:... "နင်ကလှတယ် နင်အရင်စား ငါကချောတယ် နောက်ဆုံးမှစားမယ်"


လင်းယောင်ယောင်:... "အာ.. ငါတို့ နင့်အတွက် အများကြီး ချန်ထားပါတယ်"


သူမ စွမ်းအင်တွေ ကုန်ဆုံးသွားသောကြောင့်လင်းယောင်ယောင် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အရေးတကြီး လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။ထို့ကြောင့် သူမက ခရမ်းရောင်မိုးကြိုးငှက်တစ်ဝက်ကို တစ်ယောက်တည်းစားခဲ့သည်။


ေ၀့ယွမ်က အလုပ်များနေချိန် နည်းနည်းနောက်ကျသွားသည်ကို သတိရလိုက်ပြီး လင်းယောင်ယောင်အားမေးလိုက်သည်။


"ဒါ နင်ပထမဆုံး ဂြိုလ်သားအသားစားဖူးတာလား အဲ့ဒီလိုဆို သူ့မှာပါတဲ့ စွမ်းအင်က သာမန်အစားအစာတွေထက် အများကြီး ပိုကြွယ်ဝတယ် နင့်ရဲ့ အားနည်းတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အစာကြေဖို့ နည်းနည်းတော့ ခက်လိမ့်မယ်နော်…”


လင်းယောင်ယောင်: "...အဆင်ပြေပါတယ်..."


သူမ စကားမဆုံးခင် အလွန်ဗိုက်ပြည့်လာပြီး သည်းမခံနိုင်တော့သလို ဗိုက်လည်းအောင့်လာသည်။

ကျောင်းသားများက တက်ကြွစွာအကူအညီမတောင်းဘဲနှင့် အသက်အန္တရာယ်ရှိသောအခြေအနေမဟုတ်ပါက ကယ်ဆယ်ရေးအဖွဲ့မှ ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။


ဆက်သွယ်ရေးစက်မှာ ပျက်သွား၍ အကူအညီတောင်းဖို့ မဖြစ်နိုင်တော့သော်လည်း လင်းယောင်ယောင် အခြေအနေက အသက်အန္တရာယ် မစိုးရိမ်ရပေ။ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက သူတို့အဖွဲ့အား အဝေးမှ လိုက်ရန် ကိုယ်ပျောက် တိုက်လေယာဉ်ကို မောင်းနှင်ခဲ့သည်။


ထို့ကြောင့် လင်းရွှမ် သူ၏မက်ခါ ထောက်လှမ်းသည့်ကိရိယာမှတဆင့် ထိုမြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ရသည်။


ေ၀့ယွမ် နှင့် ယဲ့ရှီးတို့က အရှိန်တင်ကား၏ ရှေ့နှင့်နောက်တွင် ရပ်ကာ သားရဲသတ်ခြင်းအတွက် တာဝန်ယူနေသည်။ချောင်းမင်ယောင်က ရိုင်းစိုင်းသောပုံစံဖြင့် ကင်ထားသောတောင်ပံကိုကိုက်ရင်း လက်တစ်ဖက်ဖြင့် မောင်းနေသည်။


ထို့နောက် ကလေးမလေး သူမ၏ သေးသွယ်သော ခန္ဓာကိုယ်က ဘောလုံးတစ်ခုလို ကွေးကောက်သွားပြီး အရှိန်တင်ကားနောက်ခန်းတွင် ကျုံ့နေသည်။မျက်နှာက ဖြူဖျော့ဖျော့ဖြင့် အားနည်းပြီး နာကျင်နေပုံရသည်။


လင်းရွှမ်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေသည်။နောက်ကနေလိုက်လာသော လူတွေကို မည်သို့ကယ်တင်ရမလဲမသိသော ကယ်ဆယ်ရေးတပ်ဖွဲ့ကို သေနတ်ဖြင့်ပစ်ချင်လာသည်။


ဝေ့ယွမ်နှင့် ယဲ့ရှီးတို့က သူ့ညီမ ဘာဖြစ်နေလဲ မမြင်ကြဘူးလား...အမှတ်စာရင်းတွေကို လုယူရင်း အလုပ်ရှုပ်နေကြတုန်းပင် ချောင်းမင်ယောင်က ပို၍ဆိုးသည်။ အတောင်ပံကင်စားနေတုန်းပင်....


လင်းရွမ် ဤအချိန်တိုလေးအတွင်း ယောင်ယောင် ကြုံတွေ့ခဲ့ရမည့် ဆင်းရဲဒုက္ခပင်ပန်းမှုမျိုးအား တွေးကြည့်၍ပင်မရပေ။


သေမင်းချောက်ထဲရှိ ချောက်ကမ်းပါးနှစ်ခု၏ ကွာဟမှုသည် ကျဉ်းမြောင်းလွန်းလှသည်။

လင်းရွှမ်က မက်ခါ ကို လေးငါးမီတာသာမြင့်သော အသေးဆုံးပုံစံအဖြစ်သို့ ပြောင်းလဲလိုက်သည်။


ကျဉ်းမြောင်းသောချောက်ထဲသွားရန် ထိုလူကောင်ကြီးအတွက် မလွယ်ကူသလို အပေါ်မှအောက်သို့ဆင်းရန် အလွန်ခက်ခဲသည်။


လင်းရွှမ် မြေပြင်ပေါ်ရောက်ခါနီးတွင် သူ၏မက်ခါကို တွန်းလိုက်ပြီး ခုန်ချလိုက်သည်။ သူက ချွန်ထက်နေသော ချောက်ကမ်းပါးပေါ်မှတက်ကာ မြေပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။


လင်းရွှမ်မှာ အရပ်ရှည်သောကြောင့် ေ၀့ယွမ် ၏ အရှိန်တင်ကားရှေ့သို့ရောက်ရန် စက္ကန့်သုံးဆယ်မျှသာ အချိန်ယူခဲ့ရသည်။


သူက SSS အဆင့်ကြောက်မက်ဖွယ် စိတ်စွမ်းအားကို ပြင်းထန်စွာ ထုတ်လွှတ်ခဲ့ပြီး အစားအစာအနံ့ကြောင့် စိတ်လှုပ်ရှားနေကြသည့် အဆင့်နိမ့်နှင့် အလယ်တန်းအဆင့် သားရဲများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။လင်းရွမ် နှင့် ဝေးရာသို့ ပြေးထွက်သွားကြသည်မှာ အစားအစာလာယူလာချိန်ထက် ပို၍ပင်မြန်နေသည်။


ေ၀့ယွမ်က တအံ့တဩဖြင့်... "ဗိုလ်ချုပ်လင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ ငါတို့ အကူအညီမတောင်းမိပါဘူး..."


ယဲ့ရှီးက လက်ထဲသို့ ရောက်ရှိလာတော့မည့် အမှတ်ကတ်ချိတ်ဆွဲထားကြသော သားရဲအချို့ကို စိတ်လှုပ်ရှားစွာ မြင်လိုက်သော်လည်း လင်းရွှမ်အား အလွန်ကြောက်လန့်ကြကာ ထွက်ပြေးသွားပြန်သည်။သို့သော်လည်း လင်းရွှမ်၏ အေးစက်၍ဓားနှင့်တူသော မျက်လုံးများအောက်တွင် သူမ ဘာကြောင့်မှန်းမသိသော်လည်း ရှေ့တစ်လှမ်းတိုးရန် မဝံ့ရဲခဲ့ပေ။


တောင်ပံကင်စားနေသော ချောင်းမင်ယောင်ပင် ကြောင်အမ်းအမ်းဖြင့် စားတာကို ရပ်တန့်လိုက်ရသည်။ မက်ခါဌာနမှ ပထမတန်းကျောင်းသားတစ်ဦးအနေဖြင့် သူ၏ခွန်အားက လင်းရွှမ်ကို နာရီဝက်မျှ တစ်နာရီလောက်ထိ ထိန်းထားနိုင်လိမ့်မည်ဟု မူလက ထင်ခဲ့သည်။ သို့သော် ယခု သူ မတွေးရဲတော့ပေ။

အနည်းငယ်မျှမတုန်လှုပ်သွားသော လင်းရွှမ်၏ စိတ်စွမ်းအားကို ကြည့်ရုံဖြင့် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။


လင်းရွှမ် အရှိန်တင်ကားဘေးသို့ လျင်မြန်စွာ လျှောက်လာပြီးနောက် ထိုင်ခုံတွင် ကွေးနေသော လင်းယောင်ယောင်ကို မြင်လိုက်သည်။ သူ၏ တင်းမာသောမျက်နှာက ဒေါသအတားအဆီးမရှိဘဲ ဝေ့ယွမ်အား...


"မင်းဘာလို့တပ်ဆုတ်ပြီး အကူအညီမတောင်းရတာလဲ မင်းရဲ့အရန်ကုထုံးဆရာအသက်က အရေးမကြီးဘူးလား..."


ဝေ့ယွမ်၏ စိတ်စွမ်းအားသည် S အဆင့်သာရှိသည်။အနီးကပ်ရှိနေသော လင်းရွှမ်ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများက လွှမ်းလုနီးပါးဖြစ်သည်။ချွေးဇော်များ စီးကျလာပြီး ခေါင်းကြီးလာသည်။သူက၀န်လေးစွာဖြင့် ရှင်းပြလိုက်သည်။

"တကယ်တော့ ယောင်ယောင်လေး က ရိုးရိုးလေးပဲ..."


"ယောင်ယောင်လေး" ဟူသော စကားလုံးနှစ်လုံး ထွက်လာသည်နှင့် တပြိုင်နက် ဝေ့ယွမ်ဘာမျှဆက်မပြောရဲလောက်အောင် လင်းရွှမ်၏အရှိန်အ၀ါကပို၍အေးစက်သွားသလိုပင်။


မသက်မသာဖြင့်ဗိုက်ကိုဖိကာလူးလွန့်နေသော လင်းယောင်ယောင် က လင်းရွှမ် အသံကို ခပ်သဲ့သဲ့ကြားလိုက်ရသလို ခံစားလိုက်ရသည်။


သူမ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်ခဲ့သော်လည်း မျက်လုံးများကို ဖွင့်ရန် ကြိုးစားကြည့်ပြီး အမှန်တကယ်လင်းရွှမ်လား...


သူမ အားနည်းသောအသံဖြင့်... "အစ်ကိုကြီး..."


လင်းရွှမ် ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ချက်ချင်း ပျောက်ကွယ်သွားပြီး လက်များကို ဆန့်ထုတ်လိုက်ကာ နောက်ခန်းရှိ ကောင်မလေးကို ဂရုတစိုက်နှင့် ညင်သာစွာ ပွေ့ယူလိုက်သည်။ဤတစ်ကြိမ်တွင် သူက မင်းသမီးပွေ့ချီသကဲ့သို့သူမကို မြှောက်လိုက်သည်။


လင်းရွှမ်က ဘာမှဆက်မမေးချင်တော့ဘဲ... "ငါ သူ့ကို ခေါ်သွားလိုက်မယ်"


ချောင်းမင်ယောင် က မပြောချင်သော်လည်း ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


"မဖြစ်ဘူး အစ်ကိုလင်း ယောင်ယောင် ကို ခေါ်သွားမယ်ဆိုရင် အရန်ကုထုံးပညာရှင်မပါဘဲ အဖွဲ့ရဲ့ ရမှတ်ထဲက အမှတ်နှစ်ရာ နုတ်ခံရလိမ့်မယ်..."


သူ၏ စိတ်စွမ်းအားမှာ SS အဆင့်ဖြစ်ပြီး လင်းရွှမ် နှင့် အနည်းငယ် ဝေးကွာနေသောကြောင့် ရရှိသော စိတ်စွမ်းအားဖိအားသည် ထိုမျှလောက် မကြီးမားပေ။


လင်းရွှမ် က ချောင်းမင်ယောင် ၏ "အကိုကြီးလင်း" ဟု အခေါ်မခံချင်ပေ။အမေများ၏ရင်းနှီးသော ဆက်ဆံရေးအရ ဤသို့ခေါ်ခြင်းက အမှားမဟုတ်သော်လည်း ချောင်းမင်ယောင် နှင့် လင်းယောင်ယောင် တို့၏ ကောင်းမွန်သောဆက်ဆံရေးကြောင့် သူ့ကိုဤသို့ခေါ်ခြင်းဟု လင်းရွှမ် ခံစားရသည်။


သူက အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး...

"ယောင်ယောင် ဒီလိုဖြစ်နေတာတောင် စားဖို့နဲ့ ရမှတ်အတွက် စိတ်ပူနေသေးတာလား..."


ယဲ့ရှီးက စိတ်ဖိအားများမှ သက်သာစေရန် ခပ်ဝေးဝေးသို့ ရွေ့သွားသည်။ သူမ အကြောင်းစုံကို အသက်ရှုသွင်းရင်း ရှင်းပြလိုက်သည်။


"ဗိုလ်ချုပ်လင်း ယောင်ယောင်က ဘာမှမဖြစ်ပါဘူး ဂြိုဟ်သားရဲတွေရဲ့ အသားကို ပထမဆုံးစားဖူးတာမို့ပါ သူကအများကြီးစားလိုက်လို့ပါ ခဏနေ အစာကြေသွားရင် အဆင်ပြေသွားမှာပါ"


ဂါး......ဂါး............


ကောင်းကင်ပေါ် ကျီးကန်းတွေ ပျံဝဲနေပြီး အနက်ရောင် အရိပ်တန်းက နောက်မှာ ကျန်ရစ်နေသည်။လင်းယောင်ယောင် သူမမျက်နှာကို လက်ဖြင့်ကွယ်လိုက်ပြီး မြင်ကွင်းက အလွန်ရှက်စရာကောင်းနေသည်ဟု ခံစားရပြီး အသံတိုးတိုးဖြင့်...


"အစ်ကိုကြီး ညီမလေး အောင့်ထားနိုင်ပါတယ် ရပါတယ်... ညီမလေးကို ဂရုစိုက်ဖို့မလိုပါဘူး ပြိုင်ပွဲမှာဆက်ပြီးပါဝင်နိုင်ပါသေးတယ်..."


လင်းရွှမ် မျက်နှာထားပျော့ပျောင်းသွားပြီး စိုးရိမ်စိတ်တွေ လျော့သွားသော်လည်း လေသံက အလွန်မာနေတုန်းပင်...


"ညီမလေး ဒါ မင်းတို့သူ့ကိုဂရုစိုက်တဲ့ပုံလား မင်းညီမ မဟုတ်လို့ စိတ်မကောင်းဖြစ်စရာမလိုဘူးလား...အရှိန်တင်ကားပေါ်မှာ တစ်ချိန်လုံးစိတ်ပင်ပန်းဖြစ်နေတာကို ဘာလို့ ကောင်းကောင်းအနားမယူရတာလဲ တခြားပြဿနာတွေရှိလာရင်ရော ဘယ်လိုလုပ်မလဲ..."


အတန်ကြာ ဆူပူကြိမ်းမောင်းပြီးနောက် အမြဲလိုလို စကားနည်းသော စစ်သူကြီးက နောက်ဆုံးတွင်အဆုံးသတ်၀င်ပြောလိုက်သည်။

"ယောင်ယောင် အနားယူဖို့ နေရာရှာပြီး ခေါ်သွားလိုက်ပါ့မယ် သွားလို့ရပါပြီ ကယ်ဆယ်ရေးအဖွဲ့ကိုရှာပြီး လာခေါ်ခိုင်းလိုက်ပါ့မယ်"


စကားပြောပြီးနောက် လင်းရွှမ်က ကိုယ်ပျောက်မုဒ်သွင်းထားသောကယ်ဆယ်ရေးအဖွဲ့ တိုက်လေယာဉ်ကို လှမ်းကြည့်လိုက်သည်။ နံရံနှင့်တစ်သားထဲရှိနေသော တိုက်လေယာဉ်တစ်စင်းက နောက်ဆုံးတွင် ကိုယ်ထည်ပေါ်လာပြီး အသံချဲ့စက်ဖြင့်...


"မက်ဆေ့ချ် လက်ခံရရှိသည်ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ညီမလေးအတွက် ယာယီတဲဆောက်ပေးဖို့ လိုအပ်ပါသလား"

လင်းရွှမ် ကပြတ်သားသောမျက်နှာထားဖြင့် ဖြေးဖြေးလေးအေးစက်စွာ..."မြန်လေလေ ပိုကောင်းလေပဲ"


သေမင်းချောက်ထဲတွင် အနားယူရန် နေရာများစွာ မရှိပေ။ ေ၀့ယွမ် နှင့် အခြားသူများ သန့်ရှင်းရေးလုပ်ထားသည့် တခြမ်းပွင့်နေသောလိုဏ်ဂူတစ်ခုသာရှိသည်။ ထူးဆန်းသောသားရဲများကို ဆွဲဆောင်နေသော ကျန်ရစ် အသားကင်အနံ့များလည်း ရှိသေးသည်။ ဟိုဟိုဒီဒီ လျှောက်သွား၍မရချေ။


ကံကောင်းထောက်မစွာ တိုက်ခိုက်သားရဲအဖွဲ့၏စွမ်းအားမှာ အယောင်ဆောင်သက်သက်မဟုတ်ပေ။သူတို့ကယာယီတဲတစ်လုံး ထိုးလိုက်ပြီး စစ်စောင်များ ပျော့ပျောင်းအိစက်သောမွေ့ယာများ ခင်းပြီး ဆေးအားလုံးထည့်ထားသော ဆေးသေတ္တာလဲ ရှိနေသည်။အလင်းရောင်ငြိမ်ငြိမ်နှင့် တောက်ပသော စွမ်းအင်မီးခွက်ကိုလဲ တဲထိပ်တွင် ချိတ်ဆွဲထားသည်။


နောက်ဆုံး တဲမှ ငါးမီတာအကွာ ဘေးအန္တရာယ်မျဉ်း ဆွဲလိုက်ပြီး ချဉ်းကပ်လာသော သားရဲများကို မောင်းထုတ်နိုင်ရန် တိုက်ခိုက်ရေးသမားနှစ်ဦးကို အပြင်တွင် စောင့်စေသည်။


လင်းရွှမ်က လင်းယောင်ယောင် အနားယူရန် တဲထဲသို့ ခေါ်သွားကာ ကယ်ဆယ်ရေးအဖွဲ့အပေါ် သူ၏ အထင်အမြင်ကို အနည်းငယ် ပြောင်းသွားပြီး တဲက တကယ်လှသည်ဟု ထင်သည်။


လင်းယောင်ယောင် အဖွဲ့မှ တိုက်ခိုက်ရေးသမား သုံးဦးက ဖြည့်စွက်အစာစားပြီး အားအင်ကုန်ဆုံးသွား၍ ဒရွတ်တိုက်သွားနေကြပြီး စိတ်ကလဲ ကြည်လင်မှုသိပ်မရှိကြတော့ပေ။


ေ၀့ယွမ်က ခါးခါးသီးသီး ပြုံးလိုက်ပြီး...


"ငါတို့ အရမ်းအားနည်းနေသေးတာပဲ ယောင်ယောင်ကိုလဲ သေသေချာချာ ဂရုမစိုက်မိဘူး"


ယဲ့ရှီးက သူ့ပုခုံးပုတ်လိုက်ပြီး နှစ်သိမ့်ပေးရင်း...

"နင်က တကယ် သူ့အစ်ကိုမှ မဟုတ်တာ ဒီလောက်ထိ လုပ်နိုင်နေတာပဲအဆင်ပြေနေပါပြီ"


ေ၀့ယွမ်က ဘာမျှထပ်မပြောတော့ဘဲ... 'ဒါပေမယ့် ငါက သူ့အစ်ကိုဖြစ်ကောင်းဖြစ်နိုင်တယ်လေ' ဟုတွေးလိုက်သည်။


အချိန်အတော်ကြာပေါင်းသင်းခင်မင်လာပြီးနောက် ယောင်ယောင်က သူ့ဦးလေး ေ၀့လင်း၏ သမီးဖြစ်နိုင်သည်ဟု ပိုပိုပြီး ခံစားမိလာသည်။ ငယ်စဉ်က ပြန်ပေးဆွဲခံခဲ့ရသော သူ၏ဝမ်းကွဲညီမ ဖြစ်နိုင်မလား...

ယောင်ယောင်က အစိမ်းရောင်ကြယ်ပွင့်လူမျိုး၏သွေးနှောနေပြီး အဒေါ်ငယ်၏ ဟိုလိုဂရပ်ဖစ်နှင့်တူနေသည်။ယခု သူက အချက်အလက်အနည်းငယ် ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ သူ့အဒေါ်ကဲ့သို့ ယောင်ယောင်က အဆင့်မြင့်ဂြိုလ်သားအပင်တွေနဲ့ ဆက်သွယ်နိုင်သော အဆင့်မြင့်အစိမ်းရောင်ကြယ်ပွင့်တစ်ယောက်ဖြစ်သည်။


ပိုအရေးကြီးသည်မှာ သူတို့နှစ်ယောက်အတူရှိနေလျှင် ဤမိန်းကလေးအား အလွန်ရင်းနှီးသလို အမြဲတမ်းခံစားရသည်။ဤသည်မှာ ဒဏ္ဍာရီဆန်ဆန် သွေးချင်းတော်စပ်မှု ဖြစ်နိုင်မလား...


ကြာခဲ့ပြီဖြစ်သော လျှို့ဝှက်ချက်ကိုမည်သူကသိနိုင်မည်နည်း။ "သေသွားပြီး" သော ယောင်ယောင်က လင်းမိသားစု၏ မွေးစားသမီး ဘယ်လိုများဖြစ်လာတာလဲ....


သို့သော် ဤအရာများက သူ့ခန့်မှန်းချက်မျှသာဖြစ်ပြီး တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်သည်။ သူ့မှန်းဆချက်ကို အပြည့်အဝ အတည်မပြုနိုင်ခင်ထိ ဝေ့ယွမ် သူမအား မိသားစုဝင်တစ်ဦးအဖြစ် အသိအမှတ်မပြုဝံ့ပေ။


ေ၀့ယွမ်က လင်းယောင်ယောင်အား သူ့ညီမလေးအဖြစ် ရေးရေးလေးမှတ်ယူထားပြီးဖြစ်သော်လည်း အစ်ကိုကြီးတစ်ယောက်အနေဖြင့် အစ်ကိုအရင်းမဟုတ်သူ လင်းရွှမ်နှင့် ယှဥ်နိုင်မည်မဟုတ်ပေ။


လင်းရွှမ် ကြောင့် ကြက်သေသေသွားသော ချောင်းမင်ယောင်က အလွန်စိတ်မကောင်းဖြစ်နေသည်။

"စားတာပဲ ဘာမှားနေလို့လဲ မစားရရင် သူ့ညီမကို ဘယ်လိုကာကွယ်နိုင်မှာလဲ...သူ့ဆံပင်တစ်ချောင်းတောင် ဆုံးရှုံးသွားတာလဲမဟုတ်ဘူး"


ယဲ့ရှီးက သူ့ကို မော့ကြည့်လိုက်သည်... "နင်သတ္တိရှိရင် လင်းရွှမ် ရှေ့မှာ ပြောလေ ပြီးတော့ ငါတို့ မသိတဲ့ တိုက်ခိုက်ရေးသမားတွေက စောင့်ကြည့်နေတယ်ဆိုတာ မမေ့နဲ့"


ချောင်းမင်ယောင် က ချက်ချင်းဆင်ခြေပေးနေသည်။


"ငါ ငါ ငါက ဒီတိုင်းပြောပြတာ.. နင့်အပြစ်ပဲလေ ဟမ် ငါ့ကို အရင်စားခိုင်းသင့်တာပေါ့ ဒါတွေပြီးသွားရင် လင်းရွှမ် ငါ့ကို လုံး၀ ယောက်ဖတော်တော့မှာမဟုတ်ဘူး"


ဤစကားပြောအပြီး အသင်းဖော်နှစ်ယောက်က နဖူးတောက်လိုက်၍ ချောင်းမင်ယောင် ချက်ချင်းနောက်ပြန်လှန်သွားသည်။အလှလေးချောင်း က နဖူးကို ပွတ်ပြီးငြီးနေသည်။


"ဘာလို့ ရိုက်တာလဲ ငါပြောတာ မှားလို့လား"


ေ၀့ယွမ် ကချောင်းမင်ယောင် ကို တစ်ချက်ကြည့်လိုက်ပြီး

"စကားပြောတာ သတိထားဦးမင်းယောင်ယောင်အပေါ် ဘာခံစားချက်မှမရှိပဲနဲ့ ဒီလိုစကားမျိုးမပြောပါနဲ့..."


ယဲ့ရှီးက "လင်းရွှမ် သာကြားရင်... နင့်ခြေထောက်တွေချိုးသွားလိမ့်မယ်နော်"


ချောင်းမင်ယောင် က လင်းယောင်ယောင်ကို လက်ထပ်ဖို့ အမြဲကြွေးကြော်နေခြင်းမှာ လင်းယောင်ယောင် ၏ ကောင်းမွန်သော ဟင်းချက်ကျွမ်းကျင်မှုကြောင့် ပေါ့ပေါ့ပါးပါး ကျီစယ်ခြင်းသာဖြစ်သည်။သူက သူမကိုလက်ထပ်လိုက်ရင် နေ့တိုင်း သူမလက်ရာ စားနိုင်လိမ့်မယ်လို့ တွေးနေသည်။ယောင်ယောင် အပေါ် သမီးရည်းစားချစ်ခင်စိတ် မရှိပေ။


လင်းရွှမ်ကဲ့သို့ ညီမလေးအပေါ်ကာကွယ်ပေးပြီး ချစ်ခင်နိုင်သည့် အတိုင်းအတာထိရှိလျှင်တော့ အမှန်တကယ်ဖြစ်နိုင်သေးသည် ။ချောင်းမင်ယောင်က အသင်းဖော်တွေသူ့အား ကောင်းမွန်စေရန်ပြောသည်ကို သိသောကြောင့် ခေါင်းညိတ်ပြပြီး နောင်တွင် ဤသို့ နောက်ပြောင်တော့မည်မဟုတ်ဟု ပြောခဲ့သည်။


သုံးယောက်သား စကားအနည်းငယ်ပြောပြီး အမှတ်စာရင်းများကို ထပ်မံရှာဖွေကြသည်။ရုတ်တရက်တက်ကြွလာပြီး ဂြိုလ်သားရဲ၏အာရုံကိုဆွဲဆောင်နိုင်ရန် အဆင့်နိမ့်ဂြိုလ်သားရဲကင်ကို အသုံးပြုဖို့ နည်းလမ်းကောင်းတစ်ခုကို စဉ်းစားမိကြသည်။တစ်ဦးချင်းတိုက်ခိုက်ရန်လဲ အထူးလွယ်ကူသည်။


စားဖိုမှူး လင်းယောင်ယောင်က ဤနေရာတွင် မရှိသောကြောင့် အသားကင် အတွေ့အကြုံ နည်းပါးသော ေ၀့ယွမ်က ထူးခြားဆန်းပြားသော ဂြိုလ်သားရဲအသားများကို ဟင်းခတ်အမွှေးအကြိုင်များဖြင့် အုပ်ပြီး မီးဖိုထဲ ထည့်လိုက်သည်။အသားစုတစ်ခုစီကို မိနစ်အနည်းငယ်အတွင်း ပြင်ဆင်နိုင်သည်။


ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ပြုပြင်ထားသော အသားကင်၏ အရသာက အလွန်မာနေသည်။ မည်သို့ပင်ဖြစ်စေ ထူးခြားဆန်းပြားသောတိရိစ္ဆာန်သားများကို သူတို့ စားသုံးလိမ့်မည် မဟုတ်ပေ။အသားစိမ်းများကိုသာ စားလေ့ရှိသော ထူးခြားဆန်းပြားတိရစ္ဆာန်များအတွက် ဟင်းခတ်အမွှေးအကြိုင်များဖြင့်လှိုင်နေသော အသားကင်က အလွန်သွေးဆောင်နေပြီဖြစ်သည်။


သားရဲအုပ်စုက အစာကို လှမ်းယူနေစဉ် ချိတ်ဖြင့်ဂြိုလ်သားတိရစ္ဆာန်များကို အမှတ်စာရင်းများနှင့်အတူ ဆွဲယူလိုက်ပြီး သူတို့ကို ၀န်းရံလိုက်ကြသည်။


အချို့အကောင်များအတွက် တိုက်ခိုက်ခြင်းမပြုဘဲ အသားကင်တစ်ပိုင်းပေးလိုက်ပြီး စားနေစဉ်အတွင်း သူတို့၏ အရေးပါသော သို့မဟုတ် ထိလွယ်ရှလွယ် အစိတ်အပိုင်းများတွင် ချိတ်ဆွဲထားသော အမှတ်စာရင်းများကို အမြန်ဆွဲယူလိုက်သည်။


အမှောင်ထဲတွင် စောင့်ကြည့်နေသော ကယ်ဆယ်ရေးအဖွဲ့က သူတို့သုံးဦးကို အံ့အားသင့်သွားကြသည်။အမှတ်စာရင်းများကို ဒီလောက်မြန်မြန်ယူနိုင်လိမ့်မည်ဟု မထင်ထားကြပေ။


ထိုအချိန်တွင် လင်းရွှမ်က လင်းယောင်ယောင်အား စွမ်းအင်စုပ်ယူမှုကို မြှင့်တင်ပေးသည့် ဆေးတစ်မျိုးကို တိုက်ကျွေးနေသည်။


ဆေးပစ္စည်းအစုံပါသောဆေးမှာ အကန့်အသတ်ရှိပြီး ဤဆေးသာလျှင် လင်းယောင်ယောင်၏အခြေအနေကို အနည်းငယ်ထိန်းနိုင်မည်ဖြစ်သည်။နွေးထွေးသော လက်ဖဝါးကြီးကြီးတစ်ခုက ကလေးမလေး၏ဗိုက်ကို အလယ်အလတ်ခွန်အားဖြင့် အဝတ်များပေါ် ပွတ်သပ်ပေးကာ အစာခြေလမ်းကြောင်းကို အနည်းငယ်မြှင့်တင်ပေးနေသည် ။


လင်းရွှမ် က မျက်မှောင်ကြုတ်နေပြီး... "မင်းက ကိုယ့်ကိုကိုယ် ဂရုစိုက်ရကောင်းမှန်းမသိဘူးပဲ နောက်ဆို ခုလို အများကြီးစားလို့မရဘူး ကြားလား"


လင်းယောင်ယောင် နူးညံ့သော ကူရှင်ပေါ်တွင် ပြားပြားမှောက်လျက် အစ်ကိုဖြစ်သူကို သူမဗိုက်အား ထိခွင့်ပြုထားသည်။ ဗိုက်အောင့်တာ အတော်သက်သာသွားပြီး ဇိမ်ကျကျညည်းညူနေသည်။

...“ကြားပါတယ် မစ္စတာအိမ်မှူးကြီး…” ဟု ရေရွတ်လိုက်သည်။


လင်းရွှမ်: "ငါသာဂရုမစိုက်ရင် မင်းကို ဘယ်သူက ဂရုစိုက်မှာလဲ"




xxxxx

Ei Thet Hmue