အခန်း ၂၉
Viewers 8k

Chapter 29



သွေးစပျစ်နွယ်ပင်သည် ဤလူက သူ့ကို မသတ်ချင်မှန်း နားလည်မိသော်လည်း ထိုလူသည် ဖက်ထားသည့် Green Star မိန်းကလေးကို လွှတ်မပေးသေးပေ။


သူ ဘယ်လိုလုပ်မလဲ...


ကလေးလေးသည် Green Star ကောင်မလေးလုပ်ထားသည့် အသားမွှေးမွှေးကို စားနိုင်ဖို့ လူသားတွေလိုချင်သော “ထောက်ပံ့မှု” တွေကို စုဆောင်းဖို့ ကြိုးစားခဲ့ရသည်။ သွေးစပျစ်နွယ်ပင်သည် အလွန်ကောင်းသော အနံ့ခံအာရုံရှိသည်။ အပြင်မှာ လူသုံးယောက် လုပ်ထားသည့် အသားက ဤကောင်မလေး လုပ်ထားသည့် အသားများနှင့် လုံးဝယှဉ်လို့မရပေ။ ထို့ကြောင့်၊ သွေးစပျစ်နွယ်ပင်သည် လူသားမိန်းကလေးအား သူ၏ ရည်ရွယ်ချက်များကို ပြသရန် အခွင့်အလမ်းများကို ရှာဖွေရင်း “ကူညီပါ” ဟု အော်လိုက်သည်။


လင်းယောင်ယောင်သည် သွေးစပျစ်နွယ်ပင်ကလေးကို မွေးစားချင်သော်လည်း၊ "အမှတ်ကတ်များ" နှင့်လဲလှယ်ရန် အနည်းဆုံးမွှေးကြိုင်သောအသားအချို့ကို ထုတ်ယူရမည်ဖြစ်သည်။


သူမသည် တဲအဝင်ဝတွင် သွေးစပျစ်နွယ်ပင်ကို ရုတ်တရက် တွေ့လိုက်ရသည်။ စပျစ်နွယ်ပင်၏ ကိုင်းခက်များမှာ မြင့်မားသော အမှတ်ကတ်များကို ချိတ်ဆွဲထားသည်။ခေါင်းမူးဝေနေပြီး တွေးခေါ်နိုင်စွမ်း မရှိသလောက်ဖြစ်နေသော သူမသည် သွေးစပျစ်နွယ်ပင်ကို ကြည့်ကာ ထူးထူးခြားခြား မေးလိုက်သည်။


"ဘာကိစ္စရှိလို့ မင်းက ဒီကိုရောက်နေတာလဲ"


သွေးစပျစ်နွယ်ပင်သည် အကိုင်းအခက်များနှင့် အရွက်များကို လှုပ်ယမ်းကာ ပြန်ပြော‌လေသည်။


"မင်းက အရမ်းမွှေးတဲ့အသားကို လုပ်တာကို ငါမြင်တယ်... ငါလည်းစားချင်တယ်၊ ပြီးတော့ မင်းနဲ့လိုက်ချင်တယ်... မင်းစကားကိုလည်း သေချာနားထောင်ပါ့မယ်...ဒီကလေးက အရမ်းအစွမ်းထက်တယ်...အခုက ငါကိုယ်တိုင် ကလေးလေးပုံစံပြောင်းထားတာ…ငါ့မှာ အားအင်တွေ လုံလုံလောက်လောက်ရှိသရွေ့ ငါ့ရဲ့ အရွယ်ရောက်တဲ့ပုံစံကို အမြန်ပြန်လုပ်နိုင်တယ်"


လင်းယောင်ယောင် : "...ငါ့ကို စဉ်းစားခွင့်ပေးပါ "


လင်းရွှမ် ၏ ထင်မြင်ချက်ကို သူမ မေးချင်သော်လည်း ယခုက အမှန်တစ်ကယ်ပင် သူ့ခန္ဓာကိုယ်ပေါ်တွင် လုံးလုံးလျားလျား အိပ်နေမှန်း သိလိုက်သည်။ ဤကိုယ်ဟန်အနေအထားက တစ်ကယ်ကို ရင်းနှီးလွန်းပြီး ရှင်းရှင်းလင်းလင်း ဖြစ်နေရ၏။ သူမ မတ်တပ်ထရန် ရုန်းကန်နေသော်လည်း ခန္ဓာကိုယ်သည် အားနည်းနေသေးသဖြင့် လုံးဝမထနိုင်ပေ။ သူမကိုယ်ကလေးက တစ်လက်မ သို့မဟုတ် နှစ်လက်မမျှသာ ရွှေ့သွားရပြီး ချက်ချင်းပင် သူ့ကိုယ်ပေါ်ကို ဘုန်းကနဲပြန်ပြုတ်ကျသွားပြန်သည်။


လင်းရွှမ်သည် ကလေးမလေး၏ သွယ်လျသောခါးကို သိုင်းဖက်ထားပြီး မိနစ်အနည်းငယ်ကြာ ပွေ့ဖက်လိုက်သည်။


"မလှုပ်နဲ့...မင်းပြုတ်ကျရင် ငါ ဘာလုပ်ရမလဲ"


ညီမဖြစ်သူသည် အတွေးများမှတစ်ဆင့် သွေးစပျစ်နွယ်ပင်နှင့် မည်ကဲ့သို့ ဆက်သွယ်နေမှန်း မသိတာကြောင့် သူ့ကိုများ မကောင်းပြောနေရော့သလားဟု တွေးမိသွားသည်။ သူမ စကားမပြောခင် သူက မေးလိုက်သည်။


"မင်းကို ဘာပြောလဲ"


လင်းယောင်ယောင်သည် ယခုလိုနှစ်ယောက်သား ပူးပူးကပ်ကပ်နေနေရသည်ကို စိတ်ထဲက တစ်မျိုးကြီးဖြစ်နေရသည်။သို့သော်လည်း၊ အားနည်းသည့် အနေအထားမှာ ရှိနေသူများသည် ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ ဂရုစိုက်မှုနှင့် နွေးထွေးမှုကို စိတ်အားထက်သန်စွာ လိုလားတောင့်တတတ်ကြသည်။


လင်းရွှမ်၏ ခိုင်ခံ့သော ရင်ဘတ်သည် သူမအား လုံခြုံမှုနှင့် ပျော်ရွှင်မှုများစွာ ပေးစွမ်းနိုင်သည်ဟုဆိုခြင်းမှာ ငြင်းနိုင်စရာမရှိပေ။ သူမသည် သွေးစပျစ်နွယ်ပင်၏ စကားများကို ပြန်လည်ပြောပြပြီး ယခင်က ကြုံတွေ့ခဲ့ရသည့်အရာများကို အကျဉ်းချုံးပြောပြလိုက်သည်။


လင်းယောင်ယောင် က သူမ၏ စိတ်နေစိတ်ထားများသည် ပုံစံများကို လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်သည်ဟု ပြောလာသောအခါ ကလေးမလေးကို ကိုင်ထားသည့် လင်းရွှမ် လက်များက တင်းကျပ်စွာဖျစ်ညှစ်လာပြန်သည်။ သူ့စိတ်ထဲမှာ ထိုကလေးမလေးက တစ်ကယ့်ကို ရတနာကြီးတစ်ပါးလို သူခံစားမိသည်။ သူမသည် ရုပ်ရည်လှပပြီး SS အဆင့် ဝိညာဉ်ရေးစွမ်းရည်ရှိ၍ ရှားပါးအရသာရှိသော အားဖြည့်အစားအစာကို ဖန်တီးနိုင်ကာ ယခု သူမတွင် ပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်သော စိတ်စွမ်းအား နောက်ထပ်ပုံစံတစ်ခု ရှိနေပြန်သည်။


သူ့ညီမသည် ကိုယ်လုံးကိုယ်ပေါက်ကသာ အားနည်းနေပုံရသော်လည်း သူမ၏ဝိညာဉ်စွမ်းအားအဆင့်သည် ကောင်းကင်ကို ထိလုမတတ် မြင့်မားနေသည်ဟု လူတိုင်းပြောကြသည်။ သို့သော်၊ သူမက တစ်ကယ်တမ်းတွင် ထို့ထက်မက ပို၍ စွမ်းဆောင်နိုင်သူပင်။ ဝေ့ယွမ်နှင့် အခြားသူများက ထိုကိစ္စကို မပေါက်ကြားစေရန် ကတိပြုကြောင်း ပြောခဲ့သည်ကို သူ ကြားလိုက်ရသည်။


'သူတို့အတွက် သိထားတာ ကောင်းပါတယ်'


ထို့နောက် သူမ ခေါင်းကို လှမ်းကိုင်လိုက်ပြီး


"မင်း ဒီစွမ်းရည်ကို မကျွမ်းကျင်သေးဘူး...အဲဒါကို လူသိရှင်ကြား အသိပေးဖို့ စောလွန်းနေသေးပေမယ့် ဖုံးကွယ်ထားစရာလည်း မလိုပါဘူး...မင်းလိုအပ်တဲ့အချိန်တိုင်း သုံးကြည့်လိုက် ငါက မင်းကို ခွင့်မပြုဘူးဆိုတာမရှိဘူး"


ဉာဏ်ကြီးရှင်များသည် လူအများထံမှ အမုန်းတရားများကို ဆွဲဆောင်ရန် လွယ်ကူသည်၊ အထူးသဖြင့် နောက်ကွယ်မှာ ကျောထောက်နောက်ခံမရှိသူများပင်။သို့သော်လည်း၊ သူ၏ ယောင်ယောင်က မတူပေ။သူမမှာ သူနှင့် လင်း မိသားစုတစ်ခုလုံးကို အားကိုးအားထားစရာရှိနေသေးသည်။


လင်းရွှမ် ထိုအကြောင်းကို စဉ်းစားကြည့်မိသည်။ အကယ်၍ ယောင်ယောင် သည် သွေးစပျစ်နွယ်ပင်ကို ခေါ်ခဲ့လျှင်တောင်မှ ထိုအပင်သည် တစ်နေ့နေ့တွင် သူမကို သစ္စာဖောက်မည်ကို ကြောက်စရာမလိုပေ။အဆင့် 4 သို့မဟုတ် အဆင့် 5 ဂြိုလ်သားအပင်တစ်ပင်သည်သူမ နောက်သို့လိုက်နေပါက၊ထိုအပင်သည် သူမ၏ဘေးကင်းမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ အကယ်၍ ဂြိုလ်သားအပင်သည် အဆင့် 6 တွင်ရှိနေပါက၊ ထိုအပင်သည် လူအများ၏တပ်မက်မှုကို နှိုးဆွပေးမည်ဖြစ်၍ သူမကိုယ်တိုင် ကာကွယ်နိုင်တော့မည်မထင်ချေ။ အဆင့်-7 ဂြိုလ်သားအပင်များအတွက်မူ ၎င်းတို့သည် ပို၍ပင် ရှားပါးပြီး သဘာဝတွင် ထိပ်တန်းတည်ရှိပြီး လူသားများကို အရှုံးမပေးခဲ့ပေ။


သွေးစပျစ်နွယ်ပင်၏ တိုက်ခိုက်ရေးစွမ်းအားက မဆိုးချေ။ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့၏ ဝိုင်းရံမှုကို နာရီဝက်ကြာ ခုခံနိုင်ခဲ့သည်။ထို့ကြောင့် ဤအပင်က အစွမ်းထက်မှန်း ထင်ရှားသည်။ အကယ်၍ ၎င်း၏ ပြိုင်ဘက်သည် ဤသုံးဦးအနက်မှ တစ်ဦးတည်း ဖြစ်ပါက ၎င်းကသာ သေချာပေါက် အနိုင်ရမည်ဖြစ်သည်။ သို့သော်၊ ဝေ့ယွမ်၊ ချောင်းမင်ယောင်နှင့် ယဲ့ရှီးတို့သည် အလွန်အားနည်းနေသည်ဟု မဆိုလိုပေ။ သူတို့သည် အသက်က ငယ်ရွယ်လွန်းသဖြင့် S-အဆင့် စွမ်းအားရှင်များ အမှန်တစ်ကယ်မဖြစ်လာမီ အရည်အချင်းကောင်းများ ဖြစ်ထွန်းလာရန် ပိုမိုလိုအပ်ပေသည်။ လင်းရွှမ် သည် သွေးစပျစ်နွယ်ပင်ကို ဂရုမစိုက်ဘဲ စိုက်ကြည့်ကာ ပြောလိုက်၏။


"သူက တခြားဘာမှ မပြောဘူးလား"


"မပြောဘူး"


သူ ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။


"ဒါဆိုလည်း မင်းနဲ့အတူ ခေါ်ထား"


ယခုတော့ သူ စိတ်တည်ငြိမ်သွားပြီး သွေးစပျစ်နွယ်ပင်က သူ့ကို စိတ်ပုပ်သည်ဟု စွပ်စွဲမှာကို မကြောက်တော့ပေ။ထိုအပင်က စကားများလွန်းနေသော်လည်း သူ့ကို လင်းယောင်ယောင် က လက်ခံ၊မခံ ဆိုသည်ကို စမ်းသပ်ရန်အတွက် ၎င်းကို အသုံးပြုနိုင်သည်။


သူ့နှုတ်ခမ်းတွေက သူမ၏ ပါးပြင်အရေပြားကို ထိလိုက်ရုံနှင့် ခံစားဖို့ အချိန်မရခင်မှာ ကြောက်စရာကောင်းသည့် သွေးစပျစ်နွယ်ပင်၏ မြင်ကွင်းကြောင့် ရပ်တန့်သွားခဲ့သည်။သူ့အာရုံထဲမှာ ဖျတ်ကနဲမီးသီးများ လင်းလာကြသည်။ နောင်တစ်ချိန်မှာ၊သူနှင့် ယောင်ယောင် တို့ နှစ်ယောက်တည်း အချိန်တစ်ခုကြာအောင် အတူတူနေသည့်အခါ တတိယမြောက်လူတစ်ယောက် အမြဲရှိလာပေမည်။ သူမ ဘေးကင်းရေးအတွက် သူ ရွေးချယ်ခဲ့သော်လည်း မှားသလား၊ မှန်သလားဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။


သွေးစပျစ်နွယ်ပင်သည် အကြာကြီး ပြောဆိုနေကြသော လူနှစ်ယောက်ကို ကြည့်ကာ နောက်ဆုံးတွင် ထိုလူက ၎င်းကို ရွံရှာစိတ်အနည်းငယ်ဖြင့် ကြည့်သော်လည်း ခေါင်းညိတ်နေဆဲဖြစ်သည်။ ထို့နောက် ထိုလူသည် Green Star မိန်းကလေး၏ပိုင်ရှင်ဖြစ်သည်ကို သူ သဘောပေါက်သွားသည်။ သူမသည် သူ့ကိုမွေးစားချင်သော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချသူက ထိုလူသားပင် ဖြစ်သည်။ ထိုလူသားကောင်လေးက ခေါင်းညိတ်ပြပြီးနောက် ကောင်မလေးက ပြုံးပြီးပြောလာသည်။


"အစ်ကိုကြီးက သဘောတူတယ်… ဒါဆို မင်းငါနဲ့ အခုကစပြီး လိုက်ခဲ့ရမယ်... မင်းကို ငါတို့ နာမည်ပေးမယ်...ရွှယ်လေး၊ တန် လေး၊ လော လေး ဆိုရင်ကော... အစ်ကိုကြီး ဘယ်လိုနာမည်ကြိုက်လဲ"


နောက်ပိုင်းတွင် နာမည် မမှည့်တတ်ရှာသော သူမသည် ခေါင်းမော့ကာ လင်းရွှမ် အား မေးမြန်းလိုက်သည်။ ထိုအနီးကပ် ရှုထောင့်မှကြည့်လျှင် ထိုသူ၏ တင်းမာသော မျက်နှာထားအသွယ်သွယ်နှင့် သူ့မေးစေ့ပေါ်ရှိ အခွက်က‌လေးကို သူမ မြင်နိုင်သည်။ သူ့ကို ပထမဆုံးမြင်လိုက်ရသောအခါတွင်၊ သူသည် တစ်ဖက်သားကို အေးစက်စက်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သူ ဖြစ်ကြောင်း သူမ ခံစားခဲ့ရသည်။ သို့သော် သူမသည် ထိုထူးဆန်းသောကမ္ဘာကြီးထဲသို့ ရောနှောဝင်ရောက်လိုသောကြောင့် ခိုင်မာသော အကူအညီတစ်ခုကို ရှာဖွေလိုခဲ့သလို သူမ နှလုံးသားထဲမှ "အစ်ကိုကြီး" ဟူသော စကားလုံးကို စွဲလမ်းတောင့်တမှုကြောင့်လည်း သူ၏ အေးစက်စက်မျက်နှာကို လျစ်လျူရှုကာ လက်မောင်းကို အကြိမ်ကြိမ်ဖက်ပြီး ရင်းနှီးမှုရယူခဲ့တာဖြစ်သည်။ ယခုအချိန်တွင် သူမသည် သူ၏ တတိယခြေထောက်ကို ကိုင်ထားခဲ့တာကြောင့် အလွန်အောင်မြင်နေပြီး သူကသာ သူမ ဘဝတွင် အလွန်အရေးကြီးပြီး လုံးလုံးယုံကြည်ထိုက်သူဖြစ်လာခဲ့သည်။


လင်းရွှမ် သည် သွေးစပျစ်နွယ်ပင်ကို လက်ခံနိုင်မည်ဟု သဘောတူခဲ့သော်လည်း ၎င်းကို အလွန်မကြိုက်ကြောင်း သူမ ကောင်းကောင်းသိသည်။ သို့သော် သူမကမူ သွေးစပျစ်နွယ်ပင်သည် အလွန်ချစ်ဖို့ကောင်းသည်ဟု တွေးမိသည်။ သူမ ထိုအပင်ကလေးကို မွေးစားဖို့ဆုံးဖြတ်ပြီးကတည်းက သူမ၏ အစ်ကိုကြီးကို ဝမ်းနည်းစေခဲ့တာပင်။ သို့သော် ထိုအပင်လေးကို အစ်ကိုကြီးက မုန်းတီးစိတ်များမရှိစေချင်ပေ။ အစ်ကိုကြီးကသာ သွေးစပျစ်နွယ်ပင်၏ နာမည်ကို ရွေးလိုက်လျှင် သူတို့ အချင်းချင်း အနေနီးစပ်သွားပေလိမ့်မည်။


ထိုစဉ် လင်းရွှမ် က မျက်နှာကိုတစ်ဖက်လွှဲကာ ပြောလာသည်။


"012 လို့ခေါ်"


[ထိုအသံထွက်က လင်းယောင်အာ ဆိုသည့် အသံထွက်ပင်ဖြစ်သည်]

"အာ…ဘာဖြစ်လို့လဲ...ညီမလေး နာမည်နဲ့ အရမ်းတူနေလို့လား"


လင်းရွှမ် က "0" ဆိုသည့် အသံထွက်သည် သူတို့ လင်းမိသားစုမျိုးရိုးနာမည်ဖြစ်ခြင်းကြောင့် ဆိုသည်ကို မပြောဖြစ်လိုက်ပေ။


"မင်းရဲ့အဆင့်အတန်းက သူ့ထက်မြင့်တယ်...သူ့ထက်လည်း မင်းက ပိုချစ်ဖို့ကောင်းပါတယ်...သွားမယှဉ်စမ်းနဲ့"


လင်းယောင်ယောင် သည် ထိုစကားက အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသော်လည်း တစ်ခုခုမှားနေသလို ခံစားရ၏။


"အစ်ကိုကြီး...ညီမလေး အခြေအနေက 012 ထက် ပိုကောင်းတယ်ပေါ့"


သူ၏ အနက်ရောင် မျက်လုံးများက သူမကို သေချာ စိုက်ကြည့်နေသည်။


"အင်း"


နောက်ဆုံးတွင် သွေးစပျစ်နွယ်ပင်၏ အမည်ကို 012 အဖြစ်ထားရှိရန် လင်းယောင်ယောင် ဆုံးဖြတ်လိုက်သည်။သူတို့အကြည့်နှင့်အမူအရာကိုအကဲခတ်ပြီး သွေးစပျစ်နွယ်ပင်က သူ့ကိုမွေးစားတော့မည်မှန်း သဘောပေါက်သွားကာ သူ၏ အကိုင်းအခက်များကို တုန်ခါပြလိုက်သည်။သို့သော်၊ သွေးစပျစ်နွယ်ပင်သည် သူမအတွက် အလွန်သက်တောင့်သက်သာရှိသဖြင့် သူမ မျှော်လင့်ထားသည့်အတိုင်း ကြောက်မက်ဖွယ်ခံစားချက်မျိုးကို မခံစားရပေ။ သွေးစပျစ်နွယ်ပင်၏ ချစ်စဖွယ်အသွင်အပြင်သည် ယခုအချိန်တွင် သူမအတွက် ကွက်ကွက်ကွင်းကွင်းမြင်သာတာကြောင့်လည်း ဖြစ်နိုင်သည်။


သွေးစပျစ်နွယ်ပင်သည် သူ၏ အမည်နှင့်ပတ်သက်၍ အလွန်ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ အကိုင်းအခက်တွေ၊ အရွက်တွေ၊ နွယ်ပင်တွေက တစ်ဖက်ကို လှည့်ပတ်ကာဖြင့် အတော်လေး ပျော်နေပုံရသည်။

"ဝိုး၊ နောက်ဆုံးတော့ ကလေးမှာလည်း နာမည်ရှိသွားပြီ"


နောက်ဆုံးမှာ သူ၏ နီညိုရောင်နွယ်ပင်တွေကို သူမဆီကို ဆန့်တန်းလိုက်သည်။


"ဒါဆို 012 ကို နမ်းလို့ရမလား၊ မင်းပိုင်ရှင်က မင်းကို နမ်းသလိုမျိုးလေ..."


သွေးစပျစ်နွယ်ပင်သည် မွေးလာကတည်းက တွင်းနက်ကြီး၏ အောက်ခြေတွင် ရှိနေခဲ့သည်။ လူသားစွန့်စားသူများသည် ရံဖန်ရံခါရောက်လာကြပြီး သူတို့လက်ထဲက အလွန်အစွမ်းထက်သော လက်နက်များဖြင့် တိုက်ခိုက်ကြသည်။ သို့သော်၊သူ ရှင်သန်ဖို့အတွက် လူသားတွေကို ဘယ်တော့မှ တက်ကြွစွာ နှိုးဆွမှာ မဟုတ်ပေ။ ဂြိုလ်သားတိရိစ္ဆာန်တစ်ကောင်သည် ချိုင့်ဝှမ်းအောက်ခြေက ပဉ္စမအဆင့်ကို ကျော်လွန်ပြီးတိုင်း ထိုလူသားတွေက ဖယ်ရှားကြလိမ့်မည်။ တစ်ခါတစ်ရံမှာ သက်ကြီးရွယ်အိုအချို့သည် အပြင်ဘက်သို့ကံကောင်းထောက်မစွာ ထွက်သွားနိုင်ကြပြီး ပြင်ပကမ္ဘာက ပိုစိတ်လှုပ်ရှားစရာကောင်းသည်ဟု ပြောကြ၏။ အဆင့်၅ရောက်လျှင် အပြင်ထွက်ဖို့ စဉ်းစားနိုင်ကြောင်း သူတို့က ပြောဖူးသည်။ ထို့ကြောင့် သူသည် လူသားတွေအကြောင်း များများစားစား မသိသလို "နမ်းခြင်း" ဆိုသည်ကိုလည်း တစ်ဦးနှင့်တစ်ဦး သဘောကျကြောင်း ဖော်ပြသည့် ကျင့်ဝတ်တစ်မျိုးဟုသာ သိထားသည်။


ယခုဆိုလျှင်၊သွေးစပျစ်နွယ်ပင်သည် အနာဂတ်တွင် လူ့လောကနှင့် ရှုပ်ယှက်ခတ်ပတ်သတ်ရန် သူ့ပိုင်ရှင်နောက်သို့ လိုက်ရမည်ဖြစ်သောကြောင့်၊ လူ့ကျင့်ဝတ်ကို တတ်နိုင်သမျှ သဘာဝကျကျ လေ့လာထားရန် လိုအပ်သည်။သူ စောစောက ဝင်လာချိန်မှာ ထိုလူကြီးက ကောင်မလေးအား နမ်းနေသည်ကို တွေ့ခဲ့ရသည်။ သူမကြည့်ရတာ စိတ်မသက်မသာဖြစ်နေသော်လည်း ထိုသူက ဆက်နမ်းနေဆဲပင်။ထိုယောက်ျားသည် သွေးစပျစ်နွယ်ပင်အတွက် အလွန်အေးစက်သူဖြစ်သော်လည်း ကောင်မလေးအပေါ်ကိုမူ စိတ်ထားအလွန်နူးညံ့သည်။


"နောက်ဆို ငါအဆင်မပြေဖြစ်လာရင် ငါ့ပိုင်ရှင်ကို ပွေ့ဖက်ခိုင်းမယ်"


လင်းယောင်ယောင် သည် သွေးစပျစ်နွယ်ပင်များ ပြန့်ကျဲနေသော နွယ်ပင်များကို ကြည့်ကာ စိတ်ရှုပ်နေရသည်။


"အာ... ဘယ်လိုအနမ်းမျိုးလဲ၊ ငါ့ပိုင်ရှင်ဟုတ်လား... ငါ့မှာ ပိုင်ရှင်မရှိဘူး..."


လင်းရွှမ် မျက်နှာသည် မည်းမှောင်သွားသည်။ သူ၏ စိတ်စွမ်းအားသည် စွမ်းအင်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်ပြီး သွေးစပျစ်နွယ်ပင်၏ မျက်လုံးအနားကို ဖမ်းစားနိုင်သည်အထိ ချဉ်းကပ်သွားသည်။


"သွား"


ထိုအခါ သွေးစပျစ်နွယ်ပင်သည် သူ၏ စပျစ်နွယ်ပင်များကို အလွန်လျင်မြန်စွာ ဆုတ်ခွာသွားပြီး ထောင့်တွင် ပုန်းနေလိုက်သည်။


"မင်းရဲ့ပိုင်ရှင်က အရမ်းရက်စက်တာပဲ… မေ့လိုက်ပါတော့...အရသာရှိတဲ့ အသားအတွက်ဆို ကလေးက သည်းခံရမှာပေါ့.."

လင်းယောင်ယောင် သည် ရှက်ရွံ့ဟန်ဖြင့် နောက်ဆုံးတွင် နားလည်သွားသည်။ 012 ၏အမြင်တွင် သူမ အစ်ကိုသည် သူမ၏ "ပိုင်ရှင်" ဖြစ်နေသည်။


ဟက်--


သို့သော်၊ သူ့အတွေးကလည်း မှန်ပုံရသည်။ လွန်ခဲ့သည့်လက စစ်ရေးလေ့ကျင့်မှုတွင် သူမသည် အစားလည်းစားပြီး သူ့အိမ်မှာလည်း နေထိုင်ခဲ့သည်။ သူမ၏ စားဝတ်နေရေးစရိတ်များကိုပင် လင်း မိသားစုမှ ပေးအပ်ခဲ့သည်။ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်လျှင် လင်းရွှမ်သည် သူမ၏ "ပိုင်ရှင်" ဟု ဆိုနိုင်သည်။


ဒါပေမယ့် "အနမ်း" ကကော...


လင်းရွှမ် သည် သူမ၏ တုံ့ဆိုင်းနေသော အကြည့်ကို ပြန်ကြည့်လိုက်ပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားကာ


"မင်း နဖူးက ပူလား မပူလား ငါစမ်းကြည့်တာပါ....ဒါပေမယ့် သတိမထားမိတော့ မင်းမျက်နှာကို ထိသွားခဲ့တယ်"


သူမသည် ထိုအချိန်က သတိမထားမိခဲ့၍ အခြေအနေကို အတိအကျမသိပေ။ သို့သော်၊အစ်ကိုကြီးက သူမ မျက်နှာကို မတော်တဆ ပွတ်မိရုံနှင့် အတော်လေး ရှက်သွားပုံပင်။


မျက်နှာလေးကို နမ်းရုံပဲ နမ်းတာကို...ကြီးကြီးကျယ်ကျယ် ဘာများဟုတ်လို့လဲ…


အချိန်အတော်ကြာ စကားပြောပြီးနောက် ယခုအခါ သူမ၏ စိတ်အခြေအနေသည် ပိုမို ကောင်းမွန်လာသည်ဟု ခံစားလာရသည်။ သူမသည် လင်းရွှမ် ကို တွန်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ လင်းရွှမ် သည် သူ့လက်ကို လွှတ်လိုက်လျှင် စိတ်ထဲမှာ စိုးရိမ်စိတ်တွေနှင့် ပြည့်နှက်လာရတော့သည်။


သူနဲ့ အခုကစပြီး ခပ်ခွာခွာနေတော့မှာလား....


သေချာတာက သူမသည် သူ့ကို အစ်ကိုကြီးဟုသာ မှတ်ယူသည်။ ထို့ကြောင့် သူမ မျက်နှာကို နမ်းလိုက်လျှင်တောင် ရွံရှာသွားလိမ့်မည်။


ထိုစဉ်၊ လင်းယောင်ယောင်သည် မတ်တပ်ရပ်ပြီး ရှေ့ကို ကိုင်းလာကာ လျှပ်စီးကြောင်းအတိုင်း အမြန် သူ့ညာဖက်ပါးပြင်ကို နမ်းလိုက်သည်။ ပျော့ပျောင်းသော အထိအတွေ့သည် ချက်ချင်းပျောက်ကွယ်သွားပြီး လင်းရွှမ် စိတ်သည် ခဏတာ ဗလာဖြစ်သွားသည်။


သွေးစပျစ်နွယ်ပင်သည် ဤမြင်ကွင်းကို ထောင့်စွန်းတွင် ကြည့်ပြီး မနာလိုဖြစ်မိသည်။


"ဟေး 012 လည်းနမ်းချင်တယ်"


သူမ နမ်းပြီးသွားလျှင် ချက်ချင်းပြန်ဆုတ်သွားပြီး


"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး...ကျွန်မကို ဂရုစိုက်ပြီး ဆေးပေးလို့ ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်..."


သူမ စကားကရိုးရှင်းသော်လည်း လင်းရွှမ် နှလုံးသားထဲက ခံစားချက်များမှာ ရှုပ်ထွေးလွန်းသည်။ သူစိတ်ထဲမှ ပြောချင်သည့်စကားများမှာ...


'မင်းကို မရိုက်ချင်ဘူး၊ ငါမင်းကို ထပ်နမ်းချင်တယ်... နောက်ကျရင် ငါ ပြန်လာပြီး နမ်းဦးမယ်'



xxxxxxx