05
Viewers 2k

"ဟ ... မင်းပြောတော့ အေးဆေးပါဆို"


"အေးဆေးပါ ပါးစပ်ပါရွာရောက်တယ်တဲ့"


ဂျောင်ဂုသက်ပြင်းကို ဖူးခနဲမှုတ်ချလိုက်၏။ ဂျောင်ယူမင်းကတော့လုပ်ချလိုက်ပြန်ပြီ။

ယူမင်းကbusinessမေဂျာကိုရအောင်ယူဖိူ့တွေးထားတာမို့ လက်တွေ့ကွင်းဆင်းလေ့လာဖို့ရာသွားတာကို သူ့ကိုပါအတင်းခေါ်ခဲ့သည်။


မေဂျာနှင့်ပတ်သက်ပြီးဆွေးနွေးအကြံပေးမယ့် ပါမောက္ခတွေရှိတဲ့အဆောင်ဘက်ကို အခုတော့ နှစ်ယောက်သား လမ်းပျောက်ကာမသွားတတ်တော့ဘဲ ဝဲလည်ဝဲလည်ဖြစ်နေကြရပြီဖြစ်သည်။


အစထဲကသိခဲ့သင့်တာ။ ဒီကောင်က ကံကိုယုံပြီးချီးပုံနင်းနေကျမလား။


"မင်းကလည်း မျက်နှာကြီးမှုန်ကုတ်မနေပါနဲ့ ဟောဟိုမှာ လူနှစ်ယောက်လာနေတယ် ငါမေးလိုက်မယ်"


အဝေးလျှောက်လာတဲ့စီနီယာတွေအနားပြေးသွားတဲ့ယူမင်း။ ဂျောင်ဂုခြေတစ်လှမ်းပင်မရွေ့တော့ဘဲ ပျင်းပျင်းဖြင့် ထိုနေရာ၌ပေကပ်ကာရပ်ရင်း စောင့်နေမိတော့သည်။


"ဟို တဆိတ်လောက်ဗျ"


မဝံ့မရဲသံတိုးတိုးကြောင့် စူပုပ်နေတဲ့ထယ်ယောင်းကို ချော့နေရာက ဂျူဟီးဘေးကိုကြည့်လိုက်သည်။ ထိုအခါ Tamiasလေးနှင့်တူတဲ့ကောင်လေးကို တွေ့လိုက်ရ၏။

ကောင်လေးကဦးထုတ်ကိုနောက်ပြန်ဆောင်းထားပြီး အစိမ်းရောင်တောက်နေတဲ့တီရှပ်ကိုဝတ်ထားသည်။


"Line accလေးပေးပါလား"


"ဗျာ.."


"မောင်လေးရဲ့ အ့..."


ဘေးကနေဆွဲဆိတ်ခံလိုက်ရမှ ဂျူဟီးအသိဝင်လာသည်။


"ဟိုဘာပြောလိုက်တာလဲ အစ်မကယောင်တတ်လို့"


"ကျွန်တော်က စီနီယာအထက်တန်းနောက်ဆုံးနှစ်က ဂျောင်ယူမင်းပါဗျ အခုbusinessမေဂျာရဲ့ ပါမောက္ခအဆောင်ဘက်သွားချင်လို့ လမ်းပျောက်နေလို့ အစ်မလမ်းသိလား"


"အော် ကွင်းဆင်းလာတဲ့ကလေးလား အစ်မတို့လည်း ပါမောက္ခအဆောင်ဘက်သွားမလို့ လိုက်ခဲ့လေ"


"တကယ်လား ဒါဆို ခဏလေးပါနော် သူငယ်ချင်းကိုသွားခေါ်လိုက်ဦးမယ်"


ယူမင်းဝမ်းသာသွားရသည်။ ပြီးတော့ သူ့ကိုတမင်ပညာပြပြီး နေရာကမရွေ့တဲ့ သူတောင်းစားလေးကိုလည်း ပြေးပင့်ရသေး၏။

ထိုအခါမှ မရွေ့ချင်ရွေ့ချင်ဖြင့်လိုက်လာသည်။

ဂျွန်ဂျောင်ဂုတို့များ သိပ်တရားကျချင်စရာကောင်းသည်။ သူသွားချင်တဲ့နေရာကျ clubလိုနေရာမျိုးကိုပင် မရအရခေါ်သည်။ သူ့အလှည့်ကျ ဘယ်ဂျေးမှအောင်းစရာမလိုတဲ့လမ်းကိုတောင် မနည်းပင့်မနေရ၏။

BFFတွေတိုင်းကဒီလိုလား သူ့ဟာကြီးပဲ ဒီလိုဖြစ်နေတာလားဆိုတာကိုတော့ ယူမင်းလေးလည်းမသိတော့ပါ။


ထယ်ယောင်းစာကြည့်တိုက်ကိုမသွားရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့်ဂျူဟီးနောက်ကိုလိုက်လာရခြင်းပင်။ အခုလည်း အထက်တန်းကျောင်းသားလေးကို နှာဘူးကျနေပြန်ပါပြီ။

သူငယ်ချင်းဆိူတဲ့ကောင်လေးက လေးတိလေးကန်လျှောက်လာသဖြင့် စိတ်မရှည်စွာ ပြောဖို့ကြံမိတော့ ထယ်ယောင်းလန့်ဖျတ်ကာ ခေါင်းကြီးငုံ့ချပစ်ရသည်။


ငါငိုး... ဒါလေးက ဟိုနို့နံ့မစင်သေးတဲ့မေဘေးလေးပါ့ပဲ။

puppy golden retrieverလို ခြေဖဝါးယားအောင် လူကောင်နဲ့မလိုက် သူ့ကို မမ၊ မမဆိုပြီး တအားချွဲတဲ့ကောင်လေး။

ယူမင်းဆိူတဲ့ကောင်လေးကို မြင်ဖူးပါတယ်ထင်နေတာ။

ဒင်းလေးတို့နှစ်ယောက်ဖြစ်နေတာကိုး။

ချီးထဲမှ ငါ့ကိုတော့မမှတ်မိလောက်ပါဘူးနော်။

မှတ်မိရင်တော့သွားပါပြီ...။

ငါ့အလုပ်လေးမြဲပါတော့မလား။


ထယ်ယောင်းရင်ထဲကမ္ဘာပျက်နေတုန်း ထိုကောင်လေးကသူ့ကိုတစ်ချက်မျှသာကြည့်ပြီး မျက်နှာလွှဲသွားသည်။


ဘာလဲ မမှတ်မိဘူးလား...။


ထယ်ယောင်း သူ့မျက်နှာကိုသူ လျင်မြန်စွာပင် စမ်းလိုက်မိသည်။

ပုလင်းဖင်မျက်မှန်ကြီး... ပြီးတော့ မျက်လုံးအထိဖုံးနေခဲ့တဲ့ ဆံပင်တွေ။

ထယ်ယောင်းအကြိမ်ကြိမ်အခါခါ သူ့မျက်နှာသူ ပွတ်သပ်ကာစမ်းသပ်ပြီးမှ စိတ်အေးကာသက်ပြင်းချလိုက်၏။


အစ်ကိုဒုံဟွန်းတောင် သူမျက်မှန်တပ်မထားရင် မမှတ်မိတာကို... ဒီငတုံးလေးက မှတ်မိစရာလား။


"ထယ်ယောင်း ဘာဖြစ်လို့လဲ "


"ဟင်..."


"နင်ပွတ်နေတာများ အားကြီးနဲ့ မျက်နှာကြီးလည်း ပြဲထွက်သွားပါဦးမယ်ဟယ်"


ဂျူဟီးဆီက တစ်လုံးတစ်ခဲစကားကြီးကြောင့် ထယ်ယောင်း ပြောစရာမဲ့သွားရတော့သည်။

ထိုအခါ ဟိုကောင်လေးကပါ သူ့ကိုစေ့စေ့ပေါက်ပေါက်လိုက်ကြည့်၏။

သူမျက်နှာလွှဲလိုက်တော့ လွှဲတဲ့ဘက်ကိုလိုက်ကြည့်သည်။ ငုံ့ချလျှင် ကိုယ်ကို ညွတ်၍ကြည့်၏။


"ဒီမှာဗျ"


"အင်?..."


ထယ်ယောင်း ရင်တွေတဒိတ်ဒိတ်ခုန်လာသည်။ လူကိုစေ့စေ့ပေါက်ပေါက်လိုက်ကြည့်နေတာမို့ သွေးကဆောင့်တက်ချင်လာသည်။


"ခင်များ..."


.

.


ဝုန်း...


"အမလေး ဘုရား ဗြောလေးနဲ့ငါနဲ့ညား"


လန့်တာကို သူတစ်ဖက်သတ်ကြိုက်နေတဲ့ အစ်မဗြောကိုပါ ဆွဲထည့်ပြီးယောင်တဲ့ အစ်ကိုဒုံဟွန်းကြောင့် ထယ်ယောင်းမှာစိတ်ညစ်နေတဲ့ကြားက ရယ်ချင်သွားရသည်။ 

Crhကို ရအောင်ကို အသားယူလိုက်သေးတာ။


"ထယ်ယောင်းရာ လန့်လိုက်တာ "


"ထပ်ပြောမယ် အစ်ကို အသက်မပြည့်သေးတဲ့ကလေးတွေကို ကလပ်ထဲဝင်ခွင့်ပြုရင် အစ်ကို့ကိုကျွန်တော်သွားတိုင်တော့မှာနော် သတိပေးတာ"


ဟာဒုံဟွန်းမှာ အထွန့်တက်ချင်ပေမယ့် ခေါင်းညိတ်လိုက်ရသည်။

ဒီကလေးကစိတ်ကြီးသည်။ ပိုက်ဆံလေးလိုချင်လို့ လုပ်မိမှ ဒီကောင်လေးက တကယ်ကြီး သွားတိုင်လိုက်ရင် သူ့ဘားလေးပါ ပိတ်လိုက်ရနိုင်ချေရှိသည်။

ထိုအခါမှ ထယ်ယောင်းမှာ သက်ပြင်းချရ၏။


"အဝတ်သွားလဲတော့မယ်"


"အေးပါကွာ"


ဒုံဟွန်းက ပိုက်ဆံလေးကိုချစ်ရုံပါ။

ပိုက်ဆံလေးရှာပြီး ဗြောလေးကို တင့်တောင့်တင့်တယ်ထားမယ်။

ပြီးရင် ဘဝကိုပိုက်ဆံရှာရင်း အေးအေးချမ်းချမ်းလေးနေချင်ရုံလေးပါ။


သို့ပေမယ့် အေးအေးချမ်းချမ်းလေးနေချင်တဲ့ ဒုံဟွန်းလေးရဲ့ဆန္ဒတွေကို မိုးနတ်မင်းကခွင့်မပြုခဲ့။

ဟိုနေ့ကချာတိတ်လေးတွေရောက်လာပြန်ပြီ။

ဒုံဟွန်းတစ်ယောက် မသိချင်ဟန်ဆောင်ကာ မှတ်ပုံတင်တောင်းရတော့၏။


"မရဘူး NRC cardပြ"


"အစ်ကိုကလည်း မေ့ခဲ့လို့ပါဆို"


"မရဘူး ပါမလာရင်ပြန်ယူ... မယူရင်မဝင်နဲ့"


ဂျောင်ဂုမျက်နှာစူပုပ်သွားတော့သည်။

ဒီအစ်ကိုက တမင်ညစ်နေတာကြီးကို။


"ဟုတ်တယ်ဗျာ ကျွန်တော်တို့အသက်မပြည့်သေးဘူး "


"တွေ့လား ပြန်တော့ချာတိတ်တွေ"


"မပြန်ဘူး အသက်မပြည့်သေးလည်း ရအောင်ဝင်မှာပဲ"


ဂျောင်ဂုက ကတ်ကတ်လန်အောင်စွာနေသလောက် အသက်မပြည့်တာ လူမိသွားသဖြင့် ဂျောင်ယူမင်းလေးကတော့ ဒူးချင်းရိုက်နေပြီ။


"ဒီကလေးတွေ မင်းတို့ကို တိုင်လိုက်ရမလား"


"လုပ်ကြည့်လေ"


"ဘာကွ! !"


မကြောက်မရွံ့ပြန်အော်နေတဲ့ သူ့ထက်အရပ်ပိုရှည်တဲ့ကလေးကို မော့မော့ပြီးပြန်အော်ရင်း ဒုံဟွန်းတစ်ယောက် လည်ပင်းနာလာသည်။


"ကျွန်တော် အရင်ညကလာတော့ ဒီကလပ်မှာဓာတ်ပုံတွေရိုက်ထားတယ် အသက်မပြည့်တဲ့လူကို ဝင်ခွင့်ပေးတယ်ဆိုပြီး လိုင်းပေါ်တင်ပစ်မယ်"


"ဟေ့ကောင်လေး မင်းကများ ရာရာစစ  ငါ့ကိုခြိမ်းခြောက်နေတာလား"


"ဟုတ်တယ်"


"မကြောက်တတ်ဘူးများထင်နေလား ... ဝင်!"


ကလပ်ထဲကို အောင်နိုင်သူလိုဝင်လာတဲ့ကောင်လေးကိုကြည့်ကာ ဒုံဟွန်း မျက်နှာလေးငယ်လာသည်။

သူ့ခမျာ အခုတော့ ဘယ်ဘုရားကိုးကွယ်ရမလဲမသိတော့။


"မင်းတို့ စပ်စုစရာရှိတာစပ်စုပြီး ပြန်ကြတော့ကွာ"


"မပြန်ပါဘူး"


"ဟမ်...ဘာလုပ်ဦးမှာလဲ"


"မမထယ်ဟီးကိုခေါ်ပေး"


စားပွဲပေါ်ကို ပိုက်ဆံတစ်အုပ်ကိုပစ်တင်ရင်း ဂျောင်ဂုခပ်မိုက်မိုက်အထာဖမ်းကာဆိုလိုက်သည်။

သူ့ရဲ့ အခုပုံစံကိုမမသာ မြင်ရင် ပစ်ကြွေသွားတော့မှာပဲ။ ကတောက် မမ မြင်သွားလိုက်ရမှာကွာ။