ဒုန်း! ဒုန်း ! !
ဂျွန်အိမ်မှထွက်ပေါ်လာတဲ့အသံ။ မဒမ်ဂျွန် တစ်နည်းမစ္စဆုန်းရဲ့ မီးဖိုချောင်မှထွက်လာသည့်အသံပင်။
မေမေဆုန်းတစ်ယောက် ဂျုံနယ်နေပုံမှာ လူတစ်ယောက်ကို စိတ်ရှိလက်ရှိထုရိုက်နေသည့်အတိုင်း။
သူ့ဘေးတွင်တော့ မျက်နှာငယ်လေးဖြင့် သခွားသီးလှီးနေတဲ့ ယောက်ျားဖြစ်သူ ဂျွန်ဂျုံးဂုရှိနေ၏။(မျိုးရိုးပြောင်းထားပါတယ်နော်)
"မပြောချင်လို့ကြည့်နေတာ တစ်နေ့တစ်နေ့ မြိုဖို့ဆို့ဖို့အိပ်ဖို့ကလွဲပြီး ဘာမှမသိတဲ့ဟာတွေ တကယ့်အလုပ်မရှိအကိုင်မရှိ ၁၀၉၊ ၁၁၀တွေ"
"ကိုယ်က Gym roomဖွင့်ထား..."
ဒုန်း! !
စကားပင်ပြီးအောင်ပြောခွင့်မရလိုက်။ နဂါးမျက်စောင်းတို့ဖြင့် အကြည့်ခံလိုက်ရသည်။
"အင်းပါ မိန်းမမှန်ပါတယ်ကွာ နော်"
သွားလေးဖြီးပြရင်း သခွားသီးကို အဝိုင်းလှလှလေးတွေရအောင် ပြန်လှီးနေသူမှာ ကျားကိုးစီးပင်စားမကုန်နိုင်လောက်တဲ့ ခန္ဓာကိုယ်ရှိသူပင်။
"ပြန်ရောက်ပြီဆို ဒီကိုကြွပါဦး သခင်လေး"
ခပ်ရွဲ့ရွဲ့ဆိုမိတဲ့စကားအဆုံး မေမေကလည်းဟူသော ခပ်ချွဲချွဲခေါ်သံလေးနှင့် ဂျောင်ဂုကမီးဖိုခန်းထဲဝင်လာသည်။
"အဟဲ သားပြန်ရောက်တာ ဘယ်လိုသိတာလဲမေမေ"
မေမေဆုန်းကပြန်မဖြေပဲ မျက်စောင်းသာထိုးသည်။
"ဒီနေ့ဘယ်သွားတာလဲ"
"ကျောင်းလေ မေမေရဲ့"
"အယုတ်တမာလေး အမေကိုလာလိမ်နေတယ် နင်ကျောင်းပြေးတဲ့အကြောင်း ယူမင်းလေးပြောပြပြီးပြီ"
ယူမင်းရဲ့ ကျွန်တော်ပြောတယ်လို့မပြောနဲ့နော်တီတီဆိုတဲ့စကားကို သူမမျက်နှာလွှဲခဲပစ်လုပ်ချပစ်လိုက်တော့သည်။
သက်သေနှင့်တကွမဖမ်းရင် ဒီကောင်လေးကဖင်ပိတ်ငြင်းဦးမှာ။
ဒီရက်တွေ ညဘက်တွေထွက်ထွက်လည်နေတာကိုလည်း သူမမပိတ်ပင်ပါဘဲ လွှတ်ပေးထားခဲ့တာကို အခုတော့ ကလေးစုတ်လေးက ကျောင်းပါပြေးတတ်နေပြီ။
"မှန်မှန်ပြော"
"ကျွန်တော် မေမေ့ကိုပြောပြဖူးတယ်လေ သဘောကျနေတဲ့ကောင်မလေးရှိတယ်ဆိုတာ သူနဲ့သွားတွေ့တာ"
ဂျောင်ဂုမလိမ်ချင်တော့၍ အမှန်အတိုင်းဆိုမိတော့ မေမေဆုန်းက အလိုမကျသလိုကြည့်လာသည်။
"ရှင့်သားကိုပြောဦးလေဂျုံးဂု... "
"ဟင် ဘာပြောရမှာလဲ ..."
အူလည်လည်လုပ်နေတဲ့သူမယောက်ျားကို ဂျီဟိုအားမလိုအားမရဖြစ်လာသည်။
"ဒီမယ်သား မင်းရည်းစားထားတာကို မေမေဘာမှမပြောချင်ဘူး ဒါပေမယ့် ကျောင်းပြေးပြီး လာတွေ့ခိုင်းတာမျိုးလုပ်တဲ့မိန်းကလေးဆိုရင်တော့ မေမေသဘောမတွေ့ဘူး"
"အဲဒါတော့ဟုတ်တယ် သားသဘောကျတဲ့မိန်းကလေးက သားကိုအောက်ဆွဲချတာမျိုးဖြစ်လာရင် ဖေဖေလည်းသဘောမတူနိုင်ဘူး"
အဖေရောအမေကပါ အတင်းတွေကန့်ကွက်လာတာမို့ ဂျောင်ဂုစိတ်လေသွားရသည်။
မမဆီကတောင် အမှတ်တွေမယူရသေးတာကို အိမ်ကလူကြီးတွေကပါ ကန့်ကွက်ဖို့အသင့်ဖြစ်နေပြန်ပြီ။
"မဟုတ်ပါဘူးမေမေရာ သားတို့ကအခုမှရင်းနှီးစအခြေအနေပါ မေမေပြောသလို သူကသားရည်းစားသာဆို မေမေ့သားအပျော်လွန်ပြီး ကောင်းကင်ဘုံရောက်နေလောက်ပြီ ပြီးတော့ မမကခေါ်ထုတ်တာမဟုတ်ပါဘူးဗျ သားကသာသူ့ကိုဖိအားပေးပြီး အတင်းလာတွေ့ခိုင်းတာ"
"ဂျောင်ဂုဂီ ပြောလေကဲလေပါလား"
"သားသိပါပြီ နောက်မလုပ်တော့ပါဘူးမေမေရယ်နော်"
"အစမ်းစာမေးပွဲနီးပြီမလား... အဆင့်တွေကျသွားရင်"
"စိတ်မပူပါနဲ့ ကျွန်တော်ကြိုးစားမှာပါ"
သူစိတ်ရင်းနှင့်ကတိပေးလိုက်ခြင်းပင်။
ဖြစ်နိုင်ရင်မမကို ကလပ်မှာအလုပ်မလုပ်စေချင်တော့။
ထိုသို့မလုပ်စေချင်လျှင် မမကိုအလုပ်ထွက်ခိုင်းမှရမည်။
အလုပ်ထွက်ခိုင်းဖို့ဆို သူ့မှာပိုက်ဆံရှိနေဖို့လိုသည်။
ပိုက်ဆံရှိမှ မမကိုသူ တင့်တောင်းတင့်တယ်ထားနိုင်မှာလေ။
.
.
"ဂျောင်ယူမင်း? ..."
ယူမင်း အူလည်လည်ဖြင့်ရပ်လိုက်ကာ ခေါ်သူကိုကြည့်လိုက်တော့အရင်ျောင်းက ကျောင်းလူမိုက်အဖွဲ့။
"ဟုတ်နေတာပဲ ဂျောင်ယူမင်း... ကြည့်ပါဦး တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရတယ်လို့.. "
"မင်းတို့.. မင်းတို့ ဘာဖြစ်ချင်လို့လဲ"
"ဝါး ဒီကောင်စွာနေတာကိုကြည့်ဦး ခဏလောက် လက်ကလွတ်တာနဲ့ လူလည်ကျတတ်လာတာပဲ"
ကျောင်းဝတ်စုံကိုလမ်းသူရဲစတိုင်ဝတ်ထားသူမှာ ဆိုးသွမ်းလွန်း၍ ခဏခဏအဆူခံရသူ.. အနိုင်ကျင့်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ပင်။
"မင်းတို့အနိုင်ကျင့်ရဲရင် ငါစည်းကမ်းထိန်းသိမ်းရေးဆရာနဲ့တိုင်မှာ"
"ကြည့်ပါဦး ဒီမေမေ့ချစ်သားလေးကတော့ "
ယူမင်းကအရပ်ရှည်ပေမယ့် ကြောက်တတ်သူပင်။
နဂိုက သူက ထိုအုပ်စုအတွက် အနိုင်ကျင့်စရာသားကောင်တစ်ယောက်။
နောက်ဆုံးမှာတော့ သူထိုးကြိတ်ခံနေရတာကို မိဘတွေသိသွားပြီး ကျောင်းပြောင်းပေးခဲ့တာ။
လွယ်လွယ်လွှတ်ပေးမယ်လို့ မမျှော်လင့်ထားခဲ့တာတော့အမှန်။
ထင်ထားတဲ့အတိုင်း သူတို့တွေ ယူမင်းကိုလာရှာကြတာ။
"ဘာလုပ်နေတာလဲ ဆွဲလာခဲ့"
အတင်းဆွဲခေါ်ခံရပြီး တစ်ဖက်ပိတ်လမ်းကျဥ်းလေးထဲအရောက်မှာတော့ သူ့ကိုဝိုင်းထားကြသည်။
"ပိုက်ဆံဘယ်လောက်ပါလဲ"
"မယူလာဘူး"
"ကျစ် ကလေးကလားအကွက်တွေ... ယူမင်းရေ မြန်မြန်ထုတ်ပေးရင် အသားနာမှာမဟုတ်ဘူးနော်"
"တကယ်မရှိဘူး"
ထိုကျောင်းသားက စိတ်မရှည်တော့ဟန်ဖြင့် အချက်ပြသည် ။
ထိုအခါ သူ၏လွယ်အိတ်ကိုဆွဲလုလာသူများ။
ယူမင်း အသည်းအသန် မလွှတ်ပေးဘဲ ပြန်ဆွဲထားမိချိန် ထိုခေါင်းဆောင်ဖြစ်သူက ဗိုက်ကိုအားဖြင့် တစ်ချက်ပစ်ကန်လာသည်။
ယူမင်းတစ်ယောက် နာကျင်စွာဖြင့် အော်လိုက်ရင်း ခွေခနဲ လဲကျသွားကာ ဆွဲထားတဲ့အိတ်ကိုပါ လွှတ်ပေးလိုက်ရသည်။
" ကြည့်ပါလား ပိုက်ဆံတွေအများကြီးကို ထုတ်မပေးဘဲ ဘာလို့လိမ်နေရတာလဲ မလိမ်မာတော့ အသားနာပြီမလား"
အိမ်ကပေးလိုက်တဲ့ မုန့်ဖိုးငွေတစ်ထပ်ကို ထုတ်ယူကာ ကစားပြရင်းဆိုသည်။
"မလိမ္မာတဲ့ကြွက်ကလေးကို နာခံတတ်အောင်သင်ပေးလိုက်ကြဦး"
တဟားဟားအော်ရယ်ရင်းထွက်သွားတဲ့လူ။
ပြီးနောက် ဆက်တိုက်ကျလာတဲ့ကန်ချက်များ။
"ဟေး ! ! ငါတို့ကျောင်းကလူကို ဘယ်သူတွေထိရဲတာလဲ"
ခပ်စူးစူးအော်သံနှင့်အတူ စောနကလူရဲ့နာကျင်စွာ အော်လိုက်သံကို ကြားလိုက်ရသည်။
လက်တွေနှင့် ကန်ချက်တွေကိုကာရင်း ချောင်းကြည့်လိုက်သည့်အခါ လက်ထဲတွင် ဘေ့စ်ဘောတုတ်တံကိုင်လျက်သားဖြင့် အလယ်တန်းကျောင်းသားလေးကို တွေ့လိုက်ရသည်။
မဟုတ်ဘူး သူကငါတို့ စီနီယာအထက်တန်းကျောင်းဝတ်စုံကို ဝတ်ထားတာ။
ချီးပဲ ဒီတော့ ဒီအသေးလေးက ငါနဲ့အတန်းတူတူလား...
ရုတ်တရက် ယူမင်းမှာ ကျောင်းပြောင်းပြီး မနည်းတည်ဆောက်ထားရတဲ့ သူ့သိက္ခာတွေ ရေစုန်မျှောပြီလို့ ခံစားလိုက်ရ၏။
"ခေါင်းဆောင်လုပ်ပြီး ပျော့လိုက်တာ"
ကောင်လေးက ဘေ့စ်ဘောတုတ်ကို လွှဲရမ်းကာ ကစားရင်း သူ့ခြေထောက်နားမှာလဲကျနေဆဲလူရဲ့ဗိုက်ကို အားဖြင့်ဖြတ်ကန်ပစ်သည်။
ပြီးနောက် လက်ညှိုးကိုကွေးလိုက်ကာ...
"လာကြလေ ပုရွက်ဆိတ်ကလေးတွေ~"
...
"သူက ငယ်သူငယ်ချင်း ပတ်ဂျီမင်းတဲ့"
ဂျောင်ဂုက စိတ်မပါတပါဖြင့် မိတ်ဆက်ပေးလာသည်။
ဂျောင်မင်းကတော့ နာနေတဲ့နေရာတွေကို ကြက်ဥပြုတ်ဖြင့်လှိမ့်နေရင်း နားထောင်နေ၏။
"အရင်ကဂျပန်မှာနေတာ အခုမှဒီကိုပြန်ပြောင်းလာတာ ဘာပဲဖြစ်ဖြစ် မင်းသူနဲ့တွေ့တာကံကောင်းတယ် သူကလူသေးပေမယ့် လက်စလက်နကပြင်းတယ်"
"စောစောက ကူညီတာ ကျေးဇူးတင်ပါတယ် ကျွန်တော်က..."
"ဂျောင်ယူမင်းမလား ဂျောင်ဂုဆီကကြားဖူးတယ် သူပြောတဲ့အတိုင်း တကယ်ငကြောက်လေးပဲ"
ယူမင်းမှာ ကျေးဇူးတင်လိုစိတ်ကလေးတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။
"ပြီးတော့ သူငယ်ချင်းပဲမဟုတ်ဘူး ငါကဂျောင်ဂုရဲ့အစ်ကိုတစ်ဝမ်းကွဲ သူ့အဖေနဲ့ငါ့အမေက မောင်နှမတွေ"
"ဆွေမျိုးစပ်ပြနေစရာမလိုပါဘူး"
ဂျောင်ဂုမှာ ဂျီမင်းကို အစ်ကိုဟုခေါ်ချင်ပုံမရ။
"ညီလေး respect ဆိုတာ ရှိရတယ်ကွ အဟားဟား... သွားတော့မယ် ညကျတွေ့ကြတာပေါ့ လေးလေးနဲ့တီတီကို လွမ်းနေတာ"
ဆံပင်ကို သပ်တင်ရင်း တဟားဟားအော်ရယ်ကာ ထွက်သွားတဲ့သူ။
"မင်းအစ်ကိုက ချစ်စရာလေး "
မျက်လုံးပြုတ်ထွက်မတတ်ငေးရင်းဆိုလာတဲ့ ဂျောင်ယူမင်းရယ်ပါ။
"ကြွေနေသေးတယ် စောနကသူရိုက်လိုက်တဲ့လူတွေကို မင်းမတွေ့ဘူးလား"
"ဒါပေမယ့် ချစ်စရာလေးပါပဲ"
ဂျောင်ဂုကတော့ စုတ်တစ်ချက်သတ်လိုက်ကာဖြင့် "ပတ်ဂျီမင်းတစ်ယောက်ကတော့လေ ကမ္ဘာပတ်ပြီး ပန်းပျိုးနေတော့တာပဲ" ဟူ၍ တစ်ကိုယ်တည်းကြားရုံ ခပ်တိုးတိုးရေရွတ်မိသည်။