အခန်း၃၁
Viewers 8k

Chapter 31


အတိတ်က ထိုအရာများကို ပြန်ပြောင်းပြောနေသောအခါ ဝေ့ယွမ်၏ အသံမှာ အနည်းငယ် တုန်လှုပ်သွားသည်။ လင်းယောင်ယောင် သည် သူမ၏ ခန္ဓာကိုယ်တွင် ထိုသို့သော မူလဇစ်မြစ်ရှိကြောင်း မမျှော်လင့်ထားပေ။ ဝေ့ယွမ်သည် ထိုလည်ဆွဲကို ဝမ်းကွဲညီမဖြစ်သူများအား ဝေ့မိဘများက ပေးထားမှန်း သူ သိပုံမရပေ။ထိုဆွဲပြားလေးက ဝေ့လင်း နှင့် ချမ့်ယောင် တို့၏ ကိုယ်ရေးကိုယ်တာ ချစ်ခြင်းသင်္ကေတဖြစ်ရမည်။


သို့သော် ဝေ့ယွမ်တွင် သေချာမှုများစွာမရှိပါက သူ၏ ပင်ကိုယ်စရိုက်ဖြင့် ပြောပြမည်မဟုတ်ပေ။ တစ်ခုတည်းသော နောက်ဆုံးအတည်ပြုချက်မှာ သွေးဆက်နွယ်မှုစစ်ဆေးချက်ဖြစ်သည်။ထို့အပြင် သွေးစကားပြောတာထင်သည်၊ဝေ့ယွမ်က ဝေ့မိသားစု၏ဝမ်းနည်းဖွယ်အဖြစ်အပျက်အကြောင်းကို ပြောပြသောအခါ သူမ မျက်လုံးထဲတွင် အလိုလိုမျက်ရည်များ ပြည့်လျှံလာရသည်။ ထိုအခါ ဝေ့ယွမ် က သူမကို ပိုးသားလက်ကိုင်ပုဝါတစ်ထည် ပေးလိုက်သည်။


"ယောင်ယောင် လေး... ဒီအကြောင်းတွေကြားပြီးပြီဆိုတော့ ညီမ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးအဖြစ် မမှတ်ယူလိုက်ပါနဲ့...တစ်ကယ်လို့ ညီမက အစ်ကို့ဦးလေးရဲ့ကလေးဆိုရင် အဘိုးအဘွားတွေနဲ့ အစ်ကို့ မိဘတွေဆီ ခဏခဏပြန်လာလည်နိုင်ဖို့ အစ်ကို မျှော်လင့်တယ်....သူတို့လည်း အရမ်းပျော်နေကြမှာ...ဒါ့အပြင် ဒီကိစ္စကို အတည်ပြုပြီးရင် ဝေ့မိသားစုအမည်နဲ့ လင်းမိသားစုရဲ့အိမ်ကို တရားဝင်သွားပြီး သူတို့နဲ့ ညှိနှိုင်းမယ်"


အဆုံးတွင် ဝေ့ယွမ်က သူမကို အပိုင်တောင်းနေခြင်းပင်။ သူမ၏ အာကာသခလုတ်ထဲရှိ လည်ဆွဲကြောင့်သာမဟုတ်ပါက အထင်လွဲနေကြောင်း သူမ ပြောနိုင်သေးသည်။ သို့သော်၊ အခုအချိန်မှာတော့ ရလဒ်ကို သူမ,မျှော်လင့်ထားမိသည်။သူမ စိတ်ထဲမှာ နောက်ထပ် ဆွေမျိုးအနည်းငယ် ထပ်ရှိလာမည်ကို မကြိုက်သော်လည်း ဝေ့မိသားစုအခြေအနေအရ သူမကို မိသားစုအဖြစ် အသိအမှတ်ပြုရန် မျှော်လင့်ထားကြောင်း ထင်ရှားသည်။ ယခု သူမစိုးရိမ်မိသည်က လင်း မိသားစု၏ မိဘတွေနှင့် အစ်ကိုအကြီးဆုံး လင်းရွှမ် က ဘယ်လိုမျိုး တွေးနေမှာလဲ ဆိုတာကိုပင်။


012 သည် ရုတ်တရက် လေးလံပြီး ဖရိုဖရဲဖြစ်နေသော သူမ ခံစားချက်ကို ခံစားမိပုံရသည်။သူသည် နာခံမှုရှိစွာ တိတ်ဆိတ်နေပြီး မည်သည့်အနှောင့်အယှက်မှ မဖြစ်စေပေ။ အိုး... အမှန်က 012 သည် လေယာဥ်မူးနေတာကြောင့် အိပ်ပျော်သွားခြင်းသာ။သူ၏ စပျစ်နွယ်အချို့က သူမ လက်ကောက်ဝတ်ပေါ်မှာ ရစ်ပတ်ဖွဲ့ခွေထား၏။ နီညိုရောင်ရှိသော အကိုင်းအခက်များနှင့် အရွက်အလွှာများသည် သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသောလက်ကောက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ရုတ်တရက်ကြည့်ပါက အမိုက်စား ကြိမ်လက်ကောက်နှင့်တူနေသေးသည်။


သူတို့သည် တိုက်လေယာဉ်ကို စစ်သင်္ဘောရှိရာဆီသို့ ဦးစွာပြန်မောင်းခဲ့သည်။ ထို့နောက် စစ်ရေးလေ့ကျင့်ရေးစခန်းသို့သွားပြီး သူတို့ကိုယ်ပိုင်ပစ္စည်းများကို ထုပ်ပိုးပြီးလျှင် ကိုယ့်အိမ်ကိုယ်ပြန်၍ ရပေသည်။


စစ်ဘက်ဆိုင်ရာသုံး အမြန်ယာဉ်ပေါ်တွင် ဝေ့ယွမ်က အမှတ်ကတ်များ လိုက်ပေးအပ်ပြီး ပထမဆုအတွက် ကိုယ်လိုချင်ရာဆုများကို တိုင်ပင်ဆွေးနွေးကြသည်။ ထို့နောက် လေးယောက်လုံး သဘောတူကြသည့် ဆုအမျိုးအစားကို ကျောင်းက ကိုယ်တိုင်ကိုယ်ကျ ဆုပေးမည်ဖြစ်သည်။


လူတိုင်းက ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့ကြောင့် ပထမနေရာကို ရနိုင်သည်ဟု လူတိုင်းက ယုံကြည်ခဲ့ကြပြီး လင်းယောင်ယောင် နှင့် ဘာမှမဆိုင်ဟု ယူဆထားကြသည်။လင်းယောင်ယောင် သည် အသာနေနေရင်း အနိုင်ရသွားသူဖြစ်သည်။ အဖွဲ့တစ်ခုလုံးကို ဒုတိယနေရာသို့ ရောက်ရှိရန် ကိုယ်ပိုင်စွမ်းရည်ကို အားကိုးသော စုချင်းဟယ် နှင့်မတူဘဲ သူမသည် အစွမ်းအစမရှိဟု ထင်မြင်နေကြသည်။ သူမအတွက်က ဝေ့ယွမ် နှင့်တခြားသူတွေကို အဖွဲ့ဝင်တော်ထားရသည်က ကံကောင်းခြင်းပင်။ထိုသုံးယောက် ကျေးဇူးကြောင့် ဤပထမနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူတိုင်းက သူမကို မနာလိုမှု၊ မုန်းတီးမှု အမျိုးမျိုးနှင့် ကြည့်နေကြသည်။


လင်းယောင်ယောင် သူတို့ကို ဂရုမစိုက်ပေ။သူမအတွက်က အနိုင်ရသွားပြီဖြစ်၍ တာဝန်ကျေသလို ခံစားရသည်။ ဝေ့ယွမ် က သူမကို နှိမ့်ချသော အသံဖြင့် နှစ်သိမ့်ပေးရှာသည်။


"အခု မင်းကို ပိုနှိမ့်ချလေလေ သူတို့တစ်ချိန်မှာ နောင်တရလေလေပဲ"


ယခုဆိုလျှင်၊လူ၄ယောက်ပါ ကွင်းဆင်းရှင်သန်ရေး လေ့ကျင့်မှုကို ဖျက်သိမ်းလိုက်ပါပြီ။


ချောင်းမင်ယောင် သည် လင်းယောင်ယောင် ကို စိတ်အားထက်သန်စွာဖြင့် စကားသွားစလိုက်သည်။


"ယောင်ယောင်.. နောင်ကျရင် မင်းနဲ့ အတူတူစားလို့ရမလား... စိတ်မပူပါနဲ့...ငါ ပိုက်ဆံရှင်းမှာပါ"


ယဲ့ရှီး ကလည်း


"ငါလည်း ပါပါတယ်...အားယွမ် က မိသားစု လုံးချင်း အိမ်ကြီးတစ်လုံးကိုဆုအနေနဲ့ ရွေးလိုက်တာလေ...အဲ့ဒီတော့ ငါတို့အတူတူ ထမင်းစားခန်းထဲမှာ စားလို့ရသွားတာပေါ့"

သူမ မငြင်းခင်မှာ ဝေ့ယွမ် ကလည်း ပြောလာပြန်သည်။


"ဒါက ယောင်ယောင် ရဲ့ သဘောထားပေါ်မှာ မူတည်ပါတယ်..အတင်းအကျပ်ကြီး မပြောလိုပါဘူး...ညီမက ပိုက်ဆံမလိုချင်ရင်တောင် အစ်ကိုတို့က ဝိုင်းစားကြမယ့်သူတွေဆိုတော့ ပိုက်ဆံပေးရမှာပါပဲ"


ချောင်းမင်ယောင် ရုတ်တရက် ဝမ်းနည်းသွားသည်။


"အားယွမ်...မင်းဘာလို့ဒီလိုလုပ်နေတာလဲ... မင်း ငါတို့ဘက်ကနေ ပြောမပေးဘူးလား"


ယဲ့ရှီး : "နင်တို့နှစ်ယောက်ကလည်း ဘာဖြစ်ရပြန်တာလဲ...အားယွမ်ကလည်း ယောင်ယောင် ဘက်က ကာပေးရအောင် သူမကိုကြိုက်နေတာလား...ဒါဆိုရင် ငါတော့ အခွင့်အရေးရှိမယ်မထင်တော့ဘူး .. "


ဝေ့ယွမ် သည် လင်းယောင်ယောင် ၏ အနည်းငယ် တင်းတင်းကျပ်ကျပ်ဖြစ်နေသော ခံစားချက်ကို ဖြေလျှော့လိုက်သည်။


"ဟုတ်တယ်လေ... ငါ ယောင်ယောင်ကို ကြိုက်တယ်... သူမက ငါတို့ ဝေ့ မိသားစုဝင် ဖြစ်သွားပြီ..အဲ့ဒီတော့ နင်တို့အတွက် အခွင့်အရေးမရှိတော့ဘူး"


ဝေ့ယွမ်၏ ဆိုလိုရင်းကို လင်းယောင်ယောင် သိသွားပြီး စိတ်သက်သာရာရသွား၍ ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။


"ဟုတ်တယ် အစ်ကိုဝေ့ယွမ်ကိုလည်း ငါက ကြိုက်တယ်လေ"


ဝေ့ယွမ်နှင့်အတူ ဝေ့မိသားစုသို့ သူမပြန်မလာနိုင်သော်လည်း ဝေ့မိသားစု၏ ကြင်နာမှုကို သူမလျစ်လျူရှုမရက်နိုင်ပေ။နောင်တွင်၊ သူမသည် မိသားစုအကြီးအကဲများနှင့် ဆွေမျိုးများကို အခါအားလျော်စွာ သွားရောက်လည်ပတ်သင့်ပေသည်။


လင်းရွှမ် နှင့် ချောင်းမင်ယွမ် တို့သည် ဘေးချင်းကပ်လျက် လျှောက်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး မိဘများ ဖြစ်စေချင်သလိုပင် ညီမဖြစ်သူအား ညစာစားဖို့ အိမ်ကိုခေါ်သွားချင်ကြသည်။


သို့သော် ၇မီတာ သို့မဟုတ် ၈မီတာအကွာအဝေးတွင် နားပါးကြသည့် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးသည် ဝေ့ယွမ်နှင့် လင်းယောင်ယောင်တို့ ပြောနေသော စကားများကို ကြားလိုက်ရသည်။ချောင်းမင်ယွမ် အံ့သြသွားကာ လင်းရွှမ် အား အပြုံးဖြင့် ကြည့်လိုက်သည်။


"ဗိုလ်ချူပ်လင်း...မြင်တယ်မလား...ခုတ်ရာတခြား၊ရှရာတခြားတော့ ဖြစ်ကုန်ပြီ"


မိခင်နှစ်ယောက်က လင်းယောင်ယောင် နှင့် ချောင်းမင်ယောင် ကို လိုက်ဖက်ကြောင်း ထောက်ပြပြောဆိုကြသော်ငြား သူမကမူ ဝေ့ယွမ်ကို စိတ်ဝင်စားနေပုံရသည်။


လင်းရွှမ် မျက်နှာသည် မည်းမှောင်ညို့မှိုင်းနေပြီး သူ့နှလုံးသားတစ်ခုလုံးမှာလည်း ရေခဲဂူထဲသို့ ကျသွားသလိုပင်။ မထင်မှတ်ထားပဲ၊ သူအစိုးရိမ်ဆုံးအရာက မကြာခင် လက်တွေ့ဖြစ်လာတော့မည် ဖြစ်သည်။ဝေ့ယွမ် ကို သူမက အစ်ကိုဟုတောင် ခေါ်နေပြီဖြစ်သည်။


"လင်းယောင်ယောင်...ဒီကိုလာစမ်း"


ကျယ်လောင်သော သူ့အသံကြောင့် ခန်းမထဲရှိ ကျောင်းသားများက သူတို့ကို ကြည့်ကာ အတင်းအဖျင်း ပြောသလိုလိုနှင့် ကျွတ်စီကျွတ်စီ အသံများလုပ်လာကြသည်။


လင်းယောင်ယောင် သည် လင်းရွှမ် က သူမတို့နောက်တွင် ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။


ဒီတခေါက်ရော သူ့အကြောင်း မကောင်းပြောမိလို့ပဲလား..


ဒေါသထွက်နေသည့် သူ့မျက်နှာကို ကြည့်ရပုံက သူမကို ထိမှန်တော့မည့် ကျည်ဆံတစ်တောင့်လိုပင် ပေါက်ကွဲအား ပြင်းထန်ပုံရသည်။သူ့စကားသံကလည်း အေးချမ်းသည့် ဆောင်းရာသီဝယ် ခါးသီးလှသော ငှက်ဆိုးထိုးသံပမာ အတော် ကြောက်စရာကောင်းလှသည်။


"မင်း ငါ့ကို ဘယ်လိုကတိပေးထားသလဲဆိုတာ မှတ်မိလား"


တက္ကသိုလ်တက်နေစဉ်အတွင်း ဘယ်သူ့ကိုမှ မချစ်ပါဆိုသော ကတိစကားပင်။သူမ မေ့သွားခဲ့သော်လည်း သူ ထင်နေသလို ဘယ်သူ့ကိုမှလည်း မချစ်ရသေးပေ။ ယခုကိစ္စက ရှုပ်ထွေးလွန်းလှသည်။ ဝေ့ယွမ် နှင့် သူမ၏သွေးသားဆက်ဆံရေး အကဲဖြတ်မှုက ထွက်မလာသေး၍ သူ့ကို ဘယ်လိုပြောရမှန်းလည်း မသိတော့။


လင်းရွှမ် မျက်လုံးထဲတွင် လင်းယောင်ယောင် ၏ စိတ်ရှုပ်နေပုံသည် လက်ခံနိုင်စရာ မရှိချေ။


သေချာသည်က၊ ယခုမှ ပြန်တွေ့ရသောညီမငယ်အား လင်းရွှမ် ဆူပူနေသည်ကို ဝေ့ယွမ်လည်း မကြည့်ရက်တော့ပေ။သူ အထင်လွဲနေတာကိုလည်း သဘောပေါက်သည်။ ထို့ကြောင့် သည်းမခံနိုင်ဘဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီး ပြောလိုက်သည်။


"ဗိုလ်ချူပ်လင်း ရက်ပိုင်းအတွင်း ကျွန်တော် သေ‌ချာပေါက် လာတွေ့လှည့်ပါဦးမယ်"


ထိုချောမောသောလူငယ်သည် ကျောက်စိမ်းကဲ့သို့ နူးညံ့ပြေပြစ်သော စိတ်ထားရှိသည်။သူ၏ မျက်နှာထားသည့် တည်ကြည်ခန့်ညားသည့် ကိုယ်နေဟန်ထားသည် ကျက်သရေရှိပြီး လူအများ၏ နှလုံးသားကို ဆွဲဆောင်ဖို့ လွယ်ကူသူမျိုးပင်။


ဒီနှစ်တွေမှာ လူငယ်တွေက တစ်ကယ်ကို တွေးခေါ်နိုင်စွမ်း မရှိကြတော့တာပဲ...အခုမှ တွေ့တဲ့ဟာကို ဘာကိစ္စနဲ့ တစ်ဖက်မိသားစုဆီ ဘာလို့လာလည်ကြမှာလဲ…


ထို့ကြောင့်၊ လင်းရွှမ် နားထဲတွင် ဝေ့ယွမ်၏ စကားများသည် နောက်ထပ်အဓိပ္ပာယ်တစ်ခုဖြစ်တည်လာသည်။ကျွန်တော် မကြာခင် ယောင်ယောင်ကို လက်ထပ်ခွင့်တောင်းပါမယ်...


ထိုစကားများသည် ဒေါသထွက်နေသော လင်းရွှမ် ကို အဏုမြူဗုံးကြဲချလိုက်သလိုပင်။သို့သော်၊သူ မည်မျှပင် ဒေါသထွက်နေသော်ငြား၊ဝေ့ယွမ်ကို လူသူလေးပါးရှေ့မှာ ပစ်ပစ်ခါခါပြောဆို၍မဖြစ်သေးပေ။ ဝေ့ယွမ် ၏ အင်အားသည် ထိပ်တန်းမဟုတ်သော်လည်း ဝေ့မိသားစုက သူ့ကို ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ပြီး သူကိုယ်တိုင်က အမွေဆက်ခံသူလည်းဖြစ်သည်။ ထို့အပြင် ဆူးတပ်ဖွဲ့၏ အနာဂတ် ခေါင်းဆောင်ဖြစ်သည်။ ထိုလူငယ်သည် သူ့ထက် အရည်အချင်း နိမ့်ပါးလျှင်တောင်မှ နောင်တစ်ချိန်မှာ တန်းတူညီတူ ရပ်တည်နေကြမှာပင်။


ယခုဆို အခြားသူများ၏အမြင်တွင်၊ အလားအလာရှိသော အနာဂတ်ရှိသည့် ဝေ့ယွမ်သည် လင်း မိသားစု၏ မွေးစားသမီးနှင့် ပေါင်းစည်း‌ကြတော့မည်ဖြစ်သည်။ထို့ကြောင့်၊ လင်းမိသားစုက သူ့ကို အခွင့်ကောင်းယူ၍ အင်အားကြီးအောင် လုပ်နေသည်ဟု ထင်သွားနိုင်သည်။


ထိုသို့တွေးမိ၍ သူနှလုံးသားသည် ပေါက်ကွဲတော့မည်ဖြစ်သော်လည်း တင်းမာသော မျက်နှာထားကမူ ပို၍ ပို၍ အေးစက်မာကျောလာသည်။ ထို့နောက် စိတ်မထိန်းနိုင်တော့ဘဲ လင်းယောင်ယောင် လက်ကို ဖမ်းကိုင်လိုက်ပြီး သူမကို ဆွဲထုတ်ကာ လှည့်ထွက်သွားလိုက်သည်။ ဝေ့မိသားစု၏ ခွေးကောင်လေးကို သူ မထိန်းချုပ်နိုင်သဖြင့် သူ၏ ကလေးမစုတ်လေးကိုသာ ထိန်းထားရမည်ဖြစ်သည်။ လင်းယောင်ယောင် မှာ အစ်ကိုကြီးဖြစ်သူ၏ ရုတ်တရက် လုပ်ရပ်ကြောင့် ကြောင်အမ်းအမ်းဖြစ်ကာ ပတ်ဝန်းကျင်မှတခြားသူများကိုလည်း အားနာသွားရသည်။ထို့ကြောင့် ဝေ့ယွမ်နှင့် အခြားလူများကို လှည့်ပတ်ပြောဆိုရ၏။


"စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး...အစ်ကိုကြီးက ဒီလို ခပ်ကြမ်းကြမ်းပဲ...ပြောတတ်ဆိုတတ်လို့ပါ"


လင်းရွှမ် ဒေါသတကြီးဖြစ်နေရာမှ ရယ်ချင်စိတ်တောင်ပေါက်သွားရသည်။


"မင်းကို ငါက မရိုက်ရဲဖူးလို့ မင်းထင်နေတာလား"


ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီး နှင့် ဘာမှ မသိနားမလည်သော ချောင်းမင်ယွမ် တို့မှာ မောင်နှမနှစ်ယောက်ကို ကြောင်ငေးကြည့်နေကြ၏။

'...သူမ အစ်ကိုရဲ့ ပုံစံကတော့ တော်တော် မလွယ်ကြောပဲ"


လင်းယောင်ယောင် ကို လင်းရွှမ် က ဆွဲထုတ်သွားပြီးနောက်..


ချောင်းမင်ယောင် ကြောင်စီစီဖြစ်နေပြီး ဝေ့ယွမ်ကို မေးလိုက်သည်။


"...အားယွမ်...မင်း ဘယ်အချိန်ကတည်းကလဲ...ခြေလှမ်း သွက်လှချည်လား"

ဝေ့ယွမ် ခါးသီးစွာ ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။


"ဘာဖြစ်တာလဲ.."


"တစ်နေရာမှာ စကားသွားပြောရအောင်"


ဤခန်းမသည် စကားပြောရန် မသင့်တော်သဖြင့် ချောင်းမင်ယောင် ခေါင်းညိတ် သဘောတူလိုက်သည်။ထို့နောက် နှစ်ယောက်သား လှည့်ထွက်ပြီး ဧည့်ခန်းဆီသို့ လျှောက်သွားကြသည်။


ချောင်း မိသားစုမှ ညီအစ်ကိုများနှင့် ဝေ့ယွမ် တို့သည် ညီအစ်ကို ဝမ်းကွဲများ ဖြစ်သည်။ယဲ့ရှီး က သူတို့မိသားစု၏ ကိုယ်ရေးကိုယ်တာကိစ္စဟု ထင်မြင်မိပြီး သူတို့နောက်ကို မလိုက်ပေ။ ထို့ကြောင့် သူမ ရေချိုးခန်းသို့သွားမည်ဟု အကြောင်းပြချက်ပေးကာ ထွက်သွားခဲ့သည်။


ဝမ်းကွဲညီအစ်ကိုနှစ်ယောက်သည် ဧည့်ခန်းထဲသို့ဝင်ကာ တံခါးပိတ်ပြီးနောက် ဝေ့ယွမ်က သူ့ခန့်မှန်းချက်အကြောင်း ပြောပြသည်။


"ငါထင်တယ်... ယောင်ယောင် က ငါ့ဦးလေးရဲ့သမီး ဖြစ်နိုင်တယ်... အဲဒီတုန်းက ပေါက်ကွဲခဲ့တဲ့ အာကာသအခန်းထဲမှာ သူမ မရှိနေခဲ့တာ ဖြစ်နိုင်တယ်"


သူ ပြောပြီးသည်နှင့် ချောင်းမင်ယောင် မျက်နှာက လေးနက်လာသည်။ ချောင်းမိသားစုသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ချောင်းမင်ယွမ် မှစ၍ စစ်တပ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် သူတို့သည် ဝေ့မိသားစု၏ ဆူးတပ်ဗိုလ်များနှင့်အတူတကွ လက်တွဲခဲ့သည်။ ချောင်းမင်ယွမ် ၏ S အဆင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် S-plus ကိုယ်လုံးကိုယ်ပေါက်သည် ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။ သူ၏ မျက်နှာအသွင်အပြင်သည် ဝေ့မိသားစုရှိ မျိုးဆက်သစ် လူငယ်လေးများ၏ အရည်အချင်း ကွာဟချက်ကို အနည်းငယ် ဖြည့်ဆည်းပေးသည်။ သို့သော် သူ၏ ခြားနားသော မျိုးရိုးအမည်သည် လူအများကို ဆွဲဆောင်ရန် မလုံလောက်ပေ။


ဝေ့ဟန့်(ဝေ့ အဖေ) ၏ S အဆင့် စိတ်ပိုင်းဆိုင်ရာ ခွန်အား၊ A+ ကိုယ်လုံးကိုယ်ပေါက်နှင့် ဒေါသကြီးသော ကိုယ်ရည်ကိုယ်သွေးတို့သည်လည်း သူ၏ စစ်တပ်ကို ကာကွယ်ရုံမျှသာ တတ်နိုင်သည်။ ဝေ့ယွမ် အသက်က ငယ်လွန်းသေးပြီး သူ၏ S အဆင့် စိတ်စွမ်းအားနှင့် S အဆင့် ကိုယ်လုံးကိုယ်ပေါက် စွမ်းရည်များသည် အခြားသော တပ်ရင်းများ၏ အမွေဆက်ခံသူများထက် နိမ့်ကျသည်။ ထို့အပြင် သူ့ကို ကူညီရန် အခြားမွေးချင်းများလည်း မရှိပေ။ ဝေ့မိသားစု၏ ဘိုးဘေး ဝေ့ချုံ့ရှန် က ဆူးတပ်ဖွဲ့ကြီးတစ်ခုလုံးကို အားသွန်ခွန်စိုက် ပံ့ပိုးပေးထားခြင်းသာမဟုတ်ပါက၊ ဆူးတပ်ဖွဲ့သည် ပြိုကွဲသွားပေလိမ့်မည်။


ဝေ့ချုံ့ရှန် သည် မကြာသေးမီနှစ်များအတွင်း စစ်ပွဲကို ဦးဆောင်ရန် ကိုယ်တိုင်ကိုယ်ကျ ထွက်မလာခဲ့ပေ။ ထို့ကြောင့်၊သူ၏ SS-plus-အဆင့် စိတ်ပိုင်းဆိုင်ရာစွမ်းအားများ ပြန်လည်ဆုတ်ယုတ်လာပြီး S အဆင့်သို့ပင် မရောက်ရှိသွားကြောင်း လူအများက ထင်ကြေးပေးခဲ့ကြသော်လည်း ဝေ့ မိသားစုက ကောင်းစွာ ဖုံးကွယ်ထားခြင်းဖြစ်သည်။ အမှန်က ထိုသတင်းများက မမှားပေ။ ဝေ့ချုံ့ရှန် ၏ စိတ်စွမ်းအားသည် ယခုအခါ S-အဆင့်သို့ ကျဆင်းသွားလေပြီ။ သူ့ဇနီးသည်နှင့် သူနှင့် စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုသည် 70% မျှသာ မြင့်မားတော့သည်။ ကံကောင်းသည်က၊သူ၏ စိတ်စွမ်းအားကို ထိုအဆင့်အထိ ထိန်းထားနိုင်ခြင်း ဖြစ်သည်။


ဝေ့လင်း ပျောက်သွားပြီးနောက် ဝေ့ချုံ့ရှန် သည် ကင်းမြီးကောက်နီများနှင့် မုတ်ဆိတ်နက်အဖွဲ့များကို တိုက်ရန် ဆူးတပ်များကို ကိုယ်တိုင်ကိုယ်ကျ စစ်ပွဲများစွာကို ဦးဆောင်ခဲ့သည်။ ချောင်းမင်ယွမ် ဘွဲ့ရပြီးသည့်နောက်တွင် သူ၏ တာဝန်များကို ဖြည်းညှင်းစွာ လွှတ်ချစပြုလာတော့သည်။ ဝေ့လင်း ပျောက်ကွယ်သွားပြီးနောက် ဆူးတပ်ကြီးတစ်ခုလုံးသည် မျိုးရိုးဂုဏ်က နိမ့်ကျလာခဲ့သည်။ သူတို့သည် အဓိကတပ်ကြီးခြောက်ခုတွင် အနိမ့်ဆုံး အဖွဲ့ဖြစ်သည့်အပြင် သူတို့၏ ခွန်အားမှာလည်း အောက်ခြေနှင့် နီးကပ်နေပြီဖြစ်သည်။သို့သော်လည်း၊ တခြားနည်းလမ်းမရှိပေ။ထက်မြက်သော ဉာဏ်ကြီးရှင် အမွေဆက်ခံသူ မရှိလျှင် သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိကြ‌ေပ။


ထို့ကြောင့် ဝေ့ မိသားစုသည် မကြာသေးမီနှစ်များအတွင်း ဝေ့လင်းကို ကောင်းစွာ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်၏။ ဝေ့လင်း ၏ SS အဆင့် စိတ်စွမ်းအားနှင့် SS အဆင့် ကိုယ်လုံးကိုယ်ပေါက်သည် အလွန်အရေးကြီးသည်။ သူ၏ တိုက်ခိုက်ရေး ကွပ်ကဲမှုစွမ်းရည်မှာလည်း အလွန်ကောင်းမွန်သည်။ သူအနားမှာရှိနေလျှင် ဆူးတပ်ဖွဲ့ သည် လင်းမိသားစု၏ မီးခိုးရောင်ဝံပုလွေ တပ်ဖွဲ့ထက် အင်အားပိုကောင်းသလို စိတ်ထဲမှာ ခံစားရသည်။


ကံမကောင်းစွာဖြင့်၊ဝေ့မိသားစုသည် ကန်လာ စတားနှင့် အနီးနားရှိ ဂြိုလ်များကို အနီးနားတွင် ဝေ့လင်းကို ရှာဖွေခဲ့ရာ ရှာမတွေ့ခဲ့ပေ။ သူ့ကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ခြင်း ဖြစ်နိုင်၏။ သို့သော် ဝေ့လင်း သေသွားပြီ ဆိုသော ဖြစ်နိုင်ချေကို အားလုံးက လက်မခံကြ‌ေပ။ သူသည် ဆူးတပ်ဖွဲ့ကြီး ပြန်အောင်မြင်လာဖို့အတွက် မျှော်လင့်ချက်ဖြစ်သည်။ ယခုဆိုလျှင် လင်းယောင်ယောင် သည် ဝေ့လင်း ၏သမီးဖြစ်ကောင်းဖြစ်နိုင်သည်ဟု ချောင်း ညီအစ်ကိုများရုတ်တရက်ကြားသောအခါ တုန်လှုပ်သွားကြသည်။




xxxxx

Ei Thet Hmue