အခန်း ၃၂
Viewers 8k

Chapter 32

(အပြစ်ပေးမှု)



ဝေ့ယွမ်၏ ကိုယ်ရည်ကိုယ်သွေးသည် အလွန်ယုံကြည်စိတ်ချရကြောင်း သူတို့သိသည်။ ယခုလို သူတို့ကို ထုတ်ပြောလာခြင်းမှာ လင်းယောင်ယောင် က လျှို့ဝှက်စွာ ဝန်ခံခဲ့ခြင်း ဖြစ်နိုင်‌ေသာကြောင့် ထိုကိစ္စက အမှန်ဖြစ်နိုင်သည်။ ချောင်းမင်ယွမ် သည် ဤစစ်ရေးလေ့ကျင့်မှုတွင် အရန်ကုထုံးပညာရှင်အဖြစ် လင်းယောင်ယောင်၏ စွမ်းဆောင်မှုကို ပြန်လည် အမှတ်ရသွားသည်။ သူမထုတ်လုပ်သော အရန်အစားအစာများသည် အရှင်သခင် အင်ပါယာရှိ တစ်ဦးတည်းသော မဟာအဆင့် အစားအစာ အရန်ကုထုံးပညာရှင် ချိုက်ယူဟုန် ၏ အာရုံကိုပင် စွဲဆောင်သွားကြောင်း သူကြားလိုက်ရသည်။ထိုအချိန်တွင် တစ်ဆက်တည်း သူသည် လင်းရွှမ် ကို အလွန်အပြစ်တင်ချင်လာရသည်။


သူတို့မိသားစုမှာ ဘာလို့ ဒီလိုညီမမျိုး မရှိရတာလဲ…


လင်း မိသားစုသည် သမီးလေးတစ်ယောက်ကို မွေးစားခဲ့ပြီး သူမသည် အလွန်ထက်မြက်သည်။ လင်းယောင်ယောင်ကသာ ဝေ့လင်း၏သမီး အမှန်တစ်ကယ်ဖြစ်ပါက ဝေ့ မိသားစု၏ အရည်အချင်းပြည့်မီသော မျိုးဆက်သစ်လူငယ်များမှ လစ်လပ်နေသောနေရာကို အရည်အချင်းရှိသော အစားအစာကုထုံးပညာရှင်ဖြင့် ပေါင်းစပ်နိုင်သည်။


လင်းယောင်ယောင်မှာ သာမာန်အရည်အချင်းသာရှိလျှင်တောင်မှနှစ်ရှည်လများ ပျောက်ဆုံးသွားသော မျိုးဆက်ကလေးကို တွေ့ရသည့်အတွက် ဝေ့မိသားစုတို့ ပျော်ရွှင်နေပေလိမ့်မည်။သို့သော်၊ သူမ၏ ထူးချွန်ထက်မြက်မှုက ဝေ့ မိသားစုအတွက် မျှော်လင့်မထားခဲ့သည့် အံ့သြစရာကိစ္စတစ်ခုပင်။


ချောင်းမင်ယွမ် ရုတ်တရက် ရယ်မောပြီး ပြောလာသည်။


"ဒါဆို အဲ့ဒီကလေးမလေးက ငါတို့ညီမပဲကွ… ငါအရင်က ပြောဖူးတယ်မလား... လင်း မိသားစုက ကောင်းတဲ့အရာအားလုံးကို မယူနိုင်ဘူးလို့"


ဘေးနားက ချောင်းမင်ယောင် သည် ပို၍ပင် စိတ်လှုပ်ရှားလာပြီး အချိန်ကို နောက်ပြန်လှည့်ချင်စိတ် ဖြ၏သွားတော့သည်။


"ငါ့မှာ ညီမလေးတစ်ယောက်ရှိလာပြီပေါ့....ဒါဆို ငါက အငယ်ဆုံးတော့ မဟုတ်တော့ဘူးမလား..ဒါဆိုလည်း နေ့တိုင်း ငါ့အတွက် ထမင်းဟင်းချက်ခိုင်းဖို့ သူမကို ခိုင်းလို့ရပြီပေါ့"


ချောင်းမင်ယွမ် : "ငါတို့အမေက ရူးတော့မလို ဖြစ်တဲ့အထိ သမီးလိုချင်နေတာပဲ စဉ်းစားကြည့်... ယောင်ယောင် ကို ငါတို့ အသိအမှတ်ပြုလိုက်ရင် မိသားစုထဲမှာ မင်းကို ဘယ်သူမှ ဂရုစိုက်တော့မှာကို မဟုတ်ဘူး"

ဝေ့ယွမ်: " ဟင်းချက်ခိုင်းမယ် ဟုတ်လား...မင်းက သူမရဲ့ ဝမ်းကွဲအစ်ကို ဆိုပေမယ့်...မင်းကို အစ်ကိုလို့ ခေါ်စရာ မလိုဘူးလေ... ဘာပဲဖြစ်ဖြစ် မင်းက ငါ့ကို အစ်ကိုလို့တောင် မခေါ်ဖူးဘူးလေ"


ချောင်းမင်ယောင်: "ငါအသက်မရှင်တော့ဘူး!"


သူတို့ နောက်ပြောင်ပြောဆိုပြီးနောက်၊ ချောင်းမင်ယွမ် က ထပြီး


"ငါတို့ မင်းနဲ့ သူမရဲ့ သွေးသားဆက်ဆံရေးကို မြန်မြန် အကဲဖြတ်နိုင်လေလေ၊ ပိုကောင်းလေပဲ...ငါ စစ်သင်္ဘောပေါ်ကနေ ထွက်လို့ရတာနဲ့ မင်းနဲ့အတူလိုက်ခဲ့မယ်"


ချောင်းမင်ယောင် စိတ်ပူလာသည်။


"သွေးသားဆက်ဆံရေးကို အကဲဖြတ်တာတောင် လင်း မိသားစုက သူမကို လွှတ်ပေးမယ်ဆိုတာ သေချာလို့လား… လင်းရွှမ် က သူ့ညီမကို သည်းသည်းလှုပ်နေတာ မင်း မမြင်ဘူးလား"


ဝေ့ယွမ် သက်ပြင်းချပြီး ပြောလိုက်သည်။


"ငါတို့ သူမကို ခေါ်ထားနိုင်ရင် ကောင်းတယ်...ဒါပေမယ့် ငါတို့ သုံးယောက်က လင်းရွှမ် ကို နိုင်မှာမဟုတ်ဘူး...ငါတို့သူမကို ဘယ်လိုများ ခိုးမယ်စိတ်ကူးထားကြလဲ"


ချောင်းမင်ယွမ် ခဏအတွင်း ဆိုလိုရင်းကို သဘောပေါက်သွားသည်။


"ကလေးမလေး ယောင်ယောင် ကို လင်းရွှမ် က အကဲပိုတာထက် ငါတို့က ပိုချစ်ပြလိုက်ရင်ကော"


ချောင်းမင်ယောင် စိတ်ထဲမှာ ခါးသီးသွားသည်။ နောက်ဆုံးတွင် သူ့ထက်ငယ်သော မွေးချင်းတစ်ယောက်ရှိလာတာကြောင့် သူမကို အနိုင်ကျင့်ပြီး ဟင်းချက်ခိုင်းရမည့်အစား ကျွန်သေးသေးလေးလို သူမနောက်ကို လိုက်နေရမည်ထင်သည်။သို့သော်၊သူမ၏ ဟင်းချက်ကျွမ်းကျင်မှုအကြောင်း တွေးမိသည့်အခါ ဝမ်းကွဲအစ်ကိုတစ်ယောက်အနေနှင့် ထောက်ထားညှာတာပြီး ချက်ကျွေးတန်ကောင်းရဲ့ဟု မျှော်လင့်မိသေးသည်။


"ဟုတ်တယ်... ငါတို့ လင်းရွှမ် ကို မနိုင်ပေမယ့် ငါတို့မှာ အားသာချက်တစ်ခုရှိတယ်...ငါတို့ ယောင်ယောင် နဲ့ ကျောင်းအတူတူတက်ကြတယ်လေ…အဲ့ဒါ ကံကောင်းတာပေါ့"


လင်းရွှမ် သည် နောင်တစ်ချိန်တွင် စစ်တပ်ထဲသို့ ပြန်သွားမည်ဖြစ်သည်။


သူ အိမ်ပြန်ဖို့ ဘယ်လောက်ကြာမယ် ဆိုတာ ဘယ်သူသိမလဲလေ…


ဝေ့ယွမ် နှင့် ချောင်း ညီအစ်ကိုများသည် ညီမလေးအား မည်သို့ အကဲပိုကာ ဂရုစိုက်ပြမည့် အစီအစဉ်၏ အထွေထွေ ကောက်ကြောင်းနှင့် အသေးစိတ် စည်းမျဉ်းများကို စီစဉ်နေကြသည်။


တစ်ချိန်တည်းမှာပင်၊ တစ်ဖက်တွင် လင်းယောင်ယောင် သည် လင်းရွှမ်က အဆွဲခေါ်ခံခဲ့ရပြီး နောက်ထပ် သွေးထွက်သံယို မုန်တိုင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ လင်းရွှမ် သည် အဝေးကြီးကို ဆက်လက်သွားနေဆဲပင်။ သူက သူမကို သူ့၏သီးသန့် ဧည့်ခန်းသို့ တောက်လျှောက် လက်ကိုဆွဲကာ ခေါ်သွားလေတော့သည်။ အခန်းထဲတွင် ရိုးရှင်းပြီး ကျယ်ဝန်းသော စားပွဲ၊ သက်တောင့်သက်သာရှိသော ဆိုဖာကုတင်နှင့် ရေချိုးခန်းငယ်တစ်ခုသာ ရှိသည်။ အခန်းထဲသို့ဝင်ပြီးနောက် သူ တံခါးကို သော့ခတ်လိုက်သဖြင့် သူမစိတ်ထဲမှာ တစ်ခုခုမှားနေပြီဟု ခံစားမိသည်။


လင်းရွှမ် ၏ ခက်ထန်ပြီး တင်းမာသော မျက်လုံးများက သူမကို စားခါနီး ဝါးခါနီး ကြည့်နေသကဲ့သို့ပင်။ သူမ သူ့လက်ကို ဖိဆုပ်ကာ အတင်းဆွဲဖယ်လိုက်သည်။


"ညီမလေးကို အတင်းနာအောင် လာလုပ်နေပါလား... အစ်ကိုကြီးပဲ ညီမလေးကို မရိုက်ဘူးလို့ ပြောတယ်မဟုတ်ဘူးလား"


နှစ်ယောက်ကြားက အခြေအနေက ပိုပြင်းထန်လာပြီး အိပ်ပျော်နေသော 012 သွေးစပျစ်နွယ်ပင် နိုးလာရသည်။


' ဘုရား... ငါ့ပိုင်ရှင်နဲ့ ငါ့ပိုင်ရှင်ရဲ့ ပိုင်ရှင်က တကယ်ရန်ဖြစ်ကြမှာလား...ငါ ဘယ်သူ့ကို ကူညီရမလဲ'


'သီအိုရီအရတော့၊ ငါ့ပိုင်ရှင်ကို ငါသေချာပေါက် ကူညီသင့်တယ်… ဒါပေမယ့် အဲ့ဒီလူက တစ်ကယ်ကြောက်စရာကောင်းတယ်'


'ဒါပေမယ့် ကလေးက ထမင်းစားရုံပဲ စားပြီး အလုပ်မလုပ်တဲ့သူ မဟုတ်ဘူး...ငါ့ပိုင်ရှင်က ငါ့ကို အစာလုံးဝမကျွေးပေမယ့်လည်းပေါ့...'


သွေးစပျစ်နွယ်ပင်သည် ၎င်း၏ စပျစ်နွယ်ပင်များကို တုန်လှုပ်ခြောက်ခြားစွာ ဆန့်ထုတ်လိုက်ပြီး လင်းရွှမ်၏ လက်မောင်းကို ကိုက်ဟန်ပြင်လိုက်သကဲ့သို့ ၎င်း၏ချွန်ထက်သောပါးစပ်များကို ဖွင့်ဟ,လိုက်သည်။ ရလဒ်အနေဖြင့် လင်းရွှမ် ၏အရေပြားကိုမထိပေ။အကြောင်းမှာ လင်းရွှမ်သည် လင်းယောင်ယောင် လက်ကိုဆွဲကာ ရေချိုးခန်းထဲသို့အတင်းတွန်းထည့်လိုက်ပြီး တံခါးကို လော့ချလိုက်တာကြောင့်ဖြစ်၏။


လင်းယောင်ယောင် သည် သူ တံခါးပိတ်နေချိန်ကို အခွင့်ကောင်းယူကာ တံခါးဖွင့်ရန် အသည်းအသန်ကြိုးစားသော်လည်း စိတ်စွမ်းအားဖြင့် တံခါးကို သော့ခတ်ထားသည်ကို တွေ့ရှိခဲ့သည်။ သူမ လုံးဝ မဖွင့်နိုင်ခဲ့ပေ။နောက်အခိုက်အတန့်မှာ၊ နတ်ဆိုးတစ်ကောင်လို သူက သူမဆီ လှမ်းလာပြန်သည်။


ယခင်က လင်းရွှမ်သည် အလွန်ကြောက်စရာကောင်းသည်ဟု သူမ တစ်ခါမှ မခံစားဖူးသဖြင့် အလွန်ကြောက်သွားပြီး မေးရိုးတွေပါ တဆတ်ဆတ်တုန်နေရသည်။


ဝေ့ယွမ် နှင့် သူမ၏ ဆက်ဆံရေးကို မည်သို့ရှင်းပြရမည်ကို မသိပေ။သူမကသာ အရဲကိုးပြီး "တစ်ကယ်တော့ ဝေ့ယွမ်က ညီမလေးရဲ့ အစ်ကိုအရင်းပဲ" ဟု ပြောလိုက်လျှင် နောက်ထပ် နားလည်မှုလွဲသွားနိုင်သည်။ သူမသည် အစ်ကိုအရင်းဖြစ်သူ ဝေ့ယွမ် ကို ပိုအာရုံစိုက်ပြီး မွေးစားအစ်ကိုဖြစ်သူကို အာရုံမစိုက်ပါက သူမ အပြစ်တင်ခံရတော့မည်ဖြစ်၏။


သူမ အလွန်ကြောက်သွားသော်လည်း မျက်နှာပေါ်တွင် "ငါလုံးဝမကြောက်ဘူး" ဆိုသည့်အကြည့်ဖြင့် လင်းရွှမ် ၏ ဒေါသအကြည့်ကို စူးရဲစွာပြန်ကြည့်ပစ်လိုက်သည်။


"ဝေ့ယွမ်ကို ညီမလေး ကြိုက်တယ်ဆိုရင်တောင် ဘာလဲ...အစ်ကိုကြီးမှာလည်း ကြိုက်တဲ့ မိန်းကလေးလည်း ရှိတယ်မလား... အစပိုင်းတုန်းက ညီမလေး မကြိုက်ခဲ့ပေမယ့် အစ်ကိုကြီး ကြိုက်တဲ့လူကို ရှာပါလို့ ညီမလေး ခွင့်ပြုခဲ့တယ်မလား"


လင်းရွှမ် သည် သူမနှင့် မီတာဝက်အကွာတွင် ရပ်လိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ ကိုယ်လုံး ညာခြမ်းမှ နံရံကို လက်ထောက်ထားလိုက်သည်။ ထို့နောက် သူက သူမကို လေးလေးနက်နက်ကြည့်ကာ ထူးဆန်းသောအမူအရာဖြင့် မေးသည်။


"အိုး...မင်းငါ့ကို ခွင့်ပြုတာသေချာလား"


အေးစက်သော သူ့အသံထဲတွင် တစ်စုံတစ်ခုကို ဖိနှိပ်ကာ ထိန်းချုပ်ထားပုံရသည်။ လင်းယောင်ယောင် သည် ဖိနှိပ်ခံရသည့် ခံစားချက်ကို မကြိုက်ပေ။ကိုယ်ဟန်အနေအထားက သူမကို စိတ်မသက်မသာဖြစ်စေသဖြင့် အတန်ငယ် ခြေလှမ်းရွှေ့ဖို့ ဟန်ပြင်သေးသည်။ သို့သော်၊ကြောက်ရွံ့နေသော သူမ စိတ်က ခွင့်မပြုပေ။


လင်းရွှမ်သည် ရုတ်တရက် သူမ မျက်နှာနားကို တိုးကပ်လိုက်သဖြင့်အတင်းနမ်းတော့မည် ထင်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ ထို့နောက် သူက အဖြူရောင် လက်အိတ်နှစ်ဖက်ကို သပ်သပ်ရပ်ရပ်ချွတ်ကာ သူမ လက်ကောက်ဝတ်ကို အဖြူရောင်လက်အိတ်များဖြင့် ချည်နှောင်လိုက်သည်။ ထို့နောက် သူမ၏ခါးသိမ်သိမ်လေးမှနေ၍ ကောက်ပွေ့လိုက်၏။


"အား…ကယ်ကြပါ လင်းရွှမ်က နှာဘူးကျပြီး ကျွန်မကို သတ်ပါတော့မယ်"


ထို့နောက် သူမကို ဆိုဖာပေါ် မှောက်လျက်ပစ်ချလိုက်သည်။သူမနောက်တွင်တော့ ထိုလူ၏ ဘယ်လိုမှ နားမလည်နိုင်သော ရယ်သံကို ကြားလိုက်ရသည်။


"ဟုတ်တယ်...ငါက နှာဘူးပဲ...မင်းသိသွားပြီမလား... ဒါပေမယ့် စိတ်မပူပါနဲ့.. ငါ မင်းကို သတ်မှာမဟုတ်ဘူး..."


လင်းယောင်ယောင် အလွန်ကြောက်သွားသည်။ သူမ သိထားသည့် လင်းရွှမ် မှာ အပေါ်ယံအားဖြင့် လျစ်လျူရှုထားသော စိတ်ထားရှိသော်ငြား အတွင်းထဲမှာ နူးညံ့သိမ်မွေ့သည့် အမျိုးအမည်မသိ ခံစားချက်တစ်ချို့ရှိနေမှန်း သူမ ဘယ်တုန်းကမှ မသိခဲ့ပေ။


“ဒါဆို အစ်ကိုကြီးက ဘာလုပ်ချင်တာလဲ"


ဝေ့ယွမ်က သူမအစ်ကိုဖြစ်ကြောင်းကို သူ့အား တိုက်ရိုက်ပြောပြသင့်သလားဟု သူမ တွေးမိသည်။သို့သော် သူမ သူ့ကိုပြောပြလျှင် ဒေါသဖြစ်လာနိုင်သည်ဟု အမြဲခံစားရသည်။ထို့နောက် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး သူ ယခင်က သူမအား မည်မျှ ကောင်းစွာ ဆက်ဆံခဲ့ သည်ကို အမှတ်ရပြီး သူမ အသံသည် တစ်ဖန် ပျော့ပျောင်းလာသည်။


"အစ်ကိုကြီး...ညီမလေး အစ်ကို ဝေ့ယွမ်ကို မကြိုက်ပါဘူး...သူ့ကို မချစ်ဘူး…ညီမလေးကို လွှတ်ပေးပါလား"


လင်းရွှမ် သူမကို မယုံပေ။


"မင်းအမြဲတမ်းဒီလိုမဟုတ်ဘူးလား... မင်း လူတစ်ယောက်ကို အရမ်းကြိုက်တယ်..ပြီးရင် အမြန်မေ့လိုက်ကော"


သူမ ဖိနပ်နှင့် ခြေအိတ်များကို အမြန်ချွတ်လိုက်စဉ် ထိုအမျိုးသားက ပြောလာသည်။ ထို့နောက်...


သူသည် ကလေးမလေး၏ ဖြူဖွေးနူးညံ့သော ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်၏။ပြီးလျှင်၊ပါးလွှာသော်လည်း ကြမ်းတမ်းသော လက်ချောင်းထိပ်များဖြင့် နူးညံ့သိမ်မွေ့သော သူမ ခြေဖဝါးများကို ညင်သာစွာ ကုတ်ခြစ်လိုက်သည်။သူမ စိတ်ထဲ တစ်ကယ် မှားသွားသလို ခံစားရသည်။ ဝေ့ယွမ် သည် အမှန်တကယ်ပင် သူမကိုယ်တိုင် အသိအမှတ်ပြုခဲ့သည့် အစ်ကိုတစ်ယောက်သာဖြစ်သည်။ သူ့အပေါ်ထားသည့် သူမ ခံစားချက်က လင်းရွှမ် အတွက် ဖြစ်တည်နေ‌ေသာ သူမ ခံစားချက်လောက် မနက်နဲပေ။ သို့သော် ရှင်းပြရန် အချိန်မရှိပေ။ ထိုစဉ် သည်းမခံနိုင်သော ယားယံမှုတစ်ခု သူမ ခြေဖဝါးဆီမှ ရုတ်တရက် ခြေဖဝါးမှ ထွက်လာသည်။ထို့ကြောင့် စိတ်မထိန်းနိုင်တော့ဘဲ ငိုချင်စိတ်ဖြစ်နေရာမှ ခွက်ထိုးခွက်လန်ရယ်လိုက်မိလေတော့သည်။


"အာဟားဟားဟားဟား...ရပ်လိုက်...ဟား...တော်တော့... အိုးးးဟားဟား...အိုးးးးးးးးးးးးးးးးးးးးးးးးးးး"


သူမ မျက်ရည်များ ထွက်လာသည်အထိ ရယ်မိလိုက်သည်။ ယခုအခါ သူမ တစ်ကိုယ်လုံးသည် ဆိုဖာပေါ်တွင် အဆက်မပြတ် ကောက်ကွေးနေသော ကြိုးတစ်ချောင်းနှင့်တူသည်။ သူမ ခြေထောက်တွေကို ဆုတ်ခွာဖို့ ကြိုးစားရင်း အဆက်မပြတ် ကန်ကျောက်ပြီး နှာဘူးကောင်ကြီးကို အဝေးကို ကန်ထုတ်ဖို့ ကြိုးစားနေသည်။ တစ်ချိန်က သူမ ခြေဖဝါးဆီမှ အရည်ကြည်ဖုများစွာကို ကုသပေးခဲ့ဖူးသော လင်းရွှမ် သည် သူမ၏ အာရုံခံစားလွယ်သည့် နေရာကို အတိအကျသိထားသည်။


လူတစ်ယောက်ကို သင်ခန်းစာတစ်ခု သင်ပေးချင်သည်ဆိုလျှင် ရိုက်နှက်ဖို့ မလိုအပ်ပေ။ ရိုက်စရာမလိုဘဲ မခံချိမခံသာ ဖြစ်စေသည့် နည်းလမ်းများစွာ ရှိပေ၏။ လင်းရွှမ် သည် သူမ အသက်ရှုမဝသည့်တိုင်အောင် ရယ်နေသည်ကို မြင်လိုက်ရပြီးနောက် သူ့လုပ်ရပ်ကို ချက်ချင်း ရပ်လိုက်ကာ တည်ငြိမ်သည့်လေသံနှင့် ပြောလာ၏။


"ဝေ့ယွမ်ကို မင်းကြိုက်သေးလား"


လင်းယောင်ယောင် သည် နောက်ဆုံးတွင် အန္တရာယ်ကို ကျော်လွန်သွားခဲ့ပြီးဖြစ်၍ ဒေါသများ ပြန်လည်မြင့်တက်လာခဲ့သည်။ ဝေ့ယွမ်ကို မကြိုက်ကြောင်း သူမပြောဖူးသည်။


ဘာလို့လာမေးတာလဲ…


နောက်ဆုံးမေးခွန်းအတွက်... သူမ ဒေါသတကြီးနှင့် ပြန်ဖြေလိုက်သည်။


"ညီမလေးက သူ့ကို အစ်ကိုလို့ ခေါ်ရမှာ မဟုတ်ဘူးလား...သူက ညီမလေး အစ်ကိုပဲ...ဘာလို့ သူ့ကို အဲဒီလို မခေါ်ရတာလဲ"


ချက်ချင်း လင်းရွှမ် က သူမကို ဆက်လက် ညှဉ်းပန်းနှိပ်စက်နေမည်ဟု ထင်နေမိသော်လည်း သူသည် အကြာကြီး နှုတ်ဆိတ်နေခဲ့သည်။ သူမ စိတ်ထဲ အနည်းငယ် နောင်တရသွားပြီး သူ့ကို ထိတ်လန့်တကြားလှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက မှောင်မည်းပြီး ခက်ထန်နေတာကြောင့် သူဘာတွေတွေးနေမှန်း သူမ မှန်းဆလို့မရချေ။


"အစ်ကိုကြီး"


လင်းရွှမ် သည် စကားတစ်ခွန်းမှ မပြောဘဲ လမ်းလျှောက်လာကာ ပစ္စည်းအချို့ကို ဆိုဖာရှေ့ ကော်ဖီစားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူမ လက်ကောက်ဝတ်တွင် ချည်ထားသည့် လက်အိတ်အဖြူကို ဖြည်လိုက်ပြီး


“ဒါဆို မင်း ငါ့ကို အစ်ကိုကြီးလို့ ထပ်မခေါ်သင့်တော့ဘူး”


ထို့နောက် လင်းရွှမ်သည် တံခါးဆီသို့ အမြန်လျှောက်သွားပြီး တံခါးကို ဖွင့်လိုက်သည်။ပြီးလျှင်၊ အခန်းပြင်ထွက်ကာ တံခါးပြန်ပိတ်၍ သက်ပြင်းရှည်ကြီး ချလိုက်သည်။အထဲမှာသာ နေခဲ့မည်ဆိုလျှင် သူ နောင်တရစရာ တစ်ခုခုကို လုပ်မိမှာ ကြောက်သည်။ မူလက သူ့ဆန္ဒမှာ တံခါးဝတွင် သူမကို ဖိချုပ်ထားပြီး ပြင်းပြင်းထန်ထန် နမ်းချင်တာ ဖြစ်သည်။


"အစ်ကိုကြီး ဘာလုပ်ချင်လဲ"


သူမ မေးလာသောအခါ သူ့စိတ်ထဲက

"မင်းကို လုပ်ချင်တယ်" ဟု ပြန်ဖြေလုနီးပါးပင်။သူသည် နူးညံ့သိမ်မွေ့သော သူမ၏ ကျောက်စိမ်းခြေထောက်များကို ကိုင်ထားရင်း လက်ချောင်းထိပ်များဖြင့် မခြစ်ချင်ပေ။ ပိုသနားဖို့ကောင်း၊ ပိုလှပြီး ပိုလိမ္မာသည့်လေသံနှင့် သူမကို သနားပေးဖို့ တောင်းပန်စေချင်သည်။ သို့သော် သူသည် ထိုခံစားချက်ကို ကြံ့ကြံ့ခံပြီး သူမ ထိတ်လန့်ကြောက်ရွံ့သွားမှာ စိုးသောကြောင့် ခက်ခက်ခဲခဲ သည်းခံခဲ့သည်။ သူမသည် သူ့ကိုမြင်တိုင်း အဝေးမှာ ပုန်းအောင်းမနေစေချင်ပေ။


****


"လင်းယောင်ယောင် က ဝေ့ယွမ် ကို သဘောကျနေတာလေ... သူမ အစ်ကိုကြီးက သိသွားတော့ သူမကို သင်ခန်းစာပေးဖို့ အတင်းဆွဲခေါ်သွားခဲ့တာ"


ဆိုသည့် သတင်းကို ရှောင်ကျန်း အရင်သိသွားသည်။ ထို့နောက် သူ၏ ရာထူးအာဏာကို အားကိုး၍ စစ်အရာရှိများအတွက် သီးသန့် နားနေခန်းကို ရှာလိုက်သည်။ လင်းရွှမ် ရှိရာသို့ မရောက်မချင်း သူ တစ်လမ်းလုံး စိုးရိမ်နေခဲ့သည်။ အခန်းထဲမှ လင်းရွှမ် ထွက်လာတာကိုမြင်တော့ သူ အတင်း ပြေးသွားလိုက်သည်။


"ယောင်ယောင် ဘာဖြစ်တာလဲ..မင်းညီမလေး ဘာဖြစ်သွားတာလဲ"


ချောမောသောကောင်လေးသည် ယခုတော့ အလွန်စိုးရိမ်နေပုံရသည်။ သူနှစ်သက်သော မိန်းကလေးအတွက် အလွန်အစွမ်းထက်သော အနာဂတ် " ယောက်ဖကြီး" ကို ရင်ဆိုင်ရန် သူ တွန့်ဆုတ်မနေပေ။ လင်းရွှမ် ၏ အေးစက်သော ရေခဲပြင်မျက်နှာသည် အလွန်ကြောက်စရာကောင်းနေပုံရပြီးတင်းကျပ်စွာ ဖိပိတ်ထားသော သူ့နှုတ်ခမ်းပါးလွှာသည် လှောင်ပြောင်သော ရှုထောင့်ဖြင့် တစ်မျိုးလေး ဖြစ်ပေါ်လာသည်။


"ကျွန်တော့်ကို ဒီမေးခွန်း ဘာလို့ လာမေးနေရတာလဲ... တတိယမင်းသားရဲ့"


လင်းယောင်ယောင် ကို သူဘာတွေပြောနေပါစေ၊ အပြင်လူများ၏ အမြင်မှာတော့ သူမ၏ အစ်ကိုကြီးပင် ဖြစ်သည်။သူမ၏ ကိစ္စအဝဝကို သူကိုယ်တိုင် ဂရုစိုက်ဖို့ အရည်အချင်းပြည့်မီသည်။


***


လင်းယောင်ယောင် သည် သူမ၏ နီရဲနေပြီး ရောင်ရမ်းနေသော လက်ကောက်ဝတ်ကို ပွတ်သပ်ကာ စားပွဲပေါ်ရှိ လင်းရွှမ် ချန်ထားခဲ့သည် အရာကို ကြည့်လိုက်သည်။စားပွဲပေါ်တွင် အာကာသခလုတ်တစ်ခုရှိနေပြီး ထိုအထဲတွင်၊ Biying အသီးရှိသော သေတ္တာ၊လှပစွာထုပ်ပိုးထားသော အဖြူရောင်သေတ္တာတစ်ခု နှင့် ဒဏ်ရာများအတွက် အမြန် ကျက်စေသော အနာဖြန်းဆေးလည်း ရှိသည်။


လင်းရွှမ် ကြောင့် သူမ ဒေါသထွက်နေခဲ့သည်။ သူမ အမှန်အတိုင်း ရှင်းရှင်းလင်းလင်းပြောသော်လည်း သူက မယုံကြည်ခဲ့ပေ။သို့သော်ငြား သူ ပြောခဲ့သော နောက်ဆုံးစကားကို ကြားယောင်မိလာသည်။


"ငါ့ကို အစ်ကိုလို့ မခေါ်နဲ့တော့"

လင်းရွှမ်... သူမကို ဂရုမစိုက်တော့ဘူးလား...သူက ညီမကို မလိုချင်ဘူးလား...


ယခုအချိန်မှစ၍ သူမသည် လင်းရွှမ် နှင့် သူစိမ်းတစ်ယောက်လို နေထိုင်သွားရတော့မည် ထင်သည်။သူမ သူ့ကို အစ်ကိုဟုတောင် မခေါ်နိုင်တော့‌ေပ။လင်းရွှမ် ၏ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အကြည့်နှင့် နှိုင်းယှဥ်လျှင်၊ သို့မဟုတ် သင်ခန်းစာတစ်ခုပေးရန် သူမ ခြေထောက်များကို ပုံမှန်မဟုတ်သော နှိပ်စက်ခြင်း နည်းလမ်းနှင့် နှိုင်းယှဉ်ပါက ထိုပြစ်ဒဏ်သည် ပို၍ ပြင်းထန်လှသည်။ သူမ စိတ်ကူးကြည့်ရုံနှင့် မျက်ရည်တွေက မထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ်ကို ‌တပေါက်ပေါက် ပြုတ်ကျလာကြသည်။ထို့နောက် သူမ မျက်ရည်များကို လက်ခုံနှင့် သုတ်လိုက်ပြီး စားပွဲပေါ်ရှိ သပ်ရပ်စွာ ထုပ်ပိုးထားသော သေတ္တာဆီသို့ လှမ်းလိုက်သည်။ ထိုသည်မှာ လင်းရွှမ် သူမကို ယခင်က ကတိပေးခဲ့သော ဒုတိယလက်ဆောင် ဖြစ်မည်ထင်သည်။



xxxxxx

Ei Thet Hmue