အခန်း ၃၃
Viewers 8k

Chapter 33

(စိတ်ထဲက‌ ရေးရေးကလေး မြင်နေရသော ဝန်ခံစကား)


လင်းရွှမ် က ဒုတိယလက်ဆောင်ကို ဘာပေးမှာပါလိမ့်...


လင်းယောင်ယောင် သည် လှပစွာထုပ်ပိုးထားသော အဖြူရောင်သေတ္တာကို မျှော်လင့်တကြီး ဖွင့်လိုက်လျှင် အထဲမှာ သေးငယ်သည့် အနက်ရောင် သေတ္တာတစ်ခုကို တွေ့လိုက်ရ၏။ ယခင်က အင်တာနက်ပေါ်တွင် သူမ မြင်ဖူးသော အဆုံးမရှိ သေတ္တာကြီးငယ်များဖြင့် အဆင့်ဆင့်လက်ဆောင်ထုပ်ပေးခဲ့သော်လည်း အဆုံးတွင် "စတာပါ" ဟူသော မှတ်စုတစ်ခုသာ ရေးထားသည့် ဗီဒီယိုတစ်ပုဒ်ကို သတိရမိသည်။ သူမ မရယ်နိုင်သေး။


လင်းရွှမ် ကတော့ မနောက်လောက်ပါဘူး...ဟုတ်တယ်မလား...


ကံကောင်းစွာနှင့်၊ အနက်ရောင်သေတ္တာလေးကို ဖွင့်လိုက်သောအခါ အတွင်းမှ လက်ဆောင်အစစ်ကို မြင်လိုက်ရသည်။ လပန်းပွင့်ပုံသဏ္ဍာန်ဖြင့် ထွင်းထုထားသည့် အိပ်မက်ကြယ်ပွင့်နားကပ်ကလေး ဖြစ်သည်။ အနီရောင်နားကပ်က‌လေးသည် အလွန်သန့်ရှင်းပြီး ပုံသဏ္ဍာန်သည် အဝိုင်းကလေးဖြစ်ကာ၊ သေးငယ်ပြီး ချစ်စရာကောင်းသည်။ အိပ်မက်ကြယ်ကျောက်များသည် စိတ်စွမ်းအင်ကို သိုလှောင်နိုင်သော တစ်ခုတည်းသော စွမ်းအင်ကျောက်များဖြစ်သည်။ အိပ်မက်မက်ရာတွင်လည်း ကောင်းသောအိမ်မက်များ မက်တတ်သည်။ အိမ်မက်ကြယ်ဆိုသည်မှာ ဂြိုလ်တစ်ခုပေါက်ကွဲပြီးနောက်တွင် ဥက္ကာခဲအကြွင်းအကျန်များတွင်သာ ရှိနေသည့် ကျောက်တစ်မျိုးသာ ဖြစ်သည်။ ထိုဥက္ကာခဲများတွင် ဤကျောက်တုံးကို တူးဖော်ခြင်းလုပ်ငန်းစဉ်သည် အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး အန္တရာယ်လည်းများသည်။ ထို့ကြောင့် ဤကျောက်တုံးက အလွန်ရှားပါးသည်။


အိမ်မက်ကြယ်ကျောက်တုံးသည် ဝတ်ဆင်သူ၏ မသိစိတ်မှ ပျောက်ကွယ်သွားသော စိတ်စွမ်းအင်များကို စုပ်ယူသိမ်းဆည်းထားနိုင်သည်။ ဝတ်ဆင်သူသည် သူတို့၏ စိတ်စွမ်းအား ကုန်ဆုံးသွားသည့် အခြေအနေနှင့် ကြုံတွေ့ရသောအခါတွင် အိပ်မက်ကြယ်ကျောက်တုံးတွင် သိမ်းဆည်းထားသော စိတ်စွမ်းအားကို ဆွဲယူသုံးစွဲနိုင်သည်။ သိမ်းဆည်းနိုင်သည့် ပမာဏက မများသော်လည်း အရေးပေါ်အခြေအနေမှသာ သုံး၍ရသည်။


အိပ်မက်ကြယ်ကျောက်ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာသည် လက်ထောက်ကုထုံးပညာရှင်များကြားတွင် အလွန်ရေပန်းစားသည်။ သိမ်းဆည်းထားနိုင်သော တိကျ စိတ်စွမ်းအင်သည် ကျောက်တုံး၏ သန့်ရှင်းမှုပေါ်တွင် မူတည်သည်။ လင်းရွှမ် ရွေးချယ်ထားတာကြောင့် ဤကျောက်တုံးကလေးသည် အလွန်စင်ကြယ်မည်မှာ သေချာသည်။ အိပ်မက်ကြယ်ကျောက်များတွင် အရောင်များစွာပါရှိပြီး အနီရောင်သည် အလွန်ရှားပါးပြီး လှပကာ မျက်လုံးကို ဖမ်းစားနိုင်သဖြင့် မိန်းကလေးများ အနှစ်သက်ဆုံးဖြစ်သည်။ လပန်းပွင့်သည် လမရှိသော ညများတွင်သာ ပွင့်သော အနက်ရောင်ပန်းဖြစ်သည်။ အများစုမှာ အဖြူရောင်ဖြစ်ကြသည်။ ပန်းဘာသာစကားမှာ "အစောင့်အရှောက်" ဖြစ်သည်။ လပန်းပွင့်အနီကို ရှားရှားပါးပါး တွေ့ရတတ်သည်။ရှိလျှင်လည်း လပန်းပွင့် တစ်ထောင်တွင် တစ်ပွင့်သာ ရှိလိမ့်မည်။


အနီရောင်လပန်းပွင့်၏ ပန်းပွင့်ဘာသာစကားမှာ "တစ်ဘဝလုံး မင်းကိုစောင့်ရှောက်ပါ့မည်" ဟူဖြစ်သည်။ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည့် ပစ္စည်းလည်းဖြစ်သလို ကိုယ်တစ်ဖက်သတ် ချစ်နေသူအတွက် အခမ်းနားဆုံးနည်းနှင့် ဝန်ခံခြင်းလည်း ဖြစ်သည်။


အမှန်တော့၊ ထိုကမ္ဘာပြင်ပမှလာသောသူမသည် ထိုမျှလောက် မသိထားပေ။ တစ်ချိန်က ရှန်းယွင်ကျင်း သည် ပန်းရောင်အိပ်မက်ကြယ်ကျောက်လက်စွပ်ကို အချိန်အတော်ကြာ ဝတ်ဆင်ထားသောကြောင့် အိပ်မက်ကြယ်ကျောက်မှန်း သူမ အနည်းငယ်သိထားခြင်းသာဖြစ်သည်။


ပန်းအမည်ကို လုံးဝ မသိခဲ့ဘဲ နားကပ်တွေက ကြည့်လှတာကြောင့်သာ စိတ်ထဲစွဲနေခြင်းဖြစ်သည်။စိတ်စွမ်းအားအနည်းငယ်ကို ပေါင်းစပ်လိုက်ခြင်းဖြင့် အနီရောင်အိပ်မက်ကြယ်ကျောက်သည် အလွန်လှပလွန်းသည့် အနီရောင်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်လိမ့်မည်။ လင်းရွှမ် သည် ယခင်က သူမအား ဤအရာကို မပေးခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။ စစ်ရေးလေ့ကျင့်မှုအတွင်း သင်တန်းသားများသည် မည်သည့်အသုံးအဆောင်ပစ္စည်းများမှ ၀တ်ဆင်ခွင့်မပြုပေ။


တစ်ကယ်တမ်းတွင်၊ လင်းရွှမ် သည် တော်ဝင်မြို့သို့ ပထမဆုံးပြန်ရောက်သောအခါက အိပ်မက်ကြယ်ကျောက်တုံး အရိုင်းကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ သူ့လက်ထောက် ချန်ပင်း သည် ထွင်းထုရန် ကျောက်သမားတစ်ဦးကို ရှာဖွေခဲ့သည်။ထိုစဉ်က သူ့လက်ထဲမှာ ကျောက်ရှိမနေသဖြင့် လင်းယောင်ယောင်အား မပြနိုင်ခဲ့ပေ။ အစပိုင်းတွင် ကျောက်ကလေးအား နားကပ်ထဲတွင်ထည့်ရန် အိပ်မက်ကြယ်ကျောက်၏ အနားများနှင့်ထောင့်များကို ချောမွေ့ခိုင်းထားခြင်း ဖြစ်သည်။ သို့သော်လည်း လင်းယောင်ယောင်နှင့် တစ်နေ့တစ်ခြား အတူတူရှိနေရသည့်အခါ သူ အကြံတစ်ခုတွေးမိတော့သည်။


အိပ်မက်ကြယ်ကျောက်ကို လပန်းပွင့်အဖြစ် ထွင်းဖို့ ချန်ပင်း ကို ပြောသည့်အခါ...


"ဟ...ဆရာ ဒါက ဆရာ့ ညီမအတွက် လက်ဆောင်မဟုတ်ဘူးလား..ဘာဖြစ်လို့ တခြားကောင်မလေးကို ပြောင်းပေးမှာလဲ...ဆရာ့ရဲ့ နှစ်တစ်သောင်း သက်တမ်း ရေခဲနှလုံးသားကြီးကို အရည်ပျော်အောင် လုပ်နိုင်တဲ့ မိန်းကလေးက ဘယ်သူလဲ...ပြောပါဦး"


ထိုအချိန်က သူသည် ဝန်လည်းဝန်မခံခဲ့သလို ငြင်းလည်းမငြင်းခဲ့ပေ။


"လုပ်သာလုပ်ပါ"


အမှန်တစ်ကယ်၊ လပန်းပွင့် အိပ်မက်ကြယ်နားကပ်ကို သူတစ်ကယ်ရလာသည့် သိပ်သိသာလွန်းနေမှာကို စိုးရိမ်ခဲ့သည်။ထို့ကြောင့်၊သူ ဆင်ခြေများတောင် တွေးလိုက်သေးသည်။အကယ်၍ လင်းယောင်ယောင် မေးလာခဲ့လျှင် ချန်ပင်းကသာ အားလုံး သူ့စိတ်ကြိုက်ချည်း ထွင်းထုခဲ့တာဟု ပြန်ဖြေဖို့ လုပ်ထားခဲ့၏။သို့သော်၊တစ်ကယ်တမ်းတွင်၊ သူ ဒေါသတကြီးနှင့်၊


“ဒါဆို မင်းငါ့ကို အစ်ကိုကြီးလို့ ထပ်မခေါ်သင့်ဘူး”


ဟု ပြောပြီးနောက် ဤလက်ဆောင်ကို စားပွဲပေါ်တင်ထားခဲ့သည်။ထိုလုပ်ရပ်ကလည်း သူ့နှလုံးသားကို လိမ္မာပါးနပ်စွာ ဖော်ပြလိုခြင်းဖြစ်သည်။သူမသည် လပန်းပွင့်နားကပ်ကို လက်ခံပြီး သူ့ကို မေးလာခဲ့လျှင် သူ့စိတ်ထဲမှာ ရှိနေသည့် အရာကို ရိုးရိုးရှင်းရှင်းပြောဖို့ တွေးခဲ့၏။


"ငါ မင်းရဲ့ အစ်ကိုကြီး မဖြစ်ချင်ဘူး...မင်းရဲ့လူဖြစ်ချင်တယ်"


အကယ်၍ သူမက သူ့ကို ရွံရှာစိတ်ဖြစ်သွားခဲ့လျှင် သူ ဧကရာဇ်မြို့တော်မှ ထွက်ခွာရန် အထက်ကို ထပ်မံလျှောက်ထားရလိမ့်မည်ဖြစ်၏။ ထိုအခါ၊ သူတို့ နှစ်ယောက်လုံး အစပိုင်းက အလွန်အေးစက်သော " မောင်နှမဆက်ဆံရေး" သို့ ပြန်သွားရပေမည်။


သို့သော် ရှောင်ကျန်း ကို တံခါးအပြင်ဘက်တွင် မြင်ပြီးနောက် လင်းရွှမ် စိတ်ထဲမှာ တစ်မျိုးတစ်မည်ဖြစ်သွားရပြန်သည်။ လင်းယောင်ယောင် သည် လွန်ခဲ့သော နှစ်လက ရှောင်မင် ကို နှစ်သက်ခဲ့သော်လည်း ယခုအခါ ဝေ့ယွမ်ကို သူမ ချစ်နေပြန်သည်။ နှစ်လအတွင်း ရှောင်ကျန်း ကို ကြိုက်လိမ့်မည်၊သို့မဟုတ်လည်း တစ်ခြားတစ်ယောက်ယောက်ကို ကြိုက်ချင် ကြိုက်သွားနိုင်သည်။


သူကကျတော့ သူမ အချစ်ကို မရနိုင်ဘဲ၊အဲ့ဒီလူတွေက ဘာလို့ ရကြတာလဲ...


ရှောင် မိသားစုထဲက ဘယ်ယောက်ျားမဆို သူမ ဘယ်တော့မှ မရွေးချယ်သင့်ပေ။ ထို့အပြင်၊ ဝေ့ယွမ် ထက်လည်း သူကသာ အများကြီး ပိုကောင်းသည်ဟု ယုံကြည်သည်။ အနည်းဆုံးတော့ သူမကို အားလုံးထက် ပိုဂရုစိုက်နိုင်သည်။ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့က လင်းယောင်ယောင်ကို ဝိုင်းကြိုက်နေရခြင်းသည် သူမသည် အလွန်ရှားပါးပြီး အရည်အချင်းရှိသော အစားအသောက်လက်ထောက်ကုထုံးပညာရှင်တစ်ဦး ဖြစ်နေတာကြောင့် ဖြစ်၏။


လက်ထပ်ပြီးရင်လည်း သူမတန်ဖိုးကို သက်သေပြဖို့အတွက် သူတို့အတွက် ဟင်းချက်ပဲ ကျွေးနေရမှာလား...


လင်းရွှမ် ရုတ်တရက်စိတ်မကောင်းဖြစ်သွားသည်။သူမသည် လင်း မိသားစုမှ အလွန်ဂရုတစိုက် ကြီးပြင်းလာခဲ့သည့် သမီးဖြစ်ပြီး တခြားကောင်စုတ်လေးများကို ခခယယ လုပ်ကျွေးပြုစုစရာ မလိုအပ်ချေ။ သူမသာ လင်း မိသားစု၏အိမ်တွင်နေပါက၊ သူမလိုချင်သမျှကို သေချာပေါက်ရနိုင်မည်ဖြစ်သည်။ တခြား ယောက္ခမနှင့် ချွေးမ များလို ပက်သက်ပြီး ပြဿနာဟောင်းတွေလည်း ရှိလာမှာ မဟုတ်ပေ။


လင်းရွှမ် သည် သူ၏ကိုယ်ပိုင်ရည်အချင်းများကို "ပြိုင်ဘက်များ" အုပ်စုနှင့် တစ်ခုပြီးတစ်ခု နှိုင်းယှဉ်ကာ သူ အနိုင်ရသင့်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ရှောင်ကျန်း ၏ စိတ်အားထက်သန်မှုကို ရင်ဆိုင်ရင်း သူ အေးစက်စွာပြောလိုက်သည်။


"ယောင်ယောင် မင်းနဲ့ အတူရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး... နောက်ဆုံးတော့ မင်းရဲ့ အစ်ကိုနှစ်ယောက် နဲ့ မင်းဦးလေး မို မိသားစုကလည်း ဘုရင်တပ်ဖွဲ့ နဲ့ လင်း မိသားစုရဲ့ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ကို လက်ထပ်ထိမ်းမြားပြီး ဘယ်တော့မှ ပတ်သက်ခွင့်ပေးမှာမဟုတ်ဘူး"


ရှောင်ကျန်း အံ့အားသင့်သွားပြီး သူ့မျက်လုံးများက အနည်းငယ်နီမြန်းစပြုလာသည်။


" ကျွန်တော် ကြိုက်တာက ယောင်ယောင် တစ်ယောက်တည်းပါပဲ...မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ နဲ့ ဘာမှမဆိုင်သလို...ဘုရင့်တပ်ဖွဲ့နဲ့လည်း ဘာမှ မဆိုင်ဘူး... ဒီရာထူးကို ကျွန်တော် မလိုချင်ဘူးဆိုတာ အစ်ကို မယုံဘူးလား"


လင်းရွှမ် အေးစက်သည့်မျက်လုံးတွေနှင့်ပြောလိုက်သည်။


"ငါယုံတာ၊မယုံတာက ကိစ္စမရှိပါဘူး... အဓိကက မင်းတို့ညီအကိုနှစ်ယောက်ပဲလေ…လင်း မိသားစုရဲ့သမီးက မင်းတို့ ရှောင် မိသားစုထဲက သူနဲ့ ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး...ဒါကြောင့် တတိယမင်းသားက နောက်ဆို ငါတို့မိသားစုက ယောင်ယောင် နဲ့ ခပ်ဝေးဝေးနေဖို့ တောင်းဆိုပါရစေ...သူမကို ဒုက္ခမပေးပါနဲ့...ပြီးမှ ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့"


လင်းရွှမ် က ပြတ်ပြတ်သားသား ကြမ်းတမ်းစွာ ပြောထားလိုက်၏။ ရှောင်ကျန်း က ညီမဖြစ်သူကို နှောင့်ယှက်နေသေးလျှင် သက်သက်မဲ့ သူ့စကားကိုအလေးမထားခြင်းဖြစ်ပြီး ဆက်လုပ်မည့် သူ့လုပ်ရပ်များအတွက် အာမ,မခံနိုင်ပေ။ ရှောင်ကျန်းသည် မင်းသားတစ်ပါးဖြစ်သော်ငြား၊ သူလုံးဝ ဂရုစိုက်ထောက်ထားနေမှာမဟုတ်ချေ။


ရှောင်ကျန်းသည် သူ့ကို လင်းရွှမ်က အပြီးအပိုင်ပြောပြီးသော်လည်း သူ လက်မလျှော့သေးပေ။


"ယောင်ယောင် ဘယ်မှာလဲ...ယောင်ယောင် နဲ့ စကားပြောချင်တယ်၊ သူမမှာ အစ်ကို့လို အတွေးမျိုးမရှိဘူး"


ထိုအချိန်တွင် လင်းယောင်ယောင် သည် အလွန်နှစ်သက်သော လက်ဆောင်တစ်ခုကို လက်ခံရရှိပြီးနောက် စိတ်ကောင်းပြန်ရှိသွားခဲ့သည်။ သူမ ချက်ချင်းပင် အိမ်မက်ကြယ်နားကပ်ကို ဝတ်ဆင်ကြည့်လိုက်သည်။ စစ်လေ့ကျင့်ရေးစခန်းသို့ ပြန်သွားခြင်းမှ အချိန်ကုန်သက်သာစေရန် လင်းရွှမ် ယခင်က ပေးခဲ့ဖူးသော သူမ၏ ကိုယ်ပိုင် အာကာသခလုတ်ကို ထုတ်ကြည့်လိုက်သည်။ ဒေါ်လာဘီလီယံပေါင်းများစွာနှင့်တောင် ဝယ်ရခက်သည့် Biying သစ်သီးကိုလည်း သူက တစ်ပါတည်း ထည့်ထားပေးခြင်းပင်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာအဆင့်ကိုမြှင့်တင်ရန် စစ်ရေးလေ့ကျင့်ခန်းများလည်း လုပ်ပေးခဲ့သည်။ အရန်ကုထုံးပညာရှင်များအတွက် အလွန်ရေပန်းစားသော သန့်ရှင်းစင်ကြယ်သည့်၊ အိပ်မက်ကြယ်ပွင့်ကျောက်မျက်ရတနာကိုလည်း သူမအတွက် တိတ်တဆိတ် ပြင်ဆင်ထားခဲ့သည်။


ထိုစဉ် သူမလက်ကောက်ဝတ်ဆီက အနီရောင် အရာတွေကို သတိထားမိလိုက်ရာ သူ စိတ်ဆိုးနေသေးသည်ကို သတိရလိုက်သည်။သူ့ကိုချည်း လွန်လွန်ကဲကဲ အပြစ်ပြောလို့ မရချေ။တစ်ကယ်တမ်းတွင်၊ သူမကလည်း ယခုတလော မလုပ်သင့်တာတွေကိုသာ လုပ်ခဲ့ခြင်းဖြစ်သည်။


ထိုသို့တွေးရင်း လင်းယောင်ယောင် သည် လက်ကောက်ဝတ်နှင့် လက်တွေမှာ ဖြစ်နေသော အနီရောင်အစင်းကြောင်းများအပေါ် ဆေးအမြန် ဖျန်းပြီး Biying အသီးကို သူမ၏ အာကာသခလုတ်ထဲကို ထည့်လိုက်၏။ ထို့နောက် စိတ်ဒဏ်ရာရနေ၍ ချောင်ထဲမှာ ကပ်နေသော 012ကို ချော့မော့လိုက်သည်။012က စိတ်ဖိစီးနေသော လေသံကလေးနှင့် သူမကိုပြောရှာသည်။


"ကလေးက နောက်ဆို အများကြီး ပိုစားတော့မှာမလို့ မကြာခင်ကြီးလာတော့မှာ"


ယခုမှ၊ 012 ကို မွေးစားပြီးကတည်းက ဘာမှမကျွေးခဲ့ကြောင်း သူမ သတိရမိသည်။ယခုဆို သူ့ခန္ဓာကိုယ်မှာ အရင်ကထက် ပိုကျုံ့သွားရသည်။အကြောင်းရင်းကလည်း သူမ၏ စိတ်စွမ်းအား တိုက်ခိုက်မှုကြောင့် ဖြစ်သည်။နွယ်ပင်ကလေးသည် အဆင့် ခေတ္တကျဆင်းသွားပြီ ဖြစ်ပြီး ပြန်လည်ကြီးပြင်းလာရန် စွမ်းအင်ပိုလိုအပ်နေသည်။


"စိတ်မပူပါနဲ့...အိမ်ပြန်ရောက်ရင် အရသာရှိတာတွေ အများကြီး ကျွေးမယ်နော်"


ထို့နောက် သူမသည် လင်းရွှမ် ကိုရှာရန် တွေးလိုက်ပြီး အပြင်ထွက်လာခဲ့သည်။သူမသည် နံရံတစ်ဖက်တည်းသာ အသံလုံသည့် အခန်းဝသို့ ရောက်သောအခါ သူ ရှိနေမှန်း သိလိုက်ရသည်။


"တတိယမင်းသားက ငါတို့ မိသားစုရဲ့ ယောင်ယောင် နဲ့ ခပ်ခွာခွာနေဖို့ တောင်းဆိုပါတယ်..."


သူမသည် "ကျွန်တော်တို့ မိသားစုရဲ့ ယောင်ယောင်" ဟူသော စကားလုံးကို အသေအချာကြားလိုက်ရ၏။ သူမကို အစ်ကိုဟု လာမခေါ်ဖို့ စောစောက ပြောခဲ့သော်လည်း အပြင်လူကိုတော့ "ငါတို့ မိသားစုရဲ့ ယောင်ယောင်" ဟု ပြောသွားသည်။


သိသာလွန်းတယ် မဟုတ်လား....


ရှောင်ကျန်း ၏စကားကိုကြားပြီးနောက် သူမသည်လည်း ဤကိစ္စအား ချက်ချင်းဖြေရှင်းချင်သွားသည်။ထို့ကြောင့်၊ တံခါးကိုဖွင့်ကာ အခန်းထဲဝင်ပြီး သူမ အမြဲတမ်းလုပ်နေကျအတိုင်း လင်းရွှမ် လက်မောင်းကို ဖက်ထားလိုက်သည်။ထို့နောက် သူမ ရှောင်ကျန်းကို ခပ်ပြတ်ပြတ်ပြောပစ်လိုက်သည်။


" ငါ့အစ်ကိုကြီးရဲ့စကားတွေက တစ်ကယ် ငါ့အတွေးတွေပဲ... ရှောင်ကျန်း...ငါက နင့်ကို သာမန်အတန်းဖော်တစ်ယောက်အနေနဲ့ တစ်ကယ်ပဲ ဆက်ဆံချင်တာ"


ရှောင်ကျန်း သည် လင်းယောင်ယောင် ၏ ရွှေရောင်ဖျော့ဖျော့ဆံပင်ကို သတိပြုမိနေသည်။ သူမ၏ နူးညံ့သိမ်မွေ့သော နားရွက်ကလေးများသည် တောက်ပပြီး မျက်စိကျစရာ အနီရောင် လပန်းပွင့် အိပ်မက်ကြယ်ပွင့်နားကပ်ကို ၀တ်ဆင်ထားခြင်းဖြစ်သည်။


"လင်းယောင်ယောင် နဲ့ ဝေ့ယွမ် တို့က တစ်ယောက်ကို တစ်ယောက် သဘောကျနေကြတာလေ" ဆိုသည် ကောလဟာလကို သတိရပြီး သူမ နားကပ်ကို ကြည့်လိုက်လျှင်၊ သူမတို့ တစ်ကယ်ချစ်သူဖြစ်နေသည်ဟု ထင်မိသွားသည်။


“မင်း သူ့ကို တစ်ကယ်ပဲ ကြိုက်နေတာလား…”


သူ ထိုစကားကိုသာ ပြောလိုက်နိုင်ပြီး စိတ်ပျက်လက်ပျက်နှင့် လှည့်ထွက်ပြေးသွားခဲ့သည်။ လင်းယောင်ယောင်သည် ရှောင်ကျန်း စကားကို သူမ နားမလည်သော်လည်း "သူ" ဆိုသည်မှာ "ဝေ့ယွမ်" ဖြစ်ကြောင်း ရိပ်မိသွားသည်။ ဝေ့ယွမ် သည် သူမ၏ အစ်ကိုအရင်းဖြစ်သော်လည်း အကြိမ်ပေါင်းများစွာ အထင်လွဲခံခဲ့ရသည်။ဤကိစ္စကို မြန်မြန်မရှင်းပြလျှင် နားလည်မှုလွဲမှားသွားမှာကို သူမ ပိုကြောက်မိပြန်သည်။


လင်းရွှမ် ၏ လက်တစ်ခုလုံး တောင့်တင်းအေးစက်သွားသည်။ အနီရောင် လပန်းပွင့်နားကပ်ကို သူမ မြင်လိုက်လျှင် သဘောကျလိမ့်မည်ဟု တွေးတောင်မတွေးကြည့်ရဲသော်လည်း၊သူမက ယခုတောင် ဝတ်ထားပြီးလေပြီ။သူ့ရင်ထဲမှာ စိတ်ချမ်းသာမှုနွယ်ပင်တစ်စက ခိုတွဲလျက်။ နားကပ်နီနီရဲရဲလေးက သူမ မျက်နှာနှင့်လိုက်ဖက်နေသည်။ထို့အပြင်၊သူမကို စိမ်းစိမ်းကားကားနှင့် အစ်ကိုဟု မခေါ်ဖို့ ပြောထားသော်လည်း အခု စိတ်ဆိုးပြေသွားပြီထင်ရပြီး စိတ်လိုလက်ရ လာခေါ်နေသည်။


အဲ့ဒါက သူ့ခံစားချက်တွေကို ငြင်းတာလား...ပြီးတော့ မောင်နှမပဲ ဖြစ်ချင်တာလား...ဒါဆို သူပေးခဲ့တဲ့ နားကပ်ကို သူမ ဘာလို့ဝတ်ထားတာလဲ...


"အစ်ကိုကြီး...ညီမလေးကို စိတ်မဆိုးပါနဲ့....သေချာပြောရအောင်...အစ်ကိုကြီး မေးသမျှကို ညီမလေး ပြောပြမယ်လို့ ကတိပေးတယ်...အစ်ကိုကြီးက အသာတကြည်ပြောရင်လည်း ရရဲ့သားနဲ့ ဘာလို့ တခြားလူတစ်ယောက်လိုမျိုး လုပ်ရတာလဲ...အစ်ကိုကြီးကြောင့် ညီမလေး ဘယ်လောက်တောင်လန့်သွားလဲဆိုတာသိရဲ့လား...ပြီးတော့ ညီမလေး ခြေထောက်ကို လာကလိထိုးလိုက်တာက ခွင့်လွှတ်လို့မရတဲ့ အပြစ်တစ်ခုပဲ"


သူမ ချက်ချင်းပင် ‌ဒေါသထွက်လာပုံဖြင့် သူ့ခါးကို ပြင်းပြင်းထန်ထန် ဆိတ်ဆွဲလိုက်သည်။ထိုခွန်အားလေးက သူ့ကို ကလိလာထိုးသလိုပင်။ အဆုံးတွင် သူမက အနီရောင် နားကပ်ကို ထိရင်း ပြောလိုက်သည်။


"အစ်ကိုကြီး.. ဒါက ဘာပန်းလဲ... အရမ်းလှတယ်၊ ညီမလေး ကြိုက်တယ်"


လင်းရွှမ် ၏ နှလုံးသားသည် သူမစကားလုံးတိုင်းကို လိုက်နားထောင်နေရင်း ခုန်ဆင်းသွားသည်။ အဆုံးမှာတော့ စိတ်သက်သာရာရသွားသည်။ လပန်းပွင့်သည် လမရှိသော ညအချိန်၌သာ ပွင့်ပြီး နာမည်လည်း သိပ်မကြီးချေ။လျှို့ဝှက်ထားလိုပြီး ပြိုင်ဆိုင်ချင်သူများသာ ထိုနားကပ်မျိုးကို ဝတ်ဆင်တတ်ကြ၏။သူမ မသိတာ အံ့သြစရာတော့ မဟုတ်ပေ။


သူ က သူမမေးခွန်းကို မဖြေဘဲ


"မင်းနဲ့ ဝေ့ယွမ်ရဲ့ ကိစ္စတွေကို မင်းရှင်းပြမှာလား.. ငါနားထောင်မယ်"


ထိုနေရာမှာ ဘယ်သူမှ ရှိမနေကြသော်လည်း စကားပြော၍ကောင်းသောနေရာတော့မဟုတ်ပေ။ သူမ ဧည့်ခန်းကိုလည်း သွားဖို့မဝံ့ရဲတော့။ဧည့်ခန်းထဲမှာ လင်းရွှမ် စိတ်ပြောင်းသွားမှာကြောက်သည်။


"အိမ်ပြန်ရောက်မှ ပြောမယ်လေ....အမေက ညီမလေးကို မက်ဆေ့ခ်ျပို့ထားတယ်... အဖေနဲ့အမေ ဒီည ညစာစားဖို့ အိမ်ပြန်လာမယ်တဲ့...အဲ့ဒီအခါကျ အားလုံးရှေ့မှာ ပြောပြပါ့မယ်"


ထိုအခါ သူ့စိတ်ထဲဝယ် မိဘများရှေ့မှာ သူမနှင့် ဝေ့ယွမ်တို့၏ ဆက်ဆံရေးကို အတိအလင်းဖွင့်ဟပြောပြမည်ဟု ထင်သွားရ၏။ထို့ကြောင့် သူမကိုင်ထားသော သူ့လက်မောင်းကို အသာအယာခါထုတ်လိုက်သည်။


"ဒီည ငါလုပ်စရာရှိတယ်... ဒါကြောင့် ညစာစားဖို့ မပြန်လာတော့ဘူး"


ထို့နောက် သူ အမြန်ထွက်သွားလေသည်။ ဝေ့ယွမ် နှင့် သူမ၏ဆက်ဆံရေးကို လင်းမိဘများက စိတ်အားထက်သန်စွာ သဘောတူလိုက်မှာကို သူကြောက်နေသော်လည်း ဘာကြောင့်ကြောက်နေမှန်း ခိုင်လုံသောအကြောင်းပြချက် မပေးနိုင်ပေ။ ထိုအခါကျလျှင်၊လင်းမိဘများလည်း သူ့စိတ်ကို ရိပ်မိသွားလျှင် ခက်ရချေမည်။သို့သော် ငတုံးကောင်မလေးကတော့ သိမှာမဟုတ်ပေ။သူသည် ခြေတံရှည်သူဖြစ်၍ ခြေလှမ်းမြန်လွန်းလှသောကြောင့် အနောက်မှနေ၍ လင်းယောင်ယောင် ပြေးလိုက်လာသော်လည်း သူ့ကိုမမှီပေ။ ယခု‌အခါတော့ သူက အေးစက်စက်ဖြစ်နေပြီး ဘာမှ မပြောသော်လည်း သူ့လုပ်ရပ်က တစ်ကယ်ကို ဒေါသဖြစ်နေကြောင်း ပြောပြလျက်ရှိသည်။


လင်းယောင်ယောင် နားမလည်နိုင်တော့‌ေပ။

သူမ တစ်ကယ် ဝေ့ယွမ်ကို ချစ်နေရင်တောင် သူက ဘာလို့ဒီလိုကြီး စိတ်ဆိုးရတာလဲ...


လင်းရွှမ် ကြိုက်နေသူတစ်ယောက်ရှိနေသည်ကို သူမ သိသွားစဉ်က အစ်ကိုကြီးဖြစ်သူ သူ့မဘေးက ထွက်သွားမှာကြောက်မိသဖြင့် ဒေါသနည်းနည်း ထွက်ခဲ့ရသည်။သို့ရာတွင်၊သူမ တုံ့ပြန်ပုံနှင့် လင်းရွှမ် တုံ့ပြန်ပုံက အတော်လေးကွာခြားနေ၏။


ထို့နောက် သူမသည် စစ်ဘက်ဆိုင်ရာယာဥ်အခန်းမှ ထွက်သွားသောအခါ ကျန်းရို့ နှင့် အွန်လိုင်းဆက်သွယ်ရေးကိရိယာမှာ တွေ့လိုက်ကြသည်။ ကျန်းရို့ သည် ရေခဲမုန့်ကိုကိုင်ထားရင်း အားရပါးရစားသောက်နေသည်။သူမ ကိုတွေ့သောအခါ လက်ပြလိုက်၏။





xxxxx



Ei Thet Hmue