အခန်း ၃၄
Viewers 8k

Chapter 34



အထူးသဖြင့် သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့်၊ လင်းယောင်ယောင် ၏ အနီရောင် လပန်းပွင့်နားကပ်များကို သူမ အမြန်သတိပြုမိသွားသည်။ အိပ်မက်ကြယ်ကျောက်သည် အရန်ကုထုံးသမားများ အနှစ်သက်ဆုံးပစ္စည်းလည်းဖြစ်သည်။ Biying အသီးကဲ့သို့ ရှာရမခက်သော်လည်း၊ သန့်ရှင်းစင်ကြယ်သော အိမ်မက်ကြယ်ကျောက်တစ်လုံးသည် လုံးဝအဖိုးမဖြတ်နိုင်ပေ။ ကျန်းရို့ တုန်လှုပ်သွားပြီး ရေခဲမုန့်ကို ပစ်ချလိုက်သည်။


"Wow, ယောင်ယောင်...နင်က ဝေ့ယွမ် နဲ့ တစ်ကယ်ပဲလား...သူက နင့်ကို ဒီနားကပ် ပေးတယ် ဟုတ်လား...အရမ်းလှတာပဲ"


လင်းယောင်ယောင် သည် သူမပြောခါမှ နားကပ်ကို ပြန်အမှတ်ရသွားပြီး ထိကြည့်လိုက်သည်။


"အာ...ဝေ့ယွမ် ပေးထားတာမဟုတ်ပါဘူး"


"ဒါပေမယ့် အနီရောင် လပန်းပွင့်ရဲ့ အဓိပ္ပါယ်က "မင်းကို ဒီတစ်သက်လုံး စောင့်ရှောက်ပေးမယ်" လို့ ဆိုလိုတာလေ...ပြီးတော့ အဲ့ဒါကို ကိုယ်တစ်ဖက်သတ်ကြိုက်နေတဲ့သူကို ပေးကြတာလေ...နင်က လက်ခံလိုက်တယ်ဆိုတော့ နင်က ပြန်ကြိုက်ပါတယ်လို့ သဘောရသွားတယ်..ပြောပါဦး ဘယ်သူပေးတာလဲ...တတိယမင်းသားလား..နင် သူ့ကို မကြိုက်ဘူးမလား"


ထိုအခါ သူမသည် "အဲ့ဒါ ငါ့အစ်ကိုကြီး ပေးထားတာ"ဟူ၍ ပြောလုနီးပါးစကားလုံးများကို မျိုချလိုက်သည်။ဖြစ်နိုင်သည်က လင်းရွှမ် မှားပေးမိခြင်းဖြစ်နိုင်သည်။ လပန်းပွင့်ကို သူမတောင် တော်တော်နှင့်သိခဲ့တာမဟုတ်ပေ။ထို့ကြောင့်၊ရေခဲတုံးကြီးက ပန်းဘာသာစကားကို သိနေခြင်းမှာလုံးဝမဖြစ်နိုင်ချေ။ သို့သော်၊သူမ နှလုံးသားက ချက်ချင်း မငြိမ်မသက်ဖြစ်သွားသည်။ ကံကောင်းစွာနှင့်၊ နားကပ်များသည် ရှောင်ကျန်း ဆီမှ မဟုတ်ဆို၍ ကျန်းရို့သည် ဆက်မမေးလာတော့ဘဲ 012 ဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။


"ဝိုး...ချစ်ဖို့ကောင်းတဲ့ ဂြိုလ်သား အိမ်မွေးအပင်လေးမလား...အရမ်းမိုက်တယ်...ငါ ထိကြည့်လို့ရမလား"


သူမ က ကျန်းရို့ စကားကို 012အား ပြန်ပြောပြာလိုက်ရာ 012 က မျက်နှာထားတည်တည်နှင့် ပြောလာလေသည်။


"မရဘူး...ပိုင်ရှင်ကိုယ်တိုင်ပဲ ပွေ့ဖက်တာ၊ နမ်းတာ၊ ထိတာကိုပဲ ခွင့်ပြုပါတယ်...အင်း...မင်းနဲ့ မင်းရဲ့ ပိုင်ရှင်လိုမျိုးပေါ့"


သူမ စိတ်မသက်မသာ ဖြစ်သွားပြီး အထင်မြင်မှားနေသော 012ကို အမှန်ပြင်ပေးလိုက်သည်။


"ငါ့အစ်ကိုနဲ့ ငါက နင် ထင်သလိုမဟုတ်ဘူး…သူက ငါ့ အစ်ကို၊ ငါ့အစ်ကို"


သွေးစပျစ်နွယ်ပင်ကလေးသည် လူသားများ၏ ရှုပ်ထွေးပွေလီသော ဆွေမျိုးပေါက်ဖော်ကို နားမလည်နိုင်ဘဲ အံ့ဩသွားလေသည်။


"ဒါဆို မင်းမှာ တခြားပိုင်ရှင်တွေ ရှိလာဦးမှာလား...မင်းကို တစ်ခြားလူတွေက ရော ပွေ့ဖက်နမ်းရှုံ့လို့ရသေးလား...မင်းတို့ လူ့လောကကြီးက ရှုပ်ထွေးလွန်းပါတယ်... ကလေး သိပ်နားမလည်ဘူး"


သူမ စကားမပြောနိုင် ဖြစ်သွားရ၏။ သူမအမေ ရှန်းယွင်ကျင်း ကလွဲလျှင် ထိုလောကကို ရောက်လာပြီးနောက် ဘယ်သူနှင့်မှ ရင်းနှီးမှု မရှိခဲ့ပေ။သူမ၏ သူငယ်ချင်းကောင်း ကျန်းရို့ နှင့်ပင် တစ်ခါတစ်လေမှ လက်ချင်းတွဲထားတတ်သည်။ထို့အပြင် သူမ၏ သွေးသားရင်းအစ်ကို ဝေ့ယွမ် က သူမကို ဂရုစိုက်သော်ငြား ခပ်ခွာခွာသာ နေဖြစ်လေသည်။သွေးတော်စပ်သူ အစ်ကိုထက် မွေးစားအစ်ကို လင်းရွှမ်အပေါ် ထိုမျှ နီးစပ်သွားရသည်ကို သူမလည်း မတွေးတတ်တော့ပေ။


ထို့နောက် ကျန်းရို့ က စုချင်းဟယ် သည် လွန်ခဲ့သည့် သုံးရက်က ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှုတွင် အရန်ကုသဆေးဝါးများကို ပြုလုပ်ခဲ့ကြောင်း ပြောပြသည်။စုချင်းဟယ်သည် ဆေးဝါးများနှင့် ရမှတ်ကတ်အများအပြားကို လဲလှယ်ခဲ့ကြောင်း ပြောခဲ့သော်လည်း သူမ စိတ်ပါဝင်စားမှုမရှိတော့ပေ။ သူမ ဘာကို စိတ်ပူနေမှန်း မသိသော်လည်း နှလုံးသားတစ်ခုလုံး တဒိန်းဒိန်းဖြစ်ကာ တုန်လှုပ်ခြောက်ခြားနေရသည်။ သူမစိတ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းသော မှန်းဆချက်တစ်ခုရှိခဲ့သော်လည်း ယုတ္တိမရှိလှတာကြောင့် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ငြင်းဆိုခဲ့သည်။


လင်းရွှမ် သည် သူမအား ညီမလေးတစ်ယောက်အဖြစ်သာ မှတ်ယူခဲ့တာပင်။သူ့မှာလည်း သူကြိုက်နေသည့် မိန်းကလေးတစ်ယောက် ရှိသည်။ အလျင်စလိုနှင့် သူမကို လက်ဆောင်မှားပေးတာမျိုး ဖြစ်နိုင်သည်။


သူကြိုက်တဲ့ "နတ်သမီးလေး" ကိုပေးချင်တဲ့လက်ဆောင်နဲ့ ဒီလက်ဆောင်က မှားပေးမိတာလား....


သူ ဒေါသထွက်နေချိန်ဖြစ်၍ လုပ်မိလုပ်ရာနှင့် ဤလက်ဆောင်ကို မှားပေးလိုက်ခြင်းဖြစ်ပြီး ပြန်တောင်းရမှာ ရှက်နေသေးတာကြောင့် ပြန်မတောင်းသေးတာဖြစ်နိုင်၏။ဤဖြစ်နိုင်ချေကို သူမတွေးလိုက်သောအခါမှာလည်း စိတ်ထဲမှာ ရှုပ်ထွေးလာရပြန်သည်။ လင်းရွှမ် သည် မိန်းကလေးတစ်ယောက်အတွက် စေ့စေ့စပ်စပ် လက်ဆောင်တစ်ခု ပြင်ဆင်ခဲ့ခြင်းဖြစ်ရမည်။


သူမ တွေးနေခိုက် ကျန်းရို့ သည် သူမ မျက်နှာမကောင်းဖြစ်နေသည်ကိုရိပ်မိသွား၏။ စုချင်းဟယ် ကောင်းကြောင်းများ ပြောလိုက်တာကြောင့် စိတ်မကောင်းဖြစ်နေသည်ဟု တွေးမိကာ သူမ လင်းယောင်ယောင် ကို အမြန်နှစ်သိမ့်ပေးလိုက်၏။


"ယောင်ယောင်....သူများတွေက နင့်ကို အရည်အချင်းမရှိဘူး ဘာညာနဲ့‌ပြာကြတယ်... ဒါပေမယ့် နင်က နောင်ဆို အရမ်းတော်လာမယ်လို့ ငါ ထင်နေမိတယ်ဟ....နင်က စုချင်းဟယ် ထက်လည်း မညံ့ပါဘူး...ဖြည့်စွက်စာတွေ နင် အခုချက်ချင်း မလုပ်နိုင်ဘူးဆို‌ပေမယ့် အဲဒါတွေကို အနှေးနဲ့အမြန် လုပ်လို့ရတယ်လေ..တစ်ချို့ပန်းပွင့်လေးတွေက အပွင့်နောက်ကျပေမယ့် ပွင့်လာတဲ့အခါ သိပ်လှကြတယ်မလား..."

သူမ ရယ်ပြီးပြန်ပြောလိုက်သည်။


"အခုလည်း ငါ ဖြည့်စွက်စာတွေ လုပ်ထားတယ်ဆိုရင်ရော"


ယခု သူမတို့ စကားပြောနေခြင်းမှာ virtualဆက်သွယ်ရေးကိရိယာတစ်ခုနှင့်ဖြစ်တာကြောင့် အသံမည်မျှပင်ကျယ်ပါစေ၊တခြားသူများ မကြားရချေ။ ကျန်းရို့ ချက်ချင်းပင် မျက်လုံးပြူးသွားသည်။ သူမ အမူအရာက ကြည်နူးမှုအပြည့်နှင့်။


"ယောင်ယောင် ...တစ်ကယ် ပြောနေတာလား..မိုက်လိုက်တာဟာ"


သို့သော်၊ အစားအသောက် ဖြည့်စွက်ကုထုံးဌာနမှ ကျောင်းသားသစ်တစ်ဦး ပထမအကြိမ် ပြင်ဆင်ထားသည့် ဖြည့်စွက်အစားအစာသည် ယေဘုယျအားဖြင့် အရသာက သိပ်တော့ ထူးခြားမှာမဟုတ်လှပေ။


"အရမ်းလန်းတယ်... ငါ ကံကောင်းပြီး ဖြည့်စွက်စာတွေ လုပ်နိုင်ရင်တောင်မှ ဘယ်သူမှ စားပေးမယ့်သူရှိမှာမဟုတ်ဘူး"


လင်းယောင်ယောင်: "နင်ကလည်း ငါရှိသားပဲ...ငါစားပေးမှာပေါ့"


ထို့နောက် သူမသည် စစ်ဘက်ဆိုင်ရာယာဥ်ထဲတွင် ကုန်ဆုံးရမည့် ကျန်အချိန်တို့ကို ကျန်းရို့နှင့် စကားပြော၍သာ အချိန်ဖြုန်းခဲ့သည်။ သံသယစိတ် များလာမှာစိုးပြီး ကောလဟလဆိုးများ ထပ်ထွက်လာမှာစိုး၍ ဝေ့ယွမ် ကလည်း သူမကို လာမတွေ့ခဲ့ပေ။


လင်းယောင်ယောင် သည် ဧကရာဇာ်မြို့တော်ရှိ လင်း မိသားစု၏အိမ်သို့ ပြန်ရောက်သောအခါ ညစာစားချိန် ရောက်နေပြီဖြစ်သည်။ ယခုထိလည်း လင်းရွှမ် ပြန်မလာသေးပေ။သူမ စိတ်ထဲမှာ သိချင်စိတ်များကလည်း ဖြစ်တည်နေရသည်။ သူမ နားကပ်ကို ကိုင်ကြည့်ရင်း လူမှားပေးသလားဟု မေးချင်နေသည်။သို့သော်လည်း၊ သူမ စိတ်ထဲက ‌ထင်နေမိသည့် ယောင်ဝါးဝါးအဖြေတစ်ခုအား တစ်ကယ်ကြားရမှာကိုလည်း ကြောက်မိသည်။ ခဏနေ၊လင်း မိဘများ ပြန်လာလျှင်နားလည်မှုလွဲမှားသွားမှာစိုး၍ နားကပ်များကိုချွတ်ကာ ဂရုတစိုက်သိမ်းဆည်းထားလိုက်သည်။


ရှန်းယွင်ကျင်း သည် လင်းယောင်ယောင် နှင့် မတွေ့ရသည်မှာ တစ်လရှိပြီဖြစ်၍ သူမကို အလွန်သတိရနေသည်။ သူမ လှမ်းဝင်လာသည်နှင့် တပြိုင်နက် ပြေးလာပြီး သူမကို ပွေ့ဖက်လိုက်သည်။ ထို့နောက် သူမလက်ကိုဆွဲကာ တစ်ကိုယ်လုံးကို အပေါ်အောက် ဂရုတစိုက်ကြည့်လိုက်သည်။


"ငါ့ကလေးက ကိုယ်အလေးချိန်ကျသွားတာထင်တယ်... ရွှမ်လေးက သမီးကိုဘယ်လိုမျိုး ဂရုစိုက်ထားတာလဲ... အစ်ကိုကြီးတစ်ယောက်နဲ့ လုံးဝကိုမတူဘူး...ကဲ အမေက ကြယ်ငါးပွင့် စက်ရုပ် စားသောက်ဆိုင်ကနေ အရသာရှိတဲ့ ဟင်းတွေလိုက်ကျွေးမယ်..ဒါမှ သမီးဝိတ်ပြန်တက်လာမှာ"


စစ်ရေးလေ့ကျင့်မှုတွင် အင်မတန်များပြားသော လေ့ကျင့်ခန်းများကြောင့် သင်တန်းသားများမှာ ကောင်းစွာ မစားနိုင်ပေ။


လုံးဝပိန်မသွားတဲ့သူဆိုတာ ဘယ်လိုလုပ်ရှိနိုင်မလဲ...


အနည်းဆုံးတော့ သူမသည် လင်းရွှမ် နေရာတွင်နေပြီး မနက်စာကောင်းကောင်းစားနိုင်သေးသည် ။


"အမေ...သတိမထားမိဘူးလား...သမီး နည်းနည်း အရပ်မြင့်လာတယ်...သမီး ကိုယ်လုံးကိုယ်ပေါက်ကလည်း C အဆင့်ဖြစ်သွားပြီ...အစ်ကိုကလည်း သမီးဖို့ Biying အသီးတစ်ခု ရှာထားပေးတယ်...အသီးစားပြီးရင် သမီး နှစ်ရက်အတွင်း B အဆင့်ဖြစ်လာမှာ......"


လင်းရွှမ် ရှေ့မှာတုန်းက သူမကို ကောင်းကောင်းမဆက်ဆံလျှင် အမေဖြစ်သူဆီ သွားပြီး တိုင်မည်ဟု အမြဲခြိမ်းခြောက်ခဲ့သည်။ သို့သော်၊ယခု သူမ အိမ်ပြန်ရောက်သောအခါ လင်းရွှမ် ကောင်းကြောင်းများကိုသာ အလေးပေးပြောဖြစ်လေသည်။


ရှန်းယွင်ကျင်း အံ့သြသွားသည်။သားဖြစ်သူက ယောင်ယောင် အတွက် ယခုလိုမျိုး စေတနာရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။တစ်ဆက်တည်းပင်၊သူမ မျက်နှာသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။


"အဟမ်း... သမီး အဖေက အမေ C အဆင့်တုန်းကဆို သူလည်း Biying အသီး ရှာပေးဖူးတယ်"


လင်းထျန်းယွဲ့ သည် ငြီးငွေ့ဖွယ်လူတစ်ယောက်ဖြစ်သော်လည်း တစ်ခါတစ်ရံတော့ ဂရုစိုက်ရှာသည်။ သူသည် လေးနက်သောပုံပေါက်နေသော်လည်း သူ့အတွင်းစိတ်သည် ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ ဘယ်လိုစိတ်ထားမှန်း ဖော်ပြ၍မရပေ။ လင်းရွှမ် သည် အစ်ကိုကြီးတစ်ယောက်အနေနှင့် သူ့ညီမအတွက် စဉ်းစားပေးသဖြင့် ကျိုးကြောင်းဆီလျော်ပုံရသည်။


ထို့ကြောင့် ရှန်းယွင်ကျင်း သိပ်ပြီးမတွေးလိုက်ပေ။ သူမသည် လင်းယောင်ယောင်ကို စားသောက်ရန်ခေါ်သွားပြီး သမီးဖြစ်သူကိုယ်တိုင် မချက်ပြုတ်ခိုင်းပေ။သမီးဖြစ်သူကို ကောင်းကောင်းအနားယူစေချင်သည်။


လင်းယောင်ယောင်သည် 012 ကို လင်း မိသားစု၏ မိဘများနှင့် မိတ်ဆက်ပေးလိုက်သည်။ထို့နောက် ရှန်းယွင်ကျင်း သည် အပင်အတွက် နေရာတစ်ခု စီစဉ်ပေးရန် အမ်ဘာအား ပြောပြလိုက်သည်။ သူမသည် သွေးစပျစ်နွယ်ပင်၏ ချွန်ထက်သော ပါးစပ်လေးများကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သွေးစပျစ်နွယ်ပင်ကလေးသည် အမြန်ပင် အသားမျိုးစုံကို စားပစ်လိုက်သော်လည်း သူ၏သေးငယ်သော ခန္ဓာကိုယ်သည် ပို၍ကြီးမားလာခြင်းမရှိပေ။


စားစရာတွေ အကုန်ဘယ်ရောက်သွားသလဲ....


သူမ ပြုံးပြီးပြောလိုက်သည်။


"သမီး အစ်ကိုက ညစာစားဖို့ ပြန်လာမယ်လို့ပြောပေမယ့် ဘာလို့ရုတ်တရက်ပြန်မလာတာလဲ...တော်သေးတာပေါ့... 012 လေးရှိနေတော့ ဟင်းတွေ အလကားဖြစ်မှာမပူရတော့ဘူး"


လင်းထျန်းယွဲ့ လည်း သမီးဖြစ်သူအကြောင်း ပိုသိချင်လာသဖြင့် လေးနက်သည့်မျက်နှာထားဖြင့် မေးလိုက်၏။


"သမီး ဖြည့်စွက်စာတွေ လုပ်ထားတယ်လို့ အဖေကြားတယ်...ပြီးတော့ သမီးက ဝေ့မိသားစု ကောင်လေးနဲ့လည်း ရင်းနှီးတယ်မလား"


လင်းယောင်ယောင် သည် သူမနှင့် ဝေ့ မိသားစုအကြောင်း မိသားဝင်များကို ပြောပြချင်ခဲ့သော်လည်း ယခုမူ လင်းမိဘများသာ ရှိနေပြီး လင်းရွှမ် ရှိမနေပေ။သို့သော်၊လင်းမိဘများမှာ အိမ်ကို သိပ်ကပ်သူများမဟုတ်ကြသဖြင့် အခွင့်အရေးရှိခိုက် ဤကိစ္စကို နားလည်အောင် ရှင်းပြပြီး နားလည်မှုမလွဲအောင် ပြောထားရပေတော့မည်။


လင်း မိသားစုမှ မိဘများနှင့် ရင်ဆိုင်ရသောအခါတွင် လင်းယောင်ယောင် သည် ထိုအကြောင်းအရာများကို ပြောဆိုရန် သိပ်မခက်ခဲကြောင်း သိလာရသည်။ သူမသည် လင်းရွှမ် ၏ စိတ်ခံစားချက်များကိုအလွန်အမင်း ဂရုစိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။ သူမ၏ဝမ်းကွဲအစ်ကိုဖြစ်သူ ဝေ့ယွမ် ထက် အစ်ကိုကြီးအား တန်ဖိုးထားခြင်းဖြစ်၏။သူမသည် လေးနက်သောမျက်နှာထားဖြင့် အရေးကြီးဆုံးအရာကို ဦးစွာပြောခဲ့သည်။


"ဝေ့ယွမ် က ပြောတယ်...လွန်ခဲ့တဲ့ ၁၈နှစ်လောက်က ကြယ်တာရာသူခိုးတွေ ပြန်ပေးဆွဲခဲ့တဲ့ သူ့ဝမ်းကွဲညီမက သမီး ဖြစ်နိုင်တယ်တဲ့....သမီးက သူ့ဦးလေး ဝေ့လင်း ရဲ့သမီးတဲ့"


သူမ စကားကိုကြားပြီးနောက် လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း သည် ပြင်းထန်စွာတုံ့ပြန်ခဲ့ကြသည်။ အထူးသဖြင့် ရှန်းယွင်ကျင်းသည် ချက်ချင်း ပြေးလာပြီး သူမ ပုခုံးကို ဖက်လိုက်သည်။


"ဒါက ဘယ်လိုဖြစ်ရတာလဲ… အမေ ဂရုမစိုက်ဘူး...သမီးက အမေ့ သမီးပဲ...အမေ အရမ်းကြိုးစားပြီး ပြုစုပျိုးထောင်ခဲ့တဲ့ သမီး....သမီးက အမေတို့မိသားစုပဲ"


လင်းထျန်းယွဲ့ မျက်နှာမှာလည်း တင်းမာလာသည်။


"သေချာရဲ့လား...သမီး သူတို့ အထင်မှားနေတာမလား"


ထို့နောက် သူမသည် သူမနှင့် ဝေ့ယွမ်တို့ မိသားစုကြားရှိ အရေးကြီးသည့်အရာများကိုသာ ရွေးကာ ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ အထူးသဖြင့် သူမ၏ အတွေးနှင့် သဘောထားများကိုပင်။ကျွေးကျေးဇူးသည် မွေးကျေးဇူးထက် ကြီးမြတ်သောကြောင့် သူမသည် ဝေ့မိသားစုထံ ပြန်သွားမည်မဟုတ်ပေ။


"သမီးက အမေတို့ရဲ့ သမီးဖြစ်နေတော့ အမေတို့ရဲ့ကြင်နာမှုကို ရဖို့ သမီး အစွမ်းကုန်ကြိုးစားမယ်...သမီး မိဘတွေကို ဆွေမျိုးသားချင်းအဖြစ် အမြဲမှတ်ထားပါတယ် အဖေနဲ့အမေ...နောက်ကျရင်လည်း သမီးတို့အားလုံးက မိသားစုပါပဲ"


သူတို့အပေါ်ထားသည့် လင်းယောင်ယောင် ၏ သဘောထားကိုကြည့်ရင်း၊ထိုသမီး‌ေလးသည် ကျေးဇူးကန်းဖို့ ကြီးပြင်းလာခြင်း မဟုတ်ကြောင်း လင်းမိဘများ သိလိုက်ကြသည်။ ဤမွေးစားသမီးကို သူမ၏ ဆွေမျိုးသားချင်းအရင်းများက တွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သည်။ပြဿနာက ယောင်ယောင် သည် ဝေ့ မိသားစု၏ သမီးဖြစ်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ခြင်းပင်။


လင်းမိသားစုသည် ဝေ့မိသားစု အခြေအနေကို ကောင်းစွာသိထားသည်။ ရှန်းယွင်ကျင်း နှင့် ဝေ့ယန် တို့သည် အချစ်ဆုံးသူငယ်ချင်းများဖြစ်သောကြောင့် လင်း မိသားစုနှင့် ဝေ့ မိသားစုကြား ဆက်ဆံရေးသည် အမြဲကောင်းမွန်နေသည်။ မဟုတ်ပါက၊ ဝေ့ မိသားစုနှင့် ဆက်နွယ်နေသည့် ချောင်း မိသားစုက ကောင်လေးတစ်ယောက်နှင့် သမီးဖြစ်သူအား လက်ထပ်ခိုင်းမည်မဟုတ်ပေ။ ထိုအချိန်မှစ၍၊သူမသည် ဝေ့မိသားစု၏ သမီးဖြစ်သည့် လင်းယောင်ယောင်ကို မတော်တဆ လူအများရှေ့မှာ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်နိုင်သည်။


ဝေ့မိသားစု၏ လက်ရှိပုံစံသည် နိမ့်ကျသည်။ အထူးသဖြင့် အရန်ကုထုံးပညာရှင်များ နယ်ပယ်တွင် ငယ်ရွယ်ပြီး အရည်အချင်းရှိသော ကလေးများ သူတို့မျိုးဆက်ထဲမှာ နည်းပါးလာခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ဤစစ်ရေးလေ့ကျင့်မှုတွင် လင်းယောင်ယောင် သည် အလွန်ဖမ်းစားနိုင်သော ဖြည့်စွက်ဆေးစာကိုလည်း ပြုလုပ်ခဲ့သည်။ အာနိသင်က အလွန်ကောင်းကြောင်း လူတွေကပြောကြ၏။ ယောင်ယောင် က သူမသည် ဝေ့မိသားစုထံ ပြန်သွားမည်မဟုတ်ကြောင်း ပြောခဲ့သော်လည်း ဝေ့မိသားစုက ထိုကဲ့သို့ ထင်မည်မဟုတ်ပေ။သူမ၏ ဘိုးဘွားများကို အသိအမှတ်ပြုပြီး သူတို့မျိုးရိုးထဲသို့ ပြန်ဝင်လာလိမ့်မည်ဟု သူတို့ မျှော်လင့်ထားကြမည် ဖြစ်သည်။


လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့သည် သူတို့သမီးဖြစ်သူအား ခေါ်ဆောင်သွားမည်ကို စိုးရိမ်ရုံသာမက၊ လင်းယောင်ယောင်သည် ဝေ့မိသားစုကို အသိအမှတ်ပြုပါက ဝေ့မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်များနှင့် ဝန်ထုပ်ဝန်ပိုးများကို သူမ ပခုံးပေါ်သို့ ထမ်းထားရမည်ကိုလည်း သူတို့စိုးရိမ်ကြသည်။ ဝေ့ မိသားစုနှင့် သူမသည်ယခင်က တစ်ခါမှ မရင်းနှီးခဲ့ကြချေ။ထို့ကြောင့် သူမ ဘယ်လိုနည်းနှင့်မှ ထိုတာဝန်ကို ထမ်းထား၍ မဖြစ်နိုင်ပေ။


လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့သည် အဝေးကြီးကို တွေးတောနေခဲ့သည်။ ကံကောင်းစွာနှင့်၊ ယောင်ယောင် က သူတို့ကို ဤကိစ္စအကြောင်း ကြိုပြောပြထားတာကြောင့် ဝေ့မိသားစုသည် လင်း အိမ်ကိုရောက်လာပါက စိတ်ကိုလည်း ပြင်ဆင်ထား၍ ရသွားသည်။


လင်းယောင်ယောင်သည် ဤကိစ္စကို ပြောပြပြီးသည့်အခါ လင်း မိသားစုက ကောင်းကောင်း လက်ခံနိုင်ပုံရသဖြင့် သူမ အနည်းငယ် စိတ်သက်သာရာရသွား၏။ ရှန်းယွင်ကျင်း သမီးဖြစ်သူ၏ ခေါင်းကို ထိလိုက်သည်။


"ဒါကို သမီးအဖေနဲ့ ထပ်ပြီး ဆွေးနွေးလိုက်ဦးမယ်...ဝေ့မိသားစုကို သမီး သွားနေချင်ရင်တောင် သမီး လိုချင်တဲ့ အတိုင်းပဲ ဖြစ်စေရမယ်… သိပ်အများကြီး မတွေးပါနဲ့…သမီးအစ်ကိုနဲ့ ဒီကိစ္စကို ပြောပြီးပြီလား"


"ဟင့်အင်း...ဒီအကြောင်းကို သိလိုက်ရတာက... စစ်ဘက်ဆိုင်ရာ အမြန်ယာဥ် ပေါ်မှာဆိုတော့ ပြောရတာ သိပ်အဆင်မပြေဘူး"


လင်းထျန်းယွဲ့ ခေါင်းညိတ်ပြီး


"ဟုတ်တယ်၊ နောက်မှ ပြောကြမယ်...သမီး ကြယ်ကွန်ရက် ကို သွားစစ်ကြည့်သင့်တယ်နော်... မာစတာအဆင့် အစားအသောက် ဖြည့်စွက် ကုထုံးပညာရှင် ချိုက်ယူဟုန် က သမီးကို သိသွားပြီး စစ်ပညာရေးအကယ်ဒမီ ရဲ့ ကျောင်းအုပ်ကို ဆက်သွယ်ခဲ့တယ်တဲ့....ပြီးတော့ သမီးကို တပည့်အဖြစ် လက်ခံချင်တယ်လို့လည်း သူက ပြောတယ်..."


ထိုအခါကျမှ စစ်သင်တန်းကျောင်းမတက်ခင် ကြယ်ကွန်ရက် မှာ လုပ်ခဲ့သည့် အလုပ်များကို လင်းယောင်ယောင် ပြန်သတိရသွားသည်။ "အဘိုးကြီးချိုက်" ဟုခေါ်သော သူမ၏ ဖောက်သည်သည် အမှန်တစ်ကယ် ချိုက်ယူဟုန် ဖြစ်ပုံရသည်။ လင်းထျန်းယွဲ့ သည် သူမကို သေသေချာချာကြည့်ကာ မေးလိုက်၏။


"တရုတ်ရိုးရာ အစားအစာကို ဘယ်မှာ လေ့လာခဲ့တာလဲ"


ဤကိစ္စနှင့်ပတ်သတ်၍ သူမ ကြယ်ကွန်ရက် မှာ သုတေသနလုပ်ထားပြီးသားဖြစ်၏။


"ကြယ်ကွန်ရက် မှာ ရှေးတရုတ်အစားအစာချက် ပြုတ်နည်းနဲ့ ဆိုင်တဲ့ သုတေသနဖိုရမ်တွေ အများကြီး ရှိတယ်လေ...တစ်ချို့ဟာတွေက သမီးရဲ့ကိုယ်ပိုင်ဥာဏ်တွေပါ... အဲဒါကို စဉ်းစားပြီး ရောစပ်လိုက်တာ"


ကြယ်ကွန်ရက် တွင် အများအားဖြင့် ရှေးကျသော တရုတ်ချက်ပြုတ်နည်းများကို မျှဝေသည့် ဝါသနာဖိုရမ်တစ်ခု အမှန်တကယ်ရှိသည်။ သို့သော်လည်း၊ ပါဝင်ပစ္စည်းများ အများအပြားမရှိတော့ဘဲ အချို့သော အရသာများမှာပြောင်းလဲသွားသောကြောင့် ပါဝင်ပစ္စည်း ပမာဏကို ချင့်ချိန်၍သာ ထည့်ကြရသည်။ အရေးကြီးဆုံးအချက်မှာ ပါဝင်ပစ္စည်းများကို ရိုးရိုးရှင်းရှင်း စာရင်းပြုစုထားသော်လည်း ပါဝင်ပစ္စည်းတစ်ခုစီကို မည်သို့ကိုင်တွယ်ရမည်ကို ဂရုတစိုက် စာရင်းမပြုစုထားခြင်းဖြစ်သည်။ ထိုချက်ပြုတ်နည်းများအတိုင်း လူတစ်ချို့ပြုလုပ်သော အရသာသည် အလွန်ထူးဆန်းနေသေးသည်။ အရသာရှိသော ဟင်းလျာများသည် အလွန်ရှားပါးနေသည်။ ပရော်ဖက်ရှင်နယ်စားဖိုမှူးများသည် ရလဒ်များတွင် ပိုမိုအောင်မြင်နိုင်သော်လည်း အသေးစိတ်အချက်အလက်များကို လူသိရှင်ကြားကြေညာမည်မဟုတ်ဘဲ ဝှက်ထားသော ကျွမ်းကျင်မှုအဖြစ် မှတ်ယူမည်ဖြစ်သည်။ ထိုအရည်အချင်းသည် ဤနယ်ပယ်တွင် အရည်အချင်းရှိမရှိနှင့် သက်ဆိုင်နေသေးသည်။




xxxxxx



Ei Thet Hmue