အခန်း ၃၅
Viewers 8k

Chapter 35

(အိပ်ကြမလား? )



လင်းယောင်ယောင် သည် အရည်အချင်းရှိသူဖြစ်သည်မှာ ထင်ရှားသည်။ထို့ကြောင့်၊ လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့အား သူမ၏ စိတ်စွမ်းအားအကြောင်း အသေအချာ ပြောပြခဲ့သည်။ သူမ၏ စိတ်စွမ်းအား တင်းမာမှုများ၏ ပုံသဏ္ဍာန်သည် အလွန်ထူးခြားသောကြောင့် သူမပြုလုပ်သော ဖြည့်စွက်စာသည် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအတွက် အထူးထိရောက်ရခြင်း ဖြစ်နိုင်သည်။ နောက်ဆုံးမှာ သူမသည် ရက်အနည်းငယ်ကြာလျှင် အိမ်ဟောင်းကို ပြန်လာပြီး အဖိုးဖြစ်သူအတွက် ဖြည့်စွက်စာ ချက်ကျွေးချင်သည်ဟုလည်း ပြောခဲ့သည်။


လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့မှာ မူလက လင်းယောင်ယောင် သည် အဖိုးဖြစ်သူအား အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ပြီး အစားအသောက် ဖြည့်စွက်ကုသရေးဌာနကို လျှောက်ခဲ့သည်ဟု ထင်ခဲ့သော်လည်း ကလေးမလေးသည် အမှန်တစ်ကယ် စိတ်အားထက်သန်နေမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ထို့ကြောင့် လာမည့်ရက်အနည်းငယ်အတွင်း သူမကို အိမ်မှာစမ်းကြည့်ခွင့်ပေးမည်ဟု စိတ်ကူးထားသည်။


တိုက်ခိုက်မှုအသွင်အမျိုးမျိုးသို့ ပြောင်းလဲနိုင်သော သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများနှင့် ပတ်သက်၍ လင်းထျန်းယွဲ့ က ၎င်းတို့ကို အရေးပေါ်အခြေအနေတွင် အလိုအလျောက် အသုံးပြုခွင့်ပေးထားသည်။ မစ္စတာ ချိုက်နှင့် စစ်ဆေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ တစ်ဖက်က သူမအား တိုက်ရိုက်တပည့်အဖြစ် လက်ခံလိုလျှင် ထိုကိစ္စကို အကောင်အထည်ဖော်ကြရမည်။


လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လင်းယောင်ယောင် ၏ အရည်အချင်းက ကောင်းကင်ကို အံတုနိုင်သည့် အရည်အချင်းတစ်ခုဟု ဆိုနိုင်သည်။ တစ်ချိန်တည်းမှာပင်၊သူတို့နှစ်ယောက်လုံး ပျော်ရွှင်ပြီး စိတ်ပူသွားကြသည်။


ဝေ့ မိသားစုက ဒီလို ထူးချွန်တဲ့ ကလေးတစ်ယောက်ကို ဘယ်လို လွှတ်ပေးမလဲ....


ကလေးမလေးသည် သူမတို့ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားသူဖြစ်၍ သူမကိုလည်း သမီးအရင်းအတိုင်း အမြဲတမ်း ဆက်ဆံသွားမည်ဖြစ်သည်။ ရှန်းယွင်ကျင်း သမီးဖြစ်သူ၏ နူးညံ့သည့် မျက်နှာကို ကိုင်လိုက်ပြီး ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။


"ယောင်ယောင် က အရမ်းမိုက်တယ်.... ဖြည့်စွက်စာတွေ အရမ်းမြန်မြန်လုပ်ပြီး ဂရိတ်မာစတာအဆင့် အရန်ကုထုံးဆရာကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်... ဒါပေမယ့် ဖြည့်စွက်စာအတွက်ကတော့ အရမ်းလည်း သိပ်ကြိုးစားစရာမလိုဘူး...ကိုယ့်ကိုကိုယ် မပင်ပန်းစေနဲ့...အားလပ်ရက်မှာ သမီးသာ ပျော်အောင်နေ"


အခြားသူများ၏မိဘများသည် ကလေးများအား အားလပ်ရက်များတွင် အနားမယူဘဲ စာကျက်ရန် တိုက်တွန်းသော်လည်း သူမတို့ကမူ အတော်ပင် ကွာခြားလှ၍ လင်းယောင်ယောင် ပြုံးလိုက်သည်။


"အမေက အရမ်းမိုက်တာပဲ"


ထို့နောက် ကလေးမလေးသည် သူမမျက်နှာကို အမေဖြစ်သူ၏ လက်မောင်းပေါ်မှာ မှီထားလိုက်သည်။ ချက်ချင်းပင်၊ရှန်းယွင်ကျင်း သည် သူမ အကြံကို သဘောပေါက်သွားပြီး အလျင်စလို တွန်းထုတ်လိုက်သည်။


"စစ်လေ့ကျင့်ခန်းကနေ ပြန်လာတော့ နံ‌စော်နေတယ်မလား... အခန်းထဲပြန်သွားပြီး ရေချိုးလိုက်"


ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှု သုံးရက်အတွင်း သူမသည် ကောင်းစွာရေချိုးနိုင်ခြင်းမရှိခဲ့ဘဲ တစ်ကိုယ်လုံးကို သန့်စင်ဆေးဖြန်းရုံသာ တတ်နိုင်သည်။ သန့်ရှင်းရတာကို နှစ်သက်သည့် သူမသည် အသက်ရှူကျပ်လာသည့်အတွက် ရေချိုးဖို့ အခန်းထဲကို အမြန်ပြန်သွားခဲ့၏။ ထို့နောက် ၊အမွှေးနံ့သာဆီဖြင့် သက်တောင့်သက်သာ ရေချိုးပြီး ကာလရှည်ကြာ မသုံးဖြစ်ခဲ့သည့် ကြယ်ကွန်ရက် သို့ သွားခဲ့သည်။


အစပိုင်းတွင် မဟာဆရာကြီး ချိုက်ယူဟုန် ဖြစ်ဖွယ်ရှိသည့် "အဘိုးကြီး ချိုက်" ကို စွဲဆောင်နိုင်ရန် သူ့ကို အလွန်စပ်ပြီး အရသာရှိသော ရှေးဟောင်းတရုတ်ဟင်းလျာများကို ပြုလုပ်ပေးခဲ့သည်။ ထို့နောက် သူမသည် အဘိုးကြီး ချိုက် ၏ အစာစားချင်စိတ်ကို နှိုးဆွရန်အတွက် ဈေးဝယ်ပလက်ဖောင်းပေါ်ရှိ "ရှေးတရုတ်စားစရာအိမ်" တွင် ပေါ့ပါးသော ဟင်းပွဲများနှင့် သရေစာများကိုသာ ခင်းကျင်းထားခဲ့သည်။


နောက်ပိုင်းတွင်၊မမျှော်လင့်ဘဲ အဘိုးကြီး ချိုက်သည် အမှန်တစ်ကယ် ချိုက်ယူဟုန် ဖြစ်ပြီး သူမကို သတိထားမိခဲ့သည်။ အင်ပါယာ၏ အထင်ကရ စစ်တက္ကသိုလ်များတွင် ကျောင်းသားသစ်များအတွက် စစ်ရေးလေ့ကျင့်မှုကို အများပြည်သူအတွက် မဖွင့်ထားသောကြောင့်၊ အဓိက စစ်တက္ကသိုလ်များရှိ ဆရာများသာ သူမကို မြင်နိုင်သည်။ ထို့ကြောင့် သူမ၏ ထူးခြားသော ပါဝင်ပစ္စည်း ပြုပြင်နည်းများနှင့် ရှေးကျသော တရုတ်ဟင်းလျာများကို ရွေးချယ်နိုင်သူမှာ ချိုက်ယူဟုန် သာဖြစ်သည်။


လင်းယောင်ယောင် သည် အကောင့် "Eleven" ပေါ်တက်လာသည်နှင့်တစ်ပြိုင်နက်၊ ဉာဏ်ရည်ထက်မြက်သော လက်ထောက်က S-အဆင့် အသုံးပြုသူ "အဘိုးကြီး ချိုက်" ထံမှ သူငယ်ချင်းတောင်းဆိုချက်ကို လက်ခံရရှိထားကြောင်း သတိပေးလာသည်။ သူမသည် တိတ်တိတ်ဆိတ်ဆိတ်နေနိုင်ရန် သာမန်လူများက သူငယ်ချင်းလာပေါင်းမထည့်ကြရန်အတွက် အပလီကေးရှင်း ဆက်တင်များကို ပြင်ဆင်သတ်မှတ်ခဲ့သည်။ သူမ၏ကိုယ်ပိုင်နိုင်ငံသားအဆင့်သည် A ဖြစ်ပြီး နိုင်ငံသားဖြစ်မှုအဆင့်ထက် ကျော်လွန်သောသူများသာ သူမထံ သူငယ်ချင်းဖြစ်ခွင့်စာကို ပေးပို့ပိုင်ခွင့်ရှိသည်။


အဘိုးကြီး ချိုက် အပြင်၊ မက်ဆေ့ချ်များစွာ ပေးပို့သော ရှောင်ချီ လည်း ရှိသေးသည်။ သူက ဟင်းလျာအသစ်များ ထပ်လုပ်လျှင် သူ့ကိုကျွေးပါရန်၊ သူမ၏ စားသောက်ဆိုင်တွင် မီနူးများစွာ မရှိခြင်းအကြောင်း ညည်းညူထားခြင်း၊ သို့မဟုတ် သူမ၏ စားသောက်ဆိုင်ရှိ အစားအစာအပေါ် ချီးကျူးဂုဏ်ပြုမှုများစွာ မက်ဆေ့ချ်ထဲမှနေ၍ ပြောကြားထားခဲ့၏။ထို့အပြင်၊ သူသည် ပုံမှန် comment များ ရေးခဲ့သလို၊ dialog box တွင်လည်း အဆက်မပြတ်ရှိနေသူဖြစ်သည်။ ရှောင်ချီ ပေးပို့သည့် နောက်ဆုံးစာမှာ လွန်ခဲ့သော တစ်နာရီကပင် ဖြစ်သည်။


"ဟေး ညီမလေး စစ်သင်တန်းက ပြန်လာတယ် မဟုတ်လား... ဖန်စီဟင်းလျာ အသစ်လေးတွေ လုပ်ပေးပါဦး...အရင်က စားကောင်းပေမယ့် အခုကျ အရသာက ပေါ့ပါးလွန်းတယ်"


သူမ သူ့ကိုပြောချင်စိတ်မရှိသဖြင့် အဘိုးကြီး ချိုက်၏ သူငယ်ချင်း လာပေါင်းထည့်ထားသည့် မက်ဆေ့ခ်ျကိုသာ comfirmလိုက်သည်။


ထို့နောက် အရသာ လေးလေးပင်ပင်ရှိသော ဟင်းလျာများအားလုံးကို ဆိုင် ပေါ်တင်ပြီး အတော်လေးမြင့်မားသောစျေးနှုန်းများ သတ်မှတ်ခဲ့သည်။


ကြယ်ကွန်ရက် တွင်ပြုလုပ်သော အစားအစာအတွက် အချိန်ကန့်သတ်ချက်မှာ နှစ်လဖြစ်သည်။ ထိုအချိန်အတွင်း ရောင်းမကုန်ပါက သက်တမ်းကုန်သွားမည်ဖြစ်သည်။သူမ ငွေမမက်သော်လည်း သူမ ဟင်းပွဲများကို စားဖူးသူတိုင်းက ဈေးကြီးသည်ဟု လာမပြောရဲကြချေ။ မြင့်မားသောစျေးနှုန်းသည် မြင့်မားသောအရည်အသွေးနှင့် အဆင့်အတန်းမြင့်မားမှုကို ကိုယ်စားပြုသည်။ထိုအချက်သည် လက်ရှိ သူမ၏ မြင့်မြတ်ပြီး စွဲမက်ဖွယ်ကောင်းသော ကိုယ်ရည်ကိုယ်သွေးနှင့် ကိုက်ညီသည်။ သူမ၏ ဖြည့်စွက်စာသည် ဈေးကြီးလွန်းသည်ဟု ဖောက်သည်များက ကဲ့ရဲ့ရှုံ့ချတတ်သော်လည်း နောက်ထပ်ပြုလုပ်ရန် သူမကို တောင်းဆိုနေဆဲဖြစ်သည်။


အခြေခံလူတန်းစား ဘဝနောက်ခံရှိသည့် မင်းသမီး စုချင်းဟယ်သည် သူမဘာသာသူမ အသက်မွေးဝမ်းကြောင်းပြုဖို့ ကြိုးစားနေခြင်းပင်။ နောက်ပိုင်းတွင် သူမသည် စျေးဝယ်ပလက်ဖောင်းပေါ်တွင် နံပါတ် 1 ရောင်းအားဖြင့် မျိုးဆက်သစ် ဆေးဝါးလက်ထောက်ကုထုံးပညာရှင်ဖြစ်လာမည်ဖြစ်သည်။လင်းယောင်ယောင် သူမ နေရာအား လုယက်ရန် မကြိုးစားချင်ပေ။ သူမသည် ဖြည့်စွက်စာများ၏ အကျိုးသက်ရောက်မှုများကို စမ်းသပ်ရန်အတွက် ဂီနီဝက်များကို ရှာဖွေဖို့သက်သက်ဖြင့် "ရှေးတရုတ်စားစရာအိမ်" ကို စတင်ဖွင့်ခဲ့ခြင်းသာဖြစ်သည်။

နောင်တွင်၊ သူမသည် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီး၊ ရှောင်ချီ တို့လို သူတို့ ဆန္ဒအလျောက် လာစားကြမည့် ဖောက်သည်များ တိုးလာကာ ပိုကောင်းသော ဖြည့်စွက်အစားအစာများကို ပြုလုပ်နိုင်လာမည်ဖြစ်သည်။


ထို့အပြင်၊သူမသည် လိုအပ်သည့်အခါတွင် လေ့ကျင့်ရန် ကြယ်ကွန်ရက် သို့ ရံဖန်ရံခါ လာရောက်လေ့ရှိသည်။ထို့ကြောင့် စိတ်အားထက်သန်ပြီး လွတ်လပ်သော သူမ၏ ဟင်းလျာများသည် စျေးဝယ်ပလက်ဖောင်းပေါ်ရှိ မျိုးဆက်သစ် အစားအသောက်လက်ထောက်ကုထုံး ပညာရှင်များကြားတွင် ပိုမိုသိသာလာစေခဲ့သည်။ ယခုအချိန်တွင် သူမသည် နာမည်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး "ရှေးတရုတ်အစားအစာ လက်ထောက်ကုထုံးပညာရှင်" ဟုလူသိများသည်။


ဆိုင်ထဲမှာ ဟင်းပွဲအကျန်များကို ထည့်ပြီးသည်နှင့်၊အဘိုးကြီး ချိုက် က အွန်လိုင်းမှ Live meeting အတွက် application တစ်စောင် ပေးပို့ခဲ့သည်။ ချက်ချင်း သူမလည်း သဘောတူလိုက်သည်။ မကြာမီတွင်၊ အသက်လေးဆယ်ခန့်ရှိပုံရသော ချောမောသောဦးလေးတစ်ယောက်သည် သူမ၏ အလုပ်သင်ဓာတ်ခွဲခန်းတွင် ပေါ်လာသည်။ သူမ သူ့ကို စိုက်ကြည့်ရင်း....


"ဦးလေးက အဘိုးကြီးချိုက် လား...တစ်ကယ် အသက်ငယ်သေးတာပဲ"


သူမ အထင်က သူသည် အဘိုးကြီးတစ်ယောက်ဟု ထင်ထားခဲ့တာပင်။သို့သော်၊သူသည် မနှစ်မြို့ဖွယ်ကောင်းသော အရူးတစ်ယောက်လိုမဟုတ်ဘဲ သူ့မျက်နှာထားက ကဗျာဆရာ သို့မဟုတ် ပညာရှင်တစ်ဦးကဲ့သို့ပင် တည်ကြည်လေးနက်မှုအပြည့်ရှိ၏။သို့သော်လည်း ကြယ်တာရာခေတ်ရှိ လူသားများ၏ သက်တမ်းသည် ယေဘုယျအားဖြင့် အလွန်ရှည်လျားသည်။ အဘိုးကြီး ချိုက် သည် ရှေးခေတ်ကမ္ဘာခေတ်တွင် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးနှင့်တူသော်လည်း သူသည် အသက်နှစ်ရာကျော်ရှိပြီ ဖြစ်သည်။ထို့ကြောင့် အဘိုးကြီး ချိုက်ဟု ခေါ်၍လည်း ရသည်။


အဘိုးကြီး ချိုက် သည် အလှအပကြိုက်ပုံရသော ဦးလေးတစ်ဦးဖြစ်သည်။ လင်းယောင်ယောင် ကို ယခုတစ်ကြိမ် လာမတွေ့မီ သူ၏ ကြယ်ကွန်ရက် profile ပုံကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့သည်။သူသည် လက်တွေ့ဘဝတွင် ယခင်ကလို မုတ်ဆိတ်များအား မရိတ်သင်တော့ဘဲ သဘာဝဆန်ဆန်အရှည်ထားလိုက်၍ ပို၍ဆရာသမားဂိုက်ပေါက်သွားတော့သည်။


မဟုတ်ရင် သူ့ညီမအရွယ် ကောင်မလေးကို ဆရာသွားလုပ်လို့ရမှာလဲ....


ချိုက်ယူဟုန် စိတ်ဝင်တစားနှင့် မေးလာသည်။


"မင်းက စစ်တပ်မိသားစုက အငယ်ဆုံးသမီးချောလေးပဲ...အဲ့ဒီတော့ ငါက အိုစာနေလို့မဖြစ်ဘူးလေ...ကြည့်ကောင်းအောင် ပြင်ဆင်ထားရတာပေါ့"


"ဪ...အဟင်း"


အချီးကျူးခံရသောကြောင့် သူမ အနည်းငယ် ရှက်သွားရသည်။ သည် ချီးကျူးစကား ပြောပြီးသွားသောအခါ သူက စောဒကတက်လာသည်။


"မင်းက အစားအသောက် အာဟာရ ကုထုံးမှာဆိုရင် အရမ်းထက်မြက်ပြီး မင်းရဲ့ တွေးခေါ်ပုံက အရမ်းဆန်းသစ်နေတယ်...လွန်ခဲ့တဲ့တစ်လက မင်းရဲ့လက်ရာ အစပ်ဟင်းပွဲကို ငါ စားခဲ့ရတယ်မလား... အရမ်းမိုက်တာပဲ...ဒါ‌ပေမယ့် မင်းငါ့အတွက် အစပ်ဟင်းကို သုံးခါထပ်ပြီး ချက်ပြုတ်ပေးရမယ်... မဟုတ်ဘူး...ပြီးတော့ နောက်ထပ် ဆယ်ခါ ချက်ပေး...အဲ့ဒါဆို မင်းကို တပည့်အဖြစ် လက်ခံဖို့ စဉ်းစားမယ်..."


"ဒါဆို ဦးလေးအတွက် သုံးလေးငါးခါလောက် ဟင်းချက်ပေးပြီးရင် ဦးလေးရဲ့ သီးသန့်စားဖိုမှူးအဖြစ် တစ်လလုပ်ပေးမယ်...အဲ့ဒါဆို တပည့်ဖြစ်ပြီလား"


ချိုက်ယူဟုန်က ကလေးမလေးသည် အလွန်ဉာဏ်ကောင်းသည်ဟု ထင်ကာ သဘောကျစွာ ခေါင်းညိတ်လိုက်သည်။


"အေး"


နောက်ဆိုလျှင်၊သူ့အတွက် နေ့တိုင်း ထမင်းဟင်းချက်ကျွေးသည့် အလုပ်သင်တစ်ယောက် ရှိလာသည်က သူ့အတွက် အတော်လေးကောင်းသည်။ ကလေးမလေးသည် ပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်ပစ္စည်းများကို ကိုင်တွယ်ပုံနှင့် သိပ်မရင်းနှီးရှာပေ။ ထို့ကြောင့် ဟင်းပွဲအနှစ်သာရ၏ အသုံးဝင်မှုကို သူမ အာမခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ သူမ၏ အရန်ကုထုံး အကျိုးသက်ရောက်မှုသည် အတော်လေး ဖြစ်ကတတ်ဆန်း ဖြစ်သော်လည်း အရသာကို ထူးထူးခြားခြား ကောင်းမွန်အောင် လုပ်ထားသောကြောင့် အခြေခံအားဖြင့် စား၍ကောင်းသည်။ဆက်ပြီး ကြိုးစားအားထုတ်ခြင်းဖြင့် ထိုဦးတည်ချက်ကို တိုးတက်စေနိုင်သည်။ သူကသာ ဆက်ပြီး လမ်းညွှန်ပေးပါက၊ အရန်ကုထုံး၏ အကျိုးသက်ရောက်မှုကို မြှင့်တင်ရန် သူမအတွက် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။


ထို့အပြင် ချိုက်ယူဟုန် သည် သူမ၏ ဖြည့်စွက်စာမှာ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအတွက် အဘယ်ကြောင့် အထူးထိရောက်ရသည်ကို မသိပေ။


လက်တွေ့တွင် သူမပြုလုပ်ခဲ့သော ဖြည့်စွက်စာသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများအတွက်လည်း အထူးအသုံးဝင်ပါမည်လား....


ထို့အပြင်၊ လင်းယောင်ယောင် ပြုလုပ်သော ရှေးတရုတ်အစားအစာအချို့သည် Star Network တွင်မျှဝေထားသော ချက်ပြုတ်နည်းများမှဖြစ်သော်လည်း၊ သူမ၏နည်းလမ်းသည် အခြား ချက်ပြုတ်နည်းများနှင့်အနည်းငယ်ကွာခြားဆဲဖြစ်သည်။ ထို့အပြင်၊ သူမ၏ စစ်ရေး လေ့ကျင့်မှဗီဒီယိုမှတစ်ဆင့် သူမ၏ ဟင်းချက်နည်းသည် အလွန်ပေါ့ပေါ့ပါးပါးနှင့် free style ဖြစ်နေကြောင်း သူ မြင်တွေ့ရသည်။ မထင်မှတ်ထားသော ဟင်းအမယ် ပေါင်းစပ်မှုများရှိသော်လည်း နောက်ဆုံးအရသာမှာ အလွန်ကောင်းမွန်သည်။


ထိုကလေးမလေးသည် ရတနာသိုက်တစ်ခုလိုပင်။ မရေမတွက်နိုင်သည့် လျှို့ဝှက်ချက်တွေကို တူးဖော်နိုင်၏။ စစ်တပ်မိသားစုခေါင်းဆောင် လင်း မိသားစု၏ မွေးစားသမီး ဖြစ်သော သူမ၏ အလွန်ခိုင်မာသော နောက်ခံကြောင့်သာ မဟုတ်ပါက၊သူ ချက်ချင်း သူမကို တပည့် ခန့်အပ်လိုက်မည်သာ။ သူမလိုမျိုး ပျိုးပင်ကောင်း တစ်ပင်ကို အမြန်ရလေလေ၊သူ့အတွက် အကျိုးအမြတ် များလေလေပင်။


"ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲကို သူ မစောင့်နိုင်တော့‌ေပ။သူမ၏ အစားအသောက် ပြုပြင်သည့် နည်းလမ်းများကို လေ့လာပြီး သူတို့၏ အရည်အချင်းနှင့်အညီ ကျောင်းသားများကို သူကိုယ်တိုင် သင်ကြားပေးချင်တာဖြစ်သည်။


ရှေးခေတ်တရုတ်ဟင်းပွဲများ၏ လှည့်ကွက်ကို တစ်ချက်နှစ်ချက်လောက်မျှ လေ့လာနိုင်လျှင်လည်း...အဟွတ်...အဟွတ် သူမလောက်တော့ ပိုကောင်းမှာ မဟုတ်ပေ။


သေချာသည်က သူသည် ကလေးမလေး၏ သဘောတူညီချက်ကို အရင်တောင်းရမှာ ဖြစ်သည်။ပြီးလျှင်၊ သူ၏ စားချင်စိတ်ကြောင့်လည်း ဆက်ပြီးကြိုးစားမည်ဖြစ်သည်။သူသည် ဤရက်ပိုင်း ကြယ်ငါးပွင့် စားသောက်ဆိုင်များက စားဖိုမှူးများ လုပ်ထားသည့် အစားအသောက်တွေ အများကြီးစားကြည့်သည်။ တချို့က အရသာကောင်းသော်လည်း ဤကလေးမလေးလုပ်ထားသလို အိမ်ချက်ဟင်းဆိုသည့်ခံစားချက်မျိုး မရရှိပေ။ သူကိုယ်တိုင်လုပ်ထားသည့် ဖြည့်စွက်စာများတောင်မှ အကောင်းဆုံး ဖြည့်စွက်အာနိသင်ကို ရသော်လည်း "အရသာမရှိ" ဖြစ်နေ၏။


အဘိုးကြီး ချိုက် သည် "ရှေးတရုတ်အစားအစာ အရန်ကုထုံးပညာရှင်" လင်းယောင်ယောင် ကို မှီခိုအားထားနေရသည်။ သူမသည် နောင်တစ်ချိန်တွင်၊ အဆင့်နိမ့်အစားအစာ အရန်ကုထုံးပညာရှင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူမက သူ့ထက်တောင် အဆင့်မြင့်သွားနိုင်သည်။


ချိုက်ယူဟုန် သည် လင်းယောင်ယောင် က သူ၏ တပည့်ဖြစ်လာနိုင်ခြေရှိသည်ဟု ခံစားနေရချိန်မှာ... လင်းယောင်ယောင် က တစ်ချက် သမ်းဝေလိုက်ပြီး..


"အိုး...ကိုယ့်ဘာသာ လေ့လာရတာပဲ ကောင်းပါတယ်... ဟုတ်ပါတယ်၊ သိက္ခာရှိတဲ့ ဆရာတစ်ယောက်အနေနဲ့၊ ဖြည့်စွက်ကုထုံးအတွက် ဦးလေး လုပ်ထားတဲ့ အစားအစာက ကျွန်မလုပ်ထားတဲ့ အစားအစာလောက် ကောင်းမှာမဟုတ်ပါဘူး... ဆေးဝါးပညာဆိုင်ရာဘက်ကနေ ပြန်ကြည့်မယ်ဆိုရင်လည်း ကျွန်မရဲ့အမေက ကျွမ်းကျင်အဆင့် ဆေးဝါး ဖြည့်စွက်ကုထုံးဆရာ တစ်ယောက်ပါ...အထူးသဖြင့် ဆရာတစ်ယောက်ကို ကျွန်မ ကိုးကွယ်နေဖို့မလိုပါဘူး...ကျွန်မ ချက်ထားတဲ့ဟင်းပွဲတွေကို စားချင်ရင် ထောင်ရှီပလက်ဖောင်းကနေ ဝယ်လိုက်ပါနော်"


စကားပြောပြီးနောက် သူမက သူ့ကို နှင်ထုတ်သလိုမျိုး meetingကို ချပစ်ရန် ခလုတ်ကို နှိပ်ဟန်ပြုလိုက်သည်။ ချိုက်ယူဟုန် အံ့သြသွားသည်။


"မင်း... မင်း... ငါ့အတွင်းတပည့်ဖြစ်ဖို့ လူဘယ်လောက်က အသနားခံနေကြလဲဆိုတာ မင်းသိလား"


ထိုမိန်းကလေးက ကျေးဇူးသိတတ်သူ မဟုတ်ပေ။


တစ်ကယ်ပဲ သူ့ကို တွန်းထုတ်လိုက်တာလား... ဒေါသထွက်စရာကောင်းလိုက်တာ...


သူမ ခေါင်းကို ငုံ့ထားပြီး သူ့ကို လိမ္မာပါးနပ်စွာ ကြည့်နေသည် ။


"အစားအသောက် ဖြည့်စွက်စာ ကုထုံးတွေအကြောင်း ကိုယ့်ဘာသာလေ့လာတဲ့အခါ လိုချင်သလောက် သင်ယူလို့ရတယ်...ကျောင်းက ဆရာဆီက သင်ရရုံနဲ့ လုံလောက်တယ်...ဂရိတ်မာစတာကြီးဖြစ်ဖို့ ကျွန်မ ဘယ်တော့မှ မစဉ်းစားဖူးဘူး... နောက်ပြီး ဦးလေးလို မာစတာအဆင့် စားနပ်ရိက္ခာ လက်ထောက်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်...ကျွန်မအတွက် အဆင်ပြေပါတယ်"


လင်းယောင်ယောင် သည် စနစ်မှ သတ်မှတ်ထားသော ပုံသေမျက်နှာထားဖြစ်နေ၍ ချိုက်ယူဟုန် သည် သူမ၏ မျက်နှာအစစ်ကို တွေးကြည့်မိပြန်သည်။ တောရိုင်းထဲမှာ စစ်ရေးလေ့ကျင့်နေသည့်ဗီဒီယိုထဲတွင်၊ ချောမောလှပသော ကလေးမလေးသည် သေးသွယ်ပါးလျသည်။ သို့သော်လည်း သူမသည် ဘုရင်မကဲ့သို့ ထူးခြားသောစွမ်းရည်များနှင့် ခွန်အားများရှိကြသည့် တိုက်ခိုက်ရေးသမား ၃ဦးကို အမိန့်ပေးပြီး လိုရာခိုင်းစေနိုင်သည်။


သို့သော်လည်း သူမ၏ ဆရာကြီးလိုလိုပုံက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ချိုက်ယူဟုန် သည် သူ့မျက်နှာမှ မရှိသော ချွေးများကို မရရအောင် သုတ်လိုက်သည်။ သူမက မြေခွေးမလေးတစ်ကောင် ဖြစ်နေ၍ သူ၏ ကြည်လင်နေသော စိတ်ထားများချက်ချင်း ပျောက်ကွယ်သွားသည်။ သူ Meeting မပြီးစေရန်အတွက် အလျင်စလို သူမကိုပြောလိုက်၏။


"မင်း ငါ့အတွက် ဟင်းချက်ပေးမလား...မဟုတ်ဘူး...မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်ဖြစ်လာနိုင်မလား"


လင်းယောင်ယောင် သည် ချိုက်ယူဟုန်က ထိုသို့ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။သူမ လိုချင်သည့်ပန်းတိုင်က အလွယ်ကလေးနှင့် ရောက်သွားလေပြီ။သူမ စိတ်ဖိစီးနေပုံဖြင့် ပြန်ပြောလိုက်သည်။


"ကြည့်ရအောင်...ကျွန်မက ဘာအတွင်းတပည့်မှ မလုပ်ချင်ဘူး... သာမာန်တပည့်ပဲ ဖြစ်ချင်တယ်...ဦးလေးက ကျွန်မ အတွက် သုံးခါ မဟုတ်သေးဘူး... ဆယ်ခါ ချက်ပြရမယ်...အဲ့ဒါဆို ဦးလေးမှာ ကျွန်မရဲ့ ကိုယ်ပိုင် ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မှီသလားဆိုတာကို ကြည့်ကြည့်မယ်လေ"


ချိုက်ယူဟုန်- '.. ဒေါသထွက်စရာ ကောင်းလိုက်တာ'


သူ့ မျက်နှာက နီမြန်းလာပြီး ဒေါသပေါက်ကွဲတော့မည်ကို မြင်သောအခါ လင်းယောင်ယောင် က end ခလုတ်ကို မနှိပ်တော့ပေ။


"ဟေး စိတ်မဆိုးပါနဲ့ မစ္စတာ ချိုက်၊ကျွန်မ ဦးလေးကို နောက်နေတာပါ...ကျွန်မလို စားဖိုမှူးအချောလေးက ဦးလေးရဲ့ အလုပ်သင်ဖြစ်ဖို့အတွက် အတင်းကြိုးစားဖို့ စိတ်မပါသေးပါဘူး... ခဏစောင့်ပါဦး... "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲမှာ ပထမနေရာရတဲ့အထိ ကျွန်မကို စောင့်....အဲ့ဒီအခါကျရင် ဦးလေးကို ဆရာတင်ပါ့မယ်....ဦးလေးကလည်း ကျွန်မကလွဲပြီး တခြားတပည့်တွေကို လက်ခံခွင့်မရှိတော့ဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မကို ဒီနှစ်ပဲ သင်ပေးရမယ်...ကျွန်မကို သင်ပေးဖို့ ဦးလေးရဲ့ လက်ထောက် ဒါမှမဟုတ် အကြီးတန်းကျောင်းသားစီနီယာနဲ့သာ လွှဲထားရင် ကျွန်မ မလုပ်ချင်တော့ဘူးဆိုတာ အခုကတည်းက ပြောပါရစေ...သာမန်စားဖိူမှူးတွေလို ဦးလေးလိုမာစတာကြီးကို တခြားတပည့်တွေအများကြီးက ဝိုင်းလုနေကြတာကို ကျွန်မ မကြိုက်ဘူး"




xxxxxx

Ei Thet Hmue