အခန်း ၃၇
Viewers 8k

Chapter 37

(လင်းယောင်ယောင်၏ ဒေါသ)



အချိန်အတော်ကြာပြီးနောက်၊ လင်းရွှမ် အခန်းမှ ထွက်လာခဲ့သည်။ နံနက်တစ်နာရီခန့်ရှိသော်ငြား လွန်ခဲ့သည့် နာရီအနည်းငယ်က သူနှင့် အတူသောက်နေသော ချန်ပင်း၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ လက်ထောက်တစ်ဦးအနေဖြင့် ချန်ပင်း ၏ ဆက်သွယ်ရေးလိုင်းသည် တစ်နေ့လျှင် ၂၄ နာရီလုံးလုံး ဖွင့်ထားရမည်ဖြစ်သည်။ ချန်ပင်း က အိပ်ငိုက်သောအသံဖြင့် ဖုန်းကိုပြန်ပြောလာသည်။


"ဟာ...ဆရာကလည်း ကျွန်တော် မနက် 4 နာရီမှာ အိပ်ရာထရမယ်... အလုပ်ကောင်းကောင်းမလုပ်တဲ့ ဆရာ့ရဲ့နေရာမှာ အစားထိုးလုပ်ဖို့ တော်တော်ကြိုးစားရဦးမှာ... X-312 ကြယ်ကို ကောင်မလေးကို ခေါ်သွားလိုက်တော့လေ....ဆရာ သူမကို ချစ်နေတာမဟုတ်လား... ပျော့ညံ့မနေပါနဲ့...အဲ့ဒီကြယ်ကိုသာ တည့်တည့်သွားလိုက်ပါ...လွယ်ပါတယ်"


လင်းရွှမ် ၏ အသံသည် အေးစက်ပြီး ကြည်လင်နေသဖြင့် မူးနေသည့်အသံတစ်စက်မှ ပေါက်မနေပေ။


"ငါ တစ်ယောက်တည်း X-312 ကြယ်ကို သွားမယ်...မင်း လိုက်လာဖို့ မလိုဘူး"


ချန်ပင်း: "ဟား...ဆရာကလည်း ဘာဖြစ်ပြန်တာလဲ"

လင်းရွှမ် ၏ အသံသည် လျှို့ဝှက်သော ဒေါသနှင့် မာနကို အရိပ်အမြွက် သယ်ဆောင်လာပြီ ဖြစ်သည်။


"ငါသူမကိုနမ်းလိုက်တယ်..."


ချန်ပင်း လန့်သွားပြီး အိပ်နေရာမှ ဆတ်ကနဲ ထလိုက်သည်။


"သေစမ်း…ကျွန်တော် ဆရာ့ကို ညတုန်းက ပြောထားတယ်လေ...လုပ်လိုက်ပါဆိုတာကို...နေပါဦး.... ညသန်းခေါင်ကျော်နေပြီ၊ ဆရာက ကောင်မလေးရဲ့ အိမ်ထဲခိုးဝင်ပြီး ဖြစ်ခဲ့ကြတာလား....အဲ့ဒါကြောင့် အခု ထွက်ပြေးဖို့ကြိုးစားနေတာလား"


"ဟင့်အင်း...ငါနမ်းပြီးသွားတော့ အိပ်လို့မရဘူး...အိမ်မှာနေရမှာ ငါကြောက်တယ်... ငါ ဒီထက်ပိုလုပ်ချင်ပေမယ့် စိတ်ကမပိုင်းဖြတ်နိုင်ဘူး ဖြစ်နေတယ်... စဉ်းစားဖို့ အချိန်တစ်ခုတော့ ထားရမယ်... သေသေချာချာ ဖြည်းဖြည်းချင်း ပြန်လုပ်ရမယ်လေ"

ချန်ပင်း မယုံနိုင်ဖြစ်သွားသည်။ လွန်ခဲ့သည့် နာရီအနည်းငယ်က အသက်မဲ့သောအမူအရာဖြင့် "ငါချစ်မိသွားပြီ" ဟု ပြောခဲ့ဖူးသည့် လင်းရွှမ် က ယခုလို ပျော့ညံ့သူ မဟုတ်ပေ။ အရက်သောက်နေစဉ်က မိုက်ရူးရဲဆန်နေ‌ေသာကြောင့် ယခုလို ပြောလာလိမ့်မည် မထင်ထားပေ။ထို့နောက် ဆက်သွယ်ရေးကိရိယာကို ချပြီးနောက်၊ သူ့ကုတင်ပေါ်တွင် ပြန်အိပ်နေခဲ့သည်။ ခဏအကြာတွင် ပြဿနာကို သူနားလည်လာသည်။လင်းရွှမ်စကားထဲမှာ "အိမ်"ဟု သေချာပေါက်ပါနေသည် ။


'သေရော...သူ့အိမ်...ဒါဆို... သူ့ညီမလေးက သူပြောပြောနေတဲ့ သူကြိုက်နေတဲ့ကောင်မလေးလား'


နောက်ဆုံးတွင် အမြဲတမ်း ရက်စက်ကြမ်းကြုတ်ပြီး ပြတ်ပြတ်သားသား ပြတ်ပြတ်သားသား လုပ်ခဲ့သော သူ၏ ဆရာသည် "ချစ်တယ်" ဟူသော စကားလုံးကို အချိန်အတော်ကြာအောင် မပြောရဲသည့်အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားသည်။သူသည် သူမအား ညီမတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ခဲ့သော်လည်း ရုတ်တရက် ဇနီးက‌လေးတစ်ယောက်ဖြစ်လာစေချင်နေတာ ဖြစ်သည်။


နောက်တစ်နေ့တွင် လင်းယောင်ယောင် နိုးလာသောအခါတွင် သူမသည် သူ့အခန်းထဲရှိ ရင်းနှီးပြီးသား ကုတင်ကြီးပေါ်တွင် အိပ်ပျော်နေသည်ကို သိလိုက်ရသည်။ သူမ မျက်လုံးဖွင့်လိုက်သောအခါတွင် မနေ့ညက ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုကို ပြန်လည်အမှတ်ရသွား၏။ သို့သော် သူမ၏ နှုတ်ခမ်းဆီက နာကျင်မှုအနည်းငယ် နှင့် ခေါင်းအုံးဘေးမှ မနေ့ညက ဝတ်ခဲ့သည့် ပန်းရောင်အပေါ်ထပ် အကျီင်္လေးကို သတိထားမိသွားသည်။


ဒါဘာကိုဆိုလိုတာလဲ...သေစမ်း...


ချစ်စရာဂျာကင်အင်္ကျီပေါ်တွင် ရင်းနှီးသော အနက်ရောင်သေတ္တာတစ်ခုရှိသော်လည်း အတွင်းထဲ၌အလွတ်ဖြစ်နေသည်။ သူမ အလိုလို နားရွက်ကို ထိကြည့်လိုက်ရာ မနေ့ညက သူမ သေချာပေါက် ချွတ်ထားခဲ့သော လပန်းပွင့်နားကပ်ကို တွေ့လိုက်ရသည်။ယခင်ကစိတ်နှင့်ဆိုလျှင် လင်းရွှမ် လူမှားသွားသည်ဟု တွေးကြည့်နိုင်သေးသည်။သို့သော်၊ အခုချိန်မှာတော့ သူမကိုယ်သူမ လှည့်စား၍ မရတော့‌ေပ။ သူမသည် ဆက်သွယ်ရေးကိရိယာကို အမှတ်တမဲ့ ဖွင့်လိုက်လျှင် "အစ်ကိုကြီး"ထံမှ မက်ဆေ့ချ် တစ်ခုကြားလိုက်ရသည်။


"နားကပ်ကို ချွတ်ခွင့်မပြုဘူးနော်… Biying အသီးကိုလည်း စားဖို့ မမေ့နဲ့နော်...မဟုတ်ရင်ကတော့...."


ထိုမပြီးပြတ်သေးသော စကားက ကြောက်မက်ဖွယ်အကောင်းဆုံး ခြိမ်းခြောက်မှုဖြစ်သည်။ လင်းရွှမ် ကို သူမ အစ်ကိုကြီးဟု ခေါ်ခဲ့သည်။ သူသည် သူမကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခဲ့သော လူသားဖြစ်သည်။သို့သော်လည်း၊သူကမူ သူမအတွက် ထို အတွေးမျိုး တစ်ကယ်ပင် ရှိနေခဲ့သည်။


လင်းယောင်ယောင် မျက်နှာကို အုပ်ကာ ငိုကြွေးလိုက်သည်။ သူမ ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက်ပြိုကျသွားသလို ခံစားရနေသည်။


သူမ ဘာလုပ်သင့်လဲ...


လင်းယောင်ယောင် သည် လင်းရွှမ် ကို မမုန်းမိပေ။ သူ့ကို ချစ်သည်ဟုတောင် ပြော၍ရသော်လည်း အစ်ကိုကြီးတစ်ယောက်ထက်မပိုပေ။ သို့သော်၊ သူမတွေးထားသလိုမျိုး သူက ညီမလေးတစ်ယောက်လို မဆက်ဆံခဲ့ပေ။ မနေ့ညက သူမကို နတ်ဆိုးနှင့်တူသည့်လူက လွှမ်းမိုးချုပ်ကိုင်ပြီး နမ်းခဲ့သည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ နမ်းပြီး သူ့နာမည်ကို အတင်းခေါ်ခိုင်းခဲ့သည်။ သူမ၏ ချစ်စဖွယ်အပေါ်ထပ်အင်္ကျီကိုပါ ချွတ်ပြီး ခေါင်းအုံးဘေးမှာ ချထားသေး၏။ ရက်စက်လွန်းသည့် သူ့ကို သူမ လုံးဝလက်မခံနိုင်ပေ။ သူမ သူ၏အရာရှိများအဆောင်ကို သွားစဉ်က


"မင်း ငါနဲ့နေမယ်ဆိုရင် တန်ကြေးပေးရမယ်.. နောက်မှ နောင်တမရနဲ့"


ထိုစဉ်က ရူးမိုက်သူ သူမသည် သူဘာကိုဆိုလိုမှန်း မသိခဲ့ချေ။ မကြာသေးမီက သူမ အစ်ကိုကို အမည်မသိ "နတ်သမီးလေး" က လုသွားတော့မှာကို သူမ စိုးရိမ်နေသေးသည်။သို့သော်၊ သူ့ကို ရည်းစားထားခွင့်ပေးမည်ဟု သူမ ပြောခဲ့သေးသည်။ 012 က "မင်းရဲ့ပိုင်ရှင်က မင်းကို နမ်းသလိုပဲ" ဟု ပြောလာစဉ်ကလည်း သူမ တခြားအတွေးမျိုးမတွေးခဲ့ဘဲ လင်းရွှမ် ပါးကိုတောင် စနမ်းခဲ့ဖူး၏။ မနေ့က စစ်သင်္ဘောပေါ်တွင်လည်း သူ့လုပ်ရပ်ကို သူမ လုံးဝနားမလည်နိုင်ခဲ့ပေ။


ဝေ့ယွမ်ကို သူမ ကြိုက်တယ်ဆိုရင်တောင်မှ သူက ဘာလို့ ဒေါသထွက်နေတာလဲ...


အနီရောင်လပန်းပွင့်က ဘာကိုဆိုလိုမှန်း သူမ သိပြီးနောက်တွင် တစ်စုံတစ်ခု မှားနေပြီဟု ခံစားလိုက်ရသော်လည်း သူ့အတွက် ကာကွယ်ပြီးအကြောင်းပြချက်များ ပေးနေမိသည်။ ယခု သူမ ဤအရာအားလုံးကို ပြန်သတိရသောအခါတွင်၊ သူမ တစ်ကယ် နုံအ,လွန်းသည်ဟုသာ ခံစားရသည်။ သူမကို အရူးတစ်ယောက်လိုပင် သူက လှည့်ပတ်ကစားနေခဲ့သည်။


သူမ ပိုပိုပြီး စိတ်ဓာတ်ကျသည့်အရာက လင်းရွှမ်၏ အကြွင်းမဲ့ ခွန်အားတွေရှေ့မှာ၊ သူမ ခုခံနိုင်စွမ်းမရှိခဲ့ခြင်းကိုပင်။ သူမက သူ့ကို အယုံကြည်ရဆုံး အစ်ကိုကြီးအဖြစ် မှတ်ယူထားသော်လည်း သူကမူ ဤကဲ့သို့ ဆက်ဆံခဲ့သည်။


ကောင်စုတ်....


လင်းယောင်ယောင် ဒေါသပိုထွက်လာပြီး လပန်းပွင့်နားကပ်ကိုလည်း ချက်ချင်း ဖြုတ်ပစ်လိုက်သည်။ သူ့နာမည်ကိုခေါ်ဖို့ အတင်းအကြပ် ခိုင်းစေခံရခြင်းသည် သူမအား ဒေါသနှင့် အရှက်တို့ကမ်းကုန်သွားစေ၏။


သို့ရာတွင်၊လင်းယောင်ယောင် သည် ယခုထိ လင်းရွှမ်ကို အဘယ်ကြောင့် မမုန်းတီးရသလဲဟု ယခုထိ မတွေးမိသေးပါချေ။


ပြတင်းပေါက်မှ နေရောင်အောက်တွင် 012 သည် သွေးစပျစ်နွယ်ပင်ကို ဆန့်ထုတ်လိုက်သည်။ 012 သည် သူ၏ ဝှက်ထားသော စက်ကိရိယာများနှင့် ချိန်ညှိနိုင်သော အမြင့်စပရိန်များပါရှိသော နည်းပညာမြင့် ပန်းအိုးကို တွန်းလိုက်ကာ သူ့ကိုယ်သူ ဆေးကြောရန် ရေချိုးခန်းသို့သွားလိုက်သည်။ထို့နောက် လူသားများလုပ်သလို မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်လိုက်၏။ 012 သည် သင်ယူမှုအားကောင်းသော ကလေးဖြစ်သည်။ ထို့နောက် သူ့ပန်းအိုးကို ပိုင်ရှင် လင်းယောင်ယောင်ဆီ တွန်းလိုက်သည်။


" မင်္ဂလာနံနက်ခင်းပါ....‌နေကမြင့်နေပြီ…သခင်မလေး မထသေးဘူးလား...ကလေး ဗိုက်ဆာနေပြီ"


နောက်ဆုံးတွင် လင်းယောင်ယောင်သည် ဒေါသဖြစ်နေသည့် ကိစ္စများကို လစ်လျူရှုလိုက်ရတော့သည်။ ထို့နောက် သူမ ပြုံးလိုက်ပြီး 012 ၏ အရွက်များကို လှမ်းကိုင်လိုက်သည်။ အစားအစာတွင် အထူးကြွယ်ဝသော စွမ်းအင် သို့မဟုတ် ဝိညာဉ်စွမ်းအားပါသော ဖြည့်စွက်အစာများကို ဂြိုလ်သားအပင်များကို ကျွေးရပြီး သာမာန်အစားအစာဆိုလျှင် သူတို့အဆင့်ကို မြှင့်တင်ရန် ခက်ခဲသည်။ ထို့ကြောင့် 012အတွက် ဖြည့်စွက်အစားအစာများပြုလုပ်ရန် သူမ အာရုံစိုက်သင့်သည်။ ထို့ကြောင့် သူမကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားသော လူယုတ်မာကို ဒေါသထွက်နေဖို့ အချိန်မရှိတော့ပေ။


ထို့နောက် လင်းယောင်ယောင် သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများအဖြစ် ပြောင်းလဲဝတ်ဆင်ခဲ့သည်။ နောက်ဆို အိမ်တွင်ရှိနေခိုက် ညအိပ်ဝတ်စုံကို ဘယ်တော့မှ မဝတ်ရဲတော့ပေ။ သူမ၏ ညအိပ်ဝတ်စုံက ချစ်စရာကောင်းသော်လည်း ယခုတော့... မလုံခြုံတော့။


မနက်၉နာရီ ထိုးနေပြီဖြစ်သည်။


လင်းထျန်းယွဲ့ သည် အစည်းအဝေးတစ်ခုအတွက် စစ်ဌာနချုပ်သို့သွားခဲ့ပြီး ရှန်းယွင်ကျင်း သည် သူမ အကြိုက်ဆုံးဒရာမာကို ရုပ်မြင်သံကြားခန်းမတွင် ကြည့်နေသည်။ သူတို့နှစ်ယောက်လုံး မနက်စာ စားပြီးကြပြီဖြစ်၏။


ရေခဲသေတ္တာထဲမှာ ဟင်းချက်ဖို့ပစ္စည်းများ အများကြီးရှိ‌ေသာကြောင့် လင်းယောင်ယောင် သည် တွေ့ကရာကောက်ဆွဲလိုက်သည်။ ထို့နောက် ရိုးရှင်းပြီး လုပ်ရအဆင်ပြေသည့် ခရမ်းချဉ်သီး၊ ကြက်ဥနှင့် ဟင်းရွက်ခေါက်ဆွဲကို ပြုလုပ်ဖို့ စီစဉ်နေသည်။ ၎င်းတို့အနက်မှ ခရမ်းချဉ်သီးနှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များကိုမူ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ 012 သည် အသားစားဂြိုလ်သားအပင်ဖြစ်၍ သက်သတ်လွတ် မစားတတ်ပေ။ ထို့ကြောင့် သူမသည် steak ပြုလုပ်ရန် အမဲသားကို ငရုတ်ကောင်း အနည်းငယ် ဖြူးကာ ကင်ရမည်ဖြစ်ပြီး ခရမ်းချဉ်သီးဆော့စ်ကို ပြုလုပ်ရမည်ဖြစ်သည်။ Steak သည် အနောက်တိုင်းအစားအစာဖြစ်၍၊ ခရမ်းချဉ်သီးဆော့စ်လို ရိုးရိုးဟင်းခတ် ဆော့စ်မျိုးနှင့် တွဲစား၍မကောင်းပေ။သို့သော်လည်း၊ တစ်ခြားဆော့စ်များက ချက်ရခက်ပြီး အချိန်ကြာသည်။


012 ၏ အစားမက်ပုံကို ကြိုတင်တွေးကာ သူမသည် steakများစွာကို ပြုလုပ်ခဲ့သည်။ မိနစ်20အကြာတွင် အားလုံး အသင့်ဖြစ်နေလေပြီ။ မကြာမီ၊ ဟင်းနံ့များ သင်းလာသောကြောင့် ရှန်းယွင်ကျင်း သည် ရုပ်မြင်သံကြားခန်းမထဲမှ ထွက်လာပြီး ခရမ်းချဉ်သီး၊ ကြက်ဥနှင့် အစိမ်းရောင်ဟင်းရွက်များဖြင့် ပြုတ်ထားသော ခေါက်ဆွဲပန်းကန်လုံးကို ကြည့်လိုက်သည်။ထိုအခါ လင်းယောင်ယောင် အံ့ဩသွားပြီးမေးလိုက်သည်။


"အမေ...မနက်စာစားပြီးပြီ မဟုတ်လား"


ထိုအခါ ရှန်းယွင်ကျင်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။


"မနက်စာစားပြီးလည်း မစားရဘူးလား ....သမီးအမေက အရမ်းလှပြီးသား...ဝိတ်တက်လည်းပူစရာမလိုဘူး"


ထို့နောက် သူမသည် မီးဖိုချောင်ထဲသို့ပြန်သွားပြီး ရှန်းယွင်ကျင်း အတွက် နောက်ထပ်ပန်းကန်သေးသေးတစ်လုံးကို ထပ်ယူလိုက်ရသည်။ ထို့နောက် ကြက်ဥတစ်ဝက် ထမင်းတစ်ဝက်ထည့်ကာ ပေးလိုက်သောအခါ ရှန်းယွင်ကျင်းက တူကိုကိုင်လိုက်ပြီး


"ဒါဆိုလည်း အဆင်ပြေပါတယ်!"


သူမလည်း ကိုယ့်နေရာကိုယ်ထိုင်ပြီး စားရန်ပြင်လိုက်သောအခါ ရှန်းယွင်ကျင်း သည် သူမ ပန်းကန်လုံးထဲက ခေါက်ဆွဲများကို အကုန်ယူသွားလေတော့သည်။


လင်းယောင်ယောင် : "အမေ၊ မနေ့ကပြောတော့ သမီးက ပိန်နေတယ်ဆိုပြီး ပိုစားခိုင်းတယ်မဟုတ်လား"


ရှန်းယွင်ကျင်း ခေါက်ဆွဲကို စုပ်ယူလိုက်ပြီး ပြောလိုက်သည်။


"ခေါက်ဆွဲက ရိုးရိုးလေးနဲ့ အရသာက ဘယ်လိုဖြစ်လို့ ဒီလောက်ကောင်းနေတာလဲ…သမီးက ငယ်သေးတယ်ဆိုတော့ ချစ်သူရှာဖို့ ဘော်ဒီကို ပိန်ပိန်ပါးပါးလေးအတိုင်း ထိန်းထားရမယ် မသိဘူးလား...အမေ စားပေးမယ်"


သူမသာ မပိန်နေပါက လင်းရွှမ် ကြောက်သွားပြီး ကပ်ရဲမှာမဟုတ်တော့ပေ။ထို့ကြောင့်၊သူမသည် ရှိသမျှ ဟင်းများကို တစ်ထိုင်တည်းနှင့် ဝလာမှာလည်း တွေးပူမနေဘဲ အတင်းစားလိုက်သည်။


ရှန်းယွင်ကျင်း သည် ခေါက်ဆွဲများ ကုန်သွားသော်လည်း မကျေနပ်သေးဘဲ 012 ၏ ပန်းကန်ပြားပေါ်ရှိ ခရမ်းချဉ်သီးဆော့စ်နှင့် အကင်ကို လိုချင်တပ်မက်စွာ စိုက်ကြည့်နေသည်။


"012 ရဲ့ ပန်းအိုးက အရမ်းသေးနေတာမလား...အဲ့ဒီတော့ သူ ထွားလာရင် အိုးနဲ့ဆံ့တော့မှာမဟုတ်ဘူးလေ...အမေ ကူစားပေးလိုက်မယ်နော်"


ထို့နောက် သူမသည် အကြီးဆုံး steak ကို အမြန်ယူပြီး လှီးဖြတ်လိုက်သည်။ 012 သည် ပူလွန်းသောအစာများကို မစားနိုင်သဖြင့် အကင်များ အေးသည့်အထိ စောင့်နေရခြင်းဖြစ်သည်။ သွေးစပျစ်နွယ်ပင်ကလေးသည် အံ့အားသင့်သွားပြီး သူ့အသံက တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နေ၏။


"မင်း...မင်းအမေက မင်းရဲ့ပိုင်ရှင်ထက် ပိုကြောက်ဖို့ကောင်းတယ်... ကလေးရဲ့အစားကို လုစားသွားတယ်"


လင်းယောင်ယောင် ချောင်းတစ်ချက်ဟန့်၍ ဝင်ပြောလိုက်ရသည်။


"အမေ...အရမ်းကြီး မစားနဲ့လေ... နေ့လယ်မှ အများကြီး ချက်ပေးမယ်လေ"


ချက်ချင်းပင် ရှန်းယွင်ကျင်း အနည်းငယ်ငြိမ်ကျသွားပြီး သူမ ပါးစပ်ထောင့်ကို တစ်ရှုးနှင့် သပ်သပ်ရပ်ရပ် သုတ်လိုက်ပြီး ပြောလာသည်။


"အမေက သမီးလုပ်ထားတဲ့ ဖြည့်စွက်စာတွေရဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုတုန်းဆိုတာ မြည်းကြည့်တာပါကွယ်"


ဖြည့်စွက်အစားအစာများသည် အရန်ကုထုံး ပညာရှင်များအပေါ် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများလည်းရှိသည်။


'ဒါပေမယ့် ပြဿနာက... အမေ မနက်က တီဗီရှိုးတစ်ခုကိုပဲ အသာထိုင်ကြည့်နေခဲ့တာလေ....အခန်းထဲကတောင် ထွက်မလာပဲနဲ့'


ထို့ကြောင့် လင်းယောင်ယောင် သည် မီးဖိုချောင်သို့ ပြန်သွားပြီး သရေစာများနှင့် သစ်သီးလက်ဖက်ရည်အချို့ကို စတင်ပြင်ဆင်ရတော့သည်။ အသီးအနှံများကိုလည်း စိတ်ပိုင်းဆိုင်ရာအစွမ်းဖြင့် ပြုပြင်ပြီး လက်ဖက်ရည် လုပ်လိုက်သည်။ထိုအစားအစာများက အရိုးရှင်းဆုံး ဖြည့်စွက်စာဖြစ်သည်။ဘယ်ဟင်းမျိုးကိုမဆို၊အချိုးအဆညီညီ ပြုလုပ်ထားသရွေ့ အရသာဆိုးလာမှာမဟုတ်ပေ။ထို့နောက် ပျားရည်စပျစ်သီးလက်ဖက်ရည်ကို ပြုလုပ်ခဲ့ပြီး ချောကလက်၊ မိုးခါးနှင့် စတော်ဘယ်ရီခြောက်များဖြင့် ကွတ်ကီးအချို့ ဖုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် နေ့လယ်စာအတွက် ဘဲအိုသားစွပ်ပြုတ်ကို စတင်ချက်ပြုတ်လိုက်သည်။ဘဲအိုသားဖြစ်၍ ကျက်ဖို့ အချိန်အနည်းငယ်ကြာတတ်သည်။


ရှန်းယွင်ကျင်း သည် TV မကြည့်တော့ဘဲ သူမအနားမှာတဝဲလည်လည်လုပ်နေကာ မုန့်လုပ်နေသည်ကိုကြည့်ပြီး မေးနေသည်။


"အမေ၊အဖေ့အတွက် ဟင်းချက်လေးဘာလေးမသင်ချင်ဘူးလား"


ထိုအခါ သူမက အနည်းငယ် ရှက်ဝဲဝဲဖြင့် ပြန်ပြောလေသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မီးဖိုချောင်ထဲဝင်သွားတိုင်း အမေက မီးဖိုချောင်သုံးပစ္စည်းတွေကို ဖျက်ဆီးပစ်လိုက်တာချည်းပဲ…တစ်ခါတလေ မီးဖိုချောင်ကြီးတစ်ခုလုံး မီးခိုးတွေ ပြည့်လို့... အဲ့ဒါကြောင့် သမီး အဖေက အမေ့ကို မချက်ခိုင်းတာ…အမေ ထမင်းချက်ရင်တဲ့...သူကတဲ့"


'သူက အမေ့ကိုနောက်တစ်နေ့ကျ အခန်းထဲက မထွက်နိုင်အောင် လုပ်မယ်တဲ့'


ရှန်းယွင်ကျင်း ဆုံးအောင်မပြောမီ ကပျာကယာ ရပ်ထားလိုက်သည်။ လင်မယားကြားက ပရောပရီလုပ်သည့် စကားလုံးများသည် သမီးဖြစ်သူအတွက် မသင့်တော်ပေ။သမီးဖြစ်သူက ကြောင်ပြီးကြည့်နေသည်ကို မြင်တော့ သူမ အမြန်ပင် ပြောလိုက်သည်။


"အမေက အိမ်ရှင်မတစ်ယောက်အနေနဲ့ အရည်အချင်းမပြည့်မီဘူးဆိုတာ ရုတ်တရက်သိလိုက်ရတယ်...သမီး အဖေနဲ့ တစ်ချိန်လုံး အတူရှိခဲ့ကြပေမယ့် အမေက သူ့ကို ရွှမ်လေးက သမီးကို ဂရုစိုက်သလောက်တောင် မစိုက်ခဲ့ပါဘူး"


သူမသည် သမီးဖြစ်သူနှင့် ရင်းနှီးဖို့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်မထားလျှင် ဝေ့ မိသားစုမှ လူတွေက သူမတို့အိမ်တံခါးဝသို့ ရောက်လာမှာ ကြောက်နေမိသည်။ ဝေ့ မိသားစုကို တစ်ချိန်ချိန်မှာ တွေ့ရမည်ကတော့အမှန်ပင်။အချိန်ကြာလာသည်နှင့်အမျှ သူမ၏ သမီးသည် လင်း မိသားစုနှင့် အမှန်တကယ် ဆက်ဆံရေးရှိတော့မှာမဟုတ်ပေ။ မနေ့ညက၊သူမသည် လင်းထျန်းယွဲ့ နှင့် ပိုမိုသေချာအောင် ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးပြီးနောက် ဝေ့မိသားစုက သူမတို့ဆီ အတင်းဝင်လာမည်ကို မကြောက်ဖို့ အချင်းချင်းအားပေးကြသော်လည်း ဝေ့မိသားစုသည် "နွေးထွေးသောမိသားစု" ဟူသည့်ဝှက်ဖဲအား ကိုင်ဆောင်မှာကို စိုးရိမ်ခဲ့ကြသည်။ ဝေ့ယွမ်သည် ယောင်ယောင် ကို သိပ်အနီးကပ် မဆက်ဆံသလို၊ သူမကို ဖိအားလည်း မပေးပေ။ သို့သော်၊ဝေ့ မိသားစုအတွက် တစ်ခုခု လုပ်ပေးရန် ယောင်ယောင် ကို ခွင့်တောင်းထားသည်။


"သမီးရဲ့အစ်ကိုက အစကတော့ ဒီတာဝန်တွေကို မယူချင်တော့ဘူးလေး၊ဘာလေးနဲ့ မနေ့ညကပဲ ရုတ်တရက် စိတ်ပြောင်းသွားတယ်ကွဲ့... မက်ဆေ့ချ်တစ်ခုပဲ ချန်ထားခဲ့တယ်...အဲ့ဒီ‌ေတာ့ အမေက ဝေ့မိသားစုနဲ့ သမီးအကြောင်းကို မပြောလိုက်ရဘူး.. သမီးရဲ့ မိသားစုအရင်းကို ဆက်နွယ်ပတ်သတ်လို့ရပေမယ့် သမီးအစ်ကိုနဲ့ ကင်းကွာလို့ မရဘူးနော်...ရွှမ်လေးက အစ်ကိုကောင်းတစ်ယောက်ဖြစ်ဖို့ အရမ်းကြိုးစားနေခဲ့တာမလား"


လင်းယောင်ယောင် ဝမ်းချုပ်နေသလိုမအီမသာ ခံစားလိုက်ရသည်။


' အမေ့သားက "အစ်ကိုကောင်း" ဖြစ်ချင်ရုံမကဘူး...ဒီ့ထက်ပါ ပိုချင်နေတာ'


ထိုကိစ္စနှင့်ပတ်သက်ပြီး အမေဖြစ်သူကို တိုင်ကြားချင်သော်လည်း ဘယ်ကနေစပြောရမှန်း မသိပေ။ ရှန်းယွင်ကျင်း သည် သူမအား သမီးအရင်းလို အမြဲဆက်ဆံခဲ့တာကြောင့် ထိုအကြောင်းပြောပြလျှင် သူမ လက်ခံမှာမဟုတ်ပေ။ထို့နောက် သူမကို တီးခေါက်ကြည့်လိုက်သည်။


"အမေ...အစ်ကိုကြီးရဲ့ ချစ်သူဆီက ဘာကို မျှော်လင့်ထားလဲ"


ရှန်းယွင်ကျင်း ခဏလောက်စဉ်းစားပြီး


"သူ ကြိုက်ရင်ရပါတယ်... ဘာပဲဖြစ်ဖြစ် သူက စကားနားထောင်မှာမှ မဟုတ်တာ...သမီးအစ်ကိုကြိုက်တဲ့မိန်းကလေးဆို မဆိုးလောက်ပါဘူး... ဟားဟား... အမှန်တော့ သူဘယ်သူ့ကိုမှ ကြိုက်မယ်ကို မထင်ဘူး"


သူမ ခံစားချက်များသည် အလွန်ရှုပ်ထွေးသွားရသည်။


'အမေ ကိုယ့်သားကိုယ်ကို အထင်ကြီးနေပြန်ပြီ....အမေ့ရဲ့ ယုန်လေးလိုဖြူစင်တဲ့သမီးလေးက အမေ့ရဲ့ သားဝံပုလွေလက်ထဲရောက်တော့မယ်ဆိုတာ အမေ မသိဘူးမလား'




xxxxxx

Ei Thet Hmue