အခန်း ၃၈
Viewers 8k

Chapter 38



နေ့လည်စာစားဖို့ လင်းထျန်းယွဲ့ ပြန်ရောက်မလာ‌ေသာကြောင့် လင်းယောင်ယောင် ဟင်းအများကြီးမချက်ဖြစ်ခဲ့ပေ။ ချိုချဉ်အရသာ ထင်းရှူးစေ့၊ တို့ဟူးနှင့် ဟင်းသီးဟင်းရွက် အကြော် တစ်မျိုးမျိူးကို ချက်ရန် စီစဉ်ထားသည်။သားအမိနှစ်ယောက် နေ့လည်စာစားခါနီးတွင် စမတ်ကျသောအိမ်ထိန်း အမ်ဘာ သည် ခြံအပြင်ဘက်တွင် ဧည့်သည်ရောက်လာကြောင်း သတင်းပို့လာသည်။ဧည့်သည်များစီးနင်းလာသော စစ်ဘက်ဆိုင်ရာအမြန်ယာဉ်ပေါ်တွင် ဆူးတပ်ဖွဲ့၏ သင်္ကေတတစ်ခုရှိကြောင်း ပြော‌လာသည်။


ရှန်းယွင်ကျင်း ၏နှလုံးသားသည် ရုတ်တရက် အခုန်မြန်လာရသည်။


'ချီးပဲ... ဝေ့မိသားစုရဲ့လူတွေက ဘယ်လိုဖြစ်လို့ မြန်မြန်လာရတာလဲ...သူတို့ ဝှက်ဖဲတွေကို ဘယ်လိုသိက္ခာရှိရှိကစားရမယ်ဆိုတာမသိသေးဘူးပဲ…'


ပုံမှန်အားဖြင့်၊လူတစ်ယောက်သည် အခြားသူတစ်ယောက်၏ အိမ်သို့ တရားဝင်လာရောက်လည်ပတ်ပါက၊ e-calling မက်ဆေ့ခ်ျကို ဦးစွာ ပို့ရမည်ဖြစ်သည်။


သို့သော် ရှန်းယွင်ကျင်း သည် ဧည့်သည်များကိုတွေ့သောအခါ၊ တရားဝင်လာလည်ခြင်းမဟုတ်ကြောင်း သူမ နားလည်လိုက်သည်။ ဧည့်သည်များမှာ ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့ဂျူနီယာ သုံးယောက်ဖြစ်သည်။ သူတို့အားလုံးသည် ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှုအတွင်း လင်းယောင်ယောင် နှင့်အချင်းချင်းရင်းနှီးကြသော အသင်းဖော်များဖြစ်သည်။ လင်းယောင်ယောင်သည် သာမာန်အားဖြင့် အိမ်တွင်နေရင်း ဆက်သွယ်ရေးကိရိယာများ ဝတ်ဆင်ခြင်းကို မကြိုက်ပေ။ ထို့ကြောင့်၊သူမကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်သော်လည်း မကြားသဖြင့် မကိုင်ရခြင်းဖြစ်သည်။


ထို့အပြင်၊ သူတို့ ယနေ့ ရောက်လာသည်က ကောင်းသည့်ကိစ္စဖြစ်သည်။ ဝေ့ယွမ် ၏ တစ်မိသားစုစာ တည်းခိုင်နိုင်ရန်အတွက် သင့်တော်သော အပန်းဖြေအိမ်၊ ယဲ့ရှီး ၏ S-အဆင့်မက်ခါ၊ ချောင်းမင်ယောင် ၏ တစ်နှစ်ပတ်လုံး သင်တန်းကာလ ကင်းလွတ်ခွင့်နှင့် လင်းယောင်ယောင် ၏ ပထမနှစ်အတွက် S-အဆင့် စာကြည့်တိုက် ခွင့်ပြုချက် ..စသည့် ပထမဆုများထုတ်၍ရပြီဖြစ်အကြောင်း လာပြောကြခြင်းဖြစ်သည်။ ထိုဆုများအားလုံးကို သူမတို့၏ ကျောင်းသားအချက်အလက်တွင် စာရင်းသွင်းထားပြီးဖြစ်သောကြောင့် ဂုဏ်ပြုတွေ့ဆုံလိုကြ၍ ရောက်လာကြတာပင်။ စစ်ပညာရေးအကယ်ဒမီ၏ စီးပွားရေး နယ်မြေတွင် ညနေခင်းကျလျှင် စိတ်ဝင်စားဖွယ် လေလံပွဲတစ်ခု ရှိသည်။ အဓိက ပစ်မှတ်ဖောက်သည်များသည် စစ်သင်တန်းမှ လောလောလတ်လတ် ပြန်လာသော ကျောင်းသားသစ်များအတွက်ဖြစ်သည်။ အိမ်မွေးဂြိုလ်သားအပင်များ၊ ထူးခြားဆန်းပြားသောတိရစ္ဆာန်များနှင့် ဆက်စပ်ပစ္စည်းများကို လေလံတင်ရောင်းချမည်ဟု ကြားသိရသည်။


ဝေ့မိသားစုသည် ဤဒေသတွင် နေထိုင်ကြသောကြောင့် သူတို့ သုံးဦးသည် လင်းမိသားစုထံသို့ ရိုးရိုးရှင်းရှင်းလာရောက်ကာ လင်းယောင်ယောင်အား လိုက်လည်ဖို့ အဖော်စပ်ကြတာပင်။ ထိုလူငယ်လေးသုံးယောက်ထဲမှာ တစ်ယောက်က နူးညံ့သိမ်မွေ့ပြီး ဥာဏ်ရည်ထက်မြက်ကာ ချောမောသည့် အမွေဆက်ခံသူဖြစ်ပြီး၊ နောက်တစ်ယောက်က ရှန်းယွင်ကျင်း အချစ်ဆုံးသူငယ်ချင်း၏ သားချောလေးဖြစ်၍၊နောက်တစ်ယောက်မှာ အလွန်ဆွဲဆောင်မှုရှိပြီး ချောမောသည့် ကောင်မလေးတစ်ယောင်ပင်။ ပုံမှန်အချိန်ဆိုလျှင် သူမ ကြိုဆိုနေမည်မှာ သေချာသော်ငြား၊ယခုမူ သူမ စိတ်ထဲမှာ ငြင်းဆန်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ မိသားစုက ကလေးသည် သူမ၏ ရွှမ်လေး ထံမှ ညီမတစ်ယောက် လုယူရန် သူငယ်ချင်းဆိုသော ဆက်ဆံရေးကို အသုံးပြုနေသည်ဟု သူမ ခံစားရသည်။


သို့သော် ချမ်းသာသော မိသားစု၏ ပညာတတ် သခင်မတစ်ဦးအနေဖြင့် ရှန်းယွင်ကျင်း သည် သမီးဖြစ်သူ၏ သူငယ်ချင်းများကို မပိတ်ပင်နိုင်ပေ။သူမသည် ဧည့်သည်များကို နွေးနွေးထွေးထွေး ကြိုဆိုရပေတော့မည်။


"ကလေးတို့ ထမင်းစားပြီးပြီလား...အန်တီတို့က နေ့လည်စာစားဖို့အဆင်သင့်ဖြစ်နေပြီလေ...ကလေးတို့လာပြီး အိမ်ချက် ထမင်းဟင်းအတူတူစားကြလေ"


ချောင်းမင်ယောင် က အလျင်အမြန် ခေါင်းညိတ်ပြီး


"ဟုတ်ကဲ့. အဆင်ပြေပါတယ်ဗျာ..."


ချောင်းလေး ၏အလှသည် အလွန်ရိုးစင်းပြီး ဟန်ဆောင်မှုလုံးဝမရှိပေ။

ယဲ့ရှီး ကလည်း ပြုံးပြီး ဝင်ပြောလာသည်။


"အန်တီ့လို လှပပြီး ကြော့ရှင်းတဲ့ နတ်ဘုရားမနဲ့ နေ့လည်စာ စားခွင့်ကို ကျွန်မတို့က ဘယ်လိုများ ငြင်းနိုင်မှာလဲ"


ဝေ့ယွမ် သည် ရှန်းယွင်ကျင်း ကို ကြည့်လိုက်ပြီး ခါးစည်း ၀တ်ထားဆဲဖြစ်သော လင်းယောင်ယောင် ကို တစ်ချက်ကြည့်လိုက်ပြီး ငြင်းလိုက်သည်။


"မဟုတ်ပါဘူး ရပါတယ်...နောက်လည်း တွေ့ကြမယ့်လူတွေပဲ... ယောင်ယောင် က အစ်ကိုတို့အတွက် ဟင်းချက်ပြီး အချိန်ကုန်မခံပါနဲ့...အစ်ကိုတို့ တန်းပြန်ကြမှာပါ...ယောင်ယောင် က အဲဒီလေလံပွဲကို သွားချင်တယ်ဆိုရင် ၅နာရီမထိုးခင် အစ်ကို့ကို ဖုန်းဆက်လို့ရတယ်နော်"


စကားပြောပြီးနောက် သူက ချောင်းမင်ယောင် နှင့် ယဲ့ရှီး ကို လက်ဆွဲကာ ထွက်သွားတော့ဟန် ပြင်လိုက်သဖြင့် လင်းယောင်ယောင် က ကမန်းကတန်းပြောလိုက်၏။


"ဒုက္ခမမများပါဘူး... စားစရာတွေ အရမ်းများနေတာပဲ...ညီမတို့ သားအမိနှစ်ယောက်တည်းဆို စားမကုန်နိုင်ဘူး"


ရှန်းယွင်ကျင်း ၏နှလုံးသား- '...ဒီ ဝေ့ မိသားစုရဲ့ကလေးက တစ်ကယ်ကို စိတ်ကူးယဉ်နေတာပဲ'


ထို့နောက် လင်းယောင်ယောင်သည် လှည့်ပြီး ထမင်းထပ်ချက်ဖို့ မီးဖိုချောင်ထဲဝင်သွားလိုက်၏။ သူမသည် အသင်းဖော် သုံးယောက်၏ စားချင်စိတ်ကို ကောင်းစွာ သိထားသည်။ ထို့ကြောင့်၊ ဝက်သားပြုတ် ဟင်းတစ်ပွဲ၊ မွှေးကြိုင်သော ရစ်ငှက်ဟင်းတစ်ပန်းကန်နှင့် ၊ပူစီနံနှင့် ကြော်ထားသော သခွားသီးကြော်ကို ပြင်ဆင်လိုက်သည်။


စမတ်ကျသော အိမ်ထိန်း အမ်ဘာ နှင့် ရှန်းယွင်ကျင်း သည် သူမ ပထမဆုံးပြုလုပ်ထားသော ကွတ်ကီးနှင့် ပျားရည်စပျစ်သီးလက်ဖက်ရည်ကို တည်ခင်းပေးခဲ့သည်။ ထို့နောက် ရှန်းယွင်ကျင်း သည် သူမ၏ခင်ပွန်းထံသို့ တိတ်တဆိတ် မက်ဆေ့ချ်ပေးပို့လိုက်သည့်အပြင် လင်းရွှမ် ထံသို့လည်း တစ်စောင် ပေးပို့ခဲ့သည်။


" ရွှမ်လေး...မင်းမြန်မြန်မပြန်လာရင် မင်းညီမလေးကို ဝေ့မိသားစုက ကောင်လေးက လုယူသွားလိမ့်မယ်"


X-312 ကြယ်တွင် အထူးမစ်ရှင်လုပ်ဆောင်နေသည့် လင်းရွှမ် သည် မိသားစုဝင်များမှလွဲ၍ မည်သည့်ဆက်သွယ်ရေးမက်ဆေ့ခ်ျကိုမျှ ဖတ်မည်မဟုတ်ပေ။ ရှန်းယွင်ကျင်း ၏ မက်ဆေ့ချ်ကို မြင်သောအခါ သူ့မျက်နှာသည် ချက်ချင်းပင် မည်းမှောင်လာသည်။ အဖြစ်မှန်ကိုလက်ခံဖို့ သူမကို အချိန်တစ်ခုပေးပြီး စဉ်းစားဖို့အတွက် သူ ခေတ္တထွက်ခွာခဲ့တာဖြစ်သည်။ သူ့နောက်ကွယ်မှာ တခြားယောက်ျားတွေနှင့် ရှိနေဖို့မဟုတ်ပေ။ ဖုံးကွယ်ထားရန် လိုအပ်သည့် အခြေအနေတစ်ခုဖြစ်သော်လည်း လင်းရွှမ် သည် စွန့်စားကာ သူ့အမေထံ စာပြန်လိုက်သည်။


"ယောင်ယောင် ကို ကြည့်ထားပါဦး... မနက်ဖြန်မှ ပြန်လာခဲ့မယ်"


ရှန်းယွင်ကျင်း သည် လင်းရွှမ် ၏ မက်ဆေ့ခ်ျကို လက်ခံရရှိသောအခါ သူမ အလွန်အံ့သြသွားရသည် ။ အများအားဖြင့်၊ လင်းရွှမ် အား မက်ဆေ့ချ်ပို့သောအခါတိုင်း သူက စာပြန်လေ့မရှိပေ။ အရေးကြီးကိစ္စများရှိလျှင်လည်း သူမကိုသာ တိုက်ရိုက်ဖုန်းဆက်တတ်သည်။သို့သော်၊ယခုမူ သူမအား ယောင်ယောင်ကို ကြည့်ထားဟုဆိုကာ သေချာအပ်နေသေးသည်။ သူ့ညီမကို တစ်စုံတစ်ယောက်က လာလုယူသွားမှာကို စိုးရိမ်နေပုံရသည်။ မကြာသေးမီက၊ ရွှမ်လေးသည် သူ့ညီမဖြစ်သူနှင့်အတော်လေး နီးစပ်လာခဲ့သည်။


သို့သော်လည်း၊ ဝေ့ မိသားစု၏ ကောင်လေးက ယောင်ယောင် နှင့် သွေးသားတော်စပ်နေသည့် ဝမ်းကွဲအစ်ကိုဖြစ်ကြောင်း ရွှမ်လေး မသိသေးပေ။သူမလည်း မစ်ရှင်ထိခိုက်မှာ စိုးရိမ်သဖြင့် ဘာမှတုံ့ပြန်ခြင်းမရှိပေ။ ဤကိစ္စက သိပ်လည်းအရေးမကြီးသဖြင့် သူပြန်လာသည့်အခါမှ ပြောကြည့်လိုက်လည်း အဆင်ပြေသည်။


လေ့ကျင့်ရေးကွင်းအတွင်းရှိ ရက်အနည်းငယ်ကို ဖယ်ထားလိုက်လျှင် လင်းယောင်ယောင် သည် လက်တွေ့ဘဝတွင် ဟင်းချက်စွမ်းရည်ကို မပြသရသည်မှာ ကြာပြီဖြစ်သည်။ ထိုစဉ်က ပါဝင်ပစ္စည်းများ မပြည့်စုံသဖြင့် ဟင်းချက်ဖို့ရာတွန့်ဆုတ်နေခဲ့ရသည်။ သူမ အစားအသောက် အရန်ဌာနကို ရွေးချယ်ခဲ့ခြင်းမှာ ဟင်းချက်ခြင်းကို နှစ်သက်သလို၊ ဖြည့်စွက်စာ၏ အာနိသင်ကို စမ်းသပ်လိုတာကြောင့်ပင်။သို့သော်၊ မိသားစုဝင်များနှင့် ရင်းနှီးသော သူငယ်ချင်းများအတွက်သာ ရံဖန်ရံခါ ပြုလုပ်ပေးနိုင်သည်။ အမှန်တော့ သူမသည် အချိန်ပြည့် စားဖိုမှူးမဟုတ်ပေ။


ရှန်းယွင်ကျင်း သည် အိမ်ကပ်သူမဟုတ်ရှာပေ။ သူမ၏မိခင်က သူမအား သမီးအရင်းကဲ့သို့ ဆက်ဆံသောကြောင့် ပို၍အရသာရှိသော အစားအသောက်များကို မိခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ ဖန်တီးပေးချင်ခဲ့သည်။


ရှန်းယွင်ကျင်း သည် ထိပ်တန်းစားဖိုမှူးများ၏ လက်ရာမျိုးစုံကို မြည်းစမ်းခဲ့ပြီးဖြစ်၍ သူမ လက်ရာမှာ ထိုစားဖိုမှူးများနှင့် မနိမ့်ကြောင်း သဘောပေါက်သည်။ သို့သော် အမေဖြစ်သူအတွက် ဟင်းချက်ပေးနေခြင်းသည် သူမနှင့် နီးစပ်ရန် အခွင့်အလမ်းများကို တမင်တကာ ရှာဖွေနေခြင်းသာ ဖြစ်သည်။


ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့လည်း အလားတူပင်။သူတို့လို စွမ်းရည်မြင့်မားသော တိုက်ခိုက်ရေးသမားများသည် လက်ထောက်ကုထုံးပညာရှင်နှင့် နှိုင်းယှဉ်ပါက ငွေကြေးအရ မျက်နှာငယ်ရမည် မဟုတ်သည်မှာ သေချာသည်။ လင်းယောင်ယောင်၏ ဟင်းချက်စကေးသည် ကြယ်ငါးပွင့် စက်ရုပ်စားသောက်ဆိုင်ရှိ ဟင်းပွဲများထက် အနည်းငယ် သာလွန်နေ‌ေသာကြောင့် တကူးတက သူမလက်ရာကို မျှော်လင့်နေကြခြင်းသာ။ သို့သော်၊ ဝေ့ယွမ်သည် သူ၏ ညီမဖြစ်သူနှင့် တမင်တကာ ရင်းနှီးလို‌ေသာကြောင့် လင်းအိမ်ကို လာခဲ့တာပင်။


သူတို့က အစားအသောက်ကို ဘာ ဂရုစိုက်စရာလိုမှာလဲ...


ကမ္ဘာပေါ်တွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် ခက်ခဲသော ဆွေမျိုးအရင်းအချာများ အများအပြားရှိသော်လည်း ဝေ့ယွမ် နှင့် ယောင်ယောင်တို့မှာ ထိုသို့မဟုတ်ကြချေ။ဤဘဝမှာပင် ဆွေမျိုးအရင်းများနှင့်ပြန်တွေ့ခွင့်ရကြပေသည်။


လင်းယောင်ယောင် သည် ဟင်း၆ပွဲနှင့် စွပ်ပြုတ်၁မျိုး ချက်ပြုတ်ခဲ့သော်လည်း ပူစီနံသခွားသီးကြော်နှင့် စွပ်ပြုတ်ကိုသာ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ဖြင့် ပြုပြင်ထားပြီး ဆေးဖက်ဝင်ပစ္စည်းများလည်း ထည့်ချက်ထားသည်။ ကျန််ဟင်းပွဲများကမူ သာမန်အစားအစာတွေချည်းပင်။ ဟင်းပွဲများကို ထမင်းစား စားပွဲပေါ်တွင် တစ်ခုပြီးတစ်ခု တည်ခင်းလိုက်သောအခါ အခန်းတစ်ခုလုံး မွှေးကြိုင်သော အစားအသောက်ရနံ့များဖြင့် ပြည့်နေရသည်။


ချောင်းမင်ယောင် အံအားသင့်ပြီးအော်ပြောလိုက်သည်။


"ညီမ ယောင်ယောင်ရဲ့ အချက်အပြုတ်လက်ရာကတော့ တစ်ကယ်ကို အံ့မခန်းပဲ...ညီမရဲ့ မိသားစု နောက်ခံနဲ့ အလှကိုသုံးပြီး ဘယ်နေရာမှာမဆို မျက်နှာပွင့်နိုင်တယ်.… ဒါပေမယ့် အချက်အပြုတ်စကေးနဲ့ဆို အင်ပါယာတစ်ခုလုံးမှာ ပြိုင်စံရှားဖြစ်ပြီး နာမည်တောင်ကြီးလာနိုင်တယ်နော်"

ယဲ့ရှီးက ရယ်ကာမောကာဖြင့်


"ယောင်ယောင် ကို လိုက်ဖို့ ငါ့စိတ်ကူးကို ဖျက်ပစ်လိုက်ပြီ... ငါက သူမနဲ့ မထိုက်တန်ဘူးလေ...ယောင်ယောင် ချက်ထားတဲ့ ဟင်းတွေကို မြည်းပေမယ့် ကြွက်လေးတစ်ကောင်ဖြစ်ရရင်ကို ကျေနပ်ပါပြီ"


ရှန်းယွင်ကျင်း သည် သမီးဖြစ်သူပြင်ဆင်ထားသော အစားအစာကို တစ်ကြိမ် ၊နှစ်ကြိမ်သာ စားဖူးသော်လည်း ထိုလူငယ်များသည် စစ်သင်တန်းကြောင့် မကြာခဏ မြည်းစမ်းဖူးကြသည်။ ထို့ကြောင့်၊သူမ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။


"ဒါက ယောင်ယောင် ရဲ့ ဝါသနာပဲလေ..တစ်ခါ နှစ်ခါပဲ ချက်တာပါ...နေ့တိုင်းလည်း မချက်ပါဘူး"


သူမ ချက်ချင်းပင် ဟန်ဆောင်မထားနိုင်တော့ဘဲ မကျေနပ်ဟန်ဖြင့် ပြောလိုက်မိသည်။ ဝေ့ယွမ် က နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ပြီး


"ဒါက သဘာဝကျပါတယ်... မိန်းကလေးတစ်ယောက်ဟာ ပျော်နေသင့်တယ်မလား... နေ့တိုင်း မီးဖိုချောင်ထဲမှာ ဘယ်လိုနေနိုင်မှာလဲ… ဓါတ်ခွဲခန်းထဲမှာ နေ့တိုင်း ဘယ်ဆေးဝါးပညာရှင်မှတောင် မနေနိုင်ကြဘူး… တစ်ခါတုန်းက ယောင်ယောင် ပြောဖူးတယ်...ဒီကောက်ရိတ်သိမ်းပွဲတော်တုန်းကဆို သူမက အိမ်မှာပဲနေပြီး virtual ဖြည့်စွက်အစားအစာတွေလုပ်ဖို့ Starnet မှာပဲ အချိန်ဖြုန်းဖြစ်တယ်တဲ့...အဲဒါကြောင့် ကျွန်တော်က သူမကို အပြင်ထွက်လည်စေချင်တာ"


ရှန်းယွင်ကျင်း သည် ဝေ့ယွမ် ၏ ဟန်ဆောင်မထားသော မျက်နှာအမူအရာကိုကြည့်ကာ ထိုလူငယ်အပေါ် ရန်လိုမှု အနည်းငယ်လျော့နည်းသွားသည်။ သူမနှင့် လင်းထျန်းယွဲ့ တို့သည် အလုပ်များလွန်းကြပြီး အများစုမှာ စစ်ဘက်ဆိုင်ရာ ကြယ်တာရာများတွင်သာ နေထိုင်လေ့ရှိကြသည်။ လင်းရွှမ် သည် ဧကရာဇ်မြို့တော်သို့ ပြန်လည်ပြောင်းရွှေ့လာသော်လည်း မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ထိပ်တန်းအသင်းခေါင်းဆောင်အဖြစ် အများအားဖြင့် အလုပ်များနေတတ်၏။ မိသားစုဝင်များအနေနှင့် လင်းယောင်ယောင် နှင့်အတူရှိနေပေးဖို့ရာ သိပ်ဖြစ်နိုင်ချေမရှိပေ။ ထို့ကြောင့်၊ သူမ၏ နွေရာသီအားလပ်ရက်အတွက် အနည်းငယ် စိုးရိမ်နေကြသဖြင့် ဖြည့်စွက်အစားအစာများပြုလုပ်ရန် Star Network တွင်သာ အချိန်ဖြုန်းဖို့နှင့် အပြင်ထွက်ပြီး တစ်ယောက်တည်း လည်ဖို့သာ ပြောနိုင်ခဲ့သည်။ သို့ရာတွင်၊သူမသည် ယန် မိသားစုမှ ကလေးမလေးနှင့် မကြာသေးမီက အဆက်အသွယ်မရှိခဲ့ကြသောကြောင့် သူငယ်ချင်းနှစ်ယောက် မတည့်ကြတာလား မသိပေ။အတူတူ တပူးတွဲတွဲ မတွေ့ရသည်မှာ ကြာပြီဖြစ်၏။


ထို့ကြောင့် ယောင်ယောင်သည် မိသားစုအပြင် သက်တူရွယ်တူ သူငယ်ချင်းအချို့ကို အမြဲလိုအပ်နေသည်။ ဤကလေးသုံးယောက်သည် အလွန်ထက်မြက်သည့် တိုက်ခိုက်ရေးသမားများဖြစ်ကြ၏။ ကျောင်းမှာ သူမ တစ်ခုခုဖြစ်လျှင်လည်း သူတို့သုံးယောက်လုံး သူမအနီးအနားမှာ ရှိနေနိုင်သည်။ထိုသို့တွေးကြည့်ရာ၊ ရှန်းယွင်ကျင်း မျက်နှာက အနည်းငယ် စိတ်ချသွားသလိုဖြစ်သွားသည်။


"မဟုတ်ပါဘူး...အားလပ်ရက်တွေကျရင် အပြင်ထွက်လည်ဖို့ ယောင်ယောင် ကို အန်တီ ပြောခဲ့တာ ကြာလှပြီ...ဟုတ်တာပေါ့...အသက် ၁၈နှစ်အရွယ် ကောင်မလေးက ဘာလို့ အိမ်မှာ တစ်နေကုန် နေရမှာလဲ"


ထိုစဉ်၊လင်းယောင်ယောင် သည် နောက်ဆုံး အသီးအရွက်ကြော်ပန်းကန်ကို ကိုင်ကာ ထွက်လာပြီး


"အမေကလည်း သမီး အိမ်မှာနေတာ ကြာပါပြီလေ…နေသားကျနေပေါ့…တစ်နေကုန် အပြင်ထွက်လည်လိုက်ရင် အမေနဲ့တွေ့ဖို့ အချိန်ရှိမှာ မဟုတ်ဘူး...သမီး အိမ်မှာနေနေတာကို အမေက ဝမ်းသာရဦးမှာ"


ရှန်းယွင်ကျင်း သည် သူမအား ကျီစယ်နေလိုက်သည်။


"မြန်မြန်လာစား..သမီး လက်နှေးရင် ခွက်ဆေးနေရမယ်"

ချောင်းမင်ယောင် က ရုတ်တရက် ထပြီးပြောလာ၏။


"အန်တီတို့ သားအမိ ဆက်ဆံရေးက အရမ်းကောင်းတာပဲ...ဒါကြောင့် ကျွန်တော့်အမေက အမြဲတမ်း သမီးလိုချင်နေတာကိုး"

ချောင်းမင်ယောင်၏ အမေသည် သူ့ကို ငယ်ငယ်တုန်းက သမီးလေးလို ကြီးပြင်းလာစေသည့်အတွက် သူသည် အမေဖြစ်သူကို အမြဲတမ်း စိတ်မရှည်စွာ ဆက်ဆံခဲ့သည်။ ယဲ့ရှီး သည် ငယ်စဉ်ကတည်းက အမေမရှိခဲ့သဖြင့် လင်း မိသားစု၏အိမ်တွင် ထမင်းစားနေရသည်မှာ ဆိုင်မှာစားခြင်းထက် ပိုရသာရှိပြီး နွေးထွေးသလို ခံစားမိသည်။


ဝေ့ယွမ် ကမူ၊ လင်းယောင်ယောင် နှင့် ရှန်းယွင်ကျင်း တို့နှစ်ယောက် လိုက်လျောညီထွေ ဆက်ဆံနေကြပုံကိုကြည့်ပြီး ညီမဖြစ်သူကို လင်းမိသားစုက ကောင်းစွာပြုစုစောင့်ရှောက်ခဲ့မှန်း သဘောပေါက်လိုက်၏။ ယခုမှပင် စိတ်ထဲဝယ် နည်းနည်းသက်သာသွားသလို ခံစားရသည်။


ဆွေမျိုးများအဖြစ် ဝေ့မိသားစုက သူမကို မသတ်မှတ်ခဲ့ချိန်အတွင်း လင်းမိသားစုသည် ယောင်ယောင် ကို အိမ်ဆိုသည့် အနှစ်သာရကို ဖြည့်ဆည်းပေးခဲ့သည်။ စစ်မှန်သော ဆွေမျိုးသားချင်းများထက် မနိမ့်ကျသော ချစ်ခြင်းမေတ္တာကို သူတို့ ပေးခဲ့ကြသည်။ သွေးစစ်မှု ရလဒ်ထွက်လာခဲ့ပြီဖြစ်သည်။ သူ ထင်ထားသလိုပင်ယောင်ယောင် သည် အမှန်တစ်ကယ် ဝေ့မိသားစုမှ ကလေးဖြစ်သည်။


သို့သော်၊ ဆွေမျိုးသားချင်းအဖြစ် သွေးသားတော်စပ်ကြောင်း အသိအမှတ်ပြုဖို့ ယခုချက်ချင်း အလျင်စလို မလုပ်သင့်ပေ။ယနေ့ လင်း မိသားစုအိမ်ကို သူလာရခြင်းမှာ လင်းမိသားစု၏ သဘောထားကို စူးစမ်းချင်တာကြောင့်ဖြစ်သည်။ ယခုတော့၊အဖိုးဖြစ်သူနှင့် ပြန်ပြီး ဆွေးနွေးသင့်သည်ဟု ဝေ့ယွမ် တွေးလိုက်မိ၏။ ဝေ့မိသားစုက ယောင်ယောင် ကို တရားဝင်အသိအမှတ်ပြုဖို့ကိစ္စအား ပြန်စဉ်းစားသင့်ပေသည်။ လင်း မိသားစုသည် သူမကို စိတ်နှလုံးအကြွင်းမဲ့ပုံအောကာ မွေးမြူစောင့်ရှောက်ထားခဲ့သည်။သူမ ထံမှဘာမှရဖို့ မတွေးကြဘဲ သူမ ပျော်ရွှင်နိုင်ဖို့သာ မျှော်လင့်ထားကြသည်။ ထို့ကြောင့် သူမ၏ သွေးသားရင်းချာမိသားစုအနေဖြင့် ပျော်နေရှာသည့် သူမကို ဖျက်ဆီးပစ်၍မဖြစ်ပေ။


အားလုံးသည် စားသောက်နေကြစဉ်အတွင်း သူတို့စိတ်ထဲမှ အတွေးအမြင်တွေကို ဘေးဖယ်ထားပြီး ဟင်းလျာများ၏ အရသာကို အသေအချာခံစားနေကြလေသည်။ ဝက်သားပြုတ်သည် အဆီနှင့် အသားလွှာနှစ်မျိုးလုံး ပါနေကာ ချိုမြိန်ပျော့ပျောင်းပြီး ပါးစပ်ထဲမှာ အရည်ပျော်သွားနိုင််သည်။ ထင်းရှူး စေ့များသည် အတော်လေး လှပပြီး ကြွပ်ရွနေကာ ချိုသလို၊ချဉ်သလိုနှင့် လျှာမှာစွဲသွားစေ၏။ ဘဲအိုသားဟင်းကလည်း ချိုမြိန်နူးညံ့ပြီး အရသာက ပြောမပြတတ်အောင် ကောင်းမွန်လှသည်။ တို့ဟူးကြော်၊ မွှေးကြိုင်သော ကြက်သွန်မြိတ်တစ်ပန်းကန်၊ ပူစီနံ နှင့် သခွားသီးကြော်၊ ကြက်သွန်ဖြူနှင့် ကြော်ထားသော အသီးအရွက်ကြော်များမှာလည်း အရသာရှိကြသည်။


ကွင်းဆင်းလေ့ကျင့်ရေးအတွင်း ထိုလူသုံးဦးကို လင်းယောင်ယောင်က သူမ၏ ဟင်းချက်ကျွမ်းကျင်မှုဖြင့် အထင်ကြီးအောင် လုပ်နိုင်ခဲ့သည်။ယခုလည်း သူမ ချက်ထားသည့် ဟင်းလျာများကို စားလိုက်သည့်အခါ သူမကို ပို၍တောင် သဘောကျသွားကြ၏။ဟင်းပွဲများ၏ အရန်ကုထုံးအကျိုးသက်ရောက်မှုကလည်း ကြီးမားသည်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် ဆေးသောက်တာထက် အများကြီး ပိုကောင်းပေသည်။




xxxxx

Ei Thet Hmue