အခန်း ၃၉
Viewers 8k

Chapter 39


အစားအသောက်က မည်မျှပင်ကောင်းပါစေ၊မိသားစုဝင်များနှင့် လုယက်၍မစားရလျှင် စားသောက်မကောင်းဖြစ်တတ်၏။ 012 ပင်လျှင် စည်းကမ်းများကို ကျွမ်းကျင်သွားပြီဖြစ်သည်။ သူက သွေးစပျစ်နွယ်ပင်လေးများနှင့် လက်လှမ်းမမှီတော့၍ အိမ်အကူစက်ရုပ်ကို သူ့ဆီ ဟင်းများထည့်ပေးရန် အဝေးထိန်းခလုတ်နှင့် ကြိုတင်ခိုင်းစေထား၏။သူသည် မူလက ပိုင်ရှင်အား သူ့အတွက် ဟင်းများကို သီးခြားခွဲဝေပေးရန် ပြင်ဆင်ခိုင်းချင်မိသည်။ သို့သော်၊ပိုင်ရှင်၏အမေက မနက်ခင်းတုန်းက၊သူ့ဟင်းများအား လုစားခဲ့သည်ကို သူ သတိရသွားသည်။ထို့ကြောင့်၊ကုန်နိုင်ရုံလောက်သာ အိမ်အကူစက်ရုပ်ကို ထည့်ခိုင်းဖြစ်လေသည်။


သွေးစပျစ်နွယ်ပင်၏ ပါးစပ်ဆယ်ပေါက်သည် အသားများကို တစ်ပြိုင်နက် အတူတူစား၍ရသည်။သို့သော်လည်း၊ပါးစပ်တစ်ခုချင်းစီက သေးငယ်လွန်းသည်ဖြစ်ရာ ထင်သလောက်မြန်မြန်ဆန်ဆန် ခရီးမပေါက်ချေ။ နောက်တစ်ခုက လင်းယောင်ယောင်သည် သူ့ပန်းကန်ထဲမှ ဟင်းများကုန်မှ နောက်ထပ်ထည့်ခွင့်ပေးမည်ဟု ပြောထားခြင်းပင် ကံကောင်းသည်က၊ သူမသည် နွယ်ပင်ကလေးအတွက် ဟင်းတစ်ချို့ကို သပ်သပ်ခွဲသိမ်းထားပေးလေသည်။ အနည်းဆုံး 012 ဗိုက်တော့ပြည့်သွားနိုင်သည်။ 012 မှာ ပိုင်ရှင်က သူ့အပေါ်ထားသော စိတ်ထားကြောင့် ချက်ချင်းပင် စိတ်လှုပ်ရှားပျော်ရွှင် သွားရလေတော့သည်။


စားပြီးသောအခါ ရှန်းယွင်ကျင်း သည် ကလေးသုံးယောက်ကို သေချာကြည့်လိုက်သည်။ သူတို့အားလုံးသည် အလွန်ရိုးသားသော ကလေးများဖြစ်သည်။ စိတ်ထဲ မကောင်းကြံ ကြံစည်တတ်ကြသူများ မဟုတ်ဘဲ အလွန်ယဉ်ကျေးသိမ်မွေ့သောကလေးများဖြစ်ကြောင်း သူမ ခံစားမိသွားခဲ့သည်။ ရုတ်တရက်ပင် သူမ ကလေးများကို အထင်ကြီးသွားရပြီး ပြုံး၍ပြောလိုက်၏။


"ကလေးတို့ ယောင်ယောင် ကို အပြင်ခေါ်ပြီး သွားလည်ကြပါလား"

ရှန်းယွင်ကျင်း သည် သူ့သားလေးထံမှ "ယောင်ယောင်ကို ကြည့်ထားပေးနော်" ဆိုသည့် မက်ဆေ့ခ်ျ လုံးလုံးမေ့သွားခဲ့သည်။ သူမသည် သားဖြစ်သူအတွက် မိခင်ကောင်းတစ်ယောက် မလုပ်တော့ဘဲ မွေးစားသမီးရှေ့တွင် မိခင်ကောင်းတစ်ယောက် ဖြစ်သွားတော့သည်။


နေ့လည်စာ စားပြီးနောက် လင်းယောင်ယောင် သည် ဟင်းချက်ထား‌ေသာကြောင့် ရေချိုးလိုက်၍ လှပသည့် အပြာနုရောင် ဂါဝန်ရှည်လေး ပြောင်းဝတ်ကာ 012 ကို ကြိမ်လုံးပုံစံ လက်ကောက်အဖြစ် ပုံဖော်ထားလိုက်သည်။ ထို့နောက် သူမ၏သူငယ်ချင်းများနှင့်အတူ ထွက်လာခဲ့သည်။


ထို့နောက် သူမသည် ဝေ့ယွမ်နှင့် အခြားသူများ ယနေ့မွန်းလွဲပိုင်းတွင် သွားကြမည့် မက်ခါ၊ ဆေးဝါးပစ္စည်း၊ အရန်အစားအသောက်များနှင့် တေးဂီတကုထုံးပြပွဲကို အတူသွားကြည့်မည် ဖြစ်၏။ ထိုပြပွဲကို ‌ဧကရာဇ်မြို့တော်တွင် နာမည်ကြီး တက္ကသိုလ်အသီးသီးမှ အကြီးတန်းဘွဲ့ရများ ပူးပေါင်းစီစဉ်ထားခြင်းဖြစ်သည်။ ပြသထားသော လက်ရာများအားလုံးသည် ကျောင်းအသီးသီးရှိ လက်ရာများဖြစ်သည်။ တစ်ချို့ကလည်း ကိုယ်ပိုင်ပြခန်းတစ်ခု ဖွင့်ကြသလို၊ တစ်ချို့ကလည်း သက်ကြီးပိုင်းပညာရှင်များနှင့် ပေါင်းကာ စပ်တူဖွင့်ကြသည်။ ပြပွဲတွင် ပစ္စည်းများစွာကို ရောင်းချကာ ၇ရက်ကြာ ကျင်းပမည်ဖြစ်သည်။ ယနေ့က ပထမဆုံးနေ့မို့ အားလုံးက တက်ကြွနေကြပြီး အရောင်းလည်းသွက်နိုင်သည်။ အလွန်ရှားပါးသော ပစ္စည်းများကို ညနေလေလံပွဲအတွက် သီးသန့်ထားခြင်းဖြစ်၍ ဝယ်သူလာလျှင်လည်း မရောင်းကြပေ။


စစ်သင်တန်းကျောင်း၏ ပြပွဲအဆောက်အဦးသို့ ရောက်ရန် တစ်နာရီကြာ လေယာဉ်စီးရသည်။ ဝေ့ယွမ်၏ ဇိမ်ခံအမြန်ကား၏ နောက်ခန်းသည် အလွန်ကျယ်ဝန်းပြီး ဆိုဖာများပါသော ဧည့်ခန်းငယ်နှင့် ရေခဲသေတ္တာ‌တစ်ခု ပါရှိသည်။ ရုပ်မြင်သံကြားအကွက်များဖြင့်လည်း တီဗွီအစီအစဉ်များကို ဟိုလိုဂရပ်ဖစ်ဖြင့် ကြည့်ရှုနိုင်သည်။ထို့အပြင် virtual panels များဖြင့် ဖော်ပြပေးသည့် မက်ခါ မိုဘိုင်းဂိမ်းများကိုလည်း ကစားနိုင်သည်။ ဂိမ်းစခရင်မှာလည်း ဟိုလိုဂရပ်ဖစ်(3D ရုပ်ကြွစခရင်)ဖြစ်သည်။


ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့သည် အသေးအဖွဲကိစ္စကြောင့် ရန်ဖြစ်ကြပြန်သည်။ နှစ်ယောက်စလုံးက ဘယ်အချိန်မဆို ရန်ဖြစ်ဖို့ တာစူနေတတ်၏။ထို့နောက် တစ်ဖန်ပြန်တည့်သွားကာ မက်ခါ မိုဘိုင်းဂိမ်းတစ်ခု အတူတူဆော့နေကြပြန်သည်။ထိုစဉ် ဝေ့ယွမ် က အသံကိုလျှော့ပြီး လင်းယောင်ယောင် ကို လေးနက်စွာ မေးလိုက်သည်။


"ယောင်ယောင် မနေ့က လပန်းပွင့် အိပ်မက်ကြယ်ကျောက်နားကပ် အနီရောင် ဝတ်ထားတယ်လို့ သူများတွေ ပြောနေကြတယ်…ပြီးတော့ ရှောင်ကျန်းက ဗိုလ်ချုပ် လင်း ဆီ သွားနေတာ တွေ့တယ်လို့ လာပြောကြတယ် ...အဲ့ဒီနားကပ်ကို အစ်ကိုပေးတာမဟုတ်ဘူးဆိုတော့ တစ်ကယ်ပဲ ရှောင်ကျန်း ဆီက ရတာလား...ညီမရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို အစ်ကို ဝင်ပြီးမစွက်ဖက်ချင်ပေမယ့် ရှောင်ကျန်းနဲ့က သိပ်ပြီးမသင့်တော်ဘူး..."


ရှောင်ကျန်း သည် ထီးနန်းအတွက် တိုက်ပွဲဝင်ရန် အစီအစဉ်မရှိသော်လည်း လင်းမိသားစုတွင် အာဏာရှိ စစ်တပ်ကြီးတစ်ခုရှိသည်။ သူတို့နှစ်ယောက်အတူရှိလျှင် ယောင်ယောင် ကသာ နစ်နာရမည်ဖြစ်၏။ ဝေ့ မိသားစုတွင် ထူးချွန်သော လက်ထောက်ကုထုံးဆရာများ မျိုးဆက်သစ်ငယ်များ မရှိသော်လည်း သူတို့မိသားစုအခြေအနေမှာ မခက်ခဲလှပေ။


ပြတ်ပြတ်သားသားဆိုရလျှင် လင်းယောင်ယောင် သည် ထက်မြက်သော အစားအသောက်လက်ထောက်ကုထုံးအဖြစ် လင်းမိသားစုနှင့် ဝေ့ မိသားစုကို အကျိုးပြုနိုင်သည်။ သို့တိုင် နောက်ဆုံးတွင် သူမနှင့် လက်ထပ်ထားသော မိသားစုအပေါ် အကျိုးအမြတ် သက်ရောက်လိမ့်မည် ဖြစ်သည်။ ဝေ့ မိသားစုသည် သူမ၏ အိမ်ထောင်ရေးကို ဝင်စွက်ဖက်မည်မဟုတ်သော်လည်း မီးတွင်းထဲသို့ ခုန်ဆင်းမည့်ကိစ္စမျိုးဆိုလျှင် လက်ပိုက်ကြည့်နေကြမှာမဟုတ်ပေ။


လင်းယောင်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ လင်းရွှမ် သည် သူမနှင့် ဝေ့ယွမ် တို့ ချစ်နေသည်ဟု ထင်နေပြီး သူ့အချစ်ကိုလုယူသွားသလိုမျိုး ဝေ့ယွမ်အား အငြိုးအတေးထားနေသည်။ တစ်ဖန် ဝေ့ယွမ်ကမူ လင်းရွှမ် ပေးခဲ့သည့် နားကပ်ကြောင့် ရှောင်ကျန်းနှင့် သူမတို့ ရည်ငံနေကြသည်ဟု ထင်မြင်နေပြန်သည်။ဤအရာအားလုံးသည် အမှန်တစ်ကယ် ယုတ္တိမရှိပေ။ ဝေ့ယွမ် က သူမကို မျက်ကန်းတစ္ဆေမကြောက်သလို အချစ်ကို စုံလုံးကန်းပြီးယုံမိမှာစိုး၍ စိတ်ပူနေခြင်းဖြစ်ကာ ကရုဏာစိတ်ထားနေခြင်းဖြစ်သည်။ သူမ ခေါင်းခါပြီး ပြောလိုက်သည်။


"ရှောင်ကျန်း ကို ညီမလေး မကြိုက်ပါဘူး... ညီမလေး သူ့ကို ပြတ်ပြတ်သားသား ငြင်းခဲ့တာပဲ...သူ ညီမကို ထပ်ပြီးလိုက်တော့မှာမဟုတ်ပါဘူး"

နားကပ်ပေးသူကို ပြောပြဖို့ သူမ ဝန်လေးနေသည်ကို ဝေ့ယွမ်မြင်လိုက်တာကြောင့် သူမ ပြောဖို့ရှက်နေသေးသည်ဟုသာ တွေးလိုက်မိသည်။ သူသည် တရားဝင် အသိအမှတ်မပြုရသေးသော ဝမ်းကွဲအစ်ကိုတစ်ဦး ဖြစ်သောကြောင့် သူမ ဘဝအား အလွန်အကျွံ နှောင့်ယှက်ခြင်းမပြုသင့်ပေ။


"ညီမ ဘယ်သူ့ကိုမဆို ချစ်လို့ရပါတယ်...ဒါပေမယ့် တစ်ဖက်က ညီမကို အနိုင်ကျင့်ရင် အစ်ကို့ကိုပြောလို့ရတယ်...အစ်ကိုက ညီမကို ကူညီမှာပါ"


ဝေ့ယွမ် သည် ညီမငယ်တစ်ယောက်နှင့် ဘယ်လို ပြောဆိုဆက်ဆံရမည်ကို မသိသော်လည်း ယခုလိုပြောသင့်သည်ဟု ထင်မိလေသည်။ ယောင်ယောင် နှင့် သူ့ကို တစ်မျိုးတစ်မည် ထင်နေသည့် လင်းရွှမ်လိုမျိုးတော့ သူ မဆုံးမရက်ပေ။ထိုနေ့က ကလေးမလေးကို အတင်းဆွဲခေါ်သွားသည်ကို သူ မျက်စိနှင့်တပ်အပ်မြင်ခဲ့ရ၏။ထိုမျှမက‌သေး၊ယောင်ယောင်နှင့် သူတို့သည် သွေးသားတော်စပ်တာ မှန်သော်လည်း လင်းရွှမ်လောက် မရင်းနှီးပါပေ။


လင်းယောင်ယောင် သည် ဝေ့ယွမ် စကားကို ကြားကြားချင်း အစုတ်ပလုတ် လင်းရွှမ်ကို သတိရသွား၏။


'မြင်တယ်မလား... သာမာန်အစ်ကိုကြီး တစ်ယောက်ဆိုတာ ဒီလိုဖြစ်သင့်တာ'


မကျေမနပ်ခံစားချက်များလည်း တိုးလာရပြီး လင်းရွှမ် က သူမကို အနိုင်ကျင့်ခဲ့သည့်အကြောင်းကို ဝေ့ယွမ်အား ပြောချင်စိတ်ပေါက်လာ၏။ သို့သော် ဝေ့ယွမ် သည် လင်းရွှမ် နှင့်ယှဉ်ပြောနိုင်မှာမဟုတ်၍ ပြောလည်းအသုံးမဝင်ချေ။ထိုအခါ၊ လင်းမိသားစုက သူမကို အနိုင်ကျင့်နေကြောင်း ဝေ့မိသားစုက အထင်ရောက်သွားနိုင်သည်။ ထို့အပြင်၊သူတို့က သူမကို ပြန်ခေါ်သွားမည်ဖြစ်ပြီး အချင်းချင်းမျက်နှာပျက်စရာများ ဖြစ်လာနိုင်လေသည်။ မနေ့ညက လင်းရွှမ် သည် မူးမူးနှင့် သူမအား မှားယွင်းစွာ ပြုမူမိခြင်းဖြစ်နိုင်ပြီး အမူးပြေပြီး သတိပြန်ဝင်လာလျှင် အားလုံးပြေလည်သွားနိုင်ပေသည်။


မကြာမီတွင် လင်းယောင်ယောင် နှင့် သူမ၏ သူငယ်ချင်းများသည် ပြပွဲပြုလုပ်ရာအဆောက်အဦးသို့ ရောက်ရှိလာပြီး အီလက်ထရွန်းနစ်လက်မှတ် စစ်ဆေးခြင်းဂိတ်ကို ဖြတ်ပြီးမှ ပင်မခန်းမထဲကို ဝင်သွားရလေသည်။


ပြပွဲ၏ပင်မခန်းမ၌ ရေပန်းအစားဆုံး အရန်ဆေးဝါးများ ပြခန်းတွင်၊ စုချင်းဟယ် သည် စီနီယာများအကူအညီနှင့် အရန်ဆေးဝါးဆိုင်ရာ ပြပွဲ၏ ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့သည်။ သူမသည် ချောမောပြေပြစ်သော လူငယ်တစ်ယောက်နှင့် စကားစမြည်ပြောနေပြီး စင်ပေါ်ရှိ ပစ္စည်းများအကြောင်းကို ပါးနပ်စွာ မိတ်ဆက်ပေးနေလေသည်။ တစ်ဖက်လူငယ်ကလည်း နူးညံ့သိမ်မွေ့စွာ ပြုံးကာ လေးလေးနက်နက် နားထောင်ပေးနေ၏။


လင်းယောင်ယောင် သည် အရန်ဆေးဝါးဆိုင်ရာ ပြပွဲဧရိယာကိုဖြတ်သွားပြီး အစားအသောက်များရှိရာဘက်ကို သွားနေခိုက်ဝယ် အတော်အတန်ရင်းနှီးသော အမျိုးသမီးတစ်ဦးအသံကို ကြားလိုက်ရသည်။


"ကျောင်းသူ ယောင်ယောင် ပြပွဲကို လာတာလား... တိုက်ဆိုင်လိုက်တာ"


သူမ တစ်ချက်လှည့်ကြည့်လိုက်ရာ စုချင်းဟယ် ဖြစ်နေသည်။ထို့အပြင်၊သူမ ဘေးမှာရပ်နေသူမှာ မူရင်းအမျိုးသားဇာတ်ဆောင် ရှောင်မင် ကလွဲ၍ တခြားသူမဟုတ်ပေ။


လင်းယောင်ယောင် ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် ရှောင်မင် သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း နှုတ်ဆက်သည့်အ‌နေဖြင့် ယဉ်ကျေးစွာ ခေါင်းတစ်ချက်ညိတ်ပြသည်။ အရင်တုန်းက ရှောင်မင် သည်စီနီယာ အစ်မတစ်ယောက်နှင့် လမ်းလျှောက်နေစဉ် လင်းယောင်ယောင် နှင့် မတော်တဆတွေ့ခဲ့သည်။ နောက်ဆုံးတွင် စီနီယာအစ်မဖြစ်သူမှာ သူမကြောင့် အရှက်ကွဲသွားခဲ့ဖူးလေသည်။ ထို့ကြောင့် ရှောင်မင် သည် မိသားစုကြောင့် မာနကြီးပြီး ကိုယ်ကျိုးငဲ့တတ်သော သူမကို အတော် ကြည့်မရဖြစ်နေ၏။ သို့သော်လည်း‌၊သူမ နောက်ကွယ်ရှိ လင်း မိသားစုကို ကြောက်ရွံ့သည့်အပြင် မင်းသားတစ်ပါးအနေနှင့်ဂုဏ်သိက္ခာကျဆင်းမှာစိုး‌ေသာကြောင့်သာ သူမအား အလိုက်အထိုက်ဆက်ဆံနေခဲ့သည်။


သို့သော် ထူးဆန်းသည်မှာ လင်းယောင်ယောင် သည် လွန်ခဲ့သည့် 3လအတွင်း သူ့ကို ထပ်မံမနှောင့်ယှက်တော့ပေ။ သူ ဘာမှသိပ်မတွေးထားသော်လည်း အနှောင့်အယှက်ရပ်သွားသဖြင့် စိတ်သက်သာရာရသွားခဲ့၏။ယခု သေချာကြည့်မိမှ၊ သူမ၏ ၀တ်စားဆင်ယင်ပုံကပင် ပုံစံပြောင်းသွားသည်။ စုချင်းဟယ် ကသာ သူမကို စပြီးနှုတ်မဆက်လိုက်ပါက သူ မှတ်မိမှာတောင်မဟုတ်ပေ။


ဒါက တစ်ကယ်ကို အဝတ်အစား ဝတ်တာ ရဲတင်းလွန်းတဲ့ လင်းယောင်ယောင် လား...


အပြောင်းအလဲက အတော်လေး သိသာပေသည်။ လင်းယောင်ယောင် သည် သူတို့နှစ်ဦးကို ဘာမှမထူးခြားသလိုကြည့်ကာ "အင်း" ဟု ဆိုပြီး အဝေးမှသာ လှမ်းပြောလိုက်သည်။ဆိုလိုသည်က စကားရှည်ရှည် ဝေးဝေးမပြောချင်၍ ခပ်ပြတ်ပြတ် ပြောလိုက်ခြင်းပင်။ပြီးလျှင်၊ သူမနောက်က ခြေတစ်လှမ်းအကွာတွင်ရှိသော ဝေ့ယွမ်ထံသို့သွားပြီး ပြောနေသည်။


"အစ်ကိုဝေ့ယွမ်၊ မြန်မြန်လာလေ... ဒီလောက် ခြေတံရှည်တဲ့သူကလည်း လိမ်းလျှောက်တာက ညီမထက် ဘာလို့ ပိုနှေးနေရတာလဲ..."


သူမသည် ဝေ့ယွမ်၏ အင်္ကျီလက်ကို အနည်းငယ်ဆွဲလိုက်သည်။


"ဟုတ်ပါပြီ...မြန်မြန်‌လျှောက်ပါ့မယ်"


ထို့နောက် ဝေ့ယွမ်က ရှောင်မင်အား ယဉ်ကျေးစွာ ပြုံးကာ ခေါင်းညိတ် နှုတ်ဆက်သည်။ သူတို့ အကြိုက်ဆုံး မက်ခါ ဆက်စပ်ပစ္စည်းတွေကို မြင်ပြီး အနောက်မှာ ကျန်ခဲ့သည့် ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့ကလည်း သူတို့နောက်ကို လိုက်သွားကြသည်။


ချောင်းမင်ယောင် သည် ရှောင်မင် ရှိနေသည်ကို သတိမထားဟန်ဖြင့် လင်းယောင်ယောင် တစ်ဖက်သို့ ရွှေ့ကာနေရာယူလိုက်၏။ ချောမောပြီး အထက်တန်းဆန်သော ကောင်လေးနှစ်ယောက် ၊လှပသော မိန်းမလှတစ်ယောက်တို့က ဝန်းရံထားသော လင်းယောင်ယောင် သည် မင်းသမီးလေးတစ်ဦးနှင့်တူနေပေသည်။ သို့နှင့်၊သူတို့ ၄ယောက်သည် လူသူအကင်းမဲ့ဆုံး အစားအသောက် ဖြည့်စွက်စာ ပြခန်းရှိရာသို့ သွက်လက်စွာ လမ်းလျှောက်သွားခဲ့ကြသည်။


ရှောင်မင် စိတ်ထဲမှာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရ၏။ အရင်တုန်းက က သူ့ကို သဘောကျကြောင်း အမြဲပြောနေခဲ့သော်လည်း ယခုတော့ သူ့ကို အတည့်တောင်မကြည့်တော့ချေ။ သူမ၏ မျက်နှာဝိုင်းဝိုင်းလေးသည် ယခင်ကထက်ပင် ပို၍လှပနေပြီး ထူးချွန်သော တိုက်ခိုက်ရေး စွမ်းရည်များစွာရှိသည့် စစ်သည်များသည် သူမအနားတွင် ရှိနေကြသည်။ ပို၍တောင် စိတ်ပျက်စရာကောင်းသည်က ဆေးဝါးလက်ထောက်ကုထုံးပညာရှင် စုချင်းဟယ် ကပင် သူမဘက်က အစစ်ပါနေရခြင်းပင်။


"ယောင်ယောင် က အရမ်းချစ်စရာကောင်းတာပဲ..သူမကလေ အရမ်းအရသာရှိတဲ့ တရုတ်အစားအစာတွေကို ချက်ပြုတ်နိုင်တယ်တဲ့... အခွင့်အရေးရရင် ကျွန်မ သူမ လက်ရာကိုမြည်းကြည့်ချင်လိုက်တာ"


လင်းယောင်ယောင် သည် လင်းမိသားစုမှ ဆင်းသက်လာသူမျှသာ ဖြစ်ပြီး သူမတွင် အရည်အချင်းမရှိဟု အားလုံးလက်ခံထားကြသည်။ ဝေ့ယွမ်တို့အဖွဲ့ရှိ ကျန်3ယောက်၏ အစွမ်းကြောင့်သာ ကွင်းဆင်းလေ့ကျင့်ရေးတွင် ပထမနေရာကို ရနိုင်ခဲ့သည်ဟု သူတို့ထင်မြင်ခဲ့ကြ၏။


သို့သော် စုချင်းဟယ် ကမူ တခြားသူများလို မယူဆပေ။ပထမနေ့တွင် အာကာသယာဉ်အား စစ်ရေးလေ့ကျင့်ရေး ဂြိုဟ်သိမ်သို့သွားရာလမ်းတွင် သူမ၏ ထိုင်ခုံသည် လင်းယောင်ယောင် နောက်ခုံတွင် ရှိနေသော်လည်း လင်းယောင်ယောင်သည် သူမအား လုံးဝသတိမထားမိပေ။ သူမသည် လင်းယောင်ယောင် နှင့် ကျန်းရို့ တို့ တစ်လမ်းလုံး စကားပြောနေသည်ကို သူမ ကြားနေရသည်။


လင်းယောင်ယောင် ၏ နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သည်းခံတတ်သော လေသံသည် မာနကြီးသော လင်းမိန်းကလေးဟု ထင်ရက်စရာမရှိချေ။သူမကိုယ်တိုင် ဟင်းများချက်၍ ထမင်းဘူးထုပ်လာကြောင်း ပြောစဉ်ကလည်း သူမ အကြွင်းမဲ့ယုံကြည်ခဲ့လေသည်။ထို့ကြောင့်၊မလိုသူများ လိမ်လည်ဖန်တီးထားသော လင်းယောင်ယောင် အကြောင်းကို သူမ တစ်စက်မှ အယုံအကြည်မရှိတော့သလို ဂရုလည်းမစိုက်တော့ချေ။


စုချင်းဟယ် သည် လင်းယောင်ယောင် ၏ လက်ရာကို မြည်းစမ်းခွင့်ရဖို့ မကြာခင်မှာ အခွင့်အရေးရလာမည်ဟု သူမ မမျှော်လင့်ထားပေ။


လင်းယောင်ယောင်၊ ဝေ့ယွမ် နှင့် အခြားသူများ ဖြည့်စွက်အစားအသောက် ပြခန်းနေရာသို့ ရောက်ရှိလာသောအခါ၊ အခြားပြခန်းများနှင့် နှိုင်းယှဉ်ပါက လူသူနည်းပါးနေကြောင်း တွေ့လိုက်ရသည်။


လာရောက်လည်ပတ်သူ အနည်းငယ်သာ ရှိသည့်အနက် ကောင်မလေးတစ်ယောက်သည် အလယ်မှာရပ်နေကာ ပြဿနာရှာပုံပေါက်နေပြီး အခြားသူများကလည်း ဝိုင်းကြည့်နေကြခြင်း ဖြစ်သည်။ လင်းယောင်ယောင် သည် အပြစ်ရှာနေသော ဧည့်သည်ကို တစ်ချက်ကြည့်လိုက်ရာ မိတ်ဟောင်းဆွေဟောင်း ရန်သူတော် ဝူလီလီ မှန်း သိလိုက်ရ၏။ ဝူလီလီ သည် ယခင်က သူမအား အရှက်ခွဲခဲ့သူဖြစ်ပြီး ထိုကိစ္စကလည်း မအောင်မြင်ခဲ့ဘဲ သူမဘာသာသူမ ဒုက္ခပင်လယ်ဝေသွားခဲ့သူဖြစ်သည်။


ဖြည့်စွက် အစားအသောက်ပြခန်းနေရာသည် အခြားပြခန်းနေရာများနှင့် မတူဘဲ ဟင်းလျာများကို ဧည့်သည်များအား မြည်းခိုင်းတတ်ကြသည်။ ဟင်းလျာ တော်တော်များများကိုလည်း မျက်စိရှေ့မှာတင် ချက်ပြကြသည်။


ဝူလီလီ နှင့်အတန်းဖော် နှစ်ယောက်သည် ဖြည့်စွက်အစားအသောက်ပြခန်းနေရာကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရောက်လာကြတာပင်။ဖြည့်စွက် အစားအသောက်ဌာနမှ ဒုတိယနှစ်ကျောင်းသူ ရန်နင် ဆိုသည့် မိန်းကလေးချက်ပြုတ်ထားသည့် ဟင်းပွဲများကို သူမတို့ မြည်းကြည့်ကြသည်။ ရန်နင် ပြုလုပ်သော ဖြည့်စွက်စာ ဟင်းလျာများသည် အကျိုးသက်ရောက်မှု အတော်လေးကောင်းမွန်သော်လည်း ဟင်းပွဲပုံစံက သာမန်သာဖြစ်ပြီး စက်ရုပ်များလုပ်ထားသည့် အစားအစာများထက် အရသာက ပိုဆိုးသည်။သို့သော်လည်း၊ဤသည်က ဖြည့်စွက်အစားအသောက်များ၏ အဖြစ်များသည့် ပြဿနာပင်။ ဝူလီလီ သည် ဆေးဝါးအရန်ကုထုံးဌာနမှာ ရှိနေပြီး ဟင်းပွဲကို မမြည်းခင်ကလည်း သူမ၏ စိတ်စွမ်းအင်ကို များစွာသုံးစွဲထားခြင်းမရှိပေ။ ထို့ကြောင့် ဖြည့်စွက်ဟင်းလျာများ စားသုံးလိုက်လျှင်လည်း သူမကိုယ်ခန္ဓာအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ပေ။


ဝူလီလီ သည် ဟင်းပွဲကိုနှုတ်ခမ်းစွတ်ရုံကလေးသာ မြည်းကြည့်ပြီး ကြမ်းပြင်ပေါ် ပစ်ချပစ်လိုက်၏။ ထို့နောက် ရန်နင် ချက်ထားသော ဟင်းပွဲများသည် မှော်အစွမ်း၊စုန်းအတတ်များဖြင့် ချက်ထားပြီး သူမကို ဒုက္ခရောက်စေချင်နေကြောင်း အော်ဟစ်ပြောဆိုတော့သည်။ ထို့နောက် သူမနှင့် ရန်နင် တို့ စကားများရန်ဖြစ်ခဲ့ကြသည်။


ရန်နင် နှင့် ဝူလီလီ တို့သည် အထက်တန်းကျောင်း တစ်ကျောင်းတည်းမှ ထွက်လာကြသူများဖြစ်သည်။ ရန်နင်သည် ကျောင်းတွင်းအလှမယ်ပြိုင်ပွဲများနှင့် စွမ်းရည်ပြိုင်ပွဲများတွင် ဝူလီလီ ၏ ယုတ်မာမှုကို ခံစားခဲ့ရ၏။ ဝူလီလီ သည် ကောက်ကျစ်သည့် နည်းလမ်းများကို သုံး၍ ပထမနေရာကို ရယူနိုင်ခဲ့သော်လည်း အားလုံးက သူမသည် ဝူလီလီ ထက် ပိုကောင်းသည်ဟု ထင်မြင်ခဲ့ကြသည်။ ထို့ကြောင့်၊ဝူလီလီ ဒေါသတကြီးဖြစ်ကာ သူမ ငယ်ငယ်ကတည်းက ချစ်ခဲ့ရသော ချစ်သူရည်းစားကိုလုတွဲပြီး မကြာခင်မှာ အဆက်ဖြတ်ပစ်လိုက်လေသည်။


လင်းယောင်ယောင် တို့ ရောက်လာကြရာ ဝူလီလီ၏ စော်ကားမော်ကားပြောနေသည့် စကားတို့ကို ကြားလိုက်ကြရသည်။


"နင်တို့ အစားအသောက် ဖြည့်စွက်စာဌာနက ဘယ်လိုအဆင့်မျိုးရောက်နေလဲဆိုတာ သိရဲ့လား...အာနိသင်က လုံးဝ မကောင်းဘူး...ဟင်းပုံစံကလည်း အရုပ်ဆိုးပြီး စားလို့လည်း မရဘူး...ဒီနေရာကို ဧည့်သည် နည်းနည်းပဲဘာကြောင့် လာတာလဲဆိုတာ အံ့ဩစရာမရှိဘူး...နင်တို့ ခန်းမက နေရာယူထားတော့ သူများတွေအတွက် နစ်နာတယ်ဟဲ့...သိရဲ့လား.."


ဝူလီလီသည် ရန်နင် ကို သိက္ခာချနေတာထက် အရန်အစားအသောက် ကုထုံးဌာနတစ်ခုလုံးကို စော်ကားလိုက်ခြင်းဖြစ်သည်။ ရန်နင် မျက်နှာသည် ဒေါသများဖြင့် နီမြန်းသွားသည်။ မုန်းတီးမှုအသစ်နှင့် အဟောင်းတို့ ရောထွေးပြီး အတော်လေး ဒေါသထွက်လာရသည်။ သူမသည် ဝူလီလီ ကို ဆောင့်တွန်းရန် ရှေ့သို့အတင်းတိုးလိုက်သော်လည်း ပြခန်းတာဝန်ခံ စီနီယာ ချိုက်မူပိုင် က သူမကို တားဆီးထားလိုက်သည်။




xxxxxx


Ei Thet Hmue