အခန်း ၄၀
Viewers 8k

Chapter 40

(ပီကင်းဘဲကင်)



ချောမောသော ချိုက်မူပိုင် က အေးစက်စွာပြောလာသည်။


"အစားအသောက် အရန်ကုထုံးကလည်း သူ့ဘာသာသူ အားသာချက်တွေ ရှိတယ်.. ကုထုံးက တစ်ကယ်ပဲ သက်ရောက်မှုရှိလား၊ မရှိဘူးလား ဆိုတာကို မင်း ဆုံးဖြတ်လို့မရဘူး... ရှေးခေတ် တရုတ်ပြည်မှာလည်း အစားအသောက်ကုထုံးနဲ့ ဆေးဝါးတွေက ရှိနေခဲ့တာဆိုတော့ ငါတို့ဌာနက အသုံးမဝင်ဘူးလို့ မင်း ပြောလို့မရဘူး... ဖြည့်စွက်စာ ကုထုံးထည့်ထားတဲ့ အစားအသောက်တွေက အရသာရှိအောင် မစွမ်းဆောင်နိုင်လို့ ငါတို့ ပေါ့ဆတာ မှန်ပေမယ့် ဖြည့်စွက်ကုထုံးအစားအသောက်တွေက အရေးမကြီးဘူးလို့ မဆိုလိုဘူး... ငါ့နာမည်က ချိုက်မူပိုင် ...ငါ ကတိပေးတယ်...တစ်ကယ်လို့ ငါတို့ဌာနက ဒီနေ့ ပြပွဲမှာရှိတဲ့ ဧည့်သည် လေးပုံတစ်ပုံကို အရန်အစားအသောက်ကုထုံး နေရာကို မဆွဲဆောင်နိုင်ဘူးဆိုရင် ငါတို့ အရန်ကုထုံးဌာနက ဒီအင်ပါယာရဲ့ စစ်တက္ကသိုလ်ကနေ နုတ်ထွက်ပေးမယ်...ပြီးတော့ မိန်းကလေး ဝူကို လူသိရှင်ကြားလည်းတောင်းပန်ပေးမယ်"


ဝူလီလီ က ခစ်ကနဲ ရယ်လိုက်ပြီး


"ကောင်းပြီလေ ကျွန်မ စောင့်ကြည့်လိုက်မယ်...ကျွန်မ ဒီနေရာကနေ ခြေတစ်လှမ်းရွေ့လိုက်တာနဲ့ လူတွေက ကျွန်မကို လိုက်ကြည့်နေကြမယ်ဆိုတာ ရှင်တို့မသိသေးပဲကိုး...ရှင်သိထားဖို့က အားလုံးက ကျွန်မကြောင့် ဒီနေရာကို လာကြတာရှင့်"


ပြောပြီးနောက် သူမသည် အတန်းဖော်နှစ်ယောက်နှင့်အတူ မောက်မာစွာ ထွက်သွားလျှင် ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီတို့လို ထက်မြက်သော တိုက်ခိုက်ရေးစစ်သည်များ ဝိုင်းရံထားသည့် လင်းယောင်ယောင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ သို့သော်လည်း လင်းယောင်ယောင် သည် ရန်နင် လိုမဟုတ်ဘဲ နောက်ခံမိသားစုက အတော်လေး အင်အားကြီးမားသူဖြစ်သည်။ထို့ကြောင့် သူမလင်းယောင်ယောင် တို့ ဘေးမှ ဖြတ်သွားသောအခါ သူမ ဘေးက အတန်းဖော်အားပြောလိုက်သည်။


"အရန်အစားအသောက်ကုထုံးဌာနက မိန်းကလေးတွေက ဒီလိုပဲမဟုတ်လား... အရည်အချင်းသိပ်မရှိဘူး…ဒါပေမယ့် ယောက်ျားလေးတွေနဲ့ လတ်လျားလတ်လျားသွားပြီး ရွပိုးထိုးရမယ်ဆိုရင်တော့ လာထားပဲ ဟုတ်တယ်မလား"


ဝူလီလီ က လင်းယောင်ယောင် ကို မကြည့်ဘဲပြောလိုက်သော်လည်း သူမကို ရည်ရွယ်ပြောမှန်း ထင်ရှားပေသည်။ ဤကိစ္စမတိုင်ခင်က သူမသည် ဟင်းချက်အလွန်ကောင်းပုံပေါက်သော စီနီယာချိုက် ၏ အရည်အချင်းကို ကြည့်ချင်၍ ပြပွဲကို ရောက်လာရခြင်းဖြစ်ပေသည်။ချိုက်မူပိုင် ဆိုသည့်နာမည်က သူမနှင့် အတော်လေးရင်းနှီးနေသလိုပင်။ ရုတ်တရက်...သူမ တစ်ခုခုကိုတွေးမိသွားပြီး ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိ၏။


အိုး... မနေ့ညက ချိုက်ယူဟုန် ပြောခဲ့ဖူးတဲ့သူမဟုတ်လား....


သူသည် ချိုက်ယူဟုန် လက်ခံထားသော အတွင်းတပည့် နှစ်ယောက်တွင် ဒုတိယမြောက်တပည့်ဖြစ်သည်။ ချိုက်မူပိုင် သည်လည်း ချိုက်ယူဟုန် ၏ ဆွေမျိုးလည်း ဖြစ်သည်။ မျိုးဆက်များအလိုက် ဆက်စပ်ကြည့်လိုက်လျှင်၊ ချိုက်ယူဟုန်သည် ချိုက်မူပိုင်၏ ဦးကြီး(grand uncle) တော်စပ်သည်။ ထို့ကြောင့် ချိုက်မူပိုင် သည် သူမ၏ အနာဂတ် စီနီယာအစ်ကို ဖြစ်၏။


ရန်နင် သည် ချိုက်မူပိုင် ၏ လက်ကို ညင်သာစွာဆွဲလိုက်ပြီးချီးကျူးစကားဆိုလိုက်သည်။


"စီနီယာက အရမ်းမိုက်တာပဲ"


ရန်နင် စကားပြီးပြီးချင်းမှာ ပြတ်ပြတ်သားသားနှင့် ကျယ်လောင်သည့် မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။


"နေဦး.... ဝူလီလီ... နင်က... အစားအသောက် ဖြည့်စွက်ကုထုံးဌာနတစ်ခုလုံးကို.... အထူးသဖြင့် ငါတို့ဌာနက မိန်းကလေးတွေကို ရှုံ့ချတယ်....ဒါ့ထက် ငါတို့ရဲ့ အစွမ်းထက်ဆုံး စီနီယာ ချိုက်ကိုပါ မချေမငံပြောခဲ့တယ်မဟုတ်လား...အခုချက်ချင်း အလောင်းအစားလုပ်တဲ့အထဲမှာ ငါ့ကို ထည့်မှတ်ထားလိုက်... စီနီယာချိုက် နဲ့ ငါတို့ ပေါင်းပြီး ဟင်းချက်လိုက်လို့ ပြပွဲခန်းမကြီးတစ်ခုလုံးရဲ့ ဧည့်သည်တစ်ဝက်ကို မဆွဲဆောင်နိုင်ရင် ငါတို့ ရှုံးတယ်... ငါနိုင်ရင် နင်လည်း ကတိတည်ရမယ်.... အစားအသောက် အရန်ကုထုံးဌာနက မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ တွဲရုံတင်မဟုတ်ဘူး..စကေးလည်းရှိတယ်ဆိုပြီး အားလုံးရှေ့မှာ နင်ဝန်ခံရမယ်"


လင်းယောင်ယောင် ၏ နောက်ဆုံးစကားကို ချောင်းမင်ယောင် မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်ပြီး ဝေ့ယွမ်တောင် ပြုံးနေရလေသည်။ ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးစိစိနှင့် ကြည့်လိုက်ကြသည်။သူတို့သည် လင်းယောင်ယောင်နှင့် သွေးသားတော်စပ်သူအစ်ကိုများဖြစ်သော်လည်း ပြပွဲရောက်လာမှသည် သူမနှင့် အီစီကလီ လုပ်နေသည့်ကောင်လေးများ ဖြစ်သွားရလေသည်။စွာတေးလန်နေပြီး မရှက်မကြောက်ပြောဝံ့ဆိုဝံ့သော ယောင်ယောင်သည် အတော်လေးချစ်စရာကောင်းနေ၏။ သူမတို့ ရန်ပွဲကြောင့် လမ်းသွားလမ်းလာ အများအပြားမှာ ခြေလှမ်းရပ်ပြီး ကြည့်နေကြလေသည်။


ယဲ့ရှီ က ပြုံးပြီးပြောလာသည်။


"ယောင်ယောင် က မိန်းကလေးတွေနဲ့လည်း တွဲခုတ်တတ်တယ်ထင်တယ်...ငါ့လိုပေါ့...အဟင်း"


ယဲ့ရှီသည် ပြောစကားနှင့်အညီ အစားအသောက် ပြခန်းနေရာတွင် ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသည့် မိန်းကလေးအား စတင် အီစီကလီလုပ်နေပြီဖြစ်သည်။


လှပသော မိန်းကလေး ရန်နင် သည် လင်းယောင်ယောင် ကို အထင်တကြီးငေးကြည့်နေပြီး ချိုက်မူပိုင် ကလည်း မျက်ခုံးပင့်ကာ သူမကို ကြည့်နေသည်။


ဒီကလေးမလေးက အစားအသောက် ဖြည့်စွက်ဌာနကလား...


သူမ၏ အရှိန်အဝါသည် အလွန်ပြင်းထန်သော်လည်း သူမ၏ ဟင်းချက် စကေးကို သေချာမသိရသေးပေ။


လင်းယောင်ယောင် စတင်စိန်ခေါ်လိုက်သူ ဝူလီလီ မှာခံပြင်းစိတ်များဖြစ်ကာ ပြန်ပြောလေသည်။


"ကောင်းပြီ...နင်ရှုံးရင် Weibo မှာ တရားဝင် တောင်းပန်ရမယ်...ပြီးတော့ နင် ငါ့ကို လွန်ခဲ့တဲ့ သုံးလလောက်က ငါ့ကိုအရှက်ခွဲတဲ့ကိစ္စကိုလည်း ဝန်ခံရမယ်...နင် ငါ့နာမည်ကို ပြန်အဖတ်ဆည်ပေးရမယ် ကြားလား"


"ကောင်းပြီလေ..ဒါပေမယ့် အခုလည်း အားလုံးက နင့်မကောင်းကြောင်းတွေကို သိပြီးနေကြပြီ.. ငါက လူသိရှင်ကြား တောင်းပန်ရင်တောင် မသိသေးတဲ့သူတွေလည်း သိကုန်ကြမှာ...နင်ငါ့ကို အတင်းအနိုင်ယူစေချင်နေတာမလား... ဒါပေမယ့် လောင်းကြေး သတ်မှတ်ပြီးပြီဆိုတော့ ငါ့ဘက်က ဘယ်လိုနည်းနဲ့မှ မပြောင်းလဲဘူး"


လင်းယောင်ယောင် မှာ အေးမြပြီးနုပျိုလန်းဆန်းသော မျက်နှာထားရှိသည်။ သို့သော်၊ သူမ၏ လေသံသည် ဝူလီလီ ထက်ပင် ပို၍ မာနကြီးပြီး အရှိန်အဝါကြီးမားနေ၏။


"နင်"


ဝူလီလီ မျက်နှာပျက်သွားကာ ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့သည်။ သူမသည် လင်းယောင်ယောင် ကြောင့် နှစ်ကြိမ်တိုင်တိုင် အရှက်ခွဲခံခဲ့ရပြီး ယခုတစ်ကြိမ်လည်း သူမ အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ၊ အရင်လိုအခြေအနေကို ပြန်မရောက်နိုင်တော့ပေ။


ဝူလီလီ ထွက်သွားပြီးနောက် လင်းယောင်ယောင် သည် ဝေ့ယွမ် နှင့် အခြားလူများအား သူမအားထားခဲ့၍ စိတ်ကြိုက် ဈေးဝယ်ထွက်ရန် ပြောလိုက်သော်လည်း သူတို့ သုံးယောက်စလုံးက ငြင်းနေကြသည်။ အစ်ကိုဝေ့ယွမ်က အလွန်နွေးထွေးသော လေသံနှင့်ပြောလာ၏။


"ညီမ ရှုံးမှာမဟုတ်ဘူးဆိုတာ အစ်ကိုသိပေမယ့် အစ်ကိုလည်း ကြည့်ချင်သေး‌တယ်"


ချောင်းမင်ယောင် သည် အစားအသောက်မက်သူပီပီ ပြောလာ၏။


"မဟုတ်ဘူး...ငါ့ကို ထမင်းနောက်တစ်နပ်ကျွေးမှပဲ ထွက်သွားပေးမယ် မရဘူး"

ယဲ့ရှီက ပြုံးရင်း ပြောလိုက်သည်။


"ဒီကို အရမ်းလှတဲ့ မိန်းမလှလေးတွေ ဒီကို လာကြတော့မယ်လို့ ငါတော့ အာရုံရနေပြီဟေ့...ဒါပေမယ့် သူတို့မလာခင် နည်းနည်းလောက် လျှောက်ပတ်ကြည့်လိုက်ဦးမယ်"


သူမ စီစဉ်ထားသော အစားအစာသည် အနည်းဆုံး နှစ်နာရီ သို့မဟုတ် သုံးနာရီကြာမည်ဟု ပြောပြီး အေးအေးဆေးဆေး လျှောက်လည်နိုင်ကြောင်း လင်းယောင်ယောင် က ရှင်းပြလိုက်လေသည်။ ထို့နောက် စားစရာတွေ အဆင်သင့်ဖြစ်ခါနီးလျှင် သူတို့ကို လှမ်းခေါ်ပါ့မည်ဟု ကတိပေးလိုက်၏။ ထို့ကြောင့် သုံးယောက်သား မက်ခါပြခန်းနေရာကို အရင်သွားဖို့ သဘောတူလိုက်ကြသည်။


ထို့နောက် လင်းယောင်ယောင် သည် ဖြည့်စွက်အစားအသောက်ပြခန်းဆိုင်သို့ လျှောက်သွားကာ သူမကိုယ်သူမ မိတ်ဆက်လိုက်ပြီး ချိုက်မူပိုင် အား မည်သည့် ဖြည့်စွက်စာများ ပြုလုပ်ရန် စီစဉ်ထားကြောင်း မေးမြန်းခဲ့သည်။


"မင်း ဘာလုပ်ချင်တာလဲလို့ ငါက မေးရမှာ မဟုတ်ဘူးလား..ကလေးမလေးရဲ့ လေသံက ငါ့ထက်တောင် ပိုကျယ်ပြီးဩဇာပြင်းနေတာကို...ကြည့်ရတာ ငါတို့ရဲ့ အစားအသောက် ဖြည့်စွက်ကုထုံးဌာနမှာ ဆက်ခံမယ့်သူ တစ်ယောက်ယောက် ပေါ်လာဦးမှာပဲ"


သူ့ဘေးက ရန်နင် မျက်လုံး ပြူးသွားသည်။


"နင်က ယောင်ယောင် လား...နာမည်‌က ချစ်စရာကောင်းလိုက်တာ... ယောင်ယောင် အရမ်းမိုက်တာပဲ... ငါ နင့်ရဲ့ fan ဖြစ်တော့မယ်ဟေ့"


ထို့နောက် ချိုက်မူပိုင် က သူမ နဖူးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး


"မင်း ဘယ်လိုပြောလိုက်တာလဲ..‌စောစောကပဲ ငါ့ကို ချီးမွမ်းနေတာမဟုတ်ဘူးလား... တစ်မိနစ်တောင် မကြာဘူး... မင်းစိတ်ပြောင်းသွားပြန်ပြီ"


"ဟီးဟီး...ဒါဆိုလည်း စီနီယာကို နောက်ကျချီးကျူးပေးပါ့မယ်"


လင်းယောင်ယောင် ၏ ဟင်းချက်ကျွမ်းကျင်မှု မည်မျှ ကောင်းမွန်သည်ကို သူမ မသိသော်လည်း အလွန်ယုံကြည်မှုရှိပြီး ဩဇာလွမ်းမိုးနိုင်သူ မိန်းကလေးမှာ လက်ရာဆိုးရွားလှမည်မဟုတ်ပေ။


ထို့နောက် ချိုက်မူပိုင် သည် အစားအ သောက် အနံ့များက အပြင်သို့ လွယ်ကူစွာထွက်ပြီး မွှေးပျံ့စေရန်အတွက် ဟင်းချက်ခန်းရှိ အကြည်မှန်ကာများကို ဖယ်ရှားရန် သူ့လူများအား ပြောလိုက်သည်။ ယင်းမှာ အကောင်းဆုံး ကြော်ငြာလည်းဖြစ်သည်။ ထို့နောက် ဆေးဝါးအဆင့် လက်အိတ်များကို ဝတ်ဆင်ပြီးနောက် ခေါင်းကိုလှည့်ကာ လင်းယောင်ယောင် အား ပြောလိုက်သည်။


"မင်းက ဘာလုပ်ချင်သလဲ...ငါကတော့ စိတ်ပိုင်းဆိုင်ရာစွမ်းအားတွေနဲ့ ပြုပြင်ထားတဲ့ သစ်သီးတွေနဲ့ ကိတ်မုန့်လုပ်ဖို့ စဉ်းစားထားတယ်"


ကိတ်မုန့်၏အရသာသည် အရန်ဆေးဝါးအာနိသင်ရှိ ပါဝင်ပစ္စည်းများကြောင့် ထိခိုက်မှုမဖြစ်နိုင်ပေ။အရန်ကုသမှုအာနိသင်က သိပ်မကောင်းသော်လည်း အနည်းဆုံးတော့ အရသာပိုကောင်းမည်ဖြစ်ပြီး အပြင်ပန်းပုံစံကလည်း လှပလာနိုင်သည်။ ဘယ်လိုပင်ဖြစ်ဖြစ်၊ လောင်းကြေးက ဧည့်သည်များ၏ လေးပုံတစ်ပုံကို ဆွဲဆောင်ဖို့ပင်ဖြစ်သည်။ အနည်းဆုံး ပြပွဲထဲရှိ လူဦးရေ တစ်ဝက်လောက်မှာ မိန်းကလေးများ ဖြစ်သည့်အတွက် အချိုကြိုက်ကြမည်ဟု သူ ထင်မိသည်။ထိုအခါ သူတို့နှင့်အတူပါလာသည့် ရည်းစား၊သူငယ်ချင်း၊အပေါင်းအသင်းများကို လက်ဆွဲကာ ဤနေရာကိုခေါ်လာကြပေလိမ့်မည်။


လင်းယောင်ယောင် သည် မီးဖိုချောင်သုံးပစ္စည်းများကို ကြည့်လိုက်ရာ သူမလိုအပ်သမျှအရာအားလုံး ပြည့်စုံနေပြီဟု ခံစားမိသည်။ မီးဖိုက ကြီးမားနေသောကြောင့် Star Network ရှိ ဈေးဆိုင်ခန်းကို သွားပြီးလိုအပ်သည့် အဓိက ပါဝင်ပစ္စည်းများဖြစ်သော အဆီထုတ်သန့်စင်ပြီးသား ဘဲ ၈ကောင်ကို ဝယ်လိုက်၏။ ထို့နောက် ဆေးဝါးအဆင့် လက်အိတ်များနှင့် mask တပ်လိုက်သည်။ 012 သည် သူမ လက်ပေါ်မှာ နေ၍မဖြစ်တာကြောင့် ခြေကျင်းဝတ်မှာ ပတ်ခိုင်းထားလိုက်သည်။


"စီနီယာက ကိတ်မုန့်လုပ်...ညီမက ပီကင်းဘဲသား လုပ်မယ်"


ချိုက်မူပိုင် နှင့် ရန်နင် နှစ်ယောက်စလုံးက သူမကို တအံ့တဩစိုက်ကြည့်ကာ..


"ပီကင်းဘဲသား ဆိုတာ ဘာလဲ"


လင်းယောင်ယောင် သည် ပဟေဠိဆန်ဆန် ပြုံးတုံ့တုံ့လုပ်ကာ ကြာရွက်ပေါင်မုန့်အတွက် မုန့်နှစ်ကို စတင်ဆုပ်နယ်၍ ပုံသွင်းလိုက်သည်။


"နောက်ကျသိမှာပေါ့"


"ဖြည့်စွက် ကုထုံး၏ သက်ရောက်မှု"အတွက် ပါဝင်ပစ္စည်းများ အနေဖြင့်၊ ဘဲကင်နှင့် တွဲဖက်စားရန် ပေါင်မုန့်အတွင်း၌ သခွားသီးအလွှာ‌လေးများကို ညှပ်ထည့်ရမည်ဖြစ်သည်။ လင်းယောင်ယောင် သည် သခွားသီးကို ကျွမ်းကျင်စွာ နွှာပြီး ထည့်လိုက်၏။ ထို့အပြင်၊ ကြက်သွန်နီအကွင်းများနှင့်အမွှေးအကြိုင်ထည့်ထားသော ပဲနှစ်ဆော့စ်လည်း ပြင်ထားလိုက်သည်။ မည်သို့ပင်ဆိုစေ၊ သူမသည် ယခုမှ ကျောင်းစတက်ခါစ လူငယ်လေးတစ်ယောက်သာဖြစ်၍ အရန်ကုထုံး၏ အကျိုးသက်ရောက်မှုသည် သိပ်အရေးမကြီးပေ။ အရေးကြီးသည်က လုံးဝမွှေးကြိုင်သင်းပျံ့ပြီး အရသာရှိဖို့ပင်။


ချိုက်မူပိုင် သည် ကိတ်မုန့်ကို စိတ်ဝင်တစား ပြုလုပ်နေသည်။ သူ၏ ချောမောပြီး ယောက်ျားဆန်သောမျက်နှာကြောင့် အစားအသောက် ဖြည့်စွက်ကုထုံးပြခန်း နေရာကို မိန်းကလေးအများအပြား တဖွဲဖွဲ‌ ရောက်လာကြ၏။


ရန်နင် နှင့် စက်ရုပ်နှစ်ကောင်၏အကူအညီဖြင့်လင်းယောင်ယောင် သည် ဘဲကင်များကိုပြင်ဆင်ပြီး မီးဖိုထဲသို့ တစ်ကောင်ပြီးတစ်ကောင် ထည့်လိုက်သည်။ သူမ သုံးသော ဘဲကင်နည်းသည် ကြာရှည်စွာ နှပ်ထားရန် မလိုအပ်ပေ။ အရသာက ပီကင်းမြို့က ဘဲကင်စစ်စစ်လောက် အရသာမရှိသော်လည်း အတော်လေးကောင်းသည်ဟု ပြော၍ရသည်။ ပိုအရေးကြီးသည်က အချိန်တိုအတွင်းပြီးအောင် လုပ်ဖို့နှင့် အရသာကောင်းရန်သာဖြစ်သည်။တစ်ခဏကြာအောင် ကင်ပြီးနောက် ခလုတ်ကိုပိတ်၍ ခဏရပ်ကာ ဘဲကင်အသားကို ပျားရည်ဖြင့် ဖျော်ထားသော ဆော့စ်တစ်မျိုးနှင့် ပြောင်လက်လာအောင် သုတ်လိမ်းလိုက်သည်။ ချိုက်မူပိုင် သည် အဓိကအားဖြင့် ပြပွဲလာရောက်သူများကို ပိုမိုဆွဲဆောင်ထားသဖြင့် တခြားဆိုင်များထက် လူများလာသယောင်ပင်။


မကြာမီ ပြပွဲခန်းမ၏ ဧည့်သည်လေးပုံတစ်ပုံမှာ သူမတို့ဆီကို ရောက်လာကြလေတော့သည်။


အဝေးမှနေ၍ ဝူလီလီ သည် ဤမြင်ကွင်းကို ကြည့်ပြီး အံကို ခါးခါးသီးသီး ကြိတ်ထားလိုက်သည်။


" လင်းယောင်ယောင်စုတ်... နင် နိုင်မယ်ဆိုတာ ငါယုံကိုမယုံဘူး"


ဘဲကင်၏ရနံ့သည် ပို၍ပို၍ မွှေးပျံ့လာသည်နှင့်အမျှ ကိတ်မုန့်ကြောင့် ရောက်လာသော ဧည့်သည်များမှာအာရုံလွှဲသွားကြပြန်သည်။ထို့နောက် mask တပ်ထားသည့် ကလေးမလေး လင်းယောင်ယောင် ဆီကို အာရုံစိုက်သွားကြပြီး အံ့သြတကြီးဖြစ်နေကြသည်။


"သူမက တစ်ကယ်ပဲ ဖြည့်စွက်စာ လုပ်နေတာလား... ကြယ်ငါးပွင့် စက်ရုပ် စားသောက်ဆိုင်က စားဖိုမှူးကိုများ ဖိတ်ထားတာလားမသိဘူးနော်"


" ဘယ်လိုအစားအစာမျိုးပါလိမ့်... အရမ်းမွှေးလိုက်တာ ....ငါ အခုလေးတင်ကမှ ကိတ်မုန့်စားပြီးတာ အခုပဲ ဗိုက်ဆာလာပြန်ပြီ"


"အဲ့ဒါ ဘဲမဟုတ်လား...ဘဲဆိုရင် အနံ့က ဒီလောက်မွှေးမနေလောက်ပါဘူး... အဲဒါတွေက ဘယ်လိုများ မွှေးနေနိုင်မှာလဲ"


ဘဲကင်ကို တစ်ဖန်မီးဖိုထဲပြန်ထည့်ပြီး နာရီဝက်အကြာဆိုလျှင် အဆင်သင့်ဖြစ်လောက်ပေပြီ။ မွှေးပျံ့စူးရှသောရနံ့သည် အဝေးသို့ပျံ့လွင့်သွားသောကြောင့် အားလုံး တံတွေးများကိုတစ်ပြိင်နက် မြိုချလိုက်ကြလေသည်။


ရန်နင်သည် လင်းယောင်ယောင် ဘေးတွင် အမြဲနေပြီး ကူညီလုပ်ကိုင်ပေးနေ၏။ သူမမှာ အမှန်တစ်ကယ် လျှို့ဝှက်ထားသော အရည်အချင်းများရှိကြောင်း ချိုက်မူပိုင် တွေ့ရှိသွားရသည်။ထို့ကြောင့် ကိတ်မုန့်လုပ်နေစဉ် အားနေသဖြင့် ဘဲသားလှီးဖို့ သူမ ပြောသည့်အတိုင်းလိုက်လုပ်ကာ ကူညီပေးနေသည်။ သူမ ပြောသည့်အတိုင်း ဘဲသားကို အရေပြား၊အဆီနှင့်အသားပါ စုံနေအောင် တစ်ခါတည်းလှီးပြီးနောက် သူ့စိတ်ထဲမှာ ဘဲကင်ကို ကိုင်စားချင်စိတ်ပေါက်လာ၍ တစ်ဖဲ့စားကြည့်လိုက်ရာ အတော်လေးထူးကဲပြီး အရသာကောင်းကြောင်း ခံစားလိုက်ရသည်။ နုပျိုချောမောပြီး အေးစက်နေသော သူ့မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားကာ ပြုံးဟန်ဖြစ်လာ၏။ထို့နောက် လင်းယောင်ယောင် ဘက်သို့ လှည့်၍ လက်မထောင်ပြလိုက်သည်။


"မင်း တော်လှချည်လား"


ဘေးကကြည့်နေသော ရန်နင်သည် ဒေါသတကြီးဖြင့် မျက်လုံး ပြူးသွားသည်။


"စီနီယာက ဒီလိုလူလား... ဒီက ကူပေးနေတာမှတ်လို့ကြည့်နေတာ ခိုးစားနေတာရော်…ညီမလည်း စားချင်တယ်လေ"


ရန်နင် သည် အရပ်ရှည်ပြီး ရင်ဘတ်က ဖွံ့ထွားနေပြီး ခြေတံများက ရှည်လျားသော်လည်း ပဲများမနေဘဲ ပွင့်လင်းစွာပြောဆိုတတ်သူဖြစ်သည်။ လင်းယောင်ယောင် သည် ချက်ချင်းပင် သူမကို ခင်မင်စိတ်ဖြစ်မိပြီး ပီကင်းဘဲကင်အား မည်သို့စားရမည်ကို သေချာပြလိုက်သည်။


ဖြူဖွေးသောလက် သေးသေးလေးဖြင့် သူမသည် ကြာရွက် ပေါင်မုန့်တုံးတစ်တုံးကို ယူလိုက်ပြီး သခွားသီးပါးပါး၊ ပါးပါးလှီးထား‌သော ကြက်သွန်နီကွင်းတစ်ခုနှင့်၊ အရေခွံနဲ့ အသားပါ,ပါသော ဘဲကင်တစ်ပိုင်းတို့ကို ထပ်တင်လိုက်ကာ၊ဆော့စ်အနည်းငယ်ဆမ်း၍ လိပ်ကာ ရန်နင် ပါးစပ်ထဲကို ခွံ့ကျွေးလိုက်သည်။ ရန်နင် က ဝမ်းသာအားရ ပါးစပ်ဟကာ စားလိုက်ရာ အတော်လေး အရသာရှိနေကြောင်း သိလ်ိုက်ရသည်။ ပိုအရေးကြီးသည်က ယောင်ယောင် က သူမအတွက် ကိုယ်တိုင်လုပ်ပြီးခွံ့ကျွေးသည်ကို ပီတိပိုဖြစ်ရသည်။


အပြင်မှ ဧည့်သည်များသည် စကားပြောသံကို မကြားရသော်လည်း အစားအသောက်ကို မြင်ရပြီး အနံ့လည်း ရနေကြသည်။သူတို့ မျက်စိရှေ့မှ ဝန်ထမ်းများ အရင်စားနေသည်ကိုမြင်လျှင် အားလုံးက တစ်ပြိုင်နက်အော်ပြောလိုက်ကြ၏။


"စားချင်လိုက်တာ"


ထို့နောက် လင်းယောင်ယောင် အလုပ်ကပြီးဆုံးသွားပြီး ဟင်းပွဲများ အရောင်းမြှင့်တင်ရန် ဖြည့်စွက် အစားအသောက် ပြခန်းရှိ ဝန်ထမ်းများအား အားကိုးရမည်ဖြစ်သည်။ ပြီးလျှင်၊သူမက ဖောက်သည်များကို ဟင်းပွဲအား ရွေးချယ်ခွင့်မပေးဘဲ မြင့်မားသောစျေးနှုန်းဖြင့်သာ ရောင်းချစေသည်။ လူတစ်ယောက်စီသည် တစ်ပွဲသာ ဝယ်နိုင်ပြီး ပန်းကန်တစ်ချပ်တွင် ဘဲကင်တစ်လိပ်သာ ရှိမည်ဖြစ်သည်။ လူက အတော်လေးများနေသဖြင့် အခြားနည်းလမ်းမရှိပေ။ ပြပွဲခန်းမရှိ လူအများစုသည် ဤပြခန်းနေရာကို တရုန်းရုန်း လာနေကြဆဲဖြစ်သည်။ လုံခြုံရေး စက်ရုပ်များကိုလည်း ယခုအချိန်မှာအားကိုး၍မရတော့ပေ။


လူတွေကို ဘယ်လိုလုပ်ပြီး စိတ်ကြိုက်ဝယ်ခွင့်ပြုလို့ဖြစ်မှာလဲ…



xxxxxx

Ei Thet Hmue